Thursday, December 19, 2013

ညမီးကျီး

အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့် အော်၍ သတိပေး ကြေညာလိုက်၏။“အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျတာကတော့ ရွှေအင်းသားအဖွဲ့ရဲ့ “ညမီးကျီး” ဖြစ်ပါတယ်”လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများကို ကြားလိုက်ရသည်။ “ရွှေအင်းသား” အဖွဲ့ကို အားပေးကြသူများလည်း ပါမည်။ “ညမီးကျီး” ဟူသော အမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်း ပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကား ကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်း စူးရှ သိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင် ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စောက မှတ်ချက်ချမိသည်။ စောအနီးမှာ ရပ်နေသော စောယောက်ျားသည် မီးပုံးပျံများ စောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံ မရ။ ၁၅မိနစ်တစ်ခါလောက် လက်ပတ်နာရီကို ကြည့်ကြည့်နေ၏။



“အမြင့်ပေ ၆၀၊ ထိပ်ဝအကျယ် ၂၅ပေ ရှိပါတယ်။ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန်ကတော့ ပိဿာ ၄၀ တိတိ ဖြစ်ပါတယ်”



ပရိသတ်က ဝေါခနဲ အာမေဋိတ်သံ ပြုလိုက်ကြသည်။ ယမ်းပိဿာချိန် များသည့်အခါ ထိုမီးပုံပျံကြီး ကောင်းကင်မရောက်မီ ပေါက်ကွဲခဲ့သော် ရရှိလာမည့် အန္တရာယ်သည် တော်တော်ကြီးမားမည် ဖြစ်သည်။



“ကုန်ကျစရိတ် စုစုပေါင်း ကျပ်နှစ်သိန်းတိတိ ဖြစ်ပါတယ် ခင်ဗျာ”အဲသည် ကုန်ကျစရိတ် ကျပ်နှစ်သိန်းရှိပြီး ယမ်းပိဿာချိန် ၄၀ရှိသော မီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။ မီးပုံးပျံကြီး မှိုင်းဝအောင် မီးရှို့ မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖြေဖျော်ရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည် ဗုံမောင်းများ တီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။



စောသည် ပျော်ရွှင်စွာ တီးမှုတ်နေသူများ၊ မှိုင်းတိုက်နေသူများ၊ အလုပ်ရှုပ်စွာ တက်ကြွနေသူများကို ခြေဖျားထောက်ကာ လူအုပ်နောက်မှ ကဲကြည့်ရင်း အံ့သြနေသည်။ သြော် ငွေနှစ်သိန်းကို လှလှပပ မီးရှို့ပြဖို့ လူအင်အားတွေ၊ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ၊ သူတို့ ဘာအတွက် လုပ်နေကြတာလဲ၊ အနုပညာ သက်သက်ပဲလား၊ သူတို့ အတ္တ၊ သူတို့ ဂုဏ်သိက္ခာအတွက်လည်း ပါမှာပေါ့လေ။ ဒါဟာ တစ်နည်းအားဖြင့် Performance Art တစ်မျိုးပဲ။“စော ပြန်ကြဖို့ ကောင်းပြီ ထင်တယ်၊ နှစ်နာရီ ထိုးနေပြီ”“ခဏလေး... ဒီတစ်လုံး ကြည့်ပြီးရင် ပြန်မယ်”



သူ့ကို “မောင်” ဟူသော အသုံးအနှုန်းဖြင့် ဆက်ဆံလို့ မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊ သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်း မမှတ်မိတော့ချေ။ သူ့အတွက် စောသည် လူသားတစ်ယောက် အတွက်မဟုတ်တော့ဘဲ ဇနီးအဖြစ် ထီထွင်ခံရသည့် စက်ရုပ်တစ်ခုသာ ဖြစ်တော့သည်။ လိမ္မာယဉ်ကျေး ပြနေသည့် စက်ရုပ်ကလေး တစ်ခုဖြစ်သည်။ တစ်ခါတုန်းက အဲသည့် စက်ရုပ်သည် ချစ်မြတ်နိုးတတ်၊ ကြင်နာတတ်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။



ညသန်းခေါင်ကျော် ကာလ၊ အမှောင်ထု သိပ်သည်းနေဆဲ အချိန်မှာ စောသည် သူမယောက်ျားအား စေ့စေ့စပ်စပ် မော်ကြည့်လိုက်မိသည်။ စော သူ့ကို ဘာတွေ ချစ်မိခဲ့တာလဲ။ သူ့မျက်နှာမှာ၊ သူ့ ဟန်အမှုအရာမှာ စောချစ်ချင်စရာ ဘာမှကို ရှာမတွေ့ချေ။ စော ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ ဟုတ်ပြီ။ သူ့အမှုအရာ အကျင့်ကရော၊ ဇနီးအပေါ်ထားသည့် စိတ်သဘောထားကရော။ Bull Shit! လို့ ပြောရမလား၊ Damn it! လို့ ပြောရမလား။ ဘယ်စကားလုံးက ပိုယဉ်ကျေးပါလိမ့်။



“ဘာရယ်တာလဲ စော”သူမ ပို၍သာ ရယ်မိပြီး မီးပုံးပျံဆီသို့ အကြည့် ပြန်လွှဲလိုက်သည်။ မီးပုံးပျံကြီးက တဖြည်းဖြည်း ပီပြင်လာပြီ။ တဖြည်းဖြည်း ဖောင်း၍ ဖောင်း၍လာသည်။ တစ်ချက်တစ်ချက်တွင် မီးခိုးမှိုင်းများသည် မီးပုံးပျံထဲမှတစ်ဆင့် လေဝေ့ရာသို့ လွင့်နေသည်။ ကပြနေသူတို့က မမောနိုင်၊ မပန်းနိုင် က ဆဲ၊ တီးသူတို့ကလည်း တီးဆဲ၊ အိုးစည်သံနှင့် မောင်းသံသည် လှပစွာ ရောနှောလျက် ကွင်းတစ်ခုလုံး ပျံ့လွင့် စိုးမိုးထားသည်။



စောသည်ကို ရောက်စက အင်းသားနှင့် ပအိုဝ့်ကို မခွဲခြားတတ်ပေ။ အ၀တ်အစားအရ သော်လည်းကောင်း၊ စကားပြော လေယူလေသိမ်းအရ သော်လည်းကောင်း၊ အကဟန် အရ သော်လည်းကောင်း အနည်းငယ် ကွဲပြားကြောင်း လေး ငါးရက်နေပြီးမှ သိလာသည်။ နှစ်မျိုးလုံးဟာ စောအတွက် စိတ်ဝင်စားစရာချည်း ဖြစ်နေ၏။



“ပအိုဝ့်လေးတွေ လက်ချိုးတာက ဟောဒီလို ဟောဒီလို၊ သိပ်ချစ်စရာကောင်းတာပဲ” ဟု ကထိန်လှည့်လာသည့် ပွဲကို ရပ်ကြည့်ရင်းက အားကျလာပြီး သူတို့လက်ချိုးသလို ချိုးကြည့်ကာ က ကြည့်တော့ သူမယောက်ျားက သူ့ကို ပြုံးမဲ့မဲ့ဖြင့် ရိသေး၏။



“စော .... မင်း ကိုယ့်ကို မယူဘဲ ပအိုဝ့်တစ်ယောက်ကို ယူခဲ့ဖို့ ကောင်းတယ်လို့ တွေးနေပြီ မဟုတ်လား”တွေ့လား၊ စော သူ့ကို မနှစ်မြို့ရခြင်း အကြောင်း အကြောင်းများစွာထဲမှာ သူတစ်ပါးကို နာလိုခံခက်ဖြစ်အောင် ရိတတ်သည့် အကြောင်းလည်း တစ်ခု အပါအ၀င်ဖြစ်သည်။ အမယ်.... သူကသာ သူတစ်ပါးကို စသလို နောက်သလို ရိချင်ပေမဲ့ သူ့ကို ရိသလိုလို ပြောလျှင် မချိအောင် နာကာ ဒေါပွတတ်သေး၏။



“ပအိုဝ့် တစ်ယောက်ကို ယူတာ မယူတာ အသာထားလိုက်ပါလေ၊ ရှင့်ကိုတော့ ကျွန်မ ယူကို ယူခဲ့ဖို့ မကောင်းတာ အမှန်ပဲ”



ထိုစကားကို မျက်နှာထား တည်တည်ဖြင့် ပြောမိတော့ သူ့မျက်နှာမည်းခနဲ မှောင်သွားတာ အကြာကြီး၊ သူ့စိတ်ကို သူ ထိန်းချုပ်ကာ စကားပြောဖို့ စက္ကန့်သုံးဆယ်လောက် အချိန်ယူလိုက်၏။ ထို့နောက် ပြုံးချင် မပြုံးချင်



“အခုတော့ မင်းနောက်ကျသွားပြီ” ဟု အထက်စီး လေသံဖြင့် ပြောလေသည်။စောလေ .... သူ့ကို မုန်းလိုက်တာ၊ မုန်းလွန်းလို့လည်း စေ့စေ့ကြည့်ပြီး တစ်ခွန်းပဲ ပြန်ပြောမိသည်။



“ထင်သလား၊ နောက်မကျသေးပါဘူး”



ဟုတ်ပါသည်။ အိမ်ထောင်ရေးတစ်ခုကို ပြန်ပြင်ဖို့ သို့မဟုတ် ဖြိုခွဲပစ်ဖို့မှာ နောက်ကျတယ်ဆိုတာ မရှိပါ။ အခု နှစ်နှစ်၊ သုံးနှစ်အတွင်း သူမ အချိန်ယူ စဉ်းစားပြင်ဆင်နေသည်မှာ အိမ်ထောင်ရေးကို အဆုံးသတ်သင့် မသတ်သင့် မဟုတ်ပါ။ အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက် အနာတရ ကြီးကြီးကျယ်ကျယ် မဖြစ်ဘဲ လှပစွာ၊ သိမ်မွေ့စွာ ဘယ်လို အဆုံးသတ်ပစ်ရမလဲ ဟူသည့် အကြောင်းပင်ဖြစ်သည်။



“လေက အရှေ့တောင် အရပ်ကနေ အနောက်မြောက် အရပ်ကို တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ပွဲကြည့် ပရိသတ်များ ခင်ဗျား၊ အနောက်မြောက် အရပ်မှာ မနေကြပါနဲ့ ခင်ဗျား၊ မီးပုံးပျံ မှိုင်းဝနေပါပြီ ခင်ဗျား”



စောတို့ ရပ်နေရာ အရပ်မှာ တောင်အရပ် တည့်တည့်ဖြစ်သည်။ အန္တရာယ် ကင်းမည့်ပုံ ပေါ်ပါသည်။ အနောက်ဘက် အရပ်၊ မြောက်ဘက်အရပ်မှာ စုပြုံရပ်နေကြသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သည်လိုတော့လဲ တွက်လို့ မရနိုင်ပါ။ အခုမှ မီးပုံးပျံက မှိုင်းဝကာ ရုပ်လုံး ပီပြင်သွာ တက်ဖို့ အရှိန်ယူနေဆဲ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် လေသည် အရပ်မျက်နှာ ပြောင်းကာ တိုက်ချင် တိုက်ပစ်လိုက်နိုင်၏။ ထိုအခါ ကျွန်မတို့ ရပ်နေရာသည် အန္တရာယ်ဇုန် ဖြစ်ချင် ဖြစ်သွားနိုင်သေးသည်။



“ရွှေအင်းသား မှိုင်းဝနေပါပြီ ခင်ဗျား။ တက်လာပါတော့မယ် ခင်ဗျား၊ ယမ်းပိဿာချိန် လေးဆယ်တိတိ ဖြစ်ပါတယ် ခင်ဗျား၊ မီးပုံးပျံ လမ်းကြောင်းမှာ မနေကြပါနဲ့ ခင်ဗျား”



ယမ်းပိဿာချိန် ၄၀ သာ ပေါက်ကွဲလိုက်လို့ကတော့....။ စောပုခုံးလေး ကျုံမိ၏။ ဈေးဆိုင်တန်းများဆီမှ အသားကင် ရနံ့သည် ကွင်းပြင်ဆီသို့ လွင့်လာပြန်သည်။ ဆိုင်းတန်းတွေဆီ လှည့်ကြည့်မိတော့ လူတွေ နည်းနည်း ကျဲသွားပြီ။ ဒါပေမဲ့ နံနက် နှစ်နာရီထိအောင် စားသောက်သူများ ရှိနေဆဲ။ စောဖြင့် သည်လောက် ရှည်လျား များပြားလှသော ဈေးဆိုင်တန်းကြီးကကို တစ်ခါမှ မတွေ့ဖူးပေ။ ဤကွင်းပြင်ရှိရာသို့ ရောက်ဖို့ ဘုရားစောင်းတန်း အုတ်လှေကားထစ်များမှ ဆင်းပြီးနောက် ထိုဈေးဆိုင်တန်းကို ထောင့်ဖြတ် ဖြတ်ယူရသည့် အချိန်တုန်းက စော၏ ခြေထောက်တို့သည် မြေနှင့် ထိတစ်ချက် မထိတစ်ချက် ဖြစ်နေခဲ့သည်။ ဆိုင်တန်း မျက်နှာစာကို ကြည့်ပေမဲ့ မမြင်ရ။ ဘေးမှာ ပတ်လည်မှာ စောလိုပင် ပွဲကြည့်ပရိသတ်၊ ပွဲဈေးတန်းလျှောက် ပရိသတ်တို့ဖြင့် အပြည့်မို့ ကြည့်လေရာရာမှာ လူမျက်နှာတွေ၊ မည်းနက်သော ဆံပင်တွေချည်း မြင်နေရသည်။ နည်းနည်း လူချောင်သည့် ဆိုင်တန်းများကို ဖြတ်မိမှ ဘာဆိုင်တွေလဲဆိုတာ မြင်ရသည်။



အခုလို နံနက်နှစ်နာရီ ချမ်းစိမ့်အေးစက်လှသည့် နှင်းမှုန်အောက်တွင် မီးပုံးပျံ စောင့်ကြည့်လိုက်၊ အနီးအနားက ဆိုင်တွေဆီ သွားစားသောက်လိုက်နှင့် သည်ဒေသက လူတွေရဲ့ ဓလေ့ထုံးစံပဲနှင့် တူသည်။ စောအနေဖြင့် ချမ်းစိမ့် တုန်ခိုက်နေသည့် ကိုယ်ခန္ဓာကြောင့် ပူနွေးသည့် ကော်ဖီခါးခါး မွှေးမွှေးလေး တစ်ခွက်တော့ သောက်ချင်သား။ သို့သော် ဆိုင်တန်းဆီ သွားနေတုန်း သည်မီးပုံးပျံ ကောင်းကင်ရောက်သွားသည်ကို မကြည့်လိုက်ရမှာလည်း စိုးရိမ်သည်။ နောက်ပြီး ဆိုင်မှာ ထိုင်မသောက်ချင်။ ကော်ဖီခွကို လက်နှစ်ဖက်ကြားမှာ အုပ်ကိုင်ကာ ကော်ဖီခွက်၏ အပူကို တစ်ကိုယ်လုံး စိမ့်ဝင် နွေးထွေးသွားအောင် ခံစားရင်း၊ လမ်းလျှောက်ရင်း သို့မဟုတ် မတ်တပ်ရပ်ကာ မီးပုံးပျံစောင့်ရင်း ကော်ဖီသောက်ချင်နေသည်။ သူမ၏ အတွေးကို မဟုတ်သေးဘူး ဟု သိ၏။ တောင်ကြီးလို သန့်ရှင်းသပ်ရပ်သည့် မြို့မှာတော့ ကိစ္စမရှိပါ။ တစ်ခြားသာမန်မြို့ကြီးတွေမှာတော့ ပြန်ဆေးယူရသည့် ကြွေခွက်တွေ၊ ဖန်ခွက်တွေနှင့် ကော်ဖီ လက်ဖက်ရည် ရောင်းနေလျှက်သားနှင့် အမှိုက်တွေ၊ ဘူးခွံတွေနှင့် ညစ်ပတ်ရှုပ်ပွ နေခဲ့ပြီးပါပြီ။ သူမဆန္ဒရှိသလို ကော်ဖီကို တစ်ခါသုံး စက္ကူခွက်ဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း၊ အလုပ်လုပ်ရင်း သောက်နိုင်ဖို့ စက္ကူခွက် ယဉ်ကျေးမှုတစ်ခု ခေတ်စား အသုံးများလာခဲ့လျှင် အပုံလိုက် အပုံလိုက် ဖြစ်လာမည့် တစ်ခါသုံး စက္ကူခွက်တွေကို မြင်ယောင်ကြည့်မိသည်။ မနည်း မနောရှိမှာပဲ။



အိုးစည် ဗုံမောင်းသံက ပို၍ ပို၍ ကျယ်လောင် မြိုင်ဆိုင်လာသည်။ လူတွေ ပို၍ ပို၍ တိုးဝှေ့လာကြသည်။ မီးပုံးပျံ စတင်တက်နေပြီ။ အားပါးတရ အော်ဟစ်သံဖြင့် တစ်ခဏ ဆူညံသွား၏။



“တို့ အင်းဆားကွ”“အင်းသား” ဟု အသံမထွက်ဘဲ “အင်းဆား” ဟု ခပ်ဝဲ၀ဲ အသံထွက်ဖြင့် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။ ဆိုင်းသံ ဗုံသံအောက်မှာ အိမ်လောက်ကြီးသည့် မီးပုံးပျံကြီးသည် ယိမ်းထိုးလျက် တရွေ့ရွေ့တက်လေသည်။ မီးပုံးပျံ၏ အောက်မှာ စနစ်တကျ ချိတ်ဆွဲထားသော ယမ်းခွက် အမျိုးမျိုးသည် ယိမ်းနွဲ့လျက် တွဲလောင်းပါသွားသည်။ မီးပုံးပျံကို မှိုင်းတိုက်ခဲ့သော သစ်လုံးကြီးများအား မီးစွဲလောင်နေ လျက်သားနှင့် ငြိမ်းသတ်ဖို့ ကွင်းပြင်တစ်ဖက်သို့ အပြေးအလွှား သယ်သွားကြသည်။ ကွင်းပြင်တစ်ခုလုံး လူတွေ ရွစိရွစိ ဖြစ်နေကြသည်။



မီးပုံးပျံတစ်ခု ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားဖို့ သူတို့အားလုံး တတ်စွမ်းသမျှ ကြိုးစားခဲ့ကြ ပြီးပြီ။ ကျန်သည့် အပိုင်းကတော့ ကံကြမ္မာ၏ အလုပ်ပဲဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏အလုပ်ပေါ့။ လေသည် အရှိန်မှန်မှန်ဖြင့် မီးပုံးပျံကို အထက်မြင့်ရာသို့ တစ်လက်မချင်း တစ်လက်မချင်း သယ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။



လေ၏ အကူအညီဖြင့် မီးပုံးပျံများ လွှတ်တင်သည့်အခါ အဖွဲ့သား အားလုံးကတော့ မီးပုံးပျံ လွှတ်တင်ခြင်း အတတ်ပညာအရ တည့်တည့်မှန်မှန် တက်အောင် ထိန်းချုပ် လွှတ်တင်ကြတာချည်းပါပဲ။ တစ်စုံတစ်ခု ချွတ်ချော်ပြီး ကောင်းကင်သို့ မတက်ဘဲ မီးလောင်ပျက်စီး သွားရတာတွေလည်း ရှိနေခဲ့သည်။ မီးလောင်ပျက်စီးမှုချင်း အတူတူဆိုလျှင် “ ညမီးကျီး” အမျိုးအစား မီးပုံးပျံက မီးလောင်လျှင် ယမ်းပိဿာချိန် များစွာ ပေါက်ကွဲလောင်ကျွမ်းမှာပဲဖြစ်သည်။ ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။



အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခု ကွဲပြား၏။ တစ်ခုက “ စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက် မီးပုံးပျံ အမျိုးအစား၊ နောက်တစ်ခုက “ညမီးကျီး” ဟုခေါ်သော မီးရှူးမီးပန်း ဖောက်သည့် အမျိုးအစား။



စော၏ ယခု နှစ်ည သုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရ ပြောရလျှင် “ညမီးကျီး” မီးပုံးပျံက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်။ သူက ကောင်းကင်အမြင့်သို့ ရောက်သောအခါ တစ်ဆင့်ပြီး တစ်ဆင့် အမျိုးမျိုး ကွဲပြားစွာ၊ လှပစွာ ပေါက်ကွဲပြလေသည်။



ဘေးပတ်ဝန်းကျင် လေထုထဲ၊ အမှောင်ထဲသို့ တည့်တည့်ထိုးဖောက်ဖြာထွက်သော မီးရှုးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ငါးကလေးတွေ ရေမှာ လွန့်လူး ကူးခတ်သလို လှစ်ခနဲ လှစ်ခနဲ ဖြာထွက်သော မီးရှူးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ခိုကလေးတွေ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာ ဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက တစ်ဆင့်။ ကောင်းကင်သို့ တောက်ပသော မီးပုံးပျံကြီး တက်နေသည့် အချိန်အတွင်း နောက်ထပ် ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သော မီးရှူးမီးပန်း လှလှများ၏ ပုံစံအမျိုးမျိုး၊ လှပဆန်းကြယ်မှု အမျိုးမျိုးကို စုစည်း ရောနှောကာ မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။



အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျ လှပစွာ ပေါက်ကွဲအောင် တွက်ချက်ပြီး တပ်ဆင်ယူရသည့် အတတ်ပညာကလည်း တော်တော် ချီးကျူးဖို့ ကောင်းပါသည်။



“လေကြောင်း ပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ။ မီးပုံးပျံရဲ့ အောက်တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား”



မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျှက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏ အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့် စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွက်လေသည်။



“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား၊ လွတ်ရာကို ရွှေ့ပေးကြပါ ခင်ဗျား”



မီးပုံးပျံကြီးဆီမှ အုန်းခနဲ ပေါက်ပွဲသံတစ်ချက် ကြားလိုက်ရသည်။ ဝေါခနဲ အော်ဟစ်သံများ ကြားရသည်။ စော၏ ဘေးနားက လူတွေ အထိတ်တလန့် ပြေးရာ၊ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီး ရွေ့သွားသည်။



“စော”သူ့အသံသည် အထိတ်တလန့် အော်ဟစ်နေသော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညင်သော မြေပြင် မဟုတ်။ အနည်းငယ် စောင်းနိမ့်သွားသော ဆင်ခြေလျှော မြေပြင်ဖြစ်သည်။ ထို့ကြောင့် ပြေးလွှားရင်းမှ အရှိန်မထိန်းနိုင်ဘဲ စော တစ်ချက် ခြေခေါက်ကာ လဲကျသွားသည်။ လူတွေသည် စော၏ ခြေတွေ၊ လက်တွေပေါ်သို့ အမှုမဲ့ အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှု ပေါင်းစပ်ကာ လဲရာမှ ဇွတ် ထ ထိုင်ဖို့ ကြိုးစားဆဲ လက်တစ်ဖက်က စော၏ ပုခုံးမှ ဆွဲညှစ်ကာ ထူမပေးလိုက်သည်။



“ကျေးဇူး....”ကျေးဇူးတင်စကား ဆိုဖို့ အာရုံသိစတ်ဖြင့် စကား စလိုက်ပေမဲ့ ထိုသူက စောကို လက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီး အကာအကွယ် ပေးလိုက်သဖြင့် စကားစ ပြတ်သွားသည်။ ရုတ်ရုတ်သဲသဲ လူအုပ်ကို ရှောင်ရင်း၊ မတ်မတ်ရပ် တွန်းခံရင်း အမှောင်တစ်ဝက်၊ အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏ မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ့်လား။ တောင်ပေါ်တိုင်းရင်းသား လူမျိုးမှန်းတော့ သိသည်။



“ကျေးဇူးတင်ပါတယ်”ထိုစကားကို သူကြားပုံ မရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်း ဆွဲဆုပ်ထားမိသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံးပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ ၁၀၀ - ၂၀၀ မှာ ပေါက်ကွဲ ပျက်စီးခြင်းဖြစ်၍၊ မီးတောက်မီးလျှံများ နေရာအနှံ့မှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာ မရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံ့များ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့် မှောင်နေ၏။



နောက်ထပ်ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏ လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီ လွင့်စဉ်လာနိုင်ဖွယ် မရှိသော မီးစ၊ ယမ်းစများကို ကာကွယ်ဟန်ဖြင့် လက်ကို မျက်နှာရှေ့မှာ အမှတ်မဲ့ ကာလိုက်လေသည်။ ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။



“သွားပြီကွာ”လူငယ်သည် ရွှေအင်းသား အဖွဲ့ထဲမှ ဟုတ်ဟန်တော့ မတူပါ။ သို့သော် မီးပုံးပျံကြီး ပေါက်ကွဲ ပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ရှိသည်။



“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင် တက်သွားလို့ကတော့ ကြည့်လို့ ကောင်းလိုက်မယ့် မြင်ကွင်း... ”စော၏ အနီးမှာ အားရပါးရ ညည်းညူလိုက်သံ တစ်ခုကိုလည်း ကြားရသည်။ ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ ကင်းလွတ်ခဲ့ပြီ။ စိတ်ဆင်းရဲမှု၊ အားမလို အားမရဖြစ်မှုတို့နှင့် မီးပုံးပျံကြီးအား တဖွဖွ တ သ နေကြသည်။ ကံအားလျော်စွာ မီးလောင် ပေါက်ကွဲမှုသည် ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့်၊ ပရိသတ်ထဲမှ အသေအပျောက် လုံးဝ မရှိခဲ့ဘဲ မီးဟပ်သူ၊ ဒဏ်ရာရသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။



“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှ တက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါပဲ၊ မျှော်လင့်တိုင်း မရကြပါဘူး” တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံ ကြားရသည်။



သို့သော် ပွဲကြည့်စင် အခြေမှာတော့ အသံထွက် ငိုကြွေးနေသူ တစ်ယောက်ရှိသည်။



“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”



ငိုကြွေးနေသည့် လူငယ်လေးဘေးမှ ခြေပစ်လက်ပစ် ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။



“တစ်ခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊ စိတ်ကို ဖြေပါ”



ယောက်ျား ခပ်လတ်လတ် တစ်ယောက်က ငိုနေသော လူငယ်၏ ပုခုံးကို ပုတ်သည်။



“တစ်ခါတလေ ဟုတ်လား။ တစ်နှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ ဘယ်နေရာမှ မပါခဲ့ဘူး”



“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”မကျေမနပ် ရေရွတ်သံကို ကြားရသည်။ စောသူု့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်။ နောက်နှစ်ဆိုတာ ရှိပါသေးတယ်။ အေးလေ... နောက်နှစ်အထိ အခြေအနေ ပေးလာခဲ့သေးရင်ပေါ့။ စောသူ့ကို ငေးစိုက်ကြည့်နေမိသည်။ မျှော်လင့်ချက်တွေ ပြိုကွဲ ပျက်စီးသွားသူ တစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ။



“စော”



သူမ ယောက်ျား၏အသံ။ သူမ လှည့်ကြည့်လိုက်သောအခါ လူတွေကြားထဲမှာ တိုးဝှေ့လာသော သူမ ယောက်ျားကို တွေ့လိုက်ရသည်။



“ရှာလိုက်ရတာ စောရယ်”သူ အနီး ရောက်လာပြီး စော၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။



“ကိုယ်တို့ချင်း ကွဲသွားရင် ဘယ့်နှယ်လုပ်မလဲ၊ မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”“မင်းကို ပြောလိုက်ရင် အဲဒီလိုချည်းပဲ၊ လာ.. ပြန်ကြစို့၊ အေးလည်း အေးလှပြီ။ခုဟာက ကံကောင်းလို့ မသေတာ”



ထို့နောက် သူသည် အငိုတိတ်စ ပြုနေပြီဖြစ်သော၊ အံတင်းတင်း ကြိတ်ထားသော ရွှေအင်းသား လူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောက်ျားတစ်ယောက်၏ အငိုမျက်နှာကို သူမကြည့်ချင်၊ မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။



“သနားပါတယ်နော်”စော သူနှင့်အတူ လိုက်လာရင်း ရေရွတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်သည်။



“အေးလေ... နှစ်သိန်းကြီးများတောင်”



စော သူ့ကို ဖျတ်ခနဲ မော့်ကြည့်မိသည်။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိက မကျဘူး။ သို့သော် ဤခံစားချက်ကို သူနားလည်မည့်ပုံ မပေါ်သဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။



“မအေးဘူးလား စော”



“အင်း.... ခုမှ အေးမှန်းသိတော့တယ်”



“ကိုယ်တော့ ခိုက်ခိုက်တုန်နေပြီ”မနက်ဖြန် စောတို့ ပြန်ကြတော့မည်။ ၅ ရက်ကြာ ခွဲခွားထားခဲ့သော သမီးလေးဆီ ပြန်ကြတော့မည်။ သမီးလေးအတွက် တိုင်းရင်းသား ၀တ်စုံလေးတစ်စုံ လက်ဆောင်ပါလာသည်။ သူမ စိတ်မှတ်မထင် ပြုံးမိသွား၏။



“အခု ဆက်လက် ပြိုင်ပွဲဝင်မယ့် အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ ဖြစ်ပါတယ်။ ဖိုးသာထူးအဖွဲ့က လွှတ်တင်မယ့် မီးပုံးပျံ အမျိုးအစားဟာလည်း “ ညမီးကျီး” ပဲဖြစ်ပါတယ်”



သြော်... အခုဟာ ရိုးရိုး မီးပုံးပျံ လွှတ်နေတာ မဟုတ်၊ ပြိုင်ပွဲလုပ်နေတာ ပါလားဟု သတိရသွား၏။ ရွှေအင်းသား အဖွဲ့၏ ဆုံးရှုံးမှုများမှ ထင်တာထက် ပို ကြီးမားပါလိမ့်မည်။



အချိန်ကာလ၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှု နာမည်၊ စိုက်ထုတ်လိုက်ရသည့် ခွန်အား၊ အားလုံးထက် ပို၍ ဆုံးရှုံးလိုက်ရသော အရာမှာ မျှော်လင့်ချက် ဖြစ်ပါလိမ့်မည်။



“ကိုယ် နားမလည်တာက ဒီငွေတွေကို မီးပုံးပျံ လုပ်ပြီး မီးရှို့ပွဲ ကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာ ရှိသေးလဲ။ ကောင်းကင်အမြင့်ကျမှ ပေါက်ကွဲကွဲ၊ မြေပြင်နဲ့ နီးနီးပဲ ပေါက်ကွဲ ပေါက်ကွဲ၊ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ။ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အန္တရာယ် မရှိရင် ပြီးတာပဲ မဟုတ်လား”



“ထူးခြားတာပေါ့”“ဘာ ထူးခြားတာလဲ”



ဘုရားစောင်းတန်း ရှိရာသို့ လျှောက်လာရင်း စောသည် မီးပုံးပျံ ကွင်းပြင်ဆီသို့ တစ်ချက် ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက် ပို၍ ရှင်းပြပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။



“မီးပုံးပျံ လွှတ်တယ် ဆိုကတည်းက တစ်ချိန်မှာတော့ ဆုံးရှုံးပျက်စီးမှာ ဆိုတာ မှန်ပါရဲ့။ အခုလို ညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှု ပိုတယ်။ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့ တစ်ခုပဲ။ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလို လှလှပပ တစ်မျိုးပြီး တစ်မျိုး ပေါက်ကွဲဖို့က နောက်တစ်ဆင့်။ အခုလို ဘာမှ မရလိုက်ဘဲ အလဲလဲ အကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ။ ဘယ်သူမဆိုလေ... ဂုဏ်သိက္ခာရှိရှိ၊ က္ကုနြေ္ဒရရ လှလှပပလေး ပေါက်ကွဲ အဆုံးသတ် သွားချင်တာချည်းပါပဲ”



စော၏စကားကို သိပ်နားလည်ပုံ မပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။



“ကျွန်မလည်း ဘ၀နဲ့ ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်အလန့် အလဲလဲ အကွဲကွဲတော့ အဆုံး မသတ်သင့်ဘူး။ လှလှ ပပ သိက္ခာရှိရှိလေး... ”သူရယ်မောသည်။



“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”“သမီးလေး မြန်မြန် ကြီးပြင်းစေချင်လှပြီ”သူမ ညည်းညည်းကလေး ပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။



လောကတစ်ခုလုံးမှာ သူမ ဂရုစိုက်ဆုံး အရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။



ဂျူး (မဟေသီ၊ သြဂုတ် ၂၀၀၀)

နှစ်ကိုယ်ခွဲ

ကျွန်တော် အိပ်ရာမှ နိုးလာသောအခါ ကျွန်တော့်ရှေ့တွင် ကြီးမားသော အမှောင်ထုကြီး ရှိနေ၏။ ကျွန်တော် ဘာကြောင့် အိပ်ရာမှ နိုးလာသနည်း။ ကျွန်တော်သည် အိပ်မက် တစ်ခုကြောင့် နိုးလာခဲ့ခြင်း မဟုတ်ပါ။ ဘာအိပ်မက်မှ မမက်တာလည်း ကာလ တော်တော် ကြာနေခဲ့ပါပြီ။ အမှောင်ထဲတွင် မျက်တောင် တစ်ချက် နှစ်ချက် ခတ်ပြီး တခဏ ငြိမ်သက် နေလိုက်စဉ် ကျွန်တော် ဘာကြောင့် နိုးလာသည်ကို သိလိုက်၏။ ထိုအခါ ကျွန်တော်သည် အိပ်ခန်းထဲမှ ထွက်ပြီး အပြင်ဘက် ၀ရန်တာ တံခါးကို ဖွင့်လိုက်သည်။ ကျွန်တော်၏ ကြယ်ကလေးကို နှုတ်ဆက်ရန် ဖြစ်ပါသည်။



မည်းနက်သော ကောင်းကင်တွင် လမင်းလုံးဝ မရှိပါ။ အမျိုးအစား ကွဲပြားသော ကြယ်ပေါင်းများစွာသည် ပြိုးပျက် လင်းလက်စွာ ဖွာလန်ကျဲနေသည်။ မိုးကုပ်စက်ဝိုင်း အထိ ပြန့်ကျဲနေသော မဆုံးနိုင်သည့် ကြယ်ပေါင်းများစွာ ထဲမှ ကျွန်တော့်ကြယ်ကို ကျွန်တော် ဘယ်လို ရှာနိုင်သလဲ ဆိုသည့် မေးခွန်းမှာ တော်တော် အဖြေရခက်သော မေးခွန်းဖြစ်၏။ သို့သော် ကျွန်တော့် ကြယ်ကို ကျွန်တော် သိပါသည်။ မှန်တစ်ချပ် ရှေ့မှာ လူတွေအများကြီး မတ်တပ် ရပ်နေကြသည့်အခါ လူတစ်ယောက်သည် မှန်ထဲမှ မိမိကိုယ်ကို အခြားသူများထဲမှ လွယ်ကူစွာ သီးသန့်ခွဲခြား ၍ မြင်ရသကဲ့သို့ ကျွန်တော့် ကြယ်လေးကို ကျွန်တော် မြင်ရပါသည်။



ဟိုးမှာ အခြားကြယ်များနှင့် မတူ ဖျော့မှိန်စွာ မှိတ်လိုက် လင်းလိုက် ပြုံးနေသော ကြယ်ကလေးကို ကျွန်တော် မြင်ရပါသည်။ အဲဒီ ကြယ်ကလေးနှင့် တည့်တည့်ဆီမှာ ကျွန်တော့်အိမ် ဖြစ်သည်။ ကျွန်တော့် အိမ်မှာ ဝေးကွာ လှပါသည်။ ကျွန်တော်သည် အိမ်ကို လွမ်းဆွတ်သော စိတ်နှင့် မကြာခဏ ငိုေ

ဘယ်အချိန် ကစပြီး ကြယ်ကလေးကို ကျွန်တော် ပိုင်ဆိုင်သွားသလဲ ဆိုတာ အတိအကျ ကျွန်တော် မမှတ်မိပါ။ သို့မဟုတ် ကြယ်ကလေးက ကျွန်တော့်ကို ပိုင်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါသည်။ အကြောင်းမှာ ကြယ်ကလေး သည် ကျွန်တော့်ကို အိပ်ရာမှ နှိုးတတ်သည်။ ကြယ်ကလေးသည် ကျွန်တော့်ကို ငိုေ



ကျွန်တော့်ကို အိပ်ရာမှ နှိုးတိုင်း ကြယ်ကလေးတွင် ကျွန်တော့်ကို ပြောပြရန် ပုံပြင်တစ်ခုခု ရှိနေသည် ချည်း ဖြစ်၏။ ကြယ်ကလေး ပြောပြသောကြောင့် ကြယ်ကလေးကို ပိုင်ဆိုင်သူမှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ကြောင်း သိခဲ့ရသည်။ သို့သော် ထိုအခြား တစ်ယောက်သည်လည်း နောက်ထပ် ကျွန်တော် တစ်ယောက်သာ ဖြစ်သောကြောင့် ကျွန်တော် ကျေနပ်ပါသည်။ ယခု ကျွန်တော် နှင့် ဟိုက ကျွန်တော်သည် သွင်ပြင် လက္ခဏာများ ဆင်တူလွန်းသဖြင့် တစ်ခါတစ်ခါ ကျွန်တော် ကိုယ်တိုင်ပင် မည်သည့် ကျွန်တော်လည်းဟု ဇဝေဇ၀ါ ဖြစ်ခဲ့ရသည်။ ကျွန်တော်သည် ပထမကျွန်တော်လား ဒုတိယကျွန်တော်လား ကျွန်တော် မဝေခွဲနိုင်ပါ။ ကြယ်ကလေး၏ အရောင်လက်သော မျက်နှာပြင်ထဲတွင် ကျွန်တော်မြင်နေရသူသည်ပင် ပထမ ကျွန်တော်လား။ သို့မဟုတ်....။



တစ်ခါတစ်ခါ လောက သည် သည်လိုပဲ ရယ်စရာ ကောင်းတတ်ပါသည်။ ရယ်ချင်သောစိတ် ရှိနေစဉ်မှာ ပေါ့လေ။

ကောင်းကင်ရှိ ကြယ်ပေါင်းများစွာထဲကမှ ကျွန်တော်သည် ဤကြယ်သေးသေးလေးကို ကျွန်တော့် ကြယ်အဖြစ် ရွေးချယ်ခဲ့ပါသလဲ။ ကြယ်ကလေးက ပြောပြတာကတော့ ကျွန်တော့်ကိုသာ သူက ရွေးချယ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်တဲ့။



ပထမ ကျွန်တော်



ကျွန်တော်သည် ငယ်စဉ်ကတည်းက ဘာကြောင့်လည်းဆိုသော မေးခွန်းတစ်ခုကိုသာ စိတ်ဝင်စားခဲ့၏။ ကျွန်တော်တို့ ဘာကြောင့် ကျောင်းသို့ သွားနေကြရပါသနည်း ဟု အမေ့အား ကျွန်တော် မေးခဲ့သောအခါ အမေက ကျွန်တော့်ကို ၀ါးခြမ်းပြားဖြင့် ရိုက်ခဲ့၏။ ပညာ တတ်စေချင်လို့ ပေါ့ဟဲ့ ဟု အမေ အော်ငေါက်ပါသေးသည်။ ကျွန်တော်တို့ ဘာကြောင့် ပညာ တတ်ရမည်နည်း။ ပညာတတ်သူနှင့် ပညာမတတ်သူ ဘယ်သူက လောကနှင့် အဆင်ပြေနိုင် ပါသနည်း။ ပညာတတ်များ ဖြစ်ပါလျက်နှင့် လောကနှင့် အဆင်မပြေဘဲ ဆင်းရဲ ဒုက္ခခံစား နေကြရသူများသည် ဘာကြောင့် ဤအဖြစ်နှင့် ရင်ဆိုင် နေကြရပါသနည်း။ သူတို့ မှားယွင်းခဲ့လို့လား။ ပညာ ကိုယ်တိုင်က မှားယွင်း ခဲ့လို့လား။ ဤနောက်ဆက်တွဲ မေးခွန်းများကို ကျွန်တော့်အား မည်သူမျှ မဖြေခဲ့ပါ။



ကျွန်တော်သည် ပထ၀ီဘာသာကို မသင်ကြားရသေးမီက ၄င်း ဘာသာ ရပ်အပေါ် အလွန်စိတ်ဝင် စားပါသည်။ ကျွန်တော်သိချင်သော မြစ်များ ချောင်းများ၊ ပင်လယ်များ အကြောင်း၊ တောင်ကုန်းများ အကြောင်း ကျွန်တော် သိခွင့် ရတော့မည် ဖြစ်သည်။ မြစ်တစ်ခုသည် ကျဉ်းပြီး၊ အခြားမြစ်တစ်ခုက ဘာကြောင့် ကျယ်ပါသနည်း။ မြစ်တစ်ခုက ဖြောင့်၍ အခြားမြစ်တစ်ခုက ဘာကြောင့် ကွေ့ကောက် ရပါသနည်း။ မြစ်များသည် မြောက်မှ တောင်သို့ စီးဆင်းကြသည် ဆိုလျှင် ပင်လယ်များသည် မည်သည့်အရပ်မှ မည်သည့်အရပ်သို့ စီးဆင်းကြပါသနည်း။ ပင်လယ်ကို ကျွန်တော် မမြင်ဘူးပါ။ နိုင်ငံခြား ပင်လယ်ကို နိုင်ငံခြား ရုပ်ပုံစာအုပ် ထဲမှတဆင့် လှပစွာ မြင်ဖူးပါ၏။

သို့သော် မြန်မာ့ပင်လယ်ကို ဓါတ်ပုံဖြင့် ကျွန်တော် မမြင်ဖူးပါ။ ဟောဟိုနေရာမှာ ပင်လယ်ရှိသည်ဟု ကျွန်တော်ဆွဲသော မြန်မာနိုင်ငံ မြေပုံအောက်ပိုင်းကို စိတ်မှန်းဖြင့် မှန်းဆ ကြည့်ရပါသည်။ ကျွန်တော်တို့ ကျောင်းမှာ ပထ၀ီ သင်သည့်အခါ ကမ္ဘာလုံးကြီး ဖြင့် ပြပြီးသင်ဖို့ ဆရာတွေက ဘာကြောင့် မကြိုးစား ကြပါသနည်း။ ကျွန်းသစ်တောကို ကျွန်တော် မြင်ဖူးချင်သည်။ ရေနံမြေကို ကျွန်တော် မြင်ဖူးချင်သည်။ မေခနှင့် မေလိခ မြစ်ဆုံကို ကျွန်တော် မြင်ဖူးချင်သည်။ ပထ၀ီဘာသာကို သင်ကြားရသောအခါ ၄င်းဘာသာကို လုံးဝ စိတ်ကုန်သွားခဲ့သည်။



ကျွန်တော်တို့တွင် ပြဌာန်း စာအုပ်များ ရှိသည်။ ထိုပြဌာန်း စာအုပ်များထဲမှ ပါဝင်သော အကြောင်းအရာ များကို ကျွန်တော်တို့ ကလေးများ စိတ်ပါဝင်စားအောင်၊ နားလည်အောင်၊ ကျက်မှတ် လိုစိတ်ရှိအောင် ဆရာများက ဘာကြောင့် သင်ကြား မပြခဲ့ပါသနည်း။ ထိုပြဌာန်း စာအုပ်များထဲမှ စာများကို ကျွန်တော်တို့ မှတ်စုစာအုပ်များ ထဲသို့ ၏၊ သည် မလွဲအောင် ဘာကြောင့် ကူးရေးနေကြရပါသနည်း။ ကျွန်တော်တို့ ကလေးတွေမှာ ကျွန်တော်တို့နားမလည်သော စာများကို ကူးရေးနေရသည်ထက် ပို၍စိတ်ဝင်စားဖွယ် ကောင်းသော အရာများ ပို၍လက်တွေ့ ကျသော အရာများစွာ ရှိသည်ဟု ဆရာတွေ ဘာကြောင့် မသိခဲ့ ရပါသနည်း။ သို့မဟုတ် ဘာကြောင့် မသိဟန်ဆောင် ခဲ့ကြပါသနည်း။ ဆရာတို့မှာ စာသင်သည်ထက်ပို၍ လက်တွေ့ကျသော ပို၍စိတ်ဝင်စားစရာကောင်းသော အခြားအရာများ ရှိနေခဲ့ပါသလား။ ကျောင်းသားများ နားလည်အောင် စာသင်ခြင်း၊ ကျောင်းသားများ စိတ်ဝင်စားအောင် ရှင်းပြခြင်း စသည်တို့သည် ဆရာ၏ ဘ၀မဟုတ်ဘူးလား။ ဆရာ၏ အခြား ဘ၀တစ်ခုခု ရှိသေးသလား။ ကျွန်တော်၏ မေးခွန်းများကို မည်သူမျှ မဖြေခဲ့ကြပါ။



ဆရာတစ်ယောက် ကျွန်တော်တို့ မမြင်ဖူးသော အရာများအကြောင်း ရေးထားသည့် စာပိုဒ်များကို ကျွန်တော်တို့အား ဖတ်ပြနေသည်။ ဘာကြောင့် ဖတ်ပြနေသနည်း။ ကျွန်တော်တို့ စာမဖတ်တတ်ဘူး ဟု ထင်နေသလား။ ကျွန်တော်တို့သည် ဆရာ့မျက်လုံးများကို စောင့်ကြည့်ကာ ဆရာ့ စာဖတ်သံကို နားထောင်ရတာ ငြီးငွေ့လာ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ ဘောလုံးပွဲများအကြောင်း၊ ကျွန်တော်တို့ ခဏခဏ သွားခဲ့သော မြက်ခင်းများနှင့် တောင်ကုန်းများအကြောင်း၊ ကျွန်တော်တို့ ဖမ်းမိခဲ့ဖူးသော ကြက်တူရွေး တစ်ကောင်အကြောင်း၊ ကြက်တောင်ရိုက် ပြိုင်ပွဲများ အကြောင်းကိုသာ ပြောချင်နေကြပါသည်။



ကြီးလာရင် ဘာလုပ်မလဲဟု ကျွန်တော်တို့ကို လူကြီးများမေးသော အခါတိုင်း ကျွန်တော်တို့အားလုံး စိတ်ထဲက ကသိကအောက် ဖြစ်ခဲ့ကြရသည်။ ကျွန်တော်တို့ ဘာဖြစ်ချင်သနည်း။ ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သည် တခါတရံ စတားလုံး ဖြစ်ချင်သည်။ တစ်ခါတစ်ခါ အိုင်းစတိုင်း ဖြစ်ချင်သည်။ တစ်ခါတစ်ခါ ဗိုလ်အောင်ဒင် ဖြစ်ချင်၏။ တစ်ခါတစ်ခါ မီးပုံးပျံ ဦးကျော်ရင် ဖြစ်ချင်၏။ တစ်ခါတစ်ခါ ဗိုလ်အောင်ကျော် ဖြစ်ချင်၏။ တစ်ချို့ ကလေးများသည် ငယ်စဉ်ကတည်းက ဆရာဝန် လုပ်ချင်သည်။ စစ်ဗိုလ် လုပ်ချင်သည်၊ စာရေးဆရာ လုပ်ချင်သည် ရည်ရွယ်ချက် ရှိကြပြီး ရည်ရွယ်ချက်အတိုင်း ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်ဟု လူကြီးသူမ များက ပြောကြပါသည်။ အံ့ဖွယ်သရဲ ထူးကဲ လှပါတကား။ သူတို့သည် ဘာကြောင့် သူတို့ကိုယ်သူတို့ သိကြပါသနည်း။ ဘာကြောင့် ရည်ရွယ်ချက် ရှိကြပါသနည်း။ ကျွန်တော့်မှာတော့ ဘာရည်ရွယ်ချက်မှ မရှိ။ ရည်ရွယ်ချက်သည် ဘယ်က လာပါသနည်း။ ရည်ရွယ်ချက်ကို ရအောင် ဘယ်သူ့ဆီက တောင်းခံရမည်နည်း။ ရည်ရွယ်ချက် ဆိုသည်ကို ရရှိပိုင်ဆိုင်ဖို့ ကျွန်တော့်မှာ ဘာအရည်အချင်းတွေ လိုအပ်ပါသနည်း။ ကျွန်တော် မသိပါ။ ထိုအခါ ကျွန်တော်သည် ကျောင်းပြေးပါသည်။ ကျွန်တော့်အား ကျောင်းမှ မိမိ ဘာဝါသနာ ပါသည်ကို သိရန် သင်ကြား မပေးနိုင်သောအခါ ကျွန်တော်သည် ကျောင်းပြင်ပမှာသာ ၀ါသနာပါသည့် အရာကို လိုက်လံ ရှာဖွေခဲ့ပါသည်။ ကျွန်တော် ပြေးသည်။ ပြေးပြီးရင်း ပြေးသည်။ ကျွန်တော့်ကို ကြယ်ကလေး တစ်လုံးက ဖမ်းမိသွားသော အခါမှ ကျွန်တော် အပြေးရပ်သွားခဲ့ ပါသည်။



ဒုတိယ ကျွန်တော်



အဖေက ကျွန်တော့်ကို အောင်မြင်သော ပွဲရုံပိုင်ရှင် တစ်ယောက် ဖြစ်စေချင်သည်။ အမေက ကျွန်တော့်ကို အရာရှိကြီးကြီး ဖြစ်စေချင်သည်။ ကျွန်တော်သည် ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်သည်ဟု မသိခဲ့ဘဲ သီချင်းရေးစပ်သူ ဂစ်တာသမားတစ်ယောက် ဖြစ်ခဲ့ရပါသည်။ ကျွန်တော်သည် ဘာကြောင့် ဟူသော အကြောင်းပြချက်ကို လုံးဝ စိတ်မ၀င်စားပါ။ လူ့ဘ၀ကို အလိုက်သင့် မျောပါရင်း ကမ်းတစ်ခုခုသို့ ကပ်မိသည့် အခါ ထိုကမ်းသည် ဘယ်ကို ရောက်မလဲဟုသာ စိတ်ဝင်စားပါသည်။



ကျွန်တော်ချစ်သော ကျွန်တော့်ကိုချစ်သော ကြယ်ကလေး တစ်ပွင့်က ပြောပြသည့် မျှော်လင့်ချက် ဆိုသည့် အကြောင်းအရာလေးကို ပထမဦးဆုံးအကြိမ် သီချင်းတစ်ပုဒ်အဖြစ် ရေးစပ်သီဖွဲ့စဉ်က ကျွန်တော့်မှာ ဂစ်တာလေး တစ်လက်ပင် မပိုင်ဆိုင်ခဲ့သေးပါ။ ထိုသီချင်း တစ်ပုဒ်အား ကျွန်တော် ရောင်းချ ပစ်လိုက်သောအခါ ရရှိသည့်ငွေသည် ရော်ဘာဖိနပ် တစ်ရံထက် ပို၍လိုအပ်သော အရာများစွာ ရှိသေးသည်။ ထိုအထဲမှ အလိုအပ်ဆုံး အရာမှာ ဂစ်တာတစ်လက် ဖြစ်သည်။ ဂစ်တာလေး တစ်လက် ပိုင်ဆိုင်ဖို့ ကျွန်တော်ဘာတွေ လုပ်ခဲ့ရပါသလဲလို့ ကြယ်ကလေး မေးမြန်းသောအခါ ကျွန်တော်သည် သိမ်ငယ်စိတ်ဖြင့် မျက်ရည်ကျခဲ့ရသည်။ သို့သော် ကျွန်တော် မဖြေပါ။ သို့သော် ကြယ်ကလေး သိနေခဲ့လိမ့်မည်ဟု ကျွန်တော် ထင်သည်။ ကြယ်ကလေးသည် ညစဉ် ညတိုင်း ကျွန်တော့်ကို စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလား။



ကျဉ်းမြောင်း လှောင်ပိတ်သော အခန်းကျဉ်းကျဉ်းလေး တစ်ခုဆီသို့ အပြန် ညကာလများတွင် ကျွန်တော်သည် ကောင်းကင်ကို မော့ကြည့်ကာ ကျွန်တော့် ကြယ်ကလေးနှင့် စကားပြောခဲ့ ရသည်။ ကျွန်တော် ငိုလျှင် ကြယ်ကလေးက ကျွန်တော့်ကို ချော့မော့သည်။ ကျွန်တော် ဒေါသကြီးလျှင် ကြယ်ကလေးက ကျွန်တော့်ကို ဖျောင်းဖြသည်။ ကျွန်တော် အိပ်ပျော်သွားလျှင် ခဏကြာတော့ ကြယ်ကလေးက ကျွန်တော့်ကို နှိုးသည်။ ထို့နောက် ကျွန်တော့်ကို ဂစ်တာ တီးခိုင်းသည်။ သီချင်း စပ်ဆိုခိုင်းသည်။ ထိုကာလများ မည်မျှ ကြာခဲ့သနည်းဟု ကျွန်တော် ဘယ်တော့မှ မတွေးပါ။ ကျွန်တော် ပျော်ခဲ့ပါသလား။ ကျွန်တော် ပျော်ခဲ့သည်ဟု ပြောလျှင် ခင်ဗျားတို့ ယုံချင်မှ ယုံလိမ့်မည်။ သို့သော် ကျွန်တော် တကယ် ပျော်ခဲ့ပါသည်။ ကျွန်တော်သည် ဂစ်တာလေးကို ကျွန်တော့် ကိုယ့်အင်္ဂါ အစိတ်အပိုင်း တစ်ခုပမာ ချစ်မြတ်နိုးသောကြောင့် ဂစ်တာကြိုးများမှ ထွက်လာသော သံစဉ်များသည် ၀မ်းနည် ကြေကွဲ ရသည်ပင်ဖြစ်စေ ကျွန်တော့်အတွက်တော့ အဖိုးမဖြတ်နိုင်သော ရတနာများသာ ဖြစ်သည်။ ကျွန်တော့်ဘ၀သည် သီချင်းများပင် ဖြစ်ပါသည်။



ကျွန်တော်က သီချင်းတွေအပေါ် အမြတ်တနိုးထားပါလျှင် သီချင်းတွေက ကျွန်တော့်ကို ကျွန်တော်လိုသမျှ အရာအားလုံး ပေးပါလိမ့်မည်ဟု ကြယ်ကလေးက ကျွန်တော့်အား ပြောပြဖူး၏။ ကြယ်ကလေးသည် မှန်သော စကားကိုသာ ဆိုတတ်ခဲ့သူ ဖြစ်သည်။ သီချင်းများသည် ကျွန်တော့်အား ကျွန်တော် တောင်းသမျှ အရာများကို ပေးခဲ့ပါသည်။ အသေးအဖွဲ့ ပစ္စည်းများမှ အစပြု၍ တန်ဖိုးကြီးမားသော ပစ္စည်းများ အထိ တစ်စတစ်စ တိုးကာ ပေးအပ်ခဲ့သည်။ အချိန်ကာလ များစွာ ကြာခဲ့သည်ပဲ ပြောစရာ ရှိပါသည်။

ထိုအရာများ ဘယ်တော့ ကျွန်တော့်ထံမှ ပျောက်ကွယ် သွားမည်နည်းဟု ကြယ်ကလေးအား ကျွန်တော်မေးသောအခါ ကြယ်ကလေးက ရယ်မောပါသည်။



မင်းရဲ့နောက်ထပ် ကိုယ်ပွားတစ်ယောက်ကို ငါ့ဆီမှာ မင်းမြင်တွေ့နေရသမျှ မင်းမှာ အဲဒါတွေ ရနေဦးမှာပါ ဟု ဖြေခဲ့သည်။

ထို့ကြောင့် ကျွန်တော်သည် ညစဉ် ကြယ်ကလေးထံမှာ ကျွန်တော် ရှိမရှိကို လိုက်ရှာ ကြည့်လေ့ရှိသည်။ ထိုကျွန်တော်ကို ကျွန်တော် မြင်ရပါသည်။ 



တစ်ခါတစ်ခါ ကျွန်တော်တို့နှစ်ယောက် စကားပြောကြပါသည်။ တစ်ခါတစ်ခါ ရန်ဖြစ်ကြပါသည်။ ထို ကျွန်တော်က ကျွန်တော့်အား လောကတွင် အရေးအကြီးဆုံးမှာ အကြောင်းရင်း သို့မဟုတ် ဘာကြောင့် ဆိုသည့် မေးခွန်းတွေ ဖြစ်သည်ဟု ပြော၏။ ကျွန်တော် သဘောမတူပါ။ လောကတွင် အရေးအကြီးဆုံးမှာ ဘယ်ကို သွားမည်လဲ။ ဘယ်တော့ သွားမည်လဲ။ ဘာတွေ ရမည်လဲ။ ဘယ်လိုအသက်ရှင်နေထိုင်ပြီး ဘယ်လို ပျော်ရွှင်ကြမည်လဲ။ ထိုအချက်များသာ ရှိသည်ဟု ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော်တို့ နှစ်ယောက် စကားပြောတိုင်း ကျွန်တော်သည် လောကအပေါ် ပို၍ပို၍ သဘောပေါက် လာခဲ့ပါသည်။ ကြယ်ကလေးမှ တဆင့်သိရသော ထိုကျွန်တော်ကတော့ ကျွန်တော့်ကို မကျေနပ်ပါ။ တချိန်ချိန်တွင် ကျွန်တော်တို့ နှစ်ယောက် အကြီးအကျယ် ပဋိပက္ခ ဖြစ်လာနိုင်သည်ဟု ကျွန်တော် ထင်ပါသည်။ သို့သော် ကြယ်ကလေးက ကျွန်တော်တို့ နှစ်ယောက်ကို ပေါင်းစည်းပေးပါလိမ့်မည်။



ကျွန်တော် နှစ်ယောက်



ကျွန်တော် တစ်ယောက်သည် ပင်လယ်ကမ်းစပ် ကျောက်ဆောင်ပေါ်တွင် မတ်တပ်ရပ်လျက် အောက်ဖက် ပင်လယ်ပြင်ကို ငုံ့ကြည့်နေသည်။ ပင်လယ် ဒီလှိုင်းများသည် ကျောက်ဆောင်ကို ၀ုန်းခနဲ ၀ုန်းခနဲ လာရောက် ပုတ်ခတ်နေချိန်တွင် ဖွာခနဲ လွင့်စင် မြောက်တက်လာသော ရေပန်း ရေမွှားများသည် ကျွန်တော့် ခြေထောက်ကို လာ၍ စင်တတ်သည်။ ဟိုးအဝေးက ပင်လယ်ပြင်နှင့် ကောင်းကင် အစပ် အနားသတ် မျဉ်းကလေးသည် ကျွန်တော့် မျက်စိအောက်မှာပင် တဖြည်းဖြည်း ၀ါး၍၀ါး၍ လာသည်။ ကောင်းကင်သည် ပင်လယ် ဖြစ်သွားပြီး၊ ပင်လယ်သည် ကောင်းကင် ဖြစ်သွားသည်။ ကောင်းကင်ဖြစ်သွားသော ပင်လယ်ထဲတွင် ကျွန်တော့် ကြယ်ကလေးကို ကျွန်တော် မြင်နေရပါသည်။ အချိန်မှာ ဆောင်းဥတု ဖြစ်နိုင်သည်။ နှင်းငွေ့များသည် တဖွဲဖွဲ ကျနေရာ ကျွန်တော့် ဆံပင်များသည် နှင်းငွေ့ဖြင့် စိုထိုင်းအေးစက်လာသည်။ နှင်းဖြစ်ပေါ်လာရခြင်း အကြောင်းကို ကျွန်တော့်အား တစ်ယောက်ယောက်က သင်ကြားပေးခဲ့ ဖူးပါသလား။ သင်ကြားပေးခဲ့သည် ဆိုလျှင် ထိုဘာသာရပ်သည် ပထ၀ီ ဘာသာရပ်လား၊ သိပ္ပံ ဘာသာရပ်လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် နှင်းတွေကို ချစ်ပါသည်။ ထိုအချစ်ကို ကျွန်တော့် အား ဘယ်သူကမှ သင်ကြားမပေးခဲ့ပါ။

ကျွန်တော် အခြားတစ်ယောက်သည် တိမ်စိုင်တိမ်လိပ် များပေါ်တွင် အိပ်လျက်ရှိသည်။ ကျွန်တော့်ကို တိမ်များသည် ဘယ်အထိ ခေါ်ဆောင်သွားကြ မည်နည်း။ အရေးမကြီးပါ။ ကျွန်တော်သည် သူတို့ခေါ်ဆောင်ရာသို့ လိုက်ပါသွားရန် အဆင်သင့်ပင် ဖြစ်ပါသည်။ ကျွန်တော့ ပါးပြင်နှင့် ဆံပင်များကို ရိုက်ခတ်လာသော လေသည် အေးမြ လန်းဆန်းလျက် ရှိသည်။ ထိုလေတွင် ရေခိုးရေငွေ့ ပါဝင်သလား ကျွန်တော် မသိပါ။ အချိန်မှာ နွေဥတု ဖြစ်သလား၊ မိုးဥတို ဖြစ်သလား။ ကျွန်တော် မသိပါ။ ကျွန်တော် သိသည်က ကျွန်တော့် ခန္ဓာကိုယ်တွင် လှည့်ပတ် စီးဆင်းနေသော သွေးများသည် ဂီတ သံစဉ်များ ဖြစ်သည်။ ကျွန်တော့် ရင်ထဲမှ နှလုံးခုန်သံများသည် ဂီတ သံစဉ်များ ဖြစ်သည်။ ကျွန်တော်သည် အသက်ရှူသွင်းလိုက်တိုင်း ဂီတကိုသာ ရှူမိသည်။ ကျွန်တော် အသက်ရှူထုတ်လိုက်သောအခါ ထိုအရာသည် သီချင်းများ ဖြစ်နေသည်။ ကျွန်တော် အိပ်ပျော်နေတာ မဟုတ်နိုင်ဘူးပေါ့။ နိုးတ၀က် အိပ်တစ်ဝက် ဖြစ်လေသလား ။ သို့သော် ဒါတွေက အရေးမကြီးပါ။ ကျွန်တော် ကြယ်ကလေးထံ ရောက်တော့မည်။ ကြယ်ကလေး၏ အောက်တည့်တည့် မြေပြင်မှာ ကျွန်တော့်အိမ် ရှိခဲ့ဖူးသည်။ ထိုနေရာမှာ ကျွန်တော်တို့ နွေးထွေး ပျော်ရွှင်ခဲ့ကြ ဖူးပါသည်။

ကျွန်တော့်အား တစ်စုံတစ်ယောက်က ခေါ်သံကြားရသဖြင့် လှည့်ကြည့်လိုက်သောအခါ ပြုံးနေသော ကြယ်ကလေး ဖြစ်နေ၏။ ကြယ်ကလေး၏ မျက်နှာတွင် ကျွန်တော် တစ်ယောက် ကိုလည်း ကျွန်တော်တွေ့ရသေးသည်။



နှင်းတွေကို လိုချင်သလား ကြယ်ကလေးက မေးသည်။

လိုချင်ပါတယ် ဟု ကျွန်တော် ဖြေလိုက်သည်။

ထိုကျွန်တော်သည် ပထမကျွန်တော်လား၊ ဒုတိယ ကျွန်တော်လား ကျွန်တော် မသိပါ။ ကျွန်တော့်လက်ထဲမှာ နှင်းမှုန် နှင်းပွင့် ကလေးများ၏ အေးမြမြ အတွေ့ကို ခံစားရသည်။ ဒါဖြင့် နှင်းကလေးတွေကို ပိုင်ဆိုင်သူမှာ ကျွန်တော် ပဲပေါ့။ တခြား ဘယ်ကျွန်တော်မှ မဟုတ်ဘူးပေါ့။ ကျွန်တော် နှင်းများကို လောဘတကြီး နမ်းရှိုက်လိုက်သည်။

ထိုအခါ ကြယ်ကလေး ပြုံးနေပါသည်။



ဂျူး

နတ်ဆိုး စာရိုက်သည်။

စာပေဂျာနယ် မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၉၆။

သစ်တောလမ်း

သူသည် အခြားမြို့များမှ စာပို့လုလင်များ ထုံးစံအတိုင်း လက်မောင်းတွင်

စာပို့တံဆိပ်ပါသော အရောင်ဖျော့မှိန်နေပြီဖြစ်သော ဇင်ပြာဝတ်စုံကို

ဝတ်ဆင်လေ့ရှိသည်။ ပခုံးတွင် စစ်ရောင် ကျောပိုးအိတ်အနွမ်းကို

လွယ်လျက်၊ ဇင်ပြာဦးထုပ်ပျော့၏ လျှာကို နဖူးပေါ် အနည်းငယ်ဆွဲချလျက်

လမ်းကြားများမကျန် လျှောက်ရင်း ရပ်ကွက်များအတွက်း

မသိသူမရှိသလောက် နှုတ်ဆက်ဖော်ရွေတတ်သူ ဖြစ်သည်။ အဖြူတစ်ဝက်

ရောနေပြီဖြစ်သော မွဲပြာပြာ ဆံပင်များကို ခေါင်းတုံးဆံတောက်

ညှပ်ထားသည်။ နှာခေါင်း သိပ်ရှည်သော်လည်း မျက်နှာကျပုံ

သွယ်သောကြောင့် သိပ်မဆိုးလှသော မျက်ခုံး မျက်လုံးနှင့်

ပေါင်းစပ်လိုက်သောအခါ ငယ်စဉ်က “သနားကမား ရုပ်ကလေး” ဟု အများက

ထင်မြင်ချက်ပေးခံရသူ ဖြစ်သည်။ ယခုလောလောဆယ်တွင်တော့

အသက်လေးဆယ်သာ ရှိသေးလျက် အသက်ငါးဆယ်ဟု

အထင်ခံရလောက်အောင် ပင်ပန်းနွမ်းနယ်ခြင်းဒဏ်က ဖိစီးခဲ့လေပြီ။

နေပူလျှင်သော်လည်းကောင်း၊ မိုးရွာလျှင်သော်လည်းကောင်း

အရောင်လွင့်ပြယ်နေသော ကြက်ဆင်တံဆိပ် ထီးကောက်ကြီးကို

ဆောင်းလျက် တစ်အိမ်တက်ဆင်း စာဝေငှခြင်းအလုပ်ကို မပျက်မကွက်

ဆောင်ရွက်ဆဲသာဖြစ်သည်။



တောင်ကုန်းအတက်အဆင်း ထူထပ်လှသော မြို့တစ်မြို့တွင်

စာပို့လုလင်တစ်ယောက် ဖြစ်နေရခြင်းမှာ အနည်းငယ် ကသိကအောက်

နိုင်လှသော်လည်း ယခုအချိန်အထိ ဤအလုပ်ကို သူ စွဲမြဲစွာ လုပ်ကိုင်နေဆဲ

ဖြစ်ပါသည်။



ဆက်သွယ်ရေးဌာနတွင် သူ စတင် အလုပ်လုပ်ခဲ့စဉ်ကတော့

လက်လှမ်းမီရာအလုပ်ကို ဖမ်းဆွဲလုပ်ကိုင်သည့် သဘောမျှသာ ဖြစ်သည်။

ရုံးအကူလုလင်ဘ၀မှ ရံဖန်ရံခါ စာပို့ခြင်းအလုပ်ကို ခေတ္တလွှဲယူ

ဆောင်ရွက်ခွင့်ရလာသောအခါ စာပို့လုလင်ဘ၀ကို စိတ်ဝင်စားလာခဲ့သေး၏။

သို့သော် စာပို့လုလင်အလပ်ဖြင့် လုပ်သက်နည်းနည်း

ရလာသောအခါတွင်ကား ဤအလုပ်ကို သူ စိတ်ပျက်ငြီးငွေ့လာခဲ့ပြန်သည်။

သို့သော် ထိုအချိန်မှာတော့ အလုပ်လွှဲပြောင်းလုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါ။

သူသည်စာပို့သမား အလုပ်ကလွဲ၍ တခြား ဘာမျှ

လုပ်ကိုင်တတ်သူမဟုတ်ပါ။



သူသည် လူမှုဆက်ဆံရေး ကျွမ်းကျင်လာရန် အမြဲကြိုးစားခဲ့ရသည်။

သူတာဝန်ကျသည့် ရပ်ကွက်များ၌ ဘယ်နေရာမှာ ဘာရှိသည်ဆိုတာ

အကုန်သိဖို့ သိပ်မခက်လှပါ။ လူတွေနှင့် ဆက်ဆံရာမှာ ‘အလိုက်အထိုက်’

ဟူသော ဝေါဟာရ အထူးလိုအပ်ကြောင်း သူသိခဲ့သည်။ အိမ်တစ်အိမ်သို့

မှတ်ပုံတင်ချောစာ ဝေရာတွင် မုန့် သစ်သီးစသည့် အစားအစာများကို

လောကွတ်ပျူငှာ ကျွေးမွေးသော အိမ်ရှင်များစွာ သူတွေ့ဖူးပြီ။ ပထမတွင်

တတ်နိုင်သမျှ ယဉ်ကျေးဖွယ်ရာ ငြင်းဆိုလေ့ရှိသော်လည်း

ခင်မင်ရင်းနှီးလာသောအခါ ထန်းလျက်တစ်လုံးတလေ ယူစားဖို့

လေ့ကျင့်ပြီးသား ဖြစ်သွားသည်။ စာပို့ခ ဆယ့်ငါးပြား တာဝန်မကျေသော

စာများအတွက် ဒဏ်ကြေး ပြားသုံးဆယ် ကျခံရသည်ဖြစ်သော်လည်း

အချို့က တစ်ကျပ်၊ သို့မဟုတ် နှစ်ကျပ် ပေးတတ်ကြပါသည်။ အကြွေ

ပေါများစဉ်ကတည်းက ကျပ်တန်အတွက် သူ ပြန်အမ်းလျှင် ရယ်မောလျက်

ငြင်းပယ်ခဲ့ကြသူက များပါသည်။ အချို့ကတော့ အကြောင်းမဲ့သက်သက်

လက်ဖက်ရည်ဖိုး ပေးကြသူများဖြစ်သည်။ ကရုဏာတရာ ထက်သန်သူ

တချို့ဈေးသည်များက ဟင်းလျာအဖြစ် အသီးအရွက်များ

ထည့်ပေးလိုက်လျှင်လည်း ကျေးဇူးစကား အထပ်ထပ်ဆိုလျက်

လက်ခံရယူလေ့ရှိပါသည်။ ဤကိစ္စမျိုးကို ခါးခါးသီးသီး

ငြင်းပယ်ရလောက်အောင် သူ ခေါင်းမာသူမဟုတ်ပါ။ သူ့လစာရင်း

ကျပ်တစ်ရာ့ငါးဆယ်တွင် ရှားပါးစရိတ်နှင့် ပေါင်းမှ နှစ်ရာနှစ်ဆယ့်ငါးကျပ်သာ

ရ၏။ ဟိုမှသည်မှရသော မဖြစ်စေလောက် သဒ္ဓါကြေးကလေးနှင့်

နှစ်တိုးပေါင်းပါမှ သုံးရာ၊ သုံးရာ့ငါးဆယ် ဆိုသည်မှာ အနိုင်နိုင်သာ

ဖြစ်ပါသည်။



သူ့မိတ်ဆွေများက ရိုးအ,လွန်းသော သူ့ကို အားမလိုအားမရ

ကရုဏာဒေါသောဖြင့် အလုပ်ပြောင်း၊ သို့မဟုတ် ထွက်ခိုင်းကြသော်လည်း

သူကတော့ ဤအလုပ်ကို နေသားကျနေပြီဖြစ်သည်။

ငယ်စဉ်ကတော့ ‘တို့အလုပ်က လူတွေပျော်ရွှင်တက်ကြွစေတဲ့ အလုပ်ကွ’ ဟု

ကြေးနန်းရုံးမှ စာရေးလေးကို ကြွားဝါခဲ့ဖူးသည်။



“မင်း စဉ်းစားကြည့်၊ ကြေးနန်းစာဆိုရင် လူတွေက အနိဌာရုံသတင်းကစပြီး

တွေးတာ၊ မင်းရဲ့ ကြေးနန်းစာကို လူတွေက ထိတ်လန့်ခြင်းနဲ့ စိုးရိမ်သောကနဲ့

ဖတ်ကြမှာ၊ စိတ်မချမ်းမြေ့စရာ ကြေးနန်းဆိုရင် သူတို့ကို

ဝမ်းနည်းစကားပြောရဦးမှာ၊ ငါတို့ကျတော့ အဲဒီလိုမဟုတ်ဘူးကွ၊

စာပါတယ်လို့ ပြောလိုက်ရင် မျှော်လင့်ချက်တွေ အားတက်မှုတွေနဲ့ ရောနေတဲံ

စူးစူးစမ်းစမ်း မျက်နှာမျိုးနဲ့ လာယူကြတာ၊ တချို့ဆို စာဝေချိန်ရောက်ရင်

စာပို့တဲ့လူကို မျှော်တောင်မျှော်နေကြသေး။



“…လူတွေကလဲ အသည်းအသန်ဖြစ်နေတဲ့သတင်းတို့ ဘာတို့ဆိုရင်

ကြေးနန်းရိုက်ကြတာ များတယ်လေကွာ၊ စာထဲမှာတော့

မာကြောင်းသာကြောင်းတွေ၊ မင်္ဂလာဖိတ်စာတွေ၊ ခွဲခွာနေရသူချင်း

သတိရတဲ့အကြောင်းတွေ၊ အတွေ့အကြုံနှီးနှောဖလှယ်တာတွေ”

ဟိုစဉ်တုန်းကတော့ သူ့မျက်ဝန်းမှာ မိမိ၏ အလုပ်အပေါ် စိတ်ဝင်စားခြင်း၊

ကျေနပ်ခြင်းတို့ဖြင့် တောက်ပနေခဲ့သည်။ ယခုတော့ ဤကဲ့သို့ တက်ကြွသော

ကြွားဝါစကားမျိုး မပြောခဲ့မိသည်မှာ ကြာပြီ။



နေ့စဉ်မြင်တွေ့နေကျ သမားရိုးကျ မျက်နှာများ၊ လမ်းများ၊ နေအိမ်များ၊

လိပ်စာများကို ကြာလာသောအခါ လူတိုင်းငြီးငွေ့တတ်သလို သူလည်း

ငြီးငွေ့လာခြင်း ဖြစ်တန်ရာသည်။ စာပို့သမား သက်တမ်း ဆယ့်ငါးနှစ်အတွင်း

သူ့ခြေသလုံးတွင် ခွေးနှစ်ကြိမ်ကိုက်ခံခဲ့ရသည်ကလည်း

တစ်ကြောင်းဖြစ်နိုင်သည်။ ယခုအချိန်အထိ စာပို့ကြပ်ရာထူးကို

မတက်နိုင်သေးသည်ကလည်း တစ်ကြောင်းဖြစ်နိုင်သည်။

ထို့ပြင် ငြီးငွေ့စိတ်ပျက်ရခြင်း၏ အကြောင်းအကြောင်းများစွာထဲမှ

သူဘယ်တော့မျှ မေ့နိုင်မည်မဟုတ်သော အကြောင်းတစ်ခု ရှိသေးသည်။



**



ထိုကုန်းမြင့်သို့ ပထမဆုံးအကြိမ် သူရောက်ဖူးစဉ်တုန်းက သူသည်

စာပို့လုလင်တစ်ဦးပင် မဟုတ်သေးပါ။ ငယ်ရွယ်သေးသော

ရုံးအကူလုလင်တစ်ဦးမျှသာ ဖြစ်သည်။ အချိန်မှာ ဇူလိုင်လ၏

မိုးသည်းထန်သော သောကြာနေ့ နေ့လည်ခင်းတစ်ခုဖြစ်သည်။

သူ့စိတ်ကို ယခုအချိန်တိုင်အောင် ဒုက္ခပေးလျက်ရှိသော ထိုလိပ်စာကို

ယခုအချိန်အထိ သူ သတိရနေသေးသည်။



ခင်မေစီ၊ အမှတ် ၄၇၀၊ သစ်တောလမ်း၊ ဆောက်လုပ်ရေးကုန်းမြင့်။

ဆောက်လုပ်ရေးကုန်းမြင့်ကို သူသိသော်လည်း သစ်တောလမ်းကို သူမသိပါ။

သစ်တောလမ်းကို လိုက်ရှာရင်း ချာလည်ချာလည် ဖြစ်နေခိုက် မိုးက

ပိုမိုသည်းထန်လာခဲ့သည်။ သူ ၀တ်ထားသော မိုးကာအင်္ကျီမှာ ကြယ်သီးများ

ပြုတ်ထွက်နေသဖြင့် လေတစ်ချက် သဲ့ပက်လိုက်တိုင်း အင်္ကျီအနားစများ

လန်၍ မိုးစိုရွှဲသွားတတ်သည်။ နောက်ဆုံးတွင် လမ်းထောင့်ချိုးတစ်ခုမှ

ထွက်လာသော လူတစ်ယောက်ကို မေးကြည့်လိုက်မှ သူ လွန်လာခဲ့သော

လမ်းတစ်ခုသို့ ပြန်လှည့်ရသည်။ လမ်းနာမည်ကို

တိုင်စိုက်၍သော်လည်းကောင်း၊ ပင်စည်တစ်ခုတွင် တပ်လျက်

သံရိုက်၍သော်လည်းကောင်း ဆိုင်းဘုတ်ဖြင့် ပြမထားလျှင်

သူ့လိုလက်သင်စာပို့သမားများ အလွန် ဒုက္ခရောက်ရတတ်ပါသည်။

သစ်တောလမ်းသည် ကျောက်စရစ်ခဲ အနည်းငယ်မျှသာ ပြန့်ကျဲနေသော

မြေနီလမ်းအတက်တစ်ခုဖြစ်သည်။ ပြေလျောသော တောင်ကုန်းတစ်လျှောက်

နီကြင်သော ရွှံ့စေးရည်များ စီးကျနေအောင်၊ ကျောက်စရစ်ခဲများ

တစ်စွန်းတစ်စ ပေါ်လာအောင် မိုးက ဝေခနဲ သွန်းချလာသောအခါ သူ၏

မိုးကာအင်္ကျီရင်ဘတ်စကို သူဆွဲပိတ်၍ ပြတ်တော့မလိုဖြစ်နေသော

သားရေဖိနပ်တစ်ဖက်ကို ညှာကာ တရွတ်ဆွဲလျက် လျှောက်ခဲ့ရသည်ကို သူ

မှတ်မိသည်။ လမ်းတစ်လျှောက် ခြံဝင်းကျယ်များကိုသာ တွေ့ရ၏။

အိမ်နှင့်ခြံတံခါး ဝေးလံပြီး သစ်ပင်များ အုပ်ဆိုင်းလျက် လူရိပ်လူခြည်ပင်

လုံးဝမတွေ့ရသော လမ်းဖြစ်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင်

မြင့်မားသော သစ်ပင်များ၏ အောက်ခြေရှိ အပွင့်သေးသေး

ရောင်စုံများပွင့်သော စိန်နားပန် ချုံပုတ်များဆီမှ စိမ်းရွှေရွှေ ပန်းရနံ့ကို

သစ်ကိုင်းစိုနံ့၊ ရွှံ့ရည်နံ့နှင့်အတူ ရှူရှိုက်ရသောအခါ ထိုနေ့လယ်ခင်းသည်

အလွန်မနှစ်မြို့စရာကောင်းသွား၏။



သည်လိုနှင့်ပင် တောင်ကုန်းထိပ်သာ ရောက်လျက် ခြံအမှတ် ၄၇၀ ကို

မတွေ့ရ။ အနီးအနားမှာလည်း စုံစမ်းစရာ ကွမ်းယာဆိုင် စသည့်

လမ်းဘေးဆိုင်များ မဖွင့်ပါ။ ခြံအမှတ် ၄၆၈ နှင့် ၄၆၇ ဟု ထင်ရသော

ခြံများမှာ ကုန်းထိပ်မရောက်မီ ဖာလုံဝက်ခန့် ဝေး၍ ကျန်ခဲ့ပြီး

လိပ်စာမှားလေသလားဟူသော အတွေးက ပထမဆုံး ၀င်လာသည်။ သူ

အလွန် စိတ်မောသွားပါသည်။ ထိုစာသည် ထိုနေ့အတွက် သူ ဝေရမည့်

နောက်ဆုံးစာလည်းဖြစ်၏။



ဆောက်လုပ်ရေး ကုန်းမြင့်ထိပ်တွင် မိုးသည်းသည်း၌ ခဏရပ်နေပြီးနောက်

သူ ပြန်ဆင်းလာခဲ့သည်။ အဆင်းတွင် သူ ခြေချော်၍ လဲလုမတတ်

ဖြစ်ခဲ့သေး၏။ ကံကောင်းထောက်မစွာ အဲသည်တုန်းက ဖိနပ်သည်းကြိုး

မပြတ်ခဲ့ပါ။ ခြံအမှတ် ၄၆၈ ရှေ့ရောက်တော့ မိုးရေထဲတွင်

မြေဖို့နေဟန်တူသော ပေါက်တူးကိုင်လူကြီးတစ်ယောက်ကို တွေ့ရသည်။

တက်ကြွမှုကင်းစွာဖြင့် သူမေးကြည့်သောအခါ အဘိုးကြီးက

မျက်မှောင်ကြုတ်၍ စဉ်းစား၏။



“ကုန်းထိပ် ဟိုဘက်အဆင်းမှာတော့ ခြံတစ်ခုနှစ်ခု ရှိသေးတယ်ကွ၊ အရင်က

သစ်တောဝန်ထောက်ကြီး နေသွားတဲ့အိမ်တွေ၊ ခြံနံပါတ်တော့ မသိဘူး၊

နာမည် ဘယ်သူတဲ့လဲ”

“ခင်မေစီ တဲ့”

“ဟေ… သူ့အဖေနာမည်ကော”

“မပါဘူးဗျ”

“ဒီနာတော့ အဲဒီနာမည် ငါမသိပါဘူး၊ မင်း ကုန်းထိပ်အဆင်းက အိမ်တွေ

မေးကြည့်ကွ”



အဘိုးကြီးက ပြောပြောဆိုဆို တစ်ဖက်ခြံတွင်းသို့ ၀င်သွားသည်။ ဤတွင်

ပထမဆုံး သူ စဉ်းစားရသည်မှာ ပြတ်လုတဲတဲ ဖိနပ်အတွက်ဖြစ်ပါသည်။

ခေါင်မှပြတ်လျှင် သူ မည်သို့မျှ စိး၍ဖြစ်နိုင်တော့မည်မဟုတ်ပါ။ သူ့တွင်

တွယ်ချိတ်၊ ပင်အပ် စသည့် ပစ္စည်းများလည်း မပါပါ။ နောက်ပြီး

မိုးသည်းသည်းတွင် ဖိနပ်ပြတ်ခံပြီး လိပ်စာကိုလိုက်ရှာ၍ တွေ့သည်ထားဦး၊

မည်သူကမျှ စံပြလုပ်သားဆု ပေးမည်မဟုတ်ပါ။

ထိုစာကို အိတ်ထဲမှာ အသေအချာထည့်သိမ်းပြီးမှ သူပြန်လာခဲ့သည်။



တနင်္လာနေ့ နေ့ခင်းပိုင်းတွင် သစ်တောလမ်းသို့ သူ

တစ်ခေါက်ပြန်လာသောအခါ နေသာသော နေ့တစ်နေ့ဖြစ်နေပြန်၏။

တကယ်တော့ အဘိုးကြီးပြောသလိုပင် ခြံအမှတ် ၄၇၀ သည် ၄၉၆ နှင့်အတူ

ဆောက်လုပ်ရေးကုန်းမြင့်၏ တစ်ဖက်အဆင်းတွင် ရှိနေသည်။ ထိုလမ်းသည်

သစ်တောလမ်းနှင့် တစ်ဆက်တည်းဖြစ်သော်လည်း ကုန်းမြင့်ထိပ်ရှိ

ဆောက်လုပ်ရေးရုံးပိုင် အဆောက်အအုံများက ခြားထားသောအခါ

သီးခြားလမ်းတစ်ခုဟု ထင်ရသည်။



ခြံအမှတ်ကို ခြံရှေ့တံခါးဝတွင် ချိတ်ဆွဲထားရမည့်အစား ဟိုးအဝေးကြီးက

တိုက်နံရံတွင် သေးသေးကလေး ရေးထားသောကြောင့် ၄၇၀ ဟူသော

ဂဏန်းကို တော်တော်ကြာအောင် ရှာယူရသည်။ ခြံရှေ့တွင် မြင့်မားသော

ပင်လယ်ကဗွီးပင်ကြီး ရှိသည်။ ခြံဝင်းကျယ်သောအိမ်ဖြစ်ပါလျက် အိမ်ရှေ့မှာ

စာတိုက်ပုံးအသေး သီးသန့် တပ်မထားပါ။ ခြံတံခါး တစ်ဖက်တစ်ချက်

အုတ်နံရံတွင် လူခေါ်ခေါင်းလောင်း ရှာကြည့်သေးသော်လည်း မတွေ့ရ။

လျှပ်စစ်ခေါင်းလောင်း မတပ်လျှင်လည်း ကြိုးတပ်ခေါင်းလောင်း

တစ်ခုလောက်တော့ ထားဖို့ကောင်းသည်။



သူသည် စာဝေငှခြင်းအလုပ်တွင် နည်းနည်းပါးပါး

လေ့ကျင့်ပြီးဖြစ်သောကြောင့် ကြိုဆိုမည့်သူ မရှိသော အိမ်တစ်ခုအတွင်းသို့

အသံပြုပြီး ၀င်ရောက်သွားရန် ၀န်မလေးပါ။ သို့သော် ဤဖြစ်ရပ်တွင်တော့

အိမ်ဝိုင်းထဲဝင်ရန် တွန့်ဆုတ်လျက်ရှိသည်။ ရှုပ်ထွေးကျယ်ဝန်းသော

ခြံကြီးထဲတွင် ခွေးဆိုးတစ်ကောင်မျှ မရှိဟု မည်သူက အာမခံနိုင်မည်နည်း။

‘ခွေးကိုက်တတ်သည်’ ဟူသော သတိပေးဆိုင်းဘုတ် ချိတ်မထားသည့်

အိမ်များစွာတွင် ကိုက်တတ်သော ခွေးများ ရှိနေတတ်သည် မဟုတ်လား။

မည်သို့ဆိုစေ ခြံတံခါးဖွင့်ထားသော၊ လူရိပ်လူခြည် မမြင်ရသော၊ ခွေး ရှိမည်

မရှိမည် မသေချာသော၊ တစ်ခါမျှ မရောက်ဖူးသော အိမ်ထဲသို့ အရဲစွန့်၍

ဝင်သွားခဲ့သည်။



ခြံထဲတွင် မြက်ပင်များသည် အံ့သြဖွယ်ရာ ရှည်မြင့်လှ၏။ လူသွားလမ်းသည်

ကျဉ်းမြောင်း၍ မှိန်ဖျော့နေသည်။ လူသွားလမ်းတစ်ဖက်တစ်ချက်တွင်

တစ်ချိန်က စီရီကာရံထားခဲ့ဟန်တူသော အုတ်ခဲကျိုး အပိုင်းအစတို့ကို

တွေ့ရ၏။ အပင်မျိုးစုံ ရှုပ်ပွေလျက်ရှိသည်။ လေပြင်းဒဏ်ကြောင့်

ကျိုးပြတ်လွင့်ခဲ့ဟန်ရှိသော သစ်ကိုင်းခြောက် အပြတ်စတို့သည်

ချုံပုတ်များပေါ်တွင် ဟိုတစ်ခု သည်တစ်ခု တင်ကျန်ရစ်သည်။ တိုက်အိမ်ကို

ကွယ်ထားလုနီးပါး မြင့်မားသော သရက်ပင်တစ်ပင်သည်

တိုက်ဆင်ဝင်တည့်တည့်တွင် အရုပ်ဆိုးစွာ တည်ရှိနေ၏။



သူသည် အ၀ါရောင်ပန်းများ ပွင့်နေသော မြေကပ်ချုံပင်ကလေးများကို

တတ်နိုင်သမျှ မနင်းမိအောင် ကျော်လွှား၍ ၀ဲယာရှိ ချုံနွယ်ပိတ်ပေါင်းတို့ကို

တတ်နိုင်သမျှ မကြည့်မိအောာင် သတိထား၍ ခွေးဟောင်သံကို နားစွင့်၍

တိုက်အိမ်ဆင်ဝင်အောက်သို့ ရောက်ခဲ့သည်။ သံဆွဲတံခါးသည်

လူတစ်ကိုယ်ဝင်နိုင်အောင် ဟ,ထားသည်။ အည့်ခန်းတွင် လူမရှိပါ။ သူသည်

သံဆွဲတံခါးကို အသံမြည်အောင် လှုပ်ယမ်းပစ်လိုက်၏။

ခွေးဟောင်သံ မကြားရ။ လူတစ်စုံတစ်ဦး၏ အသံကိုမျှ မကြားရ။

မြင်ရသမျှမှာ ခေါင်းရင်နံရံသို့ ကပ်လျက် ပူးကပ်စွာ ခင်းကျင်းထားသော

အိုမင်းခိုင်ခံ့သည့် အည့်ခန်းဆက်တီ ကုလားထိုင်များ၊

အည့်ခန်းအလယ်ကောင်မှာမူ သင်ဖြူးများ အပြည့်ခင်းထားလျက်

နေရာကျယ်ပြန့်စွာ ဟာလာဟင်းလင်းဖြစ်နေသည်။ ကုလားထိုင်များကို

အဖြူရောင်ကုလားထိုင်ဖုံး စွပ်ထားသည်ဖြစ်ရာ ဦးခေါင်းမှီသည့်နေရာတွင်

ညစ်ထေးလျက် ရှိကြသည်။ အိမ်ရှေ့တံခါးပေါက်နှင့် တည့်တည့်

နောက်ဘက်က အုတ်နံရံတွင် ရောမစာလုံး ဂဏန်းကွက် တပ်ထားသည့်

အိုဟောင်းသော တိုင်ကပ်နာရီတစ်လုံး၏ ချိန်သီးမှာ လေးပင်စွာ

လွှဲယမ်းနေ၏။ တစ်ပိုင်းတစ်စ မြင်ရသော ကျွန်းသားလှေကားည်

ချောမွတ်သော ပွတ်လုံးများ ခြယ်သထားသည့် လက်ရန်းဖြင့် သေသပ်စွာ

လှပလျက်ရှိ၏။



“မ ခင် မေ စီ …”

သူ ခပ်ကျယ်ကျယ် အော်ခေါ်လိုက်ပြီးနောက် အိမ်တွင်း တစ်နေရာဆီမှ

တစ်စုံတစ်ခု လွတ်ကျသံကို ကြားလိုက်ရသည်။ ကြွေထည်ပစ္စည်း တစ်ခုခု

လွတ်ကျကွဲသံဖြစ်ပါသည်။ ခဏအကြာတွင် မျက်နှာချင်းဆိုင် နံရံဘေးရှိ

တံခါးမှ အ၀ါရောင်ပွင့်ရိုက်ခန်းဆီးစ လှုပ်ယမ်းသွား၏။ ခန်းဆီးစကို ဖယ်လျက်

အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက် ၀င်လာသည်။

ခင်မေစီဆိုတာ သူမ မဟုတ်နိုင်ပါ။ စာအိတ်ပေါ်က လက်ရေးသည်

လူငယ်လက်ရေးဖြစ်ပြီး ပေးပို့သူလိပ်စာမှာလည်း လူငယ်နာမည်ဖြစ်သည်။ ထို

နာမည်ကို သူ မမှတ်မိတော့ပါ။ နာမည်သုံးလုံးဖြစ်၏။

“မှတ်ပုံတင်ချောစာ…. မခင်မေစီ လက်မှတ်ထိုးယူပါ”

ပိန်လှီသော်လည်း သန်မာပုံရသော ထိုမိန်းမကြီးသည် သူ့ကို ငေးမောရင်း

နှေးကွေးသော ခြေလှမ်းများဖြင့် သူရှိရာ အည့်ခန်းဝသို့

လျှောက်လာနေခဲ့သည်။ သူမ၏ မျက်လုံးများမှာ စာပို့လုလင်တစ်ယောက်ကို

ကြည့်သော မျက်လုံးများမဟုတ်။ ထိတ်လန့်တုန်လှုပ်သော မျက်လုံးများထက်

ပိုသည်ဟု သူထင်ခဲ့သည်။ ထိုမျက်လုံးများကို ယခုထိ သူ မမေ့ပါ။



“ခင်မေစီအတွက် … ဟုတ်လား”

“ဟုတ်ပါတယ်”

“ဘုရား… ဘုရား”



သူက စာလှမ်းပေးသော်လည်း မိန်းမကြီးက စာကိုလှမ်းမယူပါ။

သူမသည် ရုတ်ခြည်း အင်အားဆုတ်ယုတ်သွားသလို သင်ဖြူးခင်းထားသော

သမံတလင်းပေါ်သို့ ယိုင်နဲ့စွာ ထိုင်ချလိုက်လေသည်။ ထိုခဏမှာပင်

သူမမျက်လုံးမှ မျက်ရည်များ တစ်လိမ့်ချင်း ကျလာခဲ့တော့သည်။ သူ

တော်တော် အံ့အားသင့်သွားပြီး ဘာဆက်ပြောရမှန်း မသိအောင်

ကြောင်သွားခဲ့သည်။



သူမသည် ဒူးတစ်ဖက်ထောင်ကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ခြင်း ဖြစ်သည်။

ထောက်ထားသော ဒူးပေါ်သို့ တံတောင်ဆစ် ကွေးတင်လျက် မျက်နှာကို

ထိုလက်ပေါ်သို့ မှောက်ချလျက်ရှိသည်။ ထိုပုံစံမှာ စာပို့သမားများ မြင်နေကျ

အိမ်ရှင်ပုံစံမျိုး မဟုတ်ပါ။ သူသည် ယူကျုံးမရစိတ်ဒုက္ခရောက်နေသူ

အဒေါ်ကြီးကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိဘဲ ဖြစ်နေသည်။ ဤကဲ့သို့

စိတ်ကျဉ်းကျပ်မှုမျိုးကို ကြေးနန်းစာပို့သူများပင်လျှင် ကြုံရဖူးဟန် မတူပါ။



“အန်တီ… နေမကောင်းဘူးလား”



အတန်ကြာအောင် ငြိမ်သက်စွာ ငိုကြွေးပြီးနောက် သူ့အသံကြားမှ

မိန်းမကြီးက မော့ကြည့်သည်။ သူ ယခုတိုင် ရပ်နေဆဲဖြစ်သည်ကို သူမ

သတိရသွားဟန်တူ၏။ မျက်နှာကို ချက်ချင်း အားတင်းပြင်ဆင်လျက်

ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။ သူ့အမေးကို သူမ ပြန်မဖြေပါ။

ဘာမေးလိုက်မှန်းပင် သိဟန်မတူပါ။



“ခင်မေစီမှ မရှိတော့တာကွယ်”



ဟု ကိုယ့်ကိုယ်ကို ပြောသလို ရေရွတ်၏။ ထို့နောက် စိုစွတ်သော

မျက်လုံးများကို မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ခြင်းဖြင့် မျက်ရည်မကျရန်

ထိန်းသိမ်းလိုက်သည်ကို သူ တွေ့ရသည်။



“တစ်နေ့က ရုတ်တရက် ဆုံးသွားတာပဲကွဲ့၊ မနေ့ကမှ သင်္ဂြိုဟ်ရတာ၊ သမီးက

အခုမှ အသက်နှစ်ဆယ်ပဲ ရှိသေးတာပေါ့ လူလေးရယ်”



မြတ်စွာဘုရား…။



ထိုအချိန်ကျမှ ခြေရင်းနံရံဆီမှာ ထောင်ထားသော

လက်ထောက်ခုံတစ်ခုရှိရာသို့ သူ့မျက်စိ ရောက်သွား၏။

“ကျွန်တော် စိတ်မကောင်းပါဘူးခင်ဗျာ” သူတကယ်ပြောခြင်းဖြစ်ပါသည်။



“သူ့ယောက်ျားဆီက စာ ဖြစ်မှာပါပဲ”



အဘွားကြီးနှင့် စကားပြောရတာ အစီအစဉ်ကျနမှုမရှိပါ။

သူက စာအိတ်ကို လှမ်းပေးလိုက်ပြန်သည်။ သို့သော်သူမက စာအိတ်ကို

မယူပါ။ အဆိပ်ရှိသော သတ္တ၀ါတစ်ကောင်ကို ကြည့်သောအကြည့်မျိုးဖြင့်

ခဏသာကြည့်ပြီး ရုတ်တရက် မျက်နှာလွှဲပစ်လိုက်၏။

အန်တီလက်မှတ်ထိုးယူချင်သလားဟု မေးဖို့ သူ ၀န်လေးနေသည်။



“ဘာရောဂါနဲ့ ဆုံးသွာတာလဲ အန်တီ”



ဟိုတုန်းကတော့ လောက၀တ်စကားကို လူတစ်ဖက်သား ခံသာအောင်

ဘယ်လိုပြောရမှန်း မသိသေးပါ။ အဒေါ်ကြီးကတော့ မေးခွန်းကို

ဖြေသည့်ပုံစံမျိုးမဟုတ်ဘဲ သူတစ်ယောက်တည်း ပြောသလိုပုံစံဖြင့်

ညည်းညည်းညူညူ ရေရွတ်နေလေသည်။



“ခါတိုင်းလဲ ဒီ ချိုင်းထောက်နဲ့ပဲ သူ အပေါ်တက်လိုက် အောက်ဆင်းလိုက်

လုပ်နေတာပါပဲကွယ်၊ အဲဒီနေ့ကျမှ ဟောဟိုလှေကားရင်းအထိ

အပေါ်ထပ်ကနေ တလိမ့်ခေါက်ကွေး ကျသွားတော့တာပဲ၊ ဟောဟိုနားမှာပေါ့”



သူမက လှေကားရင်း ထောင့်ချိုးတစ်နေရာဆီသို့ သေးကွေးသောလက်ဖြင့်

ညွှန်ပြလျက်ရှိသည်။



“ဒီချိုင်းထောက်နဲ့ သူနဲ့ အသားကျပြီးသားပါကွယ်၊ အခုနောက်ပိုင်းများ ငါ့ကို

တွဲစရာမလိုတော့ဘူး၊ လက်တစ်ဖက်က လက်ရန်းကိုင်၊ တစ်ဖက်က

ချိုင်းထောက်ကိုကိုင်၊ ဒီလိုပဲ ဆင်းနေကျ၊ ဆရာဝန်ရောက်လာတော့

အသက်မရှိတော့ဘူး” တဲ့။



“မေစီမှ မရှိတဲ့နောက်တော့ သင်းစာကို ငါက ဘာကိစ္စ ယူထားမလဲ”

ထို့နောက် စာပို့သမားတစ်ဦး၏ ဘောင်ကိုကျော်ကာ မမေးသင့်သော

လောက၀တ်မေးခွန်းတစ်ခု မေးလိုက်မိ၏။

“မခင်မေစီ၊ အဲ… ဆုံးသွားတာ သူ့ခင်ပွန်းကို အကြောင်းကြားသေးလာ

အန်တီ”



“မင်းနှယ်ကွယ်… သူ ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိဘူး၊

လင်မယားစိတ်ဆိုးပြီး ထွက်သွားကတည်းကပဲ၊ ကြာ ကြာလှပေါ့၊

အိမ်ကသမီးကဖြင့် စာမျှော် လူမျှော်၊ ဘုရား… ဘုရား… ငါ့သမီးလေး

အဖြစ်ဆိုးရှာတယ်၊ သမီးလေး… သမီးလေး…”



ရူးသွပ်မတတ် ဒေါသရိပ်နှင့်အတူ အံကြိတ်ရင်း

တစ်ချက်ရှိုက်ငင်လိုက်သောအခါကျမှ သူ မေးမိသည်ကို အားနာသွားခဲ့သည်။

ထို့ကြောင့်လည်း ဘာဖြစ်လို့ ချိုင်းထောက်နဲ့ လမ်းသွားရတာလဲဟု

ဆက်လက် မစပ်စုဖြစ်တော့ပါ။



သို့သော် သူ သိပ်သိချင်နေသော မေးခွန်းတစ်ခုကိုတော့ မေးဖြစ်အောင်

မေးလိုက်မိသေး၏။



“ဟို … အန်တီ့သမီးဆုံးတာ သောကြာနေ့လားဟင်”



သူမက သူ့ကို ဖျတ်ခနဲကြည့်လျက် တိုးတိတ်စွာ၊ ပြတ်တောက်စွာ

ဖြေလေသည်။



“စနေနေ့”



မြတ်စွာဘုရား…။

မိုးသည်းထန်သော သောကြာနေ့က ခြံအမှတ် ၄၇၀ ကို မတွေ့ရ၍

ဤတနင်္လာနေ့မှ လာပေးရကြောင်း အဒေါ်ကြီးကို မပြောပြခဲ့ပါ။ ထို့ပြင်

ဤအကြောင်းကို မည်သူ့ကိုမျှလည်း မပြောဖြစ်ပါ။



***

သစ်တောလမ်းသို့ သူရောက်တိုင်း ဤအဖြစ်အပျက်ကို သတိရနေဆဲ

ဖြစ်သည်။ ဆယ့်ငါးနှစ်နီးပါးကြာအောင် မျိုသိပ်ထားခဲ့ရသော

ဤအကြောင်းကြောင့်ပင် စာပို့လုလင်ဘ၀ကို သူ ပိုမိုစိတ်ဝင်စားခဲ့သည်။

သို့သော် ဤအကြောင်းကြောင့်ပင် ဤ အလုပ်ကို လျင်မြန်စွာ ငြီးငွေ့

စိတ်ပျက်လွယ်ဟန် တူပါသည်။



မည်သို့ဆိုစေ၊ သူ့ စာပို့သမားသက်တမ်းတစ်လျှောက် လိပ်စာမသိ၍ဖြစ်စေ၊

ဖိနပ်သည်းကြိုးကြောင့်ဖြစ်စေ စာဝေ နောက်ကျခြင်းမျိုး မဖြစ်စေရအောင် သူ

အတတ်နိုင်ဆုံး ကြိုးစားခြင်းဖြင့် သူ့ကိုယ်သူ လိပ်ပြာသန့်အောင်

အမြဲနှစ်သိမ့်နေခဲ့သည်။ ကံအားလျော်စွာ ဤတစ်ကြိမ်သည်

ပထမဆုံးအကြိမ်လည်းဖြစ်၍ နောက်ဆုံးအကြိမ်လည်း ဖြစ်ပါသည်။

နှစ်များစွာ ကြာလာသောအခါ သူ့မှာ အလေ့အကျင့်နှစ်ခု ရလာခဲ့၏။

တစ်ခုမှာ တာဝန်ချိန်တွင် ဘယ်တော့မျှ သားရေဖိနပ်မစီးဘဲ

ရာဘာဖိနပ်ကိုသာ စွဲမြဲစွာ စီးခဲ့ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ

နေပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ သူ့တွင် တွယ်ချိတ် သို့မဟုတ် ပင်အပ်

စသည့် အရေးပေါ်ပစ္စည်းများ ရာဘာဖိနပ်အတွက်

အမြဲဆောင်ထားတတ်သည့် အလေ့အကျင့် ရလာခဲ့ခြင်းပင် ဖြစ်လေသည်။

စိမ်းလဲ့လဲ့ ညိုပြာပြာ (၂)

x x ညိုပြာပြာ x x x လတာပြင့်ခြေရင်း x x x လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာ ဆင်း x x x
ဘဘက သီချင်းသွားကို နားထောင်ရင်း မင်းသမီးရုပ်၏ ကြိုးတို့ကို ဆွဲကာ ကကြိုး ထွင်လေသည်။ သူသာ မရသော်လည်း ခဏ ခဏ ကြားဖူးနေကျ သီချင်းဖြစ်သဖြင့် သူ့ အတွက် ကကြိုး ထွင်တာ မခက်ခဲပါ။ မင်းသမီးသည် တကယ်ပဲ ငြိမ့်ငြိမ့်လေးနှင့် လွင့်ဝဲနေ အောင် ကတော့သည်။ ရေစီးသံလေးတွေပင် ကြားလာရအောင် ကကွက်လေးက ရေလှိုင်း လေးတွေလို ဖြစ်နေသည်။ အဲသည်လို နှစ်ပတ်လောက် ဖွင့်ပြပြီးသောအခါ ဘဘအတွက် သီချင်းတစ်ပုဒ် တိုးလာသည်။ ပန်းပန်လျက်ပါသည် ဘဘ သီဆိုဖြစ်သည့် သီချင်းထဲတွင် ပါဝင်လာတော့သည်။ သို့သော် ကျွန်မတို့ အိမ်ရှေ့ မန်ကျည်းရိပ်သို့ ရောက်လျှင် ပထမဆုံး ကြားရသည်ကတော့ စိမ်းလဲ့လဲ့ညိုပြာပါပဲ။

x x နေခြည်ကလည်း မထိုးရပါကလား x x သြော် နေခြည်ကလည်း မထိုးရပါကလား x x x တို့ရွာဂါမာ မြမြနေတဲ့ ရွာရွာရွာ x x x

ဘဘမှာ သားသမီးတွေ ရှိသည်။ သားသမီးတွေက သူတို့အိမ်ထောင်နှင့် သူတို့ ရုန်းကန် ရှာဖွေနေရသည်မို့ မိအိုဘအိုတို့ကို မကျွေးမွေးနိုင်။ ဘဘက သူနှင့် သူ့ဇနီး အ တွက် စားသောက်စရိတ်ကို အခုလိုပဲ နယ်လှည့်ပြီး မြေ၀ိုင်းရုပ်သေးလေး ကပြရင်းဖြင့် ရှာ ဖွေရသည်။ အမေကြီးက အိပ်ရာထဲ လဲနေသည်။ ဆေးဖိုးဝါးခကိုလည်း ဒီငွေထဲကပဲ ဖဲ့ရ သည်။ ဒါကို သိပြီးသည့်အခါ ကျွန်မက ဘဘအတွက် သာမက အမေကြီးအတွက်ပါ ဆေး ဖိုးအဖြစ် နှစ်ထောင် သုံးထောင်ကို အပတ်စဉ် ထည့်ထည့် ပေးရပါသည်။

နောက်ဆုံးတော့ အမေကြီး ကွယ်လွန်သွားသည်။ ကွယ်လွန်သူအတွက် သင်္ဂြိုဟ် စရိတ် လိုသည်။ ဆွမ်းကျွေးစရိတ် လိုသည်။ ဘဘက ကျွန်မဆီသို့ပဲ ရောက်လာပါသည်။ ကျွန်မဆီက ငွေကို သည်အတိုင်း မချေးချင်ပါတဲ့။ သူ့ ယမင်းရုပ်လေးကို အပေါင် သဘော ထားပြီး ယူလိုက်ပါ။ ကျွန်မက သူ့ကို ငွေချေးပါတဲ့။

ကျွန်မ ယမင်းရုပ်လေးကို သဘောကျတာတော့ မှန်ပါသည်။ သို့သော် ယမင်းရုပ် လေးသည် ဘဘနှင့်အတူ ရှိနေမှ အသက်ဝင် လှုပ်ရှားကပြနိုင်တာ။ ကျွန်မ လက်ထဲမှာ ယမင်းရုပ်ဟာ အရုပ်တစ်ရုပ် မျှသာပဲ။ ဘာမှ မပို။ ထို့ကြောင့် ကျွန်မ ငွေကိုသာ ပေးလိုက် မည်။ အရုပ်ကို မယူချင်ပါ။ သို့သော် ဘဘက အရုပ်ကို ဇွတ်ထားပစ်ခဲ့သည်။ ဧည့်ခန်းမှာ အရုပ်လေးကို ထားပစ်ခဲ့ပြီး လှည့်ကြည့် လှည့်ကြည့်နှင့် ပြန်သွားသော ဘဘသည် အိုမင်း လှပါပကောဟု ကျွန်မ အဲသည်တော့မှ တွေးမိသည်။ သူ၏ ပူပင်သောက များသည့် မျက် လုံးတို့သည် အရုပ်လေးကို သံယောဇဉ် မပြတ်နိုင်မှန်း ကျွန်မသိပါသည်။ ဒီအရုပ် မပါဘဲ သူ ဘယ်လို ငွေရှာမလဲ။

“ဘဘ”

ခြံပြင်သို့ ရောက်သွားသော ဘဘကို ကျွန်မ လှမ်းခေါ်လိုက်သည်။ သူ လှည့်ကြည့်သည်။







“စိတ်ပြေလက်ပျောက် ရှိတဲ့အခါ ဒီအရုပ်လေး လာယူပြီး အရင်ကလို ရွာထဲ လှည့် ကဦးနော် လာယူနော်”

ဘဘ ခေါင်းခါသည်။

“မဟုတ်ဘူးလေ ကပြီးရင် ညနေမှာ ကျွန်မအိမ်မှာ ပြန်ထားချင် ထားခဲ့ပေါ့”

ဘဘက ခေါင်းညိတ်သည့်အခါ ကျွန်မ စိတ်သက်သာ သွားခဲ့သည်။ မရမ်းကွက်ကျဲ ကျဲ ပုဆိုးတိုတိုဖြင့် ခေါင်းငိုက်စိုက်ဖြင့် ခပ်လေးလေး ထွက်ခွာသွားသော အဘိုးကြီးသည် သူ့ ဇနီးသည်၏ အသုဘအတွက် စိတ်စောနေဟန်ရှိသည်။ နောက်သို့ လှည့်မကြည့် တော့ပေ။

နောက်နေ့ ဘဘ မလာပါ။ နောက်တစ်ပတ် ဘဘ ရောက်မလာခဲ့ပါ။

ကျွန်မတို့ ရပ်ကွက်က ကလေးတွေက ကျွန်မ အိမ်ခြံဝင်းထဲသို့ တံခါးသံတိုင်များ ကြားမှ ချောင်းကြည့်ကြသည်။ ကျွန်မကို မြင်လျှင် ရုပ်သေးကမှာလားဟု မေးတတ်ကြ သည်။ ကျွန်မ ခေါင်းယမ်းပြကာ သူတို့အား အိမ်ပြန်ခိုင်းရပါသည်။

“ဘဘလာရင် မင်းတို့  ကြားရမှာပါ။ ပြန်ပြန် အိမ်ပြန်ကြ”

ယမင်းရုပ်လေးသည် ဘဘ မလာသည့်အခါ အသုံးမ၀င်သလို ဖြစ်နေသည်။ ဧည့် ခန်းမှာ အလှပြ အရုပ်လေးထက် မပိုပေ။ ကျွန်မ ဧည့်သည်တချို့က ထိုအရုပ်ကို ချီးမွမ်းကြ သည်။ လက်ရာ မြောက်လွန်းလို့တဲ့။ အရုပ်၏ များပြားလှစွာသော ကြိုးတွေကိုလည်း အံ့သြ ကြသည်။ သူတို့ ဒီလောက်ကြိုးများသည့် အရုပ်ကို မတွေ့ဖူးပါတဲ့။ ဟုတ်ပါသည်။ ယမင်း ရုပ်လေးမှာ ကြိုးပေါင်း ၃၆ ကြိုး ပါပါသည်။ ဒီလောက်ကြိုးတွေ အများကြီးမို့လည်း သူက တာက လူတစ်ယောက် ကတာနှင့် တူနေတာ ဖြစ်ရမည်။ ကြိုးများသည့်အခါ လှုပ်ရှားမှု လည်း စုံတာကိုး။ ထိုကြိုးလေးများကို ဟိုလူက ကိုင်ကြည့် ဒီလူက ကိုင်ကြည့် ရေကြည့် လုပ်သည့်အခါ ကျွန်မ တားမြစ်ယူရသည်။

“မလုပ်နဲ့။ ကြိုးလေးတွေက ကြာလှပြီး ဆွေးနေပြီ။ ပြတ်သွားရင် သူ အကရ ခက် နေလိမ့်မယ်။ မကိုင်ပါနဲ့”

ယမင်းရုပ်လေးသည် နေ့ရော ညပါ ဆိုဖာထောင့်လေးမှာ ထိုင်လျက်။ ပထမတော့ သူ့နှုတ်ခမ်ပါးလေးတွေက ပန်းနုရောင် နီထွေးထွေးလေး ပြုံးပြုံးလေး။ ရက်တွေ လတွေ ကြာသည့်တိုင် ဘဘ ရောက်မလာတော့ ကျွန်မလည်း အနေရခက်လာပြီး သူလည်း မျက်နှာ အိုအိုလာသည်။ ကျွန်မ တီဗွီပိတ်ပြီး အပေါ်ထပ်တက်ဖို့ ပြင်သည့်အခါ သူက ဆို ဖာမှာ ငုတ်တုတ်လေး ကျန်ခဲ့ရမှာမို့ ကျွန်မ သူ့ကို အမြဲနှုတ်ဆက်မိသည်။

“ယမင်း မမ သွားအိပ်မယ်နော်။ ညည်းလည်း အိပ်တော့”

ကြာတော့ ယမင်းရုပ်လေးသည် ကျွန်မအတွက် အဖော်ဖြစ်လာသည်။ အိမ်အပြင် ကနေ ပြန်လာလို့ အိမ်ထဲ ၀င်လိုက်သည်နှင့် အရုပ်လေးဆီ အရင်သွားပြီး နှုတ်ဆက်မိ သည်။ သူ့ကို မြင်လိုက်ရမှပဲ အမောပြေရသည်။ သူ ပြုံးပြုံးလေး ထိုင်နေပုံက နွဲ့နှောင်း ပြေ ပြစ်လွန်းသဖြင့် မျှော်တော်ယောင် မင်းသမီးလေးကျနေတာပဲ။ အေးပေါ့ သူ မျှော်နေမှာ ပေါ့။ ကျွန်မကို မျှော်တာ မဟုတ်လျှင်တောင် သူ့အဘကို မျှော်မှာပေါ့။ သူ့အဘ လက် ချောင်းများဖြင့်သာ သူက အသက်ဝင်ရသူ မဟုတ်လား။

ထိုအရုပ်လေးကို မောင့်မိတ်ဆွေ တစ်ယောက်က အိမ်လာလည်ရင်း တွေ့သွား သည့်အခါ ၀ယ်လိုသည်ဟု မောင်ကတစ်ဆင့် တောင်းဆိုလာသည်။ ကျွန်မ မောင့်ကို တော်တော် ဒေါသထွက်သွားပါသည်။

“ဒါ နွယ်တို့အပိုင် မဟုတ်ဘူး။ သူ့မှာ ပိုင်ရှင်ရှိတယ်လေ။ ပိုင်ရှင်လာရင် ပြန်ပေးရ မှာ။ နွယ်တို့က ထိန်းသိမ်းပေးထားတာ။ မောင် အဲလို ငြင်းလိုက်ပါလား။ နောက်ကို ၀ယ် စကား မပြောပါနဲ့လို့ ”

“ဟုတ်ပါပြီ မောင်ကလည်း သူ ၀ယ်ချင်တဲ့အကြောင်း ပြောပြတာပါ”

“မောင် နွယ့်ကို တကယ်နားမလည်ပါဘူး”

“ဟောဗျာ”

မောင်ကတော့ အသာ ပြုံးရယ်လေသည်။

“နားလည်ပါတယ်၊ နွယ်က အရုပ်လေးကို ချစ်တယ်”

ကျွန်မ မောင့်ကို ဘယ်လို ရှင်းပြရမှန်း မသိ။

တစ်ညမှာတော့ မောင့်ကို ရှင်းပြဖို့ အခွင့်အရေးကို ကျွန်မ ရခဲ့သည်။ သို့သော် ကျွန်မ ရှင်းပြဖို့ မလိုတော့ဘူးဟု ဆုံးဖြတ်လိုက်ရသည်။





သရုပ်ဖော် ပန်းချီ ၀င်းသိန်း


ထိုည ကျွန်မ အိပ်ရာကနေ နိုးလာသည်။ အောက်ထပ်က အသံတစ်ခုခုကြောင့် ဖြစ်သည်။ ဘာသံရယ်ဟု မသဲကွဲသော်လည်း သီချင်းသံလိုလို ညည်းသံလိုလို ဂီတဆန် သည့် သံရှည်တစ်ခုကြောင့် ဖြစ်သည်။ ပထမတော့ ကျွန်မ တီဗွီကို မပိတ်ခဲ့မိလို့များလားဟု တွေးမိလိုက်သည်။ ဒါပေမယ့် ဒီအချိန်က တီဗွီလာချိန်မှ မဟုတ်တော့ဘဲ။ ကျွန်မ ညက ဗီဒီယိုလည်း မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် သီချင်းသံလိုလို ဂီတသံလိုလို။ ကျွန်မ စိတ်ရှုတ် ထွေးစွာဖြင့်ပင် အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။ အောက်ထပ်မှာ ဘုရားခန်းဆီမှ ပြာလဲ့လဲ့ အလင်းရောင် မှိန်မှိန်လေးသာ ထွန်းလျက်ရှိသည်။ ကျွန်မ လှေခါး အောက်ဆုံး ထစ်သို့ ရောက်သည့်အခါ ဂီတသံက ကျွန်မတို့အိမ်က မဟုတ်ဘူးဟု တွေးမိသည်။ တကယ့် အသံသဲ့သဲ့လေး။ ဒီအချိန်မှာ ဘယ်အိမ်ကများ ဂီတကို နားထောင်နေပါလိမ့်။ သို့ သော် ထူးခြားမှုတစ်ခုကတော့ ယမင်းရုပ်လေး ဖြစ်သည်။ ဘုရား ဘုရား ဘယ်လိုက ဘယ် လို သူနေရာ ပြောင်းနေခဲ့ပါလိမ့်။ သူ့ကို ဘယ်သူက နေရာ ရွှေ့လိုက်တာလဲ။

သူ အသက်ဝင် နေခဲ့သလား။

သူသည် ခါတိုင်းလို ကျွန်မ ထိုင်နေကျ တစ်ယောက်ထိုင် ဆိုဖာ၏ ထောင့်လေးမှာ ထိုင်မနေဘဲ နှစ်ယောက်ထိုင် ဆိုဖာပေါ်မှာ။ ခြေဆင်းလဲလူ ထိုင်နေလိုက်တာမှ ဆိုဖာ လက်တင်ကို ခေါင်းမှီလျက် မော့မော့လေး။ သဉ္စာလီညောင်စောင်းမှာ မင်းသားကို မျှော်နေ သည့် မင်းသမီးလေး၏ ဟန်မျိုး။

ကျွန်မ ဖန်ချောင်းမီးကို ဖွင့်လိုက်သည်။

“ယမင်း”

“ယမင်းကို ဒီနေရာ ဘယ်သူ ရွှေ့ထားတာလဲ”

ကျွန်မရင် တဒိတ်ဒိတ် ခုန်လျက်က သူ့ကို အသာတို့ထိ ကြည့်မိသည်။ ကျွန်မ ကြောက်လန့်သလို သူလှုပ်ရှားမလာပါ။ ဘာမှလည်း အရိပ်အယောင် မပြပါ။ သူ့လက်လေး တွေ ခြေထောက်လေးတွေက အရင်ထက်ပိုပြီး ပျော့ဖတ်နွမ်းနယ် နေသလိုပဲ။ မျက်လုံး လေးကတော့ ဟိုတုန်းကထက် ပိုပြီး တောက်ပနေသလားလို့။ နေပါဦး ယမင်းရုပ်၏ နှုတ် ခမ်းက စိုလက်နေလိုက်တာ။ တကယ့် လူနှုတ်ခမ်းလို ပါပဲလား။

“နွယ် ဘာဖြစ်လို့လဲ”

လှေခါးမှ မောင်ဆင်းလာသည်။

“ယမင်းရုပ်လေး အနေအထား ပျက်နေတယ်။ မောင်များ ရွှေ့ထားသလား”

မောင်က သက်ပြင်းချပြီး ကျွန်မအနားသို့  တိုးကပ်လာသည်။

“နွယ့်ရုပ်သေးရုပ်ကို မောင်က ဘာဖြစ်လို့ ကိုင်ရမှာလဲ”

မောင့်အသံက ခပ်ဆတ်ဆတ်။

“အေးလေ။ ဒီအိမ်မှာ မောင်နဲ့ကျွန်မ နှစ်ယောက်တည်းရှိတာ။ မောင် နေရာ မရွှေ့ ရင် ယမင်းရုပ် သူ့ ဟာသူ အသက်ဝင် လာတာလား”

“နွယ် အိပ်ရေးပျက်လို့ ထင်တယ်။ နွယ့်စကားတွေက တစ်မျိုးပဲ။ သွားသွား ပြန် အိပ်ချည်”

ယမင်းရုပ်လေးကို သူ့နေရာမှာသူ ပြန်ချပေးဖို့ မောင်ကပဲ ပွေ့ယူလိုက်သည်။ မောင် ပွေ့ယူနေပုံက ယမင်းရုပ် တစ်ရုပ်ကို ပွေ့တာမျိုး မဟုတ်ဘဲ လူမိန်းကလေး တစ်ယောက် ကို ပွေ့သလိုမျိုးပဲဟု ကျွန်မ ထင့်ခနဲ ဖြစ်သွားသည်။ မောင် ကျွန်မကို ဘယ်တုန်းက နောက်ဆုံး ပွေ့ချီခဲ့ပါလိမ့်။ ပြန်စဉ်းစားမိသည်။ တစ်ခါက မောင့်ကို စိတ်ကောက်ပြီး တီဗွီ ကြည့်ရာကနေ မထတော့ဘဲ ဆိုဖာမှာပဲ ခွေခေါက်ပြီး အိပ်နေလို့  မောင် တိတ်တိတ်လေး လာပွေ့ချီလိုက်တာ။ အဲဒါ ဘယ်တုန်းကလဲ။ လွန်ခဲ့သည့် နှစ်နှစ်က ထင်သည်။ ကြာခဲ့ပြီ ပေါ့။ အဲဒီတုန်းက လှေခါးပေါ် တက်သည့်အခါ ကျွန်မ တကယ် အိပ်မပျော်သေးဘဲ ဟန် ဆောင်ပြီး မောင့်ရင်ခွင်မှာ လိုက်မသွားခဲ့ရက်လို့ မျက်လုံးဖွင့်ကြည့်ပြီး ဟန်ဆောင် မျက် စောင်းဖြင့် အိမ်ပေါ်သို့ ကိုယ့်ဟာကိုယ် တက်လာခဲ့တာ အဲဒါ မောင် ပင်ပန်းမှာ စိုးလို့ပေါ့။ မောင် ကျွန်မကို ပွေ့ချီပြီး တက်ရမှာ သနားလို့ပေါ့။ အဲဒီတုန်းက ဒီအတိုင်း ငြိမ်နေလိုက်ရမှာနော်။

“မောင် မလုပ်နဲ့။ နွယ် လုပ်မယ်”

မောင်က ယမင်းရုပ်ကို ပွေ့ပြီး နေရာရွှေ့လိုက် ပြီးပြီ။ ဆိုဖာပေါ်မှာ ထိုင်ရက်လေး တင်လိုက် ပြီးပြီ။

“မောင် ဖယ်”

မောင့်ကို ဘေးသို့ အသာတွန်းလိုက်ပြီး နဂိုပုံစံအတိုင်း ဆိုဖာလက်တင်ပေါ် တံ တောင်ဆစ် တင်ခိုင်းလျက် ခပ်မှီမှီလေး ထိုင်ခိုင်း လိုက်ပါသည်။ ယမင်းရုပ်တို့သည် အ သက်ဝင် တတ်သလား။ ရှေးရှေးကတော့ အရုပ်လေးတွေကို ထုဆစ်ပြီးလျှင် လမိုင်းနတ်ကို ကန်တော့ပွဲ အစုံဖြင့် တင်ကြရသည်ဟု ဆိုသည်။ အသက်သွင်းတာ ဆိုပဲ။ ယမင်းရုပ်လေး လည်း အသက်သွင်းပြီးသား ဖြစ်မှာပေါ့။ ဒါကြောင့်သာ ကခြေသည်လေးတမျှ ယိမ်းနွဲ့ ပျော့ပြောင်းစွာ ကနေလိုက်တာ ပ၀ါစလေးများ ထဘီစလေးများ ၀ဲပျံလွင့်နေသည် အထိ ကနေလိုက်တာများ ကြည့်လို့ မ၀နိုင်အောင် ရှိခဲ့တာမဟုတ်လား။

မောင်နှင့်ကျွန်မ နှစ်ယောက်အတူ အပေါ်သို့ ပြန်တက်ဖို့ လှေခါးဆီ လျှောက်လာ ခဲ့စဉ်တွင် ယမင်းရုပ်လေးကို မောင် လှေခါးကနေ လှမ်းကြည့်မှာလား လှမ်းမကြည့်ဘူးလား ဟု ကိုယ့်ဟာကိုယ် တိတ်တိတ် လောင်းကြေး ထပ်နေခဲ့မိသည်။

“မောင် အရင်တက်”

မောင်က ယမင်းရုပ်ကို တစ်ချက် လှမ်းကြည့်လိုက်တာကို မြင်ဖြစ်အောင် မြင်လိုက် ၏။ ကျွန်မရင်ထဲမှာ ခါးသက်စွာ အေးစက်သွားပါသည်။

ထိုအချိန်က စပြီး ယမင်းရုပ်လေးကို ညမှာ အောက်ထပ်မှာ ထားခဲ့ရတာကိုပင် စိတ် မချသလို ဖြစ်လာသည်။

တစ်ခုသော ညနေ မောင် အပြင်က ပြန်လာတော့ ကျောက်လေးတွေ စီထားသည့် ငွေခြည်ထိုး ပ၀ါဖြူလေးတစ်ထည် ပါလာသည်။ ပထမတော့ ကျွန်မဖို့ ထင်လိုက်မိသည်။

“ဟယ် လှလိုက်တဲ့ ပ၀ါလေးပါလား။ ဒါပေမယ့် မောင်ကလည်း ကျွန်မ ပွဲတက်ရင် အဲဒီလို တောက်တောက်ပပတွေ ၀တ်မှ မ၀တ်တတ်တာ”

“မောင် သိပါတယ်။ ဒါက နွယ့်အတွက် မဟုတ်ဘူး။ ယမင်းရုပ်လေး အတွက်”

ကျွန်မ ကြားလိုက်ရသည့် စကားကို မယုံချင်။ ယမင်းရုပ် အတွက်တဲ့လား။

“သူ့ပ၀ါလေးက နည်းနည်း စုတ်နေပြီလေ နွယ်ရဲ့”

ယမင်းရုပ်လေးကို မောင်က ပ၀ါသစ်လေး ခြုံပေးနေသည့် မြင်ကွင်းမှာ ကျွန်မ အတွက် နာကျင်ဖွယ်ရာအတိ ဖြစ်သည်။ ဘုရားရေ။ ငါ ဘာဖြစ်နေတာလဲ။ ဒါ အရုပ်တစ်ခု လေ။ ငါ ချစ်လှချည်ရဲ့ဆိုတဲ့ အရုပ်လေ။

သို့သော် ကျွန်မနှလုံးသားဆီမှ ဘာဖြစ်လို့ ပူလောင် လာခဲ့ရပါလိမ့်။

ဘာဖြစ်လို့လဲဆိုတော့ မောင့်မျက်လုံးမှာ နူးညံ့သည့် ကြင်နာရိပ်တစ်ခုကို မြင်လိုက် ရသောကြောင့် ဖြစ်ပါသည်။ ထိုအကြည့်မျိုးကို ကျွန်မ အလွတ်ရနေပြီ။ အဲသည် အကြင်နာ ရိပ်ဖြင့် မောင် ကျွန်မကို ကြည့်ခဲ့ဖူးတာ အကြိမ်ကြိမ်။ သို့သော် ဘယ်တုန်းက နောက်ဆုံး ကြည့်ခဲ့ပါလိမ့်။ ကျွန်မစဉ်းစားလို့ မရ။







ကျွန်မ ချာခနဲ လှည့်မထွက်သွားခင် မျက်စိထောင့်မှ မောင့် အပြုံးလဲ့လဲ့ကို မြင်ဖြစ်အောင် မြင်လိုက် ပြန်ပါသည်။

ကျွန်မ ရူးနေပြီ။

မဟုတ်ဘူး။ ကျွန်မ ရူးတာ မဟုတ်ဘူး။ မောင် ရူးတာ။

ဘာပဲဖြစ်ဖြစ် ယမင်းရုပ်နှင့် ပတ်သက်ပြီး ကျွန်မ တစ်ခုခုတော့ လုပ်ရမည်။

နောက်တော့ စိတ်ကို ဆုံးဖြတ်လိုက်သည်။

သည်မနက် မောင် အလုပ်သွားနေသည့် အချိန်တွင် ကျွန်မ လှုပ်ရှားဖို့ အကောင်း ဆုံးပဲဟု တွက်သည်။ လုပ်ကောင်းလား မလုပ်ကောင်းလား ကျွန်မ မသိ။ ယမင်းရုပ်လေး ကို ကျွန်မ စာအုပ်တွေ ထည့်သည့် ဘီဒိုရှိရာသို့ ပွေ့ချီခေါ်လာခဲ့သည်။ စာအုပ်ဘီဒိုထဲမှာ စာအုပ်တွေက အများကြီးမို့ သူ့အတွက် နေရာကျယ်ကျယ်မရှိ။ ထို့ကြောင့် ဖြစ်သလိုပင် သူ့ ကိုယ်ကို ခေါက်ချိုးကာ မဆန့်ဆန့်အောင် ခွေခေါက်ထည့်လိုက်ရသည်။

ညည်း အဲဒီမှာ အေးအေးဆေးဆေးနေတော့။ အဘကို ပြန်ပေးချင်လို့ ညည်းကို ဘယ်အရုပ်ဆိုင်မှ မပို့ မရောင်းဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး ညည်းနေရာက ဒီနေရာပဲ ကြား လား။

ထို့နောက် ဘီဒိုသော့ကို ကျွန်မတစ်ဦးတည်း ကိုင်သည့် စားပွဲအံဆွဲထဲမှာ ထည့်ပြီး သော့ ထပ်ခတ်လိုက်သည်။ လုံခြုံသွားပြီ။

ညနေ မောင်ပြန်လာလို့ ယမင်းရုပ်ကို မတွေ့လျှင် မောင် ကျွန်မကို မေးမြန်းမှာ လား။ မမေးဘဲ မသိချင်ယောင် ဆောင်မလား။ လောင်းကြေး ထပ်ရဦးမလား။ အို ဘာပဲဖြစ် ဖြစ် မောင် မေးလာခဲ့လျှင်လည်း အဘိုးကြီး ပြန်လာယူသွားပြီဟု ဖြေလိုက်ရုံပါပဲ။ အဲဒီအ ချိန်မှာ မောင့်မျက်လုံးတွေ အရောင်ဖျော့ မှိန်သွားမလား။ သို့မဟုတ် ခါးသက်မှု အရိပ်အ ယောင်ကို တွေ့ရမလား။ သို့မဟုတ် ဘာမှ မဖြစ်ဘဲ ကျွန်မကို ခါတိုင်းလိုပဲ ဖက်ပွေ့ လိုက်တာလည်း ဖြစ်လာနိုင်တာပဲ။

ကျွန်မ ပင့်သက်တစ်ချက် ရှိုက်ကာ ပြုံးလိုက်မိပါသည်။



ဂျူး

(၂၆နှစ်ပြည့် ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၀၊ ဇန်န၀ါရီ၊ ၂၀၁၁)



**********************



ကျေးဇူးတင်ခြင်း

ယခုမဂ္ဂဇင်းဝတ္ထုရှည်ကို ကျွန်တော်တို့ Page မှာ တင်ဖို့ရန် တကူးတက စာရိုက်၍ mail ဖြင့် ပို့ပေးသော မထားအိခိုင်အား ကျွန်တော်တို့ Admin Team မှ ကျေးဇူးတင် ရှိပါသည်။



Admin မှတ်ချက်

ယခုမဂ္ဂဇင်းဝတ္ထုရှည်တွင် ပါဝင်သော သီချင်းစာသားများကို အပြည့်အစုံ လိုချင် သူများအတွက် သီချင်းအနည်းငယ်ကို ဒီနေရာမှာ မျှဝေပေးလိုက်ပါသည်။ ယခု ဖော်ပြ မည့် သီချင်း စာသားများကို လူထုတိုက်မှ ၁၉၉၇ ခု၊ ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် ထုတ် ဝေသော လူထု ဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှ ကူးယူ ဖော်ပြ ပါသည်။ စာလုံး ပေါင်းသတ်ပုံများမှာလည်း ထိုစာအုပ်ထဲမှ မူအတိုင်း ဖြစ်ပါသည်။ သို့သော် တစ်စုံတစ်ရာ အမှားအယွင်း ပါခဲ့သည်ရှိသော် ကျွန်တော်၏ အမှားသာ ဖြစ်ပါသည်။



ဦးသဝန်ကြောင်

ရေး - နန်းတော်ရှေ့ ဆရာတင်

ဆို - လေဘာတီ မမြရင်

လေဘာတီရေ၊ မင်းအပျို (လုပ်တယ်)၂၊ ပြောစမ်းပါ ဦးသဝန်ကြောင်ရယ်၊ အခုတို့ ပတ် ရိုက်မယ် ရိုက်မယ်၊ သနပ်ခါးလေးလိမ်းမှဖြင့် (လိမ်းလိုက်ဗျာ)၂၊ ပျိုမချဉ်ပေါင် ကိုသ ဝန်ကြောင်ရယ်၊ မြရင် အလိမ်မာလေးကိုတော့ သနပ်ခါးလေးဖွေးမှ ဘေးကလူတွေ ကြည် ဖြူပေမယ်၊ မစန်းစန်းလိမ်းမှ အဝေးကလူတွေ ကြည်ဖြူပေမယ်၊ မကစေချင်ရင် ရက်သတ် လို့ လက်ထပ်စို့ (မောင်ရယ်)၂၊ ခုလိုများ သဘောမကြီးရင် ဘယ်နည်းနဲ့ ဖြစ်နိုင်ပါမယ်၊ မရှက်ပေမယ့် မချဉ်ပေါင်ကွယ်၊ သက်ဝေရဲ့ လင်မောင် တကယ်၊ သဝန်ကြောင်တာ၊ မြရင် အံ့တော့တယ်။

ဘယ်ယောက်ျားမှ စကားမပြောနဲ့တဲ့ တစ်နေ့က မှာတယ်၊ တွေ့ကြရာမယ်၊ ကျွန်မ ပြောပြမယ်၊ ကသောခါဝယ်၊ ရည်းစားတစ်ထောင် လင်ကောင် ရှင်မောင်သဝန်ကြောင် စိတ် နုလုံးဟာမို့၊ အိမ်တွင်းပုန်း ကုလားမကဲ့သို့ ကျွန်မတို့ မနေနိုင်ပေါင်ရှင်၊ ကမှဖြင့် ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုရယ်၊ သူ့ဝက်ခြံညှစ်ရမတဲ့ ဟိုညက ခိုင်းလာပါတယ်၊ မရှက်ပေမယ့် မ ချဉ်ပေါင် ဆရာ၊ သက်ဝေရဲ့ လင်မောင်တကာ၊ သဝန်ကြောင်တာ မမြရင် အံ့တော့တာ။

ဘိုကေဖြီးမှ ကြည့်သည့်မှန်နှယ် မြရင်နဲ့တော့ တူတယ်၊ ကြေးမုံမြမြ ပြောလိုက်ပါ့ မယ် မောင်ရယ်၊ ကြည့်နိုင်ကြပါပေတယ်၊ အမြဲကြည့်ရန် သည်းညည်းခံ အမှန်တင်ပိုင်ကာ၊ အထူးပင် ရှောင်မယ်၊ ဦးသဝန်ကြောင်ရယ် (ရှင့်တကယ် ချစ်တယ် ကြိုက်တယ်)၂၊ ဘယ် သူကြည့်ကြည့် ဘယ်ဝါကြည့်ကြည့်၊ ဆယ်ခါရှိရှိ မောင်ရယ်၊ ဦးသဝန်ကြောင်နဲ့ မယ်ရင် မ ပြတ်ဘူး တကယ်။



စန္ဒကူးမြိုင်

ရေး - နန်းတော်ရှေ့ဆရာတင်

ဆို - မြခြေကျင်း မငွေမြိုင်

(ခြောက်ပေါက်သံ)

ခြေဆင်း ။ ။ “အများနဲ့ အကုန်ဆိုင် ..... မြိုင်ဆိုင်လျှင်ဖြင့် (အင်မတန်) ကောင်း ..... မြိုင်၏ အကြောင်းကို အသီးသီး မှတ်စရာ - လှည့်လည်ဉာဏ်ရှာ - ကြည့်မိပြန်တာ - ဣတိတသ္မာ၊ ထို့ကြောင့် ကံထူးပါတဲ့ ဉာဏ်ထူးပါတဲ့ - အကြံထူးပါတဲ့ - မြိုင်။ ကြည်ကြည်လင်လင် အေး အေးဆေးဆေး မြိုင် ၂။

တန်ဆောင်မုန်း - တန်ဆောင်တိုင် - သူ့အိမ်လည်းပဲမြိုင် - ငါ့အိမ်လည်းပဲမြိုင် - ဆီမီးရောင် စုံမြိုင် - အရပ်ချင်းကပြိုင် - များရာကစနိုင် - ဖွားရာကမှနိုင်ရှင့် - ခြေကျင်း မငွေမြိုင် - စိတြ ဂီဝါ ရာဇာမင်းတို့ - ဘာသာချင်းမို့ - အချင်းချင်းပျော်တဲ့ မြိုင်။

အကြောင်းယှဉ်ပြိုင် - ၎င်းစင်မြိုင် - မင်းဝံ တောင်စောင်း ကျောက်လ မောင်းတောမြိုင် ၂၊ ပြုမူကျဉ်တာဇောပိုင် - ပုထုဇဉ်သားတောမြိုင် - ရှိသမျှ မြိုင်တွေစုံအောင် - မပြောပါရစေနဲ့ - မောလှချေရဲ့ - မပြောပါရစေနဲ့ - တကယ် ထူးတဲ့ ထူးတဲ့ ငွေမြိုင် စန္ဒကူးနံ့လိုမွှေးမြတဲ့မြိုင် ၂၊ အိပ်တော့လည်းမြိုင် - စားတော့လည်းမြိုင် - ငွေမြိုင် ငွေမြိုင် - မဟာမြိုင်ကြီးမှာ - တစ်ယောက်တည်း ပျော်တဲ့ မြိုင်။

မြိုင်ဆိုလျှင် - ဆိုင်သလိုစကားနဲ့ မြိုင် - အပိုမထားဘူး - အများက တင်တဲ့မြိုင် - (မမြိုင် မမြိုင်) ၂၊ တယောနဲ့လည်းမြိုင် - အကဲပိုင် - စောင်းနဲ့လည်းမြိုင် - အကဲပိုင် ၂၊ ပန်းမြိုင် လယ် စပယ်ရှယ်ထိုးလို့ ယိုးတိုးရွတ - ခဏခဏဆိုတဲ့မြိုင် - အသုံကျတဲ့ - ပျိုတို့မြိုင် - မ မုန်းကြနဲ့ - အကိုတို့မြိုင် - မြိုင် - ပြီးတော့မှ - အဲဒါတွေကြောင့် မြိုင်။

အဇ္ဇပါလာ - သာသနာ - မဟာမြိုင် - သုဇတာ - ဆွမ်းကပ်တဲ့ တောမြိုင် ၂၊ သဇင်သင်းတဲ့ - အင်ကြင်းမြိုင်မှာ - ဟိုမှာလည်းမြိုင်၊ မမြိုင် - ဒီမှာလည်းမြိုင်၊ မမြိုင် - ဆဒ္ဒန်ဆင်မင်း - ပျော်ခင်းစံတဲ့ မြိုင်။

မြိုင် ..... မြိုင် ..... မြိုင် ..... မြိုင်တွေ အကုန်စုံအောင် မပြောပါရစေနဲ့ စတိုင် ..... စတိုင် ..... စတိုင် ..... စတိုင်တွေနဲ့ - မောလှချည်ရဲ့ သနားစရာ မမြိုင် - အများတကာရ နိုင် - မမုန်းနိုင်စရာ့မြိုင် - အဆုံး အပိုင်ရနိုင် ကာလတီးလုံး - ပိုင်ပိုင်နိုင်နိုင် နန်းတော်ရှေ့ ဆရာတင် စီးရေမြိုင် .....”



(One of Admins)

စိမ်းလဲ့လဲ့ ညိုပြာပြာ (၁)

ယမင်းရုပ်ကလေး မပြုံးတော့သည်မှာ တော်တော်ကြာခဲ့ပြီ။ သုံးလေးနှစ်တောင် မကတော့ဘူး ထင်ပါရဲ့ ။
သူ့ အ၀တ်အစားတွေကတော့ ထူးပြီး နွမ်းဖျော့လာသည်ဟု မထင်မိပါ။ ဘော် ကြယ်တွေက အရင်လို တလက်လက် တောက်ပခြင်း မရှိတော့သော်လည်း ရွှေချည်ထိုး အချိတ်နှင့် အပွင့်တွေက မှိန်မှိန်လေးနှင့် ပြေပြေလေးတောင် လှနေဆဲ ဖြစ်သည်။ သူ့ကို ဆင်ပေးထားသည်က အများတကာ အရုပ်တွေလို ပန်းရောင်တို့ အ၀ါရောင်တို့ မဟုတ်။ ဆင် စွယ်ရောင် အောက်ခံတွင် ရွှေရောင် အပွင့် အချိတ်လေးတွေနှင့် ယဉ်ယဉ်လေး လှနေသည့် ပိုးထဘီ ဖြစ်သည်။ ထဘီကလည်း နှစ်ကာလကြာလွန်းလို့ ဖြစ်မည်။ ခပ်ပွပွ ခပ်တောင့်တောင့် မနေတော့ဘဲ အလိုက်သင့် ပုံကျနေတော့သည်။

ယမင်းရုပ်လေး ရောက်လာကတည်းက ဧည့်ခန်းမှာ ကျွန်မ တီဗွီကြည့်လျှင် ယမင်း ရုပ်၏ဘေးက ဆိုဖာမှာ ထိုင်လေ့ရှိသည်။ ပထမတော့ ကျွန်မနှင့်အတူ တီဗွီကြည့်ဖော် တစ်ယောက် ရသည်ဟုပဲ သတ်မှတ်သည်။ မောင်က ကျွန်မလို ရုပ်မြင်သံကြား ကြိုက်သူ မဟုတ်ဘူးလေ။ တီဗွီဇာတ်လမ်းတို့ ဘာတို့က အဖော်နှင့်ကြည့်မှ မှတ်ချက်ပေးတာတို့ ရယ်တာတို့ ရှုတ်ချတာတို့ လုပ်လို့ ကောင်းတာကိုး။

သူ တီဗွီကို တကယ် ကြည့်တတ်သလိုပဲ။ သူ့တံတောင်ဆစ်က ဆိုဖာ လက်တင်ပေါ်မှာ အကျအနတင်လို့။ လူက ဆိုဖာထောင့်မှာ မှီကပ်လျက် ခေါင်းကတော့ မမော့တမော့ အနေအထားပေါ့။ အမှတ်တမဲ့ ကြည့်လျှင် ယမင်းရုပ်လေးသည် တကယ့်သက်ရှိ မင်းသမီးလေး တစ်ပါးလို့ ထင်ရမည်။ အရွယ်အစားက လူထက် တော်တော် သေးနေတာက လွဲ လို့ပေါ့။ ယမင်းရုပ်၏ မျက်လုံးလေး တွေက တီဗွီမှန်သားပြင်ပေါ်သို့ တကယ်ပင် လှမ်းကြည့် နေခဲ့သည်။ အထူးသဖြင့် အငြိမ့်ပြကွက်တွေမှာ မင်းသမီး တစ်ယောက်ယောက် ကနေပြီ ဆိုလျှင် ယမင်းရုပ်၏ မျက်လုံးလေးတွေက ပိုမိုတောက်ပလာကာ ငေးစိုက်ကြည့် နေတော့သည်။ သူကိုယ်တိုင်လည်း တစ်ချိန်တုန်းက တစ်ပင်တိုင် အငြိမ့်မင်းသမီးလေး ဖြစ်ခဲ့ဖူးတာကိုး။

ယမင်းရုပ်လေးကို ကြည့်နေရလျှင် သူတစ်ခါတုန်းက ကခဲ့ဖူးသော ကကြိုး ကကွက် လေးများကို ပြန်မြင်ယောင် လာမိတာမို့ သူ့ကို အိမ်မှာ ထားရတာ စိတ်ချမ်းမြေ့ခဲ့သည်။ မောင်က သူ့ အတွက် ပ၀ါကလေးတစ်ထည် ၀ယ်မလာခင် အထိပေါ့။

သူနှင့်ကျွန်မ တွေ့ရသည်မှာလည်း သူက ကျွန်မတို့ အိမ်ရှေ့နားက ကွက်လပ် သစ်ပင်ရိပ်တွင် လာပြီး ကနေစဉ် ကျွန်မက အိမ်ပြင်အထိ ထွက်ကြည့်မိရင်း တွေ့ရခြင်း ဖြစ်သည်။

ကျွန်မအိမ်ရှေ့က မြေတလင်းသည် တော်တော် ရှင်းလင်းပြီး အရိပ်ကောင်း၏။ သရက်ပင် တစ်ပင်နှင့် မန်ကျည်းပင် တစ်ပင်က ယှဉ်ပေါက် နေသောကြောင့် နေ့လယ် ဘယ်လောက်ပဲပူပူ ထိုနေရာလေးက အရိပ်ဖြင့် အေးနေတတ်သည်။ ထိုအရိပ်သို့ ယမင်း ရုပ်လေးကို ခေါ်လာပြီး ကြိုးကိုင်ကပြစေသူမှာ အသက် ၇၀ခန့် အဘိုးကြီး တစ်ယောက် ဖြစ်သည်။

x x မြနဲ့ မောင်နဲ့ အခုမှ တွေ့ တာ လူပါးမ၀ခင်တုန်းက x x x ပြောရတော့ ရယ်စရာပါ ထဘီလေးတိုတိုဝတ်ကာ မြ ငယ်စဉ်ခါ x x x လူထဲ မ၀င်ခင်သေးတော့ အလှပြင်ဆင်ရှာ

လေဘာတီမမြရင်၏ ရွှေပြည်စိုးသီချင်းကို အသံဝါ၀ါညက်ညက်ဖြင့် သီဆိုလိုက် သော ယောက်ျားသံ တစ်ခုကို စပြီး ကြားလိုက်သည့် အချိန်က နေ့လယ် နှစ်နာရီလောက် ဖြစ်ပါသည်။ အသံကြားကြားချင်း ကျွန်မ မျက်မှောင်ကြုတ်မိ သွားခဲ့သည်။ ဒီသီချင်းက မင်းသမီး အငြိမ့်ကရင်း သီဆိုတဲ့ မိန်းမသီချင်းပဲ၊ ဘာဖြစ်လို့ ယောက်ျားကြီးက ဆိုနေရတာ လဲ။ သို့သော် သီဆိုပုံက ဌာန်ကရိုဏ်း ကျသည်မို့ နားထောင်လို့ ကောင်းသား။

x x ရွှံ့တွေ ကပ်စီးကပ်စီး ပုတီးလုပ်ကာ ကုံးတတ်ပါတယ် x x x အုတ်မှုတ်ခွက်ကို ရှာ ရှာ ဒေါ်လာပြားက ဆယ့်ငါးပြား လောက် ဆွဲတတ်တာ ကိုကိုများက x x x မြှောက်စားပေ မယ့် ဟိုးတုန်းကလောက် မပျော်ပါ x x

ကျွန်မ အသံလာရာ အိမ်ရှေ့ဆီသို့ လှမ်းကြည့်မိသည်။ ခြံဝင်းသံတံခါး ဟိုဘက်မှ မြင်ကွင်းက တော်တော် လှလေသည်။ ရုပ်သေး မင်းသမီးလေး တစ်ရုပ် ပ၀ါလေး လွင့်ပျံနေ အောင် ညက်ညောစွာ၊ သွက်လက်စွာ ကနေဟန်က ကျွန်မကို ဖမ်းယူဆွဲငင်လိုက်၏။ ကျွန်မ တစ်ခါမှ မမြင်ဖူး မတွေ့ ဖူးသည့် မြင်ကွင်းမျိုး ဖြစ်ပါသည်။

x x ကျွန်မတို့ဆီကို လိုက်လို့ပို့ပါ လိုက်ပို့မယ်တဲ့ ပြောလို့ သူညာ x x x အတောဘယ်လို တောတော အဆန်း ဘယ်လို ပြောပြော x x x နားဝင်ချိုအောင် ဘယ်လိုပြောပြော သဘော အကြိုက်ကိုဖြင့် မလိုက်နိုင်ပါပြီ တစ်ခါ ရွှေပြည်စိုး x x x ရွှေပြည်စိုး x x x ရွှေပြည်စိုး x x x လွမ်းပိုဖွယ်ရာ

သစ်ပင်ရိပ်မှာ ကလေးတချို့ ၀ိုင်းထိုင်နေပြီး မင်းသမီးလေးကတော့ မြေနှင့် ခြေ ဖ၀ါး မထိတထိဖြင့် လက်ကို ချိုးလျက် ခါးကို နွဲ့လျက် ထဘီခြေဖျားလေးကို ခပ်ကာဖြင့် ပတ်ချာလည် ကနေတော့သည်။ ကြည့်စမ်း အကကလည်း ကောင်းလှချည့်။ ခေါင်းလေးကို မော့လိုက် ငုံ့လိုက် တံတောင်ဆစ်ကို ချိုးလိုက် ကွေးလိုက် ဆန့်လိုက်။ ပျော့ပျောင်း ညက်ညောလှပါလား။

မင်းသမီးရုပ်လေးကို ကြိုးဆွဲနေသူမှာ သီချင်းဆိုနေသူ အဘိုးကြီးပဲ ဖြစ်သည်။ တော်လိုက်တဲ့ ရုပ်သေးဆရာကြီးပဲ။ အသံကလည်း သိပ်အကောင်းကြီး မဟုတ်ပေမယ့် သီ ဆိုတတ်သည်။ တကယ်ကို ဆိုင်းဝိုင်းကြီးဖြင့် တီးနေသလို မြိုင်ဆိုင်အောင် သူ ဆိုတတ် ပါပေသည်။ တကယ်တော့ အဘိုးကြီးမှာ ပါးစပ်တစ်ခုဖြင့်သာ သီဆိုရသည်။ လက်က စည်း ၀ါးတောင် လိုက်လို့မရ။ လက်နှစ်ဖက်လုံး လက်ဆယ်ချောင်းလုံးက ယမင်းရုပ်လေး၏ ကြိုး များကို ထိန်းကိုင် လှုပ်ရှားနေရတာကိုး။ ကျွန်မ ဘယ်လိုဖြစ်ပြီး ခြံအပြင်ဘက် ရောက်သွား သည်မသိ။ သတိရတော့ ကျွန်မက သစ်ပင်ရိပ်က လူစုဆီသို့ ရောက်နေပြီ။

ကျွန်မကို ခြံပြင်ထွက်မိအောင် ဆွဲဆောင်တာက ရွှေပြည်စိုး သီချင်လား ယမင်းရုပ် အကလား ကျွန်မ မသိနိုင်။

တော်တော်လှသည့် အရုပ်လေးပါ။ ကျွန်မဘ၀တွင် ရုပ်သေးရုပ်ပေါင်း များစွာကို ကတာလည်း ကြည့်ဖူးသည်။ ဆိုင်တွေမှာ ချိတ်ဆွဲ ရောင်းနေတာလည်း မြင်ဖူးပါသည်။ ထိ ကိုင်လည်း ကြည့်ဖူးပါသည်။ သို့သော် အခုအရုပ်လောက် တစ်ခုမှ မလှဟု ထင်ပါသည်။ သူ့မျက်လုံး မျက်ခုံးက သိပ်ထူပိန်းနေတာမျိုး မဟုတ်။ ပြေပြေလေးပဲ။ နှာတံကလည်း စင်း စင်းလေး။ တခြားအရုပ်တွေလို ဖြဲစပ်စပ် နှုတ်ခမ်း နီနီပြဲပြဲက နားရွက်သို့ ထိအောင် ရယ် နေတာမျိုး မဟုတ်။ ကျွန်မဖြင့် ယမင်းရုပ်လေး ကနေတာကို ကလေးတွေနှင့်အတူ ထိုင် ကြည့်နေမိသည်အထိ ချစ်သွားပါတော့သည်။

အဘိုးကြီးမှာ ယမင်းရုပ်လေးထိုင်ဖို့ အရောင် လွင့်ပြယ်နေလို့ ဘာရောင်မှန်း မသိ နိုင်သော ကတ္တီပါအခင်းလေး တစ်ခုပါသည်။ ထိုအခင်းလေးပေါ်တွင် အရုပ်လေး ခြေပစ် လက်ပစ် ထိုင်ချချိန်တွင် သူကတော့ ခုံဖိနပ်ကို ဖင်ခုထိုင်၏။ ယမင်းရုပ်ရှေ့မှာ ချထားသည့် ခပ်သေးသေး ဒန်ဖလားလေး တစ်လုံးထဲတွင် ငါးဆယ်တန် နှစ်ဆယ်တန် တချို့ကို မြင်ရ သည်။ သူ့ အဆိုကလည်း ကောင်း ယမင်းကို ကြိုးဆွဲသည့် အတတ်ပညာကလည်း မသေး လှသဖြင့် သူ အခုလို အရပ်ထဲမှာ ရှိနေတာ အံ့သြစရာဟု ကျွန်မထင်သည်။ အင်းလေ သူ့ အကြောင်းနှင့်သူ ရှိမှာပေါ့။ ကျွန်မ မစပ်စုတတ်ပါ။ ကျွန်မလက်ထဲမှာ ငွေတစ်ရွက်မှ မပါ လာသဖြင့် အိမ်ထဲပြန်ပြီး နှစ်ရာတန် တစ်ရွက်ကို ယူလာပေးလိုက်ပါသည်။ ကျွန်မ ထည့် သည့် ပိုက်ဆံက အများဆုံးမို့လား မသိ၊ အဘိုးကြီးက ကျေးဇူးတင်သလို မော့ကြည့်ပြီး ဘာသီချင်း နားထောင်ချင်လဲ မိန်းကလေးဟု မေးပါသည်။ ကျွန်မ ဘာသီချင်းကို ရွေးပြော ရမှန်း မသိပါ။ နောက်ပြီး အဘိုးကြီး၏ နားထင်မှာ ဆံစမှာ ချွေးစက်တို့ စိုလက်နေသည်ကို မြင်ရသဖြင့် သီချင်းအမည်ကို မပြောရက်တော့ပါ။

ထိုနေ့က ကျွန်မနှင့် ယမင်းရုပ်လေး ပထမဆုံးအကြိမ် တွေ့ဖူးရခြင်း ဖြစ်သည်။

နောက်ပိုင်းမှာ အဘိုးကြီးသည် ကျွန်မတို့ ရပ်ကွက်သို့ တစ်ပတ်လျှင် တစ်ကြိမ် ရောက်လာပြီး ကျွန်မ အိမ်ရှေ့က သစ်ပင်ရိပ်မှာ သီချင်း သုံးလေးပုဒ် ပြီးအောင် ကပြသွား သည်က အစဉ်အလာ တစ်ခုလို ဖြစ်လာသည်။

သူ့သီချင်းတွေက အငြိမ့် ကလို့ကောင်းသည့် သီချင်းတွေချည်း ဖြစ်သည်။ ရောက် ရောက်ချင်းတော့ သူက ရွှေပြည်စိုးဖြင့် စပါသည်။ ကျွန်မက သူ့ကို ဟိုသီချင်းလေး ရလား ဒီသီချင်းလေး ရလားဖြင့် သီချင်း တောင်းလိုက်သည့်အခါ သူရလျှင် ဆိုပေးသည်။ ကြည် ကြည်ဌေး၏ ပန်းပန်လျက်ပါကို အငြိမ့်မင်းသမီးတိုင်း ရသည်။ သူလည်း ရသင့်ပါသည်။ သို့သော် အဘိုးကြီးက မရဘူးဟု ပြောသည်။ ကျွန်မ မချင့်မရဲ ဖြစ်မိသည်။ မြိုင် ကျတော့ ရသတဲ့။

x x x စားတော့လည်းမြိုင် x x x သွားတော့လည်း မြိုင် မမြိုင် မမြိုင် မဟာမြိုင်ကြီးမှာ x x x တစ်ယောက်တည်း ပျော်တဲ့ မြိုင် x x x





သရုပ်ဖော် ပန်းချီ ဝင်းသိန်း


အဘိုးကြီးက လှိုင်သာယာသို့ ပြန်ရမှာဟု ပြောသည်။ ကလေးတွေက သူ့ကို ဘဘ ဟု ခေါ်သဖြင့် ကျွန်မကပါ လိုက်ပြီး ဘဘဟု ခေါ်ပါသည်။ ကျွန်မအိမ်ရှေ့မှာ သုံးပုဒ် ဆိုပြီး လျှင် ဘဘက မောပြီ။ မင်းသမီးလေးလည်း နား။ ဘဘလည်း နားတော့သည်။ ကျွန်မက အိမ်မှာ သံပုရာရည်ရှိလျှင် သံပုရာရည်၊ မရှိလျှင်တော့ ရေအေးအေး တစ်ခွက်နှင့် မုန့်တချို့ ကို ယူလာပြီး ဘဘကို ကျွေးသည်။ ဘဘက မစားလျှင် ဆာသည့်အခါ စားဖို့ ထည့်ပေး လိုက်တတ်ပါသည်။ ကဲ ပြန်ကြစို့လား သမီးရေဟု ဘဘက သူ့ ယမင်းရုပ်ကို တကယ့် လူ လိုပဲ စကား ပြောတတ်သည်။

သူ တစ်နေ့တစ်နေ့ အရုပ်လေးနှင့် မြို့အနှံ့ လှည့်ပတ်သွားလာ ကပြသည်မှာ သုံး လောက် စွဲလောက်အောင် မရနိုင်ပါ။ သူ့ ရုပ်သေးပွဲကို လာကြည့်သူတွေက ကလေးတွေပဲ များပါသည်။ တကယ်တော့ ရုပ်သေးစင်ဆိုတာ အမြင့်သဘင်ပါ။ စင်ဖြင့် ကပြ ဖြေဖျော်ရ တာ မဟုတ်လား။ စင်နောက်မှာ ကန့်လန့်ကာ နောက်ကနေ ကြိုးဆွဲသူက နေလျက် ရှေ့မှာ အရုပ်လေးတွေက ကြိုးဆွဲရာ ကနေကြသည် မဟုတ်လား။ အခုလို မြေပြင်ပေါ်မှာ ခင်းထားသည့် ကပ္ဗလာလေးပေါ်မှာ ကနေရှာသည့် ယမင်းရုပ်ကလေးကို ကျွန်မဖြင့် မကြည့်ရက်။ ဘဘအား အထက်တန်းကျကျ စားသောက်ဆိုင် တစ်ခုခုနှင့် ဆက်ပေးဖို့ ကျွန်မ ကြိုးစားချင်သည်ဟု ဖွင့်ပြောတော့ ဘဘက လက်မခံပါ။ သူ အဲဒီလို အချိန်တွေကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ခါးသီးသော ထိုအတွေ့အကြုံတွေကို ထပ်ပြီး မလိုချင်တော့ဟု ပြောပါသည်။

ကျွန်မကတော့ ရုပ်သေးရုပ် ကလေးကို ဆိုင်းဝိုင်းနှင့် စည်းဝါးနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ကကြိုးစုံလင် ကစေချင်သည်။ စင်မြင့်ပေါ်မှာ ပ၀ါတန်း၏ရှေ့မှာသာ ကလိုက်ရလျှင် ဘယ် လောက်များ လှလိုက်လေမလဲ။ မြင်ယောင်ကြည့်မိသည့်အခါ ရင်ခုန်လာပါသည်။

ကျွန်မသည် ငယ်စဉ်ကတည်းက အကတွေကို နှစ်သက်စွဲလမ်းခဲ့သူ ဖြစ်သည်။ ရုပ် သေးပွဲကို မေမေလိုက်ပို့သဖြင့် ကျွန်မ ပထမဆုံးအကြိမ် သွားကြည့်ဖူးစဉ်က အရုပ်လေး တွေကို ချစ်လိုက်တာ မပြောပါနှင့်တော့။ နတ်ကတော် ရုပ်ကလေးက အရင်ထွက်ပြီး ကန် တော့ပွဲဖြင့် ကတာကို မြင်ရသည်။ ဇော်ဂျီအကလည်း ပါသည်။ မင်းသား မင်းသမီး မြိုင်ထ အကလည်း ပါသည်။ ၀န်အကလည်း ပါသည်။ ထိုအရုပ်လေးများသည် လူလိုပဲ လက်ရော ခြေရော ခေါင်းရော လှုပ်ကာ လှုပ်ကာ ကကြတာကို မြင်တော့ ကျွန်မ အံ့သြတကြီးပေါ့။ အ ပေါ်ကနေ ကြိုးနဲ့ဆွဲနေတာဟု သိသော်လည်း ကြိုးဆွဲသူကိုလည်း မမြင်ရ။ သည်တော့ အ ရုပ်ကလေးက ကနေတာ လှတယ်ဟုသာ မြင်ရသည်။

x x လေးပျိုနှမ အစ်ကိုက ချီမယ် ပျိုမြမဒီနွယ် x x x တီတီတာတာ စကားတွေ မကြွယ် လိုက်ပါနဲ့ လေး လေး x x x

အငြိမ့်မင်းသမီး များစွာကိုလည်း ကျွန်မ ကြည့်ဖူးသည်။ နာမည်ကြီးတာရော မကြီး တာရော။ ရွှေလိပ်ပြာ မအေးကြည်တဲ့။ တရုတ်မ မကြင်စိန်တဲ့။ နောက်ပြီးတော့ ဆောင်းအ ငြိမ့်၊ ကျွန်မတို့ရွာသို့ လာသမျှ အငြိမ့်ပေါင်းစုံမှာ ကျွန်မ မကြည့်လိုက်ရသည့် အငြိမ့်က တော်တော် ရှားပါလိမ့်မည်။ လူရွှင်တော်တွေ စကားပြော ပြက်လုံးထုတ်လျှင် ကျွန်မက စင် ပေါ်မှာ ကျောပေးထိုင်နေသော မင်းသမီး ရှိရာသို့သာ အာရုံက ရောက်လျက် ဘယ်တော့ ကမလဲ ဘယ်တော့ ထလာမလဲနှင့် စိတ်စောနေမိ တတ်သည်။ အငြိမ့်မင်းသမီးက ခါးကို ကော့လွန်းလျှင်၊ မလိုအပ်ဘဲ ဖင်ကို ကောက်ချိတ်ပြီး လိမ်လျှင်၊ မျက်နှာက ကြာပစ်လွန်း လျှင်တော့ ကျွန်မ နှာခေါင်း ရှုံ့မိတတ်သည်။ မင်းသမီး၏ ရင်ခံက လိုသည်ထက်ပိုပြီး အောက်သို့ လျှောနေလျှင်လည်း ကျွန်မ မကြိုက်။ ရင်ခံသည် ရင်ဘတ်ပေါ်မှာ ခပ်ပြေပြေ တင်နေရမည်။ ဘယက်နှင့် ကြိုးများ ဆွဲသာရုံ နေရာလပ်လျှင် တော်ပြီပေါ့။ ဘာဖြစ်လို့ လည်ပင်း ဟိုက်ဟိုက်ကြီး ပေါ်အောင် ဖော်နေတာလဲ။ မကြိုက် လိုက်တာနော်။ မင်းသမီး က သူ့ရည်းစားကို ပွဲခင်းထဲမှာ ရှာတာကလည်း အငြိမ့်တို့၏ ထုံးစံလိုဖြစ်နေတာမို့ လက်ခံရ မှာပါပဲ။ သို့သော် မမြရင်၏ ဦးသ၀န်ကြောင် လောက်ဆိုလျှင် ဘယ်လောက်လှသလဲ။

x x ဘယ်ယောက်ျားမှ စကားမပြောနဲ့တဲ့ x x မနေ့ကမှာတယ် x x တွေ့ကြရာဝယ် ကျွန်မ ပြောပြမယ် ကသောအခါဝယ် x x ရည်းစားတစ်ထောင် လင်ကောင် x x ကြင်ပေါင် မြရင် စိတ်နှလုံးဟာမို့ x x အိမ်တွင်းပုန်း ကုလားမကဲ့သို့ x x x ကျွန်မတို့ မနေနိုင်ပေါင် မောင်ရယ် x x x

တီးကွက်တွင် ဆိုင်ဝိုင်းအတီးဖြင့် မင်းသမီးလေး ကကြိုး မထပ်အောင် မြိုင်ဆိုင်စွာ ခမ်းနားစွာ ကသည့်အခါများ ကျွန်မ မျက်တောင်ပင် မခပ်မိအောင် ငေးနေမိတတ်သည်။ လှလိုက်တဲ့ အကလေး။ ကျွန်မကတော့ အနုပညာတွင် ပါရမီနည်းသူမို့ သူများအကကို ငေးရုံပါပဲ။ သီချင်းကိုတော့ စည်းဝါးညီညီ သီဆိုတတ်သဖြင့် တစ်ခါတစ်ခါ ကိုယ်ရသည့် သီချင်းဆိုလျှင် စင်အောက်ကနေ အသံထွက်ရုံ ပါးစပ်လှုပ်ရုံ လိုက်ဆိုနေမိပါသည်။

ကျွန်မ ပွဲကြိုက်လွန်းလို့ ငယ်ငယ်က ဆိုင်းသံ ဗုံသံကြားလျှင် မနေနိုင်။ ကျွန်မတို့ အိမ်သို့ ခဏခဏ လာတတ်သော ဦးလေး ဦးအောင်ခင်က ကျွန်မကို ဆိုင်းရှိသည့် နေရာ သို့ လိုက်ပို့ပေးရသည်။ ဆိုင်းချည်းပါပဲ။ မင်းသမီး မပါပါဘူးဆိုလည်း ကျွန်မ မယုံ။ လိုက်ကို ပို့ပေးမှ ကျွန်မ ကိုယ်တိုင် မြင်ရမှ ယုံသည်။ ရွှေကျောင်းဘုရားပွဲ၊ မြစေတီ ဘုရားပွဲတို့တွင် ပွဲတွေ အငြိမ့်တွေ ပါတတ်တာမို့  ကျွန်မလည်း ပွဲနှင့် မင်းသမီးလေးတွေကို မျှော်လေသည်။ ကျွန်မတို့ ရွာသို့ အမာစိန် အငြိမ့်တစ်ခါမှ မလာဖူးဘူးဟု ကျွန်မထင်သည်။ သို့သော် အမာ စိန်ကို ကျွန်မ အရွယ်ရောက်တော့မှ မြန်မာ့အသံကနေ အငြိမ့်ကို ကြည့်ရ၏။ ယိုးဒယားပြန် အမာစိန်ဟု နာမည်ရသော အမာစိန်သည် အက အလွန်ညက်ညော နွဲ့ပျောင်းကာ လှပ ပါသည်။ လမင်းတစ်ရာ ဌေးဌေးမြင့် အကကိုတော့ ကျွန်မကိုယ်တိုင် ကြည့်ဖူးသည်။ စွဲနေ အောင် ကြိုက်ဖူးသည်။ မောင်က ကျွန်မကို အလိုလိုက်ပြီး အငြိမ့်ခွေ ကောင်းကောင်းတွေ ဆိုလျှင် ရှာကြံ ၀ယ်ပေးတတ်သည်။ မောင် မရှိသည့် ရက်တို့တွင် အငြိမ့်မင်းသမီးလေးတွေ ၏ အကထဲမှာ ကျွန်မ နစ်မျောနေမိတော့ မောင့်ကို တမ်းတရသည့် အလွမ်းတွေက ခပ်ပါးပါးပဲ ကျန်လေသည်။





သရုပ်ဖော် ပန်းချီ ဝင်းသိန်း


အခုအခါ အငြိမ့်တို့သည် အငြိမ့်နှင့် မတူကြတော့ပြီ။ အငြိမ့်တွေကို အမျိုးမျိုး ရိုက် ကူးသော်လည်း မင်းသမီးတို့၏ အကကို ကျွန်မ အားမရနိုင်။ လူရွှင်တော်တို့၏ ပြက်လုံး တွေကို မုဒိတာမပွားနိုင်။ ထိုအချိန်မျိုးမှာ ဘဘ၏ ယမင်းရုပ်ကလေးသည် တကယ့် ရှေးက ကကြိုး ကကွက်နှင့် မင်းသမီးလေး တစ်ယောက်လို ကနေတာကို မြင်ရတော့ ကျွန်မ တော် တော် ကျေနပ်ကြည်နူးမိသည်။ ထို့ကြောင့် ထိုယမင်းရုပ်လေးနှင့် ဘဘကို တစ်ပတ်တစ်ခါ မျှော်ကြသည့် ရပ်ကွက်ထဲက ကလေးတို့အထဲမှာ ကျွန်မပါ ပါလေသည်။ တစ်ခါတစ်ခါ လာ နေကျ မလာလျှင် နေမထိ ထိုင်မသာ။ ညနေအထိ ခြံဝဆီသို့ မျှော်နေမိဆဲ။ စိမ်းလဲ့လဲ့ညို ပြာ ယိမ်းတနွဲ့နွဲ့စိုကာဟု အသံရှည်ဖြင့် သီဆို ဆွဲငင်လိုက်သည့် ဘဘအသံကို ကြားလျှင် ရင်တောင် ခုန်မိသွားလေသည်။

နောက်ပိုင်းကျတော့ ကျွန်မနှင့်ဘဘ ဘယ်လောက်ထိ အပေးအယူ တည့်သွားသ လဲဆိုလျှင် ယမင်းရုပ်လေးအား ဘဘက ကကြိုး အသစ်ဖြင့် ကြိုးဆွဲ လေ့ကျင့်ရလောက် အောင်ပင် ကျွန်မက ပန်းပန်လျက်ပါကို ပူဆာခဲ့လေသည်။

“ငါတော့ မရဘူး ညည်းဆိုတတ်လား”

“ဆိုတတ်ပါ့”

“အေး ဒါဆို ညည်းကဆို။ ငါက မင်းသမီးကို ကမယ်”

ကျွန်မဆိုသည့် ကျွန်မက ရေချိုးခန်းထဲမှာတောင် သီချင်းဆိုတာမဟုတ်။ တစ်ခါ တစ်ခါ ညမီးပြတ်ပြီး ဘာမှ လုပ်လို့မရသည့် အခါမျိုးတွင် အိပ်ခန်းထဲမှာ အပြင်သို့ လှမ်းငေး ပြီး သီချင်း ညည်းတတ်တာက လွဲလို့ သီချင်းကို စိတ်လိုလက်ရ သီဆိုဖြစ်သူ မဟုတ်ပါ။ သို့သော် မီးပြတ်လျှင်တော့ မီးမလာမချင်း သီချင်းကို လေးငါးပုဒ် ဆက်တိုက် ဆိုနေတတ် သည်။ ထိုအထဲတွင် ကြည်ကြည်ဌေး၏ ချစ်ဆိပ်ရည်သီချင်းက ထိပ်ဆုံးကပေါ့။ သို့သော် ပန်းပန်လျက်ပါကို ကျွန်မ မဆိုဖြစ်ပါ။ ဒါက မင်းသမီးကသည့် သီချင်းမို့ သီချင်းသည် အက လေးနှင့်မှ မြိုင်ဆိုင်တာမို့ သီချင်းချည်းဆိုလျှင် ဟာတာတာကြီးမို့ ဖြစ်သည်။

အခုတော့ ဘဘက သူ့မင်းသမီးကို ကကြိုးသစ်ဖြင့် ကြိုးဆွဲပေးမည်ဟု ပြောတော့ ဘာရမလဲ။ ကျွန်မ ပန်းပန်လျက်ပါကို သီချင်း ဖွင့်ပြလိုက်တာပေါ့။ ဘဘကို ကျွန်မအိမ်ထဲ သို့ခေါ်လာပြီး ပြောင်းဖူးသုပ် ကျွေးသည့်နေ့က ဧည့်ခန်းမှာပင် ဘဘအား ထိုသီချင်းကို ဖွင့် ပြပါသည်။ ကြည်ကြည်ဌေး၏ မူရင်းသီဆိုဟန် ဖြစ်သည်။ မန္တလေးမြို့ လှိုင်းတေးသံသွင်းမှ ဓာတ်ပြားသီချင်းကို ပြန်သွင်းထားသည့် သီချင်းဖြစ်သည်။ ဆိုင်းဝိုင်းနှင့် သီဆိုထားသည့် မူဟန် ဖြစ်သဖြင့် ခမ်းနား မြိုင်ဆိုင်လှပါသည်။



ဒုတိယပိုင်းသို့ ...

"ဆဲတတ်သူများနှင့် တစ်ညနေ"

ဆေးလိပ်မီးခိုးငွေ့များ တစ်စတစ်စ ပါးလျားကာ

ပျောက်ကွယ်သွားပြီ။ကွင်းတစ်ခုလုံး သက်ဝင်လှုပ်ရှားနေခဲ့သော

ကစားသမားတို့၏ လှုပ်ရှားမှု့များသည် ပျောက်ကွယ်သွားပြီ။အော်ဟစ်

ဆဲဆိုသံများဖြင့် ဆူညံနေခဲ့သော ကျွန်မ ပတ်ဝန်းကျင်တွင်

လူမရှိတော့သောထိုင်ခုံလွတ်များသာ ကျန်တော့သည်။ကစားကွင်း

မြက်ခင်းပြင်သည် ယခုတော့ တိတ်ဆိတ်လျက်ရှိ၏။

ထွက်ပေါက်တွင် တရွေ့ရွေ့တိုးထွက် နေကြသော လူအစုအဝေးများ

ရှင်းသွားသည် အထိစောင့်ရင်း ကျွန်မတို့နှစ်ယောက် ခုံတန်းများဆီမှ

တဖြည်းဖြည်း ဆင်းလာခဲ့ကြသည်။

ဘောလုံးပွဲပြီးသွားသော်လည်း ကျွန်မစိတ်ထဲတွင် လွတ်လပ်ပေါ့ပါးမသွားပါ။

ကျွန်မ မျှော်လင့်သည့်ကစားကွက်မျိုးကို မမြင်တွေ့ရ၍ပဲလား။

ကျွန်မအာရုံတွင် ယခုတိုင် စွဲထင်လျက် ကျန်ရစ်နေသော

ဥရောပတံခွန်စိုက်ပွဲ၏ ဘောလုံးကစားဟန်များကြောင့်ပဲလား။ ဤခြေစမ်းပွဲကို

ကျွန်မ အားမရပါ။ ဘောလုံးပွဲကြည့်နေရသည်ဟုလည်း မခံစားရပါ။

သည်ကြားထဲတွင် ကံဆိုးဝါးစွာ ကျွန်မတို့အနီးမှ လူတစ်ချို့က

ဘောလုံးသမားများကို ပျစ်ပျစ်နှစ်နှစ် အော်ဆဲနေသောကြောင့်

ကျွန်မစိတ်ပျက်နေခဲ့ရသည်။



"သိပ် မိုက်ရိုင်းတာပဲ"



လွှတ်ကနဲရေရွတ် ရှုတ်ချမိတော့ မောင်က ကျွန်မလက်ဖ၀ါးကို

သတိပေးသလို ဆုပ်ညှစ်၏။ ကျွန်မတိတ်ဆိတ်စွာ

မျိုသိပ်သည်းသည်းခံ၍ ဆက်လက် ကြည့်ရှုခဲ့ရသည်။ သို့သော်

နောက်ထပ်မိနစ်နှစ်ဆယ်ကြာတော့ ကျွန်မအနားကလူတွေ

အော်ဟစ်ဆဲရေးကြပြန်သည်။ ကျွန်မ…ရုတ်တရက် ထပြန်ရန်ပင် စိတ်ကူးမိပြီး

မောင့်ကိုတိုင်ပင်မိသည်။ မောင်ကမပြန်ချင်ခဲ့ပါ။



"ဆဲချင်သလောက် ဆဲပါစေကွာ။ မကြားချင်ယောင်ဆောင်နေလိုက်ပေါ့။

သူတို့ ဘယ်တုန်းကတည်းက ဆဲချင်နေမှန်းမှမသိတာ။

ယောက်ျားတော်တော်များများက ဒီလိုပဲကွ။ ဘောလုံးပွဲမှာ

လာလာဆဲကြတာပဲ"



အဲသည် ယောက်ျားအမျိုးအစားထဲမှာ မောင်ပါနေသလား ဟု ကျွန်မ

မယုံသင်္ကာမေးမိတော့ မောင် မျက်မှောင်

ကြုတ်၍ ငြင်းခဲ့သည်။



"ကြံကြီးစည်ရာကွာ။ ကိုယ်ဘယ်တုန်းက ဆဲတတ်ဖူးလို့လဲ။ အဲဒီလို

အောက်တန်းကျတဲ့အစားထဲ ကိုယ်မပါဘူး"



သူ့ကိုယ်သူ ဂုဏ်တင်လိုစိတ်ဖြင့် ကာကွယ်လိုက်သောစကားသည်

အခြားလူအမျိုးအစားကို စော်ကားလိုက်သလိုဖြစ်သည်ဟု

မောင်တွက်ဆဟန်မတူပါ။ မောင့်စကားကို သူတို့ကြားပြီးရန်ဖြစ်မှာ၊

ထိုးကြိတ်မှာ စိုးရိမ်သွားသောကြောင့် ကျွန်မ

ချက်ချင်းတိတ်ဆိတ်သွားရသည်။ သို့သော်ထိုအုပ်စုသည် ကျွန်မတို့၏

စကားကြိတ်ကြိတ် တီးတိုးသံကို ကြားဟန်မတူပါ။ ကျွန်မမှာ ကြည့်နေရသည့်

ကစားပွဲကို အားမလိုအားမရ စိတ်ပျက်သည်ကတစ်ပိုင်း၊ ဘေးနားက

မိုက်ရိုင်းနေသော လူများ၏ အော်ဟစ်ဆဲဆိုသံကို တုန်လှုပ်စွာ

စိတ်ညစ်နေရသည်က တစ်ပိုင်းမို့ ပွဲမြန်မြန်ပြီးပါစေဟု ဆုတောင်းနေခဲ့သည်။

ကမ္ဘာမှာဒုတိယ အဆဲရေး အခံရဆုံးသော ပုဂ္ဂိုလ်အမျိုးအစားမှာ

ဘောလုံးသမားများ ဖြစ်ဟန်တူ၏။

ယခုတော့ပွဲပြီးသွားပေပြီ။ ကျွန်မလည်းစိတ်ချမ်းသာသွားရပြီ။

ကစားကွင်းဂိတ်ပေါက်ဝမှ တိုးထွက်ရင်း နောက်တစ်ခါတော့

လာမကြည့်တော့ပါဘူးဟု ဆုံးဖြတ်လိုက်သည်။



"ဒီပုံစံမျိုးနဲ့ကတော့ကွာ။ ထိုင်းမပြောနဲ့၊မော်လဒိုက်ကိုတောင် ယှဉ်နိုင်မှာ

မဟုတ်ဘူး-------မှပဲ"



ကျွန်မဘေးနားမှ ကျယ်လောင်သောဝေဖန်သံ ထွက်လာ၏။

ကျွန်မလှည့်ကြည့်လိုက်သည့်အခါ မှတ်မိနေသော

မျက်နှာတစ်ခုကို မြင်ရသည်။သူပဲ သူတို့ပါပဲ။ ကျွန်မ

နားညည်းလောက်အောင် ဆဲရေးအော်ဟစ်နေခဲ့ကြတာ။

ဖြူဖပ်ဖြူရော်ဂျင်းရှပ်အကျီင်္ ခပ်နွမ်းနွမ်းကို လက်ခေါက်တင်လျက်

မသေမသပ်ဝတ်ဆင်ထားပြီး ဆံပင်ကခပ်ရှုပ်ရှုပ်၊ မျက်ခုံးပါးပါး၊

မျက်လုံးကဟိုးချိုင့်ထဲမှာ။ အရက်သောက်နေကျ မျက်လုံးလိုပင်၊

သွေးကြောများနီနေသည့် မျက်လုံး။ ထိုမျက်လုံးဖြင့် ကျွန်မအား

ဖျတ်ကနဲလှည့်ကြည့်တော့ ကျွန်မမောင့်အနီးသို့ တိုးကပ်သွားမိသည်။



"မိန်းမတွေလည်း ဘောလုံးပွဲကြည့်လာပြီကွ……နော်"



ကျွန်မကိုပဲ စောင်းမြောင်းလိုသလား၊တကယ်ပဲ

အံ့သြစွာမှတ်ချက်ချလေသလားမသိပါ။ ဘေးက သူ့အုပ်စုဝင်

လူသုံးယောက်က ထိုကိစ္စကို တစ်ယောက်တစ်မျိုး ဆူညံစွာ

ဝေဖန်ချက်ပေးနေသည်ကိုကြားရသည်။



တယောက်ကအကွက်မပေါ်တော့သော ပုဆိုးကိုခါးပုံစ ကြီးကြီး

ထုတ်ဝတ်ထား၏။ တစ်ယောက်ကတော့ ဘယ်လိုမှ မလိုက်ဖက်သည့်

အနီရောင်ရှပ်အင်္ကျီနှင့်၊ ခရမ်းရောင်ပုဆိုးနှင့်။ ဘယ်လိုလူတွေဘာလိမ့် ။

သူရုပ်ကိုကြည့်တော့နည်းနည်းမျှ သနားကမားမရှိ။

မျက်နှာခပ်ချောင်ချောင်၊လည်ပင်းမှာ စက်ဆီချေးလား၊ အိုးမည်းလား

ခပ်မည်းမည်းအရာ စွန်းတင်းပေကျံနေသေးသည်။ တစ်ယောက်ကတော့

တခြားလူတွေလို အလုပ်ကြမ်းသမား ဟုတ်ပုံမရ။ သေသေသပ်သပ်။



"မောင်…………နောက်တစ်ခါ ကျွန်မ လိုက်မကြည့်တော့ဘူး"

"ကောင်းပါလေ့ဗျာ။ဒီစကားကြားချင်နေတာကြာပြီ"



ကျွန်မယောင်္ကျားသည် မိန်းမနှင့်ယောင်္ကျား ဘယ်နေရာမှ အဆင့်အတန်း

မတူညီနိုင်ဟူသည့် အယူအဆကို တစ်သက်လုံး စွဲကိုင်လာသူဖြစ်၏။

ကျွန်မတစ်စတစ်စ ဘောလုံးဝါသနာ ပါလာသည်ကို သူများယောင်္ကျားတွေလို

မုဒိတာမပွားနိုင်သူ၊ အားမပေးလိုသူဖြစ်၏။ ဘောလုံးပွဲကြည့်နေတုန်း

ကျွန်မကမေးခွန်းတွေမေးလျှင် စိတ်မရှည်တတ်သူ ဖြစ်၏။ ကျွန်မကမိန်းမပီပီ

တစ်ခါတစ်ခါ ဒိုင်သူကြီးပေးသည့် ပြစ်ဒဏ်များကို နားမလည်လိုက်သည့်

အခါမျိုးရှိသည်။ မောင်က နေဦးကွာ၊ ပြီးမှရှင်းပြမယ်ဟု တိုတိုပြတ်ပြတ်

ပြောတတ်သည်။



"မိန်းမဆိုတာ မိန်းမနေရာမှာပဲနေကွာ၊အဆင့်ကျော်ကျော် မလာနဲ့"



ဤစကားဖြင့် မကြာခဏ နှိမ်တတ်သူလည်း ဖြစ်သည်။

ကျွန်မကလည်း၊မောင့်ကို မခံချင်စိတ်နှင့် မောင်နှင့်အတူ

ဘောလုံးပွဲ အစီအစဉ်များကို ယှဉ်ပြိုင်၍ စောင့်ကြည့်ဖြစ်လေသည်။

မောင့်ထက်ပို၍ကဲကာ ကျွန်မက ဥရောပဖလားဘောလုံးပွဲ ဆီမီ်းဖိုင်နယ်နှင့်

ဖိုင်နယ်ပွဲစဉ်များကို ဗွီဒီယိုခွေကူးယူထားလိုက်သေးသည်။

ဂျာမဏီအသင်းတော်မှန်းသိသော်လည်း မောင်ကို အမြင်ကတ်သဖြင့်

ချက်အသင်းဘက်မှ အားပေးလိုက်သည်။ အချိန်ပိုကစားပွဲ၌

ချက်အသင်းဂိုးပေးလိုက်ရသောအခါ ဂိုးသမားလေး ကူဘားကိုသနား၍

မဆုံးတော့ပေ။



"ကိုယ့်တို့ တက္ကစီနဲ့ ပြန်ကြမလား"



ကျွန်မတို့ ကစားကွင်း အပြင်ဘက်ရောက်သောအခါ အနည်းငယ်မိုးချုပ်နေပြီ။

ကောင်းကင်သည် မှောင်သန်းဖို့

စတင်လာပြီ။ ငှက်တစ်အုပ် ဘူတာကြီးဘက်မှ ပျံသန်းလာသည်ကို

မြင်ရသည်။ ပတ်ဝန်းကျင်သည် လှုပ်လှုပ်ရွရွဖြစ်နေဆဲ။ အိမ်အပြန်

အလျင်လိုသူများဖြင့် လမ်းမသည် ရှုပ်ထွေးနေသည်။ ကျွန်မတို့ရှေ့တွင်

ကိုယ်ပိုင်ကားများ အငှားကားများ၊ ဘတ်စ်ကားများ လျင်မြန်စွာ

ဖြတ်သွားနေကြ၏။



"ဟင့်အင်း….ဘတ်စ်ကားနဲ့ပဲ ပြန်မယ်"



သည်အချိန်ဆိုလျှင် အောင်ဆန်းကွင်းမှ ကြည့်မြင်တိုင်သို့ အငှားကားမှာ

အနည်းဆုံး တစ်ရာ့ငါးဆယ်မှ တစ်ရာ့ရှစ်ဆယ် အထိရှိတတ်သည်။ ကျွန်မ၏

ခြိုးခြံချွေတာစိတ်ကို မောင်က သဘောတူလိုက်သဖြင့် ကျွန်မတို့သည်

အနော်ရထာလမ်းအထိ ဆင်းကာဘတ်စ်ကား စောင့်ကြရပါသည်။ မကြာမီပင်

ကျွန်မ၏နှမြောစိတ်ကို ကျွန်မကိုယ်တိုင်ပြန်လည် ဒေါသထွက်မိတော့သည်။

မိုက်ရိုင်းလှသည်ဟု ကျွန်မ မှတ်ချက်ချထားသော ဆဲရေးသည့် လူအုပ်စုသည်

ကျွန်မတို့နှင့်အတူပင် ကားစောင့်နေပြီး ကျွန်မတို့တက်သည့်

၄၃ဘတ်စ်ကားကြီးပေါ်သို့ လိုက်တက်လာလေတော့သည်။ ကျွန်မတို့က

ဤကြားကားဖြင့် မကြာခဏပြန်ဖူးသည်မို့ ၄၃ကားကြီးတွေလာသည်ကို

မြင်မြင်ချင်း လိုက်ပါရန်ဆုံးဖြတ်ပြီး ချက်ချင်းတက်လိုက်သောကြောင့်

ထိုင်ခုံနေရာရပါသည်။ ထိုအုပ်စုကတော့ အချင်းချင်း ကျွတ်ကျွတ်ညံအောင်

စကားပြောနေကြပြီး ကားစပယ်ယာကအဝေးပြေး အဝေးပြေး

အောက်လမ်းဟု ထပ်ခါထပ်ခါအော်မှ လိုက်တက်လာသည် ဖြစ်သောကြောင့်

နေရာမရပါ။



သူတို့အုပ်စုက မောင့်ဘေးမှာကပ်၍ ရပ်နေကြသည်။ ကျွန်မက

မောင်သိအောင် တီးတိုးစကားဖြင့် "တွေ့လား။

တွေ့လား ကွင်းထဲကလူတွေလေ" ဟုသတိပေးမိ၏။ မောင်က မျက်နှာထိ

မျက်နှာထားဖြင့် ကျွန်မကိုကြည့်လိုက်တော့မှ ရုတ်တရက်

မျက်နှာလွှဲပစ်လိုက်ရသည်။ ကားရပ်ထားပြီး လူစောင့်နေစဉ်မှာ

သူတို့အုပ်စုသည် အသံကျယ်ကျယ်နှင့်စကားပြောလိုက်။

တစ်ယောက်ကိုတစ်ယောက်တွန်းထိုးပုတ်ခတ်လိုက်၊ ရယ်မောလိုက်ဖြင့်

ကားတစ်စီးလုံး သူတို့အသံချည်း ဖြစ်သည်။



"လူချတယ်ဆိုတာ နာမည်သာဆိုးတာ ၊သိပ်အရသာရှိမှာကွ"



"ဒိုင်သူကြီး ညစ်ရင်တော့ လူချပစ်မှကွ၊ဒါမှ မှတ်မှာ။ ဇင်းမယ်ပွဲတုန်းက

ကြည့်ပါလား၊ ဘယ်လောက်ညစ်လဲ"



"အားကစားစိတ်ဓါတ်ဆိုတာ နှစ်ဖက်လုံးညီမှ ကောင်းတာပါကွ၊ဟိုဘက်က

ညစ်ရင်တော့ ဘာအားကစား စိတ်ဓါတ်မှထားမနေနိုင်ဘူး၊

တွယ်သာတွယ်"



ဘုရား..ဘုရား ။ ကျွန်မ၏ ၀ဋ်ကြွေးသည် တစ်လမ်းလုံး

တောက်လျောက်လိုက်ပါလာတော့မှာ ထင်ပါရဲ့။ သူတို့ကိုယ်ကလည်း

ချွေးစော်ဖြင့် အောက်သိုးသိုးအနံ့ နံနေသည်ဟုထင်ရသည်။

အခုနေများ အငှားကားလေးနှင့် အိမ်ပြန်လိုက်ရလျှင် ဘယ်လောက်

လွတ်လပ်လိုက်မလဲ။ သို့သော် ထိုင်ခုံနေရာ

လေးကိုလည်း နှမြောနေပြန်ပြီး ငွေ၁၅၀၊၂၀၀ကိုလည်းနှမြောနေပြန်သည်။

အိုဘာပဲဖြစ်ဖြစ်ပေါ့ ၊ခဏပါပဲ။ ပြီးရင် ကိုယ့်လမ်းကိုယ်သွားကြမှာ။

ကံကောင်းထောက်မစွာ လူမပြည့်တပြည့် အချိန်မှာပင် ကားစတင်စက်နိုးကာ

ထွက်ခွာလေသည်။ အနော်ရထာလမ်းပေါ်မှာ ရန်ကုန်တမြို့လုံးကလူတွေ

လမ်းလျှောက်နေသလိုပင် ရှုပ်ထွေးများပြားလှသည်။ ဈေးသည်များ၏

အော်ဟစ်သံများမှာလည်း ဆူညံနေ၏။



ကားသည်တဖြည်းဖြည်း ပို၍ပို၍မြန်လာသောအခါ အသံဗလံများသည်

ခပ်လှမ်းလှမ်းမှာ ကျန်ရစ်ခဲ့သည်။ ကျွန်မတို့ကားထဲမှ

စကားသံများသာကျန်တော့သည်။ ကျွန်မသက်ပြင်း တစ်ချက်ရှိုက်လိုက်တော့

မောင်က လှည့်ကြည့်၏။ ကျွန်မစိတ်ကျဉ်းကြပ်နေခဲ့သည်ကို ရိပ်မိဟန်ဖြင့်

ကျွန်မကိုပြုံးပြသည်။



မှတ်တိုင်လေးငါးခု အလွန်မှာတော့ မမျှော်လင့်ဘဲ ဘတ်စ်ကားကြီး

ထိုးရပ်သွားလေသည်။ ပထမတော့ ကျွန်မမှာ လူစောင့်သည်ဟု

ထင်နေသည်။ သို့သော် စပယ်ယာက တဆိတ်လောက်ဗျို့ ၊ မုန့်ဟင်းခါးလေး

စားလိုက်ကြရအောင်ဟု ဟာသဖြင့် အသိပေးတော့မှ ကားပျက်မှန်း

သိရတော့သည်။ ကျွန်မ တော်တော့်ကို စိတ်ညစ်သွားပါသည်။

လူတွေဆင်းတွန်းလို့ကော ကားပြန်စက်နိုးလာပါ့မလား။ စက်မနိုးရင်

ဘယ်နှယ့်လုပ်မလဲ။ နောက်ထပ် ကားတစ်စီး စောင့်ဖို့က မလွယ်ပါ။



"ကဲ ကဲ ဆင်းတွန်းကြရအောင်ဟေ့"



ကျွန်မတို့အနားမှာ မတ်တပ်ရပ်နေသောအုပ်စုက ခပ်ဟားဟားရယ်မောလျှက်

ဆင်းသွား၏။ ဟုတ်တာပေါ့။ တွန်းကြည့်ရမှာပေါ့။ ကံကောင်းလျှင်လည်း

စက်နိုးလာမှာပေါ့။ လူတစ်ချို့ ထပ်ဆင်းသွားကြသည်။

သို့သော်ထိုင်ခုံတွေမှာတော့ လူအပြည့် ကျန်နေဆဲ၊



"မောင် ………..မဆင်းဘူးလား"

ကျွန်မ မောင့်ကို ခပ်တိုးတိုးမေးတော့ မောင်ခေါင်းရမ်းပြ၏။

"တွန်းမယ့်သူတွေ အများကြီးပါကွာ"

ကျွန်မ မျက်နှာ နွေးခနဲ ပူသွားပါသည်။

"ဒါပေမယ့် ..မတွန်းရင်တောင် ဆင်းပေးမှ ကောင်းမှာပေါ့မောင်ရဲ့။

တွန်းရမယ့်လူတွေ အားနာစရာ"



ခပ်ကြိတ်ကြိတ် အပြစ်တင်မိသောအခါ မောင်၏ဒေါသ မျက်လုံးအကြည့်ကို

ကျွန်မရလေသည်။ ကျွန်မမျက်နှာ

လွှဲလိုက်ရသည်။ ကားအနောက်ဘက်သို့ ပြတင်းမှ ခေါင်းပြူကြည့်လိုက်တော့

နောက်ဘက်မှ လူတစ်ချို့က တွန်းနေကြပြီ။

ကျွန်မထိုင်နေရတာ လိပ်ပြာမသန့်စွာ ခံစားရသည်။ ကျွန်မ

ဆင်းသွားလိုက်ရမလားဟု စဉ်းစားသေး၏။ ကားပေါ်ကဆင်းသည့် အုပ်စုတွင်

မိန်းမတစ်ယောက်မှမပါသောကြောင့် ကျွန်မဆင်းသွားလျှင် လူရယ်မောစရာ

ဖြစ်လေမလားဟု စိုးရိမ်မိသည်။ လူရယ်သည် မရယ်သည်က နောက်ထား၊

မောင်နှင့်ကျွန်မ အရင်ရန်ဖြစ်ရမှာ သေချာသည်။ကျွန်မ ကားတွင်းမှာဟိုဟို

သည်သည် အကဲခတ်ကြည့်မိ၏။



ထိုင်ခုံတွင်ထိုင်နေကြသူများတွင် ယောင်္ကျားတော်တော်များများ ပါသည်။

အမျိုးသမီး နှစ်ယောက် သုံးယောက်ပါ၏။ ထိုယောင်္ကျားများသည်

အခြားသူတွေ အောက်ဆင်းပြီး ကားတွန်းနေချိန်တွင် ထိုင်ခုံမှာ ဟန်မပျက်

ထိုင်နေနိုင်လေသည်ဟု ကျွန်မအံ့သြမိ၏။ သို့သော်…ဟန်မပျက်တော့

မဟုတ်ပါ။ တချို့မှာ ဟန်ပျက်နေ၏။ ဟိုဘက်

လှည့်ရမလို၊သည်ဘက်လှည့်ရမလို၊ ခေါင်းတစောင်းစောင်းဖြင့် မသက်မသာ

ထိုင်နေသူများလည်းပါဝင်သည်။ သူတို့ ကျွန်မလိုပင်

လိပ်ပြာမလုံတာသေချာ၏။ သို့သော်ထဆင်းပြီး တွန်းပေးဖို့အထိ

စိတ်ကောင်းရှိဟန်မတူပေ။ တချို့ကတော့ ဤကိစ္စသည် မိမိနှင့်မဆိုင်သလို

အမူအရာမျိုးပင်ရှိသည်။ လိပ်ပြာသန့်သန့်ပင် ဆက်ထိုင်နေလေသည်။

ဆင်တွန်းရသည့်လူတွေမှာပဲ ကားပျက်သည့်အတွက် တာဝန်ရှိနေသလိုလို၊

မိမိတို့မှာတော့ ဘာတာဝန်မှ မရှိသလို။ ကြည့်စမ်း ၊ယောက်ျားတွေ

ဖြစ်ပြီးနေနိုင်လိုက်တာ။



မောင့်မျက်နှာထားကို အကဲခတ်မိသောအခါ ကျွန်မပို၍ပင် အံ့သြသွားရသည်။

မောင်သည်လည်း ဟန်မပျက်

နေနိုင်ပါလား။ မောင်က ကျွန်မမျက်လုံး အမူအရာကို ရိပ်မိဟန်ရှိသည်။



"မင်းက ဘာဖြစ်နေရတာလဲ"ဟုခပ်ငေါက်ငေါက် မေးလေသည်။

"ကားကြီးက အကြီးကြီး မောင်ရဲ့။ ဟိုမှာ လူတွေ တွန်းနေရပြီ။"

"တယ်………..ဒီမိန်းမ"



ကားသည် တဖြည်းဖြည်း လှုပ်လာပြီးနောက် ရှေသို့တရွေ့ရွေ့ တိုးသွားသည်။

ကားရှေ့ပိုင်းမှာ ယောင်္ကျားတစ်ချို့ သည်ဘက်မလှည့်ဘဲ ကားရှေ့သို့

မျက်နှာလွှဲကာ စုပြုံရပ်နေကြသည်ကိုလည်း ကျွန်မသတိထားမိသည်။

လူတွေဟာ မညီမျှကြဘူးဟု ကျွန်မတွေးမိသော်လည်း ထိုမညီမျှသည့်

လူအတန်းအစားထဲမှာ ကျွန်မလည်းပါနေပါသည်။ အို ဘာဆိုင်လဲ။

ကျွန်မကမိန်းမ။ မိန်းမတစ်ယောက်ဟာ ယောင်္ကျားတွေနဲ့ အတူ

ကားဆင်းတွန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထိုခဏ၌ ကျွန်မ၏ဆင်ခြေကို

ကျွန်မပြန်၍ ရယ်ချင်သွား၏။ ဘာလဲ နေရာတကာမှာ မိန်းမဟာ

ယောက်ျားနဲ့တန်းတူ အခွင့်အရေး ရသင့်တယ်ဟု တောင်းဆိုလာခဲ့သည့်

မိန်းမ၊ အခုသည်အခါမျိုးမှာတော့ ဘာလို့အခွင့်အရေးတူမယူပြန်သလဲ။

ဘာဖြစ်လို့ အားနွဲံ့သည့် မိန်းမသားအဖြစ် ပေကပ်နေခဲ့ပါသလဲ။

ကျွန်မဆင်းသွားလိုက်လျှင် ဘာဖြစ်သွားမှာမို့လို့လဲ။ ထိုခဏ၌

ကျွန်မ၏ဦးခေါင်းထက်တွင် တစ်ခုခုက ဖိနှိပ်ထားသလို လေးလံလာ၏။ ကျွန်မ

ကိုယ်ခန္ဓာမှာလည်း မလုံမလဲစိတ်ဖြင့် တောင့်တောင့်ကြီး ဖြစ်လာသည်။

ညာသံပေး၍ တွန်းနေကြသည့် အသံများနှင့်အတူ ကားကတအိအိ

လှုပ်လာပြီးရှေ့သို့ တိုးတိုးသွားချိန်မှာ ကျွန်မကိုယ်ခန္ဓာသည်

ကားကြီးတစ်ခုလုံးကို ထမ်းပိုးထားရသလို လေးလံလာသည်။

ကျွန်မ ဘယ်လိုမှ မနေသာတော့သဖြင့် ရုတ်တရက်

မတ်တပ်ရပ်လိုက်မိသည်။ မောင်က ဗြုန်းကနဲ မော့ကြည့်ပါသည်။



"ဘာဆင်းလုပ်မလို့တုန်း"



"ဆင်းမလို့"



"ဟာ မင်းရူးနေသလား၊ ဒါမင်းအလုပ်မဟုတ်ဘဲ။ ရပြီးသားနေရာလေး

ပျောက်သွားဦးမယ်"



ထိုခဏမှာ ကျွန်မသည်လေထဲမှာ ကိုယ်ခန္ဓာတစ်ခုလုံး လွင့်ပျံ

ပျောက်ကွယ်သွားပါစေဟု တမ်းတမိသည်။ ကျွန်မဘ၀မှာ မောင့်အတွက်

တစ်ခါမှ ဒီလောက်မရှက်ရဖူးဘူးဟု ထင်ပါသည်။ လက်စသတ်တော့

ကားပေါ်ကမဆင်းတာဟာ နေရာပျောက်မှာ စိုးလို့လေ။ ဘုရား ………ဘုရား

ဒီလောက် ခရီးတိုအချိန်တိုကလေးမှာ တောင် မောင်ဟာနေရာကို

တပ်မက်နေခဲ့တယ်ပေါ့။



မောင်၏ဒေါသတကြီး ဆွဲချထိုင်ခိုင်းမှုကြောင့်လား၊ ကျွန်မကိုယ်ခန္ဓာကပဲ

အင်အားတွေ ကုန်ခန်းသွားလို့လားမသိပါ။ ကျွန်မထိုင်ခုံပေါ်သို့

ထိုင်လျက်ကျသွားပါသည်။ ထိုအချိန်မှာပင် ကားစက်သံ

ပြန်ထွက်ပေါ်ထွက်လာပြီး ဟေးကနဲပျော်ရွင်စွာ အော်ဟစ်သံများ

ကြားရသည်။ ထို့နောက် သူတို့အားလုံး ကားပေါ်သို့ ကသောကမျှော

ပြန်တက်လာကြသည်။



ဘောလုံးပွဲတွင် ဆဲရေးတိုင်းထွာသည့် လူအုပ်စုက ကားရှေ့တံခါးပေါက်မှ

တက်လာကြသည်ဖြစ်၍ ရှေ့ပိုင်းမှာပင်

ရပ်နေကြပါသည်။ ကျွန်မနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသော ထိုအုပ်စုသည်

စောစောကလိုပင် စ,နောက် ရယ်မောသည့်များအတိုင်း ဖြစ်သည်။ သူတို့

ဆင်းတွန်းချိန်တွင် ထိုင်ကျန်ရစ်ခဲ့သည့် လူစုရှိနေပါလားဟု

ဒေါသဖြစ်မည့်ဟန်လည်းမရှိ၊ ဒေါသဖြစ်ခဲ့လျှင်လည်း ကားတွန်းတုန်းက

ဆဲရေးတိုင်းထွာခဲ့ရောပေါ့။ ဒေါသတွေ ကုန်ခဲ့ရောပေါ့။

သည်လိုဆိုပြန်တော့လဲ ဆဲရေးသည့်နည်းက အကောင်းသားပါလား။

ကားသည်စက်သံမှန်လာပြီး နေရာမှထွက်ခွာလေသည်။သူတို့က

ကားဆင်းတွန်းပြီး ကျွန်မတို့ကဘာဖြစ်လို့ အေးအေးဆေးဆေး

ထိုင်ကျန်ရစ်ရသလဲ။လမ်းတလျှောက်လုံး ကျွန်မမျက်နှာပူစွာ ခပ်ရှက်ရှက်

ဖြစ်နေ၏။



တစ်ခုသေချာသည်ကတော့ ကားဆင်းတွန်းကြသူအားလုံးသည်

မတ်တပ်ရပ်စီးကြသူများသာ ဖြစ်ကြသည်။

သူတို့အတွက် ကားပေါ်ကဆင်းရခြင်းဟူသည့် အဖြစ်သည်မထူးဆန်းပေ။

နဂိုကတည်းက နေရာမရခဲ့သောကြောင့် ဖြစ်သည်။ ဒါပေမယ့် သည်ကားကြီး

ပျက်ယွင်းမှု့အတွက် သူတို့သာ တာဝန်ရှိသည်မဟုတ်ဘဲ။

ထိုင်နေသူများတွင်လည်း တာဝန်ရှိသည်ဟူသော

အသိသူတို့ထဲမှာမရှိဘူးလား။ ရှိတော့ရှိမှာပါ။

သို့သော် သိပ်တွယ်ကပ်နေ၍ အကြောင်းမထူးဘူးဟု မြင်သွားလို့လား။

သို့မဟုတ် ငါတို့တတ်နိုင်သလောက်တော့ လုပ်ပေးပါ့မယ်လေဟူသော

စေတနာကြောင့်ပဲလား၊ သို့မဟုတ် မတ်တပ်ရပ်စီးနေသည့် လူတန်းစားကသာ

ကားတွန်းရန် ပို၍သင့်တော်ပါသည်ဟု ကျိုးနွံစွာ အကျင့်ပါနေလို့ပဲလား။

ဘာပဲဖြစ်ဖြစ် ကျွန်မ နှာခေါင်းရှုံ့အပြစ်တင်ခဲ့သော အုပ်စုက

ပေါ့ပါးသွက်လက်စွာဆင်း၍ ကားတွန်းခဲ့သည့် အဖြစ်အပျက်ကြောင့်

ကျွန်မပို၍ပင် မလုံမလဲဖြစ်ရပါသည်။ ထိုအခါ

ကျွန်မတို့ထိုင်ကျန်သူများဘက်မှ ဆင်ခြေတစ်ခုခုကို ရှာတွေ့ရန်

ကျွန်မအပြင်းအထန် ကြိုးစားယူမိသည်။

ယောင်္ကျားကြီးကြီးတွေ ယောင်္ကျားငယ်ငယ်တွေ (ကျွန်မတို့

မိန်းမတွေအပါအ၀င်) ထိုင်နေသူအားလုံး ဘာကြောင့်ဆင်းမတွန်းကြသလဲ။

တာဝန်သိစိတ် မရှိလို့တော့ မဟုတ်နိုင်ပါဘူးနော်။

ချောင်ခိုချင်စိတ်ကြောင့်တော့လည်း မဟုတ်နိုင်ပါဘူးထင်ရဲ့။

ကိုယ်မလုပ်လျှင်လည်း လုပ်မည့်သူရှိနေကြောင်းကို သိနေလို့ပဲဖြစ်မည်။

ထိုသို့ တွေးယူလိုက်သောအခါ ကျွန်မနေရထိုင်ရတာ နည်းနည်းသက်သာ

သွားသလိုရှိ၏။ တော်ပါသေးရဲ့။ ငါ့နှယ်စောစောတုန်းကသာ ဒီအတွေးမျိုး

တွေးလိုက်ပါတော့လား။ သည်လိုသာဆိုလျှင် ကျွန်မ မောင်နှင့် ရန်ဖြစ်ခံပြီး

ထိုင်ရာမှထရပ်မိမည် မဟုတ်ပေ။



ကျွန်မမျက်စိအကြည့်က ရှေ့အုပ်စုထံ ရောက်သွားပြန်၏။ သည်တစ်ခါတော့

ရှပ်အကျီင်္ အနီရောင် ၀တ်ထားသည့်

လူနှင့် ကျွန်မ အကြည့်ချင်းဆုံသွားသည်။ သူကျွန်မကို

တော်တော်ကြာကြာအောင် ကြည့်နေလေသည်။ ဘယ်လိုအကြည့်ပါလိမ့်။

ဘောလုံးပွဲမှာ တွေ့ခဲ့သည့်မိန်းမဟု မှတ်မိသည့် အကြည့်လား။

မိန်းမတွေလည်း ဘောလုံးပွဲလာကြည့်တာကိုး ဟူသည့် အသိအမှတ်ပြုသည့်

အကြည့်လား။ မဟုတ်ပါ။ သည့်ထက်ပိုပါသည်။ သရော်လှောင်ပြောင်သော

အကြည့်လား။ ကားကိုဆင်းတွန်းလိုက်တာ ကျုပ်တို့ဗျ။ ကျုပ်တို့ကြောင့်

ခင်ဗျား အိနြေ္ဒမပျက်တာဟု ဂုဏ်ဖော်လိုသည့် အကြည့်လား။ သို့မဟုတ်

အချောင်ခိုသမားများဟု မကျေမနပ် စွပ်စွဲလိုသည့် အကြည့်လား။



ထိုခဏ၌ ကျွန်မသည် ယခင်ကလိုပင် မျက်နှာပူနွေးလာပြန်ကာ မလုံမလဲ

ခံစားရပြန်သည်။ ကျွန်မ ကားပြတင်းဘက်သို့ မျက်နှာလွှဲပစ်လိုက်ရသည်။

အိုး ……..သူတို့တွေသာ ကားပေါ်မှာ ထိုင်စရာနေရာရခဲ့မယ်ဆိုရင်

သူတို့လည်း ကားကို ဆင်းတွန်းမှာ မဟုတ်ပါဘူး။ ငါတို့လိုပဲ

ထိုင်ကျန်နေခဲ့မှာပါပဲ။



စိတ်ကူးဖြင့် အနေအထားပြောင်းကာ မှန်းဆတွေးကြည့်ပြီး နောက်

ပင့်သက်တစ်ချက် ရှိုက်မိသွားသည်။ ဤအဖြေသည် အမှန်ဖြစ်ချင် ဖြစ်မည်

သို့မဟုတ် မှားချင်လည်းမှားနိုင်၏။

ဒါမျိုးက မှန်းဆကြည့်ရုံ နှင့် အဖြေသိကောင်းသည့် ပုစ္ဆာမျိုး မဟုတ်ချေ။



ဂျူး

သတ္တမမြောက် ငါး (၂)

သူမနှင့် သူမယောက်ျား လိုဏ်ဂူထဲက ကျောက်စားပွဲဆီသို့ သွားသောညသည် လ ကွယ်ည ဖြစ်ခဲ့သည်။ ဆင်းရဲနွမ်းပါးလှ၍ တစ်ကြောင်း၊ ယောက်ျားဖြစ်သူ အပျော်အပါး လိုက်စားမှု လျော့စေလို၍ တစ်ကြောင်း သူမသည် အားကိုးရာရှာသည့်အနေနှင့် ကျောက် စားပွဲနတ်ဆီသို့ နတ်တင်ရန် သွားခဲ့ခြင်း ဖြစ်သည်။ ကောက်ညှင်းနှင့်လုပ်သော မုန့်တချို့၊ သစ်သီးအချို့ကို ဇလုံထဲ ထည့်ယူသွားခဲ့၏။ လကွယ်ညဖြစ်၍ ဆီမီးခွက်ပါ ယူသွားသည်။
သူမ ယောက်ျားသည် အကူအညီအဖြစ် လိုက်ပါလာခြင်း မဟုတ်။ အဖော်အဖြစ် သာ လိုက်ပါလာခြင်း ဖြစ်သည်။ မုန့်တွေအသီးတွေကို ကျောက်စားပွဲပေါ် တင်တော့လည်း သူမပဲ တင်ခဲ့သည်။ နတ်ကို ပူဇော်ပသတော့လည်း သူမပဲ ရွတ်ဆိုပူဇော်ခဲ့သည်။ တဟဲဟဲ တဝေါဝေါမြည်သော ရေစီးသံသည် လိုဏ်ဂူထဲတွင် ဟိန်းနေကာ ချောက်ချားစရာ ကောင်း လွန်းသဖြင့် သူမလည်း ခပ်မြန်မြန် ဆုတောင်းကာ လှေကို ပြန်ထွက်ခဲ့သည်။ နောက်ဆုံး တောင်းဖြစ်လိုက်သော ဆုကတော့ “ကျွန်တော်မျိုးမ ... ဤဝဋ်ဆင်းရဲမှ လွတ်မြောက်လိုလှ ပါပြီ၊ လွတ်ကင်းအောင် မ,တော်မူပါ” ဟူ၏။

သူမ ထင်ထားသည်က နတ်တင်ပြီးလျှင် ထီပေါက်ချင်ပေါက်မည်၊ ရွှေငွေရတနာ များ ကောက်တွေ့ ဆယ်ယူရချင် ရမည်။ မုန့်ကြာစေ့တွေ အများကြီး ရောင်းရပြီး ဤရွာမှာ ပါမက တခြားရွာတွေ မြို့တွေကပင် သူမ၏ မုန့်များကို အော်ဒါမှာယူကြပြီး နေ့ချင်းညချင်း တိုးတက်ကြီးပွားသွားမည်။

သို့သော် မထင်သည့်အရာက ဖြစ်ခဲ့၏။

ကျောက်စားပွဲမှအပြန် လှေကို ပြန်အလှည့်တွင် တစ်ချိန်လုံး အရက်ကလေး ထွေ ထွေဖြင့် ငြိမ်နေသော သူမယောက်ျားက ဗြုန်းခနဲ လှေပေါ်မှ ရေထဲသို့ ခုန်ချပြီး ငုပ်သွား သည်။

“ဟာ ... ဟိုမှာ ပုလဲကြီးတစ်လုံးပါလား” ဟု ပြောသွားသတဲ့။ သူမသည် ရုတ်တ ရက်ဖြစ်ပျက်သွားခြင်းမို့ ယောက်ျားကို လှမ်းဆွဲဖို့ မမီလိုက်ပေ။ ကျောက်စားပွဲ၏ ညာဘက် ဘေးတွင် ရေစီးသန်သော နေရာတစ်ခုရှိ၏။ ရေတံခွန်သေးသေးလေး တစ်ခုလိုပင် ရေတွေ ထိုနေရာဆီသို့ စီးဆင်းသွားကြသည်။ ထိုနေရာမှ အသံတွေ မြည်ဟိန်းနေခြင်း ဖြစ်သည်။ သူမ ယောကျာ်းသည် ထိုနေရာဆီသို့ မျောပါသွားခဲ့သည်။ သူမကတော့ ညမှောင်မှောင် ဆီမီးခွက် အလင်းအောက်မှာ ဘာပုလဲမှလည်း မမြင်ရခဲ့။

သူမ ယောက်ျား ပြန်တက်လာမလားဟု ဂူအဝတွင် ဂူနံရံကို လက်ဖြင့် မြဲမြဲကိုင် လျက် စောင့်နေခဲ့ရာ နောက်ဆုံးတော့ သူမ ယောက်ျားအစား ငါးတစ်ကောင်သာ ဘွားခနဲ ပေါ်လာပြီး လှေဆီသို့ ကူးခတ်လာခဲ့သည်ကို မြင်ရတော့သည်။

ထိုငါးသည် အညိုရောင်အပြောက်များ ရှိသည်။ သူမ ယောက်ျားသည် အညိုရောင် အပြောက်များပါသော အင်္ကျီကို ဝတ်ထားခဲ့သည်။ ထိုငါး၏ ပါးစပ်တွင် ဟပြဲဒဏ်ရာ တစ်ခု ရှိသည်။ ငါးမျှားချိတ်စာ မိထားသလို ဒဏ်ရာ ဖြစ်သည်။ သူမ ယောက်ျား၏ ပါးစောင်တွင် လောလောလတ်လတ် ဖန်ခွက်ကွဲ ရှထားသော စုတ်ပြဲဒဏ်ရာတစ်ခု ရှိသည်။ သူမသည် လှေဘေးနားမှာ ရေလှိုင်းစီးနေသော ငါးအား အသာလေး ကောက်ယူပြီး ဇလုံထဲ ထည့် လိုက်ရုံပဲ။ ငါးသည် လိုလိုလားလားပင် သူမဇလုံထဲ ခုန်ဆင်းလိုက်သည်။

မုန့်ကြာစေ့သည် တစ်ယောက်တည်း၏ အတွေ့အကြုံဆိုလျှင် ဤအဖြစ်သည် တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်ဟု ယူဆရမည်။ ရေထဲသို့ ခုန်ဆင်းသွားသော လူ တစ်ယောက်သည် နာရီဝက် တစ်နာရီအတွင်း ငါးတစ်ကောင်အဖြစ်သို့ ဘဝပြောင်းသွား ရသည်ဆိုတာ ယုံတမ်းစကား သက်သက်ပဲ မဟုတ်လား။

သို့သော် ဒုတိယမြောက်ငါး၊ တတိယမြောက်ငါး စသည်ဖြင့် ငါးပေါင်း ခြောက် ကောင်တိတိ ရလာခဲ့ပြီဖြစ်သော အဖြစ်အပျက်တူ မုဆိုးမခြောက်ယောက် ကိစ္စကတော့ တိုက်ဆိုင်မှု မဟုတ်တော့ပေ။

ဒုတိယမြောက်ငါးသည် စက်ချုပ်ဆိုင်မိန်းမ၏ ယောက်ျားဖြစ်သည်ဟု အထူးပြော ဖွယ် မလိုပါ။ သူမ၏ ယောက်ျားသည် ရေထဲသို့ ခုန်မဆင်းမီက “လက်ခနဲ မြင်လိုက်ရတာ ငါတော့ ရွှေအိုးကြီးလို့ ထင်တာပဲ၊ မင်းစောင့်နေ၊ ငါငုပ်ကြည့်လိုက်ဦးမယ်” ဟု ပြောသွားသ တဲ့။ သူသည် အပြာရောင်အင်္ကျီကို ဝတ်ထားသတဲ့။ သူမ လှေအနီးသို့ ရောက်လာသော ငါးမှာ အပြာရောင်လက်နေသော အကြေးခွံများ ရှိသတဲ့။ ထိုငါးသည် သူမယောက်ျားလိုပင် မျက်လုံးကို ပေကလပ် ပေကလပ် လုပ်နေလိုက်သည်မှာ အလွန် သနားစရာကောင်းသတဲ့။

တတိယမြောက် ငါးသည် ရေသည်မိန်းမ၏ ယောက်ျား ဖြစ်သည်။ ထိုသူကတော့ လှေပေါ်မှ ခုန်မဆင်းမီမှာ ရေအောက်ထဲ တစ်နေရာမှာ ပြိုးပြိုးပြက်ပြက် ရတနာအပုံကြီး တစ်ခု တွေ့လိုက်ရသည်ဟု ပြောသွားသတဲ့။ ငါတို့လှေနဲ့တောင် ဆံ့ပါ့မလားမသိဘူးဟု ပြောလိုက်သေးသတဲ့။ သူသည် အနီရောင်အင်္ကျီကို ဝတ်ထားခဲ့သတဲ့။ လှေအနီးသို့ ဘွားခ နဲရောက်လာသော ငါးမှာ အနီရောင် လဲ့လဲ့ဖြာသော အကြေးခွံများ ရှိသတဲ့။ ထိုငါးသည် သူမ၏ ယောက်ျားလိုပင် မျက်လုံးတစ်ဖက်မှာ အမည်းရောင်ကွက်ကြီး တစ်ကွက် ရှိနေသ တဲ့။

ဤနှစ်လအတွင်း ဤရွာတွင် မုဆိုးမ ခြောက်ယောက်နှင့် ငါးခြောက်ကောင် အ ကြောင်းသည် တိုးတိုးတိတ်တိတ် ပြောကြသော သတင်းစကား ဖြစ်ခဲ့သည်။ အမှန်လား ယုံ တမ်းစကားလား သဲသဲကွဲကွဲ သိလိုသူများသည် မုဆိုးမများ၏ အိမ်တွေသို့ မသိမသာ သွား လည်၍ သတင်းမေးရင်း ငါးကြည့်ကြသည်။ ဤရက်ပိုင်းများတွင် ရွာ၌ ငါးကြည့်ခြင်းသည် မိန်းမတွေအတွက် ထုံးစံကြီးတစ်ခုပင် ဖြစ်နေ၏။ မြင်ရသောငါးနှင့် မုဆိုးမ၏ ကွယ်လွန်သူ ယောက်ျား ဘယ်နေရာတွေတွင် တူညီသည်ဟု အားတက်သရော ပြန်ပြောရသည်ကိုက အရသာတစ်ခု ဖြစ်သည်။ တူညီသည့်အချက်တစ်ခုမှာ ကွယ်လွန်သွားသူ (ကွယ်လွန်သည် ဟု ထင်ရသူ) ယောက်ျားအားလုံးသည် သူတို့မိန်းမတွေအပေါ် တစ်မျိုးမဟုတ် တစ်မျိုး ဆိုး ကြသူများချည်း ဖြစ်နေသည်။ ရွာက ထိုမိန်းမများအား “လင်ဆိုးမယားများ” ဟု သတ်မှတ် ထားကြသည်။

ထိုကိစ္စဖြစ်ပြီးနောက် လင်ဆိုးမယားတွေ တော်တော် အားတက်သွားကြသည်။ ထို အုပ်စုထဲတွင် ကျွန်မလည်း ပါဝင်ပါသည်။ တချို့များ ကိုယ့်ယောက်ျား ငါးဖြစ်သွားလျှင်ထား ဖို့ အုတ်ကန်တွေ ဘာတွေတောင် ကြိုတင်ပြီး ဆောက်နေကြပြီဟု ကြားရသည်။ တချို့က တော့ အချိန်ကို စောင့်ရင်း ကိုယ့်ကိုယ်ကို သေချာအောင် စစ်မေးနေခြင်း ဖြစ်ရမည်။ “ငါ့ ယောက်ျားကို ငါးတစ်ကောင် အဖြစ် ဘဝပြောင်းဖို့ ငါ တကယ်ဆန္ဒရှိရဲ့လား” ဟူသော မေး ခွန်း ဖြစ်သည်။

ထိုမေးခွန်းကို ကျွန်မ ထပ်ကာတလဲလဲ ကိုယ့်ကိုယ်ကို မေးမိသမျှ အဖြေက တစ်ခု တည်းသာ ရ၏။

သူသာ တကယ်ငါးဖြစ်သွားခဲ့လျှင် ကျွန်မ သူ့ကို မှန်လှောင်ကန် လှလှလေးနှင့် ထားမည်။ သူအဖော်ရဖို့ ငါးမကလေးတွေ ထားပေးလိုက်ဦးမည်။



*



လိုဏ်ခေါင်းအဝင်ဝသို့ ရောက်သောအခါ နေလုံးသည် ပင်လယ်ထဲသို့ စုန်းစုန်းမြုပ် သွားပြီ။ ပတ်ဝန်းကျင်ရှိ အလင်းရောင် ပျပျကလေးဖြင့် ရေလှိုင်းများ တစ်ချက်တစ်ချက် လက်နေသည်။

မကောင်းဆိုးဝါးတစ်ကောင်၏ အသံလိုပဲ တဟဲဟဲ ခြိမ်းခြောက်နေသော ရေသံ သည် လိုဏ်သံဖြင့် ဟိန်းလျက်ရှိရာ ကျွန်မ ယောက်ျားသည် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

ဤအသံကြီးသည် တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်နေသလို ရှိသည်။ ဒါကို သူခံစား မိသွားလေသလား။ ကျွန်မသည် လှေဦးကို ယခုချိန်မှာ ပြန်လှည့်ချင်လျှင် ရသေးသည်။ ပြန်လှည့်၊ အိမ်ဆီကိုပဲ ပြန်။ အိမ်မှာ သမီးနှင့် သားက သူတို့ မိဘနှစ်ပါးကို စောင့်နေကြ ရော့မည်။

လှော်တက်ကိုင်ထားသော ကျွန်မ၏ လက်တွေ လှုပ်ရှားမှု နှေးကွေးသွား၏။ ဖြစ် သင့်ရဲ့လား။ သည်အတိုင်း ဖြစ်သင့်ရဲ့လား။

မျက်စိမှိတ်ပြီး ဇွတ်တိုးလုပ်လိုက်လို့ ပြင်မရသည့် အမှားတစ်ခုခု ဖြစ်သွားပြီ ထား။ တစ်ချိန်ချိန်မှာ နောင်တ ရမလာနိုင်ဘူးဟု သေချာရဲ့လား။ ထိုနောင်တဖြင့် ကျွန်မဘဝမှာ ဆက်လက် အသက်ရှင်ရတာ ဘယ်လောက်ခက်ခဲလိုက်မလဲ။

ကောင်းပြီ။ ကျွန်မ ပြန်လှည့်တော့မည်။ သူ လူအဖြစ် ဆက်လက် ရှင်ခွင့်ရပါစေ တော့။ သူ့ကံကြမ္မာကို သူ့ဘာသာ စီရင်ပါစေတော့။ ကျွန်မက တခြားလူတစ်ယောက်၏ ကံ ကြာမ္မာကို အဆုံးအဖြတ် ပေးရလောက်အောင် ကျွန်မက ဘာမို့လဲ။ ကျွန်မသည် ပြန်လှည့် ရန် လှော်တက်ကို အနေအထား ပြောင်းကိုင်လိုက်၏။

မဟုတ်ဘူး။ သူ့ကံကြမ္မာကို ကျွန်မက ဆုံးဖြတ်ပေးမှာ မဟုတ်။ သူ့ဟာသူ ဆုံးဖြတ် မှာ။ သူ ရေထဲသို့ ခုန်ဆင်းဖို့ ကျွန်မက တွန်းချမှာ မဟုတ်။ တိုက်တွန်းစကားပင် ပြောမှာ မ ဟုတ်။ သူ့ဟာသူ ခုန်ချသွားလိမ့်မည်။ သူ့ဟာသူ ခုန်ချသည့် ကိစ္စမှာ ကျွန်မ အပြစ် ပါမှာ မ ဟုတ်။ ကျွန်မ ဘာနောင်တ ရစရာ လိုမည်နည်း။

“ဝင်လေကွာ ... ဘာလုပ်နေတာလဲ၊ မှောင်လှပြီ”

မိုးထစ်ချုန်းသလို သူ့စကားသံကြောင့် ကျွန်မ အသည်းထဲမှာ စိမ့်ခနဲ အေးသွား သည်။

“သွားရမလား ... မသွားရဘူးလားဆိုတာ ...”

ကျွန်မအသံတွေ ခြောက်ကပ်ပြတ်တောက်စွာ ထွက်သွား၏။

“ဟ ... သွားလေ၊ ဒီခရီးထိအောင် လာခဲ့ပြီးမှ မင်းရူးနေလား”

အဲဒါ သူ့ဆုံးဖြတ်ချက်ပဲ။ ကျွန်မ ဤစကားကို ကြားချင်နေခဲ့ပုံ ရပါသည်။ သူ့စကား အဆုံးတွင် ကျွန်မသည် လိုဏ်ဂူပေါက်ထဲသို့ လှေဦးကို တည်လိုက်ကာ ခပ်သွက်သွက် လှော်ခတ်သွား လိုက်မိတော့သည်။

လိုဏ်ဂူသည် မှောင်မည်းရုံသာမက လှောင်ပိတ်မွန်းကျပ်နေသေး၏။ အဆင်သင့်ပါ လာသော ဆီမီးခွက်ကို မီးထွန်းလိုက်ရသည်။ ဆီမီးခွက် ငြိမ်းမသွားပုံထောက်တော့ ကျွန်မ တို့ အသက်ရှုကျပ်လောက်အောင် လေ မညစ်သေးဘူးပေါ့။ ရေကျသံသည် လိုဏ်ထဲမှာ တဝုန်းဝုန်း မြည်ဟိန်းနေသည်ဖြစ်ရာ အခုနေ တစ်ယောက်က စကားပြောလိုက်လျှင် တောင် တစ်ယောက်က သဲသဲကွဲကွဲ ကြားလိုက်ရမှာ မဟုတ်။

ကျောက်စားပွဲသည် ခပ်ဝေးဝေး ကျောဘက်နံရံနားတွင် ရှိနေ၏။ ကျွန်မ ငယ်ငယ် တုန်းက ကျောက်စားပွဲက ရေထက်မှာ တစ်ထွာသာသာ ပေါ်နေ၏။ ယခုကျောက်စားပွဲမှာ ရေပြင်နှင့် မထိတထိ ဖြစ်နေသည်။ ပင်လယ်ရေပြင်က မြင့်လာတာလား၊ ကျောက်ဆောင် မျက်နှာပြင်က နိမ့်ကျသွားတာလား။ ထိုနေရာဆီသို့ သွားဖို့ မခက်ခဲလှပါ။ ရေစီးကြောင်း သည် လှေကို ထိုနေရာဆီသို့ ရောက်အောင် အလိုအလျောက် ဆွဲခေါ်ယူနေသလို ခံစားရ သည်။ ကျွန်မ တစ်ကိုယ်လုံး အေးစက်စွာ တောင့်တင်းလာ၏။ ကျွန်မ ကြောက်နေတာများ လား။

ကျောက်စားပွဲပေါ်မှာ ကျွန်မ မျှော်လင့်ထားသလို ဘာအစားအစာ ဘာသစ်သီးမှ မ ရှိပါ။ ကျွန်မ အရင်က နောက်ဆုံးမိန်းမ တင်ခဲ့သည်ဆိုသော မုန့်တွေ အသီးတွေ ဘယ် ရောက်သွားသလဲ။ တစ်ယောက်ယောက် စားလိုက်သလား။ စားလိုက်သူမှာ ဘယ်သူလဲ။ ကျွန်မသည် ကြက်သီးထသွားသည်ကို ခံစားလိုက်ရ၏။ ကျောက်ဆောင် လိုဏ်ဂူက စိမ့် အေးနေလို့ ချမ်းလို့ ကြက်သီးထတာ ဖြစ်မှာပါ။ နောက်ပြီး အဝင်ဝက နံရံကို ရေလှိုင်း ပုတ် ခတ်မှုများကြောင့် ရေပန်းများ ဖွာခနဲ ဖွာခနဲ လွင့်နေလိုက်သည်မှာ ကျွန်မ၏ ကိုယ်ခန္ဓာကို စိမ့်အေးစိုစွတ်စေခဲ့သည်အထိ မဟုတ်လား။

ကျွန်မသည် ဆီမီးခွက်ကို ကျောက်စားပွဲပေါ် တင်လိုက်၏။ ထို့နောက် မုန့်နှင့် အ သီးများကို တစ်ခုချင်း ခပ်သွက်သွက် တင်လိုက်၏။ ထို့နောက် ပူဇော်ပသမှုကို အလောတ ကြီး ပြုလုပ်မိသည်။

ကျွန်တော်မျိုးမ သန့်ရှင်းသောအလုပ်မှ သန့်ရှင်းစွာ ရထားသော ငွေကြေးဖြင့် ယခု လို မုန့်များ အသီးများ စီမံထားခြင်း ဖြစ်ပါတယ်။ ဤစားသောက်ဖွယ်များကို အရှင်မအား ဆက်ကပ် ပူဇော်ပသပါတယ်။ ဤကဲ့သို့ ပူဇော်ပသရသော ကောင်းမှုကြောင့် ကျွန်တော်မျိုး မ၏ ဒုက္ခ ဆင်းရဲခြင်းများ ယနေ့မှစ၍ ပျောက်ကွယ် လွတ်မြောက်ရပါလို၏။

ထိုအချိန်တွင် လိုဏ်ဂူဝဆီမှ ဝုန်းခနဲ တိုက်ခတ်လာသော လေကြောင့် ဆီးမီးငြိမ်း သွားတော့သည်။ ဘုရား ... ဘုရား။ ကျွန်မ ပူဇော်နေသည်က နတ်၊ ကျွန်မ တ,မိသည်က ဗုဒ္ဓမြတ်စွာဘုရား။ ကျွန်မ မှားသွားပြီဟု ခံစားရသည်။

“သွားစို့တော်”

ကျွန်မသည် လှေဦးကို လိုဏ်ဂူပေါက်ဆီသို့ အလောတကြီး ပြန်လှည့်လိုက်သည်။ မှိန်ပျပျ အလင်းရောင်လေးကြောင့်သာ အဲဒါ လိုဏ်ဂူဝပဲဟု မှန်းဆရသည်။ တကယ်တော့ အပြင်မှာလည်း အလင်းရောင် တော်တော် ပျောက်ခဲ့ပြီ။

ထိုအချိန်မှာ ဝုန်းခနဲအသံကြီး နှင့်အတူ ကျွန်မတို့ လှေသည် ယိမ်းခါ မြောက်တက် သွား၏။ ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် ကျွန်မ၏ ကိုယ်ခန္ဓာသည် ရေထဲသို့ ပြုတ်ကျသွား သည်။ ရေထဲကျသွားပြီ ဆိုတာကိုလည်း ရေနှင့်ထိမှ ကျွန်မ သိလိုက်ရပါသည်။ ကျွန်မ ဦးနှောက်တွေ ဆူပွက်သွား၏။ ပထမဆုံး သိလိုက်သည့် အသိအာရုံမှာ “သွားပြီ ... ငါသေ ပြီ” ဟု ဖြစ်သည်။ ဤအသိဖြင့် တစ်ကိုယ်လုံး တုန်လှုပ်ကာ ဝူးဝူးဝါးဝါး ရုန်းကန်မိသွား သည်။ သို့သော် ချက်ချင်းပင် ကျွန်မ အသိတရားရလာသည်။ မသေရဘူး၊ ကျွန်မ ရေကူး တတ်သည်။

ကျွန်မသည် ရေပေါ်သို့ စနစ်တကျ ပြန်တက်ဖို့ ကိုယ်ကို ဖော့လာအောင် တစ်ကိုယ် လုံး ဖျော့ချပြီး အသက်ရှူ အောင့်ထား လိုက်သည်။ သို့သော် ကျွန်မ၏ ကိုယ်ခန္ဓာသည် ရေ ပြင်ဆီသို့ ကြွတက် မသွားဘဲ အောက်တစ်နေရာရာဆီသို့ ဆွဲယူခြင်း ခံနေရသည်။ ကျွန်မ အားကုန်ရုန်း၍ ခြေထောက်များ လက်များကို ခတ်ထုတ်ကြည့်သည်။ မရပါ။ ကျွန်မသည် ရေဝဲကဲ့သို့သော အားပြင်းလှသည့် စီးကြောင်းထဲမှာ စုပ်ယူခြင်း ခံနေရသည်။ ကျွန်မ ဘယ် ကို ရောက်သွားမှာလဲ၊ ကျောက်ဆောင်၏ အခြေဆီသို့လား၊ သို့မဟုတ် ပင်လယ်ကြမ်းပြင် ဆီသို့လား။ အဲ့သည်နေရာမှာ ဘာရှိမလဲ။

ကျွန်မသည် ရေဝဲထဲတွင် လျင်မြန်စွာ ပတ်ချာလှည့်နေရပြီး အောက်ထဲသို့ တစ် ဆင့်ပြီး တစ်ဆင့် နိမ့်ဆင်းလျက်ရှိသည်။

မုဆိုးမ ခြောက်ယောက်၊ ငါး ခြောက်ကောင်၊ ကျောက်စားပွဲနတ် ... အဲသည်အရာ တွေသည် တကယ်လား၊ ထင်ယောင်ထင်မှား အရာတွေလား။ ထိုယောက်ျားတွေ ရေထဲခုန် ချဖြစ်အောင် သူတို့ကို ဘယ်အရာက ဆွဲဆောင်ခဲ့သလဲ။ သူတို့ ရေထဲခုန်ချပြီးနောက် သူ တို့ ဘယ်ဆီရောက်သွားသလဲ။ အခု ကျွန်မ ရောက်မည့်နေရာသည် သူတို့ ရောက်ခဲ့သော နေရာ ဖြစ်မှာလား။ ထိုနေရာမှ သူတို့ အားလုံးကို ကျွန်မ ပြန်တွေ့ရမှာလား။ သို့မဟုတ် သူ တို့သည် ထိုနေရာတွင်ပင် လူအဖြစ်မှ ငါးအဖြစ်သို့ တကယ်ပြောင်းသွားခဲ့သလား။ ငါးဖြစ် ပြီးလျှင် ရေပြင်ထက်သို့ ပြန်တက်သွားနိုင်မှာလား။ လူအဖြစ်မှ ငါးအဖြစ်သို့ ပြောင်းလဲ အောင် မည်သည့် တန်ခိုးရှင်၊ မည်သည့် စက်ကိရိယာကြီးက ပြုလုပ်ဖန်တီးပေးလိုက် ပါသလဲ။

ကျွန်မရော ငါးတစ်ကောင် ဖြစ်သွားမှာလား။

ထိုမေးခွန်းတို့သည် ၀ဲကြီးထဲသို့ စုပ်ယူခံနေရစဉ် ကျွန်မအာရုံထဲသို့ ဖျတ်ခနဲ ဖျတ်ခ နဲ ပေါ်လာသော မေးခွန်းများ ဖြစ်သည်။ ထိုမေးခွန်းတို့၏ အဖြေကို ကျွန်မ ယခုပဲ သိခွင့်ရ တော့မည်။

တစ်ခုပဲရှိသည်။ ကျွန်မ ငါးဖြစ်သွားခဲ့မည်ဆိုလျှင် ကျွန်မ ယောက်ျားသည် ကျွန်မ အား ကျွန်မဟု မှတ်မိပါ့မလား။ ကောက်ယူပြီး ရေဇလုံထဲထည့်ဖို့ သတိရပါ့မလား။ ကျွန်မ ၏ အကြေးခွံတွေက ဘာရောင် ဖြစ်လာမလဲ။ ကၽြန္မ ယခု ဘာအက်ႌဝတ္ထားမိသလဲ။ ကျွန်မ ဦးနှောက်တွေ ဆူပွက်နေသဖြင့် ကျွန်မ ဘာမှ မတွေးနိုင်တော့ပါ။

အရေးကြီးဆုံးအချက်မှာ ကျွန်မ၏လှေ အထက်ရေပြင်ဆီမှာ ရှိသေးရဲ့လား။ ကျွန်မ မော့ကြည့်ဖို့ ကြိုးစားသည်။ မရပါ။ ကျွန်မ ကိုယ်ခန္ဓာသည် ကျွန်မနှင့် လုံးဝကင်းကွာလျက် ရှိသည်။ ထို့ပြင် မော့ကြည့်လျှင်လည်း ဘာမှမြင်ရမည် မဟုတ်ပါ။

ကျွန်မ စိတ်ထဲကတော့ သိနေသလိုလိုပဲ။ သူ ... ကျွန်မ ယောက်ျား ရေပြင်ထက်မှာ ကျွန်မကို စောင့်နေမှာ မဟုတ်။ လိုဏ်ဂူပေါက်သို့ အမြန်ဆုံး လှော်ပြေးမှာပါပဲ။ ကျွန်မ ငါး အဖြစ် ရေပေါ်ပြန်တက်ခဲ့ဖြစ်လျှင်တောင် ကျွန်မ ဘာမှတတ်နိုင်မှာ မဟုတ်။ မိန်းမတွေက ငါးဖြစ်သွားသော သူတို့ယောက်ျားတွေကို မျှော်လင့်တကြီး စောင့်၍ အိမ်ပြန်သယ်သွားကြ ပေမယ့် ယောက်ျားတွေက ငါးဖြစ်သွားသော သူတို့မိန်းမတွေကို စောင့်ပြီး အိမ်ပြန်ခေါ်ပါ့မ လား။ ဒါကို ကျွန်မ မကြာခင် သိခွင့်ရမှာပါပဲ။

ရေဝဲကတော့ထဲသို့ လျင်မြန်စွာ စိုက်ဆင်းကျနေသော ကျွန်မ ကိုယ်ခန္ဓာသည် မ တန်တဆ လေးပင်သော ဖိအားတို့ဖြင့် ပိ၍ ပိ၍ လာသည်။ ကျွန်မ၏ အဆုတ်တွေ ပေါက် ကွဲ ထွက်တော့မည်။ ကျွန်မသိသည်။ ကျွန်မ ဘယ်အချိန်မှာများ ငါးဖြစ်လာပါ့မလဲ။ သို့မ ဟုတ် မုဆိုးမခြောက်ယောက်က သပ်သပ်၊ ငါးခြောက်ကောင်က ဘာမှ မပတ်သက်ဘဲ သပ်သပ် ဖြစ်နေခဲ့သလား။ ဒါဖြင့် ...

ကျွန်မ၏ အသိစိတ်တွေ လွတ်ထွက်မသွားမီ ကျွန်မ နောက်ဆုံးတွေးလိုက်မိသည် မှာ ကျွန်မ သမီးနှင့်သားကို ဘယ်သူက ရှာကျွေးမှာလဲ။ ကျွန်မယောက်ျားကိုရော ဘယ်သူ က ပြုစုစောင့်ရှောက်ပါ့မလဲ။



ဂျူး



*****************************************



Admin မှတ်ချက်



ယခုဝတ္ထုတိုသည် ဂျူးစာပေ မှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ တွင် ထုတ်ဝေခဲ့သော ခုနှစ်စဉ်ကြယ် ၀တ္ထုတိုစု စာအုပ်မှ ဖြစ်သည်။ ထိုစာအုပ်တွင် ဆရာဝန်စာရေးဆရာ ၇ ယောက်၏ ဝတ္ထုတို ၇ ပုဒ် ပါဝင်သည်။ စုထား၊ ကြည်ဇော်ဝင်း၊ ကျော်စွာထက်၊ လူမျိုးနော်၊ အောင်ထိပ်၊ ဂျိုဇော်၊ ဂျူး တို့၏ ၀တ္ထုတိုများ တစ်ယောက်ကို တစ်ပုဒ်စီ ပါဝင်ခဲ့သည်။

(One of Admins)

Featured Post

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပ...