ဝရန်တာသို့ ရောက်လာခဲ့မိသည်။ ဘာရယ်မဟုတ်။ အခုလို အလုပ်မှ ပြန်လာပြီး
ညစာစားပြီးသောအခါ ၀ရန်တာရှိရာသို့ နေ့စဉ် လျှောက်လာမြဲအတိုင်း
ရောက်လာခဲ့မိခြင်းပင် ဖြစ်သည်။(တကယ်တမ်းကတော့ လူခြောက်ယောက်
စုပေါင်းနေထိုင်ရသော ဤတိုက်ခန်းလေးထဲတွင် ယခုလို လူအားလုံးနီးပါး
တစ်နေ့တာ ကုန်ခါနီးမို့ ပြန်လည်စုစည်းမိချိန်တွင် ကျဉ်းကြပ်သလို
ခံစားရမိသောကြောင့် ညစာစားပြီးတိုင်း ၀ရန်တာသို့ ထွက်သော အကျင့် သူ့မှာ
စွဲနေခြင်း ဖြစ်သည်။)
ဤသို့ ၀ရန်တာရောက်တိုင်း နောက်ထပ်လုပ်နေကျ အကျင့်တစ်ခုအတိုင်း
ငါးလွှာတိုက်ခန်းလေး၏ ၀ရန်တာလက်ရန်းကို အားပြု၍ တစ်စုံတစ်ရာကို
မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ပြင်ကို
လှမ်းမျှော်ကြည့်မိ၏။ဒီနေ့ညလဲ ကြယ်တွေ မစုံသေးပါလား ဟု စိတ်ထဲက
ရေရွတ်မိသည်။ မြို့ပြ၏ တောက်ပသော မီးအလင်းများ လျှံတက်နေ၍ ကောင်းကင်ကို
သေချာမမြင်ရခြင်းလဲ ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကြယ်တွေစုံညီစွာ
ရှိနေသော ညကောင်းကင်ကို အေးအေးချမ်းချမ်း ကြည့်ခွင့်မရတော့သည်မှာ
(ကိုယ့်ကိုယ်ကို လူဖြစ်နေမှန်း စသိမှတ်ခဲ့ရသော) လူ့လောက၏
ရုန်းကန်လှုပ်ရှားရမှု များကြား စတင်တိုးဝင်ခဲ့ရသော လူမှန်းသိတတ်စအရွယ်
ကတည်းက ဖြစ်ပါသည်။
ထိုအရွယ်မတိုင်ခင် ညများစွာတုန်းကတော့ ကောင်းကင်ပြင်ကြီးသည် အမြဲတမ်း
ပုံမှန် ကြယ်တွေစုံနေသည်ဟု သူထင်ခဲ့မိသည်။ထို့ကြောင့်
ကြယ်တွေစုံညီစွာရှိနေသော ကောင်းကင်တစ်ခုကို ကြည့်၍ ညတစ်ညကို ဖြတ်သန်း
ရခြင်းသည် ခေါင်းထဲ ထည့်တွေးမိရလောက်အောင်ပင် တန်ဖိုးရှိမည်မဟုတ်ဟု
သူထင်ထားခဲ့မိသည်။ တကယ်တမ်း ဘ၀တွင် ကြယ်မစုံသောညတွေချည်း
ပြက္ခဒိန်တွေနှင့်ချီ၍ ဆက်လာသောအခါ ညတိုင်း ညတိုင်းကို ကြယ်တွေ
တကယ်စုံတဲ့ညတွေချည်းသာ ဖြစ်စေချင်လာသည်။ ထိုသို့ ပြင်းပြလှသော ဆန္ဒသည် သူ၏
ဘ၀နှင့်ချီသော အိပ်မက်၊ ဘ၀နှင့်ချီသော မျှော်လင့်ခြင်းလည်း ဖြစ်ပါသည်။
ထိုမျှော်လင့်ခြင်းကို တည်ဆောက်ရန် အတွက်ပင် မြို့တော်သို့ သူတို့တွေတူတူ
အားအပြည့် မာန်အပြည့်နှင့် ရောက်လာခဲ့ကြခြင်း ဖြစ်ကြသည်။
ရိုးသားကြမည်၊ ကြိုးစားကြမည်၊ နိုးကြားကြမည်။ ဒါဆိုလျှင်တော့ သေချာပေါက်
တိုးပွားကြမည်ပေါ့။ သို့သော် မြို့တော်သည် မမြင်နိုင်သော နားလည်ရခက်သော
ကံကြမ္မာအနေအထားများဖြင့် သူတို့ကို စောင့်ကြိုနေခဲ့သည်။ အဆင်ပြေရာ
အလုပ်မျိုးစုံ ရှာလုပ်ရင်း (သူတို့အုပ်စုထဲတွင် စိတ်ဓာတ်ကြံ့ခိုင်ဆုံးဟု
သတ်မှတ်ခံထားရသော) သူကိုယ်တိုင်ပင် မျှော်လင့်ချက်ဆိုသော အရာသည် အခြေအနေ
မပေးသေးလျှင် မရေရာသေးသော မှုန်ဝါးဝါးအနာဂတ် သာဖြစ်သည်ဟု ထင်မြင်လာကာ
တစ်ခါတစ်ရံ စိတ်ဓာတ် ကျချင်လာ၏။
အလုပ်မရသေး၍ စိတ်အားငယ်ခဲ့ရသော အချိန်များ၊ ရလာသော အလုပ်ထဲတွင်
အဆင်မချော၍ စိတ်ညစ်နွမ်းခဲ့ရသော အချိန်များတွင် ဆိုညည်းချင်သော
သီချင်းလေးများကို ဂစ်တာလေး တစ်လက်နှင့် ရင်ထဲမှာ ပေါ့ပါးသွားအောင်
ဟစ်ကြွေးမိသည်။ (အများဆုံး သူညည်းဆိုမိသော သီချင်းမှာ သူအကြိုက်ဆုံး
အဆိုတော်များထဲမှ တစ်ယောက်ဖြစ်သော ကိုထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည
ဖြစ်သည်။ ထိုသီချင်းသည် လက်ရှိ သူ့ဘ၀အတွက်တော့ အဓိပ္ပာယ်အပြည့်ဝဆုံး
သီချင်းတစ်ပုဒ် ဖြစ်ပါသည်)
ဝါသနာတူ သူငယ်ချင်းများနှင့် သူ စပ်တူပိုင်ဆိုင်သော ရင်ဝယ်သားကဲ့သို့
ချစ်ရသည့် ဂစ်တာလေးကို တီး၍ သူသီချင်းဆိုနေသော အချိန်တွင်တော့ သူဆိုသော
လူတစ်ယောက်ကို ရှင်သန်ကြီးပြင်းလာအောင် ထွေးပွေ့ပျိုးထောင်ပေးခဲ့သော
သူ့မိသားစုသည် လည်းကောင်း၊ သူ့ဘ၀ သူ့မျှော်လင့်ချက်ဖြစ်သော
တစ်စုံတစ်ယောက်သည် လည်းကောင်း၊ မက်မောချစ်ခင်စွာဖြင့် ဘယ်တော့မှ
မခွဲခွာချင်သော အိမ်ကလေးသည်လည်းကောင်း စသည့် သူပိုင်ဆိုင်သော
အရာအတော်များများသည် မိုင်ပေါင်း ရာချီဝေးသော မွေးရပ်မြေတွင် ယာယီ
ကျန်ရစ်ခဲ့ပြီဖြစ်သည်။
သူအိမ်ကို ပြန်ချင်ပါသည်။ မိသားစုနှင့် နွေးထွေးစွာ အပူအပင်မရှိ
နေချင်ပါသည်။ နွေးထွေးစွာ နေနိုင်သော်လည်း အပူအပင်မရှိ ဆိုသည်ကတော့
မဖြစ်နိုင်ပါ။ ထို့ကြောင့်သာ သူမြို့တော်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
မိသားစုနှင့် အိမ်ကို အရမ်းကို လွမ်းပါသည်။ အထူးသဖြင့် မိုးရွာပြီးစ
စိမ်းစိမ်းလန်းလန်း မြေသင်းနံ့ လေးကို ရှူရှိုက်ရသော အချိန်၊
မီးသွေးမီးဖို မီးမွှေးသော အနံ့ကို ရမိသော အချိန်၊ မနက်မနက် ကားသွားစီးသော
ကားဂိတ်က နှင်းစက်တွေ စိုလူးနေပြီး လေတိုက်တိုင်း
ယိမ်းနွဲ့လှုပ်ရှားသွားတတ်သော ကုက္ကိုလ်ပင်ကြီးကို မြင်ရသော အချိန် စသည့်
အချိန်များတွင် ရင်ထဲက ပြင်းရှစူးနစ်သော ခံစားချက်ဖြင့် ဇာတိမြေကို
လွမ်းမိသည်။
ဒါပေမယ့် မပြန်။ ဒီလို ဘာမှမဟုတ်သေးသော အနေအထားနဲ့တော့ သူမပြန်ချင်။
မပြီးဆုံးသေးသော အိပ်မက်များကို ဆက်လက် မက်၍ ရုပ်လုံးဖော်ရဦးမည်။
အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော အလုပ်အကိုင် အဆင့်အတန်း နောက်ခံနှင့်အတူ
ရုပ်ဝတ္ထုပစ္စည်း အကောင်းစားတွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့်မှ ပြန်မည်ဟု
အားတင်းထားသည်။
မြို့တော်သည် သူ့အတွက်တော့ ရက်စက်ကြမ်းကြုတ်သော မှော်ဆရာတစ်ယောက်၏ လက်မှ
ထွက်ကျလာသော အနက်ရောင် နံပတ် ၁၃ ဖဲတစ်ချပ် ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုသို့
ဝင်္ကပါဆန်သော မြို့တော်၏ လမ်းများပေါ်တွင် သူတို့ အလုပ်လုပ်နေကြပါသည်။
ပုဗ္ဗေစ ကတပုညတာ (ရှေးက ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှု အထူးရှိခြင်း)
ဟူသော မင်္ဂလာတရားနှင့် မပြည့်စုံသူများအတွက်တော့ သံသရာသည် သံပုရာထက်
ချဉ်နေဦးမည်သာ ဖြစ်သည်။ ထို့အတွက် သူကတော့ ဖြစ်သမျှ ပြုပြင်မရတော့သော
အတိတ်ကံကိုပဲ ပုံချမနေတော့ဘဲ မျက်မှောက်ကုသိုလ်ကံများနှင့်
ကြိုးစားမှုများဖြင့် ကုစားမည်ဟု ခံယူထားသည်။
လက်ရှိ အားထည့်၍ လှုပ်ရှားရုန်းကန်နေရသော နေ့စဉ်ဘ၀သည် ပုံသေကားကျ
ဆန်လွန်းလှသည်။ အစာရှာရာတွင် ၀ီရိယကောင်းလှသော ကျီးငှက်များ မနိုးမီပင်
အလုပ်ကို အချိန်မီ ရောက်အောင် ထရ၏။ သူ့မျက်လုံးနှစ်လုံးသည် အိပ်ရာထရမည့်
အချိန်တွင် နှိုးစက်မလိုဘဲ စက်ရုပ်ဆန်ဆန် ကွက်တိ နိုးနေကျသာ ဖြစ်သည်။
မနက်စာဆိုသည်မှာလည်း မစားလျှင် မဖြစ်၍ စားရ၏။ (မနက်စာအတွက်
ကုန်ကျစားရိတ်ကို ပုံသေကားကျ သတ်မှတ်ထားပြီး မကျော်လွန်အောင် စားသည်။)
ထို့နောက် ပုံသေကားကျ စီးနေကျ လိုင်းကားကို ထမင်းချိုင့် တစ်ဖက်နှင့်
တိုးဝှေ့စီးရင်း တစ်နေ့တာ လုပ်ငန်းတာဝန်များ ရှိရာသို့ ရောက်ရှိလာခဲ့သည်။
ထိုသို့ ပုံသေကားကျ ဆန်သော အရာများထဲတွင်မှ ပုံသေကားကျအဆန်ဆုံး အရာကတော့
သူ၏ နေ့လည်စာ ထမင်းချိုင့်နှင့် ညစာ သာ ဖြစ်မည်ထင်သည်။
ထိုသို့ မစားလျှင်လည်း သူ့မိသားစုကို သူပြန်ပေးနိုင်မည် မဟုတ်။
ဧည့်သည်တစ်ယောက်ဖြစ်သော သူ့အတွက် မြို့တော်တွင် စားဝတ်နေရေး သုံးခုအနက်
နေရေးက အလိုအပ်ဆုံး ဖြစ်နေသည်။ ထို့ကြောင့် အိမ်ခန်းငှားခ စာချုပ်ရန်
လစဉ် ချန်၍ စုထားရ၏။ သူ့လစာသည် မနည်းလွန်းလှသော်လည်း၊ အပို
ဖြုန်းတီးခြင်း ဘာမျှ မလုပ်သော်လည်း ထမင်းချိုင့်ဆွဲ လခ ရှင်းပြီး သောအခါ
ဘာပိုက်ဆံမျှ မည်မည်ရရ မရှိတော့သလို ခံစားရ၏။ ဒီကြားထဲက မဖြစ်မနေ
ဝယ်ရမည့် အတိုအထွာ အသုံးအဆောင်များ ၀ယ်လိုက်သောအခါ အိမ်သို့ ပို့ရန်မှအပ
သူ့တွင် လမ်းစားရိတ်သာသာ မျှသာ ကျန်တော့သည်။ ဒါက သူ့တစ်လတာ ၀င်ငွေထွက်ငွေ
ခွဲခြမ်းမှု ပုံမှန်အစီအစဉ် ဖြစ်သည်။
သို့သော် ပုံမှန်မဟုတ်သော အစီအစဉ်များ ဥပမာ မဖြစ်မနေ ပစ္စည်းတစ်ခုခု
ဝယ်ယူရန် ဒါမှမဟုတ် မဖြစ်မနေ သုံးစွဲရမည့် ကိစ္စမျိုး
ကြားဖြတ်ပေါ်ပေါက်လာလျှင်တော့ ထိုလသည် သူ့အတွက် မွန်းကြပ်မှု တစ်ခုကို
ဖြတ်သန်းရခြင်း ဖြစ်လာ၏။ ထိုသို့ အကြပ်အတည်း ကာလများတွင် သူတို့
သူငယ်ချင်းများ အချင်းချင်း ဖေးမဖြတ်သန်း ကြရသည်လည်း ရှိ၏။
ရေနစ်သူအချင်းချင်း လက်မကမ်းနိုင်ခဲ့သည်များလည်း ရှိခဲ့သည်။ တောင်မင်းကို
မြောက်မင်း မကယ်နိုင်။ မြောက်မင်းကို တောင်မင်း မကယ်နိုင်။
သူတို့အထဲမှာ ၀င်ငွေအကောင်းဆုံးဟု ဆိုနိုင်သော အီလက်ထရောနစ်ဆိုင်ကြီး
တစ်ခုမှာ အလုပ်လုပ်သည့် သူငယ်ချင်းပင် ဟိုတစ်လောက အီလက်ထရောနစ်ဈေးကွက်
နိမ့်ပါးသောအချိန်တွင် ၀င်ငွေ အလွန်နည်းသွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်
မတူညီသော ကုမ္ပဏီများတွင် အလုပ်လုပ်ကြသော သူတို့အားလုံးလည်း တူညီစွာ
အဆင်မပြေသော ကာလ ဖြစ်ခဲ့သည်။ စီးပွားရေး အကြပ်အတည်း ကာလတွင် သူတို့အထဲမှ
နှစ်ယောက် အလုပ်ပြုတ်သွားခဲ့သည်။ ခေတ်မီနည်းပညာဘွဲ့များ ယူထားသော
သူတို့တစ်စု လမ်းမပေါ်ဆင်းပြီး ရေသန့်လှည်း တွန်းရမလိုတောင်
ဖြစ်သွားခဲ့သည်။
ထိုအချိန်မျိုးတွင် နောက်ထပ် စိတ်ပျက်စရာ ကိစ္စတစ်ခုကို ကြုံရလေ့ရှိပါသည်။
ရေဖိုးမီးဖိုး စသဖြင့် အထွေထွေ ကုန်ကျစားရိတ်များတွင် ဘာမှ
မဖြစ်လောက်သည့် ငွေအတွက် ကပ်သပ်ကြခြင်း၊ တစ်ယောက်ယောက်က တစ်ခုခု
စကားလွန်သည်နှင့် လုံးဝ သည်းခံနိုင်စွမ်း မရှိကြတော့ဘဲ အချင်းချင်းတွေ
ပတ်ငြိကုန်ကြခြင်း စသည်တို့ ဖြစ်ပါသည်။ အားလုံး ပြန်လည် တည်ငြိမ်
အဆင်ပြေသွားသည့် အချိန်တွင်တော့ သူတို့တွေ ထိုကိစ္စကို သံဝေဂရစွာဖြင့်
နောင်ဆင်ခြင်ကြရန် ဘီယာဆိုင်ထိုင်ရင်း ပခုံးဖက်ရင်း ပြောဖြစ်ကြသည်။
ဤသို့ ချစ်ခင်ကြသော တစ်မိုးအောက်နေ သူငယ်ချင်းများသည်လည်း
အလုပ်ချိန်အတွင်း မြို့တော်၏ လမ်းများပေါ်တွင် အမှတ်မထင် ဆုံမိကြပါက
ပြုံးပြရုံထက် အချိန်ပိုမရကြ။ ဤအရှိန်အဟုန် ဤရေစီးထဲတွင် သူတို့
အထူးကြိုးစား နေကြပါသည်။
အချိန်ပို မဆင်းရသော တစ်ပတ်နှစ်ရက် အားလပ်သော အခါများတွင်
ရှေ့ဆက်လိုချင်သည့် အလုပ်အကိုင် တိုးတက်လမ်းများအတွက် သူ ပညာဆက်လက်
ဆည်းပူး၏။ အလုပ်ထဲတွင် သူ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် မျက်စိနားဖွင့်၍
ကြိုးစားအားထုတ်၏။ သူ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရှေ့ဆက် သင်ကြား
ဆည်းပူးစရာများ ရှိနေသည်။ အနာဂတ်အတွက် ထိုသင်တန်းများ တက်ဖို့အတွက်ကို
ဦးစားပေးရမည်လား၊ ပစ္စုပ္ပန်အနေအထားအတွက် မိသားစုကိုပဲ အဆက်မပြတ် ထောက်ပံ့
နေရမည်လား တစ်ခါတစ်လေ ရင်မော ဒွိဟဖြစ်ရလေ့ ရှိသော်လည်း ဒုတိယ
နည်းလမ်းကိုပဲ အမြဲလိုလို ဦးစားပေးခဲ့သဖြင့် သူရှေ့ရောက်သင့်သလောက်
မရောက်သေးသော်လည်း သူကျေနပ်နှစ်သိမ့်ပါသည်။
ကြိုးစားသလောက် အကျိုးမထူးသည်များ ကြုံရတိုင်းလည်း သူအားငယ်ချင်စိတ်ကို
ရအောင် ဖျောက်ပါသည်။ အလုပ်ထဲတွင် သက်သာသောနေရာ အကျိုးပိုရှိသော နေရာ
စသည်တို့ကို အထက်လူနှင့် ပုလဲနံပသင့်သူများသာ ရရှိကြပြီး
သူမရခဲ့လျှင်တောင် ငယ်ငယ်က ဆရာတစ်ဦး ဆုံးမခဲ့သည့် “မင်းသာ
သံဖြစ်နေခဲ့ရင် သစ်သားထဲ မင်းဝင်သွားတာနဲ့ သစ်သားတွေက နေရာ ဖယ်ပေးရမှာပဲ။
ဒီတော့ နေရာလိုချင်ရင် သံဖြစ်အောင်သာ ကြိုးစား” ဟူသောစကားကို
ပြန်ကြားယောင်ကာ သူဆက်ကြိုးစား နေပါသည်။ ဒါသည်သာ အသေချာဆုံး နည်းလမ်း
ဖြစ်ပါသည်။
ဤသို့ စိတ်မထားနိုင်သော အချိန်တုန်းကဆိုလျှင် ညဖက် တစ်ရေးနိုးတတ်ပြီး
တော်တော်နှင့် ပြန်အိပ်မရတော့။ မကျေနပ်ချက်များ၊ လိုအပ်ချက်များ၊
အားငယ်မှုများကြား ကိုထူးအိမ်သင်၏ သီချင်းထဲကလို ရထားဥသြသံ
မကြားရသော်လည်း အိမ်ကို ပြန်ချင်စိတ် တကယ်တားမရဆီးမရ ဖြစ်လာခဲ့ရသည်။
ဒီတော့ သူ့ကိုသူ ပြန်မေးလိုက်သည်။ ဒီအတိုင်း ပြန်ချင်သလား။ ဘယ်နည်းနဲ့မှ
မပြန်ချင်ပါ။ သူ့ကို ချစ်သော အမေနှင့် တစ်စုံတစ်ယောက်သော သူအတွက် ဓူဝံထက်
မြင့်သောကြယ်ကို ခူးဆွတ်ပြီးမှ ပြည်တော်ပြန်မည်ဟု သူရင်ခုန်ကြည်နူးစွာ
အားတင်းထားသည်။
နောက်လပိုင်းအတွင်း သူယခုဆည်းပူးနေသော ဘာသာရပ် တစ်ခု၏ စာမေးပွဲ ဖြေရမည်။
ထိုစာမေးပွဲ အောင်လျှင် ပိုမြင့်မားသောဝင်ငွေ ရှိမည့် အလုပ်အကိုင်
အခွင့်အလမ်းများကို ရရှိမည်။ ထိုသို့ တစ်ဆင့်ချင်း တက်လှမ်းသွားရမည်
ဖြစ်သော ရည်မှန်းချက် လှေကားထစ်များကို မြင်ယောင်စိတ်ကူးရင်း သူပျော်ရွှင်
ကြည်နူးလာသည်။
သူ၏ အမြင့်မားဆုံး ရည်မှန်းချက်မှာ ကိုယ့်အရိုးကိုယ် မသယ်နိုင်တော့သည့်
အချိန်မရောက်သေးခင် ကိုယ်ပိုင် လုပ်ငန်းတစ်ခုနှင့် အငြိမ်းစားယူနိုင်ရေး
ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မိသားစု ပျော်ရွှင် ချမ်းမြေ့စွာ
နေထိုင်သွားမည်။ လူ့လောက၏ အကောင်းဆုံး အရာများကို ထိတွေ့ပိုင်ဆိုင်
ခံစားကြမည်။ မွေးကတည်းက ဘ၀ပေးအခြေအနေအရ ကိုယ့်အကျိုးချည်းပဲ
ကိုယ်အနိုငိနိုင် သယ်ပိုးခဲ့ရသည့် တန်ဖိုးနိမ့် လူသားတစ်ယောက် ဘ၀မှ
အများအကျိုး တကယ် ထိထိရောက်ရောက် သယ်ပိုး နိုင်သော အစွမ်းအစ တို့နှင့်
ပြည့်စုံသော တန်ဖိုးမြင့် လူသားတစ်ယောက် အဖြစ် နေထိုင်ရှင်သန်သွားမည်။
မျှော်လင့်ချက် ရောင်နီများက စိတ်ကောင်းကင်မှာ ယှက်သန်းလာသည့်
ခံစားချက်ထက် ကောင်းသော ခံစားချက် လောကတွင်မရှိဟု သူထင်မိသည်။
မျှော်လင့်ချက်နဲ့ အသက်ရှင်တယ် ဆိုတာ ဒါပဲဖြစ်မည်။
အရှေ့ဖက်ကောင်းကင်ဆီမှာ သာယာလှပအေးချမ်းသော နံနက်ခင်း၏ ရှေ့ပြေး
ရောင်နီတို့က နီထွေးစိုစွတ် နေကြပြီ ဖြစ်သည်။ အိုး ထိုအချိန်ကျမှ ညကထက်
ပိုပြီး ကြယ်တွေ စုံနေပါလား။ ဒါပေါ့လေ။ မျှော်လင့်ခြင်းရောင်နီတွေ
ရှိလာမှ ကြယ်တွေကို သေချာမြင် ရတာပေါ့။ အားငယ်ပျင်းရိမှု
မှောင်မိုက်ခြင်းတွေ ဖုံးလွှမ်းနေရင် ကြယ်တွေစုံတဲ့ညကို
ဘယ်မြင်ခွင့်ရပါ့မလဲ။
တစ်ညတာ အတွေးထဲမှာ နစ်မျောသွားခဲ့၍ သူ မအိပ်ရသေးသော်လည်း
အားသစ်အင်သစ်များဖြင့် သူ့ရင်သည် လင်းလျက် အလုပ်သွားရန် ပြင်ဆင်ဖို့
နေရင်း သီချင်းလေးကို တိုးတိုး ညည်းနေမိပါသည်။
…….. ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ်
ကြယ်တွေတကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်
နေညိုညိုလမ်းလေးထက် နေ့စဉ်စောင့်နေမယ်
ကိုယ့်မျှော်လင့်ခြင်းများရယ်……
အိမ် ပြန် ချိန် များ ရယ်……………………..။
@ From ... @phyoe zk @ FWD @ SAI 1

No comments:
Post a Comment