Saturday, April 27, 2024

အင်္ဂလိပ်စာဘာကြောင့် မတတ်သေးတာလဲ ?

ကျွန်တော်တို့ တစ်တွေ သူငယ်တန်းကဆယ်တန်း၊ တက္ကသိုလ် ဘွဲ့ရတဲ့ အထိအင်္ဂလိပ်စာကို (၁၀) နှစ်ကျော် သင်ယူခဲ့ကြပြီးပြီ၊ ဒါပေမဲ့ ကျောင်းပြီးတဲ့အထိအင်္ဂလိပ်စာကိုဟုတ်တိ၊ ပတ်တိသေသေချာချာတတ်တဲ့ ရာခိုင်နှုန်းကနည်းပါတယ်။ ဒီဇိုင်နာ၊ ကွန်ပြူတာပြုပြင်၊ စက်ချုပ်၊ ကားပြင် စသည်စသည် ဖြင့် အတတ် ပညာတစ်ခုခုကိုလေ့လာတဲ့အခါ (၃) နှစ်လောက် အချိန်ယူလိုက်ရင် အသက်မွေးဝမ်းကြောင်းလုပ်စားနိုင်ပါတယ်။ ဒါဆိုရင် (၁၀) နှစ်ကျော် လေ့လာခဲ့တဲ့ အင်္ဂလိပ်စာဘာကြောင့် မတတ်သေးတာလဲ ? နောက်တစ်ခုက International School က ကျောင်းသား/ ကျောင်းသူတွေဟာ P1, P2 လောက်ဆိုအင်္ဂလိပ်လိုထမင်းစားရေသောက်ကောင်းကောင်းပြောတတ်နေပြီ၊ S1, S2 လောက်ဆိုရင် အင်္ဂလိပ်၀တ္ထုတွေတောင် ကောင်းကောင်းဖတ်နေပြီ။ ဒါဆိုရင် အဖြေတစ်ခုတော့ ရှိရပါမယ်။ မွေးကတည်းကဘယ်သူမှ တတ်မြောက်လာတာမဟုတ်ပါ၊ သင်ယူရတဲ့ အခြေအနေအပေါ်မူတည် ပြီးတော့ တတ်မြောက်မှု နှုန်းတွေ ကွာခြားသွားတာပါ။ ဘာသာစကားတစ်ခုကိုဘယ်လိုတတ်လာလဲဆိုတာနည်းနည်းစဉ်းစားကြည့်ရအောင်ပါ။ ဘာသာစကားတစ်ခုကိုစတင်လေ့လာတဲ့အခါ နားကစတင်ပါတယ်။ ဆိုလိုတာက Listening က စရပါတယ်။ ဥပမာ - မြန်မာလူမျိုးကလေးလေးတစ်ယောက်ကိုမွေးကတည်းကအင်္ဂလန်မှာသွားထားကြည့်ပါ၊ သူဘာစကားတတ်မလဲ?ဒီလိုပဲအင်္ဂလိပ်ကလေးလေးတစ်ယောက်ကိုမွေးကတည်းက မြန်မာပြည်မှာခေါ်ထားကြည့့်ပါ။ သူဘာစကားပြောမလဲ? ဒါထက် ပိုပြီးစဉ်းစားကြည့်ရင် အသက်ကြီးမှ နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှာအလုပ်သွားလုပ်တယ် ဆိုကြပါစို့၊ နှစ်တွေကြာလာတဲ့အခါ အဲဒီတိုင်းပြည်ကဘာသာစကားကိုသူတတ်သွားတယ်၊ ဘယ်သူကသင်ပေးလိုက်တာလဲ? နားကတဆင့် တနည်းပြောရင် Listening ကတစ်ဆင့် အဲဒီဘာသာစကားကိုတတ်သွားတာပါ။ ကိုယ့်ရဲ့ငယ်ဘဝကိုလည်း ပြန်တွေး ကြည့်ပါ။ စကားမတတ်ခင် နားထောင်ခဲ့ရပါတယ်။ ၂/၃ နှစ်လောက် နားထောင်ပြီးမှ အဖေ၊ အမေပြောတဲ့စကားကိုလိုက်ပြောရတာပါ။ အဲဒီကမှ တစ်ဆင့် စကားတတ်လာတာပါ၊ စကားတတ်လာတော့မှ ၅ နှစ်မှာကျောင်းစတတ်တယ်၊ စာသင်ရတယ်၊ တနည်းပြောရရင် အရေး (Writing)၊ အဖတ် (Reading) ဆက်သင်ရတယ်။ ကောင်းပြီ … ဒါဆိုရင် ဘယ်လို့လေ့လာရမလဲ ? အထက်မှာပြောထားတဲ့ အတိုင်းဘာသာစကားတစ်ခုတတ်ချင်ရင် Listening – Speaking – Writing – Reading အစဉ်အတိုင်းလေ့လာရပါမယ်။ ပထမတစ်ဆင့်က နားထောင်ရမယ်၊ နားရည်ဝလာတော့မှ အတုယူပြီးပြောမယ်၊ ပြောတတ်လာတဲ့အခါ ပြောတတ်သလောက် ချရေးကြည့်မယ်၊ ပြန်ဖတ်မယ် ဒီပုံစံအတိုင်းပဲသွားရမှပါ။ ဒါပေမဲ့ ကျောင်းမှာသင်ခဲ့ရတဲ့အခါ ဆရာ/ ဆရာမတွေကအင်္ဂလိပ်လိုမပြောတော့ ကျောင်းသားတွေလည်းအတုယူပြောလို့ မရတော့ပါ။ ဆရာ/ ဆရာမတွေကအင်္ဂလိပ်စာပိုဒ် တစ်ပိုဒ် ဒါမှမဟုတ် တစ်ပုဒ် ကိုဖတ်ပြီးတော့ မြန်မာလိုဘာသာပြန်ပြ ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တစ်တွေ အင်္ဂလိပ်စာကို မြန်မာလိုတတ်သွားပါတယ်။ အဲဒီတော့ (၁၀) နှစ်ဆိုတဲ့ အချိန်အတွင်းမှာမတတ်တာမဆန်းပါဘူး။ အလုပ်တစ်ခုလုပ်တဲ့အခါ … ဘာသာရပ်တစ်ခုလေ့လာတဲ့အခါ နည်းလမ်းမှန်ဖို့ အင်မတန် အရေးကြီးပါတယ်။ လမ်းမှားသွားရင် အားထုတ်လေလေပန်းတိုင်နဲ့ ဝေးလေလေ ဖြစ်သွားပါတယ်။ ပထမဆုံးအဆင့် နားထောင်ရမယ်၊ Listening လုပ်ရမယ်၊ အဲဒီအခါ နားမလည်တဲ့ အခက်အခဲတွေ တွေ့ရပါတယ်၊ အမှန်ပါပဲ … ကလေးဘဝတုန်းကအဖေ/ အမေတွေပြောတဲ့စကားတွေကိုအားလုံးနားလည်လို့လား ?ဒီလိုပဲ International School တွေမှာ Nursery မှာ ၃နှစ်ပဲရှိသေးတဲ့ ကလေးတွေကိုအင်္ဂလိပ်လိုပဲသင်ပါတယ်။ သူတို့ ဘယ်လိုလုပ် အကုန်နားလည်မှာလဲ ?ဒါပေမဲ့ ကလေးကအတွန့်မတက် တတ်သေးတော့ ကြိတ်မှိတ်ခံရပါတယ်၊ ဒီလိုနဲ့ အချိန်ကြာတော့ တတ်လာတယ်၊ လူကြီးကတော့ အတွန့်တက်တတ်တော့ နားလည်းမလည်ပါဘူးဆိုပြီးလက်လျော့လိုက်ကြတယ်၊ အဲဒီမှာတတ်မြောက်မှု နဲ့ ဝေးသွားတာပါပဲ။ ဟုတ်ပြီ Listening ဘယ်လိုလုပ်မလဲ ?နားထောင်တဲ့အခါ ပထမအဆင့်က နားလည်ဖို့သာ ကြိုးစားပါ၊ ဘာသာမပြန်ပါနဲ့၊ ကြားတာနဲ့ စိတ်ထဲကဘာသာလိုက်ပြန် နေတော့ လုပ်ရမှာက Listening လုပ်နေတာက Translation ဖြစ်တဲ့အတွက် လမ်းလွဲသွားပါတယ်။ ဘာသာစကားသင်ယူရတာ ရိုးရိုးရှင်းရှင်းလေးပါ၊ ဒါပေမဲ့ အလွန် သိမ်မွေ့ပါတယ်။ နားထောင်နေတဲ့အခါ ဘာသာလုံးဝ(လုံးဝ) ဘာသာမပြန်ပါနဲ့၊ ကြားတဲ့အတိုင်းနားလည်အောင် ကြိုးစားပြီးလိုက်ဆိုပါ။ နားလည်လည်/ မလည်လည် လိုက်ဆိုပါ။ နားလည်လာတဲ့အချိန်မှာပါးစပ်ကစကားလုံးတွေ၊ စာကြောင်းတွေ ရနေပါပြီ။ ဆိုလိုတာကပြောတတ်နေပါပြီ။အဲဒီအချိန်မှာအခက်အခဲတစ်ခုကကိုယ်ထွက်တဲ့ အသံနဲ့ သူတို့ ပြောတဲ့ အသံတွေကမတူတော့ ချက်ချင်းနားမလည်ပါ။ အဲဒါကိုကျော်လွှားဖို့ တခြားနည်းမရှိပါ ကြိတ်မှိတ် နားထောင်ရုံပါပဲ။ အဲဒီလိုပဲလိုက်ပြောတဲ့အခါ အသံထွက်တွေ အမှန်အတိုင်းချက်ချင်းမရနိုင်ပါ၊ စိတ်မညစ်ပါနဲ့ … မြန်မာစကားတောင်မှ မွေးကတည်းကပီပီသသပြောတတ်တာမှ မဟုတ်တာ၊ အကြိမ်ပေါင်းများစွာပြောပြီးမှ ပီပီသသပြောတတ်လာတာပါ။ ပြောတတ်ရုံသက်သက် ဆိုရင် စာမတတ်လည်းပြောတတ်ပါတယ်။ အလေ့အကျင့် များများရှိရင် ပြောတတ်ပါတယ်။မိခင်ဘာသာစကားမှာလည်းစကားတတ်သူတိုင်းစာတတ်တာမှ မဟုတ်တာ။ပြောလည်းပြောတတ်နေပြီအက္ခရာတွေ A B C D တွေလည်းသိရင်တော့ရေးတဲ့ဖက်ကိုဆက်သွားလို့ ရပါပြီ။ ကောင်းကောင်းပြောတတ်ပြီဆိုရင် ပြောတတ်သလောက် ချရေးကြည့်ပါ။ အဆင်ပြေတာကိုတွေ့ပါလိမ့်မယ်၊ ဘာသာစကားသီအိုရီအရအရေးအသားဟာပြောစကားအပေါ်မှာအခြေခံပါတယ်။ Writing bases on Speaking လို့ဆိုပါတယ်။ ဘာမှ မပြောတတ်ဘဲချရေးဖို့ စဉ်းစားခဲ့ကြတဲ့အတွက် ဆယ်တန်းအောင်၊ ဘွဲ့ရတဲ့အထိကိုယ်ပိုင် Essay တစ်ပုဒ် ဖြောင့်ဖြောင့် မရေးတတ်ဖြစ်ကြတာပါ။ အဲဒီတော့ ဆယ်တန်းမှာလည်းကျက်၊ တက္ကသိုလ်မှာလည်းဆက်ကျက်ပေါ့၊ ဆရာကြီးဦးအောင်သင်းပြောသလိုမျိုးကျက်တက္ကသိုလ်တွေ၊ ကျက်မှုတက္ကသိုလ်တွေ၊ ဆေးကျက်က္ကသိုလ် တွေ ဆက်တက်ခဲ့ကြရတယ်။ ပြောတတ်ရင် ရေးတတ်ပါတယ်၊ ပြောတတ်ရင် ရေးတတ်တယ်ဆိုတာ ဖြစ်နိုင်/ မဖြစ်နိုင် နည်းနည်းစဉ်းစားရအောင် … ခုကျွန်တော် စာရေးနေတာလည်းပြောချင်တဲ့ အကြောင်းတွေကိုရေးနေတာပဲ၊ အဲဒီလိုပဲ G talk မှာ၊ facebookမှာ chatting လုပ်တဲ့အခါ၊ နေ့စဉ်ဒိုင်ယာရီတွေ ရေးတဲ့အခါ၊ မကျေနပ်ချက်တွေ ပေါက်ကွဲပြီးပြောစရာမရှိလို့ စာအုပ်ထဲမှာချရေးတဲ့ကြအခါ အဲဒါတွေ အားလုံးဟာပြောတတ်တာတွေကိုချရေးလိုက်တာပါပဲ၊ ဒီသဘောအတိုင်းပါပဲအင်္ဂလိပ်လိုပြောတတ်နေရင် အင်္ဂလိပ်လိုရေးဖို့ဆိုတာထွေထွေထူးထူးစဉ်းစားစရာမလိုဘဲပြောချင်တဲ့အတိုင်းချရေးရုံပါပဲ။ အဆင့်မြင့်မြင့် စာတစ်စောင်၊ ပေတစ်ဖွဲ့သာမရေးတတ်ရင်နေမယ် ကိုယ်ပြောတတ်သလောက်တော့ ရေးတတ်ပါတယ်၊ မိခင်ဘာသာစကားတောင်မှ စကားပြောတတ်သူတိုင်းဆောင်းပါး၊ ဝတ္ထု၊ စာတမ်းတွေ ရေးချင်ရင်တော့ သပ်သပ် အချိန်ပေးပြီးလေ့လာလေ့ကျင့်ရတာပဲ။ နောက်တစ်ခုက Listening, Speaking, Writing တွေအတွက် စကားလုံးလိုပါတယ်။ ဆိုလိုတာကအဲဒီစကားလုံးကိုသိပြီးသားဆိုရင် နားထောင်တဲ့အခါ နားလည်ပါတယ်။ ဥပမာ - ဆောင်းပါးအစမှာ ကျွန်တော် P1, P2 လို့သုံးထားပါတယ်၊ အဲဒီစကားလုံးကိုသိတဲ့သူက Primary 1, Primary 2 ကိုပြောတယ်ဆိုတာနားလည်တာပေါ့၊ P1, P2 ဆိုရင် ဂိမ်းကစားတဲ့ Play station 1, Play station 2 လည်းဖြစ်နိုင်တာပဲ။ စကားပြောတဲ့အခါလည်းစကားလုံးတွေလိုပါတယ်၊ စကားလုံးတွေ မရှိဘဲစကားပြောဖို့ ကြိုးစားတဲ့အခါ အတဲ့သူအိမ်မက် မက်သလိုမျိုးပြောချင်ပေမဲ့လည်းအာအုအာအု ဖြစ်နေပါလိမ့်မယ်။ ပြောစရာအကြောင်းတွေရှိပေမဲ့ စကားလုံးမရှိတော့ ပြောလို့မရဘဲအာအုအာအုတွေ ဖြစ်နေပါလိမ့်မယ်။ ရေးဖို့အတွက်လည်းဒီအတိုင်းပါပဲ။ ဒါဆိုရင် အဲဒီစကားလုံးတွေ ရအောင် ဘယ်လိုလုပ်မလဲ ? တစ်ချက်က Listening ကလည်းရနိုင်ပါတယ်၊ သူများပြောတာ ကြားဖူးတာများလာရင် အဲဒီစကားလုံးကိုသိလာ၊ သုံးတတ်လာပါတယ်။ ဒါပေမဲ့ ကျွန်တော်နိုင်ငံမှာ Listening က စကားလုံးတိုးဖို့ အခွင့်အလမ်းနည်းပါးပါတယ်၊ ဥပမာ - စင်္ကာပူတို့လို၊ အိန္ဒိယတို့လို့ လူမျိုးပေါင်းစုံကအင်္ဂလိပ်ဘာသာစကားကိုပဲအဓိကပြောကြတဲ့ နိုင်ငံမျိုးဆိုရင်တော့ Listening နဲ့တင် အလုပ်ဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီစကားလုံးတွေကိုဘယ်ကရမလဲ ? အဆင်ပြေဆုံးကတော့ Reading ပါပဲ၊ Reading က စကားလုံးတွေ အများဆုံးရနိုင်ပါတယ်။ အင်္ဂလိပ်စာအုပ်တွေ များများဖတ်ရပါမယ်။ စာကိုစဖတ်တဲ့အခါ ကိုယ်ကဘွဲ့ရပြီးပြီ၊ မာစတာ ပြီးပြီဆိုပြီးတော့ စာအုပ်အထူကြီးတွေ စမကိုင်ပါနဲ့၊ အိတ်လေးတာပဲအဖတ်တင်ပါမယ်။ ဖတ်ကြည့်တော့ နားမလည်တာတွေကများနေတော့ စကားလုံးမရမဲ့အပြင် စိတ်ညစ်ပြီးပစ်ထားလိုက်ပါတော့တယ်။ လွယ်လွယ်ကူကူစာအုပ်ပါးပါးလေးတွေ၊ ပုံပြင်စာအုပ်လေးတွေကစဖတ်ပါ၊ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုလာပြီးဆက်ဖတ်ချင်တဲ့ စိတ်တွေ ဖြစ်လာပါလိမ့်ပါမယ်။ ကျွန်တော်တို့ ရွှေမြန်မာတွေကအင်္ဂလိပ်စာအုပ် ခဏထား မြန်မာစာအုပ်ကိုတောင် တော်တော် ဖတ်ကြတာဆိုတော့ အင်္ဂလိပ်စာအုပ်တွေ များများဖတ်ပါလို့ ပြောသာပြောရတယ်၊ အားတော့ သိပ်မရှိလှဘူး။ ဒါပေမဲ့ အကျင့်တစ်ခု ဖြစ်လာဖို့ဆိုတာ ပြုစုပျိုးထောင် လေ့ကျင့်ယူလို့ ရပါတယ်။ ကိုယ်ဖတ်မယ်လို့ ရွေးထားတဲ့ စာအုပ်ကိုဖတ်ဖတ်/ မဖတ်ဖတ် ကိုယ်သွားလေရာယူသွားပါ။ လူတွေလိုပဲတွေ့ပါ မြင်ပါများတော့ နှုတ်ဆက်၊ နောက်တော့ ခင်မင် ရင်းနှီးမိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်သွားကြသလိုစာအုပ်နဲ့ ကိုယ်နဲ့ ရင်းနှီးအောင် အရင်လုပ်ရပါတယ်။ ကြာလာတော့လည်းအနားမှာအမြဲရှိနေတော့ တစ်ကြောင်း/ နှစ်ကြောင်းလောက်စီစဖတ်ရင်းကတဖြည်းဖြည်းနဲ့ စာဖတ်တဲ့ အကျင့်ရသွားပါလိမ့်မယ်။ ဒီလောက်ဆိုရင်တော့ အင်္ဂလိပ်ဘာသာစကားဘာလို့ မတတ်သေးတာလဲဆိုတာနည်းနည်းတော့ သဘောပေါက်လောက်ပါပြီ၊ အဓိကတော့ လမ်းမှားပေါ်မှာလျှောက်ခဲ့ကြတော့ အချိန်ကြာပြီးပန်းတိုင် မရောက်ပဲလမ်းမှာတင် လည်နေကြတာပါ။ ဒီနေ့ကစပြီးလမ်းမှန်ပေါ်မှာစိတ်ရှည်/ လက်ရှည်နဲ့ အချိန်ပေးပြီးလေ့ကျင့်ကြည့်ပါ။ အင်္ဂလိပ်စာလုံးဝ(လုံးဝ) တတ်လာပါလိမ့်မယ်။ အင်္ဂလိပ်စကား တစ်ခုရှိပါတယ် … “Late is better than Never” တဲ့ အခုချိန်ကစပြီးနောက်မကျသေးပါ။ ခုအချိန်ကစပြီးအင်္ဂလိပ်စာတတ်မြောက်ခြင်းလမ်းမှန်ပေါ်မှာစတင်လျှောက်လှမ်းနိုင်ပါပြီ … ။ “ အားလုံးအင်္ဂလိပ်စာတတ်မြောက်ကြပါစေ ……… ” အောင်ကိုဦး (UMK) Be the Best ! Ref . Myanmar Network

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...