ကျောင်းသားဘဝ
လွတ်လပ်ပျော်ရွင် ဖြူစင်စွာရယ်မော
ဆွေးနွေးငြင်းခုန် စာပြိုင်တွက်ချက်
တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံး
မကြာခင် ငါတို့ တတွေ
BE ဘွဲ့ ကိုယ်စီပိုက်လို့ 
မြင့်မားတဲ့အောင်မြင်မှုလမ်း တစ်လှမ်းချင်းတက်ဖို့ 
အချင်းချင်းလက်ပြ နှုတ်ဆက်ကြရတော့မယ်
အပြင်မှာမမြင်သာပေမယ့်
ခိုင်မာတဲ့ သံယောဇဉ်
ရင်တွင်းမှာ ကိုယ်စီကိုယ်ငှနဲ့ ပေါ့....
နည်းပညာတက္ကသိုလ်ကြီးမှာတော့
ရသစုံတဲ့ ပုံပြင်တွေ
ငါးနှစ်သား သံယောဇဉ် အငွေ့ အသက်တွေ
ငါတို့ ရေးခဲ့တဲ့ သမိုင်းတွေ
လွမ်းခြုံလို့  ကျန်ရစ်နေရော့မယ်...
အဲ့ဒီမှာ အင်းလျားကန် မရှိပေမယ့်
အလွမ်းဟောင်းတွေနဲ့  နန့် ကွေ့ ချောင်းရှိတယ်...
အဲ့ဒီမှာ စိမ်းလန်းတဲ့ကံ့ကော်တန်း မရှိပေမယ့်
ညီညာဖြောင့်တန်းတဲ့ မြေနီလမ်းရှိတယ်...
အဲ့ဒီမှာ မြကျွန်းသာ မရှိပေမယ့်
မိုးဖွဲဖွဲအောက်က လွမ်းစရာ တောင်တန်းတွေရှိတယ်...
အဲ့ဒီမှာ ပြီးပြည့်စုံတဲ့ ဥစ္စာဓနတွေ မရှိပေမယ့်
ကြီးမြတ်တဲ့ အတွေးအခေါ်တွေ ရှိတယ်...
အဲ့ဒီမှာ ကမ္ဘာကျော်တွေမရှိပေမယ့်
အနာဂတ်ကို ထွန်းညှိပေးမယ့် မီးအိမ်ရှင်တွေရှိတယ်...
အမြဲမဟုတ်ပေမယ့် တမ်းတမိတဲ့အခါ
မင်းတို့ တတွေ တက္ကသိုလ်ကြီးကို သတိရနေမလား
ငါကတော့ ဘယ်ကိုရောက်ရောက် ဘယ်လောက်ဝေးဝေး
နည်းပညာတက္ကသိုလ်ကြီးကို သတိရနေမယ်..
R-307 ကိုလည်းသတိရနေမယ်...
သူငယ်ချင်းမလေးရဲ့ 
ပါးပြင်ပေါ်က သနပ်ခါးဝိုင်းကြီးကိုလည်း သတိရနေမယ်
လှေကားထစ်ပေါင်း (၅၆) ထစ်ရဲ့ အထက်က
ဖြတ်လျှောက်နေကြ ခြေသံတွေကိုလည်း သတိရနေမယ်
ကဲင်တင်းဆီက တစ်ခါတရံ ပျံလွှင့်လာတတ်တဲ့
ကျောင်းသားတချို့ ရဲ့  ဂစ်တာသံတွေကိုလည်း
သတိရနေမယ်..
ဖယ်ရီစီးတိုင်း ဘယ်တော့မှ မရိုးနိုင်တဲ့
ကားခေါင်မိုးနဲ့  နှစ်ပါးသွားကခဲ့ရတာတွေကိုလည်း
သတိရနေမယ်...
..........................
..........................
.........................
........................
တကယ်ပါ
ကျောင်းသားဘ၀ကို
ငါ......သတိရနေမယ်.... ။
@လူငယ် (မိုးညှင်း)
No comments:
Post a Comment