Sunday, April 20, 2014

စက်ရုပ်တစ်ရုပ်နဲ့ချစ်ခင်ခြင်း - (၁)

လောလောဆယ် ကျွန်မမှာ ချစ်သူတစ်ယောက်ရှိသည်။သူက ဆရာဝန် လူတန်း စားကို အရမ်းမုန်းတီးသည်။ ကျွန်မက မိမိကောင်းကျိုးအတွက် နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်ကိုင်မည့်လူတန်းစားကို အရမ်းမုန်းတီး သည်။ သို့သော် … ကျွန်မတို့နှစ်ယောက် ထူးဆန်းစွာပင် ချစ်သူတွေ ဖြစ်ခဲ့ကြပါသည် ။


ဆန့်ကျင်ဘတ် စိတ်ဓါတ်ရှိသူအချင်းချင်း ပေါင်းစပ်၍ ရ,မရ ကျွန်မစဉ်းစားနေဆဲမှာပင် ကျွန်မ တို့ နှစ်ယောက် ပေါင်းစပ်ခြင်းဖြင့် ပြင်းထန်သောအချစ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နေပြီ။ကျွန်မတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်လာကြသည့် အချိန်မှစ၍ ကိုယ်စီ နောင်တတွေနှင့် နောက်ဆုတ်ထွက်ပြေးဖို့ နေ့စဉ် နေ့တိုင်း စဉ်းစား မိကြသည်။ သို့သော် နောက်ဆုတ်ဖျက်သိမ်းဖို့ကြိုးစားရင်းနှင့်ပင်ကျွန်မတို့ နှစ်ဦးအကြားတွင် ကြိုးစတွေ တစ် ရစ်ပြီး တစ်ရစ် တိုး၍ ချည်နှောင်ပြီးသား ဖြစ်နေပြီ။ကျွန်မလိုချင်သော ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးအစား ထဲတွင် သူ မပါဝင်ခဲ့သလို သူ တစ်ခါတစ်ရံစိတ်ကူးတတ်သော ချစ်သူအမျိုးအစားထဲတွင် ကျွန်မ လိုမိန်းမမျိုး မပါဝင်ဘူး ဟု သူ အတိအလင်း ထုတ်ဖော်ပြောလေသည်။ ဤစကားမျိုး အပြန်အလှန်ပြောမိတိုင်း တစ်ယောက်ကို တစ်ယောက် ရန်လိုစွာခေတ္တစိုက်ကြည့်မိကြမြဲ။ သို့သော် ခဏအတွင်း စိတ်ကိုလျှော့ကာ အဖြစ်အပျက်ကို ရယ်မောဖို့ကြိုးစားကြမြဲဖြစ်သည်။



တစ်ယောက်၏အကျင့်စရိုက်ကို တစ်ယောက်က မနှစ်မြို့နိုင်ပါဘဲနှင့် ဘာဖြစ်လို့များ ကျွန်မတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါလိမ့်။ဤကဲ့သို့ ကျွန်မစဉ်းစားကြည့်တိုင်း ဘယ်တော့မျှ အဖြေ မရနိုင်သည့်ပုစ္ဆာတစ်ပုဒ် ကို တွက်နေရသလိုခံစားရလေသည်။



ကျွန်မက လွတ်လပ်ပွင့်လင်းမှုကိုသဘောကျသူ၊သူက ထိန်းချုပ်လျှို့ဝှက်မှုကိုသဘော ကျသူ ၊ ကျွန်မ၏မိသားစုမွေးချင်း ၊တစ်ဦးစီ၏စိတ်နေသဘောထား အလုပ်အကိုင်က အစ သူ့ကိုတစ်လုံးမကျန် ပွင့်လင်းစွာ ကျွန်မပြောခဲ့ပြီး ဖြစ်ပါလျက် သူ့မှာမွေးချင်းဘယ်နှစ်ယောက်ရှိမှန်းပင် ကျွန်မ မသိခဲ့ပါ။ သူကလည်း စကားစပ်ပြီး မပြောပြခဲ့ပါ။ ကျွန်မကလည်း စပ်စုစွာမေးကြည့်ဖို့စိတ်မကူးခဲ့ပါ။ ကျွန်မနှင့်သူခင်မင်သိကျွမ်းသည့်ရက်မှစ၍ ချစ်သူဖြစ်သွားကြသည့်အချိန်အထိ သုံးနှစ်ကျော်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ သူ့ဖခင် ဘာကြောင့် သေဆုံးသွားသည်ဆိုတာ ကျွန်မ မသိခဲ့ပါ။ သူကလည်း ပြောမပြခဲ့ပါ။



ကျွန်မကကိုယ့်အတွက်နှင့် သူတစ်ပါးစိတ်ဆင်းရဲဆုံးရှုံးရမည်ကို အလွန်စိုးရိမ်တတ်ပြီး တစ် ဖက်သားကို အမြဲငဲ့ညှာလေ့ရှိသူ ဖြစ်သည်။သူကတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုသည့် လူစားမျိုးဖြစ်သည်။ သူ့ကို အတ္တကြီးသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ကျွန်မပြင်းထန်စွာစွပ်စွဲတိုင်း သူက ပန်းနှင့်ပေါက်ခံရသလိုပင်ပြုံးပြုံးကလေး ဝန်ခံမြဲ ဖြစ်သည်။



တစ်ခါတုန်းကတော့ ကျွန်မနှင့်သူ အောင်မြင်မှု နှင့်ပတ်သတ်၍ အချီအချ စကားများ ကြဖူးသည်။လောကမှာ အောင်မြင်ကြီးပွားမှုကိုတော့ လူသားတိုင်း လိုချင်တပ်မက်ကြတာ သဘာဝပဲ မဟုတ် လား ။ သို့သော် စာနာမှု ဆိုတာလည်း လူသားတွေမှာရှိသင့်သည်ဟု ကျွန်မထင်သည်။



'' ကိုယ့်ဘဝခရီးလမ်းမှာ အောင်မြင်မှုတစ်ခုကို ရဖို့တစ်ယောက်ယောက်ကိုဖြတ်ကျော် နင်းပြီးမှ ရမယ်ဆိုရင်ကိုယ်ကတော့ အဲဒီ့နေရာမှာပဲရပ်နေလိုက်မယ်ရှေ့ဆက်မသွားသေးဘူး " ဟု သူ့ကို ပြောသောအခါ သူကပြုံးရယ်လေသည်။ သူ့အပြုံးကိုကျွန်မသိသည်။ခေါင်းမာသူ တစ်ယောက်၏အပြုံးမျိုးလေ။



" မင်းကတော့ အဲ့ဒီလိုမဟုတ်ဘူးဆိုတာ ကိုယ်သိတယ် " ဟု ကျွန်မခပ်တည်တည်စွပ်စွဲတော့ သူက ပြုံး၍ ထောက်ခံသည်။ " သိပ် သေချာတာပေါ့ " တဲ့ ။ ထို့နောက် သူ့အတ္တကို သူကိုယ်တိုင် ဖော်ထုတ် ဝန်ခံခဲ့၏။

" ကိုယ်ကတော့ ကိုယ့်ရှေ့မှာ ဘာကြီးပဲ ရှိနေပါစေ၊ ကိုယ်သွားချင်တဲ့လမ်းကို ရောက်အောင် သွားရမှာပဲ ၊ ကိုယ့်ရှေ့မှာရောက်လာတဲ့ ဘယ်လိုလူမျိုးကိုမှ မညှာတာနိုင်ဘူး၊အရေးကြီးတာ ပန်းတိုင်ရောက်ဖို့ပဲ " တဲ့ ။



တစ်ခါတစ်ခါကျတော့ သူ့မှာ နှလုံးသားမှ ရှိရဲ့လားဟု ကျွန်မ မကြာခဏ သံယယ ဝင်ခဲ့ရ လောက်အောင် သူက ပြတ်သားတိကျ သည် " မင်းမှာ နှလုံးသားမရှိဘူး " ဟု ကျွန်မ ညဉ်းညူတိုင်း " ကိုယ့်မှာ နှလုံးသားမရှိရင် မ, ကို ဘယ်လိုလုပ်ပြီး ချစ်မလဲ မ, ရဲ့ " ဟု ခပ်ပြုံးပြုံး ပြောလေ့ရှိပါသည်။



********************************************************



' ကွိ ' စာအုပ်ကို ဖတ်အပြီးတွင် မြန်မာနိုင်ငံ မှာ ကွိလိုလူမျိုးတော့ရှိမှာမဟုတ်ပါဘူးဟု ကျွန်မတွေးခဲ့ဘူးသည်။ သူနှင့်ခင်မင်သိကျွန်းသော အခါ သူသည်ကွိနှင့် ထပ်တူမဟုတ်ပေမယ့် ကွိ လောက် နီးပါး လူမှုရေးညံ့ဖျင်းသူဟု တစ်စတစ်စ သိမြင်လာခဲ့သည်။



သူ၏ အလုပ်ချိန်တိကျမှု ၊ အချိန်စာရင်းကို လေးစားမှု ၊ လောကဝတ္တရားကို လျစ်လျူရှုရလောက်အောင် ကိုယ်ကျိုးရှာ အတ္တကြီးမားမှု တို့ကို ရှုတ်ချရင်းသူ့ကိုတစ်စတစ်စ သံယောဇဉ်တွယ်၍ ချစ်ခင်လာခဲ့သည်။ သူ့မာနနှင့် အတ္တကို မနှစ်မြို့စွာပင် ကျွန်မသူ့ကို ချစ်မြတ်နိုးခဲ့ပါသည်။ အလွန်စကားနည်း သူလည်းဖြစ်သော၊အရှက်ကြီးသူလည်းဖြစ်သော၊ ထိန်းချုပ် လျှို့ဝှက်တတ်သူလည်းဖြစ်သော သူ့ထံမှ ကျွန်မ ဘာကိုမျှ မျှော်လင့်မထားခဲ့သည်မှာ အမှန်ဖြစ်သည်။သူ ကျွန်မကိုချစ်မြတ်နိုးကောင်း ချစ်မြတ်နိုး လိမ့်မည်ဟု တစ်ခါတစ်ခါ ထင်ခဲ့ဖူးသော်လည်း နိုင်ငံရပ်ခြားသို့အလုပ်သွားလုပ်ရန် စိတ်ရောကိုယ်ပါ ကြိုးစားနေသူ တစ်ယောက်အဖြစ်လည်းကောင်း၊ အသွေးအသားထဲမှာကိုက မြန်မာစိတ်လုံးဝမရှိသူတစ်ယောက် အဖြစ်လည်းကောင်းသိထားပြီးသော ကျွန်မအနေနှင့် သူ့ထံမှ ဖွင့်ဟဝန်ခံမည့် အချစ်ဆိုတာကို လုံး၀ မျှော်လင့်မထားခဲ့ပါ။



နောက်ပြီး သူနှင့်ကျွန်မက တစ်မြို့တည်းနေကြသူများလည်းမဟုတ် (ကျွန်မနှင့်သူ ၃၆၅ မိုင်ဝေးပါသည်။) တစ်ခါတစ်ခါမှ တွေ့ကြသူများဖြစ်၍ သူကလည်း သူ့အလုပ်တာဝန်နှင့် သင်တန်းများ အကြားတွင် ကျွန်မကိုမေ့နေနိုင်ရမည်။ ကျွန်မကလည်း ကျွန်မလူနာများနှင့်မိသားစုအတွယ်အတာ များအကြားတွင် သူ့ကိုမေ့နေနိုင်ရမည်။ဤကဲ့သို့ပင် ကျွန်မယုံကြည်ထားခဲ့၏။



သို့သော် သူကျွန်မကိုအလွန် ချစ်မြတ်နိုးသည့်အကြောင်း ကျွန်မထံစာရေးလာခဲ့ပါသည်။

ထို့နေ့က ကျွန်မအလွန်ကျေနပ်နှစ်သိမ့်နေခဲ့သည်။ယောကျ်ားငါးယောက်အပေါ်စိတ်ကစားခဲ့ဖူသူ၊ ရည်းစားလေးယောက်ရှိခဲ့ဖူးသူ မိန်းမ တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ်အဖြစ်ပျော်ရွှင်ရင်ခုန်ရသည့်ရည်းစားစာမှာ သူ့စာသာဖြစ်လေသည်။ဒါတောင်မှ ထိုရည်းစားစာသည် မြန်မာဘာသာဖြင့်မဟုတ်ပါ ။ ကျွန်မညံ့ဖျင်းသော အင်္ဂလိပ် ဘာသာဖြင့် ရေးထားခြင်းဖြစ်သည်။ သူကတောင်းပန်ထားပါသည်။



" အင်္ဂလိပ်ဘာသာနဲ့ ရေးလိုက်တာကို စိတ်မရှိပါနဲ့ ၊ မြန်မာလိုရေးရမှာ ရှက်နေလို့ " တဲ့လေ။ လဲသေလိုက်ပါလားဟု ကျွန်မ ကျိတ်ဆဲရေးလိုက်မိသေး၏ ။ ဘယ်မိန်းမ မဆို မြန်မာမိန်းမမှန်ရင် ကိုယ့်ချစ်သူကမြန်မာလို ချစ်ခွင့်တောင်းသည့် စာကိုသာ နှစ်သက်စွာဖတ် ချင်ကြပါလိမ့်မည်။ ကျွန်မကလည်း စိတ်ဓါတ်အားဖြင့် အလွန်မြန်မာဆန်သူတစ်ယောက် ပီပီ ချစ်သူ၏ မြန်မာလက်ရေးဖြင့် အချစ်အကြောင်းပြောပြသည့် စာကိုသာဖတ်လိုပါသည်။အံမာ … သူက ကျွန်မ အင်္ဂလိပ် စာသိပ် မကျွမ်းကျင်မှန်းသိ၍ အတတ်နိုင်ဆုံး လွယ်ကူရှင်းလင်းစွာ ရေးလိုက်ပါသတဲ့ ။ မောင်မင်းကြီးသားကို ကျေးဇူးတင်ရပါသည် ။ သို့သော် စာထဲမှာပင်ကျွန်မဘာသာပြန်၍ မတတ်သောစာကြောင်း သုံးကြောင်း ပါဝင်နေသေး၏။



သူနှင့် ကျွန်မစာသုံးစောင် အပြန်အလှန်ရေးသည်အထိ သူ အရှက်ကြီးဆဲ၊ အင်္ဂလိပ် ဘာသာဖြင့် ရေးဆဲ။(အင်္ဂလိပ်ဘာသာကို အပိုဘာသာအဖြစ် ကျွန်မတို့ မသင်ရဘူးဆိုလျှင် ကျွန်မနှင့်သူ ရည်းစားဖြစ်ဖို့ ဝေးပါသေး သည်။) ကျွန်မ သည်းမခံနိုင်သောအခါ သူ့ကိုရာဇသံပေး ရတော့သည်။



" မင်း ကိုယ့်ဆီကို မြန်မာလို မရေးရဲသေးဘူးဆိုရင်လဲ မင်းကိုယ့်ဆီ စာမရေးနဲ့ဦး ၊ အင်္ဂလိပ်လို တော့ ကိုယ် မဖတ်ချင်ဘူး "



ထိုအခါ သူက အလွန်သဘောကောင်းစွာ မြန်မာလိုရေးလေသည်။သူ့လက်ရေးက အင်္ဂလိပ်လက်ရေးလိုလည်း မလှ ။ ဝါကျတွေကလည်း ကမောက်ကမ ။ သည်ကြားထဲ လက်ရေးက သော့လိုက်သေး၏ ။ အသုံးအနှုန်းတွေကလည်း တစ်ခုနှင့်တစ်ခု ထပ်နေ၏ ။ လူငယ်အသုံးအနှုန်းမျိုးလည်း မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်းလေးငါးဆယ်လောက်က စကားအသုံးအနှုန်း မျိုးတွေ ပါတတ်သေးသည် ။ကျွန်မသည် အင်္ဂလိပ်ဘာသာဖြင့် စာများကိုသုံးလေးခေါက်ပြန်ပြန်ဖတ်ပြီး ရင်ခုန်ကျေနပ်လေ့ရှိသော်လည်း သူ့မြန်မာဘာသာဖြင့်စာများကိုတော့ တစ်ခေါက်ထက်ပိုပြီး မဖတ်တော့ပါ ။



ကျွန်မကဆရာဝန်သာဖြစ်သော်လည်း မြန်မာဘာသာကိုကျွမ်းကျင်စွာ၊ လှပစွာရေးဖွဲ့တတ်၏ ။သူကတော့ မြန်မာစာအဓိက ဂုဏ်ထူးတန်းအောင်မြင်ခဲ့သူ ဖြစ်ပါလျက်ဝါကျ လှလှကလေးများ မရေးဖွဲ့တတ်သူဖြစ်လေသည်။နောက်ဆုံးတော့ ကျွန်မကပဲ အလျှော့ပေးလိုက်ပါသည်။



" မင်းရဲ့ မြန်မာဘာသာစကားက ကိုယ်ရေးတဲ့ အင်္ဂလိပ်ဘာသာစကားလိုပဲ သိပ်ညံ့တယ်၊ ဒီတော့ မင်းကလည်း အင်္ဂလိပ်ရေး၊ကိုယ်ကလဲ မြန်မာလိုပဲရေးမယ် ... ဟုတ်ပလား " ဟုကျွန်မတို့နှစ်ယောက်အကြားက ဘာသာစကားခြားနားမှုကို ဤကဲ့သို့ ဖြေရှင်းလိုက်ပါသည်။



*********************************************************



သို့သော် ကျွန်မတို့နှစ်ယောက်ကြားတွင် ခြားနားမှုတွေ၊ကွဲလွဲမှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပြန်လေသည်။ အဓိကခြားနားမှု တစ်ခုမှာ သူစကားအလွန်နည်းသောကြောင့်ဖြစ်ပေါ်လာခဲ့သည်။

သူက ထိန်းချုပ်သူလည်း ဖြစ်သောကြောင့် သူ၏ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ဒေါသဖြစ်ခြင်း စသည့်ခံစားမှုများကို မျက်နှာမှာ မပေါ်လွင်အောင်ထိန်းတတ်၏ ။ သူဝမ်းသာနေသလား၊ သူဝမ်းနည်းနေသလား သူ ဖွင့်မပြောလျှင် ကျွန်မ ဘယ်လိုမျှမသိနိုင်ပါ။



တစ်ခါတစ်လေကျွန်မရှေ့တွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ စီးကရက်ဆယ်လိပ်လောက် ကုန်အောင်သောက်ချင်သောက်နေတတ်၏ ။ ဤအခါမျိုးတွင် ကျွန်မမှာ စကားမရှိစကားရှာ၍ သူ့ကိုပြောပြနေပေမယ့် သူက အင်းမလှုပ် အဲမလှုပ် ။ ဟုတ်တယ် ၊ မဟုတ်ဘူးသာဖြေလျက် ငြိမ်သက်နေတတ်သည်။



" တစ်ခုခု ကို စိတ်ဆိုးသလား " မေးကြည့် ၊ " မဟုတ်ဘူး " ဟုဖြေမည် ။ " ကိုယ့်ကိုစိတ်ကောက်စရာအကြောင်း တစ်ခုခုများ လုပ်လိုက်မိသလား " ဟု မေးလျှင် သူငြင်းမည်။ ထို့နောက် " မုန့်တစ်ခုခုသွားစားရအောင် " ဟု ကျွန်မ အဆိုပြုလျှင် သူငြင်းမည်။ " ကော်ဖီ သောက်မလား " ဟုတ်မေးလျှင် သူငြင်းမည် ။ထို့နောက် နှစ်နာရီလောက် အချိန်ကုန်သွားသည်အထိ သူ တုံဏှိဘာဝထိုင်နေမည် ။



အလကားထိုင်နေမည်ဟု မထင်လိုက်နှင့် ၊ သူ၏အိတ်ဆောင် ဂျာမာန် - အင်္ဂလိပ် အဘိဓာန် စာအုပ်ကလေးကို သဲကြီးမဲကြီးဖတ်လျက် သူ့ရှေ့မှာ ကျွန်မ တစ်ယောက်လုံး ငုတ်တု်ထိုင်နေတာကို မသိလိုက်မသိဘာသာ လုပ်ကာ ငြိမ်သက်နေခြင်းပဲ ဖြစ်လေ့ရှိသည် ။ နာရီကို မကြာခဏ ကြည့်မည် ။ သူပြန်သင့်ပြီဟု သူ သတ်မှတ်ထားသည့် အချိန် သို့ရောက်လျှင် " သွားမယ် " ဟု သူ ကောက်ခနဲ ထပြန် သွားသည်။



နောက်တစ်နေ့ သူလာသည့်အချိန်တွင် သူ့မျက်နှာ အနည်းငယ်ကြည်လင်နေ၍များ မနေ့က ဘာဖြစ်တာ လဲ ဟု သွားမမေးနှင့် ၊ ဘာမှမဖြစ်ပါဘူး ဟူသော အဖြေကိုသာရမည် ။ အဲသည်လောက်တောင် လျှို့ဝှက်သိပ်သည်း သူဖြစ်လေသည်။



ကျွန်မနှင့်သူနောက်ထပ်ကွဲလွဲချက် တစ်ခုမှာ ကျွန်မမှာ မိန်းခလေးဖြစ်ပါလျှက် စိတ်မကောက် တတ်ပါဘဲ သူက ယောကျ်ားဖြစ်ပါလျှက် ခဏခဏ စိတ်ကောက်တတ်ခြင်းဖြစ်၏ ။ သူ့အပြုအမူထဲက ကျွန်မ မနှစ်မြို့နိုင်သည့် အပြုအမူမျိုးတွေ တွေ့လျှင် ကျွန်မစိတ်ကောက်ဖို့ အမြဲကြိုးစားလေ့ရှိပြီး ဘယ်တော့မျှလည်း စိတ်မကောက်ဖြစ်တော့ပါ။ တစ်ခါတစ်ခါ ကျတော့ သူ့ကိုစိတ်လိုလက်ရ မေးကြည့်ဖူးသည် ။

" စိတ်ကောက်တာ ဘယ်လိုစ, ကောက်ရသလဲ ဟင် "

သူက ထုံးစံအတိုင်း မပွင့်တပွင့်ပြုံးလျက် …

" မသိဘူး ၊ ကိုယ့်ကိုယ်ကို ထိန်းရင်းထိန်းရင်းကနေ ကောက်ပြီးသားဖြစ်သွားပြီ၊ ကိုယ့်အတွက် တော့ စိတ်ကောက်တာ သိပ်လွယ်တာပဲ " ဟု ဖြေလေသည် ။ ကျွန်မအတွက်ကတော့ စိတ်ကောက်ဖို့ အလွန် ခက်ခဲ ပါသည် ။ သူမကြာခဏ အပြစ်ဆိုဘူးသလို ကျွန်မက အလွန်သဘောကောင်းသော မိန်းမ ဖြစ်နေ တာကိုး ။ သူ့မှာ မရှိသော ဂုဏ်သတ္တိ များ ကျွန်မမှာ အကုန်ရှိသည်။



အားနာတတ်ခြင်း၊ လိုက်လျောတတ်ခြင်း ၊သူတစ်ပါးကို တတ်နိုင်သမျှ ကူညီတတ်ခြင်း ၊ သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်ခြင်း စသည့် ဂုဏ်သတ္တိများ တစ်ခုတလေမျှ သူ့ထံတွင် ရှိမနေတာအလွန်အံ့သြဖို့ ကောင်း၏ ။

ကျွန်မ မိတ်ဆွေများနှင့်သူ တွေ့ဆုံစကားပြောဖို့အလွန် ဝန်လေးပင်ပန်းလေ့ရှိပါသည် ။

" ကိုယ်မိတ်ဆွေ အသစ်တွေ မလိုချင်ဘူး " ဟုတုံးတိတိ ငြင်းလေ့ရှိ၏ ။ သည်လိုဆိုလျှင်လည်း ကျွန်မဘက်ကို ကိုယ်ချင်းစာဖို့ကောင်းပါသည် ။ မိတ်ဆွေသစ်မတိုးချင်သော သူသည် ကျွန်မကိုတော့ သူ့ မိတ်ဆွေ များနှင့် မကြာခဏ မိတ်ဆက်ပေးဖို့ကြိုးစားလေ့ရှိသည် ။

သူ့မိတ်ဆွေ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြသည် ။သူ့အလုပ်ဌာနက မိတ်ဆွေ တစ်ယောက် နှစ်ယောက် ။ သူ့စကားပြောသင်တန်းတက်ရာ သံရုံးမှ မိတ်ဆွေ တစ်ယောက်နှစ်ယောက် ။ ထို့နောက် သူ့သူငယ်ချင်းက နှစ်ယောက် ။ သူက သူငယ်ချင်းအလွန်ရှားသည် ။ မြန်မာလူမျိုးချင်း မိတ်ဆက်ပေးလျှင် ကျွန်မအတွက် အပန်းမကြီးသော်လည်း နိုင်ငံခြားသားများနှင့် မိတ်ဆက်ပေးလျှင် ကျွန်မ အလွန် စိတ်ဆင်းရဲရ တတ်ပါသည် ။ကျွန်မသည် အင်္ဂလိပ်စကားပြောခြင်းနှင့် လုံး၀ အကျွမ်းမဝင်သူသာဖြစ်၏ ။ဘယ်သူနှင့် ဘာပြောပြော အိုးနင်းခွက်နင်း အမြီးအမောက်မတည့်ပါ ။ထို့ကြောင့် အတတ်နိုင်ဆုံး စကားကို နည်းအောင် ပြောမိသည်။ ထိုအခါ သူက စိတ်ဆိုးပြန်၏ ။



ဘာမျှမပြောတတ်၍ ပြုံးရုံပြုံးစေ့ပြန်တော့လည်း သူက စိတ်ဆိုးပြန်၏ ။ထိုအခါမျိုးမှာတော့ သူ မကျေနပ်သည့်အကြောင်း ကျွန်မကို ဖွင့်ဟပြောပြတတ်သည် ။ ထို့နောက် ကျွန်မကို အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ တိုက်တွန်းလေ သည် ။ စာအုပ်များ ၊ တိပ်ခွေများ တစ်ပုံတစ်ပင် ဝယ်ပေးလျက် စကားပြောနားထောင်လေ့ကျင့်ဖို့ တိုက်တွန်း၏ ။ အမေရိကန် မှ ထုတ်သော လက် သုံးလုံးခန့် ထူသည့် အင်္ဂလိပ်စာကျွမ်းကျင် စွာရေးနည်း စာအုပ်အပြာကြီးကို ကျွန်မကို လက်ဆောင်ပေး၏ ။

တစ်နှစ်အတွင်း အပြီးလေ့ကျင့်ရမတဲ့ ။ သူက အချိန်အပိုင်းအခြား သတ်မှတ်ပေးလိုက်သေးသည်။



" လက်စလီ … ကိုယ့်မှာ လူနာတွေနဲ့ မိသားစုတာဝန်နဲ့ ဘယ်လိုမှ အချိန်မရဘူး " ဟု ကျွန်မငြင်းတော့ သူ စုတ်တစ်ချက်သပ်ကာ ခေါင်းယမ်းတော့သည် ။

" အချိန်ဆိုတာ ရအောင်ယူတတ်ရတယ် " တဲ့။ ကျွန်မတို့ဆရာဝန်များသာ ကိုယ်ချင်းစာ တတ်သည့် ကိုယ့်အချိန်ကိုယ်မပိုင်သော အဖြစ်အပျက်များကိုပေါ့ ။ သည်တော့ သူက ဇွတ်ငြင်းပြန်၏ ။ မနက် နှစ်နာရီတို့၊ လေးနာရီတို့ ဆိုတဲ့အချိန်တွေက လူနာကြည့်တဲ့ အချိန်မှ မဟုတ်တာ ၊ ကြည့်မပေးနဲ့ပေါ့ " တဲ့ ။



" နောက်ပြီး ည ရှစ်နာရီကျော်ရင် လူနာမကြည့်ဘူးဆိုပြီး အိမ်တံခါး ပိတ်ထားပေါ့ " တဲ့ ။ ဆရာဝန် တစ်ယောက်၏ ကရုဏာစိတ်၊ ကိုယ်ချင်းစာစိတ် ၊ တာဝန်ယူတတ်သည့်စိတ်များကို သူ ထည့်မတွက်ခဲ့ပါ ။ သည်အတွက်လည်း သူ့ကို ကျွန်မ အပြစ်မတင်လိုပါ ။ သူကဆရာဝန်မှ မလုပ်ဖူးဘဲ ဟု သူ့ကို ခွင့်လွှတ်ခဲ့ရမြဲ ဖြစ်ပါသည် ။



သူကတော့ သူ့အချိန်ဇယားကို နည်းနည်းမျှ အလွဲခံတတ်သူမဟုတ် ။သူ့အလုပ် သူ့သင်တန်းကို အလွန်လေးစားသူဖြစ်သည် ။ရန်ကုန်သို့ ကျွန်မ ရောက်သည့်ရက်များတွက် တစ်ခါတလေ ကျွန်မလာလို့များ သူ့ရုံးကို ဖျက်လိမ့်မည် မထင်နှင့် ၊ နံနက် ကိုးနာရီဆိုလျှင် အမြဲရုံးသွားလေ့ရှိသည် ။ ရုံးမသွားမီ နံနက်စောစော ကျွန်မ အိမ်သို့ သူရောက်လာလေ့ရှိသည် ။ အနီးအနား က ဆိုင် တစ်ဆိုင်သို့သွား၍ နှစ်ယောက်အတူတူ မုန့်စား ၊ ကော်ဖီ သောက်ကြမည် ။ ပြီးလျှင် သူရုံးသွားမည် ။ကျွန်မက မြို့ထဲ သွားစရာရှိလျှင် ဘတ်စ်ကားအတူစီးမည်။ ဘတ်စ်ကားပေါ်မှာ တစ်ခုံတည်း ထိုင်ရလို့လည်း စကားဖောင်ဖွဲ့ပြောမည်မထင်နှင့် ၊ တစ်ခွန်းမျှ မပြောဘဲတစ်လမ်းလုံး ငြိမ်သက်စွာလိုက်လာမှာပဲ ။

ဆင်းခါနီးမှ … " မ .. တစ်ယောက်တည်း ဖြစ်ရဲ့လား ၊ ကိုယ် လိုက်ဖို့ လို သလား " ဟု ဝတ္တရားကျေမေးတတ်သည်။ ကျွန်မက ဘယ်နှယ့်လုပ်ပြီး လိုက်ပို့ပါဟု ပြောထွက်မလဲ ၊ မဟုတ်ဘူးလား ။



" နေပါစေ ကွယ် ၊ မင်းရုံး ကိုသာ ဖြောင့်ဖြောင့်သွားပါ ၊ ကိုယ် ကဖြစ်ပါတယ် " ထိုစကားက လွဲပြီး ကျွန်မ မှာပြောစရာစကားမရှိပါ ။ တစ်ခါတစ်လေတော့ " လိုက်ပို့ကွယ် ၊ ကိုယ်တစ်ယောက်တည်း မသွားချင်ဘူး " ဟုပြောကြည့်ဖို့ ကြိုးစားဖူးသည် ။အဲသည်လိုများ တောင်းဆိုလျှင် သူကဘယ်လို ဖြေရှင်းမလဲ ။ ကျွန်မ သိချင်လိုက်တာ ။ သို့သော် ကျွန်မကအလွန်အလိုက်သိတတ် ၊ ငဲ့ညှာတတ်သည့် မိန်းမ ပဲလေ ။ ကျွန်မအတွက်ကြောင့်ဖြစ် သူ ရုံးမပျက်စေရ။ သင်တန်းမပျက်စေရ ။ ရုံးပျက်လိုက်လျှင် ကောင်းမလား ဟူသည့်တွေေ၀ စိတ်မျိုးပင် အနည်းငယ်မျှ မဝင်စေရ ။



*****************************************************

" မ, ကို အချိန်ရှိသမျှ သတိရနေတာ " ဟူသော စကားမျိုး ကိုသူ့ထံမှ တစ်ခါတလေသာ ကြားရလေ့ရှိ၏ ။



( ဂျူး ။ ၁၉၉၀ ပြည့်နှစ် ၊ မေလ ၊ ရှုမ၀ မဂ္ဂဇင်း ။ )

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...