Tuesday, September 24, 2013

Wi-Fi ဆိုတာ ဘာလဲ

ကြိုးမဲ့ ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်ပြီး ရေဒီယိုလှိုင်းကို အသုံးပြုတဲ့ ကွန်ရက်စနစ်တစ်ခုလို့လည်း ဆိုနိုင်တယ်။ ခုခေတ် သုံးနေကြတဲ့ ဆဲလ်ဖုန်း၊ တယ်လီဗေးရှင်းနဲ့ ရေဒီယိုတွေဟာ ရေဒီယိုလှိုင်း (radio wave) နဲ့ အသုံးပြုနေတယ်လို့ ဆိုနိုင်တယ်။ ဆက်သွယ်ရေးစနစ်မှာ ကြိုးမဲ့ ဝါယာလက်စနစ်ကို အသုံးပြုခြင်းကြောင့် ရေဒီယိုဆက်သွယ်ရေးမှာ နှစ်လိုင်း (two-way) စနစ်နဲ့ ဆက်သွယ်လာနိုင်တယ်။ ဘာကြောင့် အဲဒီလို ဆက်သွယ်လာနိုင်တာလဲဆိုတော့

၁။ ကွန်ပျူတာမှာ သုံးတဲ့ ကြိုးမဲ့ adapter က data တွေကို radio signal တွေအဖြစ် ပြောင်းပြီးတော့ အင်တီနာ (antenna) ကတစ်ဆင့် ပို့ဆောင်ပေးနိုင်တယ်။
၂။ ကြိုးမဲ့ router က ပေးပို့လိုက်တဲ့ signal တွေကို ဖမ်းပြီးတော့ ကုတ်တွေကို ပြန်ဖော်ပေးတယ်။  Router က အချက်အလက်တွေကို အင်တာနက်ထဲ ကြိုးတပ်ထားတဲ့ Ethernet ဆက်သွယ်ရေးစက်က တစ်ဆင့် ပြန်ပို့ပေးတယ်။ အဲဒီဖြစ်စဉ်ကို ကြည့်ရင် router က အင်တာနက်ထဲက အချက်အလက်တွေကို လက်ခံတယ်။ ရေဒီယို signal တွေအဖြစ် ပြောင်းတယ်။ ကွန်ပျူတာ ကြိုးမဲ့ adapter ဆီကို ပြန်ပို့တယ်ဆိုတဲ့ သုံးရပ်ကို သွားတွေ့ရမှာ ဖြစ်တယ်။ ရေဒီယိုတွေ အသုံးပြုတဲ့ Wi-Fi ဆက်သွယ်ရေးဟာ walkie-talkies, cell phones နဲ့ အခြားပစ္စည်းတွေမှာ ဆက်သွယ် ပြောဆိုနိုင်ဖို့ ရေဒီယိုစနစ်နဲ့ အတူတူပါပဲ။ ရေဒီယိုလှိုင်းတွေကို ပို့လွှတ်နိုင်တယ်။ ပြန်ပြီး လက်ခံနိုင်တယ်။ ဒါကြောင့်လည်း two-way လို့ ပြောတာပါ။ ရေဒီယိုလှိုင်းတွေကို ပို့လွှတ်မှုနဲ့ လက်ခံမှုတွေမှာ လှိုင်းတွေကို 0 နဲ့ 1 တွေ အဖြစ် ပြောင်း၊ ပြီးတော့ 0 နဲ့ 1 တွေကို လှိုင်းတွေအဖြစ် ပြန်ပြောင်းပြီး ဆက်သွယ်မှုတွေ လုပ်ကြတယ်။ Wi-Fi ရေဒီယိုတွေဟာ အခြား သာမန်ရေဒီယိုတွေနဲ့ ကွာခြားမှုတော့ ရှိတယ်။ Wi-Fi ရေဒီယိုတွေက

- Frequency တွေကို 2.4GHz သို့မဟုတ် 5 GHz နဲ့ ပို့လွှတ်နိုင်စွမ်း ရှိတယ်။ အဲဒီ ဖရီကွင်စီဟာ ဆဲလ်ဖုန်း၊ ဝေါ်ကီတော်ကီနဲ့ တယ်လီဗေးရှင်းတွေမှာ သုံးတဲ့ ဖရီကွင်စီထက် ပိုမြင့်တယ်။ ဖရီကွင်စီမြင့်လေ signal တွေက data တွေကို ပိုပြီး များများ သယ်ဆောင်နိုင်လေ ဖြစ်တယ်။
-  802.11 ဆိုတဲ့ networking standard ကို Wi-Fi မှာ သတ်မှတ်သုံးစွဲခြင်းဟာ ကောင်းကျိုးများစွာ ရရှိစေခဲ့ပါတယ်။ 802.11a စံနှုန်းဟာ 5GHz အမြန်နှုန်းနဲ့ တစ်စက္ကန့်ကို  54 megabits အထိ သယ်ဆောင်ပေးနိုင်စွမ်း ရှိတယ်။ OFDM (orthogonal frequency-division multiplexing) ကို အသုံးပြုထားတဲ့အတွက် ပိုပြီး ထိရောက် စွမ်းဆောင်နိုင်တဲ့ coding  စနစ်ကို ဖော်ဆောင်နိုင်တယ်။ ရေဒီယို signal တစ်ခုထဲမှာ signal အခွဲပေါင်းများစွာကို ရေဒီယို  receiver ဆီ မရောက်မချင်း အမျိုးမျိုး ခွဲထုတ်သွားနိုင်စွမ်း ရှိတယ်။ အဲဒီလို signal အခွဲပေါင်းများစွာကို တစ်လိုင်းတည်းကနေ သယ်ဆောင်သွားရပေမယ့် တစ်ခုနဲ့တစ်ခု နှောင့်ယှက်မှုလည်း မရှိနိုင်ဘူး။

ဆိုလိုတာက အသံတွေ၊ ဒေတာတွေ ရောထွေးမှု မဖြစ်နိုင်ဘူး။ 802.11b ကတော့ အနှေးဆုံးဖြစ်ပြီး ဈေးလည်း အသက်သာဆုံး standard တစ်ခု ဖြစ်တယ်။ ဈေးသက်သာလို့ လူကြိုက်များတယ်လို့ ပြောပေမယ့် နောက်ပိုင်း သူ့ထက်မြန်တဲ့ စနစ်တွေကို သုံးမယ်ဆိုရင် ဈေးက သိပ်မကွာတာကြောင့် လူတွေက မြန်နှုန်းမြင့်တာကိုပဲ ပိုပြီးတော့ စိတ်ဝင်စားလာကြတယ်။ 802.11b  ဟာ ဒေတာတွေကို အမြန်နှုန်း 2.4GHz ဖရီကွင်စီလောက်နဲ့ပဲ ရေဒီယိုလှိုင်းတွေကို ပို့ဆောင်နိုင်တယ်။ တစ်စက္ကန့်ကို ဒေတာတွေ သယ်ဆောင်ရာမှာလည်း 11 megabits လောက်ပဲ သယ်ဆောင်နိုင်တယ်။ ကုတ်တွေကို ဖန်တီးရာမှာတော့ CCK (complementary code keying) စနစ်နဲ့ ပြောင်းလဲနိုင်ပြီး သူသယ်ဆောင်နိုင်စွမ်း ရှိတဲ့ လိုက်ဖက်တဲ့ speed လို့ ဆိုနိုင်တယ်။

802.11g  ကလည်း 802.11b လိုပဲ ဒေတာတွေကို ပို့ဆောင်တဲ့စနစ် ဖြစ်ပေမယ့် ပိုမြန်တယ်။ တစ်စက္ကန့်ကို 54 megabits အထိ ဒေတာတွေကို သယ်ပို့ပေးနိုင်တယ်။ 802.11g ဟာ ပိုမြန်ရတာက 802.11a မှာလိုပဲ OFDM ကုတ်စနစ်ကို အသုံးပြုထားတာကြောင့် ဖြစ်တယ်။ 802.11n ကတော့ နောက်ဆုံးပေါ် standard တစ်ခုဖြစ်ပြီး ကျယ်ပြန့်စွာ သုံးစွဲနေကြပြီ ဖြစ်တယ်။ နောက်ဆုံးပေါ်လည်းဖြစ် speed ကလည်း ပိုမြန်၊ သုံးနိုင်တဲ့ခွင် (range) ကလည်း ပိုကျယ်ပြန့်လာတာကြောင့် လူကြိုက် ပိုများတယ်။ ဥပမာ 802.11g ဟာ သီအိုရီအရ တစ်စက္ကန့်ကို  54 megabits ဒေတာတွေကို သယ်ဆောင်ပေးနိုင်တယ် ဆိုပေမယ့် တကယ်သုံးကြည့်တော့ 24 megabits လောက်ပဲ ရတာ တွေ့ရတယ်။ Networking အပိုင်းမှာ ပိတ်ဆို့ ကြပ်ညပ်နေတဲ့အတွက် ဖြစ်ပါတယ်။ 802.11n ဟာ ခုဆိုရင် တစ်စက္ကန့်ကို 140 megabits speed နဲ့ အမြန်ဆုံး သယ်ဆောင်နိုင်စွမ်း ရှိနေပြီ။

- အခြား 802.11 standard တွေလည်း ကြိုးမဲ့ကွန်ရက်အတွက် သုံးတာတွေ ရှိသေးတယ်။ ဥပမာ WAN (wide area networks) လိုမျိုးပေါ့။ ကားမောင်းနေရင်း သုံးနိုင်သလို  တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု ပြတ်တောက်မသွားနိုင်တဲ့ စနစ်မျိုး ဖြစ်တယ်။
- Wi-Fi ရေဒီယိုတွေက frequency band သုံးမျိုးနဲ့ လှိုင်းတွေကို ပို့လွှတ်နိုင်တယ်။ အခြား band တွေကို frequency hop နည်းနဲ့ အမြန်ဆုံး ဆက်သွယ်နိုင်တယ်။ ဖရီကွင်စီတွေ hop ဖြစ်နေရင် တစ်ခုနဲ့တစ်ခု အနှောင့်အယှက်ကင်းသလို ပစ္စည်းမျိုးစုံနဲ့လည်း ဆက်သွယ်မှုစနစ် တစ်ခုတည်းမှာ တွဲသုံးနိုင်တယ်။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရာမှာ wireless adapter တွေကို အသုံးပြုကြတဲ့အတွက် router တစ်ခုမှာ အင်တာနက် ချိတ်လိုက်တာနဲ့ အခြားပစ္စည်းစုံမှာလည်း အင်တာနက် သုံးနိုင်လာတယ်။ ဒီလို ဆက်သွယ်ရေးစနစ်ဟာ ပိုပြီးတော့ အဆင်ပြေစေတယ်။ကြိုးတွေလည်း မမြင်ရ၊ စရိတ်လည်း သက်သာစေတယ်။

ဒါပေမယ့် router က အလုပ်မလုပ်ရင် သို့မဟုတ် high-bandwidth application တွေကို လူတွေ တစ်ပြိုင်တည်း တစ်ချိန်တည်း ဝိုင်းသုံးနေမယ် ဆိုရင်တော့ ပြတ်တောက်တာမျိုးတွေ ဖြစ်သွားနိုင်တယ်။ Wi-Fi Hotspots အများပြည်သူသုံး အခမဲ့ အင်တာနက် သို့မဟုတ် Wi-Fi Hotspot တွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ပန်းခြံ၊ လေဆိပ်၊ စာကြည့်တိုက်စတဲ့ နေရာတွေမှာ စီစဉ်ပေးထားတယ်။ အဲဒီ hotspot နဲ့ အင်တာနက်သုံးနိုင်ဖို့အတွက် ကိုယ့်ကွန်ပျူတာ သို့မဟုတ် laptop ဟာ အဆင့်မြင့်ဖို့ လိုတယ်။ နောက်ပိုင်းပေါ်တဲ့ desktop နဲ့ laptop တွေမှာ wireless transmitter တွေကို ထည့်ပေးလိုက်တဲ့အတွက် အဲဒီ hotspot နေရာတွေမှာ သုံးလာနိုင်တယ်။ တကယ်လို့ ကိုယ့်ကွန်ပျူတာမှာ အဲဒီလို wireless adapter ပါမလာဘူးဆိုရင် ကတ်တစ်ကတ် သို့မဟုတ် USB နဲ့ ချိတ်သုံးရတဲ့ adapter တစ်လုံး ဝယ်ရမယ်။

နောက်ပိုင်းထွက်တဲ့ adapter တွေကလည်း 802.11 standard တွေ ဖြစ်တာကြောင့် သုံးလို့ ရနိုင်တယ်။ ကွန်ပျူတာပေါ်မှာ အဲဒီ ကြိုးမဲ့ adapter ကို တပ်ဆင်ပြီး driver ကိုပါ တင်ထားလိုက်ရင် တစ်ကြိမ်တည်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရနိုင်တဲ့  network တွေကို သိနိုင်တယ်။ ဆိုလိုတာက Wi-Fi hotspot ရတဲ့ နေရာတွေမှာ ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ network နဲ့ ချိတ်ပြီးသား ဖြစ်လိမ့်မယ်။ ကွန်ပျူတာ အဟောင်းတွေမှာတော့ အဲဒီလိုရဖို့ သိပ်မသေချာဘူး။ အများပြည်သူသုံး hotspot နေရာတွေမှာ အင်တာနက် သုံးချင်သူတွေက ချိတ်ဆက်တဲ့ နည်းစနစ်လေးတွေကိုတော့ သိဖို့ လိုတယ်။ ကြိုးမပါဘဲ ကိုယ့်ပတ်ဝန်းကျင်က network တွေ၊ ကွန်ပျူတာတွေကို သိနိုင်တာကြောင့် သတိတော့ထားရတယ်။ အချိန်မရွေး ကိုယ့်ကွန်ပျူတာကို ကိုယ့်ပတ်ဝန်းကျင်က ဝင်ရောက် ထိုးဖောက်နိုင်တယ်။

From - YTPCC

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...