အလုပ်ပိတ်ရက်မို့ ကျနော့် အစ်မ အပျိုကြီးအိမ်သို့ အလည်ထွက်ခဲ့သည်။
အိမ်ဝရောက်၍ ဖိနိပ်ချွတ်ရုံရှိသေး ဖိုးကဲ၏တညောင်ညောင်အော်သံကို
ကြားလိုက်ရ၏။ အစ်မတို့အိမ်ကို အလည်လာတိုင်း သည်ကောင့်အသံကို
ကြားနေကျဖြစ်သော်လည်း သည်တစ်ခါ အော်ပုံက ထူးခြားသည်။ ဝမ်းခေါင်းထဲမှ
ညှစ်အော်နေသည့်အသံမျိုး။
အိမ်ထဲရောက်တော့ သကောင့်သားကို အစ်မ ဈေးခြင်းတောင်းထဲမှာတွေ့ရသည်။ ခြင်းတောင်း အပေါ်ပိုင်းကို ကြိုးတွေနှင့်ယှက်ပြီး ပိတ်ထား၏။ “ဒါ့ကြောင့် ဒီကောင်သောင်းကျန်းနေတာကိုး“ ဟု ကျနော်တွေးလိုက်သည်။ “ဖိုးကဲ နေမကောင်းလို့ ဆေးခန်းပြဦးမလို့နဲ့တူပါရဲ့"
“အစ်မ.. ဒီကောင်ဘာဖြစ်ပြန်ပြီလဲ။"
“ဘာမှမဖြစ်ဘူး။ သူ့ကိုဆေးခန်းမှာ သွားသင်းမလို့ဟဲ့။"
“ဟင်.. ဘာဖြစ်လို့လဲအစ်မရဲ့။"
"ဘာဖြစ်ရမလဲ အငယ်ကောင်ရယ်။ မကြာခင် ကြောင်ရာသီရောက်တော့မယ်လေ။ ညညဆို တညောင်ညောင်နဲ့အော်ပြီး လူပျိုလှည့်လိုက် ဘေးအိမ်ကကြောင်တွေနဲ့ ခေါင်မိုးပေါ်မှာ တက်ရန်ဖြစ်လိုက်နဲ့ နားငြီးတာ ငါ့မှာ အိပ်လို့ကိုမရဘူး။ ကြောင်ရာသီရောက်တိုင်း ငါ့မှာ မျက်တွင်းဟောက်ပက်နဲ့။ ဒီတစ်ခါတော့ ဒီကောင်ကို သင်းပစ်မှဖြစ်တော့မယ်။ ဒါမှ ငြိမ်သွားမှာ။"
“အစ်မရယ်.. တိရိစ္ဆာန်ဆိုတာ အိပ်၊စား၊ကာမ သုံးမျိုးပဲသိလို့ တိရိစ္ဆာန်လို့ခေါ်တာ။ အဲဒါကို အစ်မက သင်းပစ်ဦးမယ်ဆိုတော့ တိရိစ္ဆာန်ကနေ ဒွိရိစ္ဆာန်ဘဝရောက်သွားတော့မှာပေါ့။ ကြောင်မွေးထားမှတော့ သူတို့ ဘာသာဘာဝ တစ်နှစ်မှာ တစ်လလောက် ဒီလိုဖြစ်ကြတာ သည်းခံဦးမှပေါ့။"
"အောင်မယ်။ နင်ဘာသိလို့လဲ။ အဲရာသီဆို ထမင်းမေ့ဟင်းမေ့ အိမ်တကာလည်လို့ ငါ့မှာ ဘယ်သူကများ သတ်စားလိုက်မလဲလို့ စိတ်ပူရတာ။ နင့်အကောင်က ဝဝတုတ်တုတ်ကြီးကိုး။ ပြီးတော့ ကြောင်ချင်းကိုက်ကြဖဲ့ကြရင်လည်း ဒဏ်ရာတွေကရလာတော့ ငါပဲဆေးထည့်ပေးရ၊ ဆေးခန်းပြရနဲ့။ သူ့အတွက်အန္တရာယ်ရှိလို့ ငါကလုပ်မှာ။ သူလည်းအန္တရာယ်ကင်း၊ ငါလည်းစိတ်ချမ်းသာ ဘယ်လောက်ကောင်းလဲ။"
“ဒါကသူတို့သဘာဝပဲလေအစ်မရဲ့။ သူ့ဟာသူ ကိုက်ချင်ကိုက်မယ် သေချင်လည်းသေမယ်။ ဒါသူ့ဘဝပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘဝသူကျေနပ်နေမှာပဲ။ အစ်မတို့က ဖိုးကဲကိုမွေးထား ကျွေးထားတာမှန်ပေမယ့် သူ့ကို အစ်မတို့မပိုင်ဘူးလေ။ သူ့ကိုချစ်တာအကြောင်းပြပြီး သူတပါး ရဲ့ဘဝ၊ သူတပါးရဲ့ သဘာဝထဲအထိ ဝင်ပြီးချယ်လှယ်တာတော့ မဖြစ်သင့်ဘူး။ ဒီစိတ်ဆိုတာ တားလို့ရတာမှမဟုတ်တာ။ အစ်မသည်းမခံနိုင်ရင် ကျနော့်ပေးလိုက်။ ကျနော်မွေးမယ်။"
“မပေးနိုင်ပေါင်တော်။ ဖိုးကဲက ငါ့အသက်။ နင့်ဆီမှာထားရင် တစ်ချိန်လုံးနင်ခရီးထွက်နေတာနဲ့ ငတ်သေမှာ။ လူသားဖြစ်တဲ့ငါတောင် ဒီအရွယ်အထိ အပျိုကြီးလုပ်နေနိုင်သေးတာ သူက ဘာလို့ မနေနိုင်ရမှာလဲ။ နင်အငယ်ကအငယ်လိုနေစမ်းပါဟာ။ ငါ့ကိုဆရာမလုပ်နဲ့။"
"သြော်.. ဖိုးကဲက အစ်မလို ပျင်းရင် ကိုရီးယားကားကြည့်လို့ရသလား၊ သီချင်းနားထောင်လို့ရသလား၊ shopping ထွက်လို့ရသလား၊ အိမ်တကာလှည့်အတင်းတုပ်လို့ရသလား။ အိပ်တာ၊ စားတာ နဲ့ ကာမ ဒီသုံးမျိုးပဲသိရှာတဲ့ တိရိစ္ဆာန်ကို အပန်းဖြေစရာအာရုံတွေ ပြည့်နှက်နေတဲ့အစ်မလို လူသားနဲ့နှိုင်းလို့ရမလား အစ်မရဲ့။"
"ခွေးကောင်လေး.. နင်ကများအစ်မကိုကြီးကြီးကျယ်ကျယ်နဲ့။ ငါခေါက်ထည့်လိုက်ရ။ တော်တော့.. နင်ဘာမှဆက်မပြောနဲ့တော့။ နင်လုပ်တာနဲ့ အကုန်နောက်ကျကုန်တော့မယ်။ ဆေးခန်းမှာ ဖိုးကဲကိုထားခဲ့ပြီးရင် ငါက ဟောပြောပွဲ ဆက်သွားရဦးမှာ။ ဒီနေ့ ငါးရံ့အူချက်ထားတယ်။ ကိုယ့်ဟာကိုယ်ထည့်စားလိုက်။ ငါပြန်လာမှ နင့်ကိုခေါက်ကိုပစ်ဦးမယ်။"
အစ်မကပြောပြောဆိုဆိုနှင့် သူစီးရမည့်ဖိနပ်ကို ဖိနပ်စင်တွင်စိတ်ကြိုက်ရွေးနေလေ၏။ ကျနော်လည်း ခြင်းတောင်းထဲတွင်တညောင်ညောင်အော်နေဆဲဖြစ်သော ဖိုးကဲကို ကရုဏာသက်စွာ ကြည့်လိုက်မိ၏။ မကြာခင်အချိန်အတွင်းတွင် တိရိစ္ဆာန်တို့အတွက် သဘာဝမှ ရှားရှားပါးပါးပေးအပ်ထားသော အခွင့်အရေးသုံးခုထဲမှ တစ်ခုကို တစ်သက်လုံးစာအတွက် သိမ်းနှုတ်ခံရရှာပေတော့မည်။
တိရိစ္ဆာန်တို့ဘဝ.. ဖိုးကဲဆိုလျှင်အိမ်မှာ ကြောင်ဆို၍ သူတစ်ကောင်တည်းသာရှိသည်။ ပျင်းသည့်အခါ စကားပြောဖော်၊ ကစားချင်သည့်အခါ ကစားဖော် ဘယ်မှာလဲ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲသည့်အခါ နှစ်သိမ့်ပေးမည့် အဖော်ဘယ်မှာလဲ။ လူ့အသိုင်းအဝိုင်းတွင်နေရသည်မို့ သွားချင်တိုင်းသွား၍မရ။ ပျော်ချင်တိုင်းပျော်၍မရ။ လူတွေထားသလိုနေ၊ လူတွေစေသလိုသွားကြရ၏။ လူတွေကြားထဲမှာ နေနေရသော်လည်း သူတို့ဘဝအထီးကျန်လွန်းလှသည်။ လူသားတစ်ယောက်ကိုများ လူသူမရှိ၊ တိရိစ္ဆာန်တွေချည်း ပြည့်နှက်နေသော ကျွန်းတစ်ကျွန်းပေါ်တွင် တစ်နှစ်ပဲ နေပါစေဦး၊ နေနိုင်ပါမည်လား။ ယခုတော့ အထီးကျန်ရသည့်အထဲ တစ်နှစ်မှတစ်ခါ တိရိစ္ဆာန်တို့ ဘာသာဘာဝ ပျော်ပါးမြူးထူးခွင့်ကလေးကိုပါ ဆုံးရှူံးရှာပေဦးတော့မည်။
“ငါလည်းဘာမှမတတ်နိုင်တော့ စိတ်မကောင်းဖြစ်ရုံပဲရှိတော့တယ် ဖိုးကဲရေ။ မင်းလည်းအရင်ဘဝတွေတုန်းက မင်းရဲ့ကြောင်ကလေးခွေးကလေးတွေကို ဒီလိုလုပ်ခဲ့လို့ နေမှာပေါ့။ ဝဋ်ကြွေးရှိရင်လည်း ဒီဘဝတင်ကျေပါစေကွာ“ ဟုခပ်တိုးတိုးရေရွတ်ရင်း ခြင်းတောင်းအပေါက်ကြားသို့ လက်ညှိုးလေးထိုးသွင်းကာ ဖိုးကဲခေါင်းကို ပွတ်ပေးမိ၏။ ဖိုးကဲလည်း တညောင်ညောင်အော်နေရာမှ အသာငြိမ်ကျသွားပြီး မျက်စိလေးမှေး၊ ဂရူးဂရူးအသံလေးပေးကာ ဇိမ်ယူနေရှာသည်။ သိပ်မကြာလိုက်.. အစ်မက ခြင်းတောင်းကိုယူကာ အပြင်သို့ထွက်၏။"
“ဒါနဲ့အစ်မသွားမယ့်ဟောပြောပွဲက ဘယ်သူပြောမှာတုန်းဗျ"
“စာရေးဆရာတွေ အများကြီးပဲဟဲ့။ နာမည်ကျော်တွေချည်းပဲ။ လူ့အခွင့်အရေးအကြောင်း ဟောကြမှာ။ ဆရာတွေအကုန်လုံးက မှတ်သားစရာတွေသိပ်ပြောတတ်တာ၊ နောက်ကျလို့မဖြစ်ဘူး" ဟုဆိုကာ တိရိစ္ဆာန်ဆေးကုခန်းသို့ ဦးတည်၍ ခပ်သုတ်သုတ်ထွက်သွားလေတော့၏။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
( ကျွန်တော် အစား ကျနော်ဟု သုံးထားပါတယ်။ )
--

No comments:
Post a Comment