Monday, June 11, 2018

ဆူးနှင့်ဖက်

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။



ဘုရားရေ.. အဲဒါဘာတွေလဲ



နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။



ဆိုတော့.. လူနာ၏ ဝမ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။

အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ဝင်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။



ဆရာဝန် ဘဝတွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။



သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။



ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ "အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး" ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ "အရှက်" ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် "အရှက်" ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။



အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။

ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။



ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ဲခြင်း ဖြစ်သည်။



လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။



"ဒီခေါ်လာလို့ မဖြစ်ဘူးလား" ဟု ကျွန်မတို့က မေးကြည့်သည်။



"လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ" ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကို သွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။



အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။



အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ဝါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။



လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘဝကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။





"ဆရာဝန်တွေလာတယ်" ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။



ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။



လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အဝါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။



ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ဝမ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ဝမ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။



လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ဝမ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။



ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။

ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။



လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။



ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။

တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘဝကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတဝါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘဝကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။



သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။



ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။



လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။



မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။



သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ဝမ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအဝတ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ဝင်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤဝမ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။



လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ဝယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ဝန်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။



သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းေတွေ ဝယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။



ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ဝမ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။



တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ဝမ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။



မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ဝယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။

နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..



လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ဝမ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..



ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့... အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..



ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..



ကိုယ်ဝန်ရခဲ့ပြီ.. ပိုက်ဆံက များများမရှိ..



သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။

ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံး၀ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား....

ရည်းစားထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..



ရည်းစားနှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီး အသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..



ကျွန်မကတော့ ကျွန်မဆေးခန်းသို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..





"ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုူသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။"



ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..





ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)





ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..





သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော... ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ...





သူကယောက်ျားပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..



ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖ့ိုက လိုနေပြီလား..





ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ... တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..



ကိုယ်ဝန်မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..



မိန်းကလေးက မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် "မျက်နှာပြောင်တိုက်လှသည်" ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘဝမှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင်၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..



ဘုရားရေ..



တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။

လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်.. အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..




ဂျူး

ဆရာဝန်တစ်ယောက်၏ မှတ်စုများ

မိန်းကလေးအချစ် - ၁

အလုပ်သင်ဆရာဝန် အမျိုးသမီးဆောင်၏ ခုတင်ကလေး သည် ကျဉ်းမြောင်း သေးငယ်သော်လည်း သူငယ်ချင်းနှစ်ယောက်ဘေး ချင်းယှဉ်လျက် ဝမ်းလျားမှောက် အိပ်ကာ တစ်ယောက်ကို တစ် ယောက် ငဲ့ကြည့် စကားပြောနိုင်ရုံတော့ ကျယ်ဝန်းပါသည်။ ခေါင်းအုံးပေါ် လက်ထောက်လျက် လက်ဖဝါးပေါ် မေးတင်ကာ ပြတင်းပေါက်မှတဆင့် ကောင်းကင်ကို မော့ကြည့်ပြုံးနေသော ထိုမျက်ဝန်းများသည် ကျောင်းမှာတုန်းကလို ပင် နူးညံ့နေ၏။



ကျွန်မတို့နှစ်ယောက်သည် အချစ်အကြောင်းပြောရမည့်အရွယ်များ မဟုတ်တော့ သော်လည်း တိတ်ဆိတ်လှပသော ညက ကျွန်မ တို့ ကိုသိမ်မွေ့စွာ ပြုစားလိုက်သောအခါ ကျွန်မတို့မေ့လျော့ထားသော နာမည်တစ်ခုကို ရေရွတ်မိကြတော့သည်။





ငယ်စဉ်တုန်းကတော့ ယခုလိုညမျိုးမှာ လဝန်းကို မြင်ရချင်သည်။ လရိပ်ရွှန်းမြသော တိမ်မျှင်များကို တရွေ့ ရွေ့ သယ်ဆောင်သွားသည့် လေအလျဉ် နောက်သို့ စိတ်သာမကဘဲ လူကိုယ်တိုင် လိုက်ပါ လွင့်မြော လို သည်။ ညမွှေးပန်းရနံ့များ သင်းထုံ နေမည်ဆိုလျှင် ညသည် ပြီးပြည့်စုံသော ဂီတသံစဉ်တစ်ခုပမာ သာယာ နေတော့သည်။ ထိုညမျိုးမှာ ကျွန်မတို့ နှစ်ယောက် ချိုပြုံး၏ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းကို တိုးတိုးဖွဖွ ညည်းခဲ့ကြဖူးလေသည်။



ယခုတော့ ကျွန်မတို့သည် ဂီတနှင့် တော်တော်ဝေးကွာခဲ့ပြီ။ သီချင်းညည်းနိုင်ဖို့ သံစဉ်ကိုလည်း မေ့လျော့လု နီးပါး ဖြစ်နေပြီ။ နေ့စဉ် ရင်ဆိုင် တွေ့ကြုံနေရသော ဝေဒနာသည်များ၊ ရောဂါများ၊ အနိဋ္ဌာရုံ အဖြစ်များ အ ကြား ဆေးရုံနှင့် ဆေးခန်းတို့ကို စက်ရုပ်ပမာ ကူးပြောင်း လှုပ်ရှားနေခဲ့ရသော ကျွန်မသည် အလုပ်မှတစ်ပါး အခြားအရာ များကို မေ့လျော့လုနီးပါး ဖြစ်နေပြီ။



သို့သော် ယခုလို အမှတ်မထင် ပြန်လည်ဆုံတွေ့ပြီ ဆိုတော့ မနက်က ကြုံခဲ့ရသော စိတ်ကျဉ်းကျပ်ဖွယ်ရာ စာမေးပွဲ အတွေ့အကြုံကို ပြန်လည်ရယ်မောရင်းကပင် တစ်ယောက်အကြောင်း တစ်ယောက် ဆက်စပ်မိဖို့ မေးမြန်း၍ အားမရနိုင်အောင် ရှိလေသည်။



“သမီးက အခု ခြောက်နှစ်လေ၊ မအေ့မိတ်ကပ်ဘူးတွေ မွှေနှောက်ပြီး ကောင်းကောင်း အပျိုလုပ် အလှပြင် တတ်နေပြီ အိရဲ့၊ သမီး ကြီးလာရင် ဘာလုပ်မလဲ မေးတိုင်း ရုပ်ရှင်မင်းသမီးလို့ ဖြေဖြေနေလို့ မနည်း ငေါက် ထားရတယ်”



ရယ်မောလိုက်သော သူငယ်ချင်း၏ အသံတွင် သမီးအပေါ် အပြစ်တင်လိုသည့် အရိပ်အငွေ့ လုံး၀ မပါဝင်ဘဲ ဂုဏ်ယူသော ဟန်ပန်ကိုပင် ကျွန်မ ခံစားမိသည်။ သူမ၏ သမီးသည် သူမလိုပင် သွယ်လျစွာလှပနူးညံ့ပေလိမ့် မည်။



“ချောမှာပေါ့နော် မိအောင်”



“ အိုး ... ချောမှ ချော၊ မျက်လုံးကလေးတွေက ကြည်စင်နေတာပဲ အိရယ် ”



ကျွန်မသည် အောင် ငယ်စဉ်က နူးညံ့ကြည်လင်သော မျက်ဝန်းလှလှ ကလေးများကို သတိရသွားသည်။ ဟိုတုန်းက နဖူးပြောင်ပြီး ဆံပင်အလယ်ခွဲ ဖားလျားချထားသည့် ပုံစံမျိုး ခေတ်စား၏။ ခါးအထိရှည်သော ဖြောင့်စင်းပါးလျားသည့် ဆံပင် အိအိကလေးများသည် အောင့်မျက်နှာ သွယ်သွယ်ကလေးနှင့် အလွန် လိုက် ဖက်ခဲ့ပါသည်။



“နင်ကလဲ ... ဓာတ်ပုံအယ်လ်ဘမ်လေး ဘာလေးတောင် ယူမလာဘူး ဟယ်”



အောင့်သမီးကို မြင်ချင်စိတ်ဖြင့် ကျွန်မ အပြစ်တင်တော့ အောင်က ပခုံးတွန့်ကာ ရယ်မော၏။



“ဟဲ့ ... နင်လာဖြေမယ်မှန်းမှ မသိတာ အိရဲ့၊ ငါကဖြင့် နင် အမ်အက်စ်စီ အောင်ပြီးပြီတောင် ထင်နေတာ”



“အမယ်လေး ... အဲဒီ ပါးစပ်ကလေး ရွှေချထားဖို့ ကောင်းလိုက်တာနော်။”



ကျွန်မ ကတော့ သွားလေရာရာမှာ သားဓာတ်ပုံကို ယူလာဖို့ မမေ့သူ ဖြစ်သည်။ စားပွဲပေါ်မှာ ထောင်ထား သောသား ၏ ဓာတ်ပုံကို အောင်က လှမ်းကြည့်နေ၏။



“နင့်သားက နင်နဲ့ မတူသလိုပဲနော် အိ”



ကျွန်မ လှစ်ခနဲ ပြုံးလိုက်မိလေသည်။



တစ်နှစ်သားအရွယ် သားကလေးသည် သူ့ဖအေ ကိုယ်ပွားကလေးဟု လူတိုင်းက မှတ်ချက်ချကြ၏။

“ သူ့အဖေနဲ့ တူတာ အောင် ရဲ့” အောင်က မျက်မှောင်ကြုတ်ကာ သားဓာတ်ပုံကို စေ့စေ့ကြည့် ပြုံး၏။ သား အဖေ၏ ကျောင်းသားဘ၀ ရုပ်ရည်ကို အောင်က ပြန်လည်မှန်းဆနေပုံ ရပါသည်။ ကျောင်းပြီးမှ ကျွန်မတို့ တွေဆုံလက်ထပ်ကြခြင်းဖြစ်၍ သားအဖေကို အောင် မျက်မှန်းတမ်းမိမှာ မဟုတ်။ ကျွန်မတို့ထက် တစ်တန်း ကြီးပြီး တစ်နှစ်စော၍ ဘွဲ့ရခဲ့သော သားအဖေကလည်း အောင့်ကို မသိသလို ဇဝေဇဝါ ဖြစ်နေခဲ့၏။



“အိ ... နင့်သား မျက်လုံးတွေက ဟိုတစ်ယောက်ရဲ့ မျက်လုံးတွေလိုပဲနော်၊ အရမ်း တောက်ပတာပဲ”



ဟိုတစ်ယောက် ... ။



ကျွန်မတို့နှစ်ယောက်အကြားတွင် ဟိုတစ်ယောက်ဟူသော စကားလုံးသည် အလွန်ရင်းနှီးကျွမ်းဝင်သော ချစ ်စဖွယ် နာမ်စားတစ်ခု ဖြစ်ခဲ့သော်လည်း ၁၀ နှစ်လောက် ကြာပြီးနောက်မှ ပထမဆုံးအကြိမ် ပြန်လည် ကြား လိုက်ရသောအခါ ကျွန်မ အနည်းငယ် တွေဝေသွား၏။ အောင်က ကျွန်မ ပခုံးကို ဖျတ်ခနဲ ရိုက်ကာ ရယ် မော သည်။



“ ကြည့်စမ်း မိန်းမ၊ အခုတော့ နင် မေ့ပြီပေါ့လေ ”



ကျွန်မ အောင့်စကားကို ငြင်းပယ်ချင်စိတ်ဖြင့် ခေါင်းခါယမ်းမိသော်လည်း မကြာခဏ သတိရမိကြောင်းတော့ ဝန်မခံလိုပါ။ ထို့နောက် ကျွန်မတို့ နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အောင့် မျက်လုံးများကို ကျွန် မ အကဲခတ်ကြည့်မိသည်။ ပြုံးနေသော အောင့်မျက်လုံးများ အနည်းငယ် စိုက်ငေးသွားသည်ကို ကျွန်မ ရိပ်မိ သည်။



“သူ အမ်အက်စ်စီ မဖြေတော့ဘူးနဲ့ တူတယ်နော် အိ” အောင့်အသံက လှုပ်ခါမှု ပါသည် ဆိုရုံကလေး။



“ သူ ပို့စတင်တောင် မဝင်ဖြစ်သေးဘူးလို့ သတင်းကြားတာ အောင်ရဲ့ ”



အောင်က ကျွန်မကို မျက်လုံးပြူးကြည့်သည်။ သူမ မသိလိုက်သော ဟိုတစ်ယောက် အကြောင်းကို ကျွန်မသိနေတာ အံ့သြဟန် ရှိပါသည်။



“နင် နဲ့ တွေ့သေးလားဟင်”



အောင့်အမေးကို ကျွန်မ ခေါင်းခါယမ်း ပြရင်း ပြုံးမိသည်။



“ ဟင့်အင်း ... နင်ရော ”



“မတွေ့ပါဘူးဟယ်၊ ဘယ့်နှယ်လုပ် တွေ့ပါ့မလဲ၊ တစ်မြို့စီ တစ်ဘဝစီ”



ကျွန်မ အောင့်လက်ကို ဆုပ်ညှစ်လိုက်သည်။ ထို့နောက် ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်း ဆိုင် စေ့စေ့ကြည့်မိကြလေသည်။





လွန်ခဲ့သော ဆယ့်ရှစ်နှစ်တုန်းက အိအိကို နှင့် ချိုနှင်းအောင်သည် နှစ်စဉ် ခုံနံပါတ်ချင်း ကပ်လျက်ကျပြီး အ ဆောင် တွင် နှစ်စဉ် တစ်ခန်းတည်း တွဲနေခဲ့ကြကာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တွယ်တာသော သူ ငယ်ချင်းနှစ်ယောက် ဖြစ်ခဲ့သည်။



ကျွန်မက အသားဖြူကာ အရပ်ပုပြီး အောင်က အသားညိုကာ ရှည်သွယ်၏။



ကျွန်မက ဆံပင်တိုတို ယောကျာ်းလေးဆံပင်ပုံစံ ဖြစ်ပြီး အောင်က ခါးအောက်ရောက်သော ဖြောင့်စင်း နက်မှောင်သည့် ဆံပင်များကို ပိုင်ဆိုင်၏။ ကျွန်မ၏ မျက်လုံးများက မည်းနက်ဝိုင်းစက်ပြီး အောင့်မျက်လုံးများ က ညိုလဲ့နူးညံ့သည်။ ကျွန်မက ရှမ်းခေါက်ဆွဲ ဆန်ပြားကို ကြိုက်နှစ်သက်ပြီး အောင်က မန္တလေးမုန့်တီကို ကြိုက်နှစ်သက်သည်။ ထိုစဉ်က ရုပ်ရှင်မင်းသား ရိုင်ယန်အိုနီးလ်ကို သဘောကျပြီး အောင်က ရောဘတ်ရက် ဖို့ဒ် ကို သဘောကျသည်။ ကျွန်မက ညအိပ်လျှင် ဖန်ချောင်းဖွင့်လျက် စာဖတ်ရင်း အိပ်ပျော်သည့် အကျင့်ရှိပြီး အောင်က မီးလင်းလျှင် လုံး၀ မအိပ်တတ်သော အကျင့်ရှိသည်။



ကျွန်မက စိတ်လိုလက်ရရှိလွန်းမှ မျက်နှာကို သနပ်ခါးပါးပါး လူးတတ်ပြီး အမြဲလိုလို မျက်နှာပြောင်နှင့် အလှပြင်ဖို့ ပျင်းရိတတ်သော်လည်း အောင်က နေ့စဉ် နာရီဝက်နီးပါး ကြာအောင် ဆံပင်နှင့် မျက်နှာ အလှပြုပြင်ချိန် ယူလေ့ရှိသည်။



အစစအရာရာ အသွင်မတူ ကွဲပြားသော ကျွန်မနှင့် အောင်သည် အံ့သြဖို့ကောင်းစွာပင် အချက်နှစ် ချက်တွင် တော့ လာ၍ တူနေ၏။ ပထမ တူညီမှုမှာ နှစ်ယောက်စလုံး လက်ပတ်နာရီ ပတ်သည့်အကျင့် မရှိကြခြင်း ဖြစ် သည်။ ပထမတူညီမှုက ကျွန်မတို့နှစ်ယောက်အတွက် ထူးခြားသည့် ပြဿနာ မဖြစ်ခဲ့သော်လည်း ဒုတိယ တူညီမှုကတော့ ဦးနှောက်ခြောက်စရာ ပြဿနာတစ်ခု ဖြစ်ခဲ့၏။ ကျွန်မတို့ အတန်းမှ ယောကျာ်းလေးတစ် ယောက်ကို ပြိုင်တူ ကြိုက်နှစ်သက်မိကြခြင်း ဖြစ်ပါသည်။



ပထမနှစ် အမ်ဘီတွင် အတန်းထဲ၌ ကင်းနှင့်ကွင်း ရွေးသောအချိန်မှ စတင်ခဲ့သည်။ တစ်တန်းလုံးက မဲအများ ဆုံး ပေးထားသော ဖတ်စ်အမ်ဘီကင်းကို ကျွန်မတို့နှစ်ယောက် သဘောမတူခဲ့ပါ။ အဆောင်ပြန် ရောက်တော့ ကျွန်မ တိတ်တိတ်ရွေး ထားသော ကင်း ရှိသည်ဟု အောင့်ကို ပြောမိသည်။ အောင်ကလည်း သူမ တိတ် တိတ် ရွေး ထားသူ ရှိသည်တဲ့။



ရယ်စရာကောင်းနေသည်က ကျွန်မတို့ နှစ်ယောက်လုံး ကိုယ်ရွေးမိသည့် လူ ၏ နာမည်ကို ကိုယ်မသိကြပေ။ နောက်တစ်နေ့ အတန်းတက်တော့မှ မိမိရွေးချယ်သူကို တိတ်တခိုး ညွှန်ပြ တော့ နှစ်ယောက်လုံးက တစ်ယောက်တည်းကို ရွေးခဲ့မိကြောင်း တအံ့တသြ သိရသည်။



ထိုအချိန်မှစ၍ ကျွန်မတို့ သူငယ်ချင်းနှစ်ဦး၏ ရင်ထဲသို့ သူက စတင် ဝင်ရောက် လာခဲ့ပါသည်။ သူသည် စာ တော်သည့် ကျောင်းသားစာရင်းတွင်လည်း မပါ၊ စာညံ့သည့် ကျောင်းသားစာရင်းတွင်လည်းမပါ၊ သာမန် အ လယ်အလတ်တန်းစား ဖြစ်၏။ အသားလတ်လတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်ခန္ဓာ ကျစ်လစ်သည်။ သွယ်လျ သော်လည်း အသားပြည့်ပြည့် မျက်နှာပြင်သည် ချောမွေ့နေ၏။ သူ့ တစ်ကိုယ်လုံးတွင် အင်အားအကောင်း ဆုံးမှာ မျက်လုံးများ ဖြစ်၏။ ထိုမျက်လုံးများသည် ကျွန်မအား နှစ်ပေါင်းများစွာ သူ့ကို သတိရအောင် ညှို့ယူ ထားခဲ့လေသည်။



အချစ်ဆိုတာကို မတွေ့ကြုံဖူးသော ဆယ့်ခုနှစ်နှစ်အရွယ်တွေမို့ ကျွန်မနှင့် အောင်သည် ချစ်စရာကောင်းသော ထိုကောင်ကလေးနှင့် မျက်လုံးချင်း ဆုံမိအောင် ဘယ်လို လုပ်ကြရရင် ကောင်းမလဲဟု ပေါ့ပေါ့ပါးပါးပင်ကျိတ် ဆွေးနွေးခဲ့ကြ၏။ သတ္တိမကောင်းလှသေးသော ပထမနှစ် အမ်ဘီမှာတော့ ကျွန်မတို့သည် သူ့လက်တွေ့ခန်း ရှေ့မှ ဖြတ်လျှောက်ကြည့်ရုံလောက်သာ ဖြစ်၏။



ဒုတိယနှစ်အမ်ဘီ ရောက်တော့ ကျွန်မတို့ အနည်းငယ် ရဲဝံ့ပြီ။ တစ်နေ့မှာတော့ သူ ကော်ရစ်ဒါမှာ လမ်း လျှောက် သွားခိုက် ကျွန်မတို့ နှစ်ယောက် သူ့နောက်သို့ ခပ်သုတ်သုတ် လိုက်သွားကြ၏။ သူ့ ရှေ့အထိ ကျော ်သွားပြီးမှ ကျွန်မတို့နှစ်ယောက် တိုင်ပင်ထားသည့် အတိုင်း သူ့ကို လှည့်ကြည့်ကာ “ ဘယ်နှစ်နာရီ ရှိပြီလဲ ” ဟု ပြိုင်တူမေးလိုက်ကြသည်။ သူ တုံ့ခနဲ ရပ်သွားကာ ကျွန်မတို့ နှစ်ယောက်ကို ခပ်ရှန်းရှန်းကြည့်ပြုံးပြီးမှ သူ့ လက်ကို မြှောက်ကြည့်၏။



ထို့နောက် ခပ်ဖွဖွ တစ်ချက်ရယ်ကာ “ကျွန်တော့်လဲ နာရီ မပါဘူး ခင်ဗျ ” ဟု သိမ့်မွေ့စွာ အဖြေပေးလေ သည်။ တစ်တန်းတည်းသားတွေမှန်း မျက်မှန်းတန်းမိပါလျက် ကျွန်မတို့နှင့် သူ ချက်ချင်း ခင်မင်မသွားခဲ့ပေ။



သူသည် သူငယ်ချင်း သတ်သတ်မှတ်မှတ် ထား၍ ပေါင်းသင်းသူမဟုတ်။ သူ့ဘေးတွင် အတန်းသား တစ် ယောက်ပြီးတစ်ယောက် လဲပြောင်းပါလာလေ့ ရှိသည်။ သူ့ဘေးမှာ သူငယ်ချင်းတွေ ပါလာလျှင် ကျွန်မတို့ နှစ် ယောက် သူ့ကို လုံးဝမကြည့်ဘဲ တစ်ယောက်တည်းလာမှ သူ သတိထားမိလောက်အောင် ကျွန်မတို့ နှစ် ယောက်က မျက်လုံးချင်း ဆုံပစ်လိုက်ကြတော့သည်။



ထိုအခါ သူက ကျွန်မတို့ နှစ်ယောက်ကို ပြုံးပြတော့မလိုလို၊ စကားပြောတော့မလိုလို ဇဝေဇဝါ မျက်လုံးများ ခပ်စိုက်စိုက်ကြည့်ကာ တစ်ဖက်လှည့်ပြီး ပြုံးသွားတတ်၏။ ထိုအခါမျိုးတွ် ကျွန်မတို့နှစ်ယောက်သည် သူ့ မျက ်လုံးများ၏ ဆွဲငင်မှုကို ပြန်လည်တွေးတော ခံစားရင်း အဆောင်သို့ တိတ်ဆိတ်ငြိမ်သက်စွာ ပြန်ရလေ့ ရှိပါ သည်။



တစ်ခါတုန်းကတော့ ယောကျာ်းတို့၏ ကိုယ်နံ့အကြောင်း ကျွန်မတို့နှစ်ယောက် ဆွေးနွေးငြင်းခုံကြရင်း သ ကိုယ် နံ့ကို စပ်စုလိုစိတ် ပေါက်ခဲ့ကြဖူးသည်။ ခက်နေသည်မှာ ကျွန်မတို့နှင့် သူက အမြဲတမ်း အဖွဲ့ခွဲ မတူ ူသောကြောင့် လက်ချာချိန်မှ တစ်ပါး အခြား လက်တွေ့အချိန်များတွင် ဘယ်တော့မျှ တစ်ခန်းတည်း မရှိ ကြပေ။ နီးနီးကပ်ကပ်လည်း မရပ်ခဲ့ကြဖူးပေ။ သည်တော့ သူ့ကိုယ်နံ့ စုးရှသလား၊ ဖျော့မှိန်သလား၊ ရနံ့သင်း သလား ကျွန်မတို့ မသိနိုင်ပေ။ သူနှင့် နီးကပ်ဖို့ အခွင့်အရေးမှာ လက်ချာချိန်သာ ဖြစ်၏။



တစ်နေ့မှာတော့ ကျွန်မတို့ ထိုင်နေကျ ရှေ့ဆုံးအောက်ဘက်ခုံများတွင် မထိုင်တော့ဘူးဟု ဆုံးဖြတ်ကာခန်းမ ထဲသို့ ရှေ့ပေါက်မှ မဝင်ဘဲ နောက်ပေါက်မှ တက်ခဲ့ကြသည်။ အောင်နှင့် ကျွန်မသည် သူထိုင်နေကျ ဘေးအ တန်းက ခုံများရှိရာ မျက်စိဝေ့ကြည့်လျက် အပေါ်စီးမှ မြင်နေရသော နောက်ကျောများ၊ နောက်စေ့ များ ကို ခွဲခြမ်းရှာဖွေရင်း တစ်ထစ်ချင်း ဆင်းလာခဲ့ကြ၏။



မျက်စိလျင်သော အောင်က အလျင်မြင်၏။ ကံအားလျော်စွာပင် သူထိုင်နေသော ခုံ၏ နောက်ဘက်ခုံတန်းမှာ ယောကျ်ားလေး တစ်ယောက်မျှ ဝင်ထိုင်မနေခဲ့ပေ။ ကျွန်မတို့သည် မျက်နှာပြောင်ပြောင်ဖြင့်ပင် သူနှင့် ကပ် ်လျက်ခုံမှာ သူ့နောက်တည့်တည့်၌ ဝင်ထိုင်လိုက်ကြ၏။ ပထမတော့ စာသင်သည်ကိုသာ အာရုံစူးစိုက် တတ် ်သော သူက မရိပ်မိပေ။ နောက်တော့ တိုးတိုးကျိတ်ကျိတ် ပြောသော မိန်းကလေးသံများ ကြားရလို့လား မသိ၊ သူဗြုန်းခနဲ လှည့်ကြည့်သည်။



ကျွန်မတို့ နှစ်ယောက် ကိုယ်ကို ရှေ့ကိုင်းပြီး သူ့ကော်လာ လည်ကုပ်နားတွင် နှာခေါင်းပွစိပွစိဖြင့် အလုပ်ရှုပ် ်နေသည်ကို သူ မြင်သွား၏။ အောင့် မျက်လုံးများနှင့် အလျင်ရင်ဆိုင်မိပြီးနောက် သူ့မျက်လုံးများ ကျွန်မထံ ရောက်လာသည်။ ကျွန်မ အောင့်လို ငေးကြောင်မသွားဘဲ သူ့ကို ပြုံးပြလိုက်ပါသည်။ ထိုအခါ သူ့မျက်လုံးများ လက်ခနဲ တောက်ပါသွားအောင် ပြုံးပြပြီး နောက်ပြန်လှည့်သွား လေသည်။



“ မွှေးတယ်နော် အောင် ... မနံဘူး ” ဟု ကျွန်မ အောင့်ကို တိုးတိုးကျိတ်ကျိတ် ပြောတော့ အောင်က ကျွန်မ ကို ဝမ်းပန်းတနည်း ကြည့်သည်။ သူမ၏ လက်ချာစာအုပ် ဖွင့်လက်စ စာမျက်နှာ အပေါ်ပိုင်း၌ စာတစ်ကြောင်း ခပ်သွက်သွက်ရေးပြီး ကျွန်မကို ပြ၏။



“ နင် ဘာဖြစ်လို့ သူ့ကို သွားပြုံးပြရတာလဲ၊ နင် တစ်ကိုယ်ကောင်းဆန်တယ် ” တဲ့။

ကျွန်မ နောင်တရသွားပါသည်။



“ ငါ မသိဘူး အောင်ရယ်၊ သူ့ကို သိပ်ပြုံးပြချင်တာပဲ၊ စိတ်ဆိုးလား ” ဟု အောင့်စာကြောင်းအောက်မှာပင် စာပြန်ရေးပြီး တောင်းပန်တော့ သူမက ပြန်ရေး၏။



“နောက်ကို နင် တစ်ယောက်တည်း ကွက်ပြီး မပြုံးနဲ့နော်၊ ပြုံးပြဖို့ အစီအစဉ် ရှိရင် ငါ့ကို ကြိုပြောထားပါ၊ ငါလဲ ပြုံးမယ်” တဲ့။



ဂျူး
အပိုင်း ၂ ကိုဆက်လက် ဖတ်ရှုပါရန်။

မိန်းကလေးအချစ် - ၂

ထိုအချိန်မှစ၍ ကျွန်မတို့နှင့်ဆုံလျှင် ပြုံးပြ နှုတ်ဆက်သော အလေ့တစ်ခု သူ ရရှိ လာခဲ့သည်။ ထို့ပြင် ကျွန်မ တို့ နှစ်ယောက်ရှိရာ လက်တွေ့ခန်း သို့မဟုတ် လူနာဆောင် သို့ အကြောင်းမရှိ အကြောင်းရှာ၍ လာတတ်ပြီး ကျွန်မတို့ကို ပြုံးပြလေ့ရှိသည်။



ထို့နောက် သူ့မျက်ဝန်းများတွင် အဓိပ္ပာယ် ဖော်ရခက်သော ငြိတွယ်မှုတစ်ခုကို ပျော်ရွှင်စွာ ကျွန်မတို့ တွေ့ရ တော့သည်။ ထိုအရိပ်ကလေးမှ နောက်တစ်ဆင်း တက်လာဖို့ ရင်ခုန်မောပန်းစွာ ကျွန်မတို့ စောင့်ရင်း တစ် ်ယောက်ကိုတစ်ယောက်လည်း အလစ်မပေးဘဲ စောင့်ကြည့်ခဲ့ကြ လေသည်။



သူ ကျွန်မတို့နှစ်ယောက်နှင့် မဆုံဆုံအောင် အကြောင်းရှာ၍ ညှို့ယူပြုံးပြတာ ကတော့ မှန်ပါရဲ့၊ ကျွန်မတို့ နှစ်ယောက်မှတစ်ပါး အခြား ဘယ်မိန်းမကိုမျှ မျက်လုံးချင်း ဆုံ၍ပင် မကြည့်တာလည်း မှန်ပါရဲ့၊ ဘယ်သူ့ကို လိုက်နေတာဟူသော သတင်း သိုးသိုးသန့်သန့် ကလေးမျှ သူနှင့် ပတ်သက်၍ မကြားရသည်မှာလည်း မှန်ပါ ရဲ့။ သို့သော် ကျွန်မတို့ နှစ်ယောက်အနက် မည်သူ့ကို သူ စိတ်ဝင်စားတာလဲ။ မည်သူ့ကို သူ မြတ်နိုးတွယ် တာ ပါသလဲ။ ကျွန်မတို့ နှစ်ယောက် အဖြေထုတ်ဖို့ ကြိုးစားခဲ့ကြ၏။



သူသည် ကျွန်မတို့နှစ်ယောက် တွဲလာလျှင် ပြုံးပြရင်း အောင့်ကို ပထမဆုံး ကြည့်၏။ ဒါကိုလည်း ကျွန်မက တော့ အောင့်အရပ်ရှည်လို့ အောင့်ကို သူ အလျင် မြင်မိတာပေါ့ဟု ဟာသစွက်ကာ စိတ်လှည့်စား ကျေနပ်ခဲ့ တာပါပဲ။ ထိုမျက်ဝန်းတွင် ငြိတွယ်မှု များစွာ ပါဝင်ကြောင်းတော့ ကျွန်မ ထိတ်လန့်စွာ ရိပ်မိပါသည်။



သို့သော် ချက်ချင်းပင် အောင့်ထံမှ မျက်ဝန်းက ကျွန်မထံ ရောက်လာပြီး ကျွန်မကို စူးရှစွာ ညှို့ယူသော မျက် ဝန်းများ ဖြစ်သွားပြန်သည်။ အောင့်ကိုကြည့်သော မျက်ဝန်းထဲမှာ မြတ်နိုးမှု ပါဝင်လျင် ကျွန်မကိုကြည့်သော မျက်ဝန်းထဲမှာ မက်မောတမ်းတမှု ပါဝင်သည်ဟု ကျွန်မ ပြောရပါလိမ့်မည်။



“ အိရာ ... လုပ်မနေပါနဲ့၊ သူ ငါ့ကို ချစ်နေတယ်ဟ၊ သေချာတယ် ” အောင်က ကျွန်မ မခံချင်အောင် ပြောလေ့ ရှိပြီး ကျွန်မကလည်း အားကျမခံ “ ကြည့်နေ မိအောင်၊ သူ ငါ့ကို ဟောဒီ တစ်နှစ်အတွင်း ရည်းစားစကား ပြောလာစေရမယ် သိလား ” ဟု သူမကို မကြာခဏ အတည်ပေါက် ဆွပေးလေ့ရှိပါသည်။



သူ့ငြိတွယ်မှုသည် ကျွန်မ ထံမှာလား၊ အောင့်ထံမှာလား အတိအကျ သိလိုစိတ် များလာသောအခါ ကျွန်မ တို့ နှစ်ယောက် အမြွှာညီအစ်မလို အမြဲတွဲနေ၍ မဖြစ်တော့ဘူးဟု နှစ်ယောက်လုံး နားလည်လာခဲ့သည်။ သူသည် ကျွန်မ ရှေ့တွင် အောင့်ကို တမ်းတပြဖို့ ခဲယဉ်းလိမ့်မည် ဖြစ်သလို အောင်ရှေ့တွင် ကျွန်မကို ငေးမောတွယ် တာဖို့လည်း ခဲယဉ်းပေလိမ့်မည်။ ထိုအချိန်မှစ၍ ကျွန်မနှင့် အောင်သည် မကြာခဏ သိသိသာသာ (နှစ်ဦး သဘောတူ) ခွဲထွက်ကာ လက်တွေ့စမ်းသပ်ခဲ့ကြသည်။



တစ်နေ့ကြုံတွေ့သမျှကို အရင်းအတိုင်း ပြန်လည်ပြောပြခဲ့ကြသည်။ တစ်ခါတစ်ရံ သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်နေရာစီ ခွဲထွက်ရင်း ခပ်လှမ်းလှမ်း သူ မမြင်ကွယ်ရာလောက်ဆီမှ အကဲခတ်ကြည့်ဖူး သေး ၏။ သူသည် ကျွန်မ မပါဘဲ အောင့်ကိုမြင်ရလျှင် တစ်ချက်သာ စူးစိုက်ကြည့်ပြီး သူ့မျက်စိကဟိုဟိုသည်သည် လိုက်ကြည့်အကဲခတ်လေ့ရှိ၏။ ခပ်လှမ်းလှမ်းမှာ ကျွန်မချောင်ကပ်၍ ရှိနေသေးကြောင်း မြင်သွား လျှင်တော့ လှစ်ခနဲ ပြုံးပြလိုက်သော သူ့မျက်ဝန်းများ အောက်မှာ ကျွန်မ ညွှတ်ခွေသွားတော့မတတ် ကြည်နူး ပျော်ရွှင် ရလေသည်။



သို့သော် ကျွန်မကို အလျင်မြင်တွေ့ပြီး အောင့်ကို မတွေ့ရသည့် အခါမျိုးတွင်လည်း သူ အောင့်ကို ပျာပျာ သ လဲ ဝေ့၀ဲရှာကြည့်မြဲ ဖြစ်၏။ အောင့်ကိုမြင်သွားလျှင်သူ့ရှေ့မှာ ကျွန်မ နီးကပ်စွာ ရှိနေပါလျက်အောင်တစ် ယောက်သာ လောကတွင်ရှိနေသလို သူ ပြုံးပြ နှုတ်ဆက် သွားပြန်လေသည်။



ကျွန်မတို့၏ နည်းပရိယာယ်သည် သူ့စိတ်ကို ခွဲခြားသိဖို့ မစွမ်းသာခဲ့ပေ။ သည်လိုနှင့်ပင် သူသည် ကျွန်မ တို့ နှစ်ယောက်ကို ဆေးတက္ကသိုလ် သက်တမ်းတစ်လျှောက်လုံး ဘယ်ယောကျ်ားထံမှ စိတ်မကစားဖြစ်အောင် ထိန်းချုပ် ညှို့ယူစွမ်းရှိသော ကောင်ကလေး ဖြစ်ခဲ့ပါသည်။



ကျွန်မတို့ချစ်ရသော ထိုကောင်ကလေး၏ ချောမွတ်လင်းလက်သော မျက်နှာနှင့် တောက်ပသောအပြုံးကို ပြန်လည်ရင်ခုန်ရင်း အချို့ညများတွင် ကျွန်မတို့သည် တစ်ခုတင်တည်း ဘေးချင်းယှဉ်အိပ်လျက် တစ် ယောက် လက်ကို တစ်ယောက်ဆုပ်ကိုင်ကာ မျှဝေခံစားခဲ့ဖူးသည်။



“ အိရယ် ... ငါ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နင်သိတယ်မဟုတ်လား” ဟု အောင်က ဝမ်းနည်းစွာ မေးဖူးသည်။ ကျွန်မ ရုတ်တရက် မျက်ရည်ဝေ့ကာ ခေါင်းခပ်သွက်သွက် ညိတ်ပြမိ၏။



“ တကယ်လို့များ သူက ငါ့ကို ဖွင့်ပြောလာခဲ့ရင် ငါသူ့ကို လက်ခံမယ်လို့များ နင်ထင်သလားဟင် ... အိ ”

ထိုမေးခွန်းကို ကျွန်မ မဖြေပဲ ခပ်ရိပ်ရိပ် ပြုံးနေသောအခါ အောင်က မျက်ရည်ဝဲလျက်က ကျွန်မလက်ကို ဆုပ်ကိုင်ဖျစ်ညှစ်လေသည်။



“ ငါ ... သူ့ကို ငြင်းပစ်မှာပါ အိရယ်၊ တကယ်ပြောတာပါ၊ နင်ယုံစမ်းပါဟာ။ မိအောင်ဟာ သူငယ်ချင်းကို ချစ်သူထက်ပိုပြီး တန်ဖိုးထားတာ နင် တွေ့လာပါလိမ့်မယ်”



အောင့်အသံ တိုးတိုးလေးက ခိုင်မာပြတ်သားနေသည်။



“ ငါယုံပါတယ် အောင်ရာ ....။ ဒါပေမယ့် ဘာမှမဆိုင်ဘူး အောင်ရဲ့။ သူငယ်ချင်းဆိုတာ တစ်သက်လုံး လက် တွဲသွားလို့မှ မရဘဲ။ ချစ်သူဆိုတာက ခင်ပွန်း အဖြစ် ယုံကြည်ကိုးစားထိုက်သူဆိုရင် တစ်သက်လုံး ကိုယ့်ဘေး မှာ ကောင်းတူဆိုးဖက် ကြင်နာမယ့်သူ အောင်ရဲ့၊ စိတ်ကူးမယဉ်ချင်နဲ့ အောင်၊ မတူတာ နှစ်ခုကို ယှဉ်ကြည့် ပြီး အသားလွတ် အနစ်နာခံတဲ့ သူရဲကောင်းစိတ်မျိုး မမွေးစမ်းနဲ့၊ သူ နင့်ကိုမှ ချစ်လာပြီ ဆိုရင် နင် ဒီလောက ်ချစ်ရတဲ့လူကို ဘယ်သူ့အတွက်ကြောင့်မှ ဆုံးရှုံးမခံနဲ့ သိလား။ ”



ကျွန်မ တိုးတိတ်စွာ နှစ်သိမ့်မိသောအခါ အောင်က အိပ်ရာမှ ထထိုင်ကာ ကျွန်မကို ငုံ့စိုက်ကြည့်ပြီး တွေေ၀ နေ၏။ ထို့နောက် မေးသင့်မမေးသင့် ချိန်ဆနေပုံ မျက်နှာထားဖြင့် ကျွန်မကို မေးခွန်းတစ်ခု မေးပါသည်။



“ နင်ဆိုလိုတာက တကယ်လို့ သူက နင့်ကို ချစ်လာခဲ့ရင် ငါ့ကို မငဲ့ဘဲ နင် သူ့ကို လက်ခံမယ်ပေါ့ ... ဟင်။”



အလွန် ဖြေရခက်သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ ကျွန်မက အောင့်လို စိတ်ကူးယဉ်တတ်သူ မဟုတ်ပေ။ တ ကယ်တမ်းတော့ သူ့ကို ရယူပိုင်ဆိုင်ဖို့အတွက် ဘယ်သူ့မျက်ရည်နှင့် လဲရလဲရ၊ ကျွန်မ လဲရက်ပါသည်။ သို့ သော် အဖြစ်မှန်ကို အောင့်ကို ဖွင့်မပြောရန် ကျွန်မ ထိန်းချုပ်ခဲ့ရ၏။ အောင့်ကို ပြုံးကြည့်ကာ ပိပိရိရိ လိမ်ရ သည်။



“ဘယ်လက်ခံမလဲ အောင်ရာ။ စောစောကပြောတဲ့ စကားက ငါ့ကို နင် ညှာစရာမလိုဘူးလို့ နင်သိစေချင်လို့ ပြောလိုက်တာပါ၊ ဒီမယ် ကြည့်စမ်း၊ သူ့ကိုငါ ဘယ်လောက်ပဲ ချစ်ချစ် ဘယ်တော့မှ မယူဘူးသိလား အောင်”



ကျွန်မ၏ လိမ်လည်မှု ဘယ်လောက် ပီပြင်သလဲဆိုလျှင် အောင့်မျက်ဝန်းများ လက်ကနဲ ဖြစ်သွားကာ ကျွန်မ ကို အားရပါးရ ဖက်ပွေ့ရယ်မောရင်း အောင် မျက်ရည်ကျခဲ့ပါသည်။ အောင့်မျက်ရည်ကို မြင်မှ ကျွန်မ အောင့် ကို ပိုချစ်သွားကာ မျက်ရည်ကျ ရယ်မောမိတော့သည်။



သို့သော် အောင်သည် ကျွန်မအပေါ် ငဲ့ညှာစိတ်ဖြင့် သူ့ကို တကယ်စွန့်လွှတ်မှာလားဆိုတာ ကျွန်မ သံသယ ဝင်တာတော့ အမှန်ပဲဖြစ်ပါ၏။ ခေါင်းစဉ်တွေ ခွဲဝေမျှယူ၍ စာကျက်ပြီး ပြန်ရှင်းပြသည့်အခါမျိုးကအစ လူနာ စမ်းသပ် လေ့လာသည်အထိ တစ်ယောက်နဲ့တစ်ယောက် ငဲ့ညှာကာ အေးအတူပူအမျှ ခံစား ခွဲေ၀ ခဲ့ကြသော ကျွန်မတို့နှစ်ယောက်အား ယောကျ်ားတစ်ယောက်က အလွယ်တကူ စိမ်းကားကွဲကွာ စေနိုင်လိမ့်မည်ဟု ထင် သည်။



ကျွန်မ သူ့ကို လက်ခံလိုက်လျှင် အောင့်အမုန်းကို ကျွန်မ ရရှိလာမည်လား။ ဒါကိုတော့ ကျွန်မ မခန့်မှန်း တတ်ပေ။ ထိုသံသယသည် ကျွန်မအပေါ် ကာလများစွာ လွှမ်းမိုးထားခဲ့သည်။ အောင် သူ့ကို လက်ခံလိုက် လျှင် တော့ ကျွန်မ နာကျင်စွာ ဝမ်းနည်း မိမည်။ နောက်ပြီး ရှက်ရွံ့သိမ်ငယ်မိမည်။ သို့သော် အောင့်ကို ဘယ် တော့မှ မုန်းတီးမိမှာ မဟုတ်။ ဒါကတော့ သေချာသည်။



ကျွန်မတို့ သုံးယောက်၏ တိတ်တခိုး ပြဿနာသည် နောက်ဆုံးနှစ် အပိုင်း ခ စာမေးပွဲပြီးဆုံး၍ သူ ပြင်ဦး လွင်တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ကျပြီး၊ ကျွန်မတို့နှစ်ယောက်က မန္တလေးဆေးရုံကြီးတွင် တာဝန် ကျချိန်တွင် လွမ်းဆွတ်တသဖွယ်ရာ ဖြစ်သွားခဲ့သေး၏။ နောက် သိပ်မကြာမီမှာပင် ဆုံးခန်းတိုင် အဖြစ်သို့ ရောက် ခဲ့ပါသည်။ ဘယ်လိုမျှ မျှော်လင့်မထားသော ဇာတ်သိမ်းလေးဖြစ်သည်။ ပြင်ဦးလွင်တွင် တွေ့ရသော ကျောင်းဆရာမလေးတစ်ယောက်နှင့် သူ လက်ထပ်သွားခြင်း ပင် ဖြစ်ပါသည်။



သူ့ဖိတ်စာကို အခြားသူငယ်ချင်းများနှင့်အတူ ကျွန်မတို့ လက်ခံရရှိခဲ့ပါသည်။အဆောင်နေ ကျောင်းသူ ဘဝလို ကျွန်မတို့နှစ်ဦး အခန်းသပ်သပ်သာ နေခွင့်ရလျှင် အခန်းတံခါးကို စောစောပိတ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ ပင် မျက်ရည်ကျချင် ကျမိနိုင်သည်။ ကံဆိုးဝါးစွာပင် အလုပ်သင်ဆရာဝန် အမျိုးသမီးဆောင် မှာ အခန်းသီး သန့် မရှိသော ခန်းမကျယ်ကြီးထဲတွင် ခုတင်များ စီတန်းထားခြင်း ဖြစ်သောကြောင့် ကျွန်မတို့ အခန်းတံခါး မပိတ်နိုင်ပေ။



နှစ်ယောက်လုံး ပြိုင်တူ စောစောအိပ်ရာဝင် ကြဖို့လည်း ရှက်ရွံ့နေကြသောကြောင့် ကျွန်မနှင့် အောင်သည် ဆေးရုံဝင်းထဲတွင် တစ်ယောက်လက် တစ်ယောက်တွဲကာ ဖြည်းညှင်းစွာ လမ်းလျှောက် နေခဲ့ကြသည်။



ကျွန်မတို့ နှစ်ယောက်လုံး တမ်းတသော ငွေလမင်းအကြောင်း မပြောမိအောင် ဟန်ဆောင်မျိုသိပ်ရင်း လူနာ နှင့် ရောဂါများအကြောင်း ဟန်လုပ်ဆွေးနွေး နေခဲ့ကြသေး၏။ လမ်းလျှောက်ရင်း ဒူးများ ညွှတ်ခွေချကာ ငို ချင်စိတ် ပေါ်လာလျှင်တော့ နက်ပြာရောင် ကောင်းကင်မှ လဝန်းကို လိုက်ရှာမော့ကြည့်ရင်း ခြောက်ကပ်စွာ ရယ်မော ခဲ့ကြလေသည်။



ညသည် တဖြည်းဖြည်း တိတ်ဆိတ်စွာ နက်ရှိုင်းလာသည်။ နောက်ဆုံးတော့ ထိန်းချုပ်ထားမှုက ပြိုကွဲသွား လေသည်။



“သူ တို့ကို မချစ်ဘူးလားဟင် ... အိ”



အက်ကွဲသော အောင့်စကားသံကလေး၌ ရှက်ရွံ့မှုများစွာ ပါဝင်နေသောကြောင့် ကျွန်မ သနားသွားပါသည်။ အောင့် မျက်နှာတစ်ခြမ်းကို အုပ်မိုးနေသော ဆံပင်ပျော့ကလေးများကို ကျွန်မ လက်နှင့် သပ်ဖယ်ပေးရင်း ပြုံး ပြမိသည်။



“အချစ်ဆိုတာ တို့ထင်တာထက် ပိုပြီး နားလည်ရခက်တယ်နဲ့ တူတယ် အောင်ရယ်။ နောက်ပြီး ယောကျ်ားတွေရဲ့အချစ်ဟာ မိန်းမတွေရဲ့ အချစ်နဲ့မတူဘူးတဲ့”



ကျွန်မစကားက စမ်းတဝါးဝါးနိုင်လွန်းသဖြင့် ကျွန်မဘာကို ဆိုလိုမှန်း ကျွန်မကိုယ်တိုင်ပင် မသိနိုင်အောင် ဖြစ်နေပါသည်။



“သူ တို့ကို သတိရနေမယ်လို့ ထင်လားဟင်”



“သူ တို့ကို သတိရနေမှာ သေချာတာပေါ့ အောင်ရဲ့။ ခုနှစ်နှစ်တိတိ တွယ်တာခဲ့တဲ့ သံယောဇဉ်ကြိုးကို အခုမ ှတွေ့ရတဲ့ မိန်းမတစ်ယောက်က ဘယ်လိုလုပ် ဖြတ်တောက်ပစ်နိုင်ပါ့မလဲ၊ သူ ...တို့ကို မေ့မှာမဟုတ်ဘူး”



အောင့်ကို လိမ်ရသမျှ စကားထဲတွင် ဤစကားသည် ယုတ္တိမတန်ဆုံး ဖြစ်ပါသည်။ကျွန်မတို့နှစ်ယောက်သည် သူ့မင်္ဂလာပွဲအတွက် လက်ဖွဲ့ကိုအတန်းသားများထဲမှ မည်သည့်အုပ်စုနှင့်မျှ မရောဘဲ သီးသန့်ပြုလုပ်ခဲ့၏။ နှစ်ယောက်လုံး၏ ဆုံးဖြတ်ချက်အရ ထိုလက်ဖွဲ့ပစ္စည်းသည် သူ့ဇနီးနှင့် မသက်ဆိုင်သော၊ သူ့အတွက်သာ အ သုံးဝင်သော သီးသန့်ပစ္စည်း ဖြစ်ရမည်။ အောင်က ဂျာကင် အင်္ကျီလက်ဖွဲ့မည်ဟု ပြောတော့ ကျွန်မ ခါးခါး သီးသီး ငြင်းမိ၏။



“မဖြစ်ဘူးအောင်၊ ယောကျ်ား အင်္ကျီဆိုပြီး ပေါ့ပေါ့မတွက်နဲ့၊ သူ့မိန်းမကို ပေးဝတ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ဒါမှမဟုတ် လမ်းခရီး သွားရင်းလာရင်း သူ့မိန်းမ ချမ်းလု့ိ ဉခံပေးရင်ကော”



အောင့်မျက်နှာ ဖျတ်ကနဲ ညှိုးသွားလေသည်။



“ဒါဖြင့် ဖိနပ်ကွာ”



ကျွန်မပြုံး၍ ခေါင်းခါရပြန်၏။



“သူ့ခြေထောက် အတိုင်းအတာကို တို့မှ မသိတာ အောင်ရယ်”



နောက်ဆုံးတော့ နားကြပ်အနီရောင်ကလေးကို ကျွန်မတို့နှစ်ယောက် သဘောတူ ရွေးချယ်လိုက်လေသည်။

သူသည် နားကြပ်ကို သူ့မိန်းမအား ပေးကိုင်နိုင်တော့မည် မဟုတ်ပေ။ နားကြပ်ကလေးသည် သူ့ပုခုံးထက ်တွင် တစ်သက်လုံး ရှိနေလိမ့်မည်။ နားကြပ်ကို အသုံးပြုတိုင်း ကျွန်မတို့နှစ်ယောက်ကို သူ သတိရပေလိမ့် မည်။



လက်ဖွဲ့ပစ္စည်း လူကြုံနှင့် ပေးရန် လှလှပပ ထုပ်ပိုးပြီးနောက် သူ့နာမည်၏ နောက်တွင် သူ့ဇနီး၏ နာမည်ကို နာကျင်စွာရေးခဲ့ရပါသည်။





တကယ်တော့ ဤဇာတ်သိမ်းပိုင်းကလေးသည် ကျွန်မတို့ နှစ်ယောက်အတွက် အလွန်လှပကြောင်း ကာလ ကြာရှည်တော့မှ ကျွန်မ အခိုင်အမာ လက်ခံခဲ့တော့သည်။ အောင်နှင့် ကျွန်မ မုန်းတီးနာကျည်းမှု မရှိ။ တစ် ယောက်ကို တစ်ယောက် တိတ်တခိုး မနာလိုမှု၊ ဝမ်းနည်းအားငယ်မှု၊ မခံချင်ဖြစ်မှုလည်း မရှိ။ ကျွန်မတို့ နှစ် ယောက် သူ့ကိုရယူဖို့ ကျိတ်၍ ယှဉ်ပြိုင်ခဲ့ကြသည်ဆိုလျှင် ယခုပွဲတွင် ဘယ်သူမျှ မနိုင်၊ ဘယ်သူမျှ မရှုံးပါ။



ပြိုင်ပွဲတွင် နှစ်သိမ့်ဆုကို ကြေညာခွင့်ရမည်ဆိုလျှင်တော့ ထိုဆုကို ရသူသည် ကျွန်မသာ ဖြစ်သည်။ ဘာ ကြောင့် လဲဆိုတော့ သတင်းစာတွင် ကျွန်မ လက်ထပ်သတင်း ဖော်ပြပြီး နှစ်ပတ်အကြာတွင် အခြားလက် ဖွဲ့များထက် နောက်ကျပြီး ရောက်လာသော သူ့လက်ဖွဲ့ လက်ဆောင်တစ်ခုကို ကျွန်မ လက်ခံရရှိခဲ့သော ကြောင့် ဖြစ်သည်။ ထိုလက်ဆောင်ထုပ်ကလေးကို ဖွင့်ကြည့်လိုက်သောအခါ သူ့လက်ရေးများသည် ကျွန်မ မျက်ရည်ဖြင့် ဝါးသွားခဲ့လေသည်။ ကျွန်မသည် ဘုရားတလျက် မယုံကြည်နိုင်စွာ ရင်ခုန် တုန်လှုပ်ရင်း ပြုံးရယ်မိသည်။



သူသည် ကျွန်မကို သတိရနေခဲ့သည်ပါလား။ သူသည် ကျွန်မကို မမေ့ခဲ့သူ ပါကလား။ ကျွန်မတို့ သူ့ကို စတင ်စကားပြောသည့်နေ့ကို သူ ဘယ်တော့မှ မမေ့ခဲ့ပါလား။ သူလက်ထပ်သွား၍ နာကျင်ကြေကွဲရသော ကျွန်မ၏ ဝမ်းနည်းစိတ်သည် သူ့ အမှတ်တရ လက်ဖွဲ့ပစ္စည်းကလေးကြောင့် လွင့်ပါးပျောက်ကွယ်ခဲ့တော့သည်။ သူ့ လက်ဖွဲ့ပစ္စည်းမှာလည်း ကျွန်မ တစ်ဦးတည်းအတွက်သာ အသုံးဝင်သော ပစ္စည်း ဖြစ်ပါသည်။



အောင့်ကို ညှာတာစိတ်ဖြင့် ဤအကြောင်းကို ဘယ်တော့မျှ ပြန်မပြောတော့ ပါဘူးဟု ကျွန်မဆုံးဖြတ်ချက်ချခဲ့ သည်။



“ အိ ... ”



“ငါ နင့်ကို ပြောစရာတစ်ခုရှိတယ်”



ရှည်လျားဖြောင့်စင်းသော အောင့်ဆံပင်များ တိုသွားပြီး တစ်ပတ်လျှိုဆံထုံး ကလေးဖြင့် ဆရာဝန်ပီသစွာ ဣန္ဒြေရနေသော်လည်း အောင့်မျက်ဝန်း ညိုလဲ့တောက်ပ နေပုံမှာ ကျောင်းသူဘဝတုန်းကလိုပင် ဖြစ်သည်။



“ဘာလဲ အောင်”



“ငါ ... နင့်ကိုပြောမယ် ... ပြောမယ်နဲ့ မပြောဖြစ်ဘူး။ ဒါပေမယ့် အခုတော့ ပြောချင်လာပြီ၊ ပြောလု့ိလဲ ဘာမှ ထူးခြားစရာ မရှိတော့ဘူးလေ”



ဆန်းကြယ်သော အောင့်စကားကြောင့် မီးရောင်အောက်မှ အောင့်မျက်နှာကို စိတ်ဝင်တစား အကဲခတ်မိသည်။



အောင့်အပြုံးသည် နှစ်ပေါင်းများစွာက အပြုံးလိုပင် လန်းဆန်းတောက်ပနေ၏။



“ သိပ်အံ့သြဖို့ ကောင်းတာပဲ အိရယ်။ ငါ မင်္ဂလာဆောင်တုန်းကလေ ဟိုတစ်ယောက်ဆီက မင်္ဂလာလက်ဖွဲ့လေး ရတယ် သိလား”



ကျွန်မသည် ကြားရသောစကားကို မယုံနိုင်စွာ အောင့်ကိုငေးကြည့်နေမိသည်။ ဟိုတစ်ယောက်ဆီက ... ။ သူသည် အောင့်ကိုလည်း မင်္ဂလာလက်ဖွဲ့ပို့ပေးခဲ့သည်တဲ့။ ကျွန်မ၏လက်ကို အောင် က ဖျပ်ခနဲ ဆွဲယူဖျစ်ညှစ်သည်။



“သူ လက်ထပ်တုန်းကတောင် မျက်ရည်မကျမိတဲ့ ငါကလေ ... သူ့ဆီက လက်ဖွဲ့ကို ရတော့မှ မျက်ရည်ကျမိ သတဲ့ အိရယ်။ နင် မအံ့သြဘူးလားဟင်”



ကျွန်မသည် တုန်ခိုက်သည့် အောင့်ရယ်သံ တိုးတိုးကလေးကြောင့် ကြက်သီးထသွား၏။



“သူ ငါ့ကို သတိရနေခဲ့တယ် အိရဲ့။ သူ ငါ့ကို မမေ့ခဲ့ဘူးပေါ့။ တို့နှစ်ယောက် သူ့ကို စနောက်ခဲ့တဲ့ အဖြစ်ကို သူ မမေ့ဘူး အိရဲ့ သိလား၊ သူ ဘာလက်ဖွဲ့မယ်ဆိုတာ နင်ခန့်မှန်းကြည့်ပါ အိရယ်”



ကျွန်မသည် တစ်ခဏအတွင်း အောင့်ကို ခါးသီးမုန်းတီးသွားသောကြောင့် ဗြုန်းကနဲ မျက်နှာလွဲပစ်လိုက် ရသည်။



“ငါသိပါတယ် အောင်ရယ်၊ လက်ပတ်နာရီလေး မဟုတ်လား”



“ဟယ် ... နင်သိတယ်။ နင်ဘယ်လိုလုပ် သိလဲဟင် ... အိ”



ကျွန်မ၏ပုခုံးကို စိတ်အားထက်သန်စွာ အောင် ဆုပ်ညှစ်လှုပ်ယမ်းလိုက်သည်။ ကျွန်မ အောင့်ကို လှည့်ကြည့် လိုက်၏။ ထို့နောက် အထက်စီးအပြုံးဖြင့် ပြုံးပြလိုက် မိသည်။



“ ဘယ်လိုလုပ် သိလဲဆိုတော့ ငါ့ကိုလဲ သူက ဆီကိုနာရီကလေး လက်ဖွဲ့ခဲ့လို့ပေါ့ အောင်ရဲ့။ ငါတစ်ယောက် တည်း သုံးလို့ရတဲ့ မိန်းမပတ်နာရီ ကလေးလေ”



ထိုစကားကို ပြောရသောအချိန်၌ ကျွန်မ နှုတ်ခမ်းများ ချိုမြနေသလို ခံစားရသည်။မလှုပ်မယှက်ငေးမော သွားသော အောင့်မျက်ဝန်းများ မှုန်ေ၀ ကျဉ်းမြောင်း သွား၏။ ကျွန်မသည် ငြိမ်သက်နေသော အောင့်ကို

စကားတစ်ခုခုတော့ပြောမှဖြစ်မည်ဟု ကိုယ့်ကိုကိုယ် တွန်းအားပေးနေမိသည်။ သို့သော် ကျွန်မ အောင့်ကို စကားမပြောချင်ပါ။



ညသည် နက်ရှိုင်းစွာ တိတ်ဆိတ်သွား၏။ လွန်ခဲ့သော ဆယ်နှစ်လောက်က ညတစ်ညတုန်းက ဤအလုပ်သင် ဆရာဝန်ဆောင်ထဲမှာပင် ကျွန်မနှင့် အောင် ခုတင်ချင်းကပ်လျက် ပင့်သက်များစွာ ရှိုက်ကာ အိပ်ပျော်ဖို့ ကြိုး စားခဲ့ရဖူးသည်။ ဟိုတုန်းက တစ်ခုတင်စီဖြစ်၍ နှစ်ယောက်သားကြားမှာ နေရာခြားနေသော်လည်း သောက နှင့် ရှက်ရွံ့မှုကို မျှဝေခံစားစိတ် အပြည့်ဖြင့် နှစ်ယောက်သား နွေးထွေးစွာ နီးကပ်နေသလို ခံစားခဲ့ရပါသည်။



ယခုတော့ တစ်ခုတင်တည်း အတူအိပ်လျက် အသားချင်းထိမတတ် နီးကပ်နေသော်လည်း ကျွန်မတို့နှစ် ယောက် အဝေးကြီးဝေးနေသလို ခံစားနေရသည်။



“အိ ...”



ကျွန်မ အောင့်မျက်နှာကို စိုက်ကြည့်နေမိသည်။



“အိရယ် ... သူ တို့ကို ချစ်ခဲ့တယ်ပေါ့နော်”



ကျွန်မ မြင်နေရသော အောင့်နှုတ်ခမ်းများ တဖြည်းဖြည်းချင်း တောက်ပစွာ ပြုံးလိုက်သောအခါ ကျွန်မ မြင်ဖူး သမျှ အောင့်အပြုံးများတွင် အလှဆုံး ဖြစ်သွား၏။ ကျွန်မသည် စောစောကလေးက ဖြစ်ပေါ်ခဲ့သော မုန်းတီး မှုအတွက် နောင်တရသွားကာ မျက်ရည်ဝဲလျက် ခေါင်းညိတ်လိုက်မိ၏။



“ဟုတ်တယ် အောင် ...။ သူ တို့နှစ်ယောက်လုံးကို ချစ်ခဲ့ပါတယ်”



ဤတစ်ကြိမ်တွင် အောင့်ကို လိမ်ညာရုံသာမကဘဲ ကျွန်မကိုယ်တိုင်ကိုပါ ပြန်လည် လိမ်ညာခြင်း ဖြစ်ပါသည်။

ထို့နောက် ကျွန်မတို့နှစ်ယောက် ဟိုတုန်းကလိုပင် ပြန်လည်နုပျိုသွားပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာ ချင်းဆိုင် ကြည့်ကာ တိုးတိုးတိတ်တိတ် ရယ်မောမိကြလေသည်။




ဂျူး

Basic HTML Training pdf

Online Web Tutorial Site

HTML အကြောင်းလေ့လာဖြစ်ရင်းနဲ့ တွေ့ ဖြစ်တဲ့ ဆိုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ ပါ။
ဒီမှာ လေ့လာလို့ ရပါတယ်။

အဲ့ဒီဆိုဒ်လေးမှာ ...

- HTML & CSS Tutorial
- Java Script
- Browser Scripting
- XML Tutorial
- Server Side
- Web Service
- Multimedia
- Web Building

စသဖြင့် လေ့လာလို့ ရပါတယ်။



 

Sunday, June 10, 2018

ဦးနု မိတ်တဗလဋီကာ

ကိုယ့်ကိုကိုယ် ချစ်ပါ။

တစ်ယောက်ထဲ နေတာ ကြာလာတော့ ကိုယ့်ကိုကိုယ် ပိုချစ်တက်လာတယ်
ပိုလည်း ဂရုစိုက်တက်လာတယ်
တစ်ယောက်ထဲမို ့အထီးကျန်တယ် ဆိုတဲ့ အတွေးတွေလည်း မရှိတော့ဘူး
ဘာလို ့ဆို ကိုယ့်အတွက်ကိုယ် လုပ်ပေးစရာတွေ လုပ်နေရတာနဲ ့ပဲ အချိန်တွေ ကုန်လို ့ကုန်မှန်းမသိ ဖြစ်နေတာလေ

#lovemyself
@Hninn Nu Phyoe


Featured Post

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပ...