၁။
“နင်က သိပ်မာတယ်နော်။ ကိုယ့်ကိုယ်ကိုရော သိရဲ့လား ဟင်..။ ဆုံးဖြတ်ချက် ခိုင်မာတဲ့ နေရာမှာ၊ ခေါင်းမာတဲ့နေရာမှာ နောက်ပြီး စိတ်ဓါတ်မာကျောတဲ့ နေရာမှာပါ နင့်အပြင် နောက်တစ်ယောက် မရှိဘူး။ သိရဲ့လား။”
အဲသည်စကားကို နင်ပြောခဲ့တုန်းက ငါတို့တွေ ဆယ်တန်းအောင်စာရင်းထွက်ကာစ။ နင့်စကားကြောင့် ငါ ပြုံးပြီး ကျေနပ်နေခဲ့မိတာနော်။ ဆုံးဖြတ်ချက် ခိုင်မာတယ်၊ ခေါင်းမာတယ်၊ စိတ်ဓါတ်မာတယ်ဆိုတာတွေက ငါ သိပ်ပြီး နှစ်သက်ခဲ့တဲ့ နာမဝိသေသနပုဒ်တွေပေါ့။ ဒါကြောင့်လည်း “အေး။ ငါ့ကိုယ်ငါ သိတာပေါ့” လို့ နင့် စကားကို ကျေကျေနပ်နပ်ကြီး သဘောတူ ထောက်ခံခဲ့မိတယ်။ အခုတော့ နင်ပြောတာလည်း မမှန်တော့သလို ငါ့ကိုယ်ငါ သိပ်ပြီး အထင်ကြီးခဲ့မိတာတွေလည်း မှားသွားခဲ့ရပါပြီ။
ငါ့ စိတ်တွေမမာတော့ဘူး။ ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတာ နင်သိရဲ့လား ပြည့်စုံ။ နင်နဲ့ပတ်သတ်ပြီး ဘယ်တုန်းက မယိုင်နဲခဲ့တဲ့ ငါ့နှလုံးသားကလေ နင်နဲ့အတူတူ မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ကျန်နေရစ်ခဲ့ပြီလေ။
ငါ့ကိုယ်ငါလည်း သိပ်ပြီး အံ့သြမိပါတယ် ပြည့်စုံရယ်။
သည်လိုစိတ်ဆန္ဒတွေ ဘာဖြစ်လို့များ ဟိုတုန်းက မဖြစ်ခဲ့ရတာလဲလို့ တွေးမိတော့ ကြည်နူးပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ ငါက ငါ့ကိုယ်ငါပဲ ချစ်တတ်တဲ့သူ တဲ့၊ ငါက အတ္တသိပ်ကြီးတဲ့ သူ တဲ့လေ။ တကယ်တော့ သူ စွပ်စွဲခဲ့သလို မဟုတ်ရပါဘူးဟာ။ အချစ်ဆိုတာကို ငါ နားမလည်ခဲ့တာပါ။ ချစ်ရကောင်းတယ်ဆိုတာကို ငါ မသိခဲ့တာပါ။ နင့်ခံစားချက်ကို တမင်သက်သက် လျစ်လျူရှုခဲ့တာ မဟုတ်သလို ငါ့ခံစားချက်တွေကို ငါကိုယ်တိုင် သစ္စာဖောက်ဖျက်ခဲ့တာလည်း မဟုတ်ရပါဘူး။ အခုတော့လေ .. ။
၂။
အိမ်ပြန်ရောက်ရောက်ချင်း ခရီးဆောင်အိတ်ထဲက ပစ္စည်းတွေကို သူ့နေရာနဲ့သူ သိမ်းဆည်းနေခဲ့ချိန်အထိ နင့်ကိုငါ သိပ်ပြီး လွမ်းနေမိတယ်ဆိုတာ ငါကိုယ့်ငါ မသိခဲ့ဘူး။ ရင်ထဲမှာ ဟာတာတာ ဖြစ်နေတဲ့ အဖြစ်ကိုလေ မြန်မာပြည်က ပြန်ရောက်စမို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားချက်တစ်ခုလို့ပဲ ထင်နေမိတာ။
နင် ပေးလိုက်တဲ့ လက်ဆောင်ထုပ်လေးကို ကောက်ကိုင်လိုက်မိချိန်မှာမှ ငါ ထင်သလို မဟုတ်မှန်း သိလိုက်ရတယ်။ အထုပ်လေးထဲကနေ ပထမဆုံး ထွက်ကျလာတာလေးက ဆရာမဂျူးရဲ့ “အမှတ်တရ “ ဝတ္တုစာအုပ်လေး။
အမှတ်တရအတွက် “အမှတ်တရ” ပေါ့နွယ် တဲ့။
စာအုပ်မျက်နှာဖုံးလေးကို လှန်လှန်ချင်း တွေ့ရတဲ့ ပထမဆုံး စာမျက်နှာလေးမှာ နင် ရေးပေးလိုက်တာ။ တစ်ကြောင်းတည်းပါပဲ။ ပြီးတော့ နင့်လက်မှတ်လေး ထိုးထားတယ်။ ရက်စွဲကတော့ ၂၀၁၁ခုနှစ် ၇လပိုင်း ရက်စွဲတစ်ခု။
ငါ့ရဲ့ ၂၁ပြည့်မွေးနေ့အတွက် နင်ဝယ်ခဲ့တာဖြစ်မှာပါ။ အဲဒီအချိန်တုန်းက နင်ရယ် ငါရယ် စိတ်တွေ အကြီးအကျယ်ဆိုးပြီး အဆက်အသွယ်တွေ ပြတ်လုနီးပါး ဖြစ်နေချိန်ဆိုတော့ အဲဒီစာအုပ်လေး ငါ့လက်ထဲ ချက်ချင်းရောက်မလာခဲ့တာ မဆန်းဘူးပေါ့နော်။ နင့်လက်ထဲမှာ နှစ်နှစ်ကျော်လောက် သောင်တင်နေခဲ့ရတဲ့ စာအုပ်လေးပေါ့။
နင့်ကို သတိရမိသွားတဲ့စိတ်ကြောင့် နင့်လက်ရေးလေးကို ငါ့လက်ညှိုးထိပ်လေးနဲ့ ဖွဖွလေး ပွတ်သပ်လိုက်မိတယ်။ အဲတာ ပထမဆုံး ငါကျူးလွန်လိုက်တဲ့ အမှားပဲ။ ဘာရယ်မဟုတ် ငါက ထိကြည့်လိုက်မိတာပါ။ လှိုင်းလုံးလေးတွေ တစ်လုံးပြီး တစ်လုံး လိမ့်လာသလို အံ့သြစရာသိပ်ကောင်းတဲ့ ခံစားချက်လေးတွေက တစ်ခုပြီး တစ်ခု ငါ့ရင်ထဲမှာ ဖြတ်ပြေးသွားတယ်။
ဘယ်တုန်းကမှ မထိခဲ့မိဖူးတဲ့ နင့်လက်ကလေးကို ထိနေရသလို ခံစားလိုက်ရတယ်။ အသားချင်းထိလို့ နွေးနေတဲ့ အသိလေးတစ်ခုကိုပါ သိနေရသလိုပဲ။ အဲဒီနောက် ငါ့ရင်ထဲမှာ တဖြည်းဖြည်း ကျင်တက်လာတယ်။ နောက် စူးစူးဝါးဝါး အောင့်လာတယ်။ နှုတ်ခမ်းကို ကိုက်ထားလိုက်မိတယ်။ နင့်ကို ငါ့အနားလေးမှာ ရှိနေချင်တဲ့ စိတ်တွေ ပြင်းပြင်းပျပျ ဖြစ်လာတယ်။ ဒါ အလွမ်းများလား။ မခံစားနိုင်တော့လွန်းလို့ စာအုပ်သေးသေးလေးကို ငါ့ရင်ဘတ်မှာ အပ်ထားလိုက်မိတယ်။ ဒါကတော့ ဒုတိယအကြိမ်မြောက် အမှားပါ။
နင့်လက်ရေးလေးတွေကို ငါ့နှလုံးသားနဲ့ အနီးဆုံးနေရာလေးမှာ ငါ အပ်ထားလိုက်မိတယ်။ အဲဒီ တစ်ခဏလေးမှာပဲ ငါ့နှလုံးခုန်သံတွေ မြန်လာခဲ့တယ်။ ငါ့ရင်ခွင်က စာအုပ်လေးကို နင်ကိုယ်တိုင်လိုလို ထင်ယောင်ထင်မှား ဖြစ်လာတယ်။ နင့်ကိုငါ တမ်းတမိသွားတယ်။ အဲဒီနောက် ဘာကြောင့်မှန်း မသိဘူး။ မျက်ရည်တွေ စီးကျလာကြတယ်။
ငါလေ စိတ်ကိုလွှတ်ပြီး အားပါးတရ ငိုလိုက်မိပါတယ်။ စိတ်ရှိလက်ရှိ ငိုပစ်လိုက်တယ်။ မျက်ရည်တွေကုန်ခမ်းသွားပါစေတော့လို့ ဆုတောင်းမိတဲ့အထိပါပဲ။ တစ်နေကုန်အောင် ငါ ငိုကြွေးနေခဲ့မိတယ်။ နင်နဲ့ ပတ်သတ်ပြီးတော့လည်း မဖြစ်စဖူး ထူးဆန်းတဲ့ စိတ်ခံစားချက်တွေက ငါ့ရင်ထဲမှာ ဖြစ်ပေါ်လို့ပေါ့။
နင်နဲ့အတူ ရှိချင်တဲ့စိတ်၊ နင့်လက်ကိုဆုပ်ကိုင်ထားချင်မိတဲ့စိတ်၊ နင့်ရင်ခွင်မှာ ခေါင်းအပ်ထားပြီး အားပါးတရ ငိုပစ်လိုက်ချင်တဲ့စိတ် ..။
ဒါဟာ အချစ်စိတ်ပါလို့ ပြောလို့ ရသလား ဟင်။ အို.. သေချာပါတယ်။ ဒါဟာ အချစ်စိတ်ပါနော်။ နင့်ကိုငါ ချစ်နေတာ၊ နင့်ကိုငါ ချစ်သွားခဲ့တာ၊ နင့်ကိုငါ ချစ်နေမိခဲ့တာ.. ဘယ်စကားလုံးက အမှန်ဆုံး ဖြစ်မှာပါလိမ့်။
၃။
“ကြည်နူးနဲ့အတူတူ စင်္ကာပူမှာ ငါကျောင်းတက်ဖြစ်ဖို့ သေချာသွားပြီသိလား။”
အဲသည်တုန်းက နင် ငါ့ကို လုံးဝမတားခဲ့ဖူးဘူးနော်။ မသွားစေချင်တဲ့ အရိပ်ယောင်လေးတောင် မပြခဲ့ဘူး။ မပြခဲ့ဘူးလို့ ငါ ထင်မိခဲ့တာများလား။
တကယ်တော့ “ငါတို့ သူငယ်ချင်းတွေ တက္ကသိုလ်အတူတူတက်ခွင့်ရရင် သိပ်ကောင်းမှာပဲ” လို့ နင် ပြောခဲ့သားပဲ။ ငါကသာ ငါတို့ သွားတက်မယ့် ကျောင်းအကြောင်း၊ ကျောင်းဝင်ခွင့်ရအောင် ဘာတွေ ဘယ်လိုလုပ်ရမယ် ဆိုတဲ့အကြောင်းတွေကို အာပေါင်ရင်းသန်သန်နဲ့ ပြောနေခဲ့မိတာ။ နင့်စကားကို လျစ်လျူရှုခဲ့မိတာ။
ငါတို့နဲ့အတူ ကျောင်းလိုက်တက်လှည့်ပါလားလို့ နင့်ကို မခေါ်ခဲ့မိတာကတော့ နင်ရည်မှန်းချက်ကို ငါတို့က သိပြီးသားမို့ပါ။ ပြီးတော့ ငါကိုယ်တိုင်ကလည်း နင့်ကို ဆရာဝန်တစ်ဦးအဖြစ် မြင်ချင်ခဲ့မိတယ်။ ဒါကြောင့်လည်း အဲဒီအချိန်တုန်းက ငါတို့တွေအတူတူ တက္ကသိုလ်တက်ခွင့်မရလို့ နင် စိတ်မကောင်းဖြစ်နေတယ် ထင်ခဲ့မိတာ။ ငါကကို ရိုးအလွန်းတာပါဟာ။ နင့်ကို ထားသွားရက်တယ်ဆိုတဲ့ အတွေးမျိုး နင့်မှာ ရှိနေတတ်လိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့မိတာ။
ကြည်နူးက ငါ့ကို ခဏခဏ ခနဲ့သလိုသလိုမျိုး နင် ငါ့ကို ခနဲ့လိုက်ပါတော့လားဟာ။
“နင်က အရာရာကို နင့်စိတ်နဲ့ပဲ နှိုင်း။ ဘယ်တော့မဆို နင်ဖြစ်ချင်တာတွေချည်းပဲ ရှေ့တန်းတင်။ တစ်ဖက်လူစိတ်ထဲ ဘာရှိသလဲဆိုတာကို ဘယ်တော့မှ မြင်အောင်မကြည့်၊ အဲဒီ နင့်ရည်မှန်းချက်တွေ နင့်အိပ်မက်တွေနဲ့ပဲ နင် နေတော့ သိလား။ အဲတာတွေ အကုန်လုံး မဖြစ်ဖြစ်အောင်သာ နင်ကြိုးစား။ သူတို့နဲ့ပဲ ပျော် ဟုတ်ပြီလား။”
အဲသည်လို သူ ခနဲ့တိုင်း ငါ ရယ်ချည်းရယ်ခဲ့မိတာပေါ့။
သူကတော့ ခဏခဏ ပြောတယ်။
“ပြည့်စုံက နင့်ကို သံယောဇဉ် သိပ်ရှိတာ”တဲ့။ “ငါသိတာပေါ့” လို့ အမြဲ ပြန်ဖြေခဲ့မိတယ်။
“ပြည့်စုံက နင့်အပေါ်ထားတဲ့ သံယောဇဉ်နဲ့ ငါ့အပေါ်ထားတဲ့ သံယောဇဉ်တောင် မတူဘူး နွယ်” တဲ့။ “ဘယ်လိုမျိုး မတူတာလဲဟင်။ ငါတို့ သုံးယောက်က ငယ်ငယ်လေးကတည်းက အတူတူ ကြီးလာတယ်။ ဒီသူငယ်ချင်းတွေအချင်းချင်းမှာ ဒီတစ်ယောက်ကိုက သံယောဇဉ်တစ်မျိုး၊ နောက်တစ်ယောက်ကိုက သံယောဇဉ်တစ်မျိုး လုပ်လို့ရလို့လား။” လို့ ငါမေးတော့ “အ ချင်ယောင် မဆောင်စမ်းပါနဲ့ နွယ်ရာ” လို့ သူက ရက်ရက်စက်စက် စွပ်စွဲခဲ့ဖူးတယ်။
ငါ တကယ် အ ချင်ယောင် မဆောင်ခဲ့ပါဘူးဟယ်။
ငါ့၁၈နှစ်ပြည့် မွေးနေ့အတွက် နင်က ငါ့ကို ဥပုသ်ကိုးရက်စောင့်တဲ့ကုသိုလ်လက်ဆောင်ဆိုပြီး ပေးခဲ့တယ်။ ထူးထူးဆန်းဆန်းလက်ဆောင်မို့ ငါ သိပ်ပြီး အံ့သြခဲ့ရတာပေါ့။ အဲဒီတုန်းက နင်ပြောခဲ့ဖူးတာကိုလည်း ငါ မှတ်မိပါတယ်။
“နင့်ကိုငါ မွေးနေ့လက်ဆောင် ပေးချင်တယ်။ ပစ္စည်းတစ်ခုခု ပေးမယ်ဆိုရင် နင့်မွေးနေ့အမှီ ငါ ဘယ်လိုပို့ပေးရမှာလဲ။ ငါ မသိဘူး။ ဒီတော့ နင့်အတွက် ငါဥပုသ်ကိုးရက်တိတိ စောင့်လိုက်ပြီး အဲဒီကုသိုလ်တွေကို လက်ဆောင်ပေးရတာပေါ့။”
နင်က ငါ့အပေါ် သိပ်ပြီးကောင်းတာပဲလို့ ငါ တွေးတယ်။ ကြည်နူးကတော့ နင်က ငါ့အပေါ် သံယောဇဉ် သိပ်ပိုတာပဲနော်လို့ ပြောတယ်။ ငါ ကြည်နူးကို မျက်စောင်းထိုးခဲ့မိဖူးတယ်။
ငါ့၁၉ နှစ်ပြည့် မွေးနေ့အတွက် လက်ဆောင်ကို နင့်ဆီကနေ ငါ ကိုယ်တိုင် တောင်းဆိုခဲ့တာပါ။ အဲဒီတုန်းက နင်က ကဗျာဆရာပေါက်စဖြစ်နေပြီ။ နင်ကိုယ်တိုင်ရေးပြီး မာတီပလိုင်းမှာတင်ထားတဲ့ ကဗျာတွေကို အားပေးနှစ်ခြိုက်ကြသူတွေမှ တပုံကြီးပဲ။ ဒါကြောင့်လည်း ကဗျာတွေချစ်တဲ့ငါက မွေးနေ့လက်ဆောင်အဖြစ် နင်ကိုယ်တိုင် ရေးထားတဲ့ ကဗျာ၁၉ ပုဒ်ကို စာအုပ်လှလှလေး တစ်အုပ်မှာ နင့်လက်ရေးနဲ့ ကူးရေးပြီး ပို့ပေးပါလို့ တောင်းဆိုခဲ့မိတယ်။
တကယ်တော့ ငါက နင့်ရဲ့ အထူးအခွင့်ရေးခံ သူငယ်ချင်းတစ်ယောက်၊ နင့်ကို ဗိုလ်ကျအနိုင်ကျင့်လို့ရတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ချင်ခဲ့ရုံ သက်သက်ပါ။
နင်က အသစ်စက်စက် ကဗျာ ၁၉ ပုဒ် ရေးပြီး ပို့ပေးခဲ့တယ်နော်။
နင့်ရဲ့ ကဗျာစာအုပ်ကို ငါရယ် ကြည်နူးရယ် အတူတူ ဖတ်ကြတယ်။ ကြည်နူးက ပြောတယ်။ “သေချာပါတယ် နွယ်ရယ်.. ပြည့်စုံက နင့်ကို ချစ်နေတာပါ”တဲ့။ “အို.. လျှောက်မပြောစမ်းပါနဲ့ ကြည်နူးရာ။ ငါတို့သုံးယောက်စလုံးက သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပဲဥစ္စာ။ ရိုးရိုးသားသား တွယ်တာမှုတွေကို လျှောက်ရမ်းပြီး နာမည်မတပ်နဲ့။ နင် ငရဲကြီးလိမ့်မယ် သိလား”လို့ သူ့ကိုတောင် ငါက ကြိမ်းဝါးလိုက်သေးတယ်။
ကြည်နူးကတော့ ပြောလေရဲ့။ ရိုးရိုးသားသား သူငယ်ချင်းတွေ ဆိုပေမယ့် သူ့အတွက်ဆို နင်က ဘုရားမှာ ရွှေသက္ကန်းကပ်ပေးတာတို့၊ ငါးလေးတွေလွှတ်ပေးတာတို့ပဲ လုပ်ပေးပြီး ငါ့အတွက်ကျမှ တကူးတက အပင်ပန်းခံ စေတနာထားတာ တဲ့လေ။
ငါ့အသက်၂၀ပြည့်မွေးနေ့လက်ဆောင်တွေကိုတော့ ကြည်နူးနဲ့အတူ နင် ထည့်ပေးလိုက်တာနော်။ အဲဒီတုန်းက ကြည်နူးက သူ့မေမေ နေမကောင်းလို့ အလည်ပြန်သွားခဲ့ချိန်ပေါ့။ ငါ သိပ်ကြိုက်တယ်ဆိုတဲ့ ဆရာမဂျူးရဲ့ ဝတ္တုစာအုပ်လေးတစ်အုပ်ရယ်၊ ဘောပင်ထည့်ဖို့ အိတ်လှလှလေးတစ်လုံးရယ်၊ နောက်ပြီး သော့ချိတ်လေး တစ်စုံရယ်။
သော့ချိတ်လေးပေါ်က Forever Love ဆိုတဲ့ စာသားလေးကို ကြည်နူးက စနောက်နေချိန်မှာ ငါကတော့ ဝတ္တုစာအုပ်ထဲမှာ နင်လိုင်းတားပေးလိုက်တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကြောင့် ဒေါအကန်ကြီး ကန်ခဲ့ရတယ်။
အဲဒီအတွက်ကြောင့်ပဲ အွန်လိုင်းမှာ ရှားရှားပါးပါး ဆုံတွေ့ကြဖြစ်တုန်း ငါတို့ အကြီးအကျယ် စကားများကြတယ်။
၎။
ကြာတော့သည်လည်း မောင့်စကားကို ငါ နှစ်သက်ဆိုတာက အဲဒီထဲက နန္ဒလို ကိုယ်လိုချင်တာကို တိတိကျကျသိပြီး ရအောင်လည်း ယူလေ့ရှိတဲ့ အမျိုးသားမျိုးကို သဘောကျခဲ့လို့ပါ။
အဲဒီဝတ္တုလေးကို အီးဘွတ်အနေနဲ့ပဲ ဖတ်ဖူးသေးတယ် ဆိုတော့ နင်က ငါ့ကို စာအုပ်လေး ဝယ်ပေးမယ်တဲ့။ ငါသိပ်ပြီး ပျော်ရွှင်ခဲ့ရတာပေါ့။
“လူတစ်ယောက်ဟာ ကိုယ်ယုံကြည်ရာ ဘဝကို ကိုယ့်ဘာသာရွေးချယ်ခဲ့လို့ သူ့မှာ ဆင်းရဲဒုက္ခဆိုတာ ကြုံရရင် အဲဒီဒုက္ခကို သူကျေကျေနပ်နပ်ကြီး ခံလိမ့်မယ်။ အဲဒီအတွက် ဘေးလူက လိုက်ပြီး ပူပန်ပေးစရာမလိုဘူး၊ နားလည်လား။ ငါ သင့်တော်တယ်ထင်လို့ ရွေးမိတဲ့လမ်းကို ငါ့ဘာသာ ငါလျှောက်မယ်။ အဲဒီအတွက် နင် ပူစရာလဲမလိုဘူး။ သနားစရာလဲမလိုဘူး။ နှစ်သိမ့်စရာလဲ မလိုဘူး”
တကယ်တမ်း အဲဒီစာအုပ်လေး လက်ထဲရောက်လာခဲ့ပြီး နင်ဝယ်ပေးလိုက်တာဆိုတဲ့ အသိလေးနဲ့ ကျေကျေနပ်နပ် ဖတ်နေချိန် ငါ လုံးဝ မထင်မှတ်ထားတဲ့ နေရာလေးမှာ ဘောပင်မှင်အနီရောင်နဲ့ လိုင်းသားပေးလိုက်တဲ့ အဲဒီ စာသားတွေကို မြင်လိုက်ရတော့ ဒေါသစိတ်တွေ၊ မခံချင်စိတ်တွေ၊ မကျေနပ်စိတ်တွေက ငါ့ရင်ထဲမှာ ဆူဝေသွားခဲ့ရတယ်။
ဘာကြောင့်များ အဲသည်စာသားတွေကိုမှ ရွေးပြီး လိုင်းသားပေးခဲ့လိုက်ရတာလဲ ပြည့်စုံရယ်။
“ပြည့်စုံ.. နင်က ဘာကိစ္စ အဲဒီစာသားတွေကို လိုင်းသားပေးလိုက်ရတာလဲ။”
နင် လိုင်းပေါ်တက်လာလာချင်း ငါက ဒေါနဲ့မောနဲ့ ဆီးပြောတော့ နင်က အမှန်တိုင်း ချက်ချင်းမပြောဘဲ ဖုံးကွယ်ဖို့ ကြိုးစားခဲ့သေးတယ်။
“ဘာရယ်မဟုတ်ဘူးဟ။ နင်ကြိုက်တယ်ဆိုတဲ့ စာအုပ်မို့ ငါ ဖတ်ကြည့်တယ်။ အဲဒီနောက် တစ်အုပ်လုံးမှာ ငါ သိပ်သဘောကျမိတဲ့ စာသားလေးမို့ လိုင်းသားပေးလိုက်တာ”
“နင် သိပ်သဘောကျရင်လည်း ဒီအတိုင်းထားပါလား… ဘာကိစ္စ အဲဒီ အပိုဒ်ကိုမှ ကွက်ပြီး လိုင်းသားပေးလိုက်ရတာလဲ။”
“ငါ ကြိုက်တဲ့ နေရာလေး နင်လည်း သိချင်မလားလို့ပါ.. နင် မကြိုက်ဘူးဆိုရင် နောက် ငါ မလုပ်ဘူး ဟုတ်ပြီလား။ ခုလောက်ကြီးထိ ဒေါသကြီးမနေစမ်းပါနဲ့ဟာ”
“အော.. ဒေါသ ကြီးမှာပဲ။ ဘာလို့လဲဆိုတော့ နင့်လုပ်ရက်ရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာ ငါက သိနေတာကိုး။ နင့်ကို ကျောင်းပြီးရင် ဒီကိုလာဖို့၊ ဒီမှာ အလုပ်လုပ်ရင်း ကျောင်းဆက်တက်ဖို့ ငါ ခဏခဏ တိုက်တွန်းလို့၊ ခဏခဏ ခေါ်လို့ နင် ငါ့ကို တမင်လုပ်တာ”
“နင် သိပ်အတွေးလွန်နေပြီ”
“မဟုတ်ဘူး။ ငါ အတွေးလွန်တာ မဟုတ်ဘူး။ ငါ သေချာသိတာ။ အဲသည်လိုတွေ ငါပြောလို့ မကြိုက်ဘူးဆိုရင် မကြိုက်ဘူး ပြောပါလား။ စာအုပ်ထဲမှာ အဲသည်လို လိုင်းသားပေးလိုက်စရာလား။ အခုတော့ အဲဒီစာအုပ်ကို ကိုင်မိတိုင်း၊ အဲဒီမျဉ်းကြောင်းတွေကို မြင်နေရတိုင်း ငါ ခံရခက်နေရတော့မှာ။ ငါ နာကျင်ဒေါသထွက်နေရတော့မှာ။ နင် သိလား။အဲဒါ နင့်ကြောင့်”
“အေး.. ဒီလောက်တောင် နင် သိတယ်ဆိုရင်လည်း အစကတည်းက ငါ့ကို ဟိုဟာလုပ်၊ သည်ဟာလုပ်လို့ နင်မပြောပါနဲ့လား။ နင့်တုန်းကကော ငါ ဘာပြောခဲ့လို့လဲ။ နင် လုပ်ချင်တာတွေ လုပ်တာကို ငါ ဒီအတိုင်းပဲ ကြည့်နေခဲ့တာပဲ မဟုတ်ဘူးလား။ နင် ကောင်းမယ်ထင်လို့ လုပ်တာ၊ နင်နဲ့ အသင့်တော်ဆုံးလမ်းကို နင်ရွေးချယ်တာဆိုပြီး ငါ တစ်ယောက်တည်း အမြဲ ဖြေတွေး နားလည်ပေးခဲ့ရတယ်။ ငါ့ကိုကျတော့ နင်က ဘာတွေ နားလည်ပေးထားလဲ။ ဟင် နွယ်။ ငါ့ကို ဟိုလိုလုပ်၊ သည်လိုလုပ် ပြောဖို့ပဲ နင်သိတယ်။ ငါ့ဖက်က အခက်ခဲတွေ၊ ငါ့ဖက်က ဒုက္ခတွေ၊ နောက်ဆုံး ငါ့ရဲ့ ခံစားချက်တွေ.. နင် သိတာဘာရှိလဲ။ ပြော။ နင် ဖြစ်ချင်တာတွေပဲ နင်သိတယ်။ နင် ပြောသမျှကို နားထောင်စေချင်တာပဲ နင်သိတယ်။ ငါ့ဖက်ကို နင် နည်းနည်းလေးတောင် ငဲ့ကြည့်ဖူးရဲ့လား။”
စိတ်ဆိုးမာန်ဆိုးနဲ့ နင့်အပေါ် အပြစ်တင် စကားတွေ ပြောတဲ့ ငါ့ကို အဲဒီတစ်ကြိမ်မှာ နင် သည်းမခံခဲ့ဘူး။ ငါ့အပေါ် တစ်သက်လုံး သည်းခံခဲ့ဖူးတဲ့သူ မဟုတ်တော့သလိုပဲ။ နင်က အံ့သြစရာကောင်းလောက်အောင်ကို သိပ်ပြီး မာကျောနေခဲ့တယ်။
“တော်တော့။ နင် ထပ် မပြောနဲ့တော့။ နင့်ကို ဒီကို လာဖို့ တိုက်တွန်းခဲ့တာ ငါ့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ အဲတာ နင့်ကို ငါနဲ့ နီးနီးနားနားမှာ ရှိစေချင်တယ်။ အဲဒါပဲ။ နင့်ကို လာပါလာပါ ခဏခဏ ခေါ်ခဲ့မိလို့ နင် စိတ်အနှောင့်ယှက် ဖြစ်ရတယ်ဆိုရင် ငါ တစ်သက်လုံး မပြောဘူး ပြည့်စုံ။ နင်ကျေနပ်ပြီလား”
“အော.. ငါ့နဲ့ နီးနီးနားနားမှာ ရှိချင်သူကြီးက ငါ့ကိုထားပြီး ထွက်သွားခဲ့တာပဲ။ နင် ဘယ်တော့ပြန်လာမှာလဲ ငါမေးတိုင်း ဘယ်လို အဖြေမျိုးကို နင်ပေးခဲ့လဲ။ အဲဒီမှာပဲ အခြေချတော့မှာလားလို့ ငါမေးတော့ နင် ဘာဖြေခဲ့လဲ။ နင် သိပ်တရားပါလား နွယ်။”
“နင့်အပေါ်မှာ ငါ ဘယ်လို သဘောထားလဲ နင် မသိဘူး။ နင့်ဆီကနေ ငါ ဘာတွေ မျှော်လင့်နေလဲ နင်မသိဘူး။ ဘယ်သိမှာလဲ။ နင်က သိအောင်မှ မကြည့်တတ်ဘဲ။ ငါ့လိုမှ မတွေးတတ်ဘဲ။ ငါနဲ့မှ ခံစားချက်တွေ ထပ်တူကျမနေဘဲ။ နင့်ခေါင်းထဲမှာ နင်နဲ့ပတ်သတ်တဲ့ အကြောင်းတွေပဲ ရှိတယ်။ နင့်ရင်ထဲမှာတော့ ဗလာပဲ။ ငါကတော့ ငါ့ခေါင်းထဲမှာရော၊ ငါ့ရင်ထဲမှာပါ…..။ တော်ပြီ။ ငါ ဘာမှ ဆက်မပြောချင်ဘူး။ ငါသွားတော့မယ်။ ပျော်ရွှင်ပါစေ နွယ်”
ချက်ချင်း ဆိုသလိုပဲ နင့်ရဲ့ ဂျီတော့ခ်ချက်က မီးစိမ်းလေးက ဖျတ်ခနဲ ပိတ်သွားခဲ့တယ်။ အဲဒီနောက်တော့ အဲဒီမီးကလေးဟာ ပြန် မစိမ်းလာခဲ့တော့ပါဘူး။
“ကျောင်းစာတွေတစ်ဖက်၊ စာသင်ဝိုင်းတွေတစ်ဖက်နဲ့ အလုပ်တွေ သိပ်များနေလို့ လိုင်းပေါ်မတက်ဖြစ်ဘူး” ဆိုတဲ့ စာကို နင်နဲ့ငါ ပြသနာတက်ပြီး ခြောက်လကျော်ကြာတော့ ငါ ရတယ်။ အဲဒီနောက် နှစ်လ၊သုံးလတစ်ခါ “ငါတော့ အလုပ်တွေများနေတယ်၊ နင်ကော အစစအရာရာ အဆင်ပြေရဲ့လား၊ နင်အဆင်ပြေစေဖို့ ဆုတောင်းပေးနေတယ်”ဆိုတဲ့ စာမျိုးတွေ ငါ ရတယ်။
ငါတို့နှစ်ယောက် ခပ်တန်းတန်းဖြစ်ပြီးတဲ့နောက် ညနေခင်း တစ်ခုမှာတော့ ငါရယ် ကြည်နူးရယ် ကမ်းခြေမှာ ပျော်ပွဲစားထွက်ကြတယ်။ ပင်လယ်ထဲကို နေလုံးနီနီ နိမ့်ဆင်းသွားတာကို ကြည့်ရင်း နင်ရေးပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ထဲက နေဝင်ချိန်အကြောင်းလေးကို သတိရမိတယ်ပြောတော့ ငါက နင့်ကို လွမ်းနေသလားတဲ့။ ကြည်နူးကို ငါ ခေါင်းယမ်းပြခဲ့လိုက်တယ်။ အဲဒီတုန်းက နင့်ကိုငါ တကယ် မလွမ်းခဲ့ပါဘူး။ နင့်ကို ငါ ဖြူဖြူစင်စင် သတိရခဲ့တာ.. ။
“ ဒီလိုနဲ့ပဲ ငါဟာ
မင်းပြန်လာမယ့် အချိန်ကို ငံ့လင့်ရင်း
ကြေကွဲဆည်းဆာတွေကို
ခါးသီးစွာနဲ့ မက်မောတတ်နေပြီ.. ချစ်သူ” တဲ့။
နင် ရေးပေးခဲ့တဲ့ ကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်လေးလေ။
အဲဒီအပိုဒ်လေးကို အလွတ်ရနေတဲ့ ငါ့အဖြစ်ကိုငါ ပြုံးလိုက်မိသေးတယ်။ အဲဒီတုန်းကလေ ငါ့အပေါ် အမြဲတမ်း ကောင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က ငါ့အပေါ် စိမ်းကားသွားတဲ့ အဖြစ်ကို စိတ်မကောင်းဖြစ်မိတာကလွဲလို့ တခြား ဘယ်လို ခံစားချက်မျိုးမှ ငါ့မှာ မရှိခဲ့ဘူး။ နင်က ငါ့ကို စိတ်ဆိုးတတ်တာပဲ၊ စိတ်ဆိုးရက်တာပဲလို့ တွေးနေမိခဲ့ရုံပါပဲ။ ပြီးတော့ ငါ့ကို စိမ်းကားနေသူကို ပိုပြီး စိမ်းကားပြဖို့အထိလည်း ငါ့အသည်း မာခဲ့ပါတယ်။
၅။
ခြောက်နှစ်ကျော်ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ငါတို ပြန်ဆုံကြတော့ နင့်ကို မြင်လိုက်ရတဲ့ တဒင်္ဂမှာ ပျော်ရွှင်တဲ့စိတ်ထက် ဝမ်းနည်းတဲ့စိတ် ပိုခဲ့ရတာပါ။
အရင်တစ်ခေါက် ငါပြန်ဖြစ်ဖြစ်တုန်းက နင်က မြင်းခြံမှာ Field ဆင်းနေတဲ့ အချိန်။ ငါတို့ ဆုံဖို့ အခွင့်ရေး မရခဲ့ဘူး။ အခုတစ်ခေါက်တော့ ငါပြန်လာတော့လည်း နင်က ရန်ကုန်မှာ သင်တန်းတက်နေခဲ့တာမို့ ငါတို့မြို့လေးမှာ နင် မရှိခဲ့ဘူး။ ဒါပေမယ့် လေယာဉ်ပြန်တက်ဖို့ ရန်ကုန်ဆင်းတဲ့အချိန်မှာ နင်နဲ့တွေ့ရမှာမို့ ငါ သိပ်ပြီး ပျော်ခဲ့ရပါတယ်။ တစ်ရက်တည်းလေး ဆုံရတယ်ဆိုတာလည်း လုံးဝ မတွေ့ဖြစ်လိုက်ရတာထက်စာရင် ပျော်စရာ မဟုတ်ဘူးလား။
နင့်ကိုငါ ချိန်းလိုက်တဲ့ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်က ဓါတ်လှေကားရှေ့မှာ ငါတစ်ယောက်တည်း ကြောင်တောင်တောင်လေး ရပ်ပြီး နင့်ကို စောင့်နေခဲ့မိတယ်။ ကားလမ်းတွေ သိပ်ကြပ်တာပဲလို့ ငါ့ဦးလေးအိမ်က ကားမောင်းတဲ့ ဦးလေးကြီးပြောလို့ အရောက်နောက်ကျရင် နင်နဲ့တွေ့ရချိန်လေးတွေ နည်းသွားမှာစိုးတာမို့ ဆန္ဒတွေ စောနေတဲ့ ငါက စောစောစီးစီး ထွက်လာခဲ့မိတာကိုး။ နင်ကလည်း ချိန်းထားတဲ့ အချိန်တက် ငါးမိနစ်လောက်စောပြီး ရောက်လာခဲ့ပါတယ်။
နင့်ကို မြင်လိုက်ရတဲ့ တဒင်္ဂမှာ ဝမ်းနည်းဝမ်းသာစိတ်တွေက ငါ့ရင်ထဲမှာ အားပြိုင်နေကြတယ်။ ဘာကြောင့်မှန်း မသိဘူး။ ငါ့ဆီတည့်တည့်လျှောက်လာနေတဲ့ နင့်ကို ကြည့်ပြီး ငါ့ရင်ထဲ ဆို့နင့်နေခဲ့တယ်။ ငါ သိပ်ပြီး ဝမ်းနည်းခဲ့မိတယ်။ အဲဒါဟာလည်း မတွေ့ရတာ သိပ်ကို ကြာခဲ့ပြီ ဖြစ်တဲ့၊ သိပ်ချစ်ရတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံတွေ့တဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ ခံစားချက်တစ်မျိုးလို့ ငါ ယုံခဲ့တာ။
အဖြူခံမှာ အနက်ရောင် ဆနွင်းမကင်းပုံသေးသေးလေးတွေပါတဲ့ ရှပ်အကျီင်္လေးကို နင်က လက်တစ်ဝက်ခေါက်ပြီး ပုဆိုးလေးနဲ့ တွဲဝတ်ထားတယ်။ နင့်ပုဆိုးအဆင်လေးက လှလိုက်တာ။ နက်ပြာရောင်လေးကလည်း သိပ်လွင်တာပဲ။
“ပိန်သွားလိုက်တာ နွယ်ရယ် ..။ ငယ်ငယ်ကလို ဖူးအိဖောင်းလေး မဟုတ်တော့ဘူး သိလား။”
တွေ့တွေ့ချင်း နင် ပြောခဲ့တဲ့ စကားလေးပါ။
“နင်ကတော့ ဓါတ်ပုံတွေထဲကထက် ပိုချောတယ် ပြည့်စုံရဲ့။ ငယ်ငယ်တုန်းကနဲ့ တစ်ခြားစီးပဲ။ ငယ်ငယ်တုန်းက ပိန်တာရိုး။ အခုမှ ပြည့်ပြီး ခံ့ညားလာတာ။”
“အိုး.. တွေ့တွေ့ချင်း နင်ကတော့ မြှောက်ပြီ နွယ်ရာ ..”
ငါ့ ချီးကျူးစကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ နင့်အမူအရာလေးကို ငါ မရယ်ရက်ဘဲ ငြိမ်ပြီး ကြည့်နေမိတယ်။ ငါ့စကားမှာ နင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရအောင်ထိ နင်နဲ့ငါနဲ့က စိမ်းသွားခဲ့ကြပြီလား။
ငါက စနေ။ နင်က ကြာပသတေး။ ဘုရားကို လက်ယာရစ် ပတ်ရင်း စနေထောင့်ရောက်လာတော့ ငါက ရေသပ္ပါယ်တယ်။ နင်က ပြုံးပြီး ကြည့်နေခဲ့တယ်။ ကြာသပတေးထာင့်ရောက်တော့ နင်က ရေမသပ္ပါယ်ဘဲ ဆက်ပြီး လျှောက်သွားတယ်။ “ဟင်.. နင့် ဂြိုဟ်တိုင်လေ.. ရေမသပ္ပါယ်ဘူးလား”ဆိုတော့ “ထေရဝါဒ ဗုဒ္ဓဘာသာမှာ ဂြိုဟ်တိုင်တွေမှ မရှိဘဲ နွယ်ရယ်”တဲ့။ နင့် စကားကြောင့် ငါ့မှာ အောင့်သက်သက် ဖြစ်သွားရသေးတယ်။
နေ့လယ်စာအတွက် နင်က ငါ့ကို ၂၇လမ်းထဲက ဓနုဖြူဒေါ်စောရီဆိုင်မှာ ကျွေးတယ်။ အဲဒီနောက် နင်က ငါ့ကို ၃၂လမ်းထဲက စာအုပ်ဆိုင်တွေဆီ ခေါ်သွားတယ်။ စာအုပ်ပုံတွေကို ပြပြီး “မမလေး ကြိုက်တာတွေ ကြိုက်သလောက်ဝယ်။ ကျွန်တော်မျိုး သယ်ပေးမယ်” ဆိုပြီး စနေခဲ့သေးတယ်။ ငါကလည်း စာရင်းလုပ်ပြီး သယ်လာတဲ့ စာအုပ်တွေ အုပ်၂၀လောက်အပြင် အဲဒီရောက်မှ တွေ့ပြီး လိုချင်တဲ့ စာအုပ်တွေကော ပေါင်းလို့ စာအုပ်ပေါင်း ၄၀နီးပါး ဝယ်ဖြစ်သွားပါရော။ ဒီစာအုပ်တွေနဲ့ ကျန်တဲ့နေ့တစ်ဝက်ကို ရှေ့ဆက်လို့ မဖြစ်မှန်း သိလို့ ငါ့ဦးလေးအိမ် တစ်ခေါက်ပြန်ပြီး စာအုပ်တွေ သွားထားကြတယ်။
နောက်ပြီး နင်က ငါ့ကို သမ္မတရုံမှာ ရုပ်ရှင်လိုက်ပြတယ်နော်။ “ပန်းကြာဝတ်မှုန်” ရုပ်ရှင်ကို ငါ ကြည့်ချင်လိမ့်မယ်လို့ နင်က သေချာပေါက် သိနေခဲ့တာပဲ။
ညနေစောင်းတော့ နင်က ငါ့ကို ဘယ်သွားချင်လဲ နွယ်တဲ့။ တစ်နေကုန် နင်ခေါ်ရာတွေ လိုက်ခဲ့ပြီးတော့မှ ငါ့သဘောထားကို နင်က မေးနေရသေးတယ်လို့။ ငါ့စိတ်ထဲမှာ တွေးလိုက်မိတာပါဟာ။
“ငါ မသိဘူးဟ။” ငါ့အဖြေကြောင့် နင်က ခေါင်းကုတ်တယ်။ “ဘူးသီးကြော်စားမလားနွယ်။” ငါ ချက်ချင်း ခေါင်းယမ်းပစ်လိုက်မိတယ်။ “ငါမှ ဘူးသီးကြော် မစားတတ်တာ။” ငါ့စကားကြောင့် နင်က ရယ်တယ်။ “အေးအေး.. ဘူးသီးဟင်းခါး သိပ်ကြိုက်တဲ့ ကောင်မလေးက ဘူးသီးကြော်မစားတတ်တဲ့ အဖြစ်ကို ငါမေ့သွားလို့။” နင့်အပြောကြောင့် ငါပါ ရယ်လိုက်မိတယ်။
နောက်ဆုံးတော့ ကန်ဘောင်ခေါ်သွားပေးပါလို့ ငါကပဲ တောင်းဆိုခဲ့လိုက်မိတယ်။ နင်က အင်တင်တင် လုပ်နေသေးတယ်။ ပြီးတော့မှ “နင်သွားချင်ရင် ခေါ်သွားပေးပါ့မယ်။ ဒါပေမယ့် ဒီအချိန် အဲဒီမှာ အတွဲချည်းပဲဟ။” တဲ့။
ကန်ဘောင်ရောက်တော့ နင်က ငါ့ကို အာပူလျှာပူကျွေးတယ်။ ပြီးတော့ မုန့်ပေါင်းလည်း ကျွေးတယ်။ ငါကလည်း နင် စားကောင်းတယ် ပြောသမျှ အကုန်စားတာပဲ။
အဲဒီနောက်တော့ နင်ရယ် ငါရယ် ကန်ဘောင်မှာ လမ်းလျှောက်ကြတယ်နော်။ နင်က ငါ့ကို အမှတ်တရ ဓါတ်ပုံတွေ ရိုက်ပေးခဲ့တယ်။
“ဟဲ့..စူပွပွ လုပ်မနေနဲ့လေ။ မျက်မှောင်ကြီးလည်း ကျုံ့မထားနဲ့။ ခပ်မိမိလေး ပြုံးစမ်းပါဟ။”
ဓါတ်ပုံရိုက်နေတုန်း နင်ပြောတဲ့စကားကြောင့် ငါ့မှာ ရယ်ရသေးတယ်။
အဲသည်နောက်တော့ နင်ရယ် ငါရယ် မျက်စိရှေ့မှာတင် လွတ်သွားတဲ့ ခုံတန်းလေးတစ်ခုမှာ ဝင်ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးကြည့်နေခဲ့ကြတယ်။
“နွယ်.. နင့်ကိုငါ ပေးထားတဲ့ ကဗျာစာအုပ်လေး နင့်မှာ ရှိသေးလား။”
နေဝင်ချိန်အကြောင်း ရေးထားတဲ့ ကဗျာလေးကို အမှတ်ရသွားခဲ့လို့ နင်မေးခဲ့တာများလား။ ဘာပဲဖြစ်ဖြစ် အဲဒီစာအုပ်လေးကို နင်မမေ့သေးဘူးဆိုတာ သိရတော့ ငါ့မှာ ကျိတ်ပြီး ပျော်ရသေးတယ်။ အဲဒီစာအုပ်လေး ငါ့လက်ထဲရောက်နေခဲ့တာ လေးနှစ်လောက် ရှိပြီ မဟုတ်လား။
“နင် မမေ့သေးဘူးနော်” ဆိုခဲ့မိတော့ “မေ့စရာလားဟာ” တဲ့။ အဲသည်နောက် နင်က ဘာမှ ဆက်မပြောခဲ့ဘူးနော်။ ငါလည်း အလိုက်တသိနဲ့ ငြိမ်နေခဲ့လိုက်ပါတယ်။
“နွယ် ..”
ငါ့ကို ခေါ်လိုက်တဲ့ နင့်အသံလေးက အခါတိုင်းနဲ့ မတူသလိုပဲ။ သိပ်ပြီး ဆွေးမြေ့လွန်းနေသလားလို့။ စိတ်ထင်တာပဲ ဖြစ်မှာပါလို့ ချက်ချင်းပဲ ငါ ဖြေတွေးလိုက်ပါတယ်။
“အဲဒီကဗျာစာအုပ်လေးထဲက ကဗျာလေးတစ်ပုဒ်ကလေ.. အခုလိုမျိုး နေဝင်ချိန်လေး တစ်ခုမှာပေါ့။ ငါ့စိတ်တွေ သိပ်ပြီး မွန်းကျပ်နေလို့ ဆိုပြီး တစ်ယောက်တည်း မန်းလေးတောင်ပေါ်မှာ သွားထိုင်နေတာ။ တောင်ပေါ်ကနေ နေဝင်သွားတာကို ငေးနေခဲ့တာ..။ အဲဒီအချိန်မှာတင် အဲဒီကဗျာလေးရေးဖို့ စိတ်ကူးကို ဖျတ်ခနဲ ရလိုက်တာပဲ။ ချက်ချင်း အဆောင်ပြန်ပြီး ငါ ကဗျာရေးခဲ့တာ။ ကဗျာလေး ရေးပြီးလိုက်ချိန်မှာ ငါ့ ရင်ထဲ ပေါ့သွားတယ်။ တိုက်ရိုက်ကြီး မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့ နည်းအားဖြင့်တော့ ငါ့ ခံစားချက်ကို ငါ သစ္စာရှိလိုက်နိုင်ပါလား ဆိုပြီးတော့ပေါ့။ ငါ့ရင်ထဲက အလိုမကျမှုတွေ၊ အားမလိုအားမရမှုတွေ ပြေလျော့သွားတယ်။ သိလား နွယ် ..”
နင့်စကားကြောင့် ငါ ငိုင်သွားမိတယ်။ ပြီးတော့ ငါ့ရင်ထဲမှာ နာကျင်သလိုလိုပဲ။ ဘာကြောင့်လဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် ငါ မပြုံးနိုင်ခဲ့ဘူး။
မှောင်ရီသမ်းလာတော့ နင်က ငါ့ကို ပြန်ပို့ပေးခဲ့တယ်။ “နင့်အတွက်လက်ဆောင်”ဆိုပြီး ငါ့လက်ထဲကို အထုပ်လေးတစ်ထုပ် ထည့်ပေးပြီး ချက်ချင်း လှည့်ထွက်ဖို့ ပြင်တဲ့ နင့်ကိုငါ မေးခွန်းတစ်ခု လွှတ်ခနဲ မေးလိုက်မိတယ်။ ငါစိတ်မထိန်းနိုင်လွန်းလို့ပါ။
“နင် ငါ့ကို ပြောစရာ တစ်ခုခု ဒါမှမဟုတ် မှာချင်တာ တစ်ခုခု မရှိဘူးလားဟင်”
နင်က ပြုံးပြီး လှည့်ကြည့်ခဲ့တယ်နော်။
“အင်း .. တစ်ခုတော့ ဘယ်ကပါ့မလဲ။ နင့်ကိုငါ မှာချင်တာတွေမှ အများကြီး။ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့မို့ ကိုယ်ပိုင်အချိန်တွေ များများရအောင်ဆိုပြီး အိပ်ချိန်တွေ လျော့တာမျိုး မလုပ်နဲ့၊ ခေါင်းမီးတောက်လောက်အောင် ကယ်လိုရီတွေ တွက်ချက်ပြီးမှ စားသောက်တာမျိုး မလုပ်နဲ့၊ ပြီးတော့ စာတွေဖတ်တဲ့အခါတိုင်းမှာ မီးရောင် အလုံအလောက်ရအောင်ထားပြီးမှ ဖတ်။ နင်က စာသိပ်ဖတ်တော့ မျက်စိကို အထူးဂရုစိုက်ရမယ်။ နားလည်လား .. ပြီးတော့ နင့်မှာက ရင်ကြပ်ရှိတယ်။ အဲဒီတော့ ..”
“ခဏလေး.. ခဏလေး ပြည့်စုံ။ နင်မှာတာတွေကလည်း ဆရာဝန်တစ်ယောက်က လူနာကို မှာနေသလိုပဲ။ ငါက နင့်ရဲ့ လူနာမဟုတ်ဘူးလေဟယ်”
“နင်ကလည်းဟာ ..”
ကြည်လင်ပြီး တောက်ပနေတဲ့ နင့်မျက်ဝန်းလေးတွေ ချက်ချင်း မှိုင်းညို့သွားခဲ့တယ်နော်။
“ပြည့်စုံ ..ဘာဖြစ်လို့ နင့်ကို သတိရနေဖို့ မမှာတာလဲ။ ဘာဖြစ်လို့ ငါ့ကို သတိရနေမယ်လို့ မပြောတာလဲ။ ဟင်..”
“အိပ်မက်တွေ တသီတတန်းကြီးကို အကောင်ထည်ဖော်မယ့် နင့်မှာ ငါ့ကို သတိရဖို့ အချိန် ရှိပါ့မလားနွယ်ရယ်”
“အို.. နင် မမဲ့ပါနဲ့။ မမဲ့ပါနဲ့ဟာ။ ငါ စတာပါ။ ငါ မမှာလည်း တစ်ခါတစ်လေတော့ နင် ငါ့ကို သတိရနေမယ်ဆိုတာ ငါ သိပါတယ်။ တကယ်ပါဟာ ..”
“ဒါဖြင့် ငါ့ကို သတိရနေမယ်လို့ မပြောတာကရော”
“ဒါက ပြောဖို့ လိုအပ်တဲ့ စကားမှ မဟုတ်တာဘဲ နွယ်ရယ်။ ငါမပြောလည်း နင် သိနေတယ် မဟုတ်လား။”
“ငါကြားချင်နေမိတယ် ..”
“တော်ပါတော့ နွယ်ရယ်။ တစ်ချို့စကားတွေဟာ ပြောတိုင်းလည်း မကောင်းပါဘူး။ မပြောလည်း သိနားလည်လို့ ရပါတယ်။ ဒီ သတိရတယ်ဆိုတဲ့ စကားလေးတင် မဟုတ်ဘူး။ တကယ်တမ်း စိတ်ချင်းနီးစပ်ကြမယ်ဆိုရင် တစ်ယောက်တွေးနေတဲ့အတွေးကိုတောင် ထုတ်ဖော်ပြောစရာမလိုဘဲ တစ်ယောက်က သိတယ်။ တစ်ယောက်အပေါ်ထားတဲ့ သဘောထားကို တစ်ယောက်နဲ့တစ်ယောက် အရှင်းတိုင်း မြင်နေနိုင်ပါတယ်။”
“အဲသည်လိုပဲ.. နင့်စိတ်ကို ငါသိတယ်။ နင့်ကိုငါ နားလည်နေတယ်။ အဲဒီတော့ ဘာဖြစ်လို့ နင့်ကို ပိုပြီးစိတ်ဆင်းရဲစေရမယ့် စကားမျိုးကို ငါက ပြောပြီး နှိပ်စက်ရဦးမှာလဲ။ ငါက နင့်ကို သတိရနေမှာဆိုတဲ့စကားမှာတင် ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ ခြောက်နှစ်ကျော်လုံး သိမ်းဆည်းထားခဲ့ရတဲ့ ငါ့နှလုံးသားထဲက စကားတွေ အကုန်လုံး ပွင့်အန်ကျလာလိမ့်မယ်။ နင် နားလည်လား။ အဲတာတွေ နင်သိတော့ရော။ ဘာတတ်နိုင်မှာမို့လို့လဲ။ နင်နဲ့ငါနဲ့က ဦးတည်ချက်ချင်း တူကြလို့လား။ နင့်ကိုငါ လက်ကမ်းခဲ့ဖူးတယ်ဆိုရင် ကမ်းလင့်ခဲ့ဖူးတဲ့ အဲဒီလက်ကို ငါပြန်ပြီး ရုတ်သိမ်းခဲ့ပြီးပါပြီဟာ”
ဘာပြန်ပြောရမှန်း မသိလို့ ငါ ငြိမ်သွားခဲ့တော့ နင်က အစ်ကိုကြီးတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ငါ့ကို ပြုံးပြခဲ့တယ်။
“ဘာပြောရမှန်း မသိရင်လည်း ဘာမှ မပြောပါနဲ့တော့ဟာ။ ဘဝဆိုတာ ဒီလိုပါပဲ နွယ်ရယ် ..”
အဲသည်လို ပြောပြီး နင် ရယ်ခဲ့တယ်နော်။ ငါ့တစ်သက်မှာ ကြားဖူးသမျှ နင့်ရယ်သံတွေနဲ့ မတူတဲ့ ခါးခါးသက်သက် ရယ်သံတစ်ခုပေါ့။
အဲဒီနောက် နင် လှည့်ထွက်သွားခဲ့တယ်။ နင် ပေးခဲ့တဲ့ လက်ဆောင်ထုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း နင့်ကျောပြင်လေးကို ငါ မျက်စိတစ်ဆုံး ငေးနေခဲ့မိတယ် ပြည့်စုံရယ်။
၆။
လေဆိပ်ကို လိုက်မပို့နဲ့လို့ တောင်းဆိုခဲ့တာ ငါပါ။ ဒါပေမယ့် ငါက သိပ်ရယ်ရတာပဲ။ လေဆိပ်ရောက်တော့ ကျိတ်ကျိတ်တိုးနေတဲ့ လူတွေကြားထဲမှာ နင်များ ရှိနေလို ရှိနေငြား ရှာကြည့်မိခဲ့တယ်။ နင့်ရဲ့ အရိပ်အယောင်လေးတောင် မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ငါ လက်မလျော့နိုင်ခဲ့ဘူး သိလား။ ခရီးဆောင်အိတ်တွေ အပ်ပြီးသွားလို့ အပေါ်တက်ပြီး လူဝင်မှုကြီးကြပ်ရေးဆီ ဝင်ရတော့မယ့် အချိန်ထိတောင် နင့်ကိုငါ မျှော်နေမိခဲ့သေးတာ။
အဲဒီစက်လှေကားပေါ် လှမ်းတက်လိုက်ပေမယ့် ငါ့မျက်လုံးတွေက မှန်ဘောင်ကြီးတွေဆီ ရောက်နေခဲ့တယ်။ အဲဒီအချိန်လေးမှာပေါ့။ ထောင့်အကွယ်လေး တစ်နေရာကနေ ငါ့ကို လှမ်းကြည့်နေတဲ့ နင့်မျက်ဝန်းလေးတစ်စုံကို ငါ မြင်လိုက်ရတာပါပဲ။
အဲဒီမျက်ဝန်းလေးကို မြင်လိုက်ရတော့ ငါ ကျေနပ်သွားပြီး လှစ်ခနဲပြုံးလိုက်မိတယ်။ နင်က ငါကို ပြုံးပြီး ကြည့်နေခဲ့တာလေ။ ဘယ်အချိန်ကတည်းကများ နင်ရောက်နေခဲ့သလဲလို့ ငါ တွေးမိလိုက်သေးတယ်။ နင့်ကိုငါ ရှာကြည့်နေတာကို မြင်များမြင်သွားသေးလားလို့လား ပူမိသေးတယ်။
အပေါ်နောက်တစ်ထပ် ထပ်ပြီးမတက်ခင် နင့်ကိုငါ နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်မိလိုက်တယ်။ နင်က ပြုံးပြီး ကြည့်နေဆဲ။ နင့်ကိုငါ လက်တစ်ဖက် မြှောက်ပြခဲ့လိုက်မိတယ်။
၇။
အမှတ်တရ စာအုပ်လေးကို ရင်ဘတ်မှာ အပ်ထားပြီး တစ်နေ့လုံး ငါငိုနေမိခဲ့တယ်။ နင့်အကြောင်းလေးတွေတွေးလေလေ ငါလေ နင့်ကို ပိုလွမ်းမိလေလေ။ ခဏလေးအတွင်းမှာ နင့်ကို သိပ်ပြီး လွမ်းတတ်သွားတဲ့ ငါ့အဖြစ်ကို နင် ယုံနိုင်ပါ့မလားဟင်။
ငါ့စိတ်ကို တင်းလိုက်တယ်။ ပါးပြင်ထက်က မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်။ နင်ပေးလိုက်တဲ့ လက်ဆောင်လေးတွေကို တစ်ခုချင်း ထုတ်ကြည့်လိုက်တယ်။ အမှတ်တရ ဝတ္ထုစာအုပ်လေးအပြင် တခြားဝတ္ထုစာအုပ်လေး သုံးအုပ်။ လိမ္မော်ရောင် သားရေမျက်နှာဖုံးနဲ့ မှတ်စုစာအုပ် အသစ်လေးတစ်အုပ်။ ပြီးတော့ ပန်းနုရောင် စက္ကူဗူးလေးတစ်ဗူး။ ဗူးက ရှည်ရှည်မျောမျောလေးဆိုတော့ အထဲမှာ ဘောပင်လေးများလားလို့ ငါဖွင့်ကြည့်လိုက်တော့ မဟုတ်ဘူး။ နံ့သာယပ်တောင်လေးတစ်ချောင်း။ ငါ သိပ်ကို အံ့သြပျော်ရွှင်သွားတယ်။ နင်က ငါ့ကို သိပ်သိတာပဲ ပြည့်စုံရယ်။ ငါက ယပ်တောင်လှလှလေးတွေဆို ငယ်ငယ်လေးထဲက ချစ်တာလေ။
ယပ်တောင်လေးကို ဖြန့်လိုက်တော့ နံ့သာဖြူနံ့လေးက လှိုက်ခနဲ ထွက်လာတယ်။ ယပ်တောင်လေးကို ငါ ဖွဖွလေး ငုံ့ နမ်းလိုက်တယ်။ အဲအချိန်မှာပဲ ငါ့ကိုယ်ငါ ပိုပြီး သေချာသွားတယ်။ ဟုတ်တယ် ပြည့်စုံရေ.. နင့်ကို ငါ အခု ချစ်နေပြီ။ နင့်ကိုငါ သိပ်ပြီးတော့ကို ချစ်နေပြီ။
ကဲ.. ဘယ်လိုလုပ်မလဲ ပြည့်စုံ။ နင့်ဖက်က ကမ်းလင့်ခဲ့ဖူးတဲ့ လက်ကို ပြန်ပြီး ရုတ်သိမ်းလိုက်ပါပြီ ဆိုတော့မှ ငါက အဲဒီလက်လေးတစ်ဖက်ကို လှမ်းပြီး ဆုပ်ကိုင်ချင်နေမိတာ။ အဲဒီဆန္ဒကို တတိယမြောက် အမှားလို့ ခေါ်ရမှာလားဟင်။
ဘာပဲဖြစ်ဖြစ်ဟာ.. အဲဒီဆန္ဒလေးဟာ အမှားတစ်ခုဟုတ်မဟုတ် စမ်းကြည့်ချင်သေးတယ်။ အဲဒါကြောင့် ငါ မသိအောင် နင်ခိုးယူသွားခဲ့တဲ့ ငါ့နှလုံးသားလေး… ငါ့ကို ပြန်ပေးလှည့်ပါဦးလား။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
--

No comments:
Post a Comment