၁။
၁၃နှစ်သားလောက်ကတည်းက ဂစ်တာ ကိုင်လာတဲ့ကောင်ဗျ ဆိုတဲ့ မောင်ဟာ တကယ့် ဂစ်တာသမားလေး တစ်ယောက်ပေါ့ကွယ်။ စားဝတ်နေရေး သုံးပါးစလုံးကို ဖြေရှင်းဖို့အတွက် မောင်ဟာ ကျွန်မနဲ့ ချစ်သူဖြစ်စအချိန်ထိ ဂစ်တာတီးတဲ့ အလုပ်တစ်ခုတည်းကိုပဲ လုပ်တယ်။ မောင့်မှာ ရှိရှိသမျှ ပစ္စည်းတွေထဲမှာ အတောက်ပဆုံး၊ အသစ်လွင်ဆုံး၊ တန်ဖိုးအရှိဆုံး ဆိုတာတွေဟာ ဂစ်တာလေးတွေပဲပေါ့။
၂။
ကျွန်မကို တီးပြဖို့ဆိုပြီး ကျွန်မတို့နှစ်ယောက် အမြဲထိုင်ဖြစ်တဲ့ မယ်ဇယ်ပင်ကြီးတွေအောက်အထိ သူ့ ဂစ်တာလေးကို ယူလာလေ့ရှိပါတယ်။
တစ်ခါတုန်းကတော့ မောင်က အသစ်ရေးထားတဲ့ သီချင်းလေး ရှိတယ်ဆိုပြီး တီးတော့ မလိုလို ဆိုတော့မလိုလိုနဲ့ သံစဉ်ညှိပါလေရော။ ဒီလို မဟုတ်သေးပါဘူး၊ အင်း. ဒီလိုလေး ဖြစ်ရမှာ၊ ဟုတ်ပြီ ဟုတ်ပြီ. အဲ အဲ.. အဲသည်လိုလေးတွေကို မောင်က တစ်ယောက်တည်း ပြောရင်း စိတ်ရှည်လက်ရှည် သံစဉ်ညှိယူပါတယ်။ ဘယ်လောက်တောင်များ စိတ်ပါဝင်စားနေခဲ့ပါသလဲဆိုရင် ဘေးနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်မကို လှည့်ကြည့်ဖို့တောင် မေ့သွားခဲ့တဲ့ အထိပါပဲ။ စကားဖြတ်ပြောလိုက်ရင် မောင် အာရုံပျက်သွားမှာစိုးလို့ ငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ ကျွန်မက မယ်ဇယ်ပင်ကြီးကို မှီပြီး အိပ်ပျော်သွားခဲ့မိတော့ မောင်က သိပ်ပြီးစိတ်ဆိုးပါတယ်။
“မ ကွာ။ မောင်ကတော့ မ ကို တီးပြချင်လွန်းလို့ဟာကို။ မ က အိပ်ပျော်သွားတယ်။ ဘာမှန်းလဲ မသိဘူး။”
မောင်က စိတ်ကောက်ပြီး ကျွန်မကို ကျောပေးထိုင်ရင်း သူ့ဂစ်တာကြီးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပါတော့တယ်။
“မဟုတ်ဘူးလေကွာ.. မောင်က ဒင် ဒင် ဒေါင် ဒေါင် လုပ်နေတယ်။ မ က အဲတာတွေကိုမှ နားမလည်တာ။ ငြိမ်ငြိမ်လေး နားထောင်နေရင်းက ကြာလာတော့ မ လည်း ပျင်းပြီး အိပ်ပျော်သွားတာပေါ့။”
မောင့် ပုခုံးကို ဆွဲကိုင်ရင်း ကျွန်မဖက်ကို အတင်းပြန်လှည့်စေရပါတယ်။ မောင်က သူ့နှုတ်ခမ်းထူထူလေးကို ကလေးလေးတစ်ယောက်လို စူထားတုန်း။
“မောင်ကွာ.. ကလေးလည်း မဟုတ်ဘဲနဲ့ စိတ်မကောက်စမ်းနဲ့။ တကယ်ဆို မောင် သံစဉ်ညှိနေတုန်း အာရုံပျက်သွားမှာစိုးလို့ ငြိမ်ငြိမ်လေး ထိုင်စောင့်ပေးတဲ့ မ ကိုတောင် မောင်ကို ကျေးဇူးတင်ရဦးမယ်။ ဟွန်း”
“သူ့ကိုတောင် ကျေးဇူးတင်ရမှာတဲ့”
မောင်က မကြားတကြားလေး ပွစိပွစိ လုပ်တယ်။
“အင်းလေ.. သိပ်တီးပြချင်တယ်ဆိုရင် မ ဆီကို မလာခင်ကတည်းက သံစဉ်ကြိုရှာခဲ့ပါလားလို့။ အဆင်သင့်ဖြစ်အောင် လုပ်လာခဲ့ပေါ့။ မောင်နော်.. သိပ်ပြီး အနိုင်ကျင့်ချင်တယ်။ အဲသည်လို စိတ်ကောက်ရတာကို မောင်က ပျော်နေသလားဟင်။”
ခပ်ဆတ်ဆတ်လေး ကျွန်မ မေးလိုက်တော့ အဝေးကို ငေးနေတဲ့ မောင့်မျက်လုံးတွေက ကျွန်မဖက်ကို ချက်ချင်း လှမ်းလာခဲ့တယ်။
“ပျော်လို့ စိတ်ကောက်တာမှ မဟုတ်ဘဲ။ မ ကလည်း.. ကျွန်တော်က မ ကို တီးပြချင်လို့ သံစဉ်ညှိနေတုန်း မ က အိပ်ပျော်သွားတော့ ကျွန်တော့်ရင်ထဲ အောင့်တာပေါ့လို့။ ဟုတ်တော့ဟုတ်ပါတယ်။ မ ပြောသလိုပါပဲ.. မ ကို တီးပြချင်တယ်ဆိုရင် တီးပြစရာ အဆင်သင့် ရှိသင့်တာပေါ့။ ညတုန်းက ဆိုင်မှာ ညဉ့်နက်သွားတော့ ဒီသီချင်းက လက်စမသတ်လိုက်ရတာ။ တကယ်တော့ ကျွန်တော့် အပြစ်ပါ။”
တိုးတိမ်ဝင်သွားတဲ့ အသံနဲ့အတူတူ မောင့်မျက်ဝန်းလေးတွေပါ မှိုင်းညို့သွားပါလေရော။
၃။
မောင်က ကျွန်မကို ချော့ရတဲ့ အခါမျိုးမှာ၊ ဒါမှမဟုတ် ကျွန်မအပေါ် ( သူ့စကားအတိုင်း အတိအကျဆိုရမယ်ဆိုရင် ) သူ့အချစ်တွေက နေရင်းထိုင်ရင်း သိသိသာသာ တိုးလာတဲ့အခါမျိုးမှာ ကျွန်မ နာမည်လေးပါတဲ့ နွယ် သီချင်းကို တီးပြလေ့ရှိတယ်။
နွယ်ဆိုတာ တကယ့်ကို ရစ်ဖွဲ့တဲ့ သဘောပါပဲ မ ရယ် ..
သီချင်းလေး ဆိုပြပြီးတိုင်းလည်း အဲသည်မျိုးလေး မောင်က ခပ်တိုးတိုး ညည်းလေ့ရှိပါတယ်။ ပြီးတော့ သက်ပြင်းလေးတစ်ခုချရင်း ကျွန်မကို မျက်လုံးတွေနဲ့ချည်းပြုံးပြီး ကြည့်နေတတ်တယ်။ မောင်ရဲ့ အဲဒီအပြုအမူလေးကို ကျွန်မကလည်း သိပ်ချစ်တယ်။
နောက်ပြီး သိပ်ချစ်တယ် မရယ် လို့ ပြောနေကြအစား ချစ်လိုက်ရတာ နွယ် ရယ်လို့ မောင်က မရဲတရဲလေး ညည်းလိုက်တဲ့ အခါတိုင်း ကျွန်မမှာ ရင်ထဲက အသည်းနှလုံးကို လက်နဲ့ ဆုပ်ကိုင်ခံလိုက်ရသလိုပဲ။ မောင့်စကားလေးက ကျွန်မ အသွေးအသားတွေထဲမှာ ပူနွေးရှိန်းမြစွာ ဖြတ်သန်းစီးဆင်းသွားတယ်။ တစ်ကိုယ်လုံးက အားတွေ ထုတ်နှုတ်ခံလိုက်ရသလိုမျိုး။ မတ်တပ်ရပ်ဖို့ ဒါမှမဟုတ် ထိုင်နေဖို့တောင် အားမရှိတော့သလိုပဲ။ မောင့်ရင်ခွင်ထဲမှာ မှီနွဲ့နားခိုလိုက်ချင်တဲ့စိတ်တွေနဲ့ချည်း ပြည့်လို့လာတတ်တယ်။ အဲဒီအချိန်မျိုးမှာလည်း မောင့်ကို ကျွန်မ သိပ်ချစ်တာပဲ။
ကျွန်မရဲ့ အဲဒီအားနည်းချက်ကို သိတဲ့မောင်က တစ်ခါတစ်လေမှာ အခွင့်အရေးတစ်ရပ်အဖြစ် ကောင်းကောင်းအသုံးချတတ်ပါသေးတယ်။ ကိုယ့်ထက် ၃နှစ် ၃လ ၃ရက်တိတိ ငယ်တဲ့ ကောင်လေးတစ်ယောက်က ခေါ်နေကြ မ ဆိုတဲ့ အသုံးနှုန်းလေးအစား နွယ် လို့ ညည်းညည်းညူညူလေး ခေါ်လိုက်ရင် ကျွန်မ တကယ်ပဲ မခံစားနိုင်လောက်အောင်ကို ခံစားရတာပါ။
၎။
“ကျွန်တော်လေ သူတို့တွေကိုလည်း ဂစ်တာတီးပေးချင်တာ။”
ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာရွတ်ပွဲမှာ မောင်က ဂစ်တာတီးပေးပြီး ပြန်လာခဲ့တဲ့ ညနေစောင်းတစ်ခုမှာပေါ့။ ကျွန်မ လက်ထဲကို မောင်က ဗလာစာအုပ်လေးတစ်အုပ် လာထည့်တယ်။ စာရွက်လေးတွေကို လှန်ကြည့်လိုက်တော့ မောင့်လက်ရေးနဲ့ ကူးထားတဲ့ ကဗျာလေးတွေ။ ကဗျာတစ်ပုဒ်ချင်းစီရဲ့အဆုံးမှာ ကဗျာဆရာတွေရဲ့ နာမည်လေးတွေကိုပါ ရေးမှတ်ထားတယ်။
“လေးယောက်ရှိတယ် မရဲ့”
“သူ့ကိုကောပေါ့လေ”
ကဗျာတစ်ပုဒ်အောက်က အမျိုးသမီးနာမည်လေးကို လက်ညှိုးလေးနဲ့ ထောက်ပြလိုက်တော့ မောင်က ပြုံးပြီး ခေါင်းညိတ်တယ်။
“အနုပညာကို ဘာနဲ့မှ မရောရဘူးဆိုတာ မ က ကျွန်တော့်ထက် ပိုသိမှာပါနော်။”
မောင်က ခပ်ပြုံးပြုံးဆိုတယ်။
“သူ့ကဗျာလေးတွေကို ကျွန်တော် ချစ်လို့ပါ။”
“ဒါဖြင့် မ ကဗျာတွေဆိုရင်ကော”
“အို.. မ က ကဗျာဆရာမမှ မဟုတ်တာ။ မ က ဝတ္တုတွေချည်း ရေးတဲ့ စာရေးဆရာမပဲလေ။ ပြီးတော့ မ ကလည်း ကဗျာဆရာမတစ်ယောက်အဖြစ် ခံယူချင်တာမှ မဟုတ်ဘဲ။”
မောင့်ကို ဘာမှ ပြန်မပြောဘဲ ကျွန်မ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပစ်လိုက်တယ်။
“မ တီးစေချင်တယ်ဆိုရင် ကျွန်တော် တီးမှာပေါ့။ မ သာ ကဗျာတွေ အရင်ရေးပါ မရယ်။ မ ရဲ့ ကဗျာလေးတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး တီးမှာပါ။”
“တော်စမ်းပါ”
“တကယ်ပါ နွယ်ရယ်။”
ဒီလိုနဲ့ပဲ ကျွန်မမှာ ကျေနပ်လိုက်ရပါလေရော။
၅။
မောင်နဲ့ ချစ်သူတွေ ဖြစ်စတုန်းက မောင့်ကို ဂစ်တာကြိုးလေးတစ်စုံ လက်ဆောင်ပေးခဲ့ဖူးတယ်။ အဲဒီနေ့က မြို့ထဲသွားရင်းလာရင်း အမှတ်တမဲ့ တွေ့လိုက်ရာကနေ မောင့်အတွက်ဆိုပြီး အမှတ်တရ ဝယ်လာဖြစ်ခဲ့လိုက်တာပါ။ မောင့်အတွက်ဆိုပြီး ထုတ်ပေးတော့ မောင်က အံ့သြတောက်ပစွာ ပြုံးတယ်။ မ က သိပ်ချစ်ဖို့ကောင်းတာပဲ တဲ့။
ပြီးတော့ သူက သူတီးနေကျ အနက်ရောင်ဂစ်တာလေးကို ချစ်ခင်စွာ ကိုင်တွယ်ပွတ်သပ်ပြီး ပြောတယ်။
“ဒီကောင့်ကိုလေ ကျွန်တော် သိပ်ချစ်တာ မ ရ။ ဒီကောင်ကလည်း ကျွန်တော့်ကို သစ္စာရှိတယ် ပြောရမယ်။ သူ့ရဲ့ ကြိုးတွေဆိုရင်လေ ဝယ်လာကတည်းက မပြတ်တာ။ အခုထိပဲ။ သုံးနှစ်လောက် ရှိရောပေါ့။ အင်း.. အသံလေးတော့ နည်းနည်းကြောင်ချင်ပြီပေါ့နော်။”
မောင်က အဲဒီဂစ်တာလေးကို ယုယုယယ ပိုက်ထွေးထားရင်း ဂစ်တာကြိုးလေးတွေကို မြတ်မြတ်နိုးနိုး ပွတ်သပ်နေပြန်ပါတယ်။
“အံမလေး.. အဲဒီ ဂစ်တာကြိုးလေးတွေကို ရိုသေမြတ်နိုးသလိုများ မ ကို မြတ်နိုးတန်ဖိုးထားမယ်ဆိုရင်လေ ..”
ကျွန်မ စကားမဆုံးလိုက်ပါဘူး။ မောင်က ကျွန်မ ဘာမှဆက်မပြောနိုင်အောင် ကျွန်မ နှုတ်ခမ်းလေးကို သူ့လက်ညှိုးလေးနဲ့ ဖွဖွလေး ပိတ်လိုက်ပါတယ်။
ပြီးတော့မှ မ က အနှိုင်းမဲ့ပါ တဲ့လေ။
၆။
တစ်ခါတစ်လေမှာ မောင်က အရေမရ မဖတ်မရတွေ ပြောတတ်ပါတယ်။
“မ .. ကျွန်တော်လေ”
“အင်း ပြော”
“ဦးပိန်တံတားကို ချစ်လို့ အမရပူရကို ချစ်တာလား၊ အမရပူရကိုချစ်လို့ ဦးပိန်တံတားကို ချစ်တာလား ကွဲကွဲပြားပြား မသိဘူးဗျ။ ဘာပဲဖြစ်ဖြစ် အမရပူရသားဖြစ်ရတာကိုတော့ ဂုဏ်ယူတယ်ဗျ။ အမရပူရဆိုတာ ရှေးဟောင်းမြို့လေးတစ်မြို့ကိုး”
ကျွန်မက လက်ထဲမှာ ကိုင်ထားတဲ့ မယ်ဇယ်ကိုင်းခြောက်လေးတစ်ခုကို ဆော့ကစားနေရင်းက ငြိမ်ပြီး နားထောင်နေလိုက်ပါတယ်။
“ပြီးတော့လေ ..”
“အင်း”
“ကျွန်တော် မ ကို ချစ်လို့ မ နှုတ်ခမ်းလေးကို စွဲလမ်းရတာလား၊ မ နှုတ်ခမ်းလေးကို စွဲလမ်းရလွန်းလို့ မ ကို ချစ်သွားတာလား သေသေချာချာ မသိပါဘူးဗျာ။ ဒါပေမယ့်လေ မ ရဲ့ ချစ်သူဖြစ်ရတာကိုတော့ ဂုဏ်ယူတယ်ဗျ။ မ က သိပ်ပြီး မိန်းမဆန်တာကိုး။”
အဲဒီလို အသားလွတ်ကြီး သူ မြှောက်ပြောရင် ကျွန်မက ဘာမှ ထူးခြားပြီး မခံစားရသလို ဟန်ဆောင်နေတတ်ပါတယ်။ တကယ်တော့ သူ့စကားကြောင့် ကျွန်မ ရင်ထဲမှာ ကျေနပ်သလိုလို၊ ရှက်သလိုလိုကြီးရယ်ပါ။
၇။
“မ ကျွန်တော် စာအုပ်အငှားဆိုင်လေး ဖွင့်မလားလို့”
ကျွန်မကို အားကိုးတကြီးနဲ့ သူက တိုင်ပင်ခဲ့ဖူးပါတယ်။
“ဘယ်လိုဖြစ်တာလဲကွ။ အရင်တုန်းကတော့ ကျွန်တော်ဟာ စားဝတ်နေရေးအတွက် ဂစ်တာတစ်ခုတည်းကိုပဲ အားကိုးတဲ့သူဗျ ဆို။”
“အဲဒီတုန်းကတော့ ဟုတ်တာပေါ့ မ ရယ်။ မိဘမဲ့ တစ်ကောင်ကြွက် ကျွန်တော့် ဘဝမှာ ဂစ်တာတွေပဲ ရှိတာလေ။ မ မှ မရှိသေးတာ။ အခုတော့ မ ရှိလာပြီဆိုတော့ ရှေ့ရေးကို ကျွန်တော် စဉ်းစားရတော့မှာပေါ့။ အဲဒီတော့ ကျွန်တော်ချစ်မြတ်နိုးနိုင်မယ့်အလုပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိပြီး ဝင်ငွေလေးလည်း ပုံမှန်ဝင်နေမယ့် အလုပ်လေးတစ်ခု လိုလာပြီလေ။ ကျွန်တော် စုဆောင်းထားတဲ့ အရင်းအနှီးလေးနဲ့ ကျွန်တော် ချစ်မြတ်နိုးနိုင်မယ့် အလုပ်လေးတစ်ခုကို စဉ်းစားလိုက်တော့ ဒီ စာအုပ်ဆိုင်လေးဖွင့်မယ်လို့ တွေးမိလိုက်တာပါပဲ မ ရယ်။”
“ပြီးတော့လေ.. ကျွန်တော့်ဆိုင်လေးကို အကြောင်းပြုပြီး မ က ကျွန်တော့်ဆီ မကြာမကြာ လာလို့ရတယ်။ နေ့လည်ဖက်တွေ ကျွန်တော့်ဆိုင်လေးမှာ စာလာရေးလို့ရမယ်။ နောက်ပြီး ကျွန်တော့်အတွက်လည်း ..”
မောင်က စကားမဆက်ဘဲ ငြိမ်နေတော့ ကျွန်မက ဘာဖြစ်တုန်း ဆက်ပြောလေလို့ ဟောက်ပစ်လိုက်တယ်။
“အော်.. ညဖက်တွေ အိပ်မပျော်တဲ့အခါတိုင်း မ အငွေ့သက်လေးတွေ အများကြီး ရှိနေမယ့် အဲသည်ဆိုင်လေးထဲမှာ အလွမ်းပြေ ဂစ်တာလေးညည်းရင်း မ ရဲ့ ဝင်ထွက်သက်လေးတွေကို ခံစားနေလို့ ရတာပေါ့လို့ပါ။”
“အံမလေး ကို တတ်ပါ့ကြီးရယ်.. မင်းလေ ဂစ်တာသမားမလုပ်ဘဲ စာရေးဆရာဖြစ်ခဲ့ရမှာ သိလား။ စကား သိပ်ပြောတတ်တာပဲ”
“ဒီလောက်တော့ ရှိရမှာပေါ့ မ ရ။ ကျွန်တော်က စာရေးဆရာမရဲ့ ချစ်သူပဲဟာ”
အဲဒီနောက်တော့ ကျွန်မတို့ နှစ်ယောက်စလုံး ကျေကျေနပ်နပ် ရယ်မောဖြစ်ခဲ့ကြတယ်။
မောင်နဲ့ ကျွန်မ ပထမဆုံးအကြိမ် စတင် ဆုံစည်းခဲ့ကြတာဟာလည်း စာအုပ်ကြောင့်ပါပဲ။ အဲဒီညက မန္တလေးမြို့ ညဈေးတန်းလေးတစ်ခုရဲ့ စာအုပ်အဟောင်းဆိုင်လေးတစ်ဆိုင်ရှေ့မှာ စာအုပ်လေးတစ်ချို့ကို ကျွန်မ ရှာနေခဲ့တယ်။ ကိုပေသီးအုန်းပင်တက်နေသည် ဆိုတဲ့ စာအုပ်လေးဆီ ကျွန်မ လက်အလှမ်း၊ အဲဒီစာအုပ်လေးက တခြားလက်လေးတစ်ဖက်နောက် ပါသွားခဲ့ပါတယ်။
ဟင်ဆိုပြီး လှည့်ကြည့်လိုက်တော့ ဆံပင်အရှည်ကို နဖူးအပြောင်သိမ်းပြီး နောက်ဖက်မှာ စုစည်းထားတဲ့ ကောင်လေးတစ်ယောက်။ လမ်းသရဲလိုလို ဘာလိုလိုနဲ့။ ပုခုံးတစ်ဖက်မှာ ဂစ်တာအိတ်ကြီးက လွယ်ထားလိုက်သေးတယ်။ ဘာကြောင့်မှန်းမသိ ကျွန်မလေ ဆိုင်ရှေ့ကနေ ငေါက်ခနဲ ထထွက်လာခဲ့မိတယ်။
အမရပူရ.. အမရပူရ.. တောင်မြို့ .. တောင်မြို့ .. လို့ အော်နေတဲ့ ကားပေါ် ပြေးတက်လိုက်တော့ သူကလည်း ကျွန်မ နောက်ကနေ ပါလာခဲ့တယ်။ နေရာမှာ ဝင်ထိုင်ရင်း မင်း ဘာကြောင့် ငါ့နောက်လိုက်လာတုန်းလို့ သူ့ကို အသံခပ်မာမာနဲ့ မေးပစ်လိုက်တော့ သူမျက်လုံးတွေက အံ့သြမှုကြောင့် ဝိုင်းစက်သွားတယ်။
“ကျွန်တော်လည်း အမရပူရကို ပြန်မှာခင်ဗျ”
သူ့စကားကြောင့် ကျွန်မမှာ ရှက်လိုက်တာများလေ။ တစ်ကိုယ်လုံးကို ပူထူသွားတာပဲ။ တော်သေးတာပေါ့။ သူ့ကို ဘာမှ ထပ်မပြောတဲ့ ကျွန်မကို သူကလည်း ဘာတစ်ခွန်းမှ ဆက်မပြောတော့လို့သာ။ ကားထွက်ပြီးတော်တော်ကြာတော့ ကျွန်မ သူ့ကို တိတ်တိတ်လေး ချောင်းကြည့်လိုက်တယ်။ သူက ဂစ်တာအိတ်ကြီးကို ပိုက်ပြီး ငိုက်မြည်းနေလေရဲ့။
အဲဒီနောက်တော့ မျက်မှန်းတန်းမိပြီးသားဖြစ်တဲ့သူ့ကို မန္တလေးအသွား ကားတွေပေါ်မှာ၊ အမရပူရပြန်တဲ့ ကားတွေပေါ်မှာ မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။
အဲသည်လို မကြာခဏ တွေ့ဆုံခြင်းရဲ့ တစ်ဝက်လောက်တော့ တကယ့်တိုက်ဆိုင်မှုဖြစ်ပြီး ကျန်တဲ့ တစ်ဝက်လောက်ကတော့ မ ကို မြင်မြင်ချင်း စွဲလမ်းချစ်ခင်မိတဲ့ သူက ဖန်တီးယူထားခဲ့ရတာပါတဲ့။ ချစ်သူတွေဖြစ်ပြီးတော့မှ မောင်က အဲဒီအကြောင်းကို ခပ်ဟဟလေး ဝန်ခံခဲ့ပါတယ်။ ဖြူဆွတ်နေတတ်တဲ့ မောင့်နားရွက်လေးက အဲသည်အချိန်တုန်းကဆို ရဲရဲ နီတွတ်လို့။
၈။
တစ်ရက်တုန်းက အကြောင်းမကြားထားဘဲ မောင့်ဆီကို ကျွန်မ အလည်သွားတော့ မောင်က ဖုန်းပြောနေတယ်။
“ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ပါ။”
“ဆရာမရဲ့ ကဗျာတွေကို နှစ်သက်မြတ်နိုးတဲ့ ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ ခင်ဗျ။”
“ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့။”
ဟုတ်ကဲ့တွေ မိုးမွှန်နေအောင် ပြောနေတဲ့ မောင့်ဘေးမှာ ရပ်ပြီး မောင့်ကို စိမ်းစိမ်းကားကား ကြည့်ပစ်လိုက်တယ်။
ဖုန်းပြောပြီးသွားတော့ မောင်က ကျွန်မလက်ဖျားလေးတွေကို လာကိုင်တယ်။ မောင့်လက်လေး လွင့်ထွက်သွားအောင် ကျွန်မလက်ကို အားနဲ့ လွှဲချပစ်လိုက်တယ်။
“ဟိုကဗျာဆရာမနဲ့ ဖုန်းပြောနေတာမို့လား”
“ဟုတ်တယ် မ ရဲ့။ လာမယ့် အပတ် စာဖတ်ဝိုင်းတစ်ခုမှာ သူ ကဗျာရွတ်မှာတဲ့။ အဲတာ ကျွန်တော့်ကို ဂစ်တာတီးပေးဖို့ ပြောတာ။”
“မောင် သိပ်ပျော်နေတယ်မို့လား ..”
“ဟောဗျာ။ မ ရယ်.. ဘာလို့များ ဒေါသထွက်နေတာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ ဖုန်းပြောနေတုန်းက မင်း မျက်နှာကြီးက ပြုံးဖြီးနေတာကိုး”
“မ ကလည်း ကလေး မဟုတ်ဘဲ စိတ်ကောက်နေပြန်ပါပြီ။ အော်.. ဒါနဲ့လေ မ သိလား.. သူ စကားပြောရင်လေ ရှင်နဲ့ ကျွန်မ သုံးတာ သိလား။ သိပ်ပြီး မိန်းမဆန်တာပဲ။ မ လည်း သူများတွေနဲ့ ပြောရင် အဲသည်လို သုံးကြည့်ပါလား။”
“တော်စမ်းပါ.. တို့ကတော့ ဟေ့.. ခပ်ရှင်းရှင်းပဲ။ ကိုယ့်ထက် ကြီးရင် အစ်ကိုတန်သည် အစ်ကို၊ ဦးလေးတန်သည် ဦးလေး တပ်ခေါ်မယ်၊ ကိုယ်နဲ့ရွယ်တူဆိုရင်၊ ကိုယ့်ထက်ငယ်ရင် နာမည်တိုက်ရိုက်ခေါ်မယ်။ ရှင် တွေ ဘာတွေနဲ့ ပြောမနေနိုင်ဘူး။ ညုက ညုနဲ့။ အပိုတွေ။”
ကျွန်မ စိတ်တိုနေတာကို ချော့မော့တောင်းပန်ဖို့ မကြိုးစားပဲ အဲဒီအမျိုးသမီးအကြောင်း ဆက်ပြောတဲ့ မောင့်ကို ဒေါသတကြီး အော်လိုက်တော့မှ မောင်က လေသံပျော့လေးနဲ့ တောင်းပန်ရကောင်းမှန်း သိတော့တယ်။
“မရယ် .. ကျွန်တော် သူ့ကဗျာတွေကို နှစ်သက်တာ မ သိသားနဲ့။ ပြီးတော့ အနုပညာနဲ့ ပါစင်နယ် မရောရဘူးဆိုတာ မ ပဲ ကျွန်တော့်ကို ခဏခဏ ပြောခဲ့တာပါ။ အခု ကျွန်တော် ဘာလုပ်ရမလဲ။ မ တစ်ခွန်းပဲပြောလိုက်။ မ က မတီးစေချင်ဘူးဆိုရင် ကျွန်တော် အခုချက်ချင်း ဖုန်းဆက်ပြီး ငြင်းလိုက်မယ်။ ကျွန်တော့်ကို ငြင်းစေချင်လား ဟင် မ.. ”
“မ က မသွားရဘူးဆိုရင် အဲဒီပွဲကို မင်း တကယ် မသွားဘူးလား။”
“တကယ်ပေါ့ မ ရဲ့။”
ယုံချင်စရာကောင်းလောက်အောင် ခိုင်မာပြတ်သားတဲ့ အရိပ်တွေကို မောင့်မျက်ဝန်းထဲမှာ မြင်လိုက်ရတာမို့ မောင့်ကို ကျွန်မ အကြွင်းမဲ့ ယုံလိုက်ပါတော့တယ်။
၉ ။
“မ ..”
မောင့် မျက်လုံးလေးတွေက အရောင်လေးတွေ လက်နေပါတယ်။ နှုတ်ခမ်းထူထူလေးက လှုပ်လှုပ်ရွရွလေး ဖြစ်နေပါတယ်။ သွေးရောင်လွှမ်းနေတဲ့ မောင့်မျက်နှာလေးက ပြုံးရွှင်လို့။ တစ်ခုခုကြောင့် မောင် စိတ်လှုပ်ရှား ပျော်ရွှင်နေမှန်း သိသာလှတာပေါ့။
“ဘာလဲ မောင်.. ရန်ကုန်က Guitar Instrumental Show ကို သွားမယ်ဆိုတာ ပြောမလို့လား ..”
“ဟာဗျာ .. မ က သိလှချည်လား”
“သိတာပေါ့ကွယ်။ မ က ဂစ်တာသမားတစ်ယောက်ရဲ့ ချစ်သူပဲဟာ။”
ကျွန်မက မျက်စိတစ်ဖက်ကို မှိတ်ပြရင်း ပြောလိုက်တော့ မောင်က ကျေနပ်ပြီး ရယ်လိုက်တာများ ပီဘိကလေးလေး တစ်ယောက်လို။
“ဟုတ်တယ် မ ရ။ မိုင်ဒါကွင်းမှာ ကျင်းပမှာ။ ဒဲရစ်မေလာ၊ ပတ်ထရစ်
ဝင်းမော်၊ ဇော်မျိုးထွဋ်၊ ကျော်ကျော်၊ ချစ်စမ်းမောင်၊ အောင်အောင်.. အိုး… အများကြီးပဲပါမှာ မ ရေ။ ကျွန်တော့် ဟီးရိုးတွေ။”
မောင့်ရဲ့ စိတ်အားထက်သန်မှုကို မောင့်မျက်ဝန်းထဲက အရိပ်တွေက အပြည့်အဝ ပုံဖော်နိုင်စွမ်း ရှိပါတယ်။
“ပြီးတော့လေ ..”
မောင်က ဆက်မပြောဘဲ ရပ်ထားတယ်။
“ပြီးတော့ ဘာဖြစ်လဲ မောင်”
“ဝင်ကြေးက Free ဗျ”
ကျွန်မက မောင့်ကို မျက်စောင်းထိုးပစ်လိုက်တယ်။
“ဝင်ကြေး မဖရီးလည်း မောင် သွားမှာပဲဟာကို။”
“မ ကလည်း။ ဝင်ကြေး အလကားဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်တော်ကတော့ သွားရမှာပေါ့။ ဒီလိုမျိုးပွဲကို အလွတ်ခံလို့ ဖြစ်ပါ့မလား မ ရဲ့။ ကျွန်တော်က သူတို့ရဲ့ ပွဲလေးမှာ ဝင်ကြေးမတောင်းဘူးဆိုတာလေးကို ကျေနပ်မိလို့ပါ။”
“ဟုတ်ပါပြီ ဂစ်တာဆရာလေးရယ်”
“Instrumental ချည်း သီးသန့် အစွမ်းကုန် ကိုင်လှုပ်တီးခတ်ကြမှာ မ ရဲ့။ တကယ့်ပညာရှင်တွေ။ တွေးကြည့်တာနဲ့ ကြက်သီးထဖို့ ကောင်းလိုက်တာနော်။”
မောင်က ပုခုံလေး နှစ်ဖက်ကို တွန့်ရင်း အခုပဲ ကြက်သီးတွေထလာသလို လုပ်နေလေရဲ့။
၁၀။
မောင် ရန်ကုန်ကို ဆင်းဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို မောင့်ကိုယ်စား ကျွန်မက လုပ်ပေးပါတယ်။ ကားပေါ်မှာ ဝတ်ဖို့ အနွေးထည်၊ ဦးထုပ်ကစလို့ လိုရမယ်ရဆိုပြီး ဆေးမြီးတိုပါမကျန် အသေးစိတ် စီစဉ်ပြီး ထည့်ပေးမိတယ်။
“၃ညအိပ် ၄ရက် ခရီးလေးပါ မရဲ့။ ကျွန်တော့်ကို စိတ်ချစမ်းပါ။
အဲတာတွေ လုပ်နေမယ့်အစား ကျွန်တော့်အနားလေးမှာသာ နီးနီးကပ်ကပ်လေး လာနေလှည့်ပါ မရယ်။ မ နဲ့ ခွဲရမှာကြီး ကြိုတွေးပြီး ဒီမှာ လွမ်းနေရပြီ။”
“အပိုတွေ အပိုတွေ.. သူ့ဘာသာ သွားချင်လွန်းလို့ သွားပြီးတော့။”
ကျွန်မက မျက်စောင်းထိုးလိုက်တော့ မောင်က ရယ်ကျဲကျဲ လုပ်လို့။
၁၁။
မောင်မရှိပေမယ့် မောင့်စာအုပ်ဆိုင်လေးကို ပိတ်မထားချင်တဲ့ ကျွန်မက တစ်ယောက်တည်း ဆိုင်ဖွင့်ဖြစ်တယ်။ ညနေစောင်း ဆိုင်သိမ်းပြီး အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက် မောင့်ကို သတိရလိုက်တာများလေ။ ရင်ဘတ်ထဲမှာတောင် စူးအောင့်လို့။ ခက်ရချည်ရဲ့။ ဒီအချိန် မောင် ဘာတွေများ လုပ်လို့နေမလဲ။ သူငယ်ချင်းတွေနဲ့အတူတူ ဂစ်တာလေးတီးလိုက်၊ ဘရန်ဒီလေးချလိုက်၊ မြေပဲဆားလှော်လေး မြုံ့လိုက် လုပ်နေမလားပဲ။
ရန်ကုန်မှာ မောင်က ကျွန်မကို လွမ်းနေမှာလား။ အဲသည်လို တွေးမိတော့ ကျွန်မ ပြုံးမိလိုက်တယ်။ ကွဲကွာနေတာ ကြာနေပြီဆိုတဲ့ ဂစ်တာဝါသနာအိုး သူ့ဘော်ဒါတွေနဲ့ ပြန်ဆုံချိန်၊ Guitar Instrumental Showမှာ စီးမျောနေချိန်တွေမှာတော့ မောင် ကျွန်မကို မေ့နေမှာ သေချာပါတယ်။
အဲသည်လိုပဲ သေချာတာ တစ်ခု ရှိပါသေးတယ်။
မောင်နဲ့ ဝေးနေရတဲ့ ရက်တွေမှာ မောင့်ကို လွမ်းဆွတ်အောက်မေ့မိတိုင်း တစ်ခါတုန်းက မောင် လက်ဆောင်ပေးခဲ့တဲ့၊ မောင် သိပ်မြတ်နိုးတယ်ဆိုတဲ့၊ မောင့် ဘဝရဲ့ ပထမဆုံး ဂစ်တာလေးကို ကျွန်မက ရင်ခွင်ထက်မှာ ပိုက်ထွေးထားရင်း မောင်အမှတ်နဲ့ ယုယနေမိမယ်ဆိုတာလေ။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
--

No comments:
Post a Comment