Monday, September 30, 2013

ပျက်ဆီးခြင်း (၁၂)ပါး

(၁) တရားကို လိုလားတောင့်တသူသည် ကြီးပွားရ၏။ တရားကို မလိုလား မတောင့်တသူသည် ပျက်စီးဆုတ်ယုတ်ရ၏။

(၂) သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုးသူ၊ သူတော်ကောင်းတို့ကို မြတ်နိုးမှုမပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုးသူ၊ ထိုလူသုံးမျိုးတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။

(၃) အိပ်စက် ငိုက်မျဉ်းလေ့ ရှိသူ၊ အပေါင်းအဖော်တို့၌ မွေ့လျော်လေ့ ရှိသူ၊ စကားပြောမှု၌ မွေ့လျော်လေ့ ရှိသူ၊ နိုးကြားထကြွမှုမရှိ ပျင်းရိသူ၊ လျင်မြန်စွာ အမျက်ထွက်လေ့ ရှိသူ၊ ထိုသူ ငါးမျိုးတို့သည် ပျက်စီးဆုတ်ယုတ် ရ၏။

(၄) အိုမင်းမစွမ်း၍ ပစ္ဆိမအရွယ်သို့ ရောက်နေကြပြီဖြစ်သော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး၊ မပြုစုသောသူသည် ပျက်စီးဆုတ်ယုတ်ရ၏။

(၅) ရဟန်းသံဃာများ ကိုသော်လည်းကောင်း၊ သူတော်စင်ပုဂ္ဂိုလ်များ ကိုသော်လည်းကောင်း၊ ထို့အပြင် သူတောင်းစားများ ကိုသော်လည်းကောင်း ပစ္စည်းလေးပါးဖြင့် ပင့်ဖိတ်ထားပြီးလျက် မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်သူသည် ပျက်စီးဆုတ်ယုတ်ရ၏။

(၆) များစွာသော စည်းစိမ်ဥစ္စာ၊ ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ပြည့်စုံသူ ဖြစ်ပါလျက်ကောင်းမြတ်သော စားသောက်ဖွယ်ရာတို့ကို တစ်ယောက်တည်း စားသုံးသူသည် ပျက်စီးဆုတ်ယုတ်ရ၏။\

(၇) အမျိုးဇာတိမာန် ခက်ထန်သူ၊ ဥစ္စာဓနမာန်မာန ခက်ထန်သူ၊ အမျိုးအနွယ် မာန်မာန ခက်ထန်သူ၊ မိမိဆွေမျိုး ကိုလည်း မထီမဲ့မြင် ပြုသူ၊ ထိုသူလေးမျိုးတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။

(၈) မိန်းမကြူး၊ သေသောက်ကြူး၊ လောင်းကစားကြူးခြင်းဖြင့် မိမိတွင်ရှိသော ဥစ္စာကို ဖျက်ဆီးသူသည် ပျက်စီး ဆုတ်ယုတ်ရ၏။

(၉) မိမိ၏မယားဖြင့် တင်းတိမ်ရောင့်ရဲမှု မရှိဘဲ ပြည့်တန်ဆာမတို့၌ ပျော်မွေ့သူ၊ သူတစ်ပါး မယားတို့၌ ပြစ်မှားသူ၊ ထိုသူတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။

(၁၀) အရွယ်လွန်ပြီးဖြစ်သော ယောက်ျားသည် အသက်အရွယ် အလွန်ငယ်သော အမျိုးသမီးငယ်ကို အိမ်ထောင်ပြု၏။ ထိုအမျိုးသမီးငယ်အား အခြားသော ယောက်ျားများဖြင့် စိတ်မချရသော အတွက်ကြောင့် မအိပ်နိုင် ဖြစ်ရ၏။ ထိုသူ သည် ပျက်စီးဆုတ်ယုတ်ရ၏။

(၁၁)ငါး၊အမဲစသောအစားအစာတို့၌မက်မော၍စည်ကမ်းမဲ့ဖရိုဖရဲပြုတတ်သောမိန်းမကိုသော်လည်းကောင်း၊ ယောက်ျားကိုသော်လည်းကောင်း အိမ်ထောင်ထိန်းအရာထားသောသူသည်ပျက်စီးဆုတ်ယုတ်ရ၏။

(၁၂) ပစ္စည်းဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့၌ လိုချင်တပ်မက်မှု အားကြီးမားပြီး မင်းအဖြစ်ကို တောင့်တနေသော သူသည် ပျက်စီးဆုတ်ယုတ်ရ၏။

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...