သူ့ကို ကျွန်မ စပြီး မြင်ဖူးသည်က လူနာကလေးမလေး တစ်ယောက်
အဖြစ်ပါ။
ကျွန်မအိမ်နှင့် ဘေးချင်းကပ်လျက်အိမ်က ပညာရေး ဘော်ဒါဆောင် တစ်ခု ဖြစ် သည်။ ဘော်ဒါဆောင်ဆိုတော့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရောကို ခြံဝင်းထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ မြင်တွေ့နေကျ။ စာသင်သံတွေ၊ စာရွတ်သံတွေကို ကြားနေကျ ဖြစ်သည်။ စည်းကမ်း ကြီးသော ဘော်ဒါဆောင် ဖြစ်သဖြင့် ရယ်မော စ,နောက်သံများကိုတော့ မကြာခဏ ကြားရတတ်သည် မဟုတ်ပေ။ အဲသည် ခြံဝင်းဘက်မှ ရယ်သံကို ကျယ်ကျယ် လောင်လောင် ကြားရပြီဆိုလျှင် အဲဒါ စာသင်ချိန် တစ်ခုမှာပဲ ဖြစ်၏။ ဇီဝဗေဒ စာသင်ချိန်မှာ ရယ်မောသံများ ကြားရခြင်း ဖြစ်သည်ဟု ဘော်ဒါဆောင်ကို ဦးစီးသူ အမျိုး သမီးက ကျွန်မအား ရှင်းပြဖူးသည်။ ကျွန်မ အံ့သြရပါသည်။ ဇီဝဗေဒ၏ ကိုးတန်း ဆယ် တန်း သင်ခန်းစာများကို ကျွန်မအား သင်ကြားပေးခဲ့သော ဆရာမကြီး ဒေါ်နွယ်နွယ်အား သတိရ အောက်မေ့မိရင်း ကျွန်မတို့ စာသင်ချိန်မှာ ဘယ်နှစ်ခါ ပြုံးရယ်ခဲ့ရလို့ရလဲဟု စဉ်းစား ကြည့်မိသည်။ ထို့အတူ ပြုံးရယ်စရာ မပါသော ဘာသာရပ်တစ်ခုကို ကျောင်းသားတွေ တ၀ါးဝါး ရယ်မောရအောင် သင်ကြားခြင်းမှာ ဆရာ၏ ချီးကျူးထိုက်သော အရည်အချင်း ဖြစ်လေမလားဟု သံသယ ၀င်ခဲ့ရပါသည်။
ဘာပဲဖြစ်ဖြစ် ဤဘော်ဒါဆောင်သည် နာမည်တော့ တော်တော် ကြီးပါသည်။ အောင်ချက် ကောင်းသည်၊ အဆင့်မြင့် တက္ကသိုလ်များသို့ ၀င်သည့် ကျောင်းသားကျောင်း သူတွေများသည် စသည့် သတင်းစကားများကို ကျွန်မ၏ လူနာများထံမှာ ကြားရလေ့ရှိ သည်။
ဤဘော်ဒါဆောင်မှ ကလေးများ နေမကောင်းလျှင် ကျွန်မပဲ ဆေးကုသပေးရ၏။ အများအားဖြင့်တော့ ဆေးခန်းသို့လာကြသည်။ တစ်ခါတစ်ရံသာ ဘော်ဒါဆောင်ထိ လိုက်သွား ရတတ်သည်။ ဘော်ဒါဆောင်ကိုမှ ကျွန်မ သွားရပြီဆိုလျှင်တော့ လူနာကို ကုသပေး ပြီးသည့်နောက် ကျန်သည့် ကျောင်းသား ကျောင်းသူများကို ကြုံလျှင်ကြုံသလို ကျန်းမာရေး ပညာ အသိတချို့ကို ပြောပြပေးခဲ့သည်က ကျွန်မ၏ အကျင့်တစ်ခု ဖြစ်နေသည်။ ဆေးလိပ်ကို ဘာကြောင့် ရှောင်သင့်သလဲ ဆိုသည့် အကြောင်းအရာမျိုး၊ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ ဘာကြောင့် လိုအပ်သလဲ၊ ဘယ်အတိုင်းအတာထိ သိထားသင့်သလဲ ဆိုသည့် အကြောင်းအရာမျိုး၊ HIV/AIDS နှင့် ပတ်သက်ပြီး လူငယ်တွေ ကြုံတွေ့နိုင်သည့် အဖြစ်အပျက်နှင့် ရလဒ်များဆိုသည့် အကြောင်းအရာမျိုးတွေ ဖြစ်တတ်သည်။
သို့သော် ထိုတစ်ရက်ကတော့ ကျွန်မ ပြောနေကျ စကားဝိုင်းကို ပျက်ကွက်သွားခဲ့ ၏။ သူ့ကို ဆေးကုသပေး ပြီးသည့်နောက်မှာ ကျွန်မ၏ စိတ်အာရုံများ လွတ်လပ်မှုမရှိဘဲ တစ်စုံတစ်ရာနှင့် နှောင်ဖွဲ့တင်းကျပ်မိ သွားသောကြောင့် ဖြစ်သည်။
သူ့ကို ကျွန်မ တစ်ခါမျှ သတိမထားမိခဲ့၊ မမြင်ဖူးခဲ့တာ သေချာသည်။ သို့သော် ကျွန်မ မြင်ဖူးနေသလို ရင်းရင်းနှီးနှီးကို မှတ်မိနေသည်မှာလည်း သေချာသည်။
တောက်ပ ရွှန်းလက်သော မျက်ဝန်းနက်များ၊ မည်းနက်ပြီး မျက်လုံးနှင့် ဝေးဝေး မြင့်မြင့် မျက်ခုံးများ၊ သေးသွယ်ချွန်မြသည့် နှာတံစင်းစင်း၊ နောက်ပြီး လုံးဝန်းသော မျက်နှာကျမှာ သွယ်ချွန်းသော မေးစေ့။
“သမီးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ ၊ သမီး မော်ဒယ်များ လုပ်သလား”
တစ်ဝက်တစ်ပျက် စ,နောက်သော စကားဖြင့် ငိုမဲ့နေသော ကလေးမကို မေးမိသည်။ သူက မဖြေပါ။ ကျွန်မ၏ပစ္စည်း ကိရိယာများကိုသာ အသည်းအသန် ဂရုစိုက်ကြည့် လျက် သူ့ကိုနာကျင်အောင် လုပ်တော့မှာကို စိုးရိမ်ကြောင့်ကြနေဟန် ရှိ၏။
“ဆေးမထိုးချင်ဘူး”
သူက မျက်ရည်စိုစွတ်သော မျက်ဝန်းများဖြင့် ကျွန်မအား စိန်းစိန်းကြည့်ကာ ငြင်း ဆိုပါသည်။
“ကေခိုင် … ဆရာမကို အဲသလို မဆိုးနဲ့လေ၊ ဆရာမက သမီးနေကောင်းအောင် ကုပေးမှာ”
ဘော်ဒါဆောင် အုပ်ချုပ်သူ အမျိုးသမီးက ဖျောင်းဖျသည်။
“သမီးက အဖျားသိပ်ကြီးပြီး ခေါင်းကိုက်လို့ ငိုနေရတာမို့ ချက်ချင်း သက်သာအောင် ဆေးထိုးမှ ကောင်းမယ်လေ”
ကျွန်မ အပြုံးဖြင့် ချော့မော့မိ၏။
“ဟင့်အင်း …… မထိုးရဘူး”
“ကောင်းပြီ၊ သမီး မထိုးချင်ရင် အန်တီ မထိုးဘူး၊ ဒါပေမယ့် အဖျားနဲ့ ခေါင်းကိုက် မြန်မြန်ကျအောင် တစ်ခြားနည်းတစ်ခုနဲ့တော့ သမီးကိုယ်ထဲ ဆေးရောက်အောင် လုပ်ရ လိမ့်မယ်”
ကျွန်မက တခြားကလေးတွေ မကြားရအောင် သူ့နားနားကို ကပ်ပြီး ပါရာစီတမောလ် ဆေးတောင့်လေးတစ်ခု သူ့ကိုယ်ထဲသို့ ဘယ်နည်းဖြင့် ထည့်ပေး နိုင်သည် ဆိုတာ ရှင်းပြလိုက်သည်။ ထိုအခါ သူ့မျက်နှာလေး ပန်းသွေးရောင် ရဲသွား၏။
“ဟင့်အင်း……….ဟင့်အင်း”
ဆယ်တန်းကျောင်းသူမကလေးသည် ထိုနည်းကို အသည်းအသန် ငြင်းပြန်ပါသည်။
“ဒါဖြင့် သမီးရွေးလေ၊ ဆရာမ ဘယ်နည်းနဲ့ သမီး အဖျား မြန်မြန်ကျအောင် လုပ်ပေးစေချင်သလဲ”
ကလေးမ ခဏ တွေဝေသွားသည်။ နောက်တော့မှ မပွင့်တပွင့် အသံဖြင့် ခပ်ဆဆ ပြောသည်။
“သမီးကို ဖေဖေက လွဲလို့ ဘယ်သူမှ ဆေးထိုးပေးတာ မခံရဖူးဘူး”
ထိုစကားကြောင့် ကျွန်မ သူ့မျက်နှာလေးကို ဖျတ်ခနဲ အသေအချာ ငုံ့ကြည့်မိ၏။ သူ့အဖေက ဆရာဝန်လား။ ဒါဖြင့် ဘုရားရေ………။
“သူ့အဖေက ဆရာဝန်ပဲ ဆရာမရဲ့”
ဘော်ဒါဆောင် အုပ်ချုပ်သူ အမျိုးသမီးက ကျွန်မအား ရှင်းပြသည်။
ကျွန်မကလေးမကို ကြည့်ရင်း ဘယ်သူ့သမီး ဖြစ်နိုင်သည်ဆိုတာ တွေးမိသွားပါ သည်။
“သမီးအဖေက ပင်လောင်းက များလား”
“ဟုတ်တယ်”
ကလေးမ၏ မျက်ဝန်များ လက်သွား၏။
“ဖေဖေ့ကို သိလားဟင်”
သိသလား၊ ကျွန်မ ရင်ထဲမှာ ထိတ်ခနဲ ခုန်သွားသည်၊ သိသလားတဲ့၊ ကျွန်မ ပြုံး လိုက်ပါသည်။
“သိတာပေါ့၊ သမီးဖေဖေနဲ့ အန်တီနဲ့က တစ်တန်းတည်း ကျောင်းတက်ခဲ့တဲ့ အတန်းဖော် သူငယ်ချင်းတွေလေ၊ သိပ်ခင်တာပေါ့၊ သမီးအိမ်ပြန်တဲ့အခါ အန်တီဆရာမ အကြောင်း သမီး ပြောပြလိုက်ပေါ့”
သူ့အဖေနှင့် တစ်တန်းတည်းသား ဆရာဝန်ဟု သိသွားရုံဖြင့် ကျွန်မအပေါ် သူအား ကိုးသွားလေသလား မသိ၊ သူ့အား မနာအောင် ဆေးထိုးပေးရန် ဟူသော ခြွင်းချက်ဖြင့် ဆေးထိုးခွင့် ပေးလိုက်သည်။
ထိုနေ့က ကျွန်မ အိမ်သို့ ချက်ချင်း ပြန်သွားခဲ့မိပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
p many eyes painting
သူသည် စာတော်သော ကလေးမတစ်ယောက် ဖြစ်သည် မှန်၏။ သို့သော် တော် တော်စိတ်မြန်ပြီး တော်တော်ရှန်းသော ကလေးတစ်ယောက်လည်း ဖြစ်သည်။
သူ့လေ့ကျင့်ခန်းစာအုပ် အဖြေများကို ကျွန်မတောင်းယူကြည့်သည့်အခါ ပေါ့ဆ သော အမှားသေးသေးလေးများကို သတိထားမိသည်။
မေးခွန်းတစ်ခုခုကို သူ့အားမေးလိုက်လျှင် အဖြေကို တစ်ခုတည်း ဘယ်တော့မှ မရ တတ်။ ပထမ အဖြေ ပြီးသည့်နောက် ကျွန်မ၏ မျက်နှာထား မပြောင်းလဲသည်ကို သတိ ထားမိလျှင် ဒုတိယအဖြေကို ပြောင်းလဲပေးတတ်သည်။
“ဟင်……မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပိုတက်ဆီယမ် ပါမင်းဂနိတ်” ဆိုသော အဖြေမျိုး ဖြစ်သည်။ တကယ်တော့ သူ့ပထမအဖြေက အမှန်၊ ဒုတိယအဖြေက အမှား။
သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသည်ဟု ကျွန်မ မှတ်ချက်ချမိသည်။
သူထမင်းမစားချင်ဘူးဆိုလျှင် ကျွန်မက အိမ်မှတစ်ခုခုလုပ်ပြီး သူ့ကို သွားပို့ပေးရန် ဖုန်းဆက်ပြီး မေးမိသည့် အခါမျိုးတွေ ရှိသည်။
“သမီး ကေခိုင်၊ ကြေးအိုးသောက်ချင်သလား၊ ဖက်ထုပ်ပေါင်း သောက်ချင်သလား” ဟူသော မေးခွန်းအတွက် ပထမအဖြေကို ချက်ချင်း ရ၏။
“ကြေးအိုးသောက်ချင်တယ် အန်တီ”
ထို့နောက် နှစ်စက္ကန့်အတွင်း ဒုတိယအဖြေကို ပြောင်းပေးပြန်၏။
“ဟင်….မဟုတ်ဘူး မဟုတ်ဘူး၊ ဖက်ထုပ်ပဲ သောက်ချင်တယ်”
ကျွန်မက အနည်းငယ် မျက်မှောင်ကြုတ်မိရာက လေးလေးနက်နက် လေသံဖြင့် မေးမိ၏။
“သမီး … သေချာတယ်နော်၊ ဖက်ထုပ်သောက်ချင်တာ ဟုတ်ရဲ့လား”
ထိုအခါ သူသည် နှစ်စက္ကန့်လောက်အတွင်း ချက်ချင်းပင် ပထမအဖြေဆီ ပြန် ရောက်သွားပြန်၏။
“ကြေးအိုးပဲ သောက်ပါတော့မယ် အန်တီ”
သူဘာဖြစ်လို့ တစ်ခုခုအပေါ်မှာ စိတ်မပြတ်သားရတာလဲ၊ ဘာကြောင့်လဲ။
ထိုအခါမျိုးတွင် ကျွန်မသည် သူ့အဖေကို ပြန်ပြီး သတိရအောက်မေ့ သွားရတတ် ပါသည်။ ဒါ အဖေ့ဗီဇအမွေတော့ မဟုတ်နိုင်ဘူး။ သူ့အဖေသည် ငယ်စဉ်တုန်းက ရွေးချက်မှု တစ်ခုခုကို ပြုလုပ်ရန် ဘယ်တုန်းကမှ နှောင့်နှေးတွန့်ဆုတ်မှု မရှိခဲ့။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနိုင်ခဲ့သည်ချည်းပင် ဖြစ်သည်။ သူ့ဘ၀မှာ မပြတ်သားခဲ့သည့် တစ်ခုတည်းသော ပြဿနာမှာ ကျွန်မဖြစ်သည်။ ကျွန်မကို သူ့ဘ၀ထဲ ခေါ်သွင်းရမလား၊ ထားရစ်ခဲ့ရမလား ဆိုတာကိုတော့ သူလပေါင်းများစွာ တွေဝေခဲ့ဖူးတာပေါ့။ သို့သော် နောက်ဆုံးမှာတော့ သူ ပြတ်သားခဲ့တာပါပဲ။ ကျွန်မကို အခုချိန်အထိ အထီးကျန်ဘ၀အပေါ် တွယ်တာ နစ်ဝင်ဆဲ ဖြစ်စေလောက်အောင်ပင် သူ ပြတ်သားခဲ့ပါသည်။
ကျွန်မသည် နောက်ပိုင်းတွင် အိမ်ပေါ်ထပ် ၀ရန်တာမှ ဟိုဘက် ခြံဝင်းဆီသို့ လှမ်း ရှာကြည့်မိ တတ်လာသည်။ ညနေခင်း ခဏအနားယူချိန်၌ ကလေးတွေ ပန်းခြံထဲမှာ ဟိုနေရာ စုစု၊ သည်နေရာ စုစု စကားပြောတတ်ကြသောကြောင့် ဖြစ်သည်။ အဲသည်လို ညနေချမ်း အချိန်မျိုးမှာ သူဘာလုပ် နေတတ်သလဲဟု ကျွန်မ မေးကြည့်ဖူး၏။
“အခန်းထဲမှာ သီချင်းနားထောင်နေတာ” ဟု ဖြေပါသည်။
သူ့အဖေက သူ့အား နားကြပ်ဖြင့် နားထောင်ရသော ဝေါ့လ်ခ်မင်း ကက်ဆက်လေး တစ်ခုနှင့် စီဒီဓာတ်ပြား ဖွင့်စက်လေးတစ်ခု ပေးလိုက်သည်။
ဂီတကို အာရုံနစ်ဝင်နိုင်တာတော့ ကောင်းသည်။ တခြားအာရုံတွေ နည်းသွားနိုင် တာပေါ့ဟု ကျွန်မ မှတ်ချက်ချ မိသည်။
“သမီး ဘယ်သီချင်းမျိုးကို ကြိုက်သလဲ”
ကလေးတွေကို တွေ့တိုင်း အလျဉ်းသင့်သလို မေးခွန်းတွေ မေးတတ်သည့် ကျွန်မ သည် သူ့ကိုတော့ သာမာန်ထက် ပိုကဲသည့် စိတ်ဝင်စားမှုဖြင့် စပ်စု မေးမြန်းမိလေ့ ရှိပါ သည်။
“ဘရစ်တ်နီ စပီးယား ကြိုက်တယ်၊ အမ်တူးအမ် ကြိုက်တယ်၊ ဗနက်ဆာ ကာလ် တန် ကြိုက်တယ်”
သူက မျက်လုံးလေး ထောင့်ကပ်စဉ်းစားရင်း ဖြေလျှင် ကျွန်မ လွှတ်ခနဲ အာမေဍိတ်သံဖြင့် ရယ်မောလိုက်မိဖူး၏။
“အလို .... ပင်လောင်းသူလေးက အလာကြီးပါလား”
ထိုအခါ သူ အနည်းငယ် နှုတ်ခမ်းစူသွားသည်။
“ဖေဖေက သမီးကို ဒစ်ဂျစ်တယ်လ် ဂြိုဟ်တုစလောင်း တပ်ပေးထားတာ ဥစ္စာ”
သူ့အဖေကိုတော့ သူတော်တော်ချစ်မြတ်နိုး အားကိုးဟန် ရှိသည်။ ဘာစကားပဲ ဦး တည်ပြောပြော ထိုစကားနှင့်အတူ သူ့အဖေ ပါသည်။ ဤကလေးမကို သူ့အဖေ ဘယ်လောက်များ ချစ်လိုက်မလဲ။ ကျွန်မ တစ်ခါတစ်ခါ သူ့ကို ငေးမောရင်း မှန်းဆကြည့်မိသည်။ သူနှင့် ရုပ်ရည်ဆင်တူသော ကိုယ်ပွားသမီးငယ်လေးကို သူအသက်တမျှ မြတ်နိုး တွယ်တာပေလိမ့်မည်။ ထိုသမီးငယ်လေးကို မွေးဖွားပေးသော သူ့ဇနီးကိုလည်း အထပ်ထပ် အခါခါ ကျေးဇူးတင်ရင်း ချစ်မြတ်နိုးမဆုံး ဖြစ်ရလိမ့်မည်။ ထိုသမီးငယ်လေးကို ဘ၀မှာ ဘာဖြစ် စေချင်ပါလိမ့်။ သူ့လိုပဲ ဆရာဝန် ဖြစ်စေချင်မှာပေါ့။ ဒါကြောင့်သာ မြို့သေးသေးလေးမှာ သူ နှင့်အတူ ရင်ခွင်မှာ ထားခွင့်ရပါလျက်နှင့် မြို့တော်ကြီးသို့ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင် လာထားခြင်း ဖြစ်မှာပေါ့။
“သမီး အသက်ကြီးလာရင် ဘာလုပ်ချင်သလဲ” မေးမိသည်။
“ဆရာဝန် လုပ်ချင်တယ်” ဟုဖြေပါသည်။
“ဆရာဝန် ဘာလို့လုပ်ချင်တာလဲ” ထပ်မေးမိ၏။
ထိုအခါ သူ ခဏ တွေဝေသွားသည်။ ထို့နောက် ခပ်ဆဆ ဖြေသည်။
“ဖေဖေ့လို ဖြစ်ချင်လို့”
“ဖေဖေ့လို လူနာတွေနဲ့ချည်း နေရတာကို သမီး ကြိုက်တာလား”
“ဖေဖေ သိပ်ပင်ပန်းတာပဲ”
ကလေးမက အမှန်ကို ယခုမှ စဉ်းစားမိသည့် မျက်နှာထားမျိုးဖြင့် စဉ်းစားဖြေပါ သည်။
“ဖေဖေက ဆေးခန်းကို တနင်္ဂနွေ ပိတ်ချင်တယ် ၊ ဒါပေမဲ့ ပိတ်လို့မရဘူးလို့ပြောတယ်”
“ဟုတ်တယ်လေ၊ လူနာဆိုတာ နေမကောင်းဖြစ်တဲ့ အချိန်မှာ ဆေးကုခံချင်တာပေါ့၊ ဆရာဝန်ဆိုတာလဲ အဲဒီလူနာတွေအတွက် အမြဲအဆင်သင့် ဖြစ်နေရတာပဲ”
သူ့ကို ရှင်းပြသလိုနှင့် ကိုယ့်ကိုယ်ကို နှစ်သိမ့် ဖျောင်းဖျမိပါသည်။
“ဟုတ်တယ်နော်၊ ဖေဖေကပြောတယ်၊ လူတွေကို ဝေဒနာကနေ သက်သာအောင် လုပ်ပေးရတာ ကျေနပ်စရာကောင်းတယ်တဲ့”
သူ ဆရာဝန် ဖြစ်ချင်သည်ဟူသော ဆန္ဒမှာ သူ့အဖေ၏ လွှမ်းမိုးခံရမှုက တော်တော် အရေးပါသောအကြောင်း ဖြစ်ပါလိမ့်မည်။
“သမီး မြို့မှာပဲနေပြီး ကျောင်းတက်ရင် ဆေးတက္ကသိုလ်ကို တက်ခွင့်ရလောက်အောင် အောင်မှတ်ကောင်းလိမ့်မယ်လို့ မထင်လို့ ဒီကိုလာတာလား”
ကျွန်မ သူ့ကို စစ်စစ်ပေါက်ပေါက် မေးမိသည်။
“သမီး မသိဘူး”
ကလေးမက မျက်လုံးကလေး ၀ိုင်းလျက် ကျွန်မအား ဇဝေဇ၀ါ ကြည့်လာပါသည်။
“ဖေဖေက ပို့လို့ လာတာလား”
“ဖေဖေက ဒီကို မပို့ချင်ပါဘူး၊ ဘိုးဘိုးက ပို့တာ”
ကျွန်မ အနည်းငယ် အံ့သြသွားသည်။
“ဘိုးဘိုးဆိုတာ ….”
'ဖေဖေ့ရဲ့ အဖေ'
“သြော်…”
ကျွန်မ ဘာမှ မပြောနိုင်။
“ဖေဖေနဲ့ ဘိုးဘိုး နဲ့ စကားတွေ များကြသေးတယ်။ ဒါပေမဲ့ ဖေဖေက လျှော့လိုက် ရတယ်၊ ဒီတစ်နှစ်ပဲ ထားမှာတဲ့၊ တကယ်လို့ ဘိုးဘိုး ထင်သလို မဖြစ်လာရင် နောင်နှစ်တော့ သမီးကို ဖေဖေ့ဆီမှာပဲ ထားမှာတဲ့”
“ဒါဖြင့် သမီး စားမေးပွဲကျသွားနိုင်တယ်လို့ သမီးအဖေ ထင်နေတာလား”
သူ အနည်းငယ် မျက်နှာ ညှိုးသွားသည်။
“အိမ်နဲ့ခွဲရရင် သမီးငိုနေလိမ့်မယ်လို့ ဖေဖေက ဘိုးဘိုးကို ပြောတာပဲ”
“တကယ်ရော သမီး ငိုနေတာပဲလား”
ကျွန်မ မေးမိတော့ သူချက်ချင်း မျက်ရည်တွေ ရစ်ဝဲရာမှ ပြည့်လျှံသွားသည်။ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သောအခါ ပြည့်လျှံနေသော မျက်ရည်တို့ လွင့်စဉ်ကျ သွားလေသည်။ ကျွန်မသည် ကလေးမလေး၏ နုငယ်လှသော မျက်နှာလေးကို ငေးကြည့်ကာ ရင်ထဲမှာ စစ်ခနဲ နာကျင်သွားသည်။
“သမီး ဖေဖေနဲ့ မေမေကို အရမ်းသတိရတာပဲ အန်တီ”
“သြော် ... သမီးရယ်”
ကျွန်မ သူ့ပါးပြင်ပေါ်မှ မျက်ရည်စတို့ကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးမိ သည်။
“အန်တီ ... ဖေဖေ့ကို ခေါ်ပေးမလားဟင်”
ဘုရားရေ … ။
“အန်တီ့စကားဆို ဖေဖေ နားထောင်ချင် ထောင်မှာပေါ့၊ သမီးဆီကို အလည်လာဖို့ ခေါ်ပေးပါလား”
ကျွန်မ၏ တောင်းဆိုချက်ကို သူ့အဖေ လိုက်လျောမည်ဟု သူ ထင်နေခဲ့သည်။ ကျွန်မက သူ့အဖေအပေါ် ဘယ်တုန်းကမှ ဘာကိုမှ မတောင်းဆို ခဲ့ဖူးသည်ကို ကလေးမ မသိ။ တောင်းယူမှ ပေးမည့် အရာမျိုးကို သူ့အဖေထံမှ ကျွန်မ မလိုချင်ခဲ့ပါ။ သူ မပေးနိုင် တာ တစ်ခုကို တောင်းမိသွားမှာ ကျွန်မ စိုးရိမ်သည်။ ကျွန်မကို လိုက်လျောချင်စိတ်နှင့် မလိုက်လျောနိုင်သည့် ဆုံးဖြတ်ချက်တို့ အကြားမှာ သူတွေဝေမှာကို ကျွန်မ ကြောက်သည်။
“သူမလာနိုင်တာကို လာပါလို့ခေါ်ရင် သူစိတ်မကောင်းဖြစ်ရုံပဲ ရှိမှာပေါ့သမီးရဲ့၊ သူလာနိုင်ရင် လာမှာပေါ့”
ကျွန်မ ဖျောင်းဖျမိသည်။ သူ လက်မခံပါ။
“သူ မလာနိုင်ဘူးလို့ အန်တီ ဘယ်လိုလုပ် သိတာလဲ၊ သူလာနိုင်တာ ဖြစ်ချင်ဖြစ် နေမှာပေါ့၊ နှစ်ရက်သုံးရက်တော့ ဆေးခန်း ခဏ ပိတ်လို့ ရချင်ရမှာပေါ့။”
“ရရင် လာမှာပေါ့ မဟုတ်ဘူးလား၊ မရလို့ မလာတာပေါ့”
“မဟုတ်ဘူး လာလို့တော့ ရချင်ရနေမယ်၊ ဒါပေမဲ့ သမီး ဖေဖေ့ကို အရမ်းသတိရနေ တယ်ဆိုတာ ဖေဖေ မသိရင် ဖေဖေ ဘယ်လာမလဲ၊ သမီး အရမ်းခံစားနေရတာကို ဖေဖေသိမှ လာဖို့ကြိုစားမှာပေါ့၊ အဲလိုသိအောင် အန်တီက ပြောပေးရမှာပေါ့၊ ပြောပြမှ သိမှာပေါ့ အန်တီရဲ့၊ နော်… နော်”
ကျွန်မ ကလေးမကို ငေးမောသွားမိသည်။
ဟုတ်သလား။ သူပြောတာ မှန်သလား။ ပြောမပြဘဲ လာနိုင်ရင် လာမှာပေါ့ဟု ကြိတ်မှိတ်မျိုသိပ်ပြီး မျှော်လင့်နေရမှာနှင့် စာလျှင် အောက်မေ့တသ, စိတ်ကို ဖွင့်ဟပြီး တောင်းဆိုလိုက်တာက ပိုပြီး ဘဘာဝကျသလား။ ကျွန်မ မသိပါ။
“နော်… အန်တီ၊ ဒီမှာ ဖေဖေ့သမီးက အရမ်းငိုနေတယ်လို့ ဖေဖေ့ကို ပြောပေါ့”
ကလေးမက ချွဲနွဲ့စွာ ပူဆာ၏။ ကျွန်မ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ် မိသည်။
“အရမ်းမှ မငိုဘဲနဲ့၊ သမီးက တစ်ခါတစ်ခါမှ ငိုမိတာမဟုတ်လား၊ အန်တီနဲ့သမီး ခဏခဏ စကားပြောမိ ရယ်မိကြတာပဲ ဥစ္စာ”
“သြော်… အန်တီကလဲ တစ်ခါတစ်ခါ ငိုတာလဲ အရမ်းခံစားရတာပဲ ဥစ္စာ၊ အဲလို ပြောမှ ဖေဖေ သမီးကို သနားပြီး လိုက်လျောမှာပေါ့”
“ကြည့်စမ်း … သမီး တော်တော်ဆိုးပါလား”
ကျွန်မ မချင့်မရဲ ပြုံးမိသည်။
“ဒါဆိုးတာ မဟုတ်ပါဘူး အန်တီရယ်၊ တစ်ခုခုဆိုတာ တောင်းမှရတာ မဟုတ်ဘူးလား၊ အဲဒါကြောင့်ပါ”
ကျွန်မ သူ့ကို ကတိတော့ မပေးခဲ့ပါ။
“အန်တီ စဥ်းစားမယ်လေ” ဟုသာ ပြောခဲ့သည်။
ကျွန်မ တကယ် စဉ်းစားရပါဦးမည်။

အကယ်၍သာ သူလက်ထပ်သူမှာ ကျွန်မ ဖြစ်ခဲ့လျှင် ကေခိုင်သည် ကျွန်မ၏ သမီး လေး ဖြစ်လာမလား။
ထိုအတွေးသည် ကျွန်မကို အတိတ်ကာလ၏ ဝေဒနာတွေ ကြားမှာ နှောင်ဖွဲ့တင်း ကျပ် သွားစေခဲ့သည်။
သမီး၏ ၁၅နှစ်၊ ၁၆နှစ်အရွယ် မျက်နှာလေးသည် သူ၏ အသက် ၂၂ နှစ်အရွယ် မျက်နှာနှင့် အတူတူပဲဖြစ်သည်မို့ သမီးကို စကားပြောနေရင်း လွန်ခဲ့သည် နှစ်များစွာက သူ့ ကို ကျွန်မအနီးမှာ ပြန်လည် ရရှိလိုက်သလိုပဲ ခံစားလိုက်ရသည်။
အဲသည်တုန်းက ကျွန်မ မှားသွားခဲ့သလားဟု အခုအခါမှာ ပြန်စဉ်းစားကြည့်မိသော အခါ ကျွန်မ အနည်းငယ်တော့ တွေဝေသွားခဲ့သည်ဟု ကိုယ့်ကိုယ်ကို သတိထားမိ၏။
လိုချင်တာတစ်ခုကို အသနားခံ တောင်းဆိုမှ၊ ပိုပိုကဲကဲလေး ဖွင့်ဟ၀န်ခံမှ ရမည်ဆိုလျှင် နေပါစေတော့ဟု ကျွန်မ ခံယူခဲ့မိသည်။ ဘယ်တုန်းကမှ သူ့ကို ဘာမှ မတောင်းဆိုခဲ့ ဖူးသည့်အတွက်လည်း ကိုယ့်ကိုယ်ကို နာကျင်မှုအကြားမှ ကျေနပ်ခဲ့မိသည်။ နှစ်ပေါင်း ၂၀ လောက် ကြာသည်အထိ ကျွန်မ၏ အတိတ်ကို ကျွန်မ ပြန်နောင်တ မရခဲ့ပါ။
အခုတော့ သမီး၏ စကားတစ်ခွန်းက ကျွန်မ၏ နှလုံးသားကို စူးစူးနစ်နစ် နာကျင် အောင် ထိုးဖောက်သွားခဲ့ပြီ။ ထိုအခါ ကျွန်မသည် ထိုညချမ်း တစ်ခုလုံးကို သူ့အကြောင်း တွေးတောရင်းဖြင့် အချိန်ဖြုန်း မိသွားတော့သည်။
ကျွန်မ မှားသွားသလား။ မှားခဲ့သည် ဆိုလျှင်လည်း ဘယ်တော့မှ ပြန်ပြင်၍ မရတော့မည့် အမှားပဲ။ ဘာကြောင့် ပြန်စဉ်းစားနေတော့မလဲ၊ မစဉ်းစားနဲ့။ ကိုယ့်ကိုယ်ကို ရှုတ်ချမိသည်။
ဒါမှမဟုတ် ကျွန်မ မှန်ခဲ့တာလည်း ဖြစ်နိုင်၏။ သူ့ကို ကျွန်မ တောင်းဆိုကြည့် ပေမယ့်လည်း သူ မလိုက်လျောနိုင်မည့် တောင်းဆိုချက်ကြီး ဖြစ်နေခဲ့ နိုင်တာပဲ။ သူ မလိုက်လျောနိုင်တာ သေချာသည့် အခွင့်အရေးတစ်ခုကို ကျွန်မတောင်းဆိုခဲ့မိလျှင် ကျွန်မကို သူ မပေးလို့ သူ့ကို ကျွန်မ စိတ်ကွက်မိကောင်း ကွက်မိမည်။ ကိုယ့်အဖြစ်ကို ရှက်မိကောင်း ရှက်မိနိုင်သည်။ သူလည်း ယခင်ထက်ပို၍ စိတ်ရှုပ်ထွေး ဦးနှောက်ခြောက်ခဲ့ပေလိမ့်မည်။ ဒါမှမဟုတ် ကျွန်မကို သူ သနားချင် သနားမိသွားနိုင်သည်။
အခုအတိုင်းလေးက မလှဘူးလား။ ကျွန်မ မသိပါ။
ဘာပဲဖြစ်ဖြစ် သူ့ထံသို့ ကျွန်မ စာတစ်စောင် ရေးရလိမ့်မည်။ သို့မဟုတ် တယ်လီ ဖုန်း ဆက်ရလိမ့်မည်။ သမီး ပြောစေချင်သော သမီးအလွမ်းကို တစ်နည်းနည်းဖြင့် သူသိ အောင် ပြောပြရပါလိမ့်မည်။
ကျွန်မ အမြဲအလွတ်ရလျက် ဘယ်တုန်းကမှ မဆက်သွယ်မိခဲ့သော ဖုန်းနံပါတ်လေးကို ငေးကြည့်နေခဲ့မိသည်က အကြိမ်ကြိမ် လွန်မြောက်ခဲ့ပြီ။ စာပဲ ရေုးလိုက် ရမလား။ စာရေးတာက အကြိမ်ကြိမ် ပြင်ဆင်လို့ ရသည်။ စကားအသုံးမှားလျှင် ခြစ်ပြီးနောက် အသစ် ရေးလို့ရသည်။ တယ်လီဖုန်းနှင့်ဆိုလျှင် စကား အသုံးအနှုန်း စကားလုံး တစ်ခုခု ချွတ်ချော် ပြောမိလျှင် ပြန်နှုတ်ယူလို့မရ။
စာနှင့်ပဲ ပြောပြပါတော့မည်။
နှစ်ပေါင်းများစွာ မမြင်ရသည့် လက်ရေးကို စာအိတ်ပေါ်မှာ မြင်ရလျှင် သူဘယ်လို တုံ့ပြန်မှာလဲ။ ကြည်နူးသွားမလား။ အံ့သြသွားမလား။ မျက်မှောင်ကြုတ်မိ သွားမလား။
သို့မဟုတ် ကျွန်မလက်ရေးကို သူ မမှတ်မိတော့တာလည်း ဖြစ်နိုင်ပါသည်။
ဂျူး
[၁၀ နှစ်ပြည့် ဆေးတပ်ဖွဲ့မဂ္ဂဇင်း]

ကျေးဇူးတင်ရှိခြင်း
ယခုဝတ္ထုတိုလေးကို ကျွန်တော်တို့ Page တွင် ဝေမျှနိုင်ရန် စာရိုက်၍ ပေးပို့ပေးသော မဆုဝေလင်းကို ကျွန်တော်တို့ Admin Team မှ ကျေးဇူးတင်ပါသည်။
Admin မှတ်ချက်
ယခုဝတ္ထုတိုလေးကို ဆရာမဂျူး၏ အချစ်ဆိုတာကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေးတွေ... နှင့် အခြားဝတ္ထုတိုများ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ထဲမှ မူအတိုင်း တိုက်ကြည့် စစ်ထားပါသည်။ စာလုံးအကျအပေါက်ရှိခဲ့လျှင် ကျွန်တော့်အမှားသာ ဖြစ်ပါသည်။
(One of Admins)

No comments:
Post a Comment