Thursday, December 19, 2013

ပျောက်ဆုံးနေသော...

တစ်ချိန်တုန်းက ပျော်ရွှင်ကျေနပ်စွာ ရယ်မောခဲ့ဖူးသော မိန်းမ တစ်ယောက်သည် အခန်းထဲမှာ ရက်ပေါင်းများစွာ လပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည်။

အခန်းသည် ကျယ်ပြန့်သည်ဟု သူမ တစ်ချိန်တုန်းက ထင်ခဲ့ဖူးသော်လည်း တကယ်တော့ ကျဉ်းမြောင်းလှပါသည်။ မှောင်မည်း တိတ်ဆိတ်သော အခန်းထဲတွင် စီးကရက် မီးခိုးများသာ ကခုန် ပျော်မြူးလျက် ရှိသည်။ အပြင်မှ အသံလှိုင်းများသည် နံရံလေး ဖက်သို့ မညီမညာ ရိုက်ခတ် တုံ့ပြန်လျက်ရှိသည်။ အပြင်လောက၏ လှပသော ပန်းများ၊ လတ်ဆတ်သော မွှေးရနံများသည် အခန်းထဲသို့ ရောက်လာတော့ မလိုလိုနှင့် ရောက်မလာကြပါ။

မနေ့က သူမသည် မြတ်လေးပန်းပင်ကလေးတစ်ပင်ကို စိုက်ပျိုးခဲ့သည်။ ယနေ့ တော့ မြတ်လေးပန်းပင်ကြီးသည် ခြောက်သွေ့တွန့်လိမ်သော ချုံနွယ်ပင်ကြီး ဘ၀သို့ ပြောင်းလဲ သွားခဲ့သည်။

အခန်းထဲသို့ တစ်စုံတစ်ယောက် ၀င်လာတိုင်း ထိုသူက တစ်ခုတည်းသော ပြတင်း ပေါက်ကို သွားဖွင့်ပေးလေ့ရှိသည်။ ထိုသူကို သူမက အမြဲတမ်း မေးခွန်းတစ်ခု မေးလေ့ရှိ သည်။

“ငါ ဘယ်သူလဲ”

ထိုမေးခွန်းသည် အခန်းထဲတွင် ထပ်ကာထလဲလဲ ပဲ့တင်ထပ်လျက်ရှိသည်။

သူမသည် တစ်ခဏအတွင်း ဖျတ်လတ်သွက်လက်စွာ အခန်းထဲ၌ လမ်းလျှောက် နေပြီးနောက် တစ်ခဏမှာတော့ အိပ်ရာပေါ်မှာ အ၀တ်စတစ်ခုလို ပုံလျက်သား လဲလျောင်း နေပြန်သည်။ အခန်းထဲမှာ တစ်ခါတစ်ခါ သူမ တစ်ယောက်တည်း ရှိ၏။ တစ်ခါတစ်ခါမှာတော့ မိန်းကလေးပေါင်းများစွာ သူမနှင့် အတူ ရှိနေပြန်သည်။ ဆံပင်ကို ထိပ်တည့်တည့်မှာ သေးသေးကျစ်ကျစ်ကလေး စုစည်းထားသည့် သျှောင်ပေစူးမကလေး။ အုပ်လုံးသိမ်းခါစ ဆံတောက်ဖားဖားနှင့် အပျိုပေါက်ကလေး။ တစ်ပတ်လျှိုဆံထုံးနှင့် ပန်းပန်ထားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေး။ အရွယ်အမျိုးမျိုးသော မိန်းကလေးများသည် အခန်းထဲတွင် တိတ်ဆိတ်စွာ ရောက်လာလိုက်၊ တိတ်ဆိတ်စွာ ပြန်ပျောက်သွားလိုက် ရှိသည်။

အခန်းထဲသို့ အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက် ၀င်လာသည်။

“ဟာ... မှောင်လှချည်လား”

ထိုသူသည် အမှောင်ကို သေခြင်းတရားလိုပင် ကြောက်ရွံ့နေလေသလား၊ အမှောင်ထဲက မိန်းမသည် တိတ်ဆိတ်စွာ ရယ်မောလေသည်။

ထုံးစံအတိုင်း ထိုသူက ပြတင်းပေါက်ကို ခပ်သွက်သွက် သွားဖွင့်၏။ အခန်းထဲသို့ လတ်ဆတ်သောလေများ ဖြည်းညင်းစွာ ၀င်ရောက်လာသည်။ အလင်းရောင်အောက်တွင် မိန်းမသည် အခန်းအလယ်တွင် မတ်တပ်ရပ်လျက်ရှိ၏။

“ငါရဲ့ အခု နောက်ဆုံးထုတ်မယ့် စာအုပ်မှာ မင်းနာမည်ကို ဒယ်ဒီကေးရှင်း ရေးထားတယ်ကွ”

ထိုသူက ၀မ်းသာအားရ အသိပေး၏။ သူမသည် ပျော်ရွှင်တတ်သော မိန်းမငယ်ကလေး ဖြစ်ခဲ့သည်။

“ဟုတ်လား၊ ကျွန်မက ဘယ်သူမို့လဲ”

“မင်းက ငါ့ ဇနီးပေါ့”

အခန်းသည် တိတ်ဆိတ်သွား၏။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်၍ အကြာကြီး ငြိမ်သက်နေကြသည်။ အခန်းထဲမှာ အရိပ်များ၊ အရောင်များ စတင် လှုပ်ရှားလာချိန်တွင် ခင်ပွန်းဖြစ်သူက တစ်လုံးချင်း စကား စပြောလေသည်။

“မင်းဟာ အလွန်အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ ဇနီးလေ၊ ငါတို့ လက်ထပ်ပွဲမှာ မင်းက ပန်းရောင်ဝတ်စုံ ၀တ်ခဲ့တယ် မဟုတ်ဘူးလား”

သူမ မပြုံးပါ။ သို့သော် လိုက်လျောစွာ ခေါင်းညိတ်၏။

“ဟုတ်တယ်၊ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်၊ ကျွန်မတို့ လက်ထပ်တဲ့နေ့တုန်းက မကြင်လှတို့ စပါးကျီတောင် မီးစွဲခဲ့ပါသေးရော”

ခင်ပွန်းသည်က သူ့ဇနီး၏ မှတ်ဉာဏ်အတွက် ကျိတ်၍ ချီးကျူးမိ၏။ သူ့ဇနီးသည် အလွန် ဉာဏ်ရည်ထက်မြက်သော မိန်းမ တစ်ယောက် ဖြစ်သည်။

ထို့နောက် အချိန်ကာလသည် အခန်းထဲမှ ပျောက်ကွယ်သွားသည်။

အချိန်ကာလ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ပျိုမျစ်နုနယ်သော မိန်းမရွယ်တစ်ယောက် ဖြစ်သွားသည်။ မိန်းကလေးသည် သူမ၏ ချစ်သူကို အလွန် ချစ်မြတ်နိုးလေသည်။ မြတ်လေးပန်းကုံးများကို သူမ၏ ဆံတောက်တွင် ဝေဆာလှပစွာ ပန်ပေးခဲ့သော ချစ်သူသည် စာရေးဆရာ တစ်ယောက်ဘဝသို့ ရောက်ရှိရေးအတွက် ရွာက ဆန်စက်မန်နေဂျာ ရာထူးကို စွန့်လွှတ်ခဲ့လေသည်။ ထိုအခါ သူမသည် သူမ၏ ရက်ကန်းစင်များကို စွန့်လွှတ်၍ သူ့နောက်သို့ ရဲဝင့်စွာ လိုက်ပါခဲ့သည်။

လောကတွင် တွေ့ကြုံရသော အခက်အခဲများကို သူမသည် ခင်ပွန်းသည်၏ ရှေ့က ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ရက်ကန်း ချည်ရောင်စုံများကို လှပဆန်းကြယ်သော အဆင်အသွေးများအဖြစ် ဖန်တီးနိုင်စွမ်းသော သူမသည် ဆေးဆိုးပန်းရိုက်လုပ်ငန်းကို အောင်မြင်စွာ အုပ်ချုပ်နိုင်စွမ်းသော လုပ်ငန်းရှင် တစ်ယောက် ဖြစ်သွားသည်။ ထို့အတူပင် ခင်ပွန်းသည်၏ ၀ါသနာ၊ အချိန်ကာလ၊ ပညာ စသည့် အရာများအတွက် သူမ စိတ်ရောကိုယ်ပါ ၀င်ရောက် ဖန်တီးပေးခဲ့၏။ ခင်ပွန်းသည် စာကြည့်သည့်နေသည့် အချိန်တွင် သူမသည် မျက်လုံးများ တောက်ပရွှင်လန်းလျက် ရှိသည်။ ခင်ပွန်းသည်၏ လက်ရေးစာမူများကို တတ်စွမ်းသမျှ အသိဉာဏ်လေးဖြင့် ကူညီဖတ်ရှု အားပေးသော အချိန်တိုင်း သူမ၏ မျက်နှာသည် ပြုံးရွှင်လျက် ရှိသည်။

“ရှင်ဟာ နိုင်ငံကျော်စာရေးဆရာ ဖြစ်ရမယ် ... ဖြစ်ကို ဖြစ်မှာ အမှန်ပဲ”

ယုံကြည်မှုများသည် သူမ၏ ရင်ထဲမှ အခိုးအငွေ့အဖြစ် ထွက်ပေါ်လာပြီး ခင်ပွန်းသည်၏ ဦးနှောက်ထဲသို့ သစ်ပင်အမြစ်များ သဖွယ် စိုက်တွယ်ခိုင်မြဲ သွားလေသည်။ နေ့သစ်၏ အရုဏ်ဦးများကို နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြသည်။ မှောင်မည်းသောညများကို နှစ်ယောက်အတူ ရင်ဆိုင်ခဲ့ကြသည်။ ကြယ်ရောင် လရောင်များ၊ ပန်းရနံ့များနှင့် အတူ ပူပြင်းသော မျက်ရည်များ၊ ခါးသီးသော အမှန်တရားများကို ခံစားခဲ့ကြသည်။ အကြိမ်ကြိမ် အခါခါ သူပြိုလဲတိုင်း သူမက ဆွဲထူတည့်မတ်ပေးခဲ့သည်။ သူ စိတ်ပျက်သောအခါ သူမက ငိုကြွေးသူဖြစ်၏။ သူကျေနပ်တက်ကြွသောအခါ သူမက ပျော်ရွှင်ရယ်မောသူ ဖြစ်၏။ သူ ဒေါသတကြီးဖြစ်သောအခါ သူမသည် မင်စုပ်သော စက္ကူချပ်တစ်ခုပမာ သူ့ဒေါသများ အားလုံးကို စုပ်ယူပေးခဲ့သည်။

“ငါ့စာအုပ်ကို မင်းသဘောကျမှာပဲ”

ထိုသူသည် မိမိရှေ့မှာ မတ်တပ်ရပ်နေသော မိန်းမကို မိမိဇနီးဟူသော အမှတ်ဖြင့် အားရ၀မ်းသာစွာ ပြောနေသည်။ ထိုမိန်းမသည် သူ့ဇနီး မဟုတ်ပါ။ မည်သူ၏ ဇနီးမှ မဟုတ်ပါ။ ထို့ကြောင့်လည်း သူ့စကားကို ကန့်ကွက်မှု ထောက်ခံမှုများ မပြုလုပ်ဘဲ ငြိမ်သက်စွာ နေခဲ့၏။

“လိမ္မော်သီး စားရရင် ကောင်းမယ်ထင်တယ်”

တိုးတိတ်သော သူမ၏ စကားသံကြောင့် သူပခုံးတွန့်လိုက်၏။ အခန်းသည် ချက်ချင်းပင် လေဟာနယ်တစ်ခုလို လွင့်မျောလျက် ရှိသည်။ မျက်နှာကြက်မှ ပင့်ကူမျှင်လေး တစ်ခုသည် ပင့်ကူနှင့်အတူ တွဲလောင်းကျလာပြီး သူမ၏ ပခုံးပေါ်မှာ ခိုတွဲနေသည်။

အချိန်အနည်းငယ် ကြာသောအခါ အခန်းထဲတွင် သူမ တစ်ယောက်တည်း ရှိတော့သည်။ နောက်ထပ် အချိန်အနည်းငယ် ကြာပြန်သောအခါ အခန်းထဲသို့ လူတစ်ယောက် ၀င်လာ၏။ ထိုလူသည် လက်ထဲမှာ လိမ္မော်သီးများ ကိုင်ထားသည်။ လိမ္မော်သီးနံ့သည် အခန်းထဲမှာ ချက်ချင်းမွှေးပျံ့လာ၏။ ထိုအချိန်မှာပင် သူမသည် လိမ္မော်သီးစားချင်တာ တကယ်မှ ဟုတ်ရဲ့လားဟု သံသယ ဖြစ်မိသွားသည်။

“မေမေ လိမ္မော်သီးစားမယ် မဟုတ်လား”

ထိုအသံကို ကြားလိုက်ရသောအခါ သူမသည် အမှန်တကယ် လိမ္မော်သီးစားချင်တာ မဟုတ်မှန်း သေချာသွား၏။

“မစားချင်ဘူး”

“ဟောဗျာ ဖြစ်ရပြန်ပြီ မေမေကလဲ”

သားအသံမှာ နူးညံ့ချိုမြသော်လည်း အေးစက်နေ၏။ သူမသည် ထိုသား၏ မိခင်ဖြစ် သည်။ ဒါ့အပြင် သားသမီးပေါင်းများစွာ၏ မိခင်ဖြစ်သည်။ သားသမီးတိုင်းသည် ပညာတတ်များ ဖြစ်ကြသည်။ ထိုမိန်းမသည် သူမ သားသမီးများ၏ အောင်မြင်မှုကို သူမ၏ အောင်မြင်မှုအဖြစ် ဂုဏ်ယူ ဝင့်ကြွားခဲ့လေသည်။

တယ်လီဖုန်း မြည်သံ၊ တံခါး ခေါင်းလောင်းမြည်သံများ၊ ဗီရိုတံခါး ဖွင့်သံပိတ်သံများ၊ ကားတံခါး ဖွင့်သံပိတ်သံများ၊ ရုပ်မြင်သံကြားစက်မှ ဂီတသံများ အားလုံးသည် နံရံများကို စိမ့်ဝင် ဖောက်ထွင်းလျက် အေးစိမ့်ငြိမ်သက်သော အခန်းထဲသို့ ပျံ့နှံ့လာ၏။ မည်သူသည် မည်သည့်အသံကို ဖြစ်ပေါ်စေသူ ဖြစ်သလဲဆိုတာတော့ သူမ မခွဲခြားနိုင်ပေ။ ထိုအသံများကို ဆူညံသံများအဖြစ်သာ သူမ ယူဆသည်။ သူမသည် အရာရာအပေါ် သည်းညည်းခံနိုင်စွမ်း မရှိတော့ပေ။ သူမ၏ မျိုသိပ်ထိန်းချုပ်မှုများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဟု သူမ ထင်နေသည်။ စိတ်ပျက်ငြီးငွေ့မှုသည် သူမ၏ ကိုယ်ခန္ဓာထဲတွင် ကပ်ပါးကောင်များလိုပင် ပွားများခိုတွယ်လျက် ရှိနေသည်။

“ဒါနဲ့ မေမေ ... မနက်ဖြန် ကျွန်တော် ဘုန်းကြီးဘယ်နှစ်ပါး ပင့်ရမလဲ၊ ဖေဖေက မေးခိုင်းလိုက်တယ်”

သူမသည် ခုတင်ဆီလျှောက်သွားရာမှ ဖျတ်လတ်စွာ လှည့်ကြည့်လိုက်သည်။

“ဘုန်းကြီး ... ဟုတ်လား၊ ဘာအတွက်လဲ”

သူမ၏ အခန်းပေါက်ဝတွင် လူသေထည့်သည့် ခေါင်းတစ်ခု ရောက်နေပြီလား၊ သူမ သည် မကြာသေးမီက ထိုအခေါင်းထဲသို့ တစ်စုံတစ်ယောက်ကို ကိုင်တွယ်ထည့်ခဲ့ရသေးသည်ဟု မှားယွင်းစွာ မြင်ယောင်လာ၏။

“မနက်ဖြန် ကျွန်တော့် မွေးနေ့လေ မေမေရဲ့”

သား၏ အသံတွင် စိတ်ပျက်မှုနှင့် အနည်းငယ် ထူးဆန်းအံ့သြမှုကို ဖော်ပြလိုက်သည့်အခါ သူမ ငြိမ်သက်သွားသည်။ မွေးနေ့ ...။ မွေးနေ့ဟူသော အသိတရားသည် ကြယ်ရောင် ပြက်လိုက်သလို ဖျတ်ခနဲ လင်းတော့မလိုလိုနှင့် ပြန်၍ မှောင်ပိန်းသွား၏။ သား၏ မွေးနေ့သည် ဘယ်နှစ်နှစ်မြောက် မွေးနေ့ပါလိမ့်၊ သားဖြစ်သူ၏ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့သည် သူမအတွက် ပူလောင်သော မျက်ရည်များကို သယ်ဆောင်ပေးခဲ့၏။ အရပ်အလွန်ရှည်သော မာနခပ်ကြီးကြီး ချွေးမတစ်ယောက်ကို သား၏ နှစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့မှာ သူမ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသားသည် သူမရှေ့မှောက် ရောက်နေသော သားပဲလား၊ ထိုမွေးနေ့သည် ဘယ်နှစ်ကြိမ် လွန်မြောက်ခဲ့ပြီလဲ၊ သူမ မသိ။

“နေစမ်းပါဦး၊ ဘယ်နှစ်နှစ်မြောက် မွေးနေ့လဲကွဲ့”

သား၏ သက်ပြင်းရှိုက်သံသည် လိုအပ်သည်ထက် ပို၍ ကျယ်လောင်သွားသည်။

“လေးဆယ်ပြည့်မွေးနေ့လေ မေမေ”

“သြော် သြော် ... ဒါဖြင့် ဘုန်းကြီးအပါး လေးဆယ်ပင့်ပေါ့ သားရဲ့”

“ဟာ ... မဟုတ်ဘူး မေမေ၊ အိမ်မဆံ့ဘူး၊ ဆယ်ပါးလောက် ...”

သူမ တိုးတိတ်စွာ ရယ်၏။

“ဒါဖြင့်လဲ ပြီးရောပေါ့”

လူသားတစ်ယောက်သည် လောကအတွက် ဘယ်အရွယ်အထိ လိုအပ်ပါသနည်း။ လူသားတစ်ယောက်သည် လောက၏ ၀ါးမျိုမှုကို ဘယ်အရွယ်ထိ အားတင်းပြီး ခံနိုင်ပါသနည်း။

ညစားစားချိန်တွင် အိမ်ရှေ့ခန်းဆီး၌ တိတ်ဆိတ်သွားသည်။ ရထားတစ်စီး ခုတ်မောင်းသွားသောအသံ ခပ်သဲ့သဲ့သည် တဖြည်းဖြည်း နီးလာ၏။ သူမ အခန်း၏နံရံများ တဖြည်းဖြည်း တုန်ခါလာသည်။ ရထားသံသည် ပို၍ ပို၍ ကျယ်လောင်လာပြီး သူမ အခန်း ဗဟိုတည့်တည့်မှ ဖြတ်ခုတ်မောင်း သွားသောအခါ နံရံ၏ ကြွက်လျှောက်တန်းပေါ်မှ ဖန်ပုလင်းကလေးများ တစ်ခုနှင့်တစ်ခု ထိခိုက်သံပင် ထွက်ပေါ်လာ၏။ သူမကိုယ်ပေါ်မှာ ရထားဖြတ်သွားသည်ဟု ထင်သည်။ သို့သော် သူမ အသက်ရှင်လျက် ရှိပါသေးသည်။

အခန်းထဲသို့ အရိပ်တစ်ရိပ် ၀င်လာ၏။ ထိုအရိပ်သည် ခပ်ပုပုပျပ်ပျပ် ဖြစ်သည်။ ထိုအရိပ်သည် ဆံပင်များ တွန့်ကွေးဖွာကြဲလျက် ရှိသည်။ ထိုအရိပ်နှင့် အတူ ငါးကြော်၏ ရနံ့၊ ကြက်သွန်ဖြူနံ့များ တွဲလျက်ပါလာ၏။ သူမ အော်ဂလီဆန်လာသော အချိန်တွင် ထိုအရိပ်ကို သူမ တိုးတိုးကလေး မေးလိုက်သည်။

“ငါ ဘယ်သူလဲ”

“မေမေက သမီးတို့ မေမေပေါ့”

ဖန်ချောင်းမီးရောင် ဖျတ်ခနဲ လင်းထိန်သွားသောအခါ ခုတင်ပေါ်မှ မိန်းမသည် စူးစူးရှရှ တစ်ချက်အော်လျက် ထထိုင်လိုက်သည်။ သူမ ရှေ့တွင် စားပွဲပေါ်၌ ထမင်း ဟင်း ပန်းကန်များ တင်ထားသော လင်ပန်းတစ်ချပ် ရှိသည်။ အမျိုးသမီးတစ်ယောက် ရှိသည်။ အနီရောင် ရှိသည်။ ဘယ်တုန်းကမျှ မယဉ်ပါးသော ကြောင်နက် တစ်ကောင် ရှိသည်။

အဆင်အသွေးစုံသော ချည်ထည်ရောင်စုံများ ရှိသည်။ လက်ဖြင့် လှည့်ရသော ဗိုင်းငင်သည့် ရစ်ဘီးတစ်ခု ရှိသည်။ ချည်မျှင်တန်းများကြား ဟိုဘက် သည်ဘက် ပြေးလွှားနေသော အနီရောင်ချည် ရစ်ထားသည့် လွန်းကလေးနှင့် အပြာရောင်ချည် ရစ်ထားသည့် လွန်းကလေး ရှိသည်။ ချည်မျှင် ရောင်စုံများ သည် အခန်းထဲတွင် တွဲလွဲကျလျက် ယိမ်းကသလိုလို ညီညာစွာ လှုပ်ရှားနေကြသည်။

“မေမေ့ပခုံးပေါ်မှာ ပင့်ကူကြီး”

သမီးက လွှတ်ခနဲ အော်ကာ သူမဆီ ချက်ချင်း ရောက်လာ၏။ သူမ၏လက်က ပို၍ လျင်မြန်စွာ ပင့်ကူရှိရာသို့ အုပ်ကိုင်ထားလိုက်သည်။

“ဒီပင့်ကူက သူ့သားသမီးတွေ အသက်ရှင်ဖို့ သေပေးရမှာ၊ ခဏကြာရင် သူသေတော့မှာပါ”

သို့သော် သူမ ညင်သာစွာ ကိုင်လိုက်သော ပင့်ကူသည် ပင့်ကူ အမ မဟုတ်ဘဲ အထီး ဖြစ်နေနိုင်သည်။ သူမသည် ပင့်ကူကို လက်မှ ကိုင်လျက် စေ့စေ့စပ်စပ် ကြည့်နေသည်။ ပင့်ကူအထီးနှင့် အမကို သူမ မခွဲခြားတတ်၊ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည် စာရေး ဆရာကြီးများ ခွဲခြားတတ်မလား၊ သို့မဟုတ် သူမ၏သား ဆရာဝန်များ ခွဲခြားတတ်မလား၊ သို့မဟုတ် အထက်တန်းပြ ဆရာမဖြစ်သော သမီးက ခွဲခြားတတ်မလား၊ သို့မဟုတ်... ထို့ နောက် သူမသည် တိတ်ဆိတ်စွာ ရယ်လျက် ပင့်ကူကို လက်နှင့် ပုတ်ထုတ်ပစ်လိုက်လေသည်။

သမီးသည် ထမင်းပွဲလင်ပန်းကို သူမရှေ့သို့ အနည်းငယ် တိုးပေးပြီးနောက် ပြန်ထွက်သွား၏။ သူမသည် ထမင်းပန်းကန်ကို စိုက်ကြည့်သည်။ သူမ၏ဘ၀တွင် ထမင်း ဘယ်လောက်များများ စားခဲ့ပြီးပြီလဲ။ သူမ၏လက်သည် ထမင်းပန်းကန်များကို ကိုင်လျက် သားသမီး ဘယ်နှစ်ယောက်ကို ဘယ်နှစ်ကြိမ်မျှ ခွံ့ကျွေးပြီးပြီလဲ။ သူမ ကိုင်လိုက်သော ထမင်းလုတ်တိုင်းကို သားသမီးများအတွက်နှင့် သူမအတွက်ဟူ၍ အချိုးချကြည့်လျှင် မည်သည့် အချိုးက များနေပြီလဲ။ သူမသည် ထမင်းစားချင်စိတ် လုံးဝမရှိသောကြောင့် ထမင်းပန်းကန်ကို ကြည့်ကာ မျက်ရည်ဝဲရလေသည်။ မျက်ရည်ဆိုသည်မှာ သူမ၏ ဘ၀တွင် သူစိမ်းပြင်ပြင် မဟုတ်ပါ။ အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်သည်။ သူမ ခင်ပွန်းသည် ဝမ်းနည်းလျှင် သူမ မျက်ရည်ကျရသည်။ သားသမီးများ၏ ဝေဒနာများအတွက် သူမ မျက်ရည်ကျရသည်။ သားသမီးများ၏ ဆုံးရှုံးအားငယ်မှုများအတွက် သူမ မျက်ရည်ကျရသည်။ သို့သော် သူမ ကိုယ်တိုင်အတွက်တော့ သူမ မျက်ရည် မကျခဲ့ဖူးပါ။ ထို့ကြောင့်လည်း ယခုတစ်ကြိမ်တွင် သူမအတွက် ကျရမည့်မျက်ရည်သည် သူမဘ၀တွင် သူစိမ်း ပြင်ပြင်သာ ဖြစ်သည်။

အပြင်မှာ တိတ်ဆိတ်ရန် အားယူစပြုလာချိန်တွင် အခန်းထဲသို့ အရိပ်တစ်ရိပ် ဝင်လာ၏။ ရှည်မျောသော အရိပ်သည် သူမခုတင်ဆီသို့ လျင်မြန်စွာ နီးကပ်လာသည်။

“ဘာဖြစ်လို့ ဒီလောက်မှောင်နေတာလဲ” ပြောပြောဆိုဆို တစ်ခုတည်းသော ပြတင်းပေါက် ပွင့်သွားသည်။

“ဘွားဘွား ထမင်းလဲ မစားသေးပါလား”

လူငယ်ကလေးသည် ခုတင်ပေါ်မှာ ထိုင်နေသော မိန်းမကို ရယ်ပြသည်။ သူမ ပြန်မပြုံးပါ။ သူမ မစားချင်သော ထမင်းကို ချွဲတတ်သော မြေးကလေးသာ ခွံ့ကျွေးမည်ဆိုလျှင် စားသင့်သလားဟု သူမ တွေဝေစွာ စဉ်းစားနေ၏။ သို့သော် မည်သူကမျှ သူမကို ထမင်းခွံ့ရန် စိတ်ကူးမရှိပါ။

“ဘွားဘွား ... ကျွန်တော့်မွေးနေ့လဲ ရောက်တော့မှာ”

“အင်း ... အင်း”

“ဖေဖေက ကျွန်တော့်ကို ဂီတာ ၀ယ်ပေးမှာတဲ့”

“အင်း ... အင်း”

ဤလူကလေးသည် ဂီတကို ကလေးအရွယ်ကတည်းက သာယာတတ်သူ ဖြစ်သည်။ ဤမြေးကလေးအတွက် ကမ္ဘာပေါ်မှာ မရှိသော သီချင်း သံစဉ်များကို သူမ ရွတ်ဆို ညည်းခဲ့ရဖူးသည်။ သူမ ပင်ပန်းခဲ့ပါသလား။

“ဘွားဘွား ... ညီမလေးက ဘွားဘွားဆီ လာချင်လို့တဲ့”

“အလိုတော် ... ရှုပ်ရှုပ်ယှက်ယှက်၊ မလာရဘူးလို့ ပြောလိုက်”

တစ်ခဏအတွင်း သာယာသော ရယ်သံကလေးတစ်ခု သူမအနီးမှာ ရောက်လာသည်။ ငွေဆည်းလည်း သေးသေးကလေး တစ်ခု ကောင်းကင်ဆီမှာ လှုပ်ခတ်နေသလို ထင်ရ၏။ အဖြူရောင် ဂါဝန်ပွပွကလေး၊ အနီရောင် ခေါင်းစည်းကြိုးကလေး။ မြင်းမြီးပုံစံ ဆံပင် နီကျင်ကျင်ကလေး။ ပေါင်ဒါနံ့ သင်းသင်းကလေး။ သူမ၏ အိပ်မက်များစွာကို တစ်စ ချင်း ဖျက်ဆီးဖဲ့ခြွေပစ်သော သားသမီးများလိုပင် စွမ်းအားရှိသော မြေးငယ်ကလေး။

“မီးကို ပုံမပြောတာ ကြာလှပြီ ဘွားဘွားရဲ့”

သူမ ထိုအရွယ်တုန်းက သူမ မိဘများ၏ ပုံပြင်ကို နားထောင်ခဲ့ရလေသလား၊ စဉ်းစားတော့ ဝိုးတဝါးသာ ထင်၏။ မအေ၏ ချည်ခင်ကို ယူဆော့မိ၍ ခေါင်းခေါက်ခံရတာ ဘယ်သူပါလိမ့်။ သူမသည် တိုးတိုးကလေး ရယ်လိုက်သည်။

“ဘွားဘွား ... မီးကို ခေါင်းတုံး တုံးပေးတဲ့ ပုံပြင်ကလေး ပြောပြပါဦး”

တင်းမာအေးစက်သော စိတ်နှလုံးသည် တစ်စ တစ်စ အရည်ပျော်သွား၏။

“ကဲ ကဲ ... ဓာတ်ပုံအယ်လ်ဘမ်တွေ ယူခဲ့”

ခဏအကြာတွင် သူမခုတင်ပေါ်၌ ဓာတ်ပုံများ ပြန်ကျဲနေတော့သည်။ မြေးမလေး ခေါင်းတုံးတုံးထားစဉ်က ရိုက်ထားသော ဓာတ်ပုံကို သူမ ရွေးထုတ်လိုက်၏။ နာရီသံသဲ့သဲ့ ကြားရသည်။ ဘယ်နှစ်ချက်မှန်း မသိ၊ ဘယ်နှစ်ကြိမ် ပြန်ပြောနေမှန်း မသိ။ နောက်ဆုံးတော့ မြေးကြီးက ကလေးမလေးကို ပွေ့ချီခေါ်သွားသောအခါ အခန်းသည် တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ ဆေးရောင်စုံ ဓာတ်ပုံများ၊ အဖြူအမည်း ဓာတ်ပုံများ။ သူမသည် ပြန့်ကျဲနေသော ဓာတ်ပုံများကို စုသိမ်းဖို့ ကြိုးစားရင်း ပိုမိုဖြန့်ကျဲကာ တစ်ခုချင်း စေ့စေ့စပ်စပ် ကြည့်မိပြန်သည်။

ဓာတ်ပုံများသည် အဖြစ်အပျက်ပေါင်းများစွာ၊ အခြေအနေပေါင်းများစွာကို သူမအား နည်းနည်းချင်း ရှင်းပြပေးနေသည်။ သူမ ခင်ပွန်းနှင့် သူမ၏ ဓာတ်ပုံများ၊ သူမ သားသမီးများနှင့် သူမ၏ ဓာတ်ပုံများ၊ သူမ၏ မြေးများနှင့် သူမ၏ ဓာတ်ပုံများ၊ စိတ်ကျဉ်းကျပ်နေသော နေ့ရက်များ၊ အားတင်းထားရသော နေ့ရက်များ၊ ပျော်ရွှင်ကြည်နူးရသော နေ့ရက်များ ... ။

ဓာတ်ပုံပေါင်းစုံကို ကြည့်ရင်း သူမ၏ ဘ၀ဖြစ်ရပ်ပေါင်းစုံကို သူမ ပြန်လည် ရင်းနှီးရသည်။ သူမ၏ ဇနီးသည်ဘ၀ကို သူမ မြင်ရသည်။ သူမသည် စွမ်းအင်ပြည့်သော ဇနီးတစ်ယောက် ဖြစ်သည်။ သူမ၏ မိခင်ဘဝကို သူမ မြင်ရသည်။ သူမသည် ကိုယ်ကျိုးစွန့်လွှတ်ကာ သားသမီးများကို ပြုစုပျိုးထောင် ပေးခဲ့သော အောင်မြင်သည့် မိခင်တစ်ယောက် ဖြစ်သည်။ သူမ၏ ဘွားအေဘ၀ကို သူမ မြင်ရသည်။ သူမသည် စိတ်ရှည်လက်ရှည် နူးညံ့သိမ်မွေ့သော ဘွားအေတစ်ယောက် ဖြစ်သည်။

သို့သော် သူမသည် သူမကိုယ်တိုင်ကိုတော့ ရှာဖွေမတွေ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမကိုယ်တိုင်အဖြစ် တည်ရှိခဲ့သူ မဟုတ်သောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ကိုယ်တိုင်၏ ဘ၀အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ ဖြစ်တည်ခဲ့ဖူးသည်ဆိုလျှင် ထိုလူများထဲတွင် သူမ မပါဝင်ပါ။ သူမ၏ များပြားလှသော ဘ၀များတွင် သူမ ၏ ကိုယ်ပိုင်ဘ၀ မပါဝင်ပါ။

သူမသည် ရုတ်တရက် ရလာသော အသိတရားကလေးဖြင့် စိတ်သက်သာရာ ရသွားသည်။ သူမ၏ ဘ၀ကို သူမကိုယ်တိုင်ပင် ပြန်လည် ဖန်တီးယူ ရမည်။ ထိုအခါ သူမ၏ ကိုယ်ခန္ဓာသည် ၀ါဂွမ်းကလေး တစ်စလို၊ တိမ်တိုက်ကလေးတစ်ခုလို ပေါ့ပါးစွာ လွင့်မျောလာ၏။ တက်ကြွရွှင်လန်းလာသော သူမသည် အခန်းထောင့်သို့ တရွေ့ရွေ့ လျှောက်သွားသည်။ ထိုနေရာတွင် ကြည့်မှန်တစ်ချပ် ရှိသည်။ သူမသည် သူမကိုယ်သူမ ရှာဖွေတွေ့ရှိရန် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် မှန်ထဲသို့ ကြည့်လိုက်၏။

ရေငွေ့များ ပိတ်ဆီးထားသော မှန်ချပ်၏ တစ်ဖက်ကို လှမ်းကြည့်ရသကဲ့သို့ ခပ်ဝါးဝါး ဖြစ်နေသည်။ ထိုမှန်ထဲမှ မျက်နှာတစ်ခုသည်လည်း ခပ်လှမ်းလှမ်း နှင်းငွေ့ကြားထဲမှာ ထွင်းဖောက်ကြည့်ရသော မျက်နှာလိုပင် ဘာမျှမသဲကွဲဘဲ မှုန်ဝါးလျက်ရှိသည်။ ထိုမျက်နှာတွင် မျက်စိရှိသည်။ နှာခေါင်းရှိသည်။ ပါးစပ်ရှိသည်။ အလွန် ပုံပန်းကျနလှပသော ပါးစပ် ရှိနေရမည်။ သို့သော် ထိုအရာများကို သူမ မမြင်ရပါ။ သူမ မြင်နေရသည်မှာ အနားရစ် မသဲကွဲသော ဝေဝါးသည့် မျက်နှာတစ်ချပ်ပင် ဖြစ်သည်။

သူမသည် မှန်ထဲမှ ဝေဝါးလာသော မျက်နှာကို ငေးကြည့်လျက် မျက်ရည်များ လိမ့်ဆင်း ကျလာသည်။ နောက်ဆုံးတော့ အချိန်ကာလသည် သူမကို ကောင်းကောင်း အနိုင်ရ သွားပါပြီ။

သူမ၏ မိန်းမသားအဖြစ်ကို သူမ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ အရာရာသည် သူမအတွက် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။



ဂျူး

[ဟန်သစ်စာပေ]



(ယခု ၀တ္ထုတိုလေးကို ဆရာမ ဂျူး ၏ အရောင်များနှင့်ကစားခြင်း နှင့် အခြားဝတ္ထုတိုများ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။)



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



Admin မှတ်ချက်



ယခု ၀တ္ထုတိုလေးသည် ဟန်သစ်စာပေ မှ ၁၉၉၇ ၀န်းကျင်တွင် ထုတ်ဝေခဲ့သော ဆရာမ ဂျူး အပါအ၀င် စာရေးဆရာ လေးယောက် ၏ ၀တ္ထုတို တစ်ပုဒ်စီ ပါဝင်သော ၀တ္ထုတိုစုစည်းမှု စာအုပ်တွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။



ဂျူးစာပေ မှ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော ဆရာမ ဂျူး၏ အရောင်များနှင့်ကစားခြင်း နှင့် အခြားဝတ္ထုတိုများ ၀တ္ထုတိုစုစည်းမှု စာအုပ်တွင် ဒုတိယအကြိမ် ပါဝင်ခဲ့သည်။



ယခုဖော်ပြထားသော သရုပ်ဖော်ပန်းချီမှာ ဟန်သစ်စာပေ မှ ထုတ်ဝေသော စာအုပ်မှ ဖြစ်သည်။ ထို သရုပ်ဖော်ပုံကို ကျွန်တော်တို့ Page တွင် ဝေမျှပေးသော မ Nyein Nyein San ကို ကျေးဇူးတင်ရှိပါသည်။



(One of Admins)

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...