“ ရှင်လုပ်နေတဲ့ အလုပ်တွေက မဟုတ်သေးဘူး ထင်တယ်နော် ကိုကျော်ဇော ရှင့်…
မှာလည်း သမီး မိန်းခလေး မွေးထားတာ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ပြန်
အကျိုးပေးလိမ့်မယ် ဆိုတာ ရှင်မမေ့နဲ့”
“ဟာ… ဒီမိန်းမနဲ့တော့ .. အရေးကြီးတာ မင်းပါးစပ်ကို အရင် ပိတ်ထားလိုက် ၊ ငါလုပ်နေတဲ့ အလုပ်အကြောင်း မင်းဘယ်လောက် နားလည်လို့လဲ၊ မင်းကို နေရာတကာ ဝင်မပါနဲ့လို့ ငါပြောထားပြိးသားနော်၊ မင်းနေရာ မင်းနေ… ဒါပဲပြောမယ်”
“ သြော်… ကျုပ်က ကျုပ်နေရာ ကျုပ်နေနေတာလေ.. ရှင်သာ…”
“အာ… ဒီမိန်းမတော့ ပြောလေ ကဲလေ ငါထလုပ်ရရင်တော့..”
အိမ်ရှေ့ခန်းမှ ဆူညံနေသော အဖေနှင့် အမေ၏ ရန်ဖြစ်သံတွေကြောင့် အိမ်ပေါ်သို့ တက်ရန် ပြင်နေသော ဇော့်၏ ခြေလှမ်းတွေက အိမ်နှင့်ဝေးရာသို့ ထွက်သွားရန် အတွက် ခြံဝဆီသို့ ပြန်လည် ခြေဦးလှည့်ဖြစ်သွားရသည်။ တစ်လှမ်းခြင်း သွားနေသော ခြေလှမ်းတွေ အသက်မပါလှစွာ လေးလံလို့နေသည်။ တစ်ခါတစ်ရံ မဟုတ်ပဲ အခုတလော အရင်ကထက် စိပ်လာသော မိဘနှစ်ပါး၏ ရန်ပွဲသံသည် ဇော်အတွက် ငရဲစခန်းနှင့် ဘယ်လိုများ ကွာခြားပါလိမ့်မည်နည်း။ ဇော် တစ်ယောက်တည်းလား ဆိုတော့လည်း မဟုတ်။ ဇော့်အတွေးထဲ ညီမလေး ဆိုသောအသိကလေးပြေးဝင်လာကာ ဇော်၏ ခြေလှမ်းများက အိမ်ဘက်သို့ ပြန်လည် ဦးတည်လို့ သွားရသည်။
အိမ်ခြံဝတင်ပဲ မစဲသေးသော မီးစများဖြင့် ရန်ပွဲက ကောင်းနေဆဲပင်။ ဇော်တစ်ယောက် အဖေနှင့် အမေ၏ ရန်ပွဲရှေ့မှ မဖြတ်ကျော်ချင်၍ အိမ်နောက်ဖက်မှ တစ်ပတ်ကျော် လှည့်ဝင်လိုက်သည်။ မိဘနှစ်ပါး၏ ရန်ပွဲ မနီးမဝေးတွင် အိမ်၏ နံရံထောင့်တွင် ကပ်၍ ငိုမဲ့မဲ့ဖြင့် ရပ်နေသော ညီမလေးကို တွေ့လိုက်ရသည်။ ဇော် ဘာမှ စဉ်းစား မနေနိုင်အားပေ။ အခုတလော လုပ်ဖြစ်နေကြ အလုပ်တစ်ခု ဖြစ်နေသော ညီမလေးကို အသာ ပွေ့ချီကာ အိမ်မှ ထွက်လာ ခဲ့လိုက်သည်။ အဖေနှင့် အမေကမှု ဇော်တို့ မောင်နှမ နှစ်ယောက်ကို ဂရုမမူ နိုင်အားပေ။ အတော်ဝေးဝေး ရောက်သည့်အထိ အိမ်မှ ရန်ဖြစ်သံများက နားဆီသို့ တစ်ချက် တစ်ချက် လွင့်ဝဲလာ၏။
ငိုမဲ့မဲ့ဖြစ်နေသော ညီမလေးကို ချီလျှက် လမ်းလျှောက်လာသော ဇော့်ကို ပတ်ဝန်းကျင်မှ အရောင်မျိုးစုံ လွမ်းမိုးနေသော အကြည့်များဖြင့် ကြည့်နေကြသည်။ တစ်ချို့၏ အကြည့်သည် စာနာမှု တစိတ်တစ်ဒေသ ဖု့းလွမ်းနေသယောင်။ တစ်ချို့ကလည်း နားလည်သော မျက်ဝန်းများဖြင့် ငေးမော ကြည့်နေကြသည်။ တစ်ချို့ကလည်း စူးစမ်းလိုသော မျက်ဝန်းစိမ်းဖြင့် အကဲခတ်နေကြသည်။
“ဒီလို ကိစ္စမျိုးဆိုတာ မိန်းမက အကြမ်းလုပ်လို့ မရဘူး အပျော့ဆွဲ ဆွဲလောက်မှ မဟုတ်ရင် ယောက်ျားက ဟိုဘက် ပါသွားမှ ကလေးတွေနဲ့ ဒုက္ခရောက်ကုန်မယ်”
“အိုအေ… ဘာမှ သည်းခံစရာ မလိုပါဘူး၊ ကိုယ်က အနေသာကြီးပါ၊ ဒီနေ့ ဒီလို စီးပွားရေး အဆင်ပြေလာတာ မိန်းမဘက်က အမွေကြောင့် ဆိုတာ တစ်ရပ်ကွက်လုံး သိတယ်၊ ဒါကိုပဲ ဒင်းက လူတွင်ကျယ် လုပ်နေတာ”
အိမ်ရှေ့ပူ အိမ့်နောက် မချမ်းသာ ဆိုသလို တစ်ကယ်တမ်းကြတော့ ကြားထဲက ဇော်တို့ မောင်နှမနှစ်ယောက်က မြေဇာပင် ဘဝရောက်ကြရသည်။ ပတ်ဝန်းကျင် ဆိုတာကလည်း ဇော်တို့ မိသားစုအကြောင်းကို ပြောစရာ တစ်ခုလို ဖြစ်ကာ အမျိုးမျိုး ဝေဖန်ရေး လုပ်နေကြသည်။ ဒီအဖြစ်ပျက်တွေကြောင့် သိတက်နားလည် နေသည့် ဇော်ထက်ဆာလျှင် ဘာမှ နားမလည်သေးသော ညီမလေးက ပို၍ပင် သနားစရာ ကောင်းနေသေးသည်။
ဘာကိုမျှ ဆိုးသည်၊ကောင်းသည် နားမလည်ရှာသေးသော လေးနှစ်အရွယ် ညီမလေးသည် ဇော့်လောက်ပင် ကံမကောင်းရှာပေ။ ဇော် ငယ်စဉ်က ယခုလို အိမ်၏ စီးပွားရေး အခြေနေမှာ မတောင့်တင်း သော်လည်း ပူပင်မှု ကင်းသော သာမာန် ပျော်ရွင်ဖွယ် မိသားစု ဘဝလေးကို ပိုင်ဆိုင်ခဲ့ဘူးသည်ပင်။ အမေနှင့် အဖေ၏ ရန်ဖြစ်သံဆိုတာ ဝေးလာဝေး စကားများသည် ဆိုတာကိုပင် တွေ့ရခဲလှသည်။
ဖြစ်နိုင်မည်ဆိုလျှင် ယခုလို စီးပွားရေး ပြည့်စုံနေသော အခြေနေထက် မိသားစု ပျော်ရွင်ခဲ့သော ဘဝမျိုးကိုသာ ဇော် လိုချင်သည်။ အထူးသဖြင့် ညီမလေး အတွက်ပင်။ ဇော်နှင့် ညီမလေးသည် အသက်(၁၅)နှစ် ကွာသည်။ ဒုတိယနှစ် ကျောင်းသားတစ်ယောက် ဖြစ်နေပြီမို့ ဇော့်အတွက် အရာရာ နားလည်နေပြီ ဆိုသော်လည်း နုနယ်ငယ်ရွယ် သေးသော ညီမလေးကို ထိခိုက်နာကျင်စေမည့် ခါးသီးသော မိသားစု စိတ်ဒဏ်ရာမျိုး မခံစားစေချင်ပါ။ဇော်ပုခုံးပေါ်မှ ငိုမဲ့မဲ့ ဖြစ်နေသော ညီမလေးက ဇော့်ကို သူ့ လက်ကလေး များဖြင့် အားကိုးတကြီး ဖတ်ထားသည်။ ညီမလေး အကြောက်ပြေစေဖို့ ဇော်ညီမလေးကို တင်းကျပ်စွာ ဖတ်ထားရင်းမှ ညီမလေး၏ စိုးရိမ်ကြောက်ရွံ့မှု အားရုံပြောင်း သွားစေရန်အတွက် ကြံရွယ်မိတာလေးကို အကော်ထည်ဖော်ဖို့ ကြိုးစားကြည့်မိသည်။
“ညီမလေး.. ညီမလေးကြိုက်တဲ့ ပုဇွန်ကြော်လေ .. ဟိုးဘက်လမ်းထိပ်မှာ ရှိတယ် ညီမလေးရဲ့.. အဲ့ဒီမှာ ကိုကိုတို့ အကြော်သွားစား ကြမယ်နော်”
ဟု ဆိုလိုက်တော့ ကလေးမို့ ထင်သည် ငိုမဲ့မဲ့ ဖြစ်နေရာမှ ချက်ခြင်းပင် ညီမလေး၏ မျက်လုံးများက အရောင် ပြောင်းသွားကာ
“ မီးတို့ မုန့်သွားစားမှာလားဟင် ကိုကို”
ဟု ကလေးပီပီ အာရုံပြောင်းမြန်စွာ ဇော်ကို မေးလေသည်။ ညီမလေး၏ မျက်ဝန်း နက်နက် လေးများမှ မခြောက်သေးသော မျက်ရည်စက်တွေ ရှိသော်ငြားလည်း မျက်နှာလေးက ကြည်လင်ရွင်ပြလို့ လာသည်။ ဇော် ကျေနပ်စွာ ပြုံးလိုက်သည်။ ညီမလေး စိတ်ထဲမှာ အရွယ်နှင့် မလိုက်သော စိုးရိမ် ကြောက်ရွံ့စိတ်တွေ ရှိမနေစေချင်ပါ။
“အင်းပေါ့ ညီမလေးရဲ့ …. ကိုကိုတို့ မုန့်သွားစားကြမှာနော် … ညီမလေးက မကြိုက်ဘူးလား”
“အင်း… ကြိုက်တာပေါ့ ကိုကိုရ..မီးက နှစ်ထု စားမှာနော်ကိုကို နှစ်ထု”
“ဟင် နှစ်ခုတောင် စားမှာ ဟုတ်လား ဒါဆို လက်ချောင်း ထောင်ပြ ဘယ်နှစ်ချောင်း ထောင်ရမယ်ဆိုတာ သိတယ်ဟုတ် မှန်အောင် ထောင်ပြနိုင်ရင် စားရမယ် …”
“ဒီမှာ….”
ချစ်စရာ ကောင်းသော ညီမလေးက သူ့လက်ကလေး သေးသေးလေးမှ လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းကို ဇော့်၏ မျက်နှာအရှေ့သို့ ထောင်ပြကာ သဘောတကျ တခစ်ခစ် ရယ်မောနေသည်မှာ ချစ်စရာပင် ကောင်းနေသေးသည်။ ရုတ်တရက် ဝေ့ဝဲလာသော ဇော့်မျက်ဝန်းမှ မျက်ရည်များကို ညီမလေး မြင်သွားမှာ စိုးမိကာ ဇော် ခေါင်းငုံချလိုက်သည်။ ညီမလေးကတော့ အပြစ်ကင်းစင်စွာ ရယ်မော သဘောကျလို့ နေလေသည်။
မကြာခဏ ဖြစ်နေသော ရန်ပွဲပင် ဖြစ်လင့်တကား ခဏခဏ အကြိမ်အရေအတွက် များလာသော အခါ ဇော်နှင့်ညီမလေး တို့၏ အနာဂတ်လေးသည် မှေးမှိန်လို့ လာရသည်။ ဇော်တို့ အတွက် မနက်ဖြန်သည် မည်သို့ ဖြစ်မည်ဆိုတာကို မည်သူမှ အတိအကျ မသိနိုင်ပေ မဟုတ်ပါလား။ ယိုင်လာသော အိမ်တိုင်ခြေများ ဘယ်နေ့မှာ ကျိုးကျပျက်စီး သွားမလဲဆိုတာ မသိနိုင်သလို ဇော်တို့လို့ သားသမိးတွေက ဘယ်လို အစွမ်းစမျိုးဖြင့် ကျိုးကျပျက်စီး မသွားနိုင်အောင် စွမ်းဆောင် ပေးနိုင်ပါမည်နည်း။
“အဒေါ် ပုဇွန်ကြော် သုံးခု ပေးပါ…”
ဇော် အကြော်လှမ်းမှာရင်းမှ ညီမလေးကို စားပွဲတွင် ထိုင်စားဖို့ အဆင်ပြေစေရန် စီစဉ်လိုက်သည်။ ကလေးမို့ ထင်သည် သူမကြိုက်သော အကြော် စားရတော့မည်မို့ ပျော်နေသော ညီမလေးကို ချစ်မဝစွာ ဇော် ငေးကြည့်နေမိသည်။
“ဇော် …”
ခေါ်သံကြောင့် ဇော်တစ်ယောက် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ ကျောင်းနေဘက် သူငယ်ချင်း တစ်ဦး ဖြစ်သလို ငယ်ပေါင်း တစ်ဦးလည်းဖြစ်သော သူငယ်ချင်း ညီနိုင်ပင်။
“ဟင်… ညီနိုင် လာလေ ဒီမှာ လာထိုင်လေ မင်းတစ်ယောက်တည်းလား”
“အင်း ငါလည်း ပျင်းတာနဲ့ တစ်ယောက်တည်းပဲ ဇော်.. မင်းရော”
“အေး ငါလည်း ညီမလေးကို မုန့်ဝယ်ကျွေးမယ် ဆိုပြီး ခေါ်လာလို့၊ မင်းရော ဘာတွေလုပ်နေလဲ အဆင်ပြေတယ်ဟုတ်..”
“အေး ပြေပါတယ်ကွာ ဒီနှစ် ဆပ်ပလီ ထိလို့ အိမ်က ကောနေတာ အသေပဲ”
“အင်း ငါကြားတယ်… ဝေဦးပြောတယ်.. မင်း ဆပ်ပလီထိတဲ့ အကြောင်း… ငါတို့တွေ မေဂျာတွေ မတူ ကျောင်းတွေလည်း မတူတော့ မဆုံဖြစ်တာတောင် ကြာပြီ၊ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ကလည်း အနိုင်နိုင်ရယ် ..တစ်ယောက် သတင်း တစ်ယောက်မေးပြီး အဆက်သွယ် ယူနေကြရတယ် မိုက်ပါဘူးကွာ..”
ညီနိုင်က ပြောပြောဆိုဆို ဇော်တို့ မောင်နှမ စားပွဲမှာ ဝင်ထိုင်ကာ ရင်ဖွင့်သလို ဆိုသည်။ အရင်မတူ ခြားနားစွာ မျှော်လင့်ချက် မဲ့နေသော မျက်ဝန်းများနှင့် ညီနိုင်က
“အေး ငါလည်း ညစ်နေတာ ဇော်ရာ အိမ်က မားသားကြီးနဲ့ ဖာသားကြီးက အမြဲကွိုင်နေတာ ဒီနှစ်ပိုင်းထဲမှာ ပိုဆိုးလာတယ် ဇော်ရာ..”
ဟုဆိုတော့ ဒါကြောင့်ကိုးဟု တွေးမိသာ ဇော် သက်ပြင်းမော တစ်ခုကိုမှုတ်ထုတ် ပစ်လိုက်သည်။
“ အင်း…. ဒါတော့လည်း ဒါပေါ့ ညီနိုင်ရာ မင်းတို့ငါတို့တွေ ဆိုတာ မိဘဖြစ်သူတွေကို ဟိုဟာလုပ် ဒီဟာလုပ်လို့ စေခိုင်းနိုင်တဲ့ သူတွေမှ မဟုတ်တာ ငါတို့ ဖြစ်ချင်တဲ့ ဆန္ဒပဲ ရှိတယ်၊ သူတို့တွေမှာလည်း သူတို့ ကိစ္စနဲ့ သူတို့လေ… ငါတို့တွေက ကျွဲနှစ်ကောင်ခတ်ကြတဲ့ မြေတလင်းမှာမှ ပေါက်ကြရတဲ့ မြေစာပင်တွေ ဖြစ်နေကြတာကိုး.. အစကတည်းကမှ မြေဇာပင် ဖြစ်နေတယ်ဆိုနေမှ ဒီထက်ပိုဆိုးမယ့် အလုပ်တွေ မလုပ်မိဖို့တော့ လိုတာပေါ့ ညီနိုင်”
ဇော့်အပြောကြောင့် ညီနိုင်က ဇော့်ကို အံ့သြစွာ စိုက်လို့ကြည့်နေသည်။ ညီနိုင့် အကြည့်ကို ဇော်ကောင်းစွာ နားလည်ပါသည်။ အထက်တန်းကျောင်းမှာ လည်ပင်းဖက် ပေါင်းသင်းခဲ့ကြသော သူငယ်ချင်းတွေမို့ မိသားစု အတွင်းရေးအထိပါ အတွင်းသိ အစင်းသိနေတွေပင် မဟုတ်ပါလား။ ငယ်ပေါင်းတွေမို့ တစ်ယောက် အကြောင်း နှောကျေအောင်ပင် သိကြသည်ပဲလေ။ အိမ်ချင်း အနည်းငယ် ဝေးနေကြလို့သာ အမြဲမဆုံ ဖြစ်ကြခြင်းပင် ဖြစ်သည်။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ မေဂျာတွေ မတူ၊ ကျောင်းလည်း မတူကြလို့သာ အရင်လိုအမြဲ မဆုံဖြစ်ကြတော့ပေ။ သို့သော်လည်း သူငယ်ချင်းဆိုတာ ဘယ်လောက်ဝေးဝေး သွေးအေးသွားသည်ဟု ရှိမှ မရှိနိုင်သည့် အဖြူစင်ဆုံးသော မေတ္တာတရားပင် ဖြစ်သည် မဟုတ်ပါလား။ အသင့်လာချပေးသော အကြော်ပန်းကန်ထဲမှ တစ်ခုကို ညီမလေး အသင့်စားနိုင်အောင် ညီမလေးလက်ထဲသို့ ဇော် ထည့်ပေးလျှက်မှ ညီနိုင်ဆီသို့ ကြည့်ကာ
“ ညီနိုင် စားလေကွာ အကြော်..”
ဟု ဆိုလိုက်သည်။ ညီနိုင်က ဇော်ကို ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်ရင်း
“ ခုပဲ စားပြီးတာ ဇော်.. တော်ပြီ… ဒါနဲ့ ဇော်.. မင်းတစ်ခုခု သိနေတာလား ဥပမာ… ငါ့အကြောင်း တစ်ခုခုပေါ့”
ဟု မဝံ့မရဲ ဆိုပြန်သည်။ ရိုးသားသလို စာအလွန်တော်သော ညီနိုင်သည် တစ်ဦးတည်းသော သားမို့ အလိုလိုက်ခံရသော သားတစ်ဦးပင် ဖြစ်သည်။ ငယ်စဉ်ကပင် ထူးချွန်ကျောင်းသား အဆင့်တွင် အမြဲပါသော ညီနိုင်က ကျောင်းစာတင်မက အခြား ပန်းချီ၊ ဂီတတို့တွင်လည်း ထူးချွန်သော သူတစ်ယောက် ဖြစ်ခဲ့သည်ပင်။ ထိုသို့သော ဂုဏ်ဒြပ်များစွာနှင့် ညီနိုင်လို ရေကျောင်းတက္ကသိုလ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက် စာမေးပွဲကျသည် ဆိုသော သတင်းစကားကို ကြားစက ဇော်တစ်ယောက် မယုံနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။
အရာရာ ရွှေဆိုရွှေ၊ ငွေဆိုငွေ လိုရာရနိုင်သလို နိုင်ငံတကာသို့ လှည့်ကာ အလုပ်သွားနေသော ညီနိုင် ဖခင်သည်လည်း သင်္ဘောအင်ဂျင်နီယာ တစ်ဦးမို့ ဖခင်ဖြစ်သူလိုပင် ရည်မှန်းချက် ကြီးလှသော သူပင်ဖြစ်သည်။
“မင်း ချိုကြီးတို့ အုပ်စုနဲ့ ပေါင်းပြီး မဟုတ်တာတွေ လုပ်တာတော့ ကြားပါတယ်၊ ပထမတော့ ငါလည်း မယုံဘူး ညီနိုင်၊ ဒါပေမယ့် မင်းစာမေးပွဲ ကျတဲ့ သတင်းကြားမှ ဒီသတင်း အမှန်ပါလားလို့ ယုံလိုက်ရတာ..။ မဖြစ်သင့်ဘူး ညီနိုင်၊ အထူးသဖြင့် မင်းလိုလူမျိုး တစ်ယောက်က အဲ့လို နည်းလမ်းမှားတွေနဲ့ ကျင်လည်နေတယ် ဆိုတာ.. လုံးဝ မဖြစ်သင့်ဘူး။ ပြိးတော့ ချိုကြီး အဖွဲ့က လိုင်းစုံတယ်ဆိုတာ… ငါသိပါတယ်”
မိသားစု ပြဿနာတွေကြောင့် စိတ်ညစ်နေချိန်မှာ အပေါင်းသင်းပါ ထပ်မှားကာ မလုပ်သင့်တာတွေ လုပ်နေသော သူငယ်ချင်းကို အားပေးဖို့ ဇော် အားယူလိုက်ပေမယ့် ကိုယ်တိုင်လည်း အားယူရပ်တည်နေရသော လူငယ်ပင် ဖြစ်နေပြန်သည်။ ဘဝတူတွေမို့ စာနာသည် ဆိုသည့်ထက် ခံစားချက်တွေကို နားလည်သည်ဟု ဆိုလျှင် ပိုမှန်မည်။ ညီနိုင်က ဇော်ရဲ့ လက်မောင်းကို ဖွဖွ ထိုး ကစားလျှက်မှ
“အင်း… ဇော်.. ငါလည်း စာမေးပွဲကျ သွားမှ တော်တော်လေး နောင်တရသွားတယ်.. စိတ်ဓါတ်ပါ ကျသွားတယ်.. ခုတော့ နည်းနည်း အဆင်ပြေသွားပါပြီ ကွာ…”
ဟုဆိုသည်။ ဇော် နားလည်စွာပင် ညီနိုင်ကို ပြုံးပြလိုက်ပြီး
“ဒါပေါ့ ညီနိုင်ရာ ဖြစ်တက်ပါတယ်၊ စိတ်ဓါတ်တော့ မကျပါနဲ့၊ အမှားကို သိရင် အမှန်ကို ပြင်ရမှာပေါ့ .. ငါ့တို့က လူငယ်တွေပဲ အမှားနဲ့ မကင်းနိုင်ကြပါဘူး။ ခုလောက်ဆို မင်းလည်း သိသင့်သလောက် သိရောပေါ့ကွာ …တားမြစ် ဆေးဝါးတွေ အထိ မင်းသုံးနေတယ်ဆို ညီနိုင် . ငါ သတင်းကြားတာ ခုထိရော သုံးနေဆဲလား သူငယ်ချင်း.. ”
“အင်း ..ဟုတ်တယ် ဇော်၊ အရင်ကပါ အခု ငါဘာမှ မလုပ်တော့ပါဘူး ဇော် .. အိမ်က မာသားကြီးနဲ့ ဖာသားကြီး အရင်ကလို အဆင်မပြေတာတွေလည်း ပါတယ် အဲ့ဒါတွေကြောင့် ညစ်ပြီး ထွေထွေနဲ့ လျှောက်လုပ်ပစ်မိတာ …”
“စာမေးပွဲ ကျသွားတာ အမြတ်ကျန်တာပေါ့ … ညီနိုင်”
“အင်း အဲ့လိုပဲ ဆိုရမှာပဲ ဇော်…”
“ညီနိုင် .. သူငယ်ချင်း ငါလည်း မင်းနဲ့ ဘဝတူပါ၊ မင်းခံစားချက်ကို နားလည်တယ်၊ မှားပြိးသွားတဲ့ အမှားအတွက် တွေးပြီး ဝမ်းနည်းမနေနဲ့တော့ကွာ ။ အမှားကိုသိရင် အမှန်ပြင်ပြိး လမ်းမှန်လျှောက်ရမှာ ငါတို့ လူငယ်တွေ ကိုယ်တိုင်ရဲ့ တာဝန်ပဲ ညီနိုင်။ ဖြစ်ပြီးသွားတဲ့ အမှားအတွက် အချိန်ကုန် ခံပြီး သောက များနေမှာထက်ဆာရင် ငါတို့ နောက်ဆက် အလားတူ အမှားမျိုး မကျူးလွန်မိဖို့နဲ့ မှားခဲ့တဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး ပြင်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့..ကွာ”
“ အေးပါ ..ဇော်.. ငါ ဘယ်လို စိတ်ညစ်စရာတွေပဲ ရှိရှိ အခုလိုမျိုး မဟုတ်တာတွေ မလုပ်တော့ပါဘူး ကျောင်းမှန်မှန် ပြန်တက်ပြီး စာပဲ လုပ်တော့မယ်၊ ငါ့ရည်မှန်းချက် ပြိးဆုံးအောင် အကောင်ထည် ဖော်ပါ့မယ်ဇော်… ငါ့ကို အားပေးတဲ့ အတွက်ရော.. နားလည်ပေးတဲ့ အတွက်ပါ ကျေးဇူးပါ .ဇော်.. လူလိမ္မာ တို့ မည်သည် သူတစ်ပါး အမှား ကနေ သင်ခန်းစာ ယူတယ်။ လူမိုက် တို့ မည်သည် ကိုယ်တိုင် မှားမှ သင်ခန်း စာ ရ တယ်တဲ့။ ငါတော့ တစ်ခါ လူမိုက်ဖြစ်ဖူးသွားပြီ သူငယ်ချင်း ၊မင်းက ငါ့လိုတော့ လူမိုက်ဖြစ်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ် ဇော်…”
“ငါလည်း ကြိုးစားနေရဆဲ လူငယ်တစ်ယောက်ပါ ညီနိုင်၊ အမှားတွေ မဖြစ်အောင် အသိနဲ့ ဆင်ခြင် ထိန်းသိမ်း နေကြရတာပါပဲ… ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ..… အချင်းချင်းတွေပဲ ဒီစကားတွေ ပြောဖို့ မလိုပါဘူး၊ မင်းလည်း အချိန်ရရင် ငါ့အိမ်ဘက် လာလည်အုံးလေ။ ငါလည်း အားရင် လာခဲ့အုံးမယ် မင်းဆီကို ..”
“အေးပါ … ငါလည်း လာခဲ့အုံးမယ် မင်းဆီကို တစ်နေ့.. အဲ့ကျတော့ နောက်တစ်ခါ စကားအေးအေး ဆေးဆေး ပြောကြတာပေါ့ကွာ ခုတော့ မှောင်နေပြီ ငါ..လစ်တော့မယ် သူငယ်ချင်း..”
“အေး… သူငယ်ချင်း Good Luck..”
နှုတ်ဆက်ပြီး ထွက်သွားသော ညီနိုင်၏ ကျောပြင်ကို ဇော် ငေးကြည့်နေမိသည်။ အကြောင်း အမျိုးမျိုးကြောင့် ယိုင်ယဲ့နေကြသော အခြေမခိုင်သော အိမ်တိုင်တွေကြောင့် ဇော်တို့လို့ လူငယ်တွေ ဘယ်လောက်တောင်များ လမ်းမှားဆီကို ဦးတည်ခဲ့ မိကြမလဲလို့ ရင်မောစွာ တွေးမိသည်။ တစ်ချို့က အမှားတွေနှင့် ရင်းနှီးကျွမ်းဝင်ကာ မှားပြိးရင်းမှားကာ အမှားတောထဲတွင် ပျော်မွေ့၍ လမ်းဆုံးမရောက်ပဲ တစ်ဝက်တစ်ပျက်နှင့် လမ်းပျောက် သွားနိုင်သည်။ တစ်ချို့လည်း လမ်းမှားကိုသိ၊ လမ်းမှန်းကို ပြင်လျှောက်မည့် ညီနိုင်လို လူငယ်တွေလည်း ရှိနိုင်ကြသည်ပဲလေ။
သို့သော်…. ဟူသော အတွေးတစ်ချို့ဖြင့် သက်ပြင်းမော သဲ့သဲ့ ချမိလိုက်ရင်းမျှ ညီမလေးဆီသို့ ငုံကြည့်ချိန်တွင်တော့ အကြော်ဆီတွေ ဝေ့နေသော ညီမလေး၏ နှုတ်ခမ်း တစ်ဝိုက်နှင့် အကြော် တစ်ဝက်မျှ ကျန်ရှိနေသော ပုဇွန်ကြော်ကို အားပါးတရ စားနေသော ညီမလေး၏ ဟန်ပန်လေးက အပြစ်ကင်းနေသည်မှာ အလွန်ပင် ချစ်စဖွယ် ကောင်းနေလေတော့သည်။ အကြော်ဖိုး ရှင်းကာ ညီမလေး လက်ကိုဆွဲကာ အိမ်ပြန်လမ်းသို့ ဦးတည်လိုက်သည်။
ဇော်လက်ကို ဆွဲကာ ခုန်ပေါက် ပျော်ရွင်နေသော ညီမလေးကတော့ မနက်ဖြန်တွေ အကြောင်း ဘာမှ နားမလည်သေးသူ ပီပီ အပူပင်ကင်းစွာ ပတ်ဝန်းကျင်ကို ငေးမောလို့ နေသည်။ ဇော်တို့ မောင်နှစ်မ နှစ်ယောက်အတွက် မနက်ဖြန်တွေ ငြိမ်းချမ်းနေစေဖို့၊ အနာဂတ်တွေ မပျောက်ရှ စေဖို့နဲ့ ယိုင်နဲ့နေသော အိမ်ခြေတိုင်လေးများ ခိုင်ခံသွားမည် ဆိုပါလျှင်။
အိန်ဂျယ်လှိုင်
--

No comments:
Post a Comment