တောအုပ်တစ်ခုရှိ လူသွားလမ်းမ၌ ညောင်ပင်ကြီးတစ်ပင်ရှိ၏။
မျောက်ကြီးတစ်ကောင်သည် ထိုညောင်ပင်ကြီး၌ မှီတင်းနေထိုင်လေ၏။ တောအုပ်ကို
ဖြတ်သန်းသွားသော ခရီးသည်တို့လည်း ထိုညောင်ပင်ကြီးအောက်၌ ခေတ္တခဏ
အပန်းဖြေလေ့ရှိ၏။ ညောင်ပင်ကြီးအောက်သို့ ခေတ္တ၀င်ရောက် ခိုလှုံကြသော
ခရီးသည်တို့သည် မသွားမဖြစ်၍ ခရီးသွားကြ ရသော်လည်း မောပန်းကြသည့်အတွက်
`ဒုက္ခ၊ ဒုက္ခ´ ဟူ၍ မြည်တမ်းကြသည်ကို မျောက်ကြီးကြားလျှင်
``ညောင်ပင်ကြီးအောက်သို့ ၀င်ရောက်နားလေ့ရှိကြသော ခရီးသည်အပေါင်း အများဆုံးပြောဆိုလေ့ရှိသော စကားမှာ`ဒုက္ခ´ ဖြစ်သည်။ ဤ `ဒုက္ခ´ဟူသော စကားသည် အလွန်ကောင်းဟန်တူသည်။ အကြောင်းသိရအောင် ငါစုံစမ်းအံ့´ ဟူ၍ ကြံစည် စိတ်ကူးမိလေသည်။
တစ်နေ့သောအခါ လူတစ်ယောက်သည် သစ်ပင်အောက်သို့ရောက်လာ၍ ခေတ္တအပန်းဖြေကာ `အော် ဒုက္ခ၊ ဒုက္ခ´ ဟူ၍ ညည်းတွားလေ၏။ မျောက်ကြီးသည် သစ်ပင်ပေါ်မှဆင်းလာကာ `အဆွေ၊ ဒုက္ခဆိုတာဘာကိုခေါ်ပါသလဲ၊ ကျွန်ုပ်အား
ဒုက္ခရှိလျှင် ဒုက္ခပေးစမ်းပါ´ ဟူ၍ တောင်းဆိုလေ၏။ ခရီးသည်လည်း `ဒုက္ခဆိုတာ မကောင်းဘူး´ ဟူ၍ ပြောလေ၏။ မျောက်ကြီးက မကျေနပ်၍ ဒုက္ခကို ထပ်မံတောင်းဆိုသော် ခရီးသ်ညက `ဒုက္ခအကြောင်း ကောင်းကောင်းသိချင်ရင်
တောအုပ်အ၀င်က ဘုန်းတော်ကြီးကျောင်းမှာ သွားမေးပေတော့´ ဟုပြော၍ မျောက်ကြီးလည်း သဘောတူကာ တောအုပ် အ၀င်ရှိ ဘုန်းကြီးကျောင်းသို့ သွားလေ၏။ ဘုန်းတော်ကြီးကျောင်းသို့ ရောက်သောအခါ ဘုန်းတော်ကြီးမှာ ခရီးထွက်သွား
သောကြောင့် ဘိုးသူတော်နှင့်သာတွေ့ရလေ၏။ ဘိုးသူတော်က `အဆွေမျောက်ကြီး၊ ဘာကိစ္စရှိ၍ ကျောင်းကို လာပါသလဲ´ ဟု မေးမြန်းရာ မျောက်ကြီးက `ဒုက္ခဆိုတာဘာလဲ သိချင်လို့ ကျောင်းကိုလာတာပါ။ ဘုန်းတော်ကြီးမရှိရင် သင်ပဲ
ကျွန်ုပ်ကို ဒုက္ခပေးစမ်းပါ´ ဟု ဆိုလေ၏။ ဘိုးသူတော်က `ဒုက္ခဆိုတာမကောင်းဘူး မလိုချင်နှင့်´ ဟု ပြောသော်လည်း
မရဘဲ အကြိမ်ကြိမ်တောင်းဆိုသဖြင့် `ကောင်းပြီ၊ ဒုက္ခထုပ်ကြီးကို သင့်ကိုပေးလိုက်မယ်၊ ဒါပေမယ့် အဲဒီဒုက္ခထုပ်ကြီးကို
ချက်ချင်းမကြည့်ရဘူး။ သစ်ပင်တစ်ပင်မှမရှိတဲ့ လွင်ပြင်ထဲ့ကျမှ ကြည့်ရမယ်´ ဟု ဆိုပြီး ဘိုးသူတော်ကခွေးတစ်ကောင်ကို အိတ်ထဲထည့်၍ ထုပ်ပေးလိုက်၏။
မျောက်ကြီးမှာ ဒုက္ခတော့ရပြီဟုဆိုကာ ၀မ်းသာအားရနှင့်အထုပ်ကြီးထမ်းကာ တောစပ်မှ လွင်ပြင်သို့ ထွက်လာခဲ့လေ၏။
ဘိုးသူတော်မှာလိုက်သည့်အတိုင်း သစ်ပင်တစ်ပင်မှ မရှိသည့်လွင်ပြင်အလယ်သို့ရောက်သည့်အခါ ဒုက္ခထုပ်ကြီးဖွင့်လိုက်ရာ
အထဲမှခွေးသည်ထွက်၍ မျောက်ကြီးကိုလိုက်ကိုက်လေ၏။ မျောက်ကြီးလည်း သစ်ပင်တစ်ပင်မှမရှိသော လွင်ပြင်ဖြစ်၍ သစ်ပင်ရှိရာ တောစပ်ရောက်အောင် မော်ကြီးပန်းကြီးပြေးရလေတော့သည်။
တောစပ်ရှိသစ်ပင်ရောက်မှ မျောက်ကြီးလည်းသက်ပြင်းချကာ `အမယ်လေးမောလိုက်တာ၊ ဒုက္ခဆိုရင်ကြောက်ပါပြီ´ ဟု
ညည်းတွားလေတော့သတည်း။
ဆောင်ပုဒ်-
လက်တွေ့လောက
ကြုံတွေ့မှ
ဒုက္ခသိမည်မှတ်။

No comments:
Post a Comment