မိုးကောင်းမြို့ကို ရှေးယခင်က “မိန်းကောင်း” ဟု ခေါ်ဆိုကြသည်။
“မိန်းကောင်း” သည် ရှမ်းဘာသာစကား ဖြစ်သည်။ “မိန်း” သည် မြို့တော် ဟု
အဓိပ္ပာယ်ရပြီး “ကောင်း” မှာ အိုးစည် ဟု အဓိပ္ပာယ်ရသဖြင့် မိန်းကောင်းကို
“အိုးစည်မြို့တော်” ဟု အဓိပ္ပာယ်ရသည်။ ကာလကြာသောအခါ မိန်းကောင်းမှ
မိုးကောင်းဟု တွင်လာခြင်း ဖြစ်ပါသည်။ မိုးကောင်းမြို့ကို လေးကြိမ်
လေးနေရာပြောင်း၍ တည်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ရှေးလူကြီးများ၏ ပြောကြားချက်ကို ဆက်စပ်ညှိနှိုင်းမှုအရ ပထမမိုးကောင်းမြို့၏ တည်နေရာမှာ ရှမ်းဘာသာစကားဖြင့် “ပူကမ်းမြို့” ဟုခေါ်သော ကားမိုင်းမြို့နေရာ ဖြစ်ပါသည်။
ဒုတိယမိုးကောင်းမြို့၏ တည်နေရာမှာ ကားမိုင်းမြို့အနီး “ပတ်လှော်” နေရာဖြစ်သည်ဟု ဆိုပါသည်။
တတိယမိုးကောင်းမြို့ တည်နေရာသည် ယခုမြို့ဟောင်းနေရာဖြစ်ပြီး စော်ဘွားကြီး ခွန်ကောင်းဆိုင်းက တည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာ “မိန်းကောင်းဆိုင်း” ဖြစ်ပါသည်။ ကျောင်းကန်စေတီ ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာ သာသနာ ရောင်ဝါထွန်းလင်းခဲ့ပါသည်။ ညောင်ရမ်းမင်းတရားကြီးလက်ထက် ကောဇာ ၉၆၁ ခုနှစ်တွင် တတိယမိုးကောင်းမြို့ ပျက်သုန်းခဲ့ပါသည်။
စတုတ္ထမိုးကောင်းမြို့ကို ကောဇာ ၁၁၅၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်၊ အင်္ဂါနေ့နံနက် အာရုဏ်တက်ချိန်တွင် မြို့ဟောင်းစော်ဘွားကြီး၏သား “စပ်မောင်ဆိုင်” က နန့်ရင်းချောင်း နှင့် ကောင်းချောင်းဆုံရာနေရာတွင် မြို့စတင်ခဲ့ပါသည်။ မိုးကောင်းမြို့တည် ကောဇာသက္ကရာဇ် ၁၁၅၃ ခုနှစ်ကို မှတ်သားရလွယ်စေရန် “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟု စပ်ဆိုထားခဲ့ပါသည်။
@ Annonymous

No comments:
Post a Comment