Thursday, April 17, 2014

သမီးဖတ်ဖို့ >> ကြောင်ပန်းရွက် ခူးကြသူများ

သမီးရေ... အဲသည့်နေ့မနက်က ဖေဖေတို့
အိမ်ရှေ့နားမှာ လာပြီး မတ်တတ်ရပ်နေပြန် တာက အမျိုးသမီး ခပ်ရွယ်ရွယ်တစ်ယောက်
ပဲသမီးရဲ့။ အသက် ၄ဝ နဲ့ ၅ဝ ကြားလောက် လို့ ခန့်မှန်းရပါရဲ့။ သူက ဖေဖေတို့
အိမ်ခြံ ဝင်းအတွင်းဘက်ကို နည်းနည်းကလေး ကဲ ကြည့်လိုက် ခြံအပြင်ဘက်တစ်နေရာက
အပင်ကလေးတစ်ပင်ရှိရာဆီ ကြည့်လိုက်နဲ့ ပေါ့။ ဖေဖေသိပါတယ်။ ကြောင်ပန်းပင်ပဲနေ
မှာပေါ့။ ဖေဖေတို့အိမ်ရှေ့နားမှာ ကြောင် ပန်းပင်ကလေးတစ်ပင် ရှိတယ်လေ သမီး ရဲ့။
သည်အိမ်နဲ့သည်ခြံပေါက်စနကလေး ကို ဖေဖေတို့ဝယ်ဖြစ်လိုက်ကတည်းက ပါ လာတဲ့
ကြောင်ပန်းပင်ကလေးပေါ့။ ဘယ် သူစိုက်ခဲ့မှန်းလည်း မသိပါဘူးလေ။ အိမ် ရှေ့
ရေမြောင်းရဲ့အပြင်ဘက် နှုတ်ခမ်းစပ် မှာ ကပ်ပေါက်နေတာ။ ရေနဲ့နီးလို့ထင်ပါ ရဲ့။
သန်လိုက်တဲ့ ကြောင်ပန်းပင်ကလေး။ ဖေဖေတို့ကခုတ်ချထားလိုက် သူကပြန်ထွက်
လာလိုက်နဲ့။ အစကတော့ ဒီကြောင်ပန်းပင် ကလေးကို တိုးလျှိုပေါက် လှမ်းမြင်နေရတာ
သမီးရဲ့။ ဖေဖေတို့ခြံစည်းရိုးက သံဆန်ခါ မဟုတ်လား။ နောက်တော့ အုတ်တံတိုင်း
ကလေးလည်းကာလိုက်ရော ကြောင်ပန်း ပင်ကလေးက ကွယ်သွားရော။ အုတ်တံတိုင်း ပေါ်ကနေ
ကျော်ပြီးထွက်နေတဲ့ ထိပ်ဖျား ကလေးတွေကိုပဲ မြင်နေရတော့တယ်။ ကြောင်ပန်းပင်တွေက
မလှပါ ဘူးသမီးရယ်။ သူက ချစ်စရာကောင်းတဲ့ အမျိုးအစားထဲမှာလည်း မပါ,ပါဘူး။ ပြီး
တော့ သူ့အပွင့်က လူတွေအမြတ်တနိုးနဲ့ ပန်း အိုးထိုးကြ ပန်ဆင်ကြ လုပ်တဲ့
အပွင့်မျိုးမှ မဟုတ်တာ။ နည်းနည်းတောင် အနံ့စူးသ လားလို့။ ဒါပေမဲ့
ဒီကြောင်ပန်းပင်က ဆေး ဖက်တော့အဝင်သားသမီးရဲ့။ ကလေးတွေ ဖျားတဲ့နာတဲ့အခါ
သူ့အရွက်ကို ကြိတ်ပြီး ထွက်လာတဲ့အရည်နဲ့လိမ်းပေးရင် အညှော် ခံနိုင်တယ်တို့
ဘာတို့ ပြောကြတာပါပဲလေ။ ဒါကြောင့်မို့ထင်ပါရဲ့။ ဆေးမြီး တို အစွဲကြီးတဲ့
အမျိုးသမီးတချို့က သည် ကြောင်ပန်းရွက်ကလေးတွေကို လာလာပြီး ခူးတတ်ကြတယ်။
ခွင့်တောင်းသူလည်းရှိ၊ ခွင့်မတောင်းသူလည်း ရှိပေါ့။ ခြံအပြင်တစ် နေရာမှာ
ပေါက်နေတဲ့အပင်မို့ ခွင့်မတောင်း တော့လည်း ဘာမှမဖြစ်လောက်တဲ့ ကိစ္စလို့
ဆိုပါတော့ သမီးရယ်။ အဲသည့်မနက်မှာ လာရပ်နေတဲ့ မိန်းမကတော့ ခွင့်တောင်းတဲ့
မိန်းမတစ် ယောက်ပေါ့။ ကြောင်ပန်းရွက် နည်းနည်းခူး ချင်လို့တဲ့။ သြော်...
အံ့သြမိပါရဲ့။ ဖေဖေ ကလည်း ခူးပါခူးပါပေါ့။ သူက ကျေးဇူးပဲ နော်လို့ဆိုကာ
ကြောင်ပန်းရွက်လေး ငါး ခက်ကို ခူးနေပါလေရဲ့။ ဘာပဲဖြစ်ဖြစ် ခွင့်
တောင်းတဲ့အပေါ်မှာ ဖေဖေ ကျေနပ်မိတာ ကတော့ အမှန်ပဲသမီးရဲ့။ လူတွေ ခပ်ကြာကြာ
အချိန်ယူ ပြီး ထိုင်လေ့ရှိကြတဲ့ လက်ဖက်ရည်ဆိုင်မျိုး၊ စားသောက်ဆိုင်လိုမျိုး
နေရာတွေကို ဝင် သွားကြတဲ့အခါ တစ်ခါတစ်ရံ ထိုင်ခုံကိစ္စ ကလေးတွေက အဆင်မပြေတာ
ရှိတတ် တယ်သမီးရဲ့။ ဆိုကြပါစို့ ကိုယ်က လူငါး ယောက်၊ စားပွဲမှာခင်းထားတာက
ထိုင်ခုံ လေးလုံး။ အဲသည့်အခါ ဘေးစားပွဲခုံ တစ် ခုခုကနေ
ဖေဖေတို့ထိုင်ခုံတစ်လုံးလုံးကို လှမ်း ယူရတော့မှာပဲလေ။ အဲသည့်အခါမျိုးတွေ မှာ
သမီး သတိထားကြည့်လိုက်။ လူတော် တော်များများက ဆတ်ခနဲဆိုသလို ဆွဲယူ ပြီး
ထိုင်လိုက်ကြတာပါပဲ။ တချို့တလေက သာ အဲဒီစားပွဲခုံမှာရှိနေတဲ့ တစ်ယောက်
ယောက်ကို အသိအမှတ်ပြုတဲ့ပုံစံနဲ့ 'လူရှိ လား မသိဘူးဗျာ'တို့၊ 'ခုံတစ်ခုံလောက်
ယူ လိုက်မယ်နော်'တို့ဆိုပြီး ခွင့်တောင်းတတ် ကြတယ်။ ဆိုင်က စားပွဲခုံပဲ
ကိုယ်ပိုင်ဝယ် ထားတဲ့ခုံတွေ မဟုတ်ဘူးလို့ဆိုပေမယ့် သူ ထိုင်နေတဲ့အချိန်မှာ
သူ့ရဲ့ပိုင်ခွင့်လို့ နားလည် ထားပြီး ခွင့်တောင်းတာဟာ သိပ်ကိုယဉ်ကျေး
တဲ့ဓလေ့လို့ ဖေဖေတော့ထင်မိတာပဲ။ တချို့ များဆိုရင် ဘယ်မှာမှ
ထိုင်စရာမရှိတော့တဲ့ အခါ လွတ်နေတဲ့ထိုင်ခုံကလေးမှာ ထိုင်ဖို့
ရောက်နှင့်နေတဲ့လူဆီမှာ ခွင့်တောင်းနေလိုက် တာများ ကြည်နူးဖို့ကောင်းလိုက်တာ။
သည်လိုပါပဲသမီးရယ်။ ဆေးရုံတို့ ဆေးခန်းတို့ကို သွားတဲ့အခါ ဆရာဝန်ကို
စောင့်ရင်းနဲ့ လွတ်နေတဲ့ ခုံတန်းတစ်နေရာ မှာ ဝင်ထိုင်ဖို့အတွက် မူလက
ထိုင်နှင့်နေ သူကို ''ထိုင်မယ်နော်''လို့ ခွင့်တောင်းတာ ကိုလည်း
သမီးတွေ့ဖူးမှာပါပဲ။ မီးရထားဘူ တာရုံတို့ ဘတ်စ်ကားမှတ်တိုင်တို့လိုနေရာ တွေက
အများပြည်သူထိုင်ဖို့ လုပ်ထားတဲ့ နေရာတစ်နေရာရာမှာ ဝင်ထိုင်ဖို့ ထိုင်နှင့်
သူကို အပြုံးနဲ့ခွင့်တောင်းတာကိုလည်း သမီး မြင်ဖူးမှာပါပဲ။ ဖေဖေကတော့ ဒါကို
ယဉ် ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ပြယုဂ်အဖြစ် သဘောကျမိတာ အမှန်ပဲ။
အခုလည်းကြည့်... ဒီကြောင်ပန်းပင်ကလေးဟာ ဖေဖေတို့အိမ်ရှေ့မှာပေါက်နေတဲ့ အပင်
လေးလို့ဆိုပေမယ့် ခြံစည်းရိုးရဲ့ အပြင်ဘက် မှာလေ သမီးရဲ့။ ဘာမပြော ညာမပြောနဲ့
ခူးသွားတော့လည်း ကြည့်နေလိုက်ရုံပေါ့။ အဲဒီနေ့ရဲ့ အမျိုးသမီးကကျတော့ ခြံတံခါး
အဝမှာ အသာကလေးရပ်လို့။ ကြောင်ပန်း ရွက် နည်းနည်းခူးမယ်နော်တဲ့။ လှမ်းပြီးခွင့်
တောင်းနေလိုက်တာများ...။ လောကကြီးမှာ ဖျိုးခနဲ၊ ဖျတ်ခနဲ လက်ရဲ ဇက်ရဲမဟုတ်ဘဲနဲ့
ကိုယ့်ကိုယ်ပိုင် မဟုတ်တဲ့ အရာဝတ္ထုတစ်ခုခု၊ နေရာတစ်နေ ရာကအစ
ခွင့်တောင်းဦးမှလို့ စဉ်းစားတတ် သူတွေလည်း ရှိတတ်ကြတယ်နော်။ လမ်း ပေါ်က
ကြောင်ပန်းပင်ကလေး ခူးဆွတ်ပါ ရစေတဲ့။ သြော်...ခူးလိုက်စမ်းပါတော့ လား...။ ။


(မောင်သာချို)

--

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...