Sunday, September 22, 2013

"ပြဿနာကို အဓိကထားတဲ့နည်း (Problem-Oriented Method)"

မိသားစုတစ်စုရှိတယ် ဆိုကြပါစို့ ။
အဖေရယ်... အမေရယ်၊ အစ်မဖြစ်သူရယ်၊ မောင်လေးရယ် ပေါ့။ မောင်လေးဖြစ်တဲ့သူက အတော်ငယ်ပါသေးတယ်။ လမ်းလျှောက်တက်ခါစ ဆိုပါတော့။... ဟိုဟိုဒီဒီ တော့တီးတော့တနဲ့ သွားရင်း ဟိုဟာလှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း ဖြုန်းခနဲ... ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲလိုက်မိတယ်။ "ခွမ်း" ခန မြည်ပြီး ကြမ်းပေါ်မှာ ဖန်ခွက် အကွဲအကြေ အစအနတွေ ဖွေးသွားရော။ အစ်မဖြစ်တဲ့သူက ကမန်းကတန်း ပြေးလာပြီး သူ့ မောင်လေးရဲ့ ကျောကို "ဗြန်း" "ဗြန်း"...နဲ့  နှစ်ချက်လောက် စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်။ ဒီလောက်ဆော့ရပါ့မလား...ပေါ့လေ။ "ကမြင်းဦးဟယ်..ကမြင်းဦးဟယ်..." ဆိုပြီး ပြောလည်း ပြော၊ ရိုက်လည်းရိုက်နဲ့ ...။ ကလေးငိုသံကတော့ ကြွက်ကြွက်ညံရော...။ အဲ့ဒီအချိန်မှာပဲ အမေက လက်လှမ်းမှီရာ သနပ်ခါးတုံးနဲ့  သူ့ သမီးကို လှမ်းပစ်လိုက်တယ်...။ "ကလေးကို ရိုက်မနေနဲ့ ...ညည်းကိုက အသုံးမကျတာ။ ဖန်ခွက်ကို ကလေးမမီတဲ့နေရာမှာထာပါလို့  ငါ ဘယ်နှစ်ခါ ပြောရမလဲ။ စည်းကမ်းမရှိတဲ့ဟာမ" သမီးကလည်း ခွန်းတုံ့ မခံဘူး။ အမေကို ကက်ကက်လန် ပြန်ရန်တွေ့ တယ်။ ဆူကြ၊ ရိုက်ကြ နဲ့  ငရဲပွတ်နေတုန်း... အဖေ ဖြစ်တဲ့သူက မိန်းမကို အပြစ်တင်ပြန်ရော... "ကလေးတွေက ဘာသိမှာတုံး။ နင်က အဲ့သည်လို ကွဲတက်မှန်းသိရင် ဘာလို့  ဖန်ခွက်ဝယ်သေးလဲ။ စတီးခွက်ဝယ်ပါလား နလပိန်းတုံးမရဲ့ " "ရှင်ပေးတဲ့ ပိုက်ဆံက ဘယ်လောက်များရှိလို့  စတီးခွက် ၀ယ်နိုင်ရမှာလဲ...။ ပိုက်ဆံလေး ခြောက်ပြားတစ်ပဲနဲ့ အလကား ဘာမှသုံးမရတဲ့ ယောင်္ကျားကို ယူထားမိတာကိုး" အဲ့သည်မှာတင် လင်နဲ့ မယား ထသတ်ပြီး ၀ုန်းဒိုင်းကြဲတော့တာပဲ။ ကဲ...ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့ ဘယ်လိုအချက်ကို သင်ခန်းစာယူနိုင်သလဲ။ ပြသနာကို ရှေ့ တန်းတင်ရင်းနဲ့  ဖြေရှင်းတဲ့ဆီ မရောက်ဘဲ တစ်ယောက်ကိုတစ်ယောက် အပြစ်တွေတင်နေလိုက်တော့ ပြဿနာတွေသာ ပိုပိုပြီး ပွားမလာဘူးလား။

 နောက်တနည်း "အဖြေကို အဓိကထားတဲ့နည်း (Solution-Oriented Method)"

 စောစောကမိသားစုနဲ့ တထပ်တည်းဆိုပါတော့။ ဖြစ်ရပ်ကလည်း စောစောကအတိုင်းပဲ။ ကလေးက ဖန်ခွက်ကို လှမ်းဆွဲတယ်...၊ ဖန်ခွက်ကျပြီးကွဲတယ်။ (ဒီနေရာမှာ မတူညီတဲ့ပြဿနာဖြေရှင်းပုံကို သတိထားပြီးကြည့်ရအောင်) အစ်မဖြစ်တဲ့သူက ကမန်းကတန်းပြေးသွားပြီး "ဖယ်...ဖယ်...မောင်လေး ဖန်ကွဲစတွေစူးမယ်" လို့ ပြောရင်း ကလေးကို ပွေ့ ချီလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ့ အမေဘက်လှည့်ပြီး... "မေမေ...မောင်လေးကို မရိုက်ပါနဲ့ ၊ သမီးကိုယ်တိုင်က ဖန်ခွက်ကို အစွန်မှာတင်ထားခဲ့မိလို့ ပါ" "အို...သမီးကလည်း စိတ်မကောင်းမဖြစ်ပါနဲ့ ၊ဖန်ခွက်ဆိုတာ ကွဲတက်တဲ့ပစ္စည်းပဲ...၊ တစ်ချိန်မဟုတ် တချိန်မှာ ကွဲမှာပဲ" ပြောပြောဆိုဆိုနဲ့ အမေက တံမြက်စည်းတစ်ချောင်းကို ဆွဲယူပြီး ဖန်ကွဲစတွေကို လှည်းကျင်းသိမ်းဆည်းလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဖခင်ဖြစ်တဲ့သူက... "ဒီအတိုင်းဆို ကလေးတွေအတွက် အန္တရာယ်ရှိတယ် အမေကြီးရေ...ဖြစ်နိုင်ရင် ဖန်ခွက်အစား စတီးခွက်သုံးကြရအောင်၊ လောလောဆယ် ပိုက်ဆံမလောက်သေးရင်လည်း ပလတ်စတစ်ခွက်ပဲ ၀ယ်ကြတာပေါ့။ အဓိက က မကွဲဖို့ မရှဖို့ ပဲ မဟုတ်လား"

မင်းခိုက်စိုးစံ - ကလေးအတွေး အက်ဆေး

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...