Saturday, January 4, 2014

မနက်ခင်းတွေမှာ ကိုယ့်ကိုကိုယ်မုန်းတဲ့သူ

ကျွန်မ ဘာလုပ်ရတော့မှာလဲ။

အဲဒီအချိန်ကစပြီး ကြယ်တွေကလည်း ညတိုင်းကို ကြွေနေတော့တာ။

ကြယ်ကြွေတာကို မမြင်ချင်လို့ ကောင်းကင်ကို မကြည့်ပါဘူးဆိုမှ ကြည့်မိတဲ့ မြေပြင်မှာလည်း ဒဏ်ရာတွေချည်းပါလား။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

သူပြောပြမှ သိမယ့်အကြောင်းအရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရက်လုပ်လာခဲ့တာ

အခုမှပဲ မြစ်တစ်စင်းနီးပါး ရှည်လျားနေတာ တွေ့ရတော့တယ်။

မဖြစ်ဘူး။ ကျွန်မပြောမှ သူသိမယ့် အကြောင်းအရာတွေအတွက် ဘဝကို ပြင်ဆင်ရတော့မယ်။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

ဘဝကို ပါးပါးလှီးပြီး မြည်းစမ်းကြည့်ချင်တဲ့ သူငယ်ချင်းတစ်ယောက်က “ခါးလိုက်တာ” လို့ ပြောနေမှတော့။

ကျွန်မ ဘာလုပ်ရတော့မှာလဲ။

အရိပ်ပေးနိုင်ပုံရတဲ့အရာ နှစ်ခုသုံးခုကို စမ်းသပ်နားခိုကြည့်ခဲ့မိပြီးတဲ့နောက် ပူပြင်းနေတဲ့အခါ

တွေ့ကြုံသမျှကို သံသယနဲ့ ကျွန်မ ကြည့်တတ်လာခဲ့ပြီ။

နောက်ဆုံးတော့ အရိပ်ဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ။





ကျွန်မ ဘာလုပ်ရတော့မှာလဲ။

ကောင်းကင်ကနေ အနီရောင်မိုးတွေ ရွာချနေပြီဆိုမှတော့။

ကောင်းကင်ထိ တက်သွားတဲ့ဖုန်တွေ၊ မြေနီတွေ မိုးနဲ့ တွေ့ပြီး အဲဒီမိုးက အနီရောင်ဖြစ်သွားတာလား။

တချို့ဒေသတွေမှာ မိုးရွာတဲ့အခါ ငါးမိုးတွေ ဖားမိုးတွေ ရွာသတဲ့။

ငါးတွေရော ဖားတွေရော မိုးရေတွေနဲ့အတူ ကောင်းကင်ပေါ်ကနေ ကျကျလာတာ အထွေးလိုက်ပဲတဲ့။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

မဏိပူရမြစ်ကနေ ကျွန်မ ကောက်လာခဲ့တဲ့ ကျောက်တုံးပြား ဝိုင်ဝိုင်းလေးပေါ်မှာ

စာတစ်ကြောင်းရေးပြီး ကျွန်မ အိမ်တံခါးအခြေမှာ ချထားခဲ့ပေမယ့်

နေရာရွေ့မသွားဘူး။ တစ်နေ့၊ တစ်လ၊ တစ်နှစ်။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

ကျွန်မ ငှားထားတဲ့ တိမ်တွေက ချင်းတောင်တန်းတွေဆီ ပြန်ချင်နေကြပြီတဲ့။

ကျွန်မကို ပေါ့ပါးလွတ်လပ်တဲ့ ဖြူဖွေးလွင့်မျောတဲ့ အရာတစ်ခုအဖြစ်

ဖန်ဆင်းပေးပြီးရင် ပြန်နိုင်ပြီလို့ ကျွန်မ ပြောလိုက်တယ်။ ကျွန်မသိပါတယ်၊ တိမ်တွေဟာ ဘယ်တော့မှ သူတို့နေရာကို

ပြန်မရောက်တော့ပါဘူး။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

မနက်အိပ်ရာထရင် နောင်တနဲ့အတူ နိုးလာတာက

ကျွန်မလုပ်ရမယ့် အလုပ်တွေ တော်တော်များများကို မေ့လျော့နေခဲ့လို့။

ကောင်းကင်အပေါက်တွေကို ဖာရဦးမယ်။ တောင်တန်းတွေကို ကမ္ဗလာစိမ်းနဲ့ ခြုံရဦးမယ်။

ပင်လယ်ကို ရေဖြည့်ရဦးမယ်။ ပြီးတော့

ကျွန်မကိုယ်ကျွန်မ သစ်ကြားသီးခြောက်တစ်လုံး ဖြစ်ရဦးမယ်။





ကျွန်မ ဘာလုပ်ရတော့မှာလဲ။

လူ့ယဉ်ကျေးမှု Civilization ပျောက်ကွယ်မသွားအောင်

သဘာဝ သယံဇာတတွေကို ထိန်းသိမ်းဖို့ လိုတယ်တဲ့။

အီစတာကျွန်းသားတွေက ပြောတယ်။

ကျူးကျော်တိုက်ခိုက်သူတွေနဲ့ သူတို့နဲ့ ရောပါလာတဲ့ ရောဂါတွေကို တိုက်ထုတ်နိုင်ရမယ်တဲ့။

မာယာမြို့သားတွေက ပြောတယ်။

တောင်ပိုင်းချင်းပြည်နယ် တောင်တန်းပေါ်က ကျားထိုရွာသားကြီးကတော့

မြားတစ်စင်း ဝါးတစ်ချောင်းနဲ့ အသက်ရှင်နိုင်တယ်ဆိုပါလား။

နွေနွေ မိုးမိုး ဆောင်းဆောင်း အင်္ကျီမဝတ်ဘဲ

ဗလာကိုယ်ထည်နဲ့နေလာတာ နှစ်ပေါင်း ခြောက်ဆယ်ရှိပြီဆိုပဲ။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

တချို့နှလုံးသားတွေဟာ မည်းမှောင်လွန်းလို့ ပန်းတွေကို မချစ်နိုင်တော့တာ။

တချို့ဦးနှောက်တွေဟာ ဖောက်စားခံဖို့သတ်သတ် ဦးခွံထဲမှာ ရှိနေတာ။

ကမ္ဘာကြီးကို ထမ်းထားချင်သူတွေနဲ့

ပင်လယ်ရေကို တစ်ယောက်တည်း သောက်ချင်သူတွေကြားမှာ

ကျွန်မ ဘာလုပ်ရမှာလဲ။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

ခန်းခြောက်သွားတဲ့ လက်ယက်တွင်းထဲကနေ

ရေတစ်စက်ချင်း ခပ်ယူဖို့ စောင့်နေသလိုလား။

တောင်ကတုံးဖြစ်သွားတဲ့ မြေပြင်မှာ

စိုက်ခင်းတွေ ပြန်ပေါ်လာဖို့ စောင့်နေသလိုလား။

မျှတမှုတွေကို စောင့်မျှော်ခဲ့သလား။

အဖြူနဲ့ အမည်း မျဉ်းကြောင်းဆွဲရအောင်က

လူဆိုတာ စက္ကူတစ်ချပ်မှ မဟုတ်တာ။

ဘဝမှာ မီးခိုးရောင်တွေ အများကြီးမြင်ရပါလိမ့်မယ်။

ကျွန်မ ဘာလုပ်ရတော့မှာလဲ။ ကျွန်မလည်း မီးခိုးရောင်။



ကျွန်မ ဘာလုပ်ရတော့မှာလဲ။

မင်္ဂလာနံနက်ခင်းလို့ မရေရွတ်နိုင်တော့အောင်

တစ်ညလုံး မျိုချထားရတဲ့ ခါးသက်မှုတွေနဲ့

ရှေ့ကသွားနေသူရဲ့ ခြေရာ တစ်ခါတစ်ခါ မြင်မိသလို

ဒါပေမယ့် အမြဲ လမ်းထွင်ခဲ့ရ။

နောက်ဆုံးတော့

ခရီးမှာ ကိုယ်တစ်ယောက်တည်း။

ကျွန်မ ဘာလုပ်ရတော့မှာလဲ။

ကျွန်မ ဘာလုပ်ရတော့မှာလဲ။



ဂျူး

(ဟန်သစ်မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၄)

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...