Showing posts with label ဂျူး. Show all posts
Showing posts with label ဂျူး. Show all posts

Monday, June 11, 2018

ဆူးနှင့်ဖက်

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။



ဘုရားရေ.. အဲဒါဘာတွေလဲ



နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။



ဆိုတော့.. လူနာ၏ ဝမ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။

အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ဝင်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။



ဆရာဝန် ဘဝတွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။



သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။



ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ "အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး" ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ "အရှက်" ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် "အရှက်" ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။



အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။

ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။



ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ဲခြင်း ဖြစ်သည်။



လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။



"ဒီခေါ်လာလို့ မဖြစ်ဘူးလား" ဟု ကျွန်မတို့က မေးကြည့်သည်။



"လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ" ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကို သွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။



အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။



အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ဝါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။



လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘဝကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။





"ဆရာဝန်တွေလာတယ်" ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။



ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။



လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အဝါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။



ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ဝမ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ဝမ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။



လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ဝမ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။



ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။

ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။



လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။



ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။

တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘဝကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတဝါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘဝကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။



သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။



ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။



လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။



မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။



သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ဝမ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအဝတ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ဝင်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤဝမ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။



လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ဝယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ဝန်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။



သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းေတွေ ဝယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။



ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ဝမ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။



တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ဝမ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။



မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ဝယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။

နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..



လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ဝမ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..



ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့... အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..



ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..



ကိုယ်ဝန်ရခဲ့ပြီ.. ပိုက်ဆံက များများမရှိ..



သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။

ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံး၀ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား....

ရည်းစားထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..



ရည်းစားနှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီး အသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..



ကျွန်မကတော့ ကျွန်မဆေးခန်းသို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..





"ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုူသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။"



ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..





ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)





ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..





သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော... ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ...





သူကယောက်ျားပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..



ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖ့ိုက လိုနေပြီလား..





ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ... တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..



ကိုယ်ဝန်မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..



မိန်းကလေးက မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် "မျက်နှာပြောင်တိုက်လှသည်" ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘဝမှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင်၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..



ဘုရားရေ..



တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။

လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်.. အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..




ဂျူး

ဆရာဝန်တစ်ယောက်၏ မှတ်စုများ

မိန်းကလေးအချစ် - ၁

အလုပ်သင်ဆရာဝန် အမျိုးသမီးဆောင်၏ ခုတင်ကလေး သည် ကျဉ်းမြောင်း သေးငယ်သော်လည်း သူငယ်ချင်းနှစ်ယောက်ဘေး ချင်းယှဉ်လျက် ဝမ်းလျားမှောက် အိပ်ကာ တစ်ယောက်ကို တစ် ယောက် ငဲ့ကြည့် စကားပြောနိုင်ရုံတော့ ကျယ်ဝန်းပါသည်။ ခေါင်းအုံးပေါ် လက်ထောက်လျက် လက်ဖဝါးပေါ် မေးတင်ကာ ပြတင်းပေါက်မှတဆင့် ကောင်းကင်ကို မော့ကြည့်ပြုံးနေသော ထိုမျက်ဝန်းများသည် ကျောင်းမှာတုန်းကလို ပင် နူးညံ့နေ၏။



ကျွန်မတို့နှစ်ယောက်သည် အချစ်အကြောင်းပြောရမည့်အရွယ်များ မဟုတ်တော့ သော်လည်း တိတ်ဆိတ်လှပသော ညက ကျွန်မ တို့ ကိုသိမ်မွေ့စွာ ပြုစားလိုက်သောအခါ ကျွန်မတို့မေ့လျော့ထားသော နာမည်တစ်ခုကို ရေရွတ်မိကြတော့သည်။





ငယ်စဉ်တုန်းကတော့ ယခုလိုညမျိုးမှာ လဝန်းကို မြင်ရချင်သည်။ လရိပ်ရွှန်းမြသော တိမ်မျှင်များကို တရွေ့ ရွေ့ သယ်ဆောင်သွားသည့် လေအလျဉ် နောက်သို့ စိတ်သာမကဘဲ လူကိုယ်တိုင် လိုက်ပါ လွင့်မြော လို သည်။ ညမွှေးပန်းရနံ့များ သင်းထုံ နေမည်ဆိုလျှင် ညသည် ပြီးပြည့်စုံသော ဂီတသံစဉ်တစ်ခုပမာ သာယာ နေတော့သည်။ ထိုညမျိုးမှာ ကျွန်မတို့ နှစ်ယောက် ချိုပြုံး၏ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းကို တိုးတိုးဖွဖွ ညည်းခဲ့ကြဖူးလေသည်။



ယခုတော့ ကျွန်မတို့သည် ဂီတနှင့် တော်တော်ဝေးကွာခဲ့ပြီ။ သီချင်းညည်းနိုင်ဖို့ သံစဉ်ကိုလည်း မေ့လျော့လု နီးပါး ဖြစ်နေပြီ။ နေ့စဉ် ရင်ဆိုင် တွေ့ကြုံနေရသော ဝေဒနာသည်များ၊ ရောဂါများ၊ အနိဋ္ဌာရုံ အဖြစ်များ အ ကြား ဆေးရုံနှင့် ဆေးခန်းတို့ကို စက်ရုပ်ပမာ ကူးပြောင်း လှုပ်ရှားနေခဲ့ရသော ကျွန်မသည် အလုပ်မှတစ်ပါး အခြားအရာ များကို မေ့လျော့လုနီးပါး ဖြစ်နေပြီ။



သို့သော် ယခုလို အမှတ်မထင် ပြန်လည်ဆုံတွေ့ပြီ ဆိုတော့ မနက်က ကြုံခဲ့ရသော စိတ်ကျဉ်းကျပ်ဖွယ်ရာ စာမေးပွဲ အတွေ့အကြုံကို ပြန်လည်ရယ်မောရင်းကပင် တစ်ယောက်အကြောင်း တစ်ယောက် ဆက်စပ်မိဖို့ မေးမြန်း၍ အားမရနိုင်အောင် ရှိလေသည်။



“သမီးက အခု ခြောက်နှစ်လေ၊ မအေ့မိတ်ကပ်ဘူးတွေ မွှေနှောက်ပြီး ကောင်းကောင်း အပျိုလုပ် အလှပြင် တတ်နေပြီ အိရဲ့၊ သမီး ကြီးလာရင် ဘာလုပ်မလဲ မေးတိုင်း ရုပ်ရှင်မင်းသမီးလို့ ဖြေဖြေနေလို့ မနည်း ငေါက် ထားရတယ်”



ရယ်မောလိုက်သော သူငယ်ချင်း၏ အသံတွင် သမီးအပေါ် အပြစ်တင်လိုသည့် အရိပ်အငွေ့ လုံး၀ မပါဝင်ဘဲ ဂုဏ်ယူသော ဟန်ပန်ကိုပင် ကျွန်မ ခံစားမိသည်။ သူမ၏ သမီးသည် သူမလိုပင် သွယ်လျစွာလှပနူးညံ့ပေလိမ့် မည်။



“ချောမှာပေါ့နော် မိအောင်”



“ အိုး ... ချောမှ ချော၊ မျက်လုံးကလေးတွေက ကြည်စင်နေတာပဲ အိရယ် ”



ကျွန်မသည် အောင် ငယ်စဉ်က နူးညံ့ကြည်လင်သော မျက်ဝန်းလှလှ ကလေးများကို သတိရသွားသည်။ ဟိုတုန်းက နဖူးပြောင်ပြီး ဆံပင်အလယ်ခွဲ ဖားလျားချထားသည့် ပုံစံမျိုး ခေတ်စား၏။ ခါးအထိရှည်သော ဖြောင့်စင်းပါးလျားသည့် ဆံပင် အိအိကလေးများသည် အောင့်မျက်နှာ သွယ်သွယ်ကလေးနှင့် အလွန် လိုက် ဖက်ခဲ့ပါသည်။



“နင်ကလဲ ... ဓာတ်ပုံအယ်လ်ဘမ်လေး ဘာလေးတောင် ယူမလာဘူး ဟယ်”



အောင့်သမီးကို မြင်ချင်စိတ်ဖြင့် ကျွန်မ အပြစ်တင်တော့ အောင်က ပခုံးတွန့်ကာ ရယ်မော၏။



“ဟဲ့ ... နင်လာဖြေမယ်မှန်းမှ မသိတာ အိရဲ့၊ ငါကဖြင့် နင် အမ်အက်စ်စီ အောင်ပြီးပြီတောင် ထင်နေတာ”



“အမယ်လေး ... အဲဒီ ပါးစပ်ကလေး ရွှေချထားဖို့ ကောင်းလိုက်တာနော်။”



ကျွန်မ ကတော့ သွားလေရာရာမှာ သားဓာတ်ပုံကို ယူလာဖို့ မမေ့သူ ဖြစ်သည်။ စားပွဲပေါ်မှာ ထောင်ထား သောသား ၏ ဓာတ်ပုံကို အောင်က လှမ်းကြည့်နေ၏။



“နင့်သားက နင်နဲ့ မတူသလိုပဲနော် အိ”



ကျွန်မ လှစ်ခနဲ ပြုံးလိုက်မိလေသည်။



တစ်နှစ်သားအရွယ် သားကလေးသည် သူ့ဖအေ ကိုယ်ပွားကလေးဟု လူတိုင်းက မှတ်ချက်ချကြ၏။

“ သူ့အဖေနဲ့ တူတာ အောင် ရဲ့” အောင်က မျက်မှောင်ကြုတ်ကာ သားဓာတ်ပုံကို စေ့စေ့ကြည့် ပြုံး၏။ သား အဖေ၏ ကျောင်းသားဘ၀ ရုပ်ရည်ကို အောင်က ပြန်လည်မှန်းဆနေပုံ ရပါသည်။ ကျောင်းပြီးမှ ကျွန်မတို့ တွေဆုံလက်ထပ်ကြခြင်းဖြစ်၍ သားအဖေကို အောင် မျက်မှန်းတမ်းမိမှာ မဟုတ်။ ကျွန်မတို့ထက် တစ်တန်း ကြီးပြီး တစ်နှစ်စော၍ ဘွဲ့ရခဲ့သော သားအဖေကလည်း အောင့်ကို မသိသလို ဇဝေဇဝါ ဖြစ်နေခဲ့၏။



“အိ ... နင့်သား မျက်လုံးတွေက ဟိုတစ်ယောက်ရဲ့ မျက်လုံးတွေလိုပဲနော်၊ အရမ်း တောက်ပတာပဲ”



ဟိုတစ်ယောက် ... ။



ကျွန်မတို့နှစ်ယောက်အကြားတွင် ဟိုတစ်ယောက်ဟူသော စကားလုံးသည် အလွန်ရင်းနှီးကျွမ်းဝင်သော ချစ ်စဖွယ် နာမ်စားတစ်ခု ဖြစ်ခဲ့သော်လည်း ၁၀ နှစ်လောက် ကြာပြီးနောက်မှ ပထမဆုံးအကြိမ် ပြန်လည် ကြား လိုက်ရသောအခါ ကျွန်မ အနည်းငယ် တွေဝေသွား၏။ အောင်က ကျွန်မ ပခုံးကို ဖျတ်ခနဲ ရိုက်ကာ ရယ် မော သည်။



“ ကြည့်စမ်း မိန်းမ၊ အခုတော့ နင် မေ့ပြီပေါ့လေ ”



ကျွန်မ အောင့်စကားကို ငြင်းပယ်ချင်စိတ်ဖြင့် ခေါင်းခါယမ်းမိသော်လည်း မကြာခဏ သတိရမိကြောင်းတော့ ဝန်မခံလိုပါ။ ထို့နောက် ကျွန်မတို့ နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အောင့် မျက်လုံးများကို ကျွန် မ အကဲခတ်ကြည့်မိသည်။ ပြုံးနေသော အောင့်မျက်လုံးများ အနည်းငယ် စိုက်ငေးသွားသည်ကို ကျွန်မ ရိပ်မိ သည်။



“သူ အမ်အက်စ်စီ မဖြေတော့ဘူးနဲ့ တူတယ်နော် အိ” အောင့်အသံက လှုပ်ခါမှု ပါသည် ဆိုရုံကလေး။



“ သူ ပို့စတင်တောင် မဝင်ဖြစ်သေးဘူးလို့ သတင်းကြားတာ အောင်ရဲ့ ”



အောင်က ကျွန်မကို မျက်လုံးပြူးကြည့်သည်။ သူမ မသိလိုက်သော ဟိုတစ်ယောက် အကြောင်းကို ကျွန်မသိနေတာ အံ့သြဟန် ရှိပါသည်။



“နင် နဲ့ တွေ့သေးလားဟင်”



အောင့်အမေးကို ကျွန်မ ခေါင်းခါယမ်း ပြရင်း ပြုံးမိသည်။



“ ဟင့်အင်း ... နင်ရော ”



“မတွေ့ပါဘူးဟယ်၊ ဘယ့်နှယ်လုပ် တွေ့ပါ့မလဲ၊ တစ်မြို့စီ တစ်ဘဝစီ”



ကျွန်မ အောင့်လက်ကို ဆုပ်ညှစ်လိုက်သည်။ ထို့နောက် ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်း ဆိုင် စေ့စေ့ကြည့်မိကြလေသည်။





လွန်ခဲ့သော ဆယ့်ရှစ်နှစ်တုန်းက အိအိကို နှင့် ချိုနှင်းအောင်သည် နှစ်စဉ် ခုံနံပါတ်ချင်း ကပ်လျက်ကျပြီး အ ဆောင် တွင် နှစ်စဉ် တစ်ခန်းတည်း တွဲနေခဲ့ကြကာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တွယ်တာသော သူ ငယ်ချင်းနှစ်ယောက် ဖြစ်ခဲ့သည်။



ကျွန်မက အသားဖြူကာ အရပ်ပုပြီး အောင်က အသားညိုကာ ရှည်သွယ်၏။



ကျွန်မက ဆံပင်တိုတို ယောကျာ်းလေးဆံပင်ပုံစံ ဖြစ်ပြီး အောင်က ခါးအောက်ရောက်သော ဖြောင့်စင်း နက်မှောင်သည့် ဆံပင်များကို ပိုင်ဆိုင်၏။ ကျွန်မ၏ မျက်လုံးများက မည်းနက်ဝိုင်းစက်ပြီး အောင့်မျက်လုံးများ က ညိုလဲ့နူးညံ့သည်။ ကျွန်မက ရှမ်းခေါက်ဆွဲ ဆန်ပြားကို ကြိုက်နှစ်သက်ပြီး အောင်က မန္တလေးမုန့်တီကို ကြိုက်နှစ်သက်သည်။ ထိုစဉ်က ရုပ်ရှင်မင်းသား ရိုင်ယန်အိုနီးလ်ကို သဘောကျပြီး အောင်က ရောဘတ်ရက် ဖို့ဒ် ကို သဘောကျသည်။ ကျွန်မက ညအိပ်လျှင် ဖန်ချောင်းဖွင့်လျက် စာဖတ်ရင်း အိပ်ပျော်သည့် အကျင့်ရှိပြီး အောင်က မီးလင်းလျှင် လုံး၀ မအိပ်တတ်သော အကျင့်ရှိသည်။



ကျွန်မက စိတ်လိုလက်ရရှိလွန်းမှ မျက်နှာကို သနပ်ခါးပါးပါး လူးတတ်ပြီး အမြဲလိုလို မျက်နှာပြောင်နှင့် အလှပြင်ဖို့ ပျင်းရိတတ်သော်လည်း အောင်က နေ့စဉ် နာရီဝက်နီးပါး ကြာအောင် ဆံပင်နှင့် မျက်နှာ အလှပြုပြင်ချိန် ယူလေ့ရှိသည်။



အစစအရာရာ အသွင်မတူ ကွဲပြားသော ကျွန်မနှင့် အောင်သည် အံ့သြဖို့ကောင်းစွာပင် အချက်နှစ် ချက်တွင် တော့ လာ၍ တူနေ၏။ ပထမ တူညီမှုမှာ နှစ်ယောက်စလုံး လက်ပတ်နာရီ ပတ်သည့်အကျင့် မရှိကြခြင်း ဖြစ် သည်။ ပထမတူညီမှုက ကျွန်မတို့နှစ်ယောက်အတွက် ထူးခြားသည့် ပြဿနာ မဖြစ်ခဲ့သော်လည်း ဒုတိယ တူညီမှုကတော့ ဦးနှောက်ခြောက်စရာ ပြဿနာတစ်ခု ဖြစ်ခဲ့၏။ ကျွန်မတို့ အတန်းမှ ယောကျာ်းလေးတစ် ယောက်ကို ပြိုင်တူ ကြိုက်နှစ်သက်မိကြခြင်း ဖြစ်ပါသည်။



ပထမနှစ် အမ်ဘီတွင် အတန်းထဲ၌ ကင်းနှင့်ကွင်း ရွေးသောအချိန်မှ စတင်ခဲ့သည်။ တစ်တန်းလုံးက မဲအများ ဆုံး ပေးထားသော ဖတ်စ်အမ်ဘီကင်းကို ကျွန်မတို့နှစ်ယောက် သဘောမတူခဲ့ပါ။ အဆောင်ပြန် ရောက်တော့ ကျွန်မ တိတ်တိတ်ရွေး ထားသော ကင်း ရှိသည်ဟု အောင့်ကို ပြောမိသည်။ အောင်ကလည်း သူမ တိတ် တိတ် ရွေး ထားသူ ရှိသည်တဲ့။



ရယ်စရာကောင်းနေသည်က ကျွန်မတို့ နှစ်ယောက်လုံး ကိုယ်ရွေးမိသည့် လူ ၏ နာမည်ကို ကိုယ်မသိကြပေ။ နောက်တစ်နေ့ အတန်းတက်တော့မှ မိမိရွေးချယ်သူကို တိတ်တခိုး ညွှန်ပြ တော့ နှစ်ယောက်လုံးက တစ်ယောက်တည်းကို ရွေးခဲ့မိကြောင်း တအံ့တသြ သိရသည်။



ထိုအချိန်မှစ၍ ကျွန်မတို့ သူငယ်ချင်းနှစ်ဦး၏ ရင်ထဲသို့ သူက စတင် ဝင်ရောက် လာခဲ့ပါသည်။ သူသည် စာ တော်သည့် ကျောင်းသားစာရင်းတွင်လည်း မပါ၊ စာညံ့သည့် ကျောင်းသားစာရင်းတွင်လည်းမပါ၊ သာမန် အ လယ်အလတ်တန်းစား ဖြစ်၏။ အသားလတ်လတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်ခန္ဓာ ကျစ်လစ်သည်။ သွယ်လျ သော်လည်း အသားပြည့်ပြည့် မျက်နှာပြင်သည် ချောမွေ့နေ၏။ သူ့ တစ်ကိုယ်လုံးတွင် အင်အားအကောင်း ဆုံးမှာ မျက်လုံးများ ဖြစ်၏။ ထိုမျက်လုံးများသည် ကျွန်မအား နှစ်ပေါင်းများစွာ သူ့ကို သတိရအောင် ညှို့ယူ ထားခဲ့လေသည်။



အချစ်ဆိုတာကို မတွေ့ကြုံဖူးသော ဆယ့်ခုနှစ်နှစ်အရွယ်တွေမို့ ကျွန်မနှင့် အောင်သည် ချစ်စရာကောင်းသော ထိုကောင်ကလေးနှင့် မျက်လုံးချင်း ဆုံမိအောင် ဘယ်လို လုပ်ကြရရင် ကောင်းမလဲဟု ပေါ့ပေါ့ပါးပါးပင်ကျိတ် ဆွေးနွေးခဲ့ကြ၏။ သတ္တိမကောင်းလှသေးသော ပထမနှစ် အမ်ဘီမှာတော့ ကျွန်မတို့သည် သူ့လက်တွေ့ခန်း ရှေ့မှ ဖြတ်လျှောက်ကြည့်ရုံလောက်သာ ဖြစ်၏။



ဒုတိယနှစ်အမ်ဘီ ရောက်တော့ ကျွန်မတို့ အနည်းငယ် ရဲဝံ့ပြီ။ တစ်နေ့မှာတော့ သူ ကော်ရစ်ဒါမှာ လမ်း လျှောက် သွားခိုက် ကျွန်မတို့ နှစ်ယောက် သူ့နောက်သို့ ခပ်သုတ်သုတ် လိုက်သွားကြ၏။ သူ့ ရှေ့အထိ ကျော ်သွားပြီးမှ ကျွန်မတို့နှစ်ယောက် တိုင်ပင်ထားသည့် အတိုင်း သူ့ကို လှည့်ကြည့်ကာ “ ဘယ်နှစ်နာရီ ရှိပြီလဲ ” ဟု ပြိုင်တူမေးလိုက်ကြသည်။ သူ တုံ့ခနဲ ရပ်သွားကာ ကျွန်မတို့ နှစ်ယောက်ကို ခပ်ရှန်းရှန်းကြည့်ပြုံးပြီးမှ သူ့ လက်ကို မြှောက်ကြည့်၏။



ထို့နောက် ခပ်ဖွဖွ တစ်ချက်ရယ်ကာ “ကျွန်တော့်လဲ နာရီ မပါဘူး ခင်ဗျ ” ဟု သိမ့်မွေ့စွာ အဖြေပေးလေ သည်။ တစ်တန်းတည်းသားတွေမှန်း မျက်မှန်းတန်းမိပါလျက် ကျွန်မတို့နှင့် သူ ချက်ချင်း ခင်မင်မသွားခဲ့ပေ။



သူသည် သူငယ်ချင်း သတ်သတ်မှတ်မှတ် ထား၍ ပေါင်းသင်းသူမဟုတ်။ သူ့ဘေးတွင် အတန်းသား တစ် ယောက်ပြီးတစ်ယောက် လဲပြောင်းပါလာလေ့ ရှိသည်။ သူ့ဘေးမှာ သူငယ်ချင်းတွေ ပါလာလျှင် ကျွန်မတို့ နှစ် ယောက် သူ့ကို လုံးဝမကြည့်ဘဲ တစ်ယောက်တည်းလာမှ သူ သတိထားမိလောက်အောင် ကျွန်မတို့ နှစ် ယောက်က မျက်လုံးချင်း ဆုံပစ်လိုက်ကြတော့သည်။



ထိုအခါ သူက ကျွန်မတို့ နှစ်ယောက်ကို ပြုံးပြတော့မလိုလို၊ စကားပြောတော့မလိုလို ဇဝေဇဝါ မျက်လုံးများ ခပ်စိုက်စိုက်ကြည့်ကာ တစ်ဖက်လှည့်ပြီး ပြုံးသွားတတ်၏။ ထိုအခါမျိုးတွ် ကျွန်မတို့နှစ်ယောက်သည် သူ့ မျက ်လုံးများ၏ ဆွဲငင်မှုကို ပြန်လည်တွေးတော ခံစားရင်း အဆောင်သို့ တိတ်ဆိတ်ငြိမ်သက်စွာ ပြန်ရလေ့ ရှိပါ သည်။



တစ်ခါတုန်းကတော့ ယောကျာ်းတို့၏ ကိုယ်နံ့အကြောင်း ကျွန်မတို့နှစ်ယောက် ဆွေးနွေးငြင်းခုံကြရင်း သ ကိုယ် နံ့ကို စပ်စုလိုစိတ် ပေါက်ခဲ့ကြဖူးသည်။ ခက်နေသည်မှာ ကျွန်မတို့နှင့် သူက အမြဲတမ်း အဖွဲ့ခွဲ မတူ ူသောကြောင့် လက်ချာချိန်မှ တစ်ပါး အခြား လက်တွေ့အချိန်များတွင် ဘယ်တော့မျှ တစ်ခန်းတည်း မရှိ ကြပေ။ နီးနီးကပ်ကပ်လည်း မရပ်ခဲ့ကြဖူးပေ။ သည်တော့ သူ့ကိုယ်နံ့ စုးရှသလား၊ ဖျော့မှိန်သလား၊ ရနံ့သင်း သလား ကျွန်မတို့ မသိနိုင်ပေ။ သူနှင့် နီးကပ်ဖို့ အခွင့်အရေးမှာ လက်ချာချိန်သာ ဖြစ်၏။



တစ်နေ့မှာတော့ ကျွန်မတို့ ထိုင်နေကျ ရှေ့ဆုံးအောက်ဘက်ခုံများတွင် မထိုင်တော့ဘူးဟု ဆုံးဖြတ်ကာခန်းမ ထဲသို့ ရှေ့ပေါက်မှ မဝင်ဘဲ နောက်ပေါက်မှ တက်ခဲ့ကြသည်။ အောင်နှင့် ကျွန်မသည် သူထိုင်နေကျ ဘေးအ တန်းက ခုံများရှိရာ မျက်စိဝေ့ကြည့်လျက် အပေါ်စီးမှ မြင်နေရသော နောက်ကျောများ၊ နောက်စေ့ များ ကို ခွဲခြမ်းရှာဖွေရင်း တစ်ထစ်ချင်း ဆင်းလာခဲ့ကြ၏။



မျက်စိလျင်သော အောင်က အလျင်မြင်၏။ ကံအားလျော်စွာပင် သူထိုင်နေသော ခုံ၏ နောက်ဘက်ခုံတန်းမှာ ယောကျ်ားလေး တစ်ယောက်မျှ ဝင်ထိုင်မနေခဲ့ပေ။ ကျွန်မတို့သည် မျက်နှာပြောင်ပြောင်ဖြင့်ပင် သူနှင့် ကပ် ်လျက်ခုံမှာ သူ့နောက်တည့်တည့်၌ ဝင်ထိုင်လိုက်ကြ၏။ ပထမတော့ စာသင်သည်ကိုသာ အာရုံစူးစိုက် တတ် ်သော သူက မရိပ်မိပေ။ နောက်တော့ တိုးတိုးကျိတ်ကျိတ် ပြောသော မိန်းကလေးသံများ ကြားရလို့လား မသိ၊ သူဗြုန်းခနဲ လှည့်ကြည့်သည်။



ကျွန်မတို့ နှစ်ယောက် ကိုယ်ကို ရှေ့ကိုင်းပြီး သူ့ကော်လာ လည်ကုပ်နားတွင် နှာခေါင်းပွစိပွစိဖြင့် အလုပ်ရှုပ် ်နေသည်ကို သူ မြင်သွား၏။ အောင့် မျက်လုံးများနှင့် အလျင်ရင်ဆိုင်မိပြီးနောက် သူ့မျက်လုံးများ ကျွန်မထံ ရောက်လာသည်။ ကျွန်မ အောင့်လို ငေးကြောင်မသွားဘဲ သူ့ကို ပြုံးပြလိုက်ပါသည်။ ထိုအခါ သူ့မျက်လုံးများ လက်ခနဲ တောက်ပါသွားအောင် ပြုံးပြပြီး နောက်ပြန်လှည့်သွား လေသည်။



“ မွှေးတယ်နော် အောင် ... မနံဘူး ” ဟု ကျွန်မ အောင့်ကို တိုးတိုးကျိတ်ကျိတ် ပြောတော့ အောင်က ကျွန်မ ကို ဝမ်းပန်းတနည်း ကြည့်သည်။ သူမ၏ လက်ချာစာအုပ် ဖွင့်လက်စ စာမျက်နှာ အပေါ်ပိုင်း၌ စာတစ်ကြောင်း ခပ်သွက်သွက်ရေးပြီး ကျွန်မကို ပြ၏။



“ နင် ဘာဖြစ်လို့ သူ့ကို သွားပြုံးပြရတာလဲ၊ နင် တစ်ကိုယ်ကောင်းဆန်တယ် ” တဲ့။

ကျွန်မ နောင်တရသွားပါသည်။



“ ငါ မသိဘူး အောင်ရယ်၊ သူ့ကို သိပ်ပြုံးပြချင်တာပဲ၊ စိတ်ဆိုးလား ” ဟု အောင့်စာကြောင်းအောက်မှာပင် စာပြန်ရေးပြီး တောင်းပန်တော့ သူမက ပြန်ရေး၏။



“နောက်ကို နင် တစ်ယောက်တည်း ကွက်ပြီး မပြုံးနဲ့နော်၊ ပြုံးပြဖို့ အစီအစဉ် ရှိရင် ငါ့ကို ကြိုပြောထားပါ၊ ငါလဲ ပြုံးမယ်” တဲ့။



ဂျူး
အပိုင်း ၂ ကိုဆက်လက် ဖတ်ရှုပါရန်။

မိန်းကလေးအချစ် - ၂

ထိုအချိန်မှစ၍ ကျွန်မတို့နှင့်ဆုံလျှင် ပြုံးပြ နှုတ်ဆက်သော အလေ့တစ်ခု သူ ရရှိ လာခဲ့သည်။ ထို့ပြင် ကျွန်မ တို့ နှစ်ယောက်ရှိရာ လက်တွေ့ခန်း သို့မဟုတ် လူနာဆောင် သို့ အကြောင်းမရှိ အကြောင်းရှာ၍ လာတတ်ပြီး ကျွန်မတို့ကို ပြုံးပြလေ့ရှိသည်။



ထို့နောက် သူ့မျက်ဝန်းများတွင် အဓိပ္ပာယ် ဖော်ရခက်သော ငြိတွယ်မှုတစ်ခုကို ပျော်ရွှင်စွာ ကျွန်မတို့ တွေ့ရ တော့သည်။ ထိုအရိပ်ကလေးမှ နောက်တစ်ဆင်း တက်လာဖို့ ရင်ခုန်မောပန်းစွာ ကျွန်မတို့ စောင့်ရင်း တစ် ်ယောက်ကိုတစ်ယောက်လည်း အလစ်မပေးဘဲ စောင့်ကြည့်ခဲ့ကြ လေသည်။



သူ ကျွန်မတို့နှစ်ယောက်နှင့် မဆုံဆုံအောင် အကြောင်းရှာ၍ ညှို့ယူပြုံးပြတာ ကတော့ မှန်ပါရဲ့၊ ကျွန်မတို့ နှစ်ယောက်မှတစ်ပါး အခြား ဘယ်မိန်းမကိုမျှ မျက်လုံးချင်း ဆုံ၍ပင် မကြည့်တာလည်း မှန်ပါရဲ့၊ ဘယ်သူ့ကို လိုက်နေတာဟူသော သတင်း သိုးသိုးသန့်သန့် ကလေးမျှ သူနှင့် ပတ်သက်၍ မကြားရသည်မှာလည်း မှန်ပါ ရဲ့။ သို့သော် ကျွန်မတို့ နှစ်ယောက်အနက် မည်သူ့ကို သူ စိတ်ဝင်စားတာလဲ။ မည်သူ့ကို သူ မြတ်နိုးတွယ် တာ ပါသလဲ။ ကျွန်မတို့ နှစ်ယောက် အဖြေထုတ်ဖို့ ကြိုးစားခဲ့ကြ၏။



သူသည် ကျွန်မတို့နှစ်ယောက် တွဲလာလျှင် ပြုံးပြရင်း အောင့်ကို ပထမဆုံး ကြည့်၏။ ဒါကိုလည်း ကျွန်မက တော့ အောင့်အရပ်ရှည်လို့ အောင့်ကို သူ အလျင် မြင်မိတာပေါ့ဟု ဟာသစွက်ကာ စိတ်လှည့်စား ကျေနပ်ခဲ့ တာပါပဲ။ ထိုမျက်ဝန်းတွင် ငြိတွယ်မှု များစွာ ပါဝင်ကြောင်းတော့ ကျွန်မ ထိတ်လန့်စွာ ရိပ်မိပါသည်။



သို့သော် ချက်ချင်းပင် အောင့်ထံမှ မျက်ဝန်းက ကျွန်မထံ ရောက်လာပြီး ကျွန်မကို စူးရှစွာ ညှို့ယူသော မျက် ဝန်းများ ဖြစ်သွားပြန်သည်။ အောင့်ကိုကြည့်သော မျက်ဝန်းထဲမှာ မြတ်နိုးမှု ပါဝင်လျင် ကျွန်မကိုကြည့်သော မျက်ဝန်းထဲမှာ မက်မောတမ်းတမှု ပါဝင်သည်ဟု ကျွန်မ ပြောရပါလိမ့်မည်။



“ အိရာ ... လုပ်မနေပါနဲ့၊ သူ ငါ့ကို ချစ်နေတယ်ဟ၊ သေချာတယ် ” အောင်က ကျွန်မ မခံချင်အောင် ပြောလေ့ ရှိပြီး ကျွန်မကလည်း အားကျမခံ “ ကြည့်နေ မိအောင်၊ သူ ငါ့ကို ဟောဒီ တစ်နှစ်အတွင်း ရည်းစားစကား ပြောလာစေရမယ် သိလား ” ဟု သူမကို မကြာခဏ အတည်ပေါက် ဆွပေးလေ့ရှိပါသည်။



သူ့ငြိတွယ်မှုသည် ကျွန်မ ထံမှာလား၊ အောင့်ထံမှာလား အတိအကျ သိလိုစိတ် များလာသောအခါ ကျွန်မ တို့ နှစ်ယောက် အမြွှာညီအစ်မလို အမြဲတွဲနေ၍ မဖြစ်တော့ဘူးဟု နှစ်ယောက်လုံး နားလည်လာခဲ့သည်။ သူသည် ကျွန်မ ရှေ့တွင် အောင့်ကို တမ်းတပြဖို့ ခဲယဉ်းလိမ့်မည် ဖြစ်သလို အောင်ရှေ့တွင် ကျွန်မကို ငေးမောတွယ် တာဖို့လည်း ခဲယဉ်းပေလိမ့်မည်။ ထိုအချိန်မှစ၍ ကျွန်မနှင့် အောင်သည် မကြာခဏ သိသိသာသာ (နှစ်ဦး သဘောတူ) ခွဲထွက်ကာ လက်တွေ့စမ်းသပ်ခဲ့ကြသည်။



တစ်နေ့ကြုံတွေ့သမျှကို အရင်းအတိုင်း ပြန်လည်ပြောပြခဲ့ကြသည်။ တစ်ခါတစ်ရံ သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်နေရာစီ ခွဲထွက်ရင်း ခပ်လှမ်းလှမ်း သူ မမြင်ကွယ်ရာလောက်ဆီမှ အကဲခတ်ကြည့်ဖူး သေး ၏။ သူသည် ကျွန်မ မပါဘဲ အောင့်ကိုမြင်ရလျှင် တစ်ချက်သာ စူးစိုက်ကြည့်ပြီး သူ့မျက်စိကဟိုဟိုသည်သည် လိုက်ကြည့်အကဲခတ်လေ့ရှိ၏။ ခပ်လှမ်းလှမ်းမှာ ကျွန်မချောင်ကပ်၍ ရှိနေသေးကြောင်း မြင်သွား လျှင်တော့ လှစ်ခနဲ ပြုံးပြလိုက်သော သူ့မျက်ဝန်းများ အောက်မှာ ကျွန်မ ညွှတ်ခွေသွားတော့မတတ် ကြည်နူး ပျော်ရွှင် ရလေသည်။



သို့သော် ကျွန်မကို အလျင်မြင်တွေ့ပြီး အောင့်ကို မတွေ့ရသည့် အခါမျိုးတွင်လည်း သူ အောင့်ကို ပျာပျာ သ လဲ ဝေ့၀ဲရှာကြည့်မြဲ ဖြစ်၏။ အောင့်ကိုမြင်သွားလျှင်သူ့ရှေ့မှာ ကျွန်မ နီးကပ်စွာ ရှိနေပါလျက်အောင်တစ် ယောက်သာ လောကတွင်ရှိနေသလို သူ ပြုံးပြ နှုတ်ဆက် သွားပြန်လေသည်။



ကျွန်မတို့၏ နည်းပရိယာယ်သည် သူ့စိတ်ကို ခွဲခြားသိဖို့ မစွမ်းသာခဲ့ပေ။ သည်လိုနှင့်ပင် သူသည် ကျွန်မ တို့ နှစ်ယောက်ကို ဆေးတက္ကသိုလ် သက်တမ်းတစ်လျှောက်လုံး ဘယ်ယောကျ်ားထံမှ စိတ်မကစားဖြစ်အောင် ထိန်းချုပ် ညှို့ယူစွမ်းရှိသော ကောင်ကလေး ဖြစ်ခဲ့ပါသည်။



ကျွန်မတို့ချစ်ရသော ထိုကောင်ကလေး၏ ချောမွတ်လင်းလက်သော မျက်နှာနှင့် တောက်ပသောအပြုံးကို ပြန်လည်ရင်ခုန်ရင်း အချို့ညများတွင် ကျွန်မတို့သည် တစ်ခုတင်တည်း ဘေးချင်းယှဉ်အိပ်လျက် တစ် ယောက် လက်ကို တစ်ယောက်ဆုပ်ကိုင်ကာ မျှဝေခံစားခဲ့ဖူးသည်။



“ အိရယ် ... ငါ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နင်သိတယ်မဟုတ်လား” ဟု အောင်က ဝမ်းနည်းစွာ မေးဖူးသည်။ ကျွန်မ ရုတ်တရက် မျက်ရည်ဝေ့ကာ ခေါင်းခပ်သွက်သွက် ညိတ်ပြမိ၏။



“ တကယ်လို့များ သူက ငါ့ကို ဖွင့်ပြောလာခဲ့ရင် ငါသူ့ကို လက်ခံမယ်လို့များ နင်ထင်သလားဟင် ... အိ ”

ထိုမေးခွန်းကို ကျွန်မ မဖြေပဲ ခပ်ရိပ်ရိပ် ပြုံးနေသောအခါ အောင်က မျက်ရည်ဝဲလျက်က ကျွန်မလက်ကို ဆုပ်ကိုင်ဖျစ်ညှစ်လေသည်။



“ ငါ ... သူ့ကို ငြင်းပစ်မှာပါ အိရယ်၊ တကယ်ပြောတာပါ၊ နင်ယုံစမ်းပါဟာ။ မိအောင်ဟာ သူငယ်ချင်းကို ချစ်သူထက်ပိုပြီး တန်ဖိုးထားတာ နင် တွေ့လာပါလိမ့်မယ်”



အောင့်အသံ တိုးတိုးလေးက ခိုင်မာပြတ်သားနေသည်။



“ ငါယုံပါတယ် အောင်ရာ ....။ ဒါပေမယ့် ဘာမှမဆိုင်ဘူး အောင်ရဲ့။ သူငယ်ချင်းဆိုတာ တစ်သက်လုံး လက် တွဲသွားလို့မှ မရဘဲ။ ချစ်သူဆိုတာက ခင်ပွန်း အဖြစ် ယုံကြည်ကိုးစားထိုက်သူဆိုရင် တစ်သက်လုံး ကိုယ့်ဘေး မှာ ကောင်းတူဆိုးဖက် ကြင်နာမယ့်သူ အောင်ရဲ့၊ စိတ်ကူးမယဉ်ချင်နဲ့ အောင်၊ မတူတာ နှစ်ခုကို ယှဉ်ကြည့် ပြီး အသားလွတ် အနစ်နာခံတဲ့ သူရဲကောင်းစိတ်မျိုး မမွေးစမ်းနဲ့၊ သူ နင့်ကိုမှ ချစ်လာပြီ ဆိုရင် နင် ဒီလောက ်ချစ်ရတဲ့လူကို ဘယ်သူ့အတွက်ကြောင့်မှ ဆုံးရှုံးမခံနဲ့ သိလား။ ”



ကျွန်မ တိုးတိတ်စွာ နှစ်သိမ့်မိသောအခါ အောင်က အိပ်ရာမှ ထထိုင်ကာ ကျွန်မကို ငုံ့စိုက်ကြည့်ပြီး တွေေ၀ နေ၏။ ထို့နောက် မေးသင့်မမေးသင့် ချိန်ဆနေပုံ မျက်နှာထားဖြင့် ကျွန်မကို မေးခွန်းတစ်ခု မေးပါသည်။



“ နင်ဆိုလိုတာက တကယ်လို့ သူက နင့်ကို ချစ်လာခဲ့ရင် ငါ့ကို မငဲ့ဘဲ နင် သူ့ကို လက်ခံမယ်ပေါ့ ... ဟင်။”



အလွန် ဖြေရခက်သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ ကျွန်မက အောင့်လို စိတ်ကူးယဉ်တတ်သူ မဟုတ်ပေ။ တ ကယ်တမ်းတော့ သူ့ကို ရယူပိုင်ဆိုင်ဖို့အတွက် ဘယ်သူ့မျက်ရည်နှင့် လဲရလဲရ၊ ကျွန်မ လဲရက်ပါသည်။ သို့ သော် အဖြစ်မှန်ကို အောင့်ကို ဖွင့်မပြောရန် ကျွန်မ ထိန်းချုပ်ခဲ့ရ၏။ အောင့်ကို ပြုံးကြည့်ကာ ပိပိရိရိ လိမ်ရ သည်။



“ဘယ်လက်ခံမလဲ အောင်ရာ။ စောစောကပြောတဲ့ စကားက ငါ့ကို နင် ညှာစရာမလိုဘူးလို့ နင်သိစေချင်လို့ ပြောလိုက်တာပါ၊ ဒီမယ် ကြည့်စမ်း၊ သူ့ကိုငါ ဘယ်လောက်ပဲ ချစ်ချစ် ဘယ်တော့မှ မယူဘူးသိလား အောင်”



ကျွန်မ၏ လိမ်လည်မှု ဘယ်လောက် ပီပြင်သလဲဆိုလျှင် အောင့်မျက်ဝန်းများ လက်ကနဲ ဖြစ်သွားကာ ကျွန်မ ကို အားရပါးရ ဖက်ပွေ့ရယ်မောရင်း အောင် မျက်ရည်ကျခဲ့ပါသည်။ အောင့်မျက်ရည်ကို မြင်မှ ကျွန်မ အောင့် ကို ပိုချစ်သွားကာ မျက်ရည်ကျ ရယ်မောမိတော့သည်။



သို့သော် အောင်သည် ကျွန်မအပေါ် ငဲ့ညှာစိတ်ဖြင့် သူ့ကို တကယ်စွန့်လွှတ်မှာလားဆိုတာ ကျွန်မ သံသယ ဝင်တာတော့ အမှန်ပဲဖြစ်ပါ၏။ ခေါင်းစဉ်တွေ ခွဲဝေမျှယူ၍ စာကျက်ပြီး ပြန်ရှင်းပြသည့်အခါမျိုးကအစ လူနာ စမ်းသပ် လေ့လာသည်အထိ တစ်ယောက်နဲ့တစ်ယောက် ငဲ့ညှာကာ အေးအတူပူအမျှ ခံစား ခွဲေ၀ ခဲ့ကြသော ကျွန်မတို့နှစ်ယောက်အား ယောကျ်ားတစ်ယောက်က အလွယ်တကူ စိမ်းကားကွဲကွာ စေနိုင်လိမ့်မည်ဟု ထင် သည်။



ကျွန်မ သူ့ကို လက်ခံလိုက်လျှင် အောင့်အမုန်းကို ကျွန်မ ရရှိလာမည်လား။ ဒါကိုတော့ ကျွန်မ မခန့်မှန်း တတ်ပေ။ ထိုသံသယသည် ကျွန်မအပေါ် ကာလများစွာ လွှမ်းမိုးထားခဲ့သည်။ အောင် သူ့ကို လက်ခံလိုက် လျှင် တော့ ကျွန်မ နာကျင်စွာ ဝမ်းနည်း မိမည်။ နောက်ပြီး ရှက်ရွံ့သိမ်ငယ်မိမည်။ သို့သော် အောင့်ကို ဘယ် တော့မှ မုန်းတီးမိမှာ မဟုတ်။ ဒါကတော့ သေချာသည်။



ကျွန်မတို့ သုံးယောက်၏ တိတ်တခိုး ပြဿနာသည် နောက်ဆုံးနှစ် အပိုင်း ခ စာမေးပွဲပြီးဆုံး၍ သူ ပြင်ဦး လွင်တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ကျပြီး၊ ကျွန်မတို့နှစ်ယောက်က မန္တလေးဆေးရုံကြီးတွင် တာဝန် ကျချိန်တွင် လွမ်းဆွတ်တသဖွယ်ရာ ဖြစ်သွားခဲ့သေး၏။ နောက် သိပ်မကြာမီမှာပင် ဆုံးခန်းတိုင် အဖြစ်သို့ ရောက် ခဲ့ပါသည်။ ဘယ်လိုမျှ မျှော်လင့်မထားသော ဇာတ်သိမ်းလေးဖြစ်သည်။ ပြင်ဦးလွင်တွင် တွေ့ရသော ကျောင်းဆရာမလေးတစ်ယောက်နှင့် သူ လက်ထပ်သွားခြင်း ပင် ဖြစ်ပါသည်။



သူ့ဖိတ်စာကို အခြားသူငယ်ချင်းများနှင့်အတူ ကျွန်မတို့ လက်ခံရရှိခဲ့ပါသည်။အဆောင်နေ ကျောင်းသူ ဘဝလို ကျွန်မတို့နှစ်ဦး အခန်းသပ်သပ်သာ နေခွင့်ရလျှင် အခန်းတံခါးကို စောစောပိတ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ ပင် မျက်ရည်ကျချင် ကျမိနိုင်သည်။ ကံဆိုးဝါးစွာပင် အလုပ်သင်ဆရာဝန် အမျိုးသမီးဆောင် မှာ အခန်းသီး သန့် မရှိသော ခန်းမကျယ်ကြီးထဲတွင် ခုတင်များ စီတန်းထားခြင်း ဖြစ်သောကြောင့် ကျွန်မတို့ အခန်းတံခါး မပိတ်နိုင်ပေ။



နှစ်ယောက်လုံး ပြိုင်တူ စောစောအိပ်ရာဝင် ကြဖို့လည်း ရှက်ရွံ့နေကြသောကြောင့် ကျွန်မနှင့် အောင်သည် ဆေးရုံဝင်းထဲတွင် တစ်ယောက်လက် တစ်ယောက်တွဲကာ ဖြည်းညှင်းစွာ လမ်းလျှောက် နေခဲ့ကြသည်။



ကျွန်မတို့ နှစ်ယောက်လုံး တမ်းတသော ငွေလမင်းအကြောင်း မပြောမိအောင် ဟန်ဆောင်မျိုသိပ်ရင်း လူနာ နှင့် ရောဂါများအကြောင်း ဟန်လုပ်ဆွေးနွေး နေခဲ့ကြသေး၏။ လမ်းလျှောက်ရင်း ဒူးများ ညွှတ်ခွေချကာ ငို ချင်စိတ် ပေါ်လာလျှင်တော့ နက်ပြာရောင် ကောင်းကင်မှ လဝန်းကို လိုက်ရှာမော့ကြည့်ရင်း ခြောက်ကပ်စွာ ရယ်မော ခဲ့ကြလေသည်။



ညသည် တဖြည်းဖြည်း တိတ်ဆိတ်စွာ နက်ရှိုင်းလာသည်။ နောက်ဆုံးတော့ ထိန်းချုပ်ထားမှုက ပြိုကွဲသွား လေသည်။



“သူ တို့ကို မချစ်ဘူးလားဟင် ... အိ”



အက်ကွဲသော အောင့်စကားသံကလေး၌ ရှက်ရွံ့မှုများစွာ ပါဝင်နေသောကြောင့် ကျွန်မ သနားသွားပါသည်။ အောင့် မျက်နှာတစ်ခြမ်းကို အုပ်မိုးနေသော ဆံပင်ပျော့ကလေးများကို ကျွန်မ လက်နှင့် သပ်ဖယ်ပေးရင်း ပြုံး ပြမိသည်။



“အချစ်ဆိုတာ တို့ထင်တာထက် ပိုပြီး နားလည်ရခက်တယ်နဲ့ တူတယ် အောင်ရယ်။ နောက်ပြီး ယောကျ်ားတွေရဲ့အချစ်ဟာ မိန်းမတွေရဲ့ အချစ်နဲ့မတူဘူးတဲ့”



ကျွန်မစကားက စမ်းတဝါးဝါးနိုင်လွန်းသဖြင့် ကျွန်မဘာကို ဆိုလိုမှန်း ကျွန်မကိုယ်တိုင်ပင် မသိနိုင်အောင် ဖြစ်နေပါသည်။



“သူ တို့ကို သတိရနေမယ်လို့ ထင်လားဟင်”



“သူ တို့ကို သတိရနေမှာ သေချာတာပေါ့ အောင်ရဲ့။ ခုနှစ်နှစ်တိတိ တွယ်တာခဲ့တဲ့ သံယောဇဉ်ကြိုးကို အခုမ ှတွေ့ရတဲ့ မိန်းမတစ်ယောက်က ဘယ်လိုလုပ် ဖြတ်တောက်ပစ်နိုင်ပါ့မလဲ၊ သူ ...တို့ကို မေ့မှာမဟုတ်ဘူး”



အောင့်ကို လိမ်ရသမျှ စကားထဲတွင် ဤစကားသည် ယုတ္တိမတန်ဆုံး ဖြစ်ပါသည်။ကျွန်မတို့နှစ်ယောက်သည် သူ့မင်္ဂလာပွဲအတွက် လက်ဖွဲ့ကိုအတန်းသားများထဲမှ မည်သည့်အုပ်စုနှင့်မျှ မရောဘဲ သီးသန့်ပြုလုပ်ခဲ့၏။ နှစ်ယောက်လုံး၏ ဆုံးဖြတ်ချက်အရ ထိုလက်ဖွဲ့ပစ္စည်းသည် သူ့ဇနီးနှင့် မသက်ဆိုင်သော၊ သူ့အတွက်သာ အ သုံးဝင်သော သီးသန့်ပစ္စည်း ဖြစ်ရမည်။ အောင်က ဂျာကင် အင်္ကျီလက်ဖွဲ့မည်ဟု ပြောတော့ ကျွန်မ ခါးခါး သီးသီး ငြင်းမိ၏။



“မဖြစ်ဘူးအောင်၊ ယောကျ်ား အင်္ကျီဆိုပြီး ပေါ့ပေါ့မတွက်နဲ့၊ သူ့မိန်းမကို ပေးဝတ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ဒါမှမဟုတ် လမ်းခရီး သွားရင်းလာရင်း သူ့မိန်းမ ချမ်းလု့ိ ဉခံပေးရင်ကော”



အောင့်မျက်နှာ ဖျတ်ကနဲ ညှိုးသွားလေသည်။



“ဒါဖြင့် ဖိနပ်ကွာ”



ကျွန်မပြုံး၍ ခေါင်းခါရပြန်၏။



“သူ့ခြေထောက် အတိုင်းအတာကို တို့မှ မသိတာ အောင်ရယ်”



နောက်ဆုံးတော့ နားကြပ်အနီရောင်ကလေးကို ကျွန်မတို့နှစ်ယောက် သဘောတူ ရွေးချယ်လိုက်လေသည်။

သူသည် နားကြပ်ကို သူ့မိန်းမအား ပေးကိုင်နိုင်တော့မည် မဟုတ်ပေ။ နားကြပ်ကလေးသည် သူ့ပုခုံးထက ်တွင် တစ်သက်လုံး ရှိနေလိမ့်မည်။ နားကြပ်ကို အသုံးပြုတိုင်း ကျွန်မတို့နှစ်ယောက်ကို သူ သတိရပေလိမ့် မည်။



လက်ဖွဲ့ပစ္စည်း လူကြုံနှင့် ပေးရန် လှလှပပ ထုပ်ပိုးပြီးနောက် သူ့နာမည်၏ နောက်တွင် သူ့ဇနီး၏ နာမည်ကို နာကျင်စွာရေးခဲ့ရပါသည်။





တကယ်တော့ ဤဇာတ်သိမ်းပိုင်းကလေးသည် ကျွန်မတို့ နှစ်ယောက်အတွက် အလွန်လှပကြောင်း ကာလ ကြာရှည်တော့မှ ကျွန်မ အခိုင်အမာ လက်ခံခဲ့တော့သည်။ အောင်နှင့် ကျွန်မ မုန်းတီးနာကျည်းမှု မရှိ။ တစ် ယောက်ကို တစ်ယောက် တိတ်တခိုး မနာလိုမှု၊ ဝမ်းနည်းအားငယ်မှု၊ မခံချင်ဖြစ်မှုလည်း မရှိ။ ကျွန်မတို့ နှစ် ယောက် သူ့ကိုရယူဖို့ ကျိတ်၍ ယှဉ်ပြိုင်ခဲ့ကြသည်ဆိုလျှင် ယခုပွဲတွင် ဘယ်သူမျှ မနိုင်၊ ဘယ်သူမျှ မရှုံးပါ။



ပြိုင်ပွဲတွင် နှစ်သိမ့်ဆုကို ကြေညာခွင့်ရမည်ဆိုလျှင်တော့ ထိုဆုကို ရသူသည် ကျွန်မသာ ဖြစ်သည်။ ဘာ ကြောင့် လဲဆိုတော့ သတင်းစာတွင် ကျွန်မ လက်ထပ်သတင်း ဖော်ပြပြီး နှစ်ပတ်အကြာတွင် အခြားလက် ဖွဲ့များထက် နောက်ကျပြီး ရောက်လာသော သူ့လက်ဖွဲ့ လက်ဆောင်တစ်ခုကို ကျွန်မ လက်ခံရရှိခဲ့သော ကြောင့် ဖြစ်သည်။ ထိုလက်ဆောင်ထုပ်ကလေးကို ဖွင့်ကြည့်လိုက်သောအခါ သူ့လက်ရေးများသည် ကျွန်မ မျက်ရည်ဖြင့် ဝါးသွားခဲ့လေသည်။ ကျွန်မသည် ဘုရားတလျက် မယုံကြည်နိုင်စွာ ရင်ခုန် တုန်လှုပ်ရင်း ပြုံးရယ်မိသည်။



သူသည် ကျွန်မကို သတိရနေခဲ့သည်ပါလား။ သူသည် ကျွန်မကို မမေ့ခဲ့သူ ပါကလား။ ကျွန်မတို့ သူ့ကို စတင ်စကားပြောသည့်နေ့ကို သူ ဘယ်တော့မှ မမေ့ခဲ့ပါလား။ သူလက်ထပ်သွား၍ နာကျင်ကြေကွဲရသော ကျွန်မ၏ ဝမ်းနည်းစိတ်သည် သူ့ အမှတ်တရ လက်ဖွဲ့ပစ္စည်းကလေးကြောင့် လွင့်ပါးပျောက်ကွယ်ခဲ့တော့သည်။ သူ့ လက်ဖွဲ့ပစ္စည်းမှာလည်း ကျွန်မ တစ်ဦးတည်းအတွက်သာ အသုံးဝင်သော ပစ္စည်း ဖြစ်ပါသည်။



အောင့်ကို ညှာတာစိတ်ဖြင့် ဤအကြောင်းကို ဘယ်တော့မျှ ပြန်မပြောတော့ ပါဘူးဟု ကျွန်မဆုံးဖြတ်ချက်ချခဲ့ သည်။



“ အိ ... ”



“ငါ နင့်ကို ပြောစရာတစ်ခုရှိတယ်”



ရှည်လျားဖြောင့်စင်းသော အောင့်ဆံပင်များ တိုသွားပြီး တစ်ပတ်လျှိုဆံထုံး ကလေးဖြင့် ဆရာဝန်ပီသစွာ ဣန္ဒြေရနေသော်လည်း အောင့်မျက်ဝန်း ညိုလဲ့တောက်ပ နေပုံမှာ ကျောင်းသူဘဝတုန်းကလိုပင် ဖြစ်သည်။



“ဘာလဲ အောင်”



“ငါ ... နင့်ကိုပြောမယ် ... ပြောမယ်နဲ့ မပြောဖြစ်ဘူး။ ဒါပေမယ့် အခုတော့ ပြောချင်လာပြီ၊ ပြောလု့ိလဲ ဘာမှ ထူးခြားစရာ မရှိတော့ဘူးလေ”



ဆန်းကြယ်သော အောင့်စကားကြောင့် မီးရောင်အောက်မှ အောင့်မျက်နှာကို စိတ်ဝင်တစား အကဲခတ်မိသည်။



အောင့်အပြုံးသည် နှစ်ပေါင်းများစွာက အပြုံးလိုပင် လန်းဆန်းတောက်ပနေ၏။



“ သိပ်အံ့သြဖို့ ကောင်းတာပဲ အိရယ်။ ငါ မင်္ဂလာဆောင်တုန်းကလေ ဟိုတစ်ယောက်ဆီက မင်္ဂလာလက်ဖွဲ့လေး ရတယ် သိလား”



ကျွန်မသည် ကြားရသောစကားကို မယုံနိုင်စွာ အောင့်ကိုငေးကြည့်နေမိသည်။ ဟိုတစ်ယောက်ဆီက ... ။ သူသည် အောင့်ကိုလည်း မင်္ဂလာလက်ဖွဲ့ပို့ပေးခဲ့သည်တဲ့။ ကျွန်မ၏လက်ကို အောင် က ဖျပ်ခနဲ ဆွဲယူဖျစ်ညှစ်သည်။



“သူ လက်ထပ်တုန်းကတောင် မျက်ရည်မကျမိတဲ့ ငါကလေ ... သူ့ဆီက လက်ဖွဲ့ကို ရတော့မှ မျက်ရည်ကျမိ သတဲ့ အိရယ်။ နင် မအံ့သြဘူးလားဟင်”



ကျွန်မသည် တုန်ခိုက်သည့် အောင့်ရယ်သံ တိုးတိုးကလေးကြောင့် ကြက်သီးထသွား၏။



“သူ ငါ့ကို သတိရနေခဲ့တယ် အိရဲ့။ သူ ငါ့ကို မမေ့ခဲ့ဘူးပေါ့။ တို့နှစ်ယောက် သူ့ကို စနောက်ခဲ့တဲ့ အဖြစ်ကို သူ မမေ့ဘူး အိရဲ့ သိလား၊ သူ ဘာလက်ဖွဲ့မယ်ဆိုတာ နင်ခန့်မှန်းကြည့်ပါ အိရယ်”



ကျွန်မသည် တစ်ခဏအတွင်း အောင့်ကို ခါးသီးမုန်းတီးသွားသောကြောင့် ဗြုန်းကနဲ မျက်နှာလွဲပစ်လိုက် ရသည်။



“ငါသိပါတယ် အောင်ရယ်၊ လက်ပတ်နာရီလေး မဟုတ်လား”



“ဟယ် ... နင်သိတယ်။ နင်ဘယ်လိုလုပ် သိလဲဟင် ... အိ”



ကျွန်မ၏ပုခုံးကို စိတ်အားထက်သန်စွာ အောင် ဆုပ်ညှစ်လှုပ်ယမ်းလိုက်သည်။ ကျွန်မ အောင့်ကို လှည့်ကြည့် လိုက်၏။ ထို့နောက် အထက်စီးအပြုံးဖြင့် ပြုံးပြလိုက် မိသည်။



“ ဘယ်လိုလုပ် သိလဲဆိုတော့ ငါ့ကိုလဲ သူက ဆီကိုနာရီကလေး လက်ဖွဲ့ခဲ့လို့ပေါ့ အောင်ရဲ့။ ငါတစ်ယောက် တည်း သုံးလို့ရတဲ့ မိန်းမပတ်နာရီ ကလေးလေ”



ထိုစကားကို ပြောရသောအချိန်၌ ကျွန်မ နှုတ်ခမ်းများ ချိုမြနေသလို ခံစားရသည်။မလှုပ်မယှက်ငေးမော သွားသော အောင့်မျက်ဝန်းများ မှုန်ေ၀ ကျဉ်းမြောင်း သွား၏။ ကျွန်မသည် ငြိမ်သက်နေသော အောင့်ကို

စကားတစ်ခုခုတော့ပြောမှဖြစ်မည်ဟု ကိုယ့်ကိုကိုယ် တွန်းအားပေးနေမိသည်။ သို့သော် ကျွန်မ အောင့်ကို စကားမပြောချင်ပါ။



ညသည် နက်ရှိုင်းစွာ တိတ်ဆိတ်သွား၏။ လွန်ခဲ့သော ဆယ်နှစ်လောက်က ညတစ်ညတုန်းက ဤအလုပ်သင် ဆရာဝန်ဆောင်ထဲမှာပင် ကျွန်မနှင့် အောင် ခုတင်ချင်းကပ်လျက် ပင့်သက်များစွာ ရှိုက်ကာ အိပ်ပျော်ဖို့ ကြိုး စားခဲ့ရဖူးသည်။ ဟိုတုန်းက တစ်ခုတင်စီဖြစ်၍ နှစ်ယောက်သားကြားမှာ နေရာခြားနေသော်လည်း သောက နှင့် ရှက်ရွံ့မှုကို မျှဝေခံစားစိတ် အပြည့်ဖြင့် နှစ်ယောက်သား နွေးထွေးစွာ နီးကပ်နေသလို ခံစားခဲ့ရပါသည်။



ယခုတော့ တစ်ခုတင်တည်း အတူအိပ်လျက် အသားချင်းထိမတတ် နီးကပ်နေသော်လည်း ကျွန်မတို့နှစ် ယောက် အဝေးကြီးဝေးနေသလို ခံစားနေရသည်။



“အိ ...”



ကျွန်မ အောင့်မျက်နှာကို စိုက်ကြည့်နေမိသည်။



“အိရယ် ... သူ တို့ကို ချစ်ခဲ့တယ်ပေါ့နော်”



ကျွန်မ မြင်နေရသော အောင့်နှုတ်ခမ်းများ တဖြည်းဖြည်းချင်း တောက်ပစွာ ပြုံးလိုက်သောအခါ ကျွန်မ မြင်ဖူး သမျှ အောင့်အပြုံးများတွင် အလှဆုံး ဖြစ်သွား၏။ ကျွန်မသည် စောစောကလေးက ဖြစ်ပေါ်ခဲ့သော မုန်းတီး မှုအတွက် နောင်တရသွားကာ မျက်ရည်ဝဲလျက် ခေါင်းညိတ်လိုက်မိ၏။



“ဟုတ်တယ် အောင် ...။ သူ တို့နှစ်ယောက်လုံးကို ချစ်ခဲ့ပါတယ်”



ဤတစ်ကြိမ်တွင် အောင့်ကို လိမ်ညာရုံသာမကဘဲ ကျွန်မကိုယ်တိုင်ကိုပါ ပြန်လည် လိမ်ညာခြင်း ဖြစ်ပါသည်။

ထို့နောက် ကျွန်မတို့နှစ်ယောက် ဟိုတုန်းကလိုပင် ပြန်လည်နုပျိုသွားပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာ ချင်းဆိုင် ကြည့်ကာ တိုးတိုးတိတ်တိတ် ရယ်မောမိကြလေသည်။




ဂျူး

Sunday, April 20, 2014

စက်ရုပ်တစ်ရုပ်နဲ့ချစ်ခင်ခြင်း - (၁)

လောလောဆယ် ကျွန်မမှာ ချစ်သူတစ်ယောက်ရှိသည်။သူက ဆရာဝန် လူတန်း စားကို အရမ်းမုန်းတီးသည်။ ကျွန်မက မိမိကောင်းကျိုးအတွက် နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်ကိုင်မည့်လူတန်းစားကို အရမ်းမုန်းတီး သည်။ သို့သော် … ကျွန်မတို့နှစ်ယောက် ထူးဆန်းစွာပင် ချစ်သူတွေ ဖြစ်ခဲ့ကြပါသည် ။


ဆန့်ကျင်ဘတ် စိတ်ဓါတ်ရှိသူအချင်းချင်း ပေါင်းစပ်၍ ရ,မရ ကျွန်မစဉ်းစားနေဆဲမှာပင် ကျွန်မ တို့ နှစ်ယောက် ပေါင်းစပ်ခြင်းဖြင့် ပြင်းထန်သောအချစ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နေပြီ။ကျွန်မတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်လာကြသည့် အချိန်မှစ၍ ကိုယ်စီ နောင်တတွေနှင့် နောက်ဆုတ်ထွက်ပြေးဖို့ နေ့စဉ် နေ့တိုင်း စဉ်းစား မိကြသည်။ သို့သော် နောက်ဆုတ်ဖျက်သိမ်းဖို့ကြိုးစားရင်းနှင့်ပင်ကျွန်မတို့ နှစ်ဦးအကြားတွင် ကြိုးစတွေ တစ် ရစ်ပြီး တစ်ရစ် တိုး၍ ချည်နှောင်ပြီးသား ဖြစ်နေပြီ။ကျွန်မလိုချင်သော ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးအစား ထဲတွင် သူ မပါဝင်ခဲ့သလို သူ တစ်ခါတစ်ရံစိတ်ကူးတတ်သော ချစ်သူအမျိုးအစားထဲတွင် ကျွန်မ လိုမိန်းမမျိုး မပါဝင်ဘူး ဟု သူ အတိအလင်း ထုတ်ဖော်ပြောလေသည်။ ဤစကားမျိုး အပြန်အလှန်ပြောမိတိုင်း တစ်ယောက်ကို တစ်ယောက် ရန်လိုစွာခေတ္တစိုက်ကြည့်မိကြမြဲ။ သို့သော် ခဏအတွင်း စိတ်ကိုလျှော့ကာ အဖြစ်အပျက်ကို ရယ်မောဖို့ကြိုးစားကြမြဲဖြစ်သည်။



တစ်ယောက်၏အကျင့်စရိုက်ကို တစ်ယောက်က မနှစ်မြို့နိုင်ပါဘဲနှင့် ဘာဖြစ်လို့များ ကျွန်မတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါလိမ့်။ဤကဲ့သို့ ကျွန်မစဉ်းစားကြည့်တိုင်း ဘယ်တော့မျှ အဖြေ မရနိုင်သည့်ပုစ္ဆာတစ်ပုဒ် ကို တွက်နေရသလိုခံစားရလေသည်။



ကျွန်မက လွတ်လပ်ပွင့်လင်းမှုကိုသဘောကျသူ၊သူက ထိန်းချုပ်လျှို့ဝှက်မှုကိုသဘော ကျသူ ၊ ကျွန်မ၏မိသားစုမွေးချင်း ၊တစ်ဦးစီ၏စိတ်နေသဘောထား အလုပ်အကိုင်က အစ သူ့ကိုတစ်လုံးမကျန် ပွင့်လင်းစွာ ကျွန်မပြောခဲ့ပြီး ဖြစ်ပါလျက် သူ့မှာမွေးချင်းဘယ်နှစ်ယောက်ရှိမှန်းပင် ကျွန်မ မသိခဲ့ပါ။ သူကလည်း စကားစပ်ပြီး မပြောပြခဲ့ပါ။ ကျွန်မကလည်း စပ်စုစွာမေးကြည့်ဖို့စိတ်မကူးခဲ့ပါ။ ကျွန်မနှင့်သူခင်မင်သိကျွမ်းသည့်ရက်မှစ၍ ချစ်သူဖြစ်သွားကြသည့်အချိန်အထိ သုံးနှစ်ကျော်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ သူ့ဖခင် ဘာကြောင့် သေဆုံးသွားသည်ဆိုတာ ကျွန်မ မသိခဲ့ပါ။ သူကလည်း ပြောမပြခဲ့ပါ။



ကျွန်မကကိုယ့်အတွက်နှင့် သူတစ်ပါးစိတ်ဆင်းရဲဆုံးရှုံးရမည်ကို အလွန်စိုးရိမ်တတ်ပြီး တစ် ဖက်သားကို အမြဲငဲ့ညှာလေ့ရှိသူ ဖြစ်သည်။သူကတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုသည့် လူစားမျိုးဖြစ်သည်။ သူ့ကို အတ္တကြီးသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ကျွန်မပြင်းထန်စွာစွပ်စွဲတိုင်း သူက ပန်းနှင့်ပေါက်ခံရသလိုပင်ပြုံးပြုံးကလေး ဝန်ခံမြဲ ဖြစ်သည်။



တစ်ခါတုန်းကတော့ ကျွန်မနှင့်သူ အောင်မြင်မှု နှင့်ပတ်သတ်၍ အချီအချ စကားများ ကြဖူးသည်။လောကမှာ အောင်မြင်ကြီးပွားမှုကိုတော့ လူသားတိုင်း လိုချင်တပ်မက်ကြတာ သဘာဝပဲ မဟုတ် လား ။ သို့သော် စာနာမှု ဆိုတာလည်း လူသားတွေမှာရှိသင့်သည်ဟု ကျွန်မထင်သည်။



'' ကိုယ့်ဘဝခရီးလမ်းမှာ အောင်မြင်မှုတစ်ခုကို ရဖို့တစ်ယောက်ယောက်ကိုဖြတ်ကျော် နင်းပြီးမှ ရမယ်ဆိုရင်ကိုယ်ကတော့ အဲဒီ့နေရာမှာပဲရပ်နေလိုက်မယ်ရှေ့ဆက်မသွားသေးဘူး " ဟု သူ့ကို ပြောသောအခါ သူကပြုံးရယ်လေသည်။ သူ့အပြုံးကိုကျွန်မသိသည်။ခေါင်းမာသူ တစ်ယောက်၏အပြုံးမျိုးလေ။



" မင်းကတော့ အဲ့ဒီလိုမဟုတ်ဘူးဆိုတာ ကိုယ်သိတယ် " ဟု ကျွန်မခပ်တည်တည်စွပ်စွဲတော့ သူက ပြုံး၍ ထောက်ခံသည်။ " သိပ် သေချာတာပေါ့ " တဲ့ ။ ထို့နောက် သူ့အတ္တကို သူကိုယ်တိုင် ဖော်ထုတ် ဝန်ခံခဲ့၏။

" ကိုယ်ကတော့ ကိုယ့်ရှေ့မှာ ဘာကြီးပဲ ရှိနေပါစေ၊ ကိုယ်သွားချင်တဲ့လမ်းကို ရောက်အောင် သွားရမှာပဲ ၊ ကိုယ့်ရှေ့မှာရောက်လာတဲ့ ဘယ်လိုလူမျိုးကိုမှ မညှာတာနိုင်ဘူး၊အရေးကြီးတာ ပန်းတိုင်ရောက်ဖို့ပဲ " တဲ့ ။



တစ်ခါတစ်ခါကျတော့ သူ့မှာ နှလုံးသားမှ ရှိရဲ့လားဟု ကျွန်မ မကြာခဏ သံယယ ဝင်ခဲ့ရ လောက်အောင် သူက ပြတ်သားတိကျ သည် " မင်းမှာ နှလုံးသားမရှိဘူး " ဟု ကျွန်မ ညဉ်းညူတိုင်း " ကိုယ့်မှာ နှလုံးသားမရှိရင် မ, ကို ဘယ်လိုလုပ်ပြီး ချစ်မလဲ မ, ရဲ့ " ဟု ခပ်ပြုံးပြုံး ပြောလေ့ရှိပါသည်။



********************************************************



' ကွိ ' စာအုပ်ကို ဖတ်အပြီးတွင် မြန်မာနိုင်ငံ မှာ ကွိလိုလူမျိုးတော့ရှိမှာမဟုတ်ပါဘူးဟု ကျွန်မတွေးခဲ့ဘူးသည်။ သူနှင့်ခင်မင်သိကျွန်းသော အခါ သူသည်ကွိနှင့် ထပ်တူမဟုတ်ပေမယ့် ကွိ လောက် နီးပါး လူမှုရေးညံ့ဖျင်းသူဟု တစ်စတစ်စ သိမြင်လာခဲ့သည်။



သူ၏ အလုပ်ချိန်တိကျမှု ၊ အချိန်စာရင်းကို လေးစားမှု ၊ လောကဝတ္တရားကို လျစ်လျူရှုရလောက်အောင် ကိုယ်ကျိုးရှာ အတ္တကြီးမားမှု တို့ကို ရှုတ်ချရင်းသူ့ကိုတစ်စတစ်စ သံယောဇဉ်တွယ်၍ ချစ်ခင်လာခဲ့သည်။ သူ့မာနနှင့် အတ္တကို မနှစ်မြို့စွာပင် ကျွန်မသူ့ကို ချစ်မြတ်နိုးခဲ့ပါသည်။ အလွန်စကားနည်း သူလည်းဖြစ်သော၊အရှက်ကြီးသူလည်းဖြစ်သော၊ ထိန်းချုပ် လျှို့ဝှက်တတ်သူလည်းဖြစ်သော သူ့ထံမှ ကျွန်မ ဘာကိုမျှ မျှော်လင့်မထားခဲ့သည်မှာ အမှန်ဖြစ်သည်။သူ ကျွန်မကိုချစ်မြတ်နိုးကောင်း ချစ်မြတ်နိုး လိမ့်မည်ဟု တစ်ခါတစ်ခါ ထင်ခဲ့ဖူးသော်လည်း နိုင်ငံရပ်ခြားသို့အလုပ်သွားလုပ်ရန် စိတ်ရောကိုယ်ပါ ကြိုးစားနေသူ တစ်ယောက်အဖြစ်လည်းကောင်း၊ အသွေးအသားထဲမှာကိုက မြန်မာစိတ်လုံးဝမရှိသူတစ်ယောက် အဖြစ်လည်းကောင်းသိထားပြီးသော ကျွန်မအနေနှင့် သူ့ထံမှ ဖွင့်ဟဝန်ခံမည့် အချစ်ဆိုတာကို လုံး၀ မျှော်လင့်မထားခဲ့ပါ။



နောက်ပြီး သူနှင့်ကျွန်မက တစ်မြို့တည်းနေကြသူများလည်းမဟုတ် (ကျွန်မနှင့်သူ ၃၆၅ မိုင်ဝေးပါသည်။) တစ်ခါတစ်ခါမှ တွေ့ကြသူများဖြစ်၍ သူကလည်း သူ့အလုပ်တာဝန်နှင့် သင်တန်းများ အကြားတွင် ကျွန်မကိုမေ့နေနိုင်ရမည်။ ကျွန်မကလည်း ကျွန်မလူနာများနှင့်မိသားစုအတွယ်အတာ များအကြားတွင် သူ့ကိုမေ့နေနိုင်ရမည်။ဤကဲ့သို့ပင် ကျွန်မယုံကြည်ထားခဲ့၏။



သို့သော် သူကျွန်မကိုအလွန် ချစ်မြတ်နိုးသည့်အကြောင်း ကျွန်မထံစာရေးလာခဲ့ပါသည်။

ထို့နေ့က ကျွန်မအလွန်ကျေနပ်နှစ်သိမ့်နေခဲ့သည်။ယောကျ်ားငါးယောက်အပေါ်စိတ်ကစားခဲ့ဖူသူ၊ ရည်းစားလေးယောက်ရှိခဲ့ဖူးသူ မိန်းမ တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ်အဖြစ်ပျော်ရွှင်ရင်ခုန်ရသည့်ရည်းစားစာမှာ သူ့စာသာဖြစ်လေသည်။ဒါတောင်မှ ထိုရည်းစားစာသည် မြန်မာဘာသာဖြင့်မဟုတ်ပါ ။ ကျွန်မညံ့ဖျင်းသော အင်္ဂလိပ် ဘာသာဖြင့် ရေးထားခြင်းဖြစ်သည်။ သူကတောင်းပန်ထားပါသည်။



" အင်္ဂလိပ်ဘာသာနဲ့ ရေးလိုက်တာကို စိတ်မရှိပါနဲ့ ၊ မြန်မာလိုရေးရမှာ ရှက်နေလို့ " တဲ့လေ။ လဲသေလိုက်ပါလားဟု ကျွန်မ ကျိတ်ဆဲရေးလိုက်မိသေး၏ ။ ဘယ်မိန်းမ မဆို မြန်မာမိန်းမမှန်ရင် ကိုယ့်ချစ်သူကမြန်မာလို ချစ်ခွင့်တောင်းသည့် စာကိုသာ နှစ်သက်စွာဖတ် ချင်ကြပါလိမ့်မည်။ ကျွန်မကလည်း စိတ်ဓါတ်အားဖြင့် အလွန်မြန်မာဆန်သူတစ်ယောက် ပီပီ ချစ်သူ၏ မြန်မာလက်ရေးဖြင့် အချစ်အကြောင်းပြောပြသည့် စာကိုသာဖတ်လိုပါသည်။အံမာ … သူက ကျွန်မ အင်္ဂလိပ် စာသိပ် မကျွမ်းကျင်မှန်းသိ၍ အတတ်နိုင်ဆုံး လွယ်ကူရှင်းလင်းစွာ ရေးလိုက်ပါသတဲ့ ။ မောင်မင်းကြီးသားကို ကျေးဇူးတင်ရပါသည် ။ သို့သော် စာထဲမှာပင်ကျွန်မဘာသာပြန်၍ မတတ်သောစာကြောင်း သုံးကြောင်း ပါဝင်နေသေး၏။



သူနှင့် ကျွန်မစာသုံးစောင် အပြန်အလှန်ရေးသည်အထိ သူ အရှက်ကြီးဆဲ၊ အင်္ဂလိပ် ဘာသာဖြင့် ရေးဆဲ။(အင်္ဂလိပ်ဘာသာကို အပိုဘာသာအဖြစ် ကျွန်မတို့ မသင်ရဘူးဆိုလျှင် ကျွန်မနှင့်သူ ရည်းစားဖြစ်ဖို့ ဝေးပါသေး သည်။) ကျွန်မ သည်းမခံနိုင်သောအခါ သူ့ကိုရာဇသံပေး ရတော့သည်။



" မင်း ကိုယ့်ဆီကို မြန်မာလို မရေးရဲသေးဘူးဆိုရင်လဲ မင်းကိုယ့်ဆီ စာမရေးနဲ့ဦး ၊ အင်္ဂလိပ်လို တော့ ကိုယ် မဖတ်ချင်ဘူး "



ထိုအခါ သူက အလွန်သဘောကောင်းစွာ မြန်မာလိုရေးလေသည်။သူ့လက်ရေးက အင်္ဂလိပ်လက်ရေးလိုလည်း မလှ ။ ဝါကျတွေကလည်း ကမောက်ကမ ။ သည်ကြားထဲ လက်ရေးက သော့လိုက်သေး၏ ။ အသုံးအနှုန်းတွေကလည်း တစ်ခုနှင့်တစ်ခု ထပ်နေ၏ ။ လူငယ်အသုံးအနှုန်းမျိုးလည်း မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်းလေးငါးဆယ်လောက်က စကားအသုံးအနှုန်း မျိုးတွေ ပါတတ်သေးသည် ။ကျွန်မသည် အင်္ဂလိပ်ဘာသာဖြင့် စာများကိုသုံးလေးခေါက်ပြန်ပြန်ဖတ်ပြီး ရင်ခုန်ကျေနပ်လေ့ရှိသော်လည်း သူ့မြန်မာဘာသာဖြင့်စာများကိုတော့ တစ်ခေါက်ထက်ပိုပြီး မဖတ်တော့ပါ ။



ကျွန်မကဆရာဝန်သာဖြစ်သော်လည်း မြန်မာဘာသာကိုကျွမ်းကျင်စွာ၊ လှပစွာရေးဖွဲ့တတ်၏ ။သူကတော့ မြန်မာစာအဓိက ဂုဏ်ထူးတန်းအောင်မြင်ခဲ့သူ ဖြစ်ပါလျက်ဝါကျ လှလှကလေးများ မရေးဖွဲ့တတ်သူဖြစ်လေသည်။နောက်ဆုံးတော့ ကျွန်မကပဲ အလျှော့ပေးလိုက်ပါသည်။



" မင်းရဲ့ မြန်မာဘာသာစကားက ကိုယ်ရေးတဲ့ အင်္ဂလိပ်ဘာသာစကားလိုပဲ သိပ်ညံ့တယ်၊ ဒီတော့ မင်းကလည်း အင်္ဂလိပ်ရေး၊ကိုယ်ကလဲ မြန်မာလိုပဲရေးမယ် ... ဟုတ်ပလား " ဟုကျွန်မတို့နှစ်ယောက်အကြားက ဘာသာစကားခြားနားမှုကို ဤကဲ့သို့ ဖြေရှင်းလိုက်ပါသည်။



*********************************************************



သို့သော် ကျွန်မတို့နှစ်ယောက်ကြားတွင် ခြားနားမှုတွေ၊ကွဲလွဲမှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပြန်လေသည်။ အဓိကခြားနားမှု တစ်ခုမှာ သူစကားအလွန်နည်းသောကြောင့်ဖြစ်ပေါ်လာခဲ့သည်။

သူက ထိန်းချုပ်သူလည်း ဖြစ်သောကြောင့် သူ၏ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ဒေါသဖြစ်ခြင်း စသည့်ခံစားမှုများကို မျက်နှာမှာ မပေါ်လွင်အောင်ထိန်းတတ်၏ ။ သူဝမ်းသာနေသလား၊ သူဝမ်းနည်းနေသလား သူ ဖွင့်မပြောလျှင် ကျွန်မ ဘယ်လိုမျှမသိနိုင်ပါ။



တစ်ခါတစ်လေကျွန်မရှေ့တွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ စီးကရက်ဆယ်လိပ်လောက် ကုန်အောင်သောက်ချင်သောက်နေတတ်၏ ။ ဤအခါမျိုးတွင် ကျွန်မမှာ စကားမရှိစကားရှာ၍ သူ့ကိုပြောပြနေပေမယ့် သူက အင်းမလှုပ် အဲမလှုပ် ။ ဟုတ်တယ် ၊ မဟုတ်ဘူးသာဖြေလျက် ငြိမ်သက်နေတတ်သည်။



" တစ်ခုခု ကို စိတ်ဆိုးသလား " မေးကြည့် ၊ " မဟုတ်ဘူး " ဟုဖြေမည် ။ " ကိုယ့်ကိုစိတ်ကောက်စရာအကြောင်း တစ်ခုခုများ လုပ်လိုက်မိသလား " ဟု မေးလျှင် သူငြင်းမည်။ ထို့နောက် " မုန့်တစ်ခုခုသွားစားရအောင် " ဟု ကျွန်မ အဆိုပြုလျှင် သူငြင်းမည်။ " ကော်ဖီ သောက်မလား " ဟုတ်မေးလျှင် သူငြင်းမည် ။ထို့နောက် နှစ်နာရီလောက် အချိန်ကုန်သွားသည်အထိ သူ တုံဏှိဘာဝထိုင်နေမည် ။



အလကားထိုင်နေမည်ဟု မထင်လိုက်နှင့် ၊ သူ၏အိတ်ဆောင် ဂျာမာန် - အင်္ဂလိပ် အဘိဓာန် စာအုပ်ကလေးကို သဲကြီးမဲကြီးဖတ်လျက် သူ့ရှေ့မှာ ကျွန်မ တစ်ယောက်လုံး ငုတ်တု်ထိုင်နေတာကို မသိလိုက်မသိဘာသာ လုပ်ကာ ငြိမ်သက်နေခြင်းပဲ ဖြစ်လေ့ရှိသည် ။ နာရီကို မကြာခဏ ကြည့်မည် ။ သူပြန်သင့်ပြီဟု သူ သတ်မှတ်ထားသည့် အချိန် သို့ရောက်လျှင် " သွားမယ် " ဟု သူ ကောက်ခနဲ ထပြန် သွားသည်။



နောက်တစ်နေ့ သူလာသည့်အချိန်တွင် သူ့မျက်နှာ အနည်းငယ်ကြည်လင်နေ၍များ မနေ့က ဘာဖြစ်တာ လဲ ဟု သွားမမေးနှင့် ၊ ဘာမှမဖြစ်ပါဘူး ဟူသော အဖြေကိုသာရမည် ။ အဲသည်လောက်တောင် လျှို့ဝှက်သိပ်သည်း သူဖြစ်လေသည်။



ကျွန်မနှင့်သူနောက်ထပ်ကွဲလွဲချက် တစ်ခုမှာ ကျွန်မမှာ မိန်းခလေးဖြစ်ပါလျှက် စိတ်မကောက် တတ်ပါဘဲ သူက ယောကျ်ားဖြစ်ပါလျှက် ခဏခဏ စိတ်ကောက်တတ်ခြင်းဖြစ်၏ ။ သူ့အပြုအမူထဲက ကျွန်မ မနှစ်မြို့နိုင်သည့် အပြုအမူမျိုးတွေ တွေ့လျှင် ကျွန်မစိတ်ကောက်ဖို့ အမြဲကြိုးစားလေ့ရှိပြီး ဘယ်တော့မျှလည်း စိတ်မကောက်ဖြစ်တော့ပါ။ တစ်ခါတစ်ခါ ကျတော့ သူ့ကိုစိတ်လိုလက်ရ မေးကြည့်ဖူးသည် ။

" စိတ်ကောက်တာ ဘယ်လိုစ, ကောက်ရသလဲ ဟင် "

သူက ထုံးစံအတိုင်း မပွင့်တပွင့်ပြုံးလျက် …

" မသိဘူး ၊ ကိုယ့်ကိုယ်ကို ထိန်းရင်းထိန်းရင်းကနေ ကောက်ပြီးသားဖြစ်သွားပြီ၊ ကိုယ့်အတွက် တော့ စိတ်ကောက်တာ သိပ်လွယ်တာပဲ " ဟု ဖြေလေသည် ။ ကျွန်မအတွက်ကတော့ စိတ်ကောက်ဖို့ အလွန် ခက်ခဲ ပါသည် ။ သူမကြာခဏ အပြစ်ဆိုဘူးသလို ကျွန်မက အလွန်သဘောကောင်းသော မိန်းမ ဖြစ်နေ တာကိုး ။ သူ့မှာ မရှိသော ဂုဏ်သတ္တိ များ ကျွန်မမှာ အကုန်ရှိသည်။



အားနာတတ်ခြင်း၊ လိုက်လျောတတ်ခြင်း ၊သူတစ်ပါးကို တတ်နိုင်သမျှ ကူညီတတ်ခြင်း ၊ သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်ခြင်း စသည့် ဂုဏ်သတ္တိများ တစ်ခုတလေမျှ သူ့ထံတွင် ရှိမနေတာအလွန်အံ့သြဖို့ ကောင်း၏ ။

ကျွန်မ မိတ်ဆွေများနှင့်သူ တွေ့ဆုံစကားပြောဖို့အလွန် ဝန်လေးပင်ပန်းလေ့ရှိပါသည် ။

" ကိုယ်မိတ်ဆွေ အသစ်တွေ မလိုချင်ဘူး " ဟုတုံးတိတိ ငြင်းလေ့ရှိ၏ ။ သည်လိုဆိုလျှင်လည်း ကျွန်မဘက်ကို ကိုယ်ချင်းစာဖို့ကောင်းပါသည် ။ မိတ်ဆွေသစ်မတိုးချင်သော သူသည် ကျွန်မကိုတော့ သူ့ မိတ်ဆွေ များနှင့် မကြာခဏ မိတ်ဆက်ပေးဖို့ကြိုးစားလေ့ရှိသည် ။

သူ့မိတ်ဆွေ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြသည် ။သူ့အလုပ်ဌာနက မိတ်ဆွေ တစ်ယောက် နှစ်ယောက် ။ သူ့စကားပြောသင်တန်းတက်ရာ သံရုံးမှ မိတ်ဆွေ တစ်ယောက်နှစ်ယောက် ။ ထို့နောက် သူ့သူငယ်ချင်းက နှစ်ယောက် ။ သူက သူငယ်ချင်းအလွန်ရှားသည် ။ မြန်မာလူမျိုးချင်း မိတ်ဆက်ပေးလျှင် ကျွန်မအတွက် အပန်းမကြီးသော်လည်း နိုင်ငံခြားသားများနှင့် မိတ်ဆက်ပေးလျှင် ကျွန်မ အလွန် စိတ်ဆင်းရဲရ တတ်ပါသည် ။ကျွန်မသည် အင်္ဂလိပ်စကားပြောခြင်းနှင့် လုံး၀ အကျွမ်းမဝင်သူသာဖြစ်၏ ။ဘယ်သူနှင့် ဘာပြောပြော အိုးနင်းခွက်နင်း အမြီးအမောက်မတည့်ပါ ။ထို့ကြောင့် အတတ်နိုင်ဆုံး စကားကို နည်းအောင် ပြောမိသည်။ ထိုအခါ သူက စိတ်ဆိုးပြန်၏ ။



ဘာမျှမပြောတတ်၍ ပြုံးရုံပြုံးစေ့ပြန်တော့လည်း သူက စိတ်ဆိုးပြန်၏ ။ထိုအခါမျိုးမှာတော့ သူ မကျေနပ်သည့်အကြောင်း ကျွန်မကို ဖွင့်ဟပြောပြတတ်သည် ။ ထို့နောက် ကျွန်မကို အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ တိုက်တွန်းလေ သည် ။ စာအုပ်များ ၊ တိပ်ခွေများ တစ်ပုံတစ်ပင် ဝယ်ပေးလျက် စကားပြောနားထောင်လေ့ကျင့်ဖို့ တိုက်တွန်း၏ ။ အမေရိကန် မှ ထုတ်သော လက် သုံးလုံးခန့် ထူသည့် အင်္ဂလိပ်စာကျွမ်းကျင် စွာရေးနည်း စာအုပ်အပြာကြီးကို ကျွန်မကို လက်ဆောင်ပေး၏ ။

တစ်နှစ်အတွင်း အပြီးလေ့ကျင့်ရမတဲ့ ။ သူက အချိန်အပိုင်းအခြား သတ်မှတ်ပေးလိုက်သေးသည်။



" လက်စလီ … ကိုယ့်မှာ လူနာတွေနဲ့ မိသားစုတာဝန်နဲ့ ဘယ်လိုမှ အချိန်မရဘူး " ဟု ကျွန်မငြင်းတော့ သူ စုတ်တစ်ချက်သပ်ကာ ခေါင်းယမ်းတော့သည် ။

" အချိန်ဆိုတာ ရအောင်ယူတတ်ရတယ် " တဲ့။ ကျွန်မတို့ဆရာဝန်များသာ ကိုယ်ချင်းစာ တတ်သည့် ကိုယ့်အချိန်ကိုယ်မပိုင်သော အဖြစ်အပျက်များကိုပေါ့ ။ သည်တော့ သူက ဇွတ်ငြင်းပြန်၏ ။ မနက် နှစ်နာရီတို့၊ လေးနာရီတို့ ဆိုတဲ့အချိန်တွေက လူနာကြည့်တဲ့ အချိန်မှ မဟုတ်တာ ၊ ကြည့်မပေးနဲ့ပေါ့ " တဲ့ ။



" နောက်ပြီး ည ရှစ်နာရီကျော်ရင် လူနာမကြည့်ဘူးဆိုပြီး အိမ်တံခါး ပိတ်ထားပေါ့ " တဲ့ ။ ဆရာဝန် တစ်ယောက်၏ ကရုဏာစိတ်၊ ကိုယ်ချင်းစာစိတ် ၊ တာဝန်ယူတတ်သည့်စိတ်များကို သူ ထည့်မတွက်ခဲ့ပါ ။ သည်အတွက်လည်း သူ့ကို ကျွန်မ အပြစ်မတင်လိုပါ ။ သူကဆရာဝန်မှ မလုပ်ဖူးဘဲ ဟု သူ့ကို ခွင့်လွှတ်ခဲ့ရမြဲ ဖြစ်ပါသည် ။



သူကတော့ သူ့အချိန်ဇယားကို နည်းနည်းမျှ အလွဲခံတတ်သူမဟုတ် ။သူ့အလုပ် သူ့သင်တန်းကို အလွန်လေးစားသူဖြစ်သည် ။ရန်ကုန်သို့ ကျွန်မ ရောက်သည့်ရက်များတွက် တစ်ခါတလေ ကျွန်မလာလို့များ သူ့ရုံးကို ဖျက်လိမ့်မည် မထင်နှင့် ၊ နံနက် ကိုးနာရီဆိုလျှင် အမြဲရုံးသွားလေ့ရှိသည် ။ ရုံးမသွားမီ နံနက်စောစော ကျွန်မ အိမ်သို့ သူရောက်လာလေ့ရှိသည် ။ အနီးအနား က ဆိုင် တစ်ဆိုင်သို့သွား၍ နှစ်ယောက်အတူတူ မုန့်စား ၊ ကော်ဖီ သောက်ကြမည် ။ ပြီးလျှင် သူရုံးသွားမည် ။ကျွန်မက မြို့ထဲ သွားစရာရှိလျှင် ဘတ်စ်ကားအတူစီးမည်။ ဘတ်စ်ကားပေါ်မှာ တစ်ခုံတည်း ထိုင်ရလို့လည်း စကားဖောင်ဖွဲ့ပြောမည်မထင်နှင့် ၊ တစ်ခွန်းမျှ မပြောဘဲတစ်လမ်းလုံး ငြိမ်သက်စွာလိုက်လာမှာပဲ ။

ဆင်းခါနီးမှ … " မ .. တစ်ယောက်တည်း ဖြစ်ရဲ့လား ၊ ကိုယ် လိုက်ဖို့ လို သလား " ဟု ဝတ္တရားကျေမေးတတ်သည်။ ကျွန်မက ဘယ်နှယ့်လုပ်ပြီး လိုက်ပို့ပါဟု ပြောထွက်မလဲ ၊ မဟုတ်ဘူးလား ။



" နေပါစေ ကွယ် ၊ မင်းရုံး ကိုသာ ဖြောင့်ဖြောင့်သွားပါ ၊ ကိုယ် ကဖြစ်ပါတယ် " ထိုစကားက လွဲပြီး ကျွန်မ မှာပြောစရာစကားမရှိပါ ။ တစ်ခါတစ်လေတော့ " လိုက်ပို့ကွယ် ၊ ကိုယ်တစ်ယောက်တည်း မသွားချင်ဘူး " ဟုပြောကြည့်ဖို့ ကြိုးစားဖူးသည် ။အဲသည်လိုများ တောင်းဆိုလျှင် သူကဘယ်လို ဖြေရှင်းမလဲ ။ ကျွန်မ သိချင်လိုက်တာ ။ သို့သော် ကျွန်မကအလွန်အလိုက်သိတတ် ၊ ငဲ့ညှာတတ်သည့် မိန်းမ ပဲလေ ။ ကျွန်မအတွက်ကြောင့်ဖြစ် သူ ရုံးမပျက်စေရ။ သင်တန်းမပျက်စေရ ။ ရုံးပျက်လိုက်လျှင် ကောင်းမလား ဟူသည့်တွေေ၀ စိတ်မျိုးပင် အနည်းငယ်မျှ မဝင်စေရ ။



*****************************************************

" မ, ကို အချိန်ရှိသမျှ သတိရနေတာ " ဟူသော စကားမျိုး ကိုသူ့ထံမှ တစ်ခါတလေသာ ကြားရလေ့ရှိ၏ ။



( ဂျူး ။ ၁၉၉၀ ပြည့်နှစ် ၊ မေလ ၊ ရှုမ၀ မဂ္ဂဇင်း ။ )

Sunday, April 13, 2014

ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့




နင့်အပြုံးကြောင့် ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။

  နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။

သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။

ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။

ငါ နင့်ကို တွေတွေဝေေ၀ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ၀မ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်..။

အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။

ဟို.. အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။

နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ။ နင်က မျက်နှာကို အမြဲတမ်း ငဲ့ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်မှာ ပိုရှည်နေသလို ထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ညာလက်ကလည်း ထဘီဘေးအနားကို ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက အရမ်းရှည်တာပဲ။ ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။

ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ.. ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။

ဒီတော့လဲ.. ဟို.. အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။

ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ..။

ငါ ရပ်နေရာကနေ့ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။

ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။

နင်ငါ့ကို အဝေးတုန်းက လှမ်းမြင်မှာ မဟုတ်ပါဘူး။ နင်က လမ်းလျှောက်ရင် နင့်ရှေ့နှစ်ကိုက်လောက်က မြေပြင်ကိုပဲ ငေးနေတတ်တယ် မဟုတ်လား။ ငါကတော့ ပြန်မယ်လို့ လမ်းဘက်ကို ခြေစထားတဲ့သူ။ ဒီတော့ ငါကပဲ စမြင်တယ်။

နင်တော့မသိဘူး။ ငါတော့ မြင်မြင်ချင်း တုန်လှုပ်သွားတာပဲ။ နင့်ဆီက မျက်နှာလွှဲပြီး ရှေ့က မြက်ပင်လေးတွေကို ငေးကြည့်နေမိတာ..။ နင် ငါ့မြင်ကွင်းထဲ ရောက်လာတဲ့ထိပဲလေ။

ငါ့ကို လှမ်းမြင်ရင် နင်လာလမ်းကိုများ ပြန်လှည့်မလားလို့ ပထမ တွေးမိသေးတယ်။ ဒါပေမယ့် နင်က ပညာရှိပဲ။ လူမိုက်အလုပ်ကို မလုပ်ဘူးဆိုတာ တွေးမိပါတယ်။

စမြင်လိုက်တုန်းက ဆုံရင် ပြုံးပြရမလား၊ ဘယ်လို ပြုံးရမလဲ .. စဉ်းစားထားတယ်။ စဉ်းစားလို့ မရဘူး။ နင်ကတော့ တော်ပါတယ်ဟာ။ သွားရင်းဟန်လွဲ မိတ်ဆွေပြုံးနဲ့တောင် ငါ့ကို နှုတ်ဆက်တတ်နေပြီပဲ။

"တစ်ယောက်တည်းလား..."

ကြည့်စမ်း..။ ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ နင်တွေးမိရဲ့လား။ မေးရက်လိုက်တာ။ နင်ပဲ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာမို့လား။

ဒီတစ်ခါတော့ ခေါင်းညိတ်ဖြစ်ပါတယ်နော်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါနှုတ်ဆက်ရခက်၊ အပြုံးရခက်နေတဲ့ ဒီအချိန်မှာ နင်က စနှုတ်ဆက်လို့။ (ရင်လဲနာရပါတယ်)

"တစ်ယောက်တည်းလား"လို့ မေးခံရတဲ့ ဝေဒနာဟာ တစ်ယောက်တည်း ထားခဲ့လို့ ခံရတဲ့ ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်နာနာနဲ့ နင့်ကိုငေးနေတဲ့အချိန်မှာ ငါ့လက်ဖျားတွေ အေးစက်လာလို့ ငါ့လွယ်အိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရတယ်။

တုန်ယင်နေတဲ့ ငါ့အထက်နှုတ်ခမ်းကြောင့်လား..။

ဝေဒနာရိပ်လွှမ်းနေတဲ့ ငါ့မျက်လုံးကြောင့်လား..။

ဟန်လုပ်ပြီး ခပ်မော့မော့ရပ်နေပေမယ့် ယိုင်နွဲ့နေတဲ့ ငါ့ဟန်အစစ်ကို နင်တွေ့သွားလို့လား..။

လွယ်အိတ်ကိုပဲ ဖိဆုပ်ထားတဲ့ ငါ့လက်တွေကတစ်ဆင့် လှုပ်ရှားနေတဲ့ ငါ့စိတ်ကို ရိပ်မိသွားလို့လား.. ကွဲကွဲပြားပြားတော့ မသိဘူး။ အဲဒီထဲက တစ်ခုခုကြောင့်ပဲ ထင်တယ်။ နင့်အပြုံးက မှိန်သွားတယ်။ နောက်ပြီး ငါ့အထင်က သံယောဇဉ်ရိပ်ကလေးကိုလဲ နင့်မျက်လုံးမှာ တွေ့လိုက်ရသလိုပဲ။

ဒီနှစ်နှစ်အတွင်းမှာ နင့်ပုံစံကလဲ ဘာမှ မပြောင်းလဲပါလား။

ဆံပင်ကို အရင်တုန်းကလိုပဲ နဖူးပေါ်က အားလုံးသိမ်းပြီး နောက်ကိုလှန်ထားတယ်။ နင့်နဖူးက အရင်လို ရှင်းနေတုန်းပဲ။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ အရင်လို ဆံပင်တွေက အုပ်ပြီးကျနေတယ်။ မျက်ခုံးကလဲ ခပ်ပါးပါး ခပ်မျှင်မျှင်ပဲ။ အလျင်ကလိုပါပဲ။ ဘာကိုမျှ ထပ်ဖြည့်ဆွဲထားတာ မရှိပါဘူး။ အို.. ဘာမှကို မပြောင်းလဲသေးပါဘူးလေ။ ပြောင်းလဲတာကတော့ အချိန်တွေရယ်၊ နင့်သဘောထားတွေရယ်။

သြော်.. ကြည့်ပါဦး..။

နင့်ဆံပင်မှာ စကားပွင့် ဖြူဖြူလေးကလဲ အရင်လိုပါဘဲလား။ စကားပွင့်လေးကို ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလဲ ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေ တွေးနေမလဲ။

ငါ့ပုံစံ ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့..။

ငါ့ဆံပင်ကို အရင်လို ညာဘက်က ခွဲထားသလား နင်ကြည့်မယ်။

အင်္ကျီလက်ကို ကြယ်သီးမတပ်ဘဲ အရင်လို ဖိုးရိုးဖားရား ချထားလား.. နင်ကြည့်မယ်။

အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို အရင်လိုဖြုတ်ထားသလား.. နင်ကြည့်မယ်။

လွယ်အိတ်ကို အရင်လို ပခုံးစလွယ်သိုင်း လွယ်သေးသလား.. နင်ကြည့်မယ်။

"ဖြေနိုင်တယ်မဟုတ်လား"

စကားပွင့်လေးဆီကနေ့ နင့်မျက်နှာဆီကို အကြည့်ပြောင်းလိုက်ရတယ်။ ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲကို ရည်ရွယ်ပြီး မေးလိုက်တယ်ဆိုတာ ငါသိပါတယ်။ ငါ့ရင်ထဲမှာ စူးရှသွားတယ်။ ဘာဖြစ်လို့နာတာလဲ။ ငါ့ကိုယ်ခန္ဓာက သိပ်သေးငယ်သွားသလိုပဲ။ ကမ္ဘာမြေကြီးက အကြီးကြီး၊ ငါက သေးသေးလေးရယ်။ ငါ့အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ ဖိကိုက်မိတယ်လို့ ထင်လိုက်တယ်။ ငါ့ခန္ဓာကိုယ်က သွေးတွေ ပူလာတယ်လို့ ထင်ရတယ်။

အကြာကြီး ငေးကြောင်နေရင် မကောင်းတတ်လို့ ခေါင်းကို ဖြည်းဖြည်း ယမ်းပြလိုက်တာပါ။ နင်ဘာဖြစ်လို့ မျက်လွှာချသွားတာလဲ။ ဘာဖြစ်လို့ ပင့်သက်ရှိုက်လိုက်တာလဲ။ ငါဆယ်တန်းမဖြေနိုင်လို့ စိတ်မောစရာ နင့်မှာ မရှိတော့ဘူးဘဲ။

သြော်.. ငါ နင့်ကို တစ်ခွန်းမှ စကားမပြောရသေးဘူးနော်။

"ကျောင်းက ဘယ်နှစ်ရက်ပိတ်တာလဲ"

ဒီမေးခွန်းကို ငါ ခက်ခက်ခဲခဲ မေးရတယ်ဆိုတာ နင်.. သိမှာပါ။

"သုံးလ.. ဖိုင်နယ်ဖြေပြီးလို့ ပိတ်လိုက်တာ"

"ဘယ်နှစ်နှစ်ရောက်ပြီလဲ"

"အခုပြန်တက်ရင် သာ့ဒ်အမ်-ဘီ တတိယနှစ်"

တစ်ဖက်ကို တစ်ဖက် ဆုပ်ကိုင်ထားတဲ့ နင့်လက်ချောင်းလေးတွေကို ငါငေးနေမိတယ်။ လက်သည်းက တိတိရိရိကို ကိုက်ဖြတ်ထားတာတွေ့လို့ အရင်လိုပဲ ဆိုတာ သိလိုက်ရပြန်တယ်။


ဖူးစာကုန်း (ရေနံချောင်း) Photo : လင်းမျိုးစု

ဟောဒီဖူးစာကုန်းမှာပဲ ဟောဒီဆည်းဆာချိန်မှာပဲ.. အဲဒီလက်ချောင်း ဖြူဖြူလေးတွေကို ငါ ဆုပ်ကိုင်ရင်း လမ်းလျှောက်ခဲ့ရဖူးတယ်။ နင့်လက်လေးတွေက နွေးနွေးလေး.. ပျော့နွဲ့နွဲ့လေးတွေ။ အဲဒီအနွေးဓာတ်လေးဟာ ခုထိ မပြယ်သေးဘူးဆိုရင် နင်ယုံပါ့မလား၊ နင်ပန်နေကျ စကားပန်းရနံ့လေးဟာလဲ ငါ့ဆီမှာ အမြဲပျံ့သင်းနေတယ်ဆိုရင် နင်ယုံပါ့မလား။

"နင်... သိပ်ပိန်သွားတယ်၊ နေမကောင်းဘူးလား.."

ပိန်တယ်။ အို.. ငါ့ကို ပိန်တယ်လို့ အထူးသတိထားမပြောကြတာ နှစ်နှစ်တောင် ရှိသွားပြီပဲ။ ဒီနှစ်နှစ်အတွင်း ငါပိန်သွားတယ်လို့ မှတ်ချက်ချတာ နင်က ပထမဆုံးပဲ။

"ကောင်းပါတယ်.."

"ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး..နော်၊ လူက တအားကို နွဲ့သွားတာပဲ"

သြော်.. နင်တောင် ဆရာဝန်မကြီး ဖြစ်တော့မယ်။ အရင်လို အခြေအနေမျိုးသာဆိုရင်တော့.. "ဆေးကုပေးမယ့်သူ ရှိသားပဲ"လို့ ပြုံးစပ်စပ်နဲ့ ပြောမိမှာပဲ။

ခုတော့ ဘယ်လိုပြောရမလဲ။ နှုတ်ခမ်းတင်းတင်းစေ့ပြီး အတိတ်ကစကားသံတွေကို ဇွတ်မေ့ပစ်နေရပါတယ်။

"စိတ်ဆိုးသွားလားဟင်၊ ငါက.."

"အို.. မဟုတ်ပါဘူး"

ကြည့်ပါဦး။ ဒီမျက်လုံးလေးတွေပေါ့ ငါ့ဒေါသတွေကို ချေမွပစ်ခဲ့တာ။ အဲဒီလိုပဲ ဝေ့ကြည့်လိုက်ရင် ငါ့ရင်ထဲက ဒေါသတွေဟာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။

တကယ်ဆို.. ငါနင့်ကို ဘယ်လောက် နာကျည်းသင့်သလဲ။

မပြောမဆိုနဲ့ သစ်စိမ်းချိုးချိုးခဲ့တာ ဘယ်သူလဲ..၊ စာတွေ တစ်စောင်မှ မပြန်ဘဲ လတွေ အများကြီး နှိပ်စက်ထားခဲ့တာ ဘယ်သူလဲ..၊ စိတ်မချလွန်းလို့.. မနေနိုင်လို့ မန္တလေးထိ လိုက်လာရတဲ့သူကို "မယုံလို့လား.." ဆိုပြီး စိတ်ကောက်ခဲ့တာ ဘယ်သူလဲ..။ မန္တလေးကို မလာရဘူး နင်ပဲ အမိန့်ထုတ်ခဲ့တယ်။ ငါနောက်ထပ်တစ်နှစ် ထပ်ကျမှာ စိုးလို့ပေါ့လေ..။

ငါ မန္တလေးက ပြန်လာတော့ရော နင်စာလှမ်းရေးခဲ့လို့လား။

နင် ကျောင်းခဏပိတ်လို့ ရေနံချောင်းကို ပြန်ရောက်တဲ့အချိန်မှာ လာနေကျ နေရာကို လာဖို့ ပျက်ကွက်ခဲ့တာလဲ.. နင်ပဲ။ သုံးရက်ဆက်တိုက် မလာလို့ အကျိုးအကြောင်းမေးတော့ မျက်နှာစိမ်း ခြယ်ထားတာ ဘယ်သူလဲ။

ငါ ဆေးတက္ကသိုလ် မရောက်နိုင်မှန်း သိလျက်နဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခိုင်းခဲ့တဲ့ နင့်စေတနာကို ငါကြောက်ပါတယ်၊ ငါ ပန်းချီဆရာ၊ ကဗျာဆရာ ဖြစ်ချင်မှန်း အစကတည်းက နင်သိလျက်နဲ့.. နောက်ပြီး.. အို.. ဒါတွေဟာ လမ်းခွဲဖို့ အကြောင်းရှာတာတွေပဲဆိုတာ အဲဒီတုန်းက မသိခဲ့တာ ငါ ညံ့လို့ပေါ့။ နင့်ကို ငါယုံခဲ့တာကိုး။

နင်ပြန်ခါနီးမှာ ငါ့ဆီက နင့်စာတွေ ပြန်တောင်းခဲ့တာလေ.. ငါ ဘယ်တော့မှ မမေ့ဘူး။

ကြည့်ပါဦး။ ခုရပ်နေရင်းကို ဘာဖြစ်လို့ ရင်နာလာရတာလဲ။ ဒီအကြောင်းတွေ ပြန်စဉ်းစားရင် ငါ့ရင်က ဘာဖြစ်လို့ လှိုက်လာရတာလဲ။ နှစ်နှစ်ဆိုတဲ့ အချိန်ဟာလဲ ငါ့ဒဏ်ရာကို မကုစားနိုင်ခဲ့ပါလား။

အို.. ငါ နင့်ကို အကြာကြီး ကြည့်နေမိတာပဲ။ ငါ့မျက်စိ လွှဲပစ်သင့်တာ ငါသိပါတယ်။ ဒါပေမယ့် နင့်မျက်နှာပေါ်ကနေ အကြည့်ကို မဖယ်နိုင်ဘူး။

ငါ့ရင်ခွင်ထဲကနေ ဘယ်သူမှ လုမပြေးနိုင်အောင် တအားဝှက်ပြီး ကာထားချင်တယ်၊ နင့်ကို ဘယ်မှ မသွားအောင် လုပ်ထားချင်တယ်၊ မစိမ်းရဘူး.. မပြေးရဘူး..လို့ အော်ပစ်ချင်လိုက်တာ။ ဟောဒီလွယ်အိတ်ကလေးထဲ နင့်ကို ထည့်ထားလို့ ရရင် သိပ်ကောင်းမှာ။ ဘယ်သွားသွား မခွဲဘူး။

အို.. ငါဘာတွေလျှောက်တွေးနေတာလဲ။

ငါ့ လွယ်အိတ်ထဲမှာ နင်ရှိနေပါတယ်၊ တကယ်။

နင့်ပုံတူ ပန်းချီလေ။ နျစ်ခုတောင်မှပဲ။ အခုနေ ထုတ်ပြလိုက်ရင် ဘယ်လိုနေမလဲ။

"ပန်းချီ.. ဆွဲ.. ဆွဲသေးလား.."

ကြည့်စမ်း..၊ ငါ့အတွေးနဲ့ နင့်အတွေးနဲ့ ဆင်လိုက်တာ။ စိတ်ချင်း ဆက်သွယ်တာလား၊ လူချင်းပြန်နီးဖို့ နိမိတ်လား။

ခေါင်းကို အသာညိတ်ရင်း လက်က ဘယ်လိုရောက်သွားလဲ မသိဘူး။ လွယ်အိတ်ထဲက ခဲပုံတူတစ်ပုံ၊ ရေဆေးနဲ့ တစ်ပုံ.. နင့်ပုံတူ နှစ်ခုကို ထုတ်ပြမိတော့တာပဲ။

မပြုံးတပြုံး နင့်နှုတ်ခမ်းပါးလေး ၀ိုင်းသွားတာ ငါသတိထားမိတယ်။

နင့်မျက်လုံးလေးတွေ ဝေသွားတာ ငါသိတယ်။

နင့်ကိုယ်လုံး နွဲ့နွဲ့လေး ယိုင်သွားတာ ငါသိလိုက်တယ်။

"အို.." တိုးတိုးကလေး ရေရွတ်သံကို ငါကြားလိုက်ပါတယ်။ ငါ့ကို ငေးကြည့်နေတဲ့ အကြည့်ထဲမှာ သံယောဇဉ်ကို ငါမြင်ပြီ။ ခင်တွယ်မှုကို ငါမြင်ပြီ။ တမ်းတမှုကိုလည်း ငါပြန်တွေ့ပြီ။ နောက်ပြီး.. နောက်ပြီးတော့ အလွမ်းတွေ အများကြီး ငါတွေ့လိုက်ပြီလေ။

အို.. နင့်အကြည့်က ငါ့ကို ရင်ခုန်စေတယ်။ နင်လဲ ရင်ခုန်နေတယ် မဟုတ်လား။ ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ချောင်လေးတွေ တုန်ယင်နေတာ ငါမြင်တယ်။ ငါ့ကို ငေးရာကနေ ငါ့ဘယ်ဘက်ကို လှမ်းငေးလိုက်တဲ့ နင့်မျက်လုံးမှာ မျက်ရည်ဝေ့ဝေ့ကိုလဲ ငါ မြင်လိုက်ရပါတယ်။ နင်ငေးရာကို ငါ လှမ်းကြည့်မိတယ်။

ဗြုန်းဆို ရင်က ဟာသွားတယ်။

နေရာဟောင်း..၊ ဟုတ်တယ်နော်..၊ ကမူထိပ်လေးလေ။ နင်နဲ့ငါနဲ့ ဟိုအတိတ်တုန်းက အတူထိုင်ခဲ့ကြတဲ့ နေရာလေးပါ။

ဒီကမူလေးကို ကြည့်ပြီး ဘာဖြစ်လို့ လက်ဖျားတွေ အေးလာရပြန်တာလဲ၊ တစ်ကိုယ်လုံးက ဘာဖြစ်လို့ ပျော့ခွေသွားရတာလဲ။ နှမြောတမ်းတတဲ့ ဝေဒနာပဲ ထင်ပါရဲ့။ ငါ့ရင်ထဲမှာ ပျံ့နှံ့ကုန်ကြပြီ။ နင်နဲ့ ငါနဲ့ အကြည့်ချင်း ပြန်ဆုံကြတယ်။ နောက်.. နောက်တော့...။

နင်ကပဲ ခြေလှမ်း စတာလား.. ၊ ငါကပဲ အလျင် ခြေလှမ်းစတာလား မသိဘူး။ ဘယ်သူက အလျင်ဦးသလဲ မပြောတတ်ဘူး။ သိလိုက်တာက နင်နဲ့ငါ နှစ်ယောက်လုံး ကမူစွန်းလေးဆီကို သွားနေမိတယ် ဆိုတာပဲ။ အဲဒီရောက်တော့လဲ နှစ်ယောက်သား ရှိန်းတိန်းတိန်းနဲ့ပဲ ခပ်ခွာခွာ ထိုင်လိုက်မိကြတယ်။

နင် ခေါင်းငုံ့ထားတယ်။ နင့်ဆံပင်တွေက ခါးတောင် ကျော်နေပြီပဲ။ နက်မှောင်ပြီး ဖွာနေတယ်။ လှလိုက်တာဟာ။ နက်မှောင်တဲ့ နောက်ခံပေါ်မှာ အဖြူရောင် ပန်းပွင့်လေးက ထင်းနေတာပဲ။

နင် ဘာဖြစ်လို့ ငြိမ်နေတာလဲ။ နင်လဲ ငါ့လိုပဲ အပျော်လေးတွေ ပြန်တွေးနေမှာပဲနော်။ ပျော်ရတဲ့ အချိန်လေးတွေက တစ်သက်လုံး ပြန်မရောက်နိုင်တော့ပါလား။ တို့တွေဟာ သူစိမ်းပြင်ပြင် ဖြစ်နေကြပြီနော်။ ဒါတွေဟာ အိပ်မက်မက်နေတာဆိုရင် ဘယ်လောက်ကောင်းမလဲ။ မဖြစ်နိုင်မှန်းတော့ သိနေပါတယ်လေ။ ငါ အမျိုးမျိုး တောင်းပန်တဲ့ကြားက နင် ခြေစုံကန်သွားတာကိုး။

နင့်ကို ငါ စိမ်းစိမ်းကားကားကြီး ပြောပစ်ချင်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မပြောလိုက်ရတဲ့ စကားတွေကို အားရပါးရ ပြောချင်တယ်။ ဖြစ်နိုင်ရင်တော့လေ.. နင့်ပခုံးနှစ်ဖက်ကို တအားဆုပ်ကိုင်ပြီး ဆောင့်ဆောင့်လှုပ်ရင်း မေးလိုက်ချင်ပါတယ်။

 "နင် ဘယ်လို လုပ်ပစ်ခဲ့တာလဲ.."လို့။ ဟောဒီ ဖူးစာကုန်းမှာတင်မက ရေနံချောင်းတစ်မြို့လုံး လွှမ်းသွားလောက်တဲ့ အသံနဲ့ ကုန်းအော်ပစ်လိုက်ချင်တယ်။ နင်သိပ်ဆိုးပါလား။ ဆင်ခြေရဖို့အတွက် ငါချစ်တဲ့ကဗျာနဲ့ ပန်းချီကို ဝေဖန်ခဲ့၊ စွန့်လွှတ်ခိုင်းခဲ့တာလေ။

 ဟိုတုန်းက ငါကဗျာရေးတာ၊ ပန်းချီဆွဲတာကို နင်မသိဘူးလား။

ဟောဒီ ဖူးစာကုန်းမှာရော.. ၊ ကျောင်းခန်းထဲမှာရော..၊ ကျောင်းဝိုင်းထဲက တမာပင်အောက်မှာရော.. ငါ့လွယ်အိတ်ထဲက ငါ့ကဗျာတွေ ဖတ်ခဲ့တာ နင်မေ့ပြီလား။ ငါ့ပန်းချီတွေ ကြည့်ခဲ့တာ နင်မေ့ပြီလား။ ဟိုတုန်းကတော့ နင်ပဲ ငါ့ကဗျာတွေကို ငါ့ကို ချစ်သလို ချစ်ပါတယ်ဆို။ ဟိုမှာ ဒုတိယလူကို ရပြီးကာမှ ငါ့ကဗျာကို နင်မုန်းတတ်တာပါဟာ။

ဘာပဲဖြစ်ဖြစ် ငါ့ဒေါသက ဘယ်တော့မှ ကြာကြာမခံခဲ့ရဘူး။

ဒီပွဲက လူမိုက် လူမိုက်ချင်း တွေ့ကြတဲ့ပွဲမှ မဟုတ်ဘဲ၊ ပညာရှိနဲ့ လူမိုက်ပဲလေ။

မျက်ရည်လည်နေတဲ့ မျက်လုံး ၀ိုင်းဝိုင်းလေးတွေရယ်၊ မဲ့တဲ့တဲ့လေး မဟတဟဖွင့်ထားတဲ နင့်နှုတ်ခမ်းလေးတွေရယ်က ငါ့ဒေါသတွေကို ချေဖျက်ပစ်ခဲ့တယ်။ ဒါတယ်မကဘူး၊ နင့်မျက်နှာထားလေးနဲ့ နင့် အကြောင်းပြချက်လေးတွေကြောင့် ငါ့ကိုယ်ငါ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး အပြစ်ပေးလိုက်ရမလိုလို ဖြစ်ခဲ့တယ်။ ငါ့ကိုယ်ငါတောင် ဇဝေဇ၀ါ ဖြစ်ခဲ့ရတယ်။ နင့် မျက်တောင်ကော့တွေပေါ်မှာ ခိုတွဲနေတဲ့ မျက်ရည်စတွေဟာ ငါ့နာကျည်းချက်တွေကို တစစီဖဲ့ပစ်ခဲ့တယ်။

နင့်အကြောင်းပြချက် တစ်ခုကတော့ဟာ လွန်လွန်းပါတယ်။ ငါအတန်းပညာမှာ ညံ့တာ နင်လဲအသိ။ ငါ့ကိုနင်ပဲ စာပြပြပေးခဲ့ရတာ။ ဒီလိုကောင်က ဘယ့်နှယ်လုပ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်နိုင်မှာလဲ။ ပန်းချီသမား... ကဗျာသမားပဲ ဖြစ်ဖို့ရှိတာပဲ။ မဖြစ်နိုင်တာကိုမှ နင်က ရွေးပြီး တိုက်တွန်းခဲ့တာကိုး။

နင့်အမေ ဂုဏ်မက်တာ ငါသိပါတယ်။ နင့်အမေလိုပဲ နင်မက်လိမ့်မယ်လို့ အစက မတွေးခဲ့မိတာ ငါ့အမှားပါပဲ။ နင်ကတော့ "အမေ သဘောတူလို့" ပေါ့။ နင့်သဘောကလဲ အတန်းတူ၊ အရည်အချင်းတူ လူကိုမှ မက်မောခဲ့တာပဲ မဟုတ်လား။

အို.. အားလုံးဟာ နင့်သဘော တစ်ခုတည်းနဲ့ ပြီးသွားခဲ့တာပဲ။ ငါ့ ဆန္ဒတစ်ခုမှ မပါခဲ့ရဘူး။ နင့်ရှေ့ရောက်ရင် ငါ ခေါင်းယမ်းတဲ့ အတတ်ပညာကိုတောင် မေ့မေ့သွားရပါတယ်။ တခြားလူတွေရှေ့မှာ ကျောက်တုံး ဖြစ်ချင်ဖြစ်မယ်.. နင့်ရှေ့မှာတော့ ငါက ဖယောင်းပါ။ ငါက နင့်ရဲ့ ရုပ်သေးရုပ်ပဲဟာ..။ နင်ကြိုးဆွဲသလို ငါက ကခဲ့ရတာ။

အေးလေ.. ခံခဲ့ရတုန်းကတော့ ခံခဲ့ပြီးပြီ။ ခုအချိန်မှာတော့ နင့်ရုပ်သေးရုပ် မဖြစ်ချင်ပါဘူး။

အမှန်ကတော့ ဟောဒီနေရာမှာ အတူယှဉ်တွဲထိုင်ဖို့ မသင့်ဘူး။ ငါထွက်သွားနိုင်ရင် အကောင်းဆုံးပါပဲ။ နင့်မျက်နှာ ညှိုးမှာလဲ စိုးတယ်။ နင့်မျက်နှာညှိုးကို ဟိုတုန်းကတည်းက ကြောက်ခဲ့တဲ့ ကောင်ပါဟာ။

ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ခုံလေးကို ငေးရင်း ရင်ထဲမှာ တင်းကျပ်လာပြန်ပြီ။ ဖြူနုနေတဲ့ နင့်လက်ခုံလေးကို ဖွဖွလေး ဆုပ်ပြီး နင့်မျက်နှာလေးကို တမေ့တမြော ငေးနေရတဲ့ အချိန်လေးတွေဟာ လွန်ခဲ့ပြီနော်။ ငါထင်ပါတယ်.. နင့်လက်မှာ ရှင်မတောင် သနပ်ခါးနဲ့လေး သင်းနေဆဲ ဖြစ်မှာလို့။

ရင်ထဲမှာ နာကျင်လာတယ်။

ပြောစမ်းပါဦး ဆေးကျောင်းသူကြီးရဲ့။ ဘာနဲ့မှ မခိုက်မိဘဲနဲ့ အဲဒီဘယ်ဘက်ရင်က ဘာဖြစ်လို့ လှိုက်လှိုက်ပြီး နာတာလဲ။ နှလုံးဆီက နာမှန်းတော့ သိပါရဲ့။ နင့်မျက်နှာလေး ငေးရုံနဲ့ နှလုံးက ဘာလို့ နာရတာလဲ။ ငါ့လည်ချောင်းတွေကရော ဘာဖြစ်လို့ ခြောက်သွေ့လာရတာပါလိမ့်။

ငါ နျမြောနေတယ်.. တမ်းတနေတယ်။ ဟုတ်တယ်၊ နင် ငါ့အနားမှာ ရှိနေပေမယ့် နင့်ကို အောက်မေ့နေတယ်ဟာ။ နင့်ကို လွမ်းနေတယ်။ ယုံရဲ့လား.. နင့်ကို ငါလွမ်းနေတယ်။

"ရော့.."

နင်လှမ်းပေးတဲ့ ပန်းချီပုံနှစ်ခုကို ယူလိုက်တော့ နင့်လက်နဲ့ ငါ့လက် ထိမိတယ်။ ဘယ်သူ့လက်က ပိုအေးစက်နေလဲ ငါမသိဘူး။ စာရွက်ကလေးတွေကို လွယ်အိတ်ထဲ ထည့်ပြီးတော့ ငါ့လက်ကို ငါပြန်ငေးမိတယ်။

သြော်.. လက်သန်းမှာလေ၊ ဘယ်ဘက် လက်သန်းမှာလေ အဖြူစင်းကြောင်းလေးကို အရစ်လိုက် မြင်နေရတုန်းပဲ။ အဲဒါ လက်စွပ်ရာလေးလေ။ နင်နဲ့ငါ့ရဲ့ အချစ်နေ့က နင်ပေးခဲ့တဲ့ ကျောက်စိမ်းလက်စွပ်ရဲ့ သင်္ကေတလေး။ မနှစ်ကမှ စာနဲ့လှမ်းတောင်းလို့ ပြန်ပေးခဲ့ရတဲ့ လက်စွပ်ရဲ့ အရာအလေးပါ။ အခု.. အဲဒီလက်စွပ်ကလေးက အခုဆို..။

သြော်.. ပြီးတော့ နင့်လည်ပင်းမှာ ဆွဲကြိုးကလေးလဲ မမြင်ပါလား။ ဆွဲကြိုးမျှင်မျှင်လေးလေ.. နင်နဲ့ငါ့ဇာတ်လမ်းကလေး စပြီးတဲ့နောက် လော့ကတ်သီးလေးနေရာမှာ သင်္ကေတတစ်ခု လဲပြောင်းတပ်ထားခဲ့တဲ့ ဆွဲကြိုးလေး။ ငါ့နာမည် အစ စာလုံး အင်္ဂလိပ်အက္ခရာ အင်(န်)ကို အမှတ်တရ လုပ်ပြီး ဆွဲခဲ့ပါရော။ အဲဒီဆွဲကြိုးလေး မမြင်ပါလား။ လွှင့်ပစ်လိုက်ပြီလား။ အင်းလေ.. အဖြစ်နိုင်ဆုံးကတော့ အင်(န်)စာလုံးအစား အက်(စ်)စာလုံး လဲတပ်ထားတုန်း ဖြစ်မှာပေါ့။ အို.. ဒါက ငါ့အရေးမှ မဟုတ်ဘဲ။ ငါနဲ့ နင်နဲ့ ဘာမှမှ မဆိုင်ဘဲ။ မဆိုင်တော့ပါဘူးလေ။

ငါ့နှုတ်ခမ်းတွေ ခြောက်သွေ့နေတယ်။ ရင်က ဟာပြီးမှ ပူလောင်နေတယ်။

ဆေးလိပ်သောက်မယ်.. လို့ အမှုမဲ့ အမှတ်မဲ့တွေးပြီး လွယ်အိတ်ထဲက ဒူးယားတစ်လိပ်ရယ်.. မီးခြစ်လေးရယ် ထုတ်လိုက်တယ်။

နှုတ်ခမ်းပေါ်မှာ ဆေးလိပ်လေးကို ရွရွတင်လိုက်တုန်း..။

"ဆေးလိပ်တွေ သိပ်မသောက်နဲ့ဟာ" တဲ့။ နင့်အသံပါ။ နင့်ဆီက လာတာ မဟုတ်မှန်းတော့ သိပါတယ်။ ဘယ်ကပါလိမ့်။ ဟောဒီမီးခြစ်ကလေးကပဲ ထင်တယ်။

ဒီမီးခြစ်ကလေးဟာလဲ နင်နဲ့ငါ့အတွက် အမှတ်တရ ပစ္စည်းလေးပါ။

သစ်သားမီးခြစ်ပိန်ပိန်လေးနဲ့ မီးခြစ်ခြစ်နေရတဲ့ ငါ့အဖြစ်ကို နင်ကြည့်ပြီး လက်ဆောင်ပေးခဲ့တဲ့ အချစ်မီးခြစ်လေး။ နင့်အချစ်က ဟောင်းပြီး ပျက်သွားပေမယ့် နင့်လက်ဆောင်လေးက မပျက်သေးပါဘူး။ ငါ ငိုင်နေမိတာ ဘယ်လောက်ကြာသလဲ မပြောတတ်ဘူး။ ငါ့ဘေးကကပ်ပြီး အသံတစ်ခု ကြားလိုက်ရတယ်။ နင့်ဆီကပါ။ ထိန်းချုပ်ထားရင်းက ပွင့်ထွက်လာတဲ့ အသံမျိုး။

အို..။
နင်.. ငိုနေတယ်။

ဟုတ်ပါတယ်။ ငါမျက်စိ မမှားပါဘူးနော်။ ငါ့ နားကြားလဲ မလွဲပါဘူး။ နင်ငိုနေတာပါ။ ငါ့လက်ထဲက မီးခြစ်ကလေးကို ငေးရင်း နင်ငိုနေတာပါ။

ငါ့တစ်ကိုယ်လုံးဟာ မြေကြီးနဲ့ တအား ကပ်ဖိခံထားရသလိုပဲ။ ငါ ဘာဖြစ်သွားတာလဲ။ ငါ မယုံတာထင်တယ်။ ဟုတ်တယ်.. ငါမယုံဘူး။ နင်ငိုနေတာလို့ ငါဘယ်လို ယုံရမှာလဲ။ လောကကြီးဟာ ဘာတွေဖြစ်ကုန်ပြီလဲ။ အို.. မယုံပါဘူး.. မဖြစ်နိုင်ဘူး။

ဒါပေမယ့် နင့်မျက်ရည်တွေဟာ ငါ့ရင်ကိုလာပြီး အပူပေးနေတယ်။ ငါ့နှလုံးသားကို ဆတ်ဆတ်ခါအောင် ဆွဲယမ်းနေတယ်။ ကြာရင်တော့ ပူလွန်းလို့ ကျွမ်းရချည်ရဲ့ကွယ်။ ငါဘာလုပ်ရမှာလဲ ပြောပါဦး။ ဆံပင်က ကပိုကရိုကြားထဲက နင့်မျက်နှာ နွမ်းနွမ်းလေးဟာ ဟောဒီကမ္ဘာမှာ အင်အား အကြီးဆုံးပဲ သိလား..။ တုန်ယင်နေတဲ့ နင့်နှုတ်ခမ်းပါးလေးကို ငါ မကြည့်ရက်ဘူး။

"မငိုနဲ့ အချစ်ရယ်.." လို့ မျက်ရည်သုတ်ပေးရင်း ချော့ရမလား..။ နင့်မျက်နှာပေါ်က ဆံနွယ်စတွေကို လက်နဲ့ အသာအယာဖယ်ပေးရင်း နှစ်သိမ့်ရမလား၊ နင့်မေးစေ့လုံးလုံးလေးကို လက်နဲ့ အသာပင့်တင်ရင်း နဖူးလေးကိုပဲ ဖွဖွနမ်းလိုက်ရမလား။ ငါ့မှာ နင့်အငိုကို ချော့ပိုင်ခွင့်ရောရှိရဲ့လား။

ကြည့်ရင်း.. ကြည့်ရင်း ငါ့မျက်စိထဲမှာေ၀၀ါးလာတယ်။ မျက်လုံးက စိုစွတ်လာတယ်။ နင့်ကိုယ်ပေါ်က အစိမ်းနုရောင်ဟာ ပိုဖျော့ပြီး ၀ါးသွားတယ်။ အို.. ငါ့နှုတ်ခမ်းထောင့်စွန်းတွေက ငါထိန်းလို့မရအောင် တုန်လှုပ်နေပြီလား။ နောက်ပြီး.. ငါ အသက်မှ ရှူမိရဲ့လား..။ ငါ့ နှလုံးခုန်သံရော ရပ်သွားသလား။

ငါ့ကိုယ်ငါ သတိရတဲ့အချိန်မှာ ငါ နင့်လက်ကို ဆုပ်ကိုင်ထားမိပြီ။ အို.. မဟုတ်ဘူး.. မဟုတ်ဘူး။ နင်က ငါ့လက်ကို ဆုပ်ထားတာမဟုတ်လား။ အို.. မသိပါဘူးလေ။ ဘယ်သူ့လက်က ဘယ်သူ့လက်ကို ဆုပ်ထားတာလဲ မသိပါဘူး။ ငါ့ရှေ့က မြက်ခင်းပေါ်မှာ ဒူးယားစီးကရက်လေးရယ်၊ မီးခြစ်ကလေးရယ်.. လွတ်ကျနေကြတယ်။

မီးခြစ်ကလေးပေါ်မှာ ငါးလေးနှစ်ကောင် မျက်နှာချင်းဆိုင်နေကြတယ်။

အို.. ဒါပေမယ့် .. သူတို့ တစ်ကောင်နဲ့တစ်ကောင် ဦးတည်ရာဘက်တူရဲ့လား။ ဆန့်ကျင်ဘက်ကို ဦးတည်နေကြတယ်နော်။ ကြည့်ပါဦး.. သူတို့က ဦးတည်ရာမှ မတူဘဲ။ ဒါကိုရော.. နင်သတိထားမိရဲ့လား။

"နိုင်.."

ငါ့ တစ်ကိုယ်လုံး လေထဲမှ မြောက်သွားသလိုပဲ။ ရင်ထဲကတော့ ဟာနေတယ်။ "နိုင်.."တဲ့လား။ နင် ငါ့ကို "နိုင်" လို့ ခေါ်သေးတယ်နော်။ ခေါ်နိုင်စွမ်းရှိသေးတယ်နော်။

နင့်အကြည့်ကို ငါ နားမလည်တာ အမှန်ပါ။ နင့်မျက်လုံးက ငါ့ဆီမှာ မဟုတ်ဘူးထင်တယ်။ ငါ့ကိုတော့ ကြည့်နေတယ်လေ။ တစ်မျိုးပဲ။ ငါ့ကို ကျော်ပြီး ငေးနေသလိုပဲ။ နင် ဘာတွေ တွေးနေတာလဲ။ နင် ဘာကို ပြောချင်နေတာလဲ၊ တစ်ချက်တစ်ချက် ရှိုက်လိုက်တဲ့ နင့်ရှိုက်သံလေးတွေက ငါ့နှလုံးကိုသာ လာဆောင့်နေတယ်။

"ပြောလေ.. ငါ နားထောင်နေပါတယ်"

နင့် နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားတယ်။ နောက်ပြီး.. နင် သက်ပြင်းချလိုက်တယ် မဟုတ်လား။

နင့်ကို ကြည့်နေတဲ့ ငါ့အကြည့်ထဲမှာ မျှော်လင့်ရိပ်တွေ ပါသွားမယ်လို့ ငါထင်တယ်။ ငါ့ရင်ထဲမှာရှိတဲ့ တမ်းတမှု ဆန္ဒကို နင်လဲ နားလည်ပါလိမ့်မယ်။ နင့်မှာလဲ တွယ်တာစိတ်တွေ ရှိမှာပါ။ ဒါပေမယ့် မန္တလေးမှာက..။

အို.. ငါ့ခေါင်းက ဘာဖြစ်လို့ မူးသွားရတာလဲ။ ကြည့်ပါဦး။ နင်ဘာလုပ်တာလဲ။ အခု နင်ဘာလုပ်နေတာလဲ။ နင်က ဒီလိုပဲလား။ နင့်စိတ်က နီးရာကို ယိမ်းတတ်သလား။

နင့်လက်ကို လွှတ်လိုက်မိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ။ ငါကြောက်တယ်ဟာ။

"နိုင်ရယ်.."

နင် ဘာလို့ ညည်းတာလဲ။ ငါ့ကိုရော ဘယ်လို အဓိပ္ပါယ်နဲ့ ကြည့်တာလဲ။ နင့်ကို ငါသနားတယ်။ ငါဆိုတဲ့ ကောင်က နင့်မျက်ရည်တစ်ပေါက်ကို ပေါက်ကွဲတတ်တဲ့ ဗုံးတစ်ခုလို ကြောက်တတ်ခဲ့တဲ့ ကောင်မဟုတ်လား။ ငါ့ရင်တွေ အရမ်းခုန်နေပြီ။ နင်ပြောချင်တာကို မြန်မြန်ပြောလိုက်ပါလား။

"ငါ့ကို.. ခွင့်လွှတ်ပါ"

အို.. နင် ငါ့ကို တောင်းပန်တယ်။ ငါနင့်ကို ဘယ်တုန်းကမှ အပြစ်မဆိုခဲ့ပါဘူးဟာ။ ငါ အမြဲတမ်း ခွင့်လွှတ်ထားတာပဲ။ တောင်းပန်စရာ မလိုပါဘူးဟာ။ တောင်းပန်မယ့်အစား အကြောင်းစုံကို ငါ့ကို ပြောပြရင် သိပ်ကောင်းမှာ။ ငါ့အပေါ်မှာ အလျင်လို စိတ်မျိုး ထားနိုင်မယ်လား။

"ဟိုတုန်းကအတွက်ရော၊ အခု ငို.. ငိုမိတဲ့အတွက်ရော"
"ဟင်.."

ငါ ဘာနားလည်ရမှာလဲ၊ ဘယ်လို နားလည်ရမှာလဲ။ ငါ့ပါးစပ်က တစ်ခုခု ပြောနိုင်ရင်ကောင်းမယ်။ ဘာမှ မပြောနိုင်ဘူး။ ဘာဖြစ်နေတာပါလိမ့်။

"ငါသွားတော့မယ်"

ငါ့ တစ်ကိုယ်လုံး အေးစက်သွားတယ်။ ဟုတ်မှ ဟုတ်ရဲ့လား၊ နင်ပြောလိုက်တာမှ ဟုတ်ရဲ့လား။

"သွားတော့မယ်" ဟုတ်လား။ သြော်.. နောက်ဆုံးတော့ တစ်ယောက်တည်းဟာ တစ်ယောက်တည်းပါပဲလား။ နင် ငါ့အနားက ထသွားလိုက်ပြီထင်တယ်။ ဝေးသွားတဲ့ နင့်ခြေသံကို ငါ ကြားနေရသလိုပဲ။ ဒါပေမယ့် သနပ်ခါးနံ့လေးကတော့ ငါ့ အနားမှာ ကျန်ခဲ့ပါရော။ နင့်ရှိုက်သံလေးတွေလဲ ငါ့အနားမှာ ကျန်ခဲ့ပါရော။

လောကကြီးဟာ ရှိသင့်တာထက် ပိုမှောင်သွားတယ်။ ငါ့ရင်ထဲမှာလည်း ရှိသင့်တာထက် တစ်ခုခု ပိုလာသလိုပဲ။ အို.. မဟုတ်ပါဘူး။ လိုတာ..။ ရှိသင့်တာထက် တစ်ခုခု လိုတာ။ နင့်ကို ငါ ပြန်လှည့်ကြည့်ချင်တယ်။ နင်လဲ ငါ့ကို တစ်ချက်ဖြစ်ဖြစ် ပြန်လှည့်ကြည့်မယ်လို့ ထင်တယ်။ အခုနေ.. နင် ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ ငါ လှမ်းခေါ်မယ်လေ။

"မိမွန်ရေ...."လို့ အော်လိုက်မယ်။ နင်လဲ ငါ့ခေါ်သံကို စောင့်နေမယ် မဟုတ်လား။ ခေါ်သံကြားရင် တအားပြန်ပြေးလာမှာ.. နော်။

အို.. မခေါ်ဘူး.. လှည့်မကြည့်ဘူး.. လှမ်းမခေါ်ဘူး။

လက်နှစ်ဖက်နဲ့ ပွေ့ထားတဲ့ ဒူးနှစ်ခုပေါ်မှာ မျက်နှာကို တအား မှောက်ချလိုက်တယ်။ နင့်ဘက်ကို မျက်နှာလှည့်မိမှာစိုးလို့။ စိုစွတ်လာတဲ့ မျက်စိတွေကိုလည်း ဇွတ် မှိတ်ပစ်လိုက်တယ်။ နင့်သဏ္ဍာန်လေးကိုချည်း မြင်နေရမှာစိုးလို့။

အောက်နှုတ်ခမ်းကို သွားနဲ့ဖိပြီး ကိုက်ထားလိုက်တယ်။ "မသွားပါနဲ့"လို့ အကျယ်ကြီး အော်လိုက်မိမှာစိုးလို့။ ငါ့အသံတွေကိုလည်း ထိန်းချုပ်ထားလိုက်တယ်။

ကဲ.. မအော်ဘူး၊ လှမ်းမခေါ်ဘူး။

တအားကြီး စူးရှပြီး နာကျင်လာတဲ့ရင်ကိုတော့ ဒူးနှစ်ဖက်နဲ့ အတင်းဖိထားလိုက်တယ်။ သွားပါ မိမွန်ရယ်၊ ဟို... အဝေးထိအောင်သာ သွားလိုက်ပါတော့ ...... ။

ဂျူး

--


Friday, April 11, 2014

မိုးကုတ် စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း



ဝင်လိုက် ရမည်လား၊ လှည့်ပြန် သွားရ မည်လား။ အ၀င်ဝတွင် ချိတ်ဆွဲ ထားသော ဆိုင်းဘုတ်ပြား ကလေးကို ထူးဆန်း သော အရာ တစ်ခု သဖွယ် ခပ်ငေးငေး ကြည့်ရင်းက တွေဝေ နေမိသည်။
ဒေါက်တာထား အမ်ဘီဘီအက်စ်(မန္တလေး) ဆိုသော စကားလုံး များသည် သူစိမ်း ပမာ ဖြစ်နေ သည်ကိုး။ တွေဝေ နေခိုက် မှာပင် ရင်က လှုပ်ခတ် တုန်ယင် လျက်ရှိ၏။ ၀င်လိုက်လျှင် ကောင်းမည်လား၊ အို ခုနေ လှည့်ပြန်လိုက်...
အချိန်မီ သေးတယ်။ တွေးရင်းကပင် ဆေးခန်းထဲသို့ ခြေလှမ်း လိုက်ပြီး ဖြစ်နေ၏။

ထားက ဘယ်လို မျက်နှာဖြင့် ကြိုမှာ ပါလိမ့်။ ထိုအတွေး သည် မင်္ဂလာဆောင် အိမ်မှ ထွက်လာ ကတည်းက ခုထိ ရှိနေဆဲ။ မ၀ံ့မရဲ ပုံစံဖြင့် ၀င်လာ မိသော တွန့်ဆုတ်ဆုတ် ဟန် အမူအရာ ကို လိုက်ကာ နောက်မှ ထွက်လာသော အနီဝတ် ဆရာမ လေးက စူးစူး စမ်းစမ်း ကြည့်လေသည်။ လူနာအောက် မေ့ဟန်တူ၏။ “ထိုင်စောင့်ပါ”ဟု ခပ်တည်တည် ပြောကာ အထဲသို့ ပြန်ဝင်သွား သည်။  ထိုင်လိုက် ဖို့ကို သတိမရမိဘဲ မတ်တပ်ရပ် နေရင်းက ပြန်လှည့် သွားသင့် သည်လားဟု စဉ်းစားမိ ပြန်သည်။ လပေါင်း များစွာ မမြင်ရသော ထားအား မြင်တွေ့ ချင်စိတ်ကို ထိန်းသိမ်း၍ မရ။ တွေ့လိုက် ဦးမည်။ တွေ့ချင်၍ တမင် လာခဲ့သည် မဟုတ် လား။

အဖြူရောင် လိုက်ကာလေး လှုပ်သွား၏။ ထားမဟုတ် ချေ။ စောစောက ဆရာမလေး နှင့်အတူ လူနာ ထင်ရသော အမျိုးသမီး တစ်ဦးသာ ဖြစ်သည်။ အမျိုးသမီး ထွက်ခွာ သွား သည့်တိုင်အောင် ထား၏ အရိပ် အယောင် မမြင်ရချေ။ ထားက လူနာ စမ်းသပ်ခန်း ထဲမှာပဲလား။ အခန်းထဲမှာ လူနာ ကျန်သေးသည် လား။
“ကဲ ရှင်က”
“ထားနဲ့”
“ရှင်”
“ကျွန်တော် ထားနဲ့ တွေ့ချင်လို့ပါ”

ဆရာမ လေးက မျက်ခုံးပင့် ကြည့်ကာ ပြန်ဝင် သွားသည်။ ခြေစုံ ရပ်လျက် တွေဝေရင်းက မလှုပ်ရှားမိ။ ချစ်လှစွာသော ထား၊ ထားက မြင်လျှင် ချက်ချင်း များ လှည့်ဝင် သွားမည် လား။ သို့မဟုတ် စကားဖြင့် ခနဲ့ လေမည်လား။ တစ်ခုမှ မဟုတ်နိုင်ဟု တွေးမိ ပြန်သည်။ ထားက အင်မတန် စိတ်ခက်မာ ပြီး အေးစက် သော မိန်းကလေး ဖြစ်သည်။ ခန်းဆီး အဖြူလေး  လှုပ်သွား သည်။ ဆရာမလေး ထွက်လာ၏။ ရင်သည် လှိုက်ခုန် လာ ပြန်သည်။ မတွေ့ချင် ဘူးလို့များ အို... ထားက ဘယ်သူ ဆိုတာ မသိနိုင် ပါဘူး။ ထွက်တော့ လာမှာပါ။ ခဏ အကြာ၌ ရင်ခုန်ခြင်းက ရပ်တန့်သွား၏။

ထား ညင်သာ လွင့်ပါးစွာ လျှောက်လာ သူသည် ချစ်ရ သော ထား။ အနည်းငယ် တုန်ယင်လာသော လက်ဖျား တို့ကို လက်နောက် ပစ်၍ ကွယ်ဝှက် လိုက်မိသည်။ မလှုပ်မယှက် ရပ်လျက်က ထား ဆီက အကြည့်ကို စိတ် လှုပ်ရှားစွာ စောင့် နေလိုက် ရ၏။ ဆရာမလေး မျက်နှာ မူရာကို ထား အကြည့် က ပြောင်းလာ၏။ ထား မျက်နှာပေါ်မှာ အပြောင်း အလဲကို စူးစိုက် ငေးမော ရှာဖွေ ပေမဲ့ မတွေ့ရ။

ထား အကြည့်က ပူနွေးမှု လုံးဝ မပါသည်ကို၊ ထား၏ ကြိုဆိုမှုက လှိုက်လှဲမှု လုံးဝ မပါသည်ကို ဖျတ်ခနဲ ၀မ်းနည်း စွာ သိလိုက် ရလေသည်။ သည်အခိုက် အတန့် ကလေးကိုပင် ရက်ပေါင်း များစွာ ကတည်းက ကြိုတွေး တောရင်း ရင်ခုန်လှိုက် မောခဲ့ ရပါသည်။ သို့ပေမဲ့ ထားကတော့ မြင်လိုက်ရသော အခိုက် အတန့်၌ ကြာမြင့်စွာ ခွဲရသော အသိ မိတ်ဆွေကို မမျှော် လင့်ဘဲ တွေ့ရသည့် ခံစားမှု မျိုးလေးတောင် မခံစားရ တော့ပြီ လား။ ဆေးခန်းသို့ လာသော လူနာ အား စူးစမ်း ကြိုဆို သည့် အကြည့်မျိုးထက် အနည်းငယ်မျှ မပိုနိုင် တော့ပြီလား ထားရယ်။

ခြေအစုံသည် မြေကြီးနှင့် ကပ်နေ သည့်နှယ်။ အနည်း ငယ်မျှ လှုပ်ရှား ၍မရ။
အားလျော့စွာ ငေးကြည့် နေဆဲ မှာပင် ထားက ညင်သာ စွာ ပြုံးပြသည်။ ဧည့်သည် တစ်ယောက်ကို ဖိတ်ခေါ်သော အပြုံးမျိုး မဟုတ်လား ထား။ ပြန်ပြုံး မိသည် မထင်လိုက် ချေ။

“သြော်”
တင်းကျပ် ဆို့နစ်မှုကို ခံစား လိုက်ရသည်။ မထူးဆန်း သော အသိ အမှတ်ပြု ရေရွတ်သံ တိုးတိုးလေးသည် ကြီးမား သော အရှိန်အဟုန်ဖြင့် နှလုံးသား ထဲသို့ ဆောင့်တိုး ၀င်သွား သည်။ မျှော်လင့်ချက် တို့သည် တစ်စစီ၊ တကွဲစီ ပျံ့လွင့်ကုန် သည်။
“မထိုင်ဘူးလား မောင် ထိုင်လေ”
ရင်ခုန်သံသည် တစ်ချက်၊ နှစ်ချက် ကျယ်လောင်သွား ၏။ ထားမျက်နှာ လေးကို ခပ်ဝါးဝါး ငေးမော နေမိဆဲ။ “မောင်” တဲ့လား ထားရယ်။ ချစ်သော ထားက မောင်လို့ ခေါ်သေး သည်လား။

ကြည်လင်စွာ ပြုံးပြ နေသော မျက်လုံးတွင် ရွှင်မြူးရိပ် ကို မတွေ့ရ၊ တမ်းမက်မှုကို မတွေ့ရ။ သွယ်နွဲ့သော ခန္ဓာ ကိုယ်သည် ပို၍ သွယ်နွဲ့ နေသည်။

“လာ ထိုင်လေ။ လူနာပါး သွားပြီပဲ အေးအေး ဆေးဆေး ထိုင်ဦး။ သြော် သက်သက်ရေ ဒီနေ့ ဆေးတိုက် စောစောပိတ် မယ်။ သက်သက် ပြန်ချင်ပြန် တော့။ ထားတို့ ခဏနေရင် ပြန်မယ်။ သူက ထား ယောက်ျားလေ သက်သက်”
“အို”

အနီဝတ် ဆရာမ လေးက တအံ့တသြ လှမ်းကြည့်သည် ကို ပြုံးပြ မအား။ ထားအား ရင်ဖိုစွာ ငေးမော ကြည့်နေမိ သည်။ ဒေါက်တာ့ အမျိုးသားလား၊ သက်က မသိဘူး။ ဒါဖြင့် အဆိုတော် နိုင်အေး ပေါ့နော်။ စကားလုံးများ ကြားလိုက် ရသည်လို့ ထင်လိုက်သည်။ ခုမှပဲ မြင်ဖူး တော့တယ်။ ဓာတ်ပုံ ထဲကနဲ့ သိပ်မတူသ လိုပဲ။ ဒေါက်တာက နှင်မှပဲ အလိုက်သိသိ နဲ့ ပြန်ပါ တော့မယ် နော်။ သည်စကား များကို မကြားတစ်ချက် ကြားတစ်ချက်။ ထားအပြုံးသည် မိတ်ဆွေ အပြုံးလား။ ချစ်သူကို ကြိုဆိုသော အပြုံးမျိုးတော့ မဟုတ်ဘူးထင်သည်။ ထား ယောက်ျား လေတဲ့။ မောင့်ကို ထားက လင်ယောက်ျား အဖြစ် သတ်မှတ်သေး သည်လား။ ထားအနီး ကုလားထိုင်တွင် ခပ်ယောင်ယောင် ၀င်ထိုင် ရင်း ထား အပြုံးကို တမေ့ တမော ငေးမိ ပြန်သည်။

“မောင် ဘာနဲ့ လာတာလဲ”
“ငြိမ်းချမ်းရေး အဖွဲ့နဲ့ လိုက်လာတာ။ ကားနဲ့ပဲ”
“ဟာ ဒါဆို ည စုစုမွန်တို့ မင်္ဂလာဆောင်မှာ ကိုနိုင်အေး လည်း ဆိုမှာပေါ့ ဟုတ်လား”

ခြင်းတောင်းလေး ဆွဲလျက် ထွက်ခွာ တော့မည့် ဆရာမ စကားကို ပြုံး၍ ခေါင်းညိတ် ပြလိုက်  ပေမဲ့ မျက်လုံးက ထား ဆမှ သိပ်ဝေးဝေး ခွာ၍မရ။

“ဒီလိုဆိုရင် လာနား ထောင်ဦးမယ်။ ဒေါက်တာ ရော၊ အဲလေ သက်နဲ့ ဘယ် လိုက်မလဲ ဟဲ ဟဲ”
ထားက သက်သက် အား ပြုံးရယ်လျက်က မျက် စောင်း လဲ့လဲ့ဖြင့် ကြည့် သည်။

မောင် သိပ်အံ့သြသည် ထား။ တစ်ယောက်နှင့် တစ်ယောက် ကွဲရှင်းပြတ် စဲဖို့ ခွဲခွာ ကြပြီးသော လူတစ်ယောက် ကို ထားက ယောက်ျားလို့ သတ်မှတ်သေး သည်လား။ နှစ်ယောက် တည်းဟူသော အသိကြောင့် စောစောက ထက် ပိုမို၍ ရင်ခုန် လာသည်။ သို့ပေမဲ့ ထားအပြုံးက ရုတ် ခြည်း လျော့ပါး သွားသည်ကို မြင်ရ တော့ ထား လက်ခုံလေး ကို လှမ်းဆုပ် ကိုင်ဖို့ ကြံရွယ် ချက်ကို ဖျက်သိမ်းလိုက် ရ၏။

“တီးဝိုင်းနဲ့ လိုက်ရင်း လမ်းကြုံလို့ ၀င်လာ တာဆို ပါတော့”
စူးရှသော နာကျည်းမှု ကြောင့် ကုလားထိုင် လက် ရန်းကို တင်းနေအောင် ဆုတ် ပစ်လိုက်မိသည်။
“မောင်က ငြိမ်းချမ်းရေး အဖွဲ့ထဲက မဟုတ်ဘူး ဆိုတာ ထား မေ့သွားပြီ ထင် တယ်။ လမ်းမကြုံပါဘူး ထား။ ရေနံ ချောင်းကို သွားရမယ် ဆိုတော့ မောင် ထားနဲ့ သိပ်တွေ့ချင် လို့”

တစ်ဆို့ လာသော နာ ကျည်း ခြင်းဖြင့် စကားကို ရပ် ပစ်လိုက်မိသည်။ မောင့် အချစ်ကို ထား ယခုထိ အသိ အမှတ် မပြုသေး ဘဲကိုး။ အေး စက်စိမ်း ကားသည့် ကြိုဆိုမှု အောက်တွင် မောင် လူးလှိမ့် နေအောင် ခံစား ရသည်ကို လည်း ထား နားလည်နိုင် မည် မထင်ပါ။

“သိပ်တွေ့ချင်လို့”
ထားက အံ့သြသလို ရေရွတ်တော့ မောင် ထားကို ဘယ်လို မျက်နှာဖြင့် ကြည့်ရ မည်လဲ။ တစ်နှစ်တာမျှ ပေါင်းသင်း ခဲ့ရသော ချစ်ဇနီး ကို သိပ်တွေ့ချင် တာ ထား အတွက် အံ့သြစရာလား။ ရှေ့ တည့်တည့် နံရံကို ငေးကြည့် နေသော ထား မျက်ဝန်းတွင် အချစ်ကို ဘယ်သို့မျှ ရှာမတွေ့နိုင်မှန်း သိလျက်နှင့် ရှာဖွေ မိပြန်သည်။

“ဟုတ်တယ်။ သိပ်တွေ့ချင်တယ်။ မောင်က သိပ်ချစ်တာ  ကိုး”
ထားက ဖျတ်ခနဲ လှည့်ကြည့်၏။ ငဲ့အကြည့်သည် ဘယ် လောက် ခံပြင်းဖို့ ကောင်းလိုက် ပါလိမ့်။ မျှော်လင့် မထားသူ ဆီက မမျှော်လင့်သော စကားကို ကြား လိုက်ရသည့် အကြည့် မျိုး မဟုတ်လား။ တဖြည်းဖြည်း မဲ့ပြုံးပြုံး လာသော နှုတ် ခမ်းကို မုန်းတီး စိတ်ဖြင့် မျက်နှာလွှဲ ပစ်လိုက် မိသည်။ ဟုတ် တာပေါ့။ သည်အပြုံးသည် မောင့်ကို အမြဲလှောင် ခဲ့သည့် အပြုံးပေပဲ။ မောင် ဘာစကားမှ မပြော ချင်တော့ပါ ထား။ ပြောလျှင်လည်း ဘယ်သို့မှ အရာဝင် မည် မထင်ပါ။ မဲ့ပြုံးဖြင့်  အကြည့်ခံ ရရုံကလွဲ၍ ထား ဆီက မောင်ဘာမှ မျှော်လင့်၍ မရစကောင်း သည်ကို မောင်ခုမှ သိသည့် အတွက် အပြစ်တင် လျှင်လည်း ခံရုံပါပဲ။ မောင်က မျှော်လင့်ခဲ့ သည်လေ၊ ဟိုစဉ် ကလို မွတ်သိပ်စွာ မဟုတ် လျှင်တောင် နွေးထွေးစွာ မောင့်ကို ကြိုနိုင် မည်လို့ မောင် ထင်ထား ခဲ့သည်ကိုး။

“သြော် သိပ်ချစ်တာ တဲ့လား”
အေးစက်သော စကားသံ သည် နှလုံးသားကို ဖျစ်ညှစ် ဆွဲထုတ် ပစ်နေသည် ထင်၏။
“မလှောင်နဲ့ ထား၊ ကျေးဇူးပြုပြီး မောင့်ကို...”
“လှောင်တာ မဟုတ်ပါဘူး။ အံ့သြလို့ပါ။ မအံ့သြရ ဘူးလား။ နှစ်ဦး သဘောတူ လမ်းခွဲပြီးသား လူဆီက ဒီစကား ကြားရတာ အံ့သြခွင့် မရှိဘူးလား”
“နှစ်ဦး သဘောတူလို့ မပြောပါနဲ့ ထားရဲ့။ ထားဆန္ဒ အရ”
“ရှင်”
ငဲ့ကြည့်တော့ ထားက စူးစူး စိုက်စိုက် ကြည့်နေခဲ့၏။

“မောင့်အိမ် ကနေ ထား ဆင်းသွား ခဲ့တာလေ။ ထား ဆန္ဒ မဟုတ် ဘူးလား”
“မောင် ဒီလို လာတာ ဒီစကားတွေ ဆွေးနွေးဖို့လား၊ ဖြေရှင်း ကြဖို့လား၊ ဒီလောက် ကြာမှတော့ လိုသေးလို့လား၊ ဇာတ်လမ်းက ပြီးသွား...”
“ထား အတွက် ကတော့ ဟုတ်မှာပေါ့။ မောင့်အတွက်က တော့ မပြီး သေးဘူး။ ထား မသိဘူးလားဟင်။ မောင်ထား ကို....”
“မောင် ဘာဖြစ်လို့ ကျွန်မ ဆီကို လာတာလဲဟင်”
နာကျင် စူးရှသော ဝေဒနာ သည် နှလုံး ဆီသို့။ ထိုမှ တစ် ဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့သွားသည်။ နှုတ်ခမ်း တို့သည် နာကျင်စွာ တုန်ယင်လျက် ပြောချင်သော စကားများကို ပြန် လည်မြို သိပ် ထားလိုက်သည်။ ထွက်သွား သင့်ပြီဟု သိလျက် နှင့် ခွဲခွာ ရမှာကို မတွေးတောရဲ။ ထားကို မက်မော စိတ်ဖြင့် တစ်မိနစ်ပဲ ငေးမော ရပါစေ၊ မောင်ခင်တွယ်စွာ နေချင်သေး သည် ထားရယ်။

“ပြတ်စဲတဲ့ စာချုပ် အတွက် လာတာလား။ မောင့်အတွက် ကွာရှင်း စာချုပ် လိုပြီလား”
တင်းထား ရသော ဝေဒနာသည် ခံနိုင် စွမ်းအားကို ကျော် လွန်သွား၏။ ထား ပခုံးကို ဆွဲကိုင်ပစ်လိုက်မိသည်။ ထား ကိုယ်ကို ဆွဲလှည့် လှုပ်ခါ ပစ်လိုက်သည်။
“ထား”
စူးနင့်သော အသံသည် တုန်ခါ နေလိမ့်မည်။ အက်ကွဲ ၍ပင် နေလိမ့်ဦးမည်။ မော့ကြည့် နေသော ထား မျက်နှာတွင် နာကျင်သော ခံစားရိပ် ကိုမြင်မှ စိတ်ကို လျှော့လျက် လက်ကို အားလျော့စွာ ဖယ်ချ လိုက်ရ၏။ နူးညံ့သော ထား၏ လက် မောင်းစွန်း လေးများ နာသွားပြီလား။ ဖြူဖွေး နုထွေးသော လက်မောင်း စွန်းလေးများသည် ခပ်ကြမ်းကြမ် ဆုပ်ကိုင် လိုက်လျှင်ပင် လက်ရာ ထင်လျက် နီမြန်း သွားတတ် သည် မဟုတ်လား။ လက်မောင်းသားကို လုံခြုံစွာ ကာကွယ်ထား သည့် အင်္ကျီစ အောက်၌ လက်ရာထင် မထင် မောင် မသိနိုင် ပါ။

တုန်လှုပ်မှုကို  ထိန်းလျက် မောင် ငေးနေခိုက် ထားက မျက်လွှာ ချလျက်၊ ကုလားထိုင် လက်ရန်းကို လက်သည်းလေး များဖြင့် ခပ်ဖွဖွ ခြစ်ဆွဲလျက်။ ဖြူနုသော၊ သွယ်ပျောင်း လှပ သော လက်ဖျားလေး များကို ဆုပ်ကိုင် ဆွဲယူ၍ မက်မက်မော မော နမ်းရှိုက် ခွင့်သည် ပျောက်ကွယ် သွားခဲ့ပြီနော် ထား။ မောင်နှင့်ထား၏ အိမ်ထောင်ဘ၀သည် တစ်နှစ်နဲ့ပဲ ပြီးဆုံး သွားရတော့မည်လား။ မောင့်အတွက် ထားက သည့်ထက် အချိန်မပေးနိုင်ပြီလား။

“လွန်ခဲ့တဲ့ သုံးလေးလက မောင် ကျွန်မကို ဒီလို မေးခဲ့ဖူး ပါတယ်။ အဲဒီတုန်းက ကျွန်မ ဒီလောက် စိတ်ဆိုးခဲ့ သလား”
မောင် မေးခဲ့ သားပဲ။ ထားကို လူကိုယ်တိုင် စကားပြော ချင်လွန်း၍ တယ်လီဖုန်းနှင့် လှမ်းမေး ခဲ့သည်လေ။ မောင် ကွာရှင်း ချင်၍ မဟုတ်ပါ ထား။ ထားသဘောကို သိချင်လွန်း လို့ တိုက်ရိုက် မမေးဝံ့၍ မေးခဲ့ ရခြင်းပါ။
“မောင် စိတ်မဆိုး ပါဘူး ထား။ စိတ်ထိခိုက် တာပါ”

မောင်က ဘယ်သူနှင့် ယူတော့မှာမို့ ကွာရှင်း စာချုပ် လိုရမှာလဲ ထားရယ်။ ထားကို မေးခဲ့စဉ်ကတော့ ထား မောင့် ကို စိတ်မဆိုး ခဲ့တာ မောင် သိပါရဲ့။ စိတ်လည်း မထိခိုက်ခဲ့ ဘူး မဟုတ်လား။ ထား ကွာရှင်း စာချုပ် လိုပြီလား၊ လက်မှတ် ထိုးဖို့လိုရင် ကျွန်တော့်ကို ခေါ်လိုက်နော် ဟု ပြောခဲ့ သည်ကို ထားက တကယ် ထင်ခဲ့ သည်လေ။ ဟင့်အင်း ကျွန်မ အတွက်  ကတော့ မလိုပါဘူး။ ကိုနိုင်အေး လိုတဲ့ အချိန် ကျွန်မဆီ လာယူနိုင်ပါတယ်။ ကျွန်မ အတွက်က စာချုပ်တွေ ဘာတွေ ကို သိပ် အရေးထားတာ မဟုတ်ပါဘူး။ လူတစ်ယောက်လုံး ရဲ့ အပြုအမှု အဖြစ်အပျက် ထက်၊ ဘာမဟုတ်တဲ့ စာရွက်ပေါ် က စာလုံးတွေ လက်မှတ် တွေက တန်ဖိုး ရှိနေ ကြတာရယ် တော့ ရယ်စရာ ကောင်းတယ် နော်တဲ့။ ထားက အေးဆေး ညင်သာစွာ ပြောခဲ့ သည်လေ။ ထို့နောက်တော့ မောင် သိပ် စကား ပြောချင် နေသည့် ဆန္ဒကို မသိ၍လား... သို့မဟုတ် မသိ ကျိုးကျွန် ပြု၍လား...၊ သို့မဟုတ် မလိုအပ် ဘူးထင်၍ လား...၊ နှုတ်ပင် မဆက်ဘဲ ပြတ်တောက်စွာ ဖုန်းကိုချ သွားသည် မဟုတ်လား ထားရယ်။ ထိုနေ့ညက မောင် ဂစ်တာ ကို အဖော်ပြု၍ မူးယစ် အောင်ကြိုးစားရင်း ထားအား တမ်းတ မွတ်သိပ်မှုကို မေ့ပျောက် အောင် ချိုးနှိမ်ခဲ့ ရတာ ထား ဘယ်သိ နိုင်မှာလဲ။

“စိတ်ထိခိုက် တာလား၊ ဒါဆိုလည်း ပြောမိတဲ့ အတွက် ကျွန်မက တောင်းပန် ရမှာပေါ့”
စကားသံ က ချိုသာသည်လား၊ အေးစက် သည်လား မခွဲ ခြား တတ်နိုင်။ အေးစက်စက် မျက်နှာထားကို နာနာ ကျင်ကျင်  စိုက်ကြည့်ရင်း ဖြစ်ပေါ်လာသည့် တောင့်တမှုကို ကျိတ်မှိတ် မျိုသိပ် လိုက်ရသည်။ ပန်းရောင် ဖျော့ဖျော့ နှုတ်ခမ်း နုနုလေးကို မကြည့်မိ အောင် မျက်စိ လွှဲလိုက်သော အခါ အင်္ကျီလွတ်သည့် လည်တိုင် နွဲ့နွဲ့နှင့် ခိုင်မာသော မေးရိုးကို ပီပီပြင်ပြင် မြင်နေ ရသည်။ နိုင်အေး အကြိမ်ကြိမ် နမ်းရှိုက် ခဲ့ဖူးသော လည်တိုင် နွဲ့နွဲ့လေးက ပို၍သွယ်ပြီး ပို၍ရှည်နေ သည်။

“ထား ပိန်သွားတယ်နော်။ နေမကောင်း ဘူးလား”
လူချင်း စတွေ့စဉ် ပြောရမည့် ပဋိသန္ဓာရ စကားကို ခုမှ ဆိုဖြစ်သည် ကြောင့် ထင်သည်။ ထားက နှစ်နှစ် ခြိုက်ခြိုက် ပြုံးရယ် လိုက်လေသည်။ ထိုခဏ၌ ထား အပြုံးသည် လမ်းခွဲ ခါနီး လပိုင်းက အပြုံးမျိုး မဟုတ်ဘဲ ချစ်ခင် နှစ်လိုမှု ကိုပင် တွေ့နိုင် သလို ထင်မိသည်။

“နေကောင်း ပါတယ်။ ပိန်တာက ကွန်ထရာ ဆက်ပ် တစ်ဗ်စ်တွေ အဲ...”
ထားနှင့် ချစ်သူ ဘ၀မှာ သုံးနှစ်၊ အိမ်ထောင်သည် ဘ၀ မှာ တစ်နှစ်၊ စုစုပေါင်း လေးနှစ် ရင်းနှီးခဲ့ ပြီးပေမဲ့ ထား သုံးနှုန်း သော ဝေါဟာရ များကို မောင် နားလည်အောင် မကြိုးစား မိတာ မောင့်ရဲ့လိုအပ်ချက် ပေါ့။ မောင် ၀န်ခံသည်လေ။ ထားက တော့ မောင့်ဂီတ ဝေါဟာရ တွေနှင့်လည်း အကျွမ်း ၀င်သည်။ ဂီတနှင့် ပတ်သက်သော လူများစွာ၊ အရာဝတ္ထု များစွာကိုလည်း အကျွမ်း ၀င်သည်ပဲ မောင့်ကို ခွင့်လွှတ်ပါ။

“ပဋိသန္ဓေ တားဆေးကို ပြောတာပါ။ အဲဒီဆေး ကိုဖြတ် ရင် ပိန်သွား တတ်တယ်လေ။ ဖြတ်ခါစက ဒါထက် ပိန်သေး တယ်။ အခု ၆ လလောက် ကြာလို့ နည်းနည်း ပြန်ပြည့်လာ တာ”
ပြုံးရယ်လျက် ပြောနေသော ထားမျက်နှာကို မုန်းတီး စိတ်က ရုတ်ချည်း ပေါ်လာသည်။ ပဋိသန္ဓေ တားဆေး။ မောင် သိပ်မုန်းသော စကားလုံးကို ထားက ပြောဖြစ်အောင် ပြော သေးသည်နော်။ မောင်နှင့်ထား ကွဲခဲ့တာ ဒီကိစ္စလည်း အဓိက အကြောင်းထဲမှာ ပါသည်ပေါ့။ မောင်လိုချင် လျက်နဲ့ ထားက မှ ကလေး မပေးချင်ပဲလေ။

“တော်တော့ ထား မပြောနဲ့”
မောင့်အသံ ပြတ် တောက်စူးရှ သွားတာ စိတ် မကောင်းပါ။ မောင်မှ သည် စကားတွေကို မကြား ချင်ဘဲ။
ကလေး မလိုချင်ဘူး ဆိုတဲ့ ထား၊ မိခင်စိတ် ဆိုတာ တစ်ပြားသားမှ မရှိတဲ့ ထား၊ ခက်ထန်သော ထား၊ ကလေး ဆိုတာ ထားတို့ ဘ၀မှာ မလို သေးပါဘူး နော်တဲ့။ ကလေး ရှိနေရင် တစ်ခုခု ဆုံးဖြတ်စရာ ရှိရင် နှောင့်နှေး တွန့်ဆုတ် တတ်တယ်တဲ့။ သည်က တည်းက ထားဆိုလို ချင်တာ ကို မောင်သိလိုက် သားပဲ။ နောက်ပြီး ကလေး သံယောဇဉ် ကြောင့် မရှိတော့ တဲ့သစ္စာကို မထိန်းချင်ဘဲ ဟန်ဆောင် အောင့်အည်းပြီး ထိန်းနေ ရတဲ့ အိမ်ထောင် မျိုးကို ထားမလို ချင်ဘူး တဲ့။ တစ်ယောက်ကို တစ်ယောက် မလို ချင်တော့ ရင် ဘာကိုမှ မငဲ့ဘဲ ပြတ်စဲ ကြစတမ်းတဲ့။ ထားရဲ့ လှပ သော နှုတ်ခမ်းလေး သည်မျှ အကျည်းတန်သော စကား များကို ပြောထွက် ခဲ့တာ မောင် အံ့သြ၍ မဆုံးပါ။ ချစ်စ ခင်စ ကြင်နာစ ဘ၀မှာ ပြတ်စဲ ကွာရှင်းမယ့် အကြောင်း တွေကို ပြောလာ ကတည်းက မောင် ထားကို ကြောက်ခဲ့မိ သည်။ ယုံကြည် မှုလည်း မဲ့ခဲ့သည်။ သစ္စာ ဖျက်သွား မည်လားလို့ စိုးရိမ် ပူပန်ခဲ့မိ သည်။

“မောင် စိတ်ထိခိုက် သွားတယ် ထင်တယ်။ ၀မ်း နည်းပါတယ်။ အစ ကတည်း က ချစ်သူဘ၀ မှာကတည်း က မောင့်ကို ကျွန်မ ပြောသား ပဲ။ မောင်နဲ့ ကျွန်မ လက်ထပ် ရင် သိပ်ပျော် ရမယ် မထင် ဘူးလို့၊ ဒီအကြောင်းတွေ မြင် ခဲ့လို့ ကျွန်မ ပြောခဲ့ တာပါ။ ကျွန်မ ပေးချင်တဲ့ အချစ်နဲ့ မောင်လိုချင်တဲ့ အချစ်နဲ့ မတူ ဘူး။ မောင် ကျွန်မကို ချစ် တယ်။ ကျွန်မက မောင့်ကို ချစ်တယ်။ ဒါပေမဲ့ အချစ် ချင်း မတူဘူး။ ကျွန်မလိုချင် တဲ့အချစ်မျိုးကို မောင်က မပေးနိုင် ဘူးလေ။ မောင်နဲ့ ကျွန်မနဲ့ လက်မထပ် ခဲ့ရင် ကောင်းမှာ”

ကျင်ခနဲ စူးနင့် သွားခြင်းကို နှုတ်ခမ်း တင်းတင်းစေ့၍ ဖိနှိပ် ခံစားရင်း လက်ဖျားများကို ဆုတ်ချည် ဖြန့်ချည်ပြုကာ ငေးမော နေလိုက်သည်။ သည်ခဏ၌ ထားအား နာနာကျည်း ကျည်း တွန်းဖယ် ပစ်ချင် လာသည်။

“မောင်နဲ့ လက်ထပ် ခဲ့တာ သိပ်မှားတာပဲ”
အော်ဟစ် ပေါက်ကွဲ ပစ်ချင်စိတ်ကို အတတ် နိုင်ဆုံး ထိန်းချုပ် ထားလိုက် ရ၏။
“ဘာလဲ ထားက လက်ထပ် ခဲ့တာ မှားတယ် လို့တောင် ထင်နေ ပြီလား။ အပျို ဘ၀ကို ပြန်လို ချင်ပြီလား၊ လက်ထပ်ခဲ့ တာကို နောင်တ ရဖို့ အကြောင်း အရာတွေ”

“အပျို ပြန်ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ကျွန်မ အထင်ပေါ့ လေ၊ အပျိုနဲ့ တစ်ခုလပ်နဲ့ မိန်းမဆိုတဲ့ ရောင်းကုန ပစ္စည်းအဖြစ် သာ တန်ဖိုး ကွာချင် ကွာမယ်။ လူ့လောကမှာ အကျိုးရှိစွာ နေထိုင် ဖို့အတွက် ကတော့ တန်ဖိုးချင်း အတူတူပါပဲ။ လင်မရ သေးတဲ့ ဆရာဝန်မ ထားနဲ့။ လင်နဲ့ ကွဲနေတဲ့ တစ်ခုလပ် ဆရာဝန်မ ထားဟာ ဘာများ တန်ဖိုး ကွာလို့လဲ၊ ကျွန်မ ပြောချင်တာက တခြားပါ။ ကျွန်မတို့ရဲ့ ချစ်သူ ဘ၀ ပျော်ရွှင်ချိန် တွေကို လက်ထပ်ခြင်း နဲ့အတူ ပေးဆပ် လိုက်ရတာ ကို ၀မ်းနည်းလို့ ပါ။ အဲဒါကို မှားတယ်လို့ ယူဆ တာပါ။ လက်ထပ်ခြင်းကို စဉ်းစား လာတဲ့ အချိန်က စပြီး မောင်နဲ့ ကျွန်မနဲ့ သဘောထား တွေ ကွဲလွဲ လာခဲ့ကြတယ် မဟုတ်လား။

“မောင်က လက်ထပ်ခြင်းကို သိပ်လိုချင်တယ်။ လက် ထပ်ခြင်းကြောင့် ကျွန်မတို့ နှစ်ယောက် သိပ်ကို သာယာ ကြည်နူးမယ်လို့ ထင်တယ်။ နောက်ပြီး မောင်က လက်ထပ် ခြင်းဟာ ချစ်ခြင်းရဲ့ အဆုံးသတ် အချစ်ဟာ လက်ထပ်ခြင်း ဆို တဲ့ ကဏ္ဍကို မလွဲမသွေ ရောက်ရ မယ်လို့ ယူဆတယ်။ ကျွန်မ က ဒီလိုမယူ ဆခဲ့ဘူး။ လက်ထပ်ခြင်းဟာ ချစ်ခြင်းရဲ့အနည်း ငယ်သော အစိတ် အပိုင်းလို့ ယူဆတယ်။ လက်ထပ်ခြင်းဟာ ချစ်သူတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာ မဟုတ်ဘူးလို့ ယူဆတယ်။ အဲဒီကစပြီး ကွဲလွဲခဲ့ ကြတာ ပါပဲလေ”

“လက်ထပ်ပြီး တဲ့အခါ ချစ်သူချင်း အတူ နေထိုင်ပေါင်း သင်းရတဲ့ ဘ၀ ကတော့ အင်မတန် တမ်းတ ဖွယ်ရာ၊ ပျော်ရွှင် ဖွယ်ရာပါပဲ။ ဒါပေမဲ့ လက်ထပ်တဲ့ အခါ အဲဒါ တစ်ခု ထဲရလာ တာ မဟုတ်ဘူး။ အသစ် ဖြစ်ပေါ် လာတဲ့ လူမှုရေး တာဝန်တွေ၊ အိမ်ထောင်ရေး တာဝန်တွေ၊ ကြီးလေး လှတဲ့ ၀တ္တရားတွေ၊ ဒါတွေပါ ပိုလာတာ။ အဲဒီတော့ အဲဒီ တာဝန်တွေ၊ ၀တ္တရား တွေကို လူမြင်လို့ တင့်တယ်အောင်၊ နေထိုင်လို့ သင့်လျော် အောင် ဆောင်ရွက် ကြတဲ့အခါ အနည်းနဲ့ အများ ချစ်ခြင်း ကိစ္စ ကို မေ့ထား ကြရတယ်။ (စိတ်မရှိနဲ့နော်) လင်မယား အတူတူ ညအိပ်ဖို့ လောက်ကိုပဲ အချစ်လို့ လွဲမှားစွာ ယူဆ လိုက်ဖို့ ရှိတော့တယ်။ အဲဒီလို ဘ၀ကိုမှလည်း အိမ်ထောင်သည် ပီသ တယ်လို့ သတ်မှတ်တယ် ထင်ပါရဲ့။ ကျွန်မကတော့ အချစ်ထဲ မှာပဲ နစ်မြှုပ် နေချင်သူ။ အချစ် အရသာကို သိမ်မွေ့စွာ၊ လွမ်းမက်စွာ ခံစား နေချင်သူ။ ကျွန်မလို လူမျိုးဟာ ဘယ်တော့ မှ လက်မထပ်ရင် အကောင်းဆုံးပဲ။ အိမ်ထောင်ဘက်ကို အချစ် သန့်သန့် တစ်ခုကလွဲပြီး ဘာတာဝန်ဝတ္တရားမှ ကျေကျေ ပွန်ပွန် လုပ်မပေး နိုင်ဘဲကိုး။ ဒါပေမဲ့ မောင့်ကို ကျွန်မ လိုက်လျော ခဲ့သားပဲ။ မောင့်သိပ်လို ချင်တဲ့ ဆန္ဒကို ကျွန်မ လိုက်လျော ခဲ့တယ်လေ။ မောင့်ကို ကျွန်မ လက်ထပ် ခဲ့တယ် လေ”

တစ်ခါမျှ သည်သို့ ရှည်လျား သောစကားကို မဆိုခဲ့ သည့် ထားအား တအံ့ တသြ ငေးမော နားထောင်ရင်း ဟိုစဉ်က ဘာဖြစ်လို့ သည်စကားတွေ မပြောခဲ့ သလဲ။ စကားအလွန် နည်းခဲ့ သလဲဟု အပြစ်တင် ချင်လာသည်။
“အဲဒီလို လက်ထပ် ခဲ့တဲ့ အနှစ်သာရ ကတော့ ကျွန်မ လင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ ရတာပဲ”

“ဒီလို မပြောနဲ့ ထား မောင်က...”
“နေပါဦး မောင်၊ ကျွန်မ စကားမဆုံး သေးပါဘူး။ နောက်ပြီး မောင်က သိပ်ကလေး လိုချင်တယ်၊ ကျွန်မက ကလေး မလိုချင်ဘူး။ ကလေးအတွက် ကျွန်မ အိမ်ထောင်ရေး မှာ နေရာ မပေး ချင်ဘူး။ ဒီတော့ ပဋိသန္ဓေ တားဆေးတွေ သုံးခဲ့တယ်။ မောင်က ကျွန်မကို အကြင်နာ မဲ့တယ်၊ မိခင်စိတ် ခေါင်းပါးတယ်၊ ယုတ်ညံ့တယ်လို့ စွပ်စွဲခဲ့ တယ်နော်။ ဒီအချိန် မှာတော့ ကလေး မရှိလည်း ဘ၀မှာ နေပျော် သေးသားပဲ။ နောက်ပြီး တူတွေ၊ တူမ တွေလည်း အရှိသားပဲ၊ ဘာပဲဖြစ်ဖြစ် ထားအတွက် ကလေး မလိုသေးဘူး။ နောက်ပြီး (စိတ်လည်း မဆိုးနဲ့ဦး) တကယ်တမ်း ကျတော့ လင်ဆိုတာလည်း ထား အတွက် မလိုပါဘူး။ လိုအပ် တာက ချစ်သူပဲ၊ တစ်သက်လုံး ချစ်သူအဖြစ် မောင့်ကိုပဲ လိုအပ် ခဲ့တယ်။ ကျွန်မက မောင့်ကို သိပ်ချစ် တာကိုး။ မောင်က လွဲရင် ဘယ် အရာကိုမှ နေရာ မပေး ချင်ပဲကိုး”

ကြည်နူးစိတ်၊ လွမ်းမော စိတ်နှင့်အတူ ထား၏ အေးဆေး သော မျက်နှာလေးကို မက်မောစွာ မျက်နှာချင်း အပ်ထား ချင်လာသည်။ သို့ပေမယ့် တစ်ချိန် တည်းမှာပင် စိတ်ထိခိုက်မှု၊ နာကျည်းမှု များနှင့်အတူ ထားကို မျက်နှာ လွှဲပစ်လိုက်ချင် သည်။ ယုံချင်စိတ်နှင့် မယုံကြည် စိတ်သည် တစ်ခုနှင့်တစ်ခု အားပြိုင်နေ၏။

“မဟုတ်သေးဘူးလေ၊ မောင့်ကို ထား သိပ်ချစ်တယ် ဆိုရင် ထား ဘာလို့ မဆွေးနွေး ခဲ့သလဲ။ ဘာကို မကျေနပ် တာလဲဆိုတဲ့ စကားနဲ့တောင် မောင့်ကို ထား အသိအမှတ်ပြု ခဲ့လို့လား ထားရယ်”
“မောင့်ကို ကျွန်မ ဘာမှ မပြောခဲ့ဘူး။ ဟုတ်တယ်လေ မောင်က ထားနဲ့တော့ အတူပေါင်းသင်းလို့ မဖြစ်တော့ဘူး ထင်တယ်ဆိုတော့ ကျွန်မ ဘာပြောရဦးမှာလဲ။ ကျွန်မ အစက တည်းက ဒီလိုထင်ခဲ့တာ မောင် အသိပဲ။ မောင်ထွက်သွား တာ ကျွန်မ တားဖို့ လိုလို့လား”

“ဒါပေမဲ့ မောင်စိတ်တိုလို့ ထွက်သွားတဲ့ နေ့က အပြီး အပိုင် ထွက်သွား ပြီလို့ ထားကိုများ ပြောခဲ့လို့လား၊ ခါတိုင်း သီချင်း သွင်းဖို့ သွားသလို ထွက်သွား လိုက်တာပဲ၊ ရန်ကုန်မှာ မောင်နှစ်ပတ်တောင် မကြာခဲ့ ပါဘူး။ ထားနဲ့ မခွဲနိုင်လို့ မန္တလေးကို ပြန်လာခဲ့ တယ်လေ။ ဒါပေမဲ့ ထားက သိပ်စိတ် ဓာတ် အေးစက် ခဲ့တဲ့ ထားက မောင့်အိမ် ကနေ မိဘဆီ အပြီး အပိုင် ပြန်သွား ခဲ့ပြီလေ။ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လွင့်မျောနေ ခဲ့တဲ့ အချိန်တွေကို မောင်ခုမှ နှမြောခဲ့တယ်။ မောင်သာ ထား ကို အမြန်ဆုံး လိုက်ခေါ်နိုင်ရင် ဒီလောက်ထိ အေးလေ ဒီတုန်း က သစ်စိမ်း ချိုးချိုး ရက်လေခြင်းလို့ ထားကို မောင် နာကျည်း ခဲ့သေး တာကိုး။ နောက်ပြီး မောင် ထင်သွားတယ်၊ ထား မောင့်ကို စိတ်ကုန် သွားပြီလို့”

“မောင့်ကို ကျွန်မက စိတ်ကုန် တာလား မောင်က ကျွန်မကို စိတ်ကုန် တာလား”
“မောင် ထားကို စိတ်မှ မကုန်နိုင်တာ။ ထားရဲ့ ဆရာဝန် အဖြစ်ကို ဂုဏ်မက်တဲ့ မိဘတွေ ရဲ့သမီး အဖြစ်ကို မောင် စိတ်ကုန် ခဲ့တာ ၀န်ခံပါတယ်။ ဒါပေမဲ့ ထားရဲ့ ကဗျာ ဆရာမ အဖြစ်ကို မောင်စုံမက် တယ်လေ။ ထားကလည်း မောင့်ရဲ့ ဂီတသမား အဖြစ်ကို စုံမက် တယ်လို့ မောင် ထင်ခဲ့တာ”

“ဟုတ်သားပဲ မောင်၊ ကျွန်မ ပတ်ဝန်းကျင် အသိုင်း အ၀ိုင်းနဲ့ မတိုက်ဆိုင် ပေမယ့် မောင်တစ်ယောက် နဲ့တော့ တိုက်ဆိုင်မှာ ပဲဆိုပြီး အချင်းချင်း ဖလှယ် ခဲ့တာပေါ့”
“ဒါပေမဲ့ မောင် စိတ်တိုလို့ ပေါင်းသင်းလို့ မဖြစ်တော့ ဘူးလို့ ပြောလိုက် တာကို ထားက အသိအမှတ် ပြုဆွေးနွေး မယ်ထင်ခဲ့တာ မောင်အမှားပဲ။ ထားက ဒီအတိုင်း နေခဲ့တယ် လေ။ ဟုတ်လား မောင်လို့တောင် မေးဖော် မရဘူး။ အလွန် အေးစက်တဲ့ အကြည့်နဲ့ မောင့်ကို ထားရဲ့လူနာ ကြည့်သလို ကြည့်နေ ခဲ့တယ် နော်။ မောင် သိပ်ခံပြင်း လွန်းလို့ ထွက်သွား ခဲ့မိတာပါ။ နောက် ထား ထွက် သွားတော့ မောင် စာလှမ်းရေး ခဲ့တာကိုလည်း ထား မပြန်ခဲ့ဘူး နော်။ သိပ်စိတ်ကြီးတဲ့ ထား ကို မောင် ဘယ်လို တောင်းပန်မှ ကျေအေးမှာလဲ”

“စာပြန်ဖို့ မလိုဘူး ထင်လို့ပါ၊ ခွဲခွာ သူချင်း နှုတ်ဆက်ရုံ စကားတွေ ကလွဲပြီး သိပ်အဓိပ္ပာယ်”
“ဘယ်လိုပြောလိုက်တာလဲ ထား။ အဲဒီစာထဲမှာ နှုတ်ဆက် စကား တစ်ခွန်းမှ မပါဘဲ ထား ပြန်လာဖို့ ထား ထား မောင့်စာကို”
“ဟုတ်တယ် မောင့်စာကို ထား မဖတ်ခဲ့ဘူး”
“ထားရယ်”

နာကျင် ထိခိုက် စေသည့် ထား အပြုအမူများ စိတ်ဓာတ် များကို ၀မ်းနည်းစွာ သိလိုက် ရချိန် နှလုံးဆီကို ပြင်းထန်စူးနစ် စွာ အကန်ခံ လိုက်ရသလို နာကျင် သွားသည်။

“လွယ်လှချည်လား ထားရယ် သိပ်ကို လွယ်လှချည် လား။ ထားအတွက် လင် မယား ကွဲတယ်ဆိုတာ လွယ် လှချည်လား”
ထား နှုတ်ခမ်း၌ မဲ့ပြုံး ကို ထင်ရှားစွာ မြင်လိုက်ရ ၏။ မဲ့ပြုံးနှင့် ဆန့်ကျင်စွာ ထား မျက်ဝန်းမှာ မျက်ရည် တို့ ရစ်ဝိုင်းနေသည်ကို မြင် ရပြန်သည်။ နိုင်အေးကို မကြည့်ဘဲ လမ်းမ ဘက်ကို စိုက်ငေးရ၏။

“ထား မိဘတွေကို လည်း မောင် သိပ်ကြောက် သွားတယ်။ ဖွဲ့စည်းပြီးတဲ့ အိမ်ထောင် တစ်ခု လွယ်လွယ် လေးနဲ့ ပြိုကွဲမှာကို ဒီအတိုင်း ကြည့်နေ ရက်တယ် နော်။ မောင် ထားဆီး မလာရဲ ခဲ့ပါ ဘူး”
“ဖေဖေနဲ့ မေမေက ထားနဲ့ မောင် ကွာရှင်းဖို့ အထိ ပြတ်စဲကြတာ ခုထိ မသိသေး ပါဘူး”
“ဟင်”
အံ့သြ တုန်လှုပ်စွာ ထား ကို လှမ်းကြည့် လိုက်မိသည်။ ထားက လမ်းမပေါ် ငေးဆဲ ပင်။ မဲ့ပြုံးက ပျောက်ပြယ် သွားလေပြီ။
“မောင် ရန်ကုန်မှာ သီချင်းကိစ္စ၊ တီဝိုင်းကိစ္စ အဆင်ပြေလို့ ရန်ကုန်မှာပဲ နေတယ်လို့ ပြောထားရ တယ်။ မောင့်မိဘ အိမ်မှာ မောင်မရှိဘဲ မနေခဲ့ချင်၊ ရန်ကုန်လည်း မလိုက်ချင်လို့ ရေနံချောင်း ပြန်လာပြီး ဆေး ခန်းဖွင့် ချင်တယ်လို့ ပြော ထားခဲ့တာ”

“ယုံတယ်”
“အစကတော့ မယုံ ဘူးလေ။ ကျွန်မလည်း နည်း နည်း မူပျက် ခဲ့တာကိုး။ လိုက်သွားဖို့ တိုက်တွန်း တယ်။ ကိုယ်က မိန်းကလေး ပဲ တောင်းပန် စရာရှိရင် တောင်းပန် ကျေအေးလိုက်  တဲ့၊ ကျွန်မက တောင်းပန် ခြင်းဆိုတာကို သိပ်မလုပ် ချင် ဘူး။ ခု ကျွန်မ မှန်တယ်လို့ ယူဆတော့ ဘယ့်နှယ် လုပ် ပြီး တောင်းပန် ရမှာလဲ။ မေမေတို့ကို တော့ ရယ်ရယ် မောမောနဲ့ ငြင်းထားလိုက် ရတာပေါ့။ ဣနြေ္ဒ မပျက် မောင့်မယား အဖြစ်နေခဲ့တာ ပေါ့”

“ထား မှန်တယ် ဆိုတော့ မောင်မှား တယ်လား”
“ဟင့်အင်း မောင် မမှားပါဘူး။ မောင်လည်း မှန်သား ပဲ။ ထားလည်း မှန်တယ်လေ။ တစ်ယောက်က မှားပြီး တစ်ယောက်က မှန်ရင် ဒီအိမ်ထောင်က ညှိလို့ ရသေးတယ်။ နှစ်ယောက် စလုံး မှန်ရင် ညှိဖို့ မလွယ်ဘူး ထင်တယ်”
“အမှန် တရားဆိုတာ နှစ်မျိုး မရှိပါဘူး ထား”

“ဟုတ်တာပေါ့။ ဒါပေမဲ့ တစ်မျိုးတည်း အတွက်သာ အမှန် နှစ်မျိုး မရှိတာ။ တစ်မျိုးစီ အတွက်တော့ အမှန် တစ်မျိုးစီ ရှိမှာပေါ့။ မောင်နဲ့ ကျွန်မက တူမှ မတူဘဲ။ မောင် ပေးတဲ့ အချစ်ကို ကျွန်မ မရဘူး။ ကျွန်မ ပေးတဲ့ အချစ်ကို မောင် မရဘူး။ ပေးတော့ ပေးနေ ကြတာပဲ။ မရကြ ဘူးလေ။ အယူ မတူတာတွေ ပြောရရင် တော့ ဆုံးမှာ မဟုတ်တော့ဘူး”
“ထားက သိပ်ကို စိတ်ကူး ယဉ်တာကိုး။ ဆရာဝန်လုပ် ဖို့ မကောင်းဘူး”

“မောင်ကလည်း သိပ်လက်တွေ့ များလွန်းတယ်။ ကိုယ် ကာယ ခံစားမှု များလွန်းတယ်။ မောင်လည်း ဂီတသမား အဆိုတော်ဖြစ်ဖို့ မကောင်းဘူး”
ထားသည် နိုင်အေး အား အိမ်ထောင်သည် ဘ၀တုန်းက မဝေဖန် ခဲ့ဘဲ ခုမှ ဝေဖန် နေလေသည်။ ထို့နောက်တော့ တစ် ယောက်မျက်နှာ တစ်ယောက် မာနကင်းစွာ၊ ရန်လိုမှု ကင်းစွာ ကြည့်နိုင် လာပြီး ခပ်သဲ့သဲ့ရယ် မော မိကြ ပြန်သည်။
“ထားမှာ နောက်ထပ် တွယ်တာ ရမဲ့ အဲ့လေ တွဲဖြစ်သူ ရှိနေပြီလား”
ထားသည် နိုင်အေး ထံမှ မျက်နှာလွှဲလိုက်၏။ ခေါင်းငုံ့ သွားကာ သူ့လုံချည်ပေါ်မှ ပန်းပွင့်သေးသေး လေးများကို လက်ညှိုးဖြင့် လိုက်ထောက် ဆော့ကစား နေရင်း ငြိမ်သက် နေ၏။ နိုင်အေးသည် ထားကို ကြည့်ရင်းရင်၌ တွန့်တိုခြင်း၊ နှမြောခြင်း၊ မွတ်သိပ်တောင့်တခြင်း တို့ဖြင့် ပူလောင်လာသည်။

“ဟင် ထား”
“ဖေဖေနဲ့ မေမေသာ မသိတာ မဟုတ်ဘူး။ ဒီရေနံ ချောင်းတစ်မြို့လုံး ထားနဲ့ မောင် ကွဲခဲ့တာကို မသိကြပါ ဘူး။ ထားမှာ ယောက်ျားရှိတယ်။ အဆိုတော် နိုင်အေး ဆိုတာ လူတိုင်း”
“ထား”
စိတ်လှုပ်ရှားစွာ ထား လက်ဖျားလေး များကို ရုတ်တ ရက် ဖမ်းဆုပ် ထားလိုက်မိ၏။

“သတင်းစာ ထဲကနေ မပြတ် မစဲမချင်း သူတို့အမြင်မှာ ထားဟာ မောင့်မယားပဲ”တိုးတိတ်လွန်းသော ထား အသံ သည် လေသံ သဲ့သဲ့မျှသာ ဖြစ်သော်လည်း နိုင်အေး ကောင်းစွာ ကြားပါသည်။

“မောင် အဆိုတော် ဝေေ၀လွင်နဲ့ ယူမလို လိုထိ တွဲခဲ့တာ သူတို့ ကြားတော့ တစ်စွန်း တစ်စ မေးကြတယ်။ ထားက ရယ်ရယ်ပြုံးပြုံးနဲ့ နိုင်အေးက ထားကို ဘယ်တော့မှ ပစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ ရတယ်လေ။ ဒါပေမဲ့ တကယ်တမ်း တော့ အဲဒီလို မထင်ပါဘူး။ မောင် တစ်နေ့ လက်မှတ်လာ တောင်းမယ်ဆိုတာ သိသားပဲ”

“ထားရယ် ဝေေ၀လွင်နဲ့ မောင် တွဲခဲ့ တာမှန်ပါတယ်။ ဒါပေမဲ့ ထားကလွဲလို့ မောင် ဘယ်သူ့မှ လက်မထပ်နိုင် ဘူး”
ထားက ပြုံးမဲ့မဲ့ဖြင့် လက်ကလေးကို မသိမသာ ပြန် ဆွဲယူသွား၏။ နိုင်အေး ရင်သည် လှိုက်မော လျက်ရှိသည်။ ထားတွင် ဟိုစဉ်ကလို မောင့်အပေါ် တမ်းတမှုတို့ မရှိတော့ ပြီလား။ ထို့ပြင် မောင်က သည်ခြောက်လ အတွင်း စိတ်ပြေ လက်ပျောက် သဘောမျိုး တွဲခဲ့ ရင်းနှီး ခဲ့သလို ထားမှာ။

“ထား”
ဖြည်းလေးစွာ မတင်လိုက်သော မျက်တောင်တို့ဖြင့် မျက်လွှာပင့် သွားသော အခါ မှုန်ဝေသော မျက်လုံး ညိုညိုတို့ ကို တွေ့ရသည်။
“ဒီကြားထဲမှာ ထား ဒီလိုပဲ နေခဲ့တာ လား ဟင်”
မောင့် မေးခွန်းကို ထား နားလည်နိုင် ပါမည်လား၊ ပါးနပ်လှသော ထားက မောင့် စကားကို နားလည် ပါလိမ့် မည်။
“ဒီအတိုင်းပေါ့ နိုင်အေး မိန်းမ အဖြစ်နဲ့လေ”
“မဟုတ်ဘူး။ မောင် မေးချင်တာက ထား တစ်ယောက် တည်း နေရတာ တစ်ခါ တစ်ခါကျတော့ တစ်ယောက် ယောက် ကို မတမ်းတဘူးလား”

ထားက ရုတ်တရက် ပြုံးလိုက် သော်လည်း ပါးလျား သော ပါးပြင်သည် နီရောင် သမ်းသွားလေသည်။
“ဆောရီး ထားရယ်... မောင်က”
“ကိစ္စမရှိပါဘူး။ မောင် မေးတာ ကျွန်မ သဘောပေါက် ပါတယ်။ ကျွန်မလည်း အရွယ်ရှိတဲ့ မိန်းမ တစ်ယောက်ပဲ။ သဘာဝ အလျောက် တစ်ခါ တစ်ခါတော့ တမ်းတတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ မိန်းမတွေမှာ မောင်တို့လို လွတ်လပ်စွာ ခံစား နိုင်ခွင့် မရှိဘူးလေ။ ဒါပေမဲ့ တကယ်လို့ အဲဒီလို လွတ်လပ်ခွင့် ရခဲ့ရင် တောင်မှ ကျွန်မကတော့ မလိုပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ အတွက် မောင်က လွဲလို့ ဘယ်သူ့ ကိုမှ မလိုဘဲကိုး။ မောင်တစ်ယောက် ကိုတော့ တောင့် တမိတာပေါ့။ မောင်က လွဲရင်တော့ ဘာမှ မလိုချင်ဘူး”

ကြည်နူး ဆွတ်ပျံ့မှုနှင့်အတူ လှိုက်ဖိုသော ခံစားမှုက ဆံဖျားမှ ခြေဖျားအထိ ပျံ့လွင့်လာသည်။ ငေးမောနေသော ထား မျက်တောင်တို့သည် စင်းလျက်ရှိ၏။ ရှက်ရိပ်ဖြင့် နူးညံ့နေသော နှုတ်ခမ်းနုလေးကို (မက်မောစွာ ဆွဲယူထိကပ် နမ်းလို စိတ်ကို ထား ရိပ်မိသွားမှာလည်း မကြောင့်ကြမိဘဲ) တမက်မောမော ငေးစိုက် ကြည့်နေလိုက်၏။ ထား မျက်နှာ အား ဆွဲ ယူနမ်းဖို့ စိတ်က ကြံရွယ်ဆဲ ထားက ပြုံးလေသည်။

နောက်ပြီး မောင်တို့ထက် ကျွန်မတို့ မိန်းမ တွေသာ တာ ရှိတယ်။ မောင်တို့က အတွေ့ ချစ်မှ ချစ်တတ်တယ်။ ကျွန်မတို့ မိန်းမ တွေက အငွေ့ချစ်နဲ့ လည်း စွဲစွဲမြဲမြဲ ချစ်နေနိုင် တယ်”
မောင်လာ ခဲ့သော ဆန္ဒသည် သည်စကား တွေကြောင့် ပြည့်စုံပြီဟု သတ်မှတ် လိုက်တော့ မည်နော် ထား။
“ခြောက်နာရီ ထိုးတော့မယ်။ ဆေးခန်း ပိတ်ဖို့ ကောင်း ပြီ”
ထားက အသာအယာ မတ်တတ် ရပ်တော့ နိုင်အေး လည်း လှိုက်မောသော ရင်ဖြင့် မတ်တတ် ရပ်မိသည်။
“မောင် ထားနဲ့ အေးအေး ဆေးဆေး တွေ့နိုင်ဦးမလား”
ထားက ပြတင်းပေါက်ကို သွားပိတ် ရင်းမှ ပြုံးလေ သည်။

“မောင် အိမ်ကို လိုက်ခဲ့လေ”
သည်တစ်ခါ တုန်ယင် မှုသည် ၀မ်းသာ စိတ်ကြောင့် ဖြစ်လေ၏။
“ဖေဖေနဲ့ မေမေက သူတို့ သမက်လို့ ယူဆထားသူ ရေနံချောင်း ရောက်လျက်နဲ့ အိမ်မှာ မတည်းရင် တစ်မျိုးထင် လိမ့်မယ်”
“သြော် ထား မိဘတွေ တစ်မျိုး ထင်မှာစိုးလို့ ဖိတ် ခေါ်တာပေါ့”
ထားက ပြန်လှည့် လာ၍ နိုင်အေးကို မျက်ခုံးပင့် ကြည့်သည်။ ချစ်လှ စွာသော ထား အကြည့်တွင် နိုင်အေး လိုချင်တာကို တွေ့ရသည်ဟု ထင်၏။

“အင်းလေ ဖေဖေတို့ရော၊ ပတ်ဝန်းကျင်ရော”
“ထားကိုယ်တိုင်တော့ မောင့်ကို မဖိတ်ခေါ် ဘူးလား”
“ဘယ်လို”
“မောင့်ကို ထားကိုယ်တိုင် မဖိတ်ခေါ် ဘူးလားလို့ မောင် အဖြစ်နဲ့”
“သြော်”
ထား မျက်နှာက အပြုံးသည် အေးစက်သွား သည်လား။
“အရင် လိုလား”
မဲ့ပြုံး၊ မောင် သိပ်မုန်းတီး သော မဲ့ပြုံးက မောင် တပ်မက် စွာ ငုံ့နမ်းဖို့ ကြံရွယ်နေသော ထားနှုတ်ခမ်း တွင် ခိုတွယ်လာ သည်။
“ရပါတယ် အရင်လို ပဲပေါ့၊ ထားနဲ့ မောင်နဲ့ တရားဝင် မပြတ်စဲ ရသရွေ့တော့ ထားဟာ မောင်တစ်ယောက်တည်း ပိုင်တဲ့ မိန်းမပဲပေါ့ မောင်ရဲ့ မောင်ပိုက်ဆံ ကုန်စရာ မလို ဘူးလေ”

“အို ထား”
မောင်ရပ် နေသော ကမ္ဘာ မြေကြီးသည် လှုပ်ခါသွားသည် ထား။ ထား၏ စကားသံသည် အေးစက်စွာ။ သို့ပေမယ့် မောင့် နှလုံးသားသို့ ပူလောင်စွာ ထိုးဖောက် ၀င်ရောက်သွား ခဲ့သည်လေ။ ရပ်တည် နေရာမှ ယိမ်းယိုင် သွားလောက် အောင် ထားစကား သံက ပြင်းထန်လှသည် ထားရယ်။ မောင့် မျက်ရည်သည် ရေနွေးဖြင့် ပက်ခံလိုက် ရသလို မောင့်ခန္ဓာ ကိုယ်သည် ချောက်ကမ်းပါး စွန်းမှ ကျသွားသူလို ပူလောင် လျက်၊ အေးစက်လျက်၊ လွင့်မျောလျက်...
“ထားရယ် ကျွန်တော် ကျွန်တော်”

ကျွန်တော် ဒီသဘောနဲ့ ပြောတာ မဟုတ်ပါ ဘူးလို့ ငြင်းလိုက်ဖို့ ကောင်းသည်။ သို့ပေမယ့် မငြင်းချင်၊ မောင့် စိတ်ကူးတွင် ထားနှင့်မောင် ဟိုအရင်ကလို အချစ်မျိုး ပြန်လည် ဖန်တီးဖို့ ကြံရွယ်ခြင်းကို မောင် မလိမ်ညာ လိုပါ။ သို့သော် ထား ပြောသလိုတော့ အို ထားရယ် သည်မျှ ယဉ်ကျေး လှသော ထားက သည်သို့ ကြမ်းတမ်းသော စကား ကို...
ထားသည် မဲ့ပြုံး ပြုံးရင်းမှ တဖြည်းဖြည်း အပြုံး ပျောက်ကာ မျက်လုံးအိမ်၌ မျက်ရည်တို့က လျင်မြန်စွာ စိမ့်အိုင်လာသည်။ မျက်တောင် ဖျားမှာ စိုစွတ်ရုံ တွဲခိုပြီး ပါးပြင် ဆီသို့ လိမ့်ဆင်းသွားသော မျက်ရည်တို့သည် ဘယ်အတွက် ကျသည့် မျက်ရည်များလဲ။

ရပ်နေရာမှ ချာခနဲ လှည့်ထွက်၍ အတွင်းခန်းထဲ ၀င်ပြေး သော ထားနောက်သို့ ဖြည်းညင်းစွာ လိုက်ခဲ့မိသည်။ ထားက လူနာ စမ်းသပ်ခန်း၏ ဟိုဘက် ခန်းဆီးအပြာစ တပ်ထား သော အခန်းထဲသို့ ၀င်ရောက်သွားတော့ နိုင်အေး လိုက်သွား ရ ကောင်းနိုး၊ လှည့်ပြန်သွားရကောင်းနိုး၊ တွေဝေစွာငြိမ်ရပ် နေမိ၏။ ပူလောင် တုန်လှုပ်သော ရင်က ပြန်သွားဖို့ တိုက်တွန်း နေပေမယ့်၊ ကြေကွဲ လှိုက်မောသော နှလုံးက ၀င်သွားဖို့ တိုက်တွန်း နေလေတော့ ထားရှိရာ အခန်း ထဲသို့ လိုက်ဝင်ခဲ့ မိသည်။

အခန်းသည် လူနာအတွက် မဟုတ်နိုင်၊ စားပွဲကုလား ထိုင်နှင့် စားပွဲတင် ပန်းစိုက်အိုး ထဲမှ နှင်းဆီနီများ၊ စားပွဲပေါ် တင်ထားသော ကက်ဆက်ကိုလည်း မြင်ရသည်။ ဘေးနားက ပက်လက် ကုလားထိုင်သည် ထား လဲလျောင်း အနားယူရာ ဖြစ်လိမ့်မည်။ ထားသည် စားပွဲပေါ် လက်ထောက်ရင်း နံရံ ဘက်သို့ လှည့်နေသည်။ နိုင်အေး ထားအပါးသို့ ချဉ်းကပ် သွားလိုက်၏။

စားပွဲပေါ်၌ စီးကရက် ဗူးခွံများ၊ စီးကရက် အတိုအစများ ထည့်သော ကြွေခွက်၊ ထား ဆေးလိပ်သောက် တတ်နေပြီ လား၊ မောင့် ဆေးလိပ်နံ့ကို မခံနိုင်သော ထားက ဆေးလိပ် သောက်နေတာ မောင်မည်သို့ ယုံရမှာလဲ။ ထား ဘေး၌ မောင့် သီချင်း တိပ်ခွေများ ၄-၅ ခုကို ထပ်ထားသည်။ မောင့်ရင်မှာ ဆွတ် ပျံ့ကြင်လာသည်။ ထို့နောက် မောင် ဘယ်သို့မှ မျှော်လင့် မထားသော အရာကို မြင်လိုက် ရ၍ မောင့်နှလုံး အခုန်ခဏ ရပ် သွားရပါသည် ထား။ မောင်တို့ လက်ထပ်ပြီး ခါစက ရိုက်ခဲ့ သော ဓာတ်ပုံ။ မျက်နှာချင်းဆိုင်၍ တစ်ယောက်မျက်နှာ တစ်ယောက် ငေးပြုံး နေကြသော မောင်နှင့်ထား သည်ဓာတ်ပုံ ကို စားပွဲပေါ်၌ ထောင်၍ တင်ထား သည်နော်။ မောင့်ရင်ထဲက တစ်စုံ တစ်ခုသည် ရုတ်ခနဲ လွင့်ထွက်သွား သည်နှယ် ဟာသွား သည်။ ထားနံဘေးသို့ ကပ်လျက် ထားပခုံးကို အညင်သာ ဆုံး ဖက်ပွေ့လိုက်မိသည်။

ထား ကိုယ်သည် မောင့်ဘက်သို့ အနည်းငယ်မျှ ယိမ်း မလား၊ ပျော့နွဲ့ခြင်း ကင်းမဲ့သော ထားကို ပွေ့ဖက်ထားရာ မှ တိမ်းမူး လွမ်းမက်စွာ ပါးချင်း အသာကပ် ထားလိုက်သော အခါ ထားကိုယ်သည် ရုတ်တရက် တောင့်တင်း သွားသည်။ မရုန်းဖယ်သော်လည်း အလိုက်သင့် ပျော့ပျောင်းမှု မရှိသော ထားကို ပွေ့ဖက်ထားရင်း လှိုက်ဟာ၍ နာကျင်သော ရင်ဖြင့် ခဏငြိမ် နေခိုက် ထားကမူ နာကျည်းခြင်း ဖြင့် ငြိမ်နေသည် လား၊ စားပွဲပေါ် လက်ထောက် မပျက် နံရံသို့ စိုက်ငေးသော အကြည့်မပျက်။

ထားပါးပြင်နှင့် ထိမိသော မောင့်ပါးသည် ထားမျက်ရည် ဖြင့် အနည်းငယ် စွတ်စို အေးစက် သော်လည်း မောင့်မျက်လုံး မှကျလာသော မျက်ရည် တို့ကြောင့် ခဏချင်းမှာ ပူနွေးသွား ပြန်သည်။

“ထား”
ထားသည် ငြိမ်သက် တောင့်တင်းစွာ ရပ်နေဆဲ။
ထားတစ်ကိုယ်လုံးကို တင်းတင်း ကျပ်ကျပ် ဖက်တွယ်ပြီး ထားမျက်နှာ တစ်ခုလုံးကို နေရာလပ် မရှိအောင် နမ်းရှိုက်ပစ် ချင်စိတ် ပေါ်လာ သော်လည်း ၀မ်းနည်းခြင်းက ခဏချင်းမှာ ဖုံးလွှမ်း သွားခဲ့သည်။

“ထားရယ်”
ပါးချင်းကပ် ထားရာမှ ရင်ထဲ နာကျင်စွာ ပြန်၍ ခွာလိုက် ရသည်။
“မောင် သွားရ တော့မှာလား”
ပင့်သက် တရှိုက်နှင့် အတူ တုံ့ဆိုင်းစွာ မေးမိသော်လည်း ထားက ခေါင်းမညိတ်၊ ခေါင်းမခါ။ ထားပခုံး ပေါ်သို့ ကပို ကယို ကျနေသော ဆံနွယ်ပျော့ လေးများကိုသာ ထားမရိပ်မိ အောင် တရှိုက်ခိုး ၍ နမ်းလိုက်ရင်း နောက်သို့ ဆုတ်လိုက်သည်။ ထားဆီက လှည့် အကြည့်ကို မ၀ံ့မရဲ စောင့်နေမိ သည်။

ထားက မတုန်မလှုပ် အေးစက်စွာ ကျောခိုင်း ရပ်နေမြဲ။
လေးပင်စွာ လှည့်ထွက် လိုက်သည်။ ထား မောင့်အချစ် ကို အသိအမှတ် ပြုလာပါလိမ့် ဦးမည်။ ခန္ဓာ ကိုယ်ချင်း ရင်းနှီး မှုမပါဘဲ မောင်လည်း စွဲမြဲစွာ ချစ်နိုင် သည်ကို ထား နား လည် လာပါ လိမ့်မည်။ တနေ့နေ့ မှာပေါ့ ထားရယ်။

“မောင် သွားမယ်နော်”
ကိုယ်ခန္ဓာက ဖယ်ခွာ ထွက်ခဲ့သော်လည်း မောင့်ဝိညာဉ်က  ထားအပါးမှာ ကျန်ခဲ့သည်။


ဂျူး
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာ ၂၀၁၂)



Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...