အခုတလော လူက မကြာခဏ ချူချာနေတယ်။ အစာအိမ်ကလည်း ပြန်အောင့်နေတာမို့
အစားအသောက်ကိုလည်း ဆင်ခြင်နေရတယ်။ မဆင်ခြင်ပြန်ရင်လည်း ကိုယ့်ဒုက္ခ
ကိုယ်ရှာသလိုပဲ နေမှာ။ အဆင့်မြင့် နိုင်ငံတနိုင်ငံမှာ အဆင့်မြင့်
ဆေးဝါးတွေနဲ့ ဘယ်လောက်ပဲ ခေတ်မှီ တိုးတက်ပါတယ် ဆိုဆို မွေးရပ်မြေလိုတော့
ကိုယ်ကိုကိုယ် လုံခြုံမှု မရှိသလို ခံစားရတယ်။ နေမကောင်းဖြစ်တဲ့ အခါမျိုးနဲ့
ကျန်းမာရေးကလည်း မကြာခဏ ဆိုသလို ချူချာတက်တော့ ပိုဆိုးတယ်။ နေမကောင်း
ပါဘူးဆိုမှ မိသားစုကို လွမ်းတဲ့ အလွမ်းက ပိုပြီး နှိပ်စက်ပြန်တယ်။
တစ်ချို့များ မိန်းကလေး တန်မဲ့ မိဝေး၊ ဖဝေးမှာ အကြာကြီး နေနိုင်ကြတာ သိရတော့ ကိုယ်လို ဆင်ကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျား ရင့်မာကြီးက ရှက်စရာပင် ကောင်းသေးတယ်။ မတတ်နိုင်ဘူးလေ လူဆိုတာ ပျော်ရာမှာ မနေရ တော်ရာမှာ နေရဆိုတဲ့ စကားလည်း ရှိနေတာပဲ။ နှစ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ဇာတိမြေကိုတော့ လူတိုင်း လွမ်းဆွတ် သတိရ တတ်ကြတာပဲ မဟုတ်လား။ ကိုယ်တိုင်က ခံစားချက် နုသူဖြစ်တော့ ပိုဆိုးတယ်လို့ ဆိုရမယ်။
ဇာတိမြေရဲ့ အစားအသောက် ဆိုတာလည်း မထိတွေ့ရတာ အတော် ကြာလှပေါ့။ နှစ်စဉ်၊ လစဉ် ကျင်းပနေတဲ့ ရိုးရာ၊ ပွဲဓလေ့တွေ ဆိုတာလည်း လွမ်းတယ်ဆိုတဲ့ စကားလေး တစ်ခွန်းနဲ့တော့ လုံလောက်မယ် မထင်ဘူး။ ဒီကြားထဲ အလုပ် ဆိုတာကြီးနဲ့ အောင်မြင်မှု ဆိုတာကိုပဲ ရှေ့တန်း တင်နေကြတဲ့ အနောက်နိုင်ငံမှာ ဆိုတော့ မိသားစု ဆက်ဆံရေးဆိုတာတောင် ဝတ္တရား ဆန်နေတယ်။ သွေးသားရင်းချာ မိသားစုတွေတောင်မှ တစိမ်း ဆန်နေမှတော့ အိမ်နီးနားချင်း သံယောဇဉ်ဆိုတာ ဒီနေရာတွေမှာ ပျောက်ဆုံးသွားတာ ကြာခဲ့ပြီထင်တယ်။
ဒီလို အထီးကျန်မူ တွေကပဲ လူကို အလုပ်လုပ်နေတာထက်ကို ပိုပြီး ပင်ပန်းစေပြန်တယ်။ စိတ်ကိုလည်း ပိုပြီး ထိခိုက်စေတယ်လို့ ထင်မိတယ်။ ပျောက်ဆုံးသွားတဲ့ အရာတွေထဲမှာ ပြန်မရနိုင်တော့တဲ့ ငယ်ရွယ်၊ နုပျိုခြင်းတွေရယ်၊ ရိုးသားဖြူစင်တဲ့ ကလေးဘဝတွေကို ပိုလွမ်းမိတယ်။ ကလေးဘဝ အကြောင်း ပြန်တွေး ကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့ ငယ်ဘဝ အချိန်တွေထဲမှာ မိချိုဆိုတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းလည်း မပါမဖြစ် ပါရတော့မှာပေါ့။
ယနေ့ခေတ် ကလေးငယ်များတွင်တော့ ကျွန်တော့်တို့လို အမှတ်တရများစွာ ရရှိရန် မလွယ်ကူ လောက်ပေ။ အရှိန်အဟုန် ပြင်းပြင်းနှင့် စီးဆင်းနေသော ၂၁ ရာစု ကစားနည်း တွေကလည်း ဒုနဲ့ဒေး။ လူသိများသော ကစားနည်းတွေ ပါဝင်သလို လူသိနည်းနေသော ကစားနည်းတွေလည်း အပုံအပင် ရှိနိုင်သည်ပဲလေ။ ကျွန်တော်တို့ ခေတ်က မရှိခဲ့သော ဂိမ်းဆိုင်များမှာလည်း ယခုဆိုရင် နေရာအနှံအပြားမှာ လက်ညိုးထိုး မလွဲ။ ကွန်ပြူတာဂိမ်း၊ ပီအက်စ်သရီး၊ ပီအက်စ်တူး၊ စသည်ဖြင့်လည်း စုံလင်ကွဲပြား ကြသေးတယ်။
ကျွန်တော့်အထင်တော့ ထိုကဲ့သို့သော ကစားနည်းများဖြင့် ကြီးပြင်းလာသော ကလေးငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှားမူ စွမ်းရည်၊ ပေါင်းသင်း၊ ဆက်ဆံတတ်မှု စွမ်းရည်၊ ပတ်ဝန်းကျင် သဘာဝ အနေအထား လေ့လာမှတ်သား တတ်မှု စွမ်းရည်တို့ ကို အများကြီး ဆုံးရှုံး စေနိုင်တယ်လို့လည်း တွေးမိပြန်တယ်။ အစစအရာရာ တိုးတက်ပြောင်းလဲ လာမှု၏ တစ်ဖက်တွင် ဆုံးရှုံး သွားရသည့် အချက်များကလည်း လွန်စွာပင် နှမြောတသ ဖြစ်စရာ ကောင်းလှပြန်တယ်။
မိချိုဆိုတာက ယောက်ျားလေး တစ်ယောက် ဖြစ်ရဲ့သားနဲ့ မိန်းခလေး နာမည်တွင် နေတဲ့သူ တယောက်။ သူ့နာမည် အရင်းက မိုးကျော်သူ။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ နာမည်ရင်း မခေါ်ကြဘူး။ မွေးစတုန်းကတဲက အမြဲ ပြုံးချိုနေတက်တဲ့ မျက်နှာကြောင့် မိချိုရယ်လို့ ဆရာမ တစ်ယောက်က နာမည်ပေး ခဲ့တာကြောင့်ပဲ မိချိုဆိုတဲ့ အိမ်နာမည်က တရပ်ကွက်လုံးမှာ တွင်သွားတာလို့ သူနဲ့ခင်ပြီး အတော် ကြာတော့မှ သူပြောပြလို့ သိခဲ့ရတယ်။
သူနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်ဖို့ အကြောင်းဖန်လာတာက သူတို့နေတဲ့ ရပ်ကွက်ထဲကို ကျွန်တော်တို့ မိသားစုလေး စပြောင်းဖြစ်တဲ့အချိန်။ အဲ့ဒီအချိန်က ကျွန်တော့်အသက် (၁၂)နှစ်။ သူ့နာမည်ကသာ မိချို။ ကျွန်တော် တွေ့တာတော့ အမြဲ မှုန်ကုတ်နေတက်တဲ့ မျက်နှာနဲ့ ဂျစ်ကန်ကန် ပုံစံ။ သူ့ရင်ဘတ်က နံရိုး အပြိုင်းပြိုင်းကို ဖောက်ထွင်းမြင် ရလောက်အောင်ပဲ ပိန်ကပ်နေသော ခန္ဓာကိုယ်နဲ့ မလိုက်အောင် သူရဲ့ ဗိုက်ကတော့ ဖောင်းကားလို့ နေတတ်တယ်။
ကျွန်တော်တို့အိမ်နဲ့ နှစ်အိမ်ကျော်မှာ သူတို့အိမ်ရှိတယ်။ ပေနှစ်ဆယ်၊ ပေခြောက်ဆယ် အိမ်များမို့ နှစ်အိမ်ကျော် ဆိုပေမယ့် အလယ်မှာက အိမ်မရှိပဲ မြေကွက် အလွတ်ကြီးပဲမို့ သူ့အိမ်ကိုယ်အိမ့်ကို ရှင်းလင်းစွာ တွေ့မြင် နေကြရတယ်။ သူနဲ့ ကျွန်တော်က အသက်ချင်း ကလည်း ရွယ်တူ။ အတန်းလည်း တူတာမို့ ဖေဖေက ကျွန်တော်ကို သူငယ်ချင်း လုပ်ဖို့ မိချိုကို လှမ်းခေါ်ပြီး မိတ်ဆက်ပေးတယ်။ သူမှာ လူကြီးတစ်ယောက်ရဲ့ စကားကို နာခံတတ်သော အလေ့အကျင့် ရှိပုံတော့ရတယ်။
ဖေဖေက ကျွန်တော့်အတွက် သူငယ်ချင်းမရှိမှာ၊ ကျွန်တော် တယောက်တည်း ပျင်းနေမှာကို စိုးရိမ်လို့ ထင်တယ်။ ကျောင်းသွား၊ ကျောင်းပြန် အပါအဝင် ကျန်တဲ့ အချိန်တွေမှာလည်း ကျွန်တော်နဲ့ အတူ ကစားဖို့၊ ဖေဖေက မိချိုကို ပြောတော့ ဟုတ်ကဲ့ ဆိုပြိး နာခံရှာတယ်။ သူလှည့်ထွက် သွားတော့မှ ကျွန်တော် သူ့နောက်ကျောကို ကြည့်ပြီး ဖေဖေ သားသူနဲ့ မခင်ချင်ပါဘူး လို့ ဆိုတော့ ဖေဖေက ဘာဖြစ်လို့လဲ သားရဲ့လို့ မေးရှာတယ်။
မသိပါဘူး သူ့ပုံစံကြိးကို မခင်ချင်ပါဘူးလို့ ပြောတော့ ဖေဖေက ကျွန်တော့်ကို နားလည်စွာနဲ့ ပြုံးပြီး ကြည့်နေတယ်။ အဲ့ဒီနေ့က စပြီး ညနေခင်းဆို အလုပ်ကပြန်လာတိုင်း ကျွန်တော်အတွက် မုန့်ဝယ်လာတတ်တဲ့ ဖေဖေက ခုဆို မိချိုအတွက်ပါ အမြဲ သတိတရ ဝယ်လာတတ်တယ်။ ပထမဆုံးအကြိမ် ဖေဖေက မုန့်ကို မိချိုဆီကို ကမ်းပေးတုန်းက လက်ခံရမှာ ရှက်ကိုးရှက်ကန်းနဲ့ မဝံ့မရဲ ဖြစ်နေတဲ့ မိချို ပုံစံကို ကျွန်တော် မှတ်မိနေတုန်း။
ဖေဖေပေးတဲ့ မုန့်ကို မြိန်ရည် ရှက်ရည် စားနေသော မိချိုကို ကလေးပီပီ မနာလို မရှုစိတ်ဖြင့် ငါ့အဖေပေးတဲ့ မုန့်ကို စားနေတဲ့ အငတ်ကြီးလို့ ကျွန်တော် ပြောလိုက်တယ်။ စားနေတဲ့ မုန့်ကို ချက်ချင်း လွတ်ပစ်ကာ ကစားဝိုင်းက ထွက်သွားသော မိချိုကို အံ့သြတကြီး ကျွန်တော် ငေးကြည့်နေမိတယ်။ (ယခုအချိန် မှာတော့ မိချိုက လူသာငယ်တာ မာန မငယ်သောသူ တစ်ယောက်ဆိုတာ ကျွန်တော် နားလည်လာခဲ့တယ်။) လမ်းပေါ်မှာ မိချို ပစ်ချခဲ့လို့ ဖုန်တွေ အလိမ်းလိမ်း ဖြစ်နေတဲ့ ပဲကိတ်ကို ငေးကြည့်ရင်း ကျွန်တော်ရင်ထဲမှာ ဘာရယ်လို့ အမျိုးအမည် မတပ်နိုင်သော ခံစားမှုလေးတခု စိုက်ဝင်လာခဲ့တယ်။
ဖေဖေ မသိအောင် လမ်းမအလယ်က ပဲကိတ်ကို မြောင်းထဲသို့ ကန်ပစ်လိုက်ပြီး ခပ်တည်တည်နဲ့ အိမ်ထဲကို ဝင်ခဲ့ပေမယ့် နောက်နေ့ကြရင် မိချို လာမခေါ်တော့မှာကို ကျွန်တော် စိုးရိမ်နေခဲ့ဖူးတယ်။ စိုးရိမ်နေတဲ့ အတိုင်းပဲ နောက်နေ့တွေမှာ မိချိုတစ်ယောက် ကျွန်တော်ကို လာမခေါ်တော့ပါ။ ကျောင်းသွားလည်း အရင်ရက်တွေလို ကျွန်တော့်ကို လာစောင့် မခေါ်တော့ပါ။ ကစားဖို့လည်း လာမခေါ်တတ်တော့သလို သူကစားနေတဲ့ နေရာမှာ ကျွန်တော်ပါ လာရင်လည်း သူဆက် မကစားတော့ပါ။
ထိုအကြောင်းကို ဖေဖေသိသွားတော့ အလွန် စိတ်ဆိုးသွား ပုံရတယ်။ ကျွန်တော့် တစ်သက်မှာ ဖေဖေက ကျွန်တော့်ကို အဲ့ဒီလို တစ်ခါမှ စိတ်မဆိုးခဲ့ဘူးသေးပေ။ နောက်မှ ဖေဖေက ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်ကို အဲ့လို မပြောသင့်ကြောင်း ဆုံးမကာ နောက်တကြိမ် မလုပ်ပါဘူး ဆိုတဲ့ ကတိကို ပေးခိုင်းတယ်။ ကျွန်တော်လည်း အလွယ်တကူပင် ပေးလိုက်ပေမယ့် အဲ့ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဖေဖေဆီက တစုံတခုကို ပြန်ရမယ်လို့ မထင်ထားခဲ့မိလိုက်ဘူး။
အဲ့ဒီနေ့က ကျွန်တော်နဲ့ မိချို သူများ အိမ်အသစ် စောက်တာကို ကလေးပီပီ သွားစပ်စုရင်း မိချို တစ်ယောက် ခြေထောက်မှာ သံစူးခဲ့တယ်။ သံစူးထားတဲ့ ဒဏ်ရာက တော်တော်နက်တာမို့ လှမ်းတောင် ကောင်းကောင်း မလျှောက် နိုင်ခဲ့ဘူး။ အရင်လိုလည်း ပြေးလွှား မကစားနိုင်တဲ့အပြင် ကျောင်းကိုပါ ခွင့်တိုင် လိုက်ရတော့ ညနေတွေဆို မိချိုက ကျွန်တော့်ဆီမှာ စာလာပြီး ကူးရတယ်။ မိချို ခြေထောက် နာနေတာမို့ မဆော့နိုင်သလို ကျွန်တော်လည်း မိချိုဘေးမှာ စကားများရင်း ကျောင်းက အဖြစ်ပျက်တွေကို ဖောက်သည် ချရတာပေါ့။
ညနေ စောင်းတော့ ဖေဖေက ထုံးစံအတိုင်း သူဝယ်လာတဲ့ မုန့်ကို ကျွန်တော်နဲ့ မိချိုရှေ့မှာ လှည့်ပတ်ပြီး ကစားလို့နေတယ်။ မိချိုကတော့ ဘာမှ မပြောပေမယ့် ကျွန်တော်က ဖေဖေ့လက်ထဲက ပန်းသီး ကြိးကို မျက်စိကျကာ ဖေဖေ ပေးလာမယ့် အချိန်ကို စိတ်စောနေမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပန်းသီး အရမ်းကြိုက်မှန်း သိလို့ ဖေဖေ တမင် ဝယ်လာတာပဲ ဆိုတာ အသေအချာပင် သိနေလို့ ဖြစ်မယ်။ မမျှော်လင့်ပဲ အဲ့ဒီအချိန်မှာ ဖေဖေက မိချိုနဲ့ ကျွန်တော့်ကို ပြိုင်ပွဲတစ်ခု လုပ်ခိုင်းတယ်။
လုပ်ရမယ့် ပြိုင်ပွဲက အပြေးပြိုင်ပွဲ။ ပြေးရမှာက ကျွန်တော်တို့ ရပ်ကွက်ရဲ့ ပန်းခြံ တစ်ကွက်ကို ပတ်ပြီး ပြေးရမှာ။ ပုံမှန်အတိုင်းဆို ဖေဖေ တမင်ညစ်တာလို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ မိချိုနဲ့ ကျွန်တော် အပြေးပြိုင်ရင် ရှုံးနေကြက ကျွန်တော်။ ခုက မိချိုလည်း ခြေထောက် နာနေတာ ဆိုတော့ နိုင်ဖို့ အခွင့်ရေးနည်း တယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ကျွန်တော်က မိချိုကို မချိုမချဉ်နဲ့ လှမ်းကြည့်တော့ မိချိုက ပုံမှန် အတိုင်းလေးပဲ ကျွန်တော့်ကို ကြည့်နေတယ်။
ဒီလိုနဲ့ ဖေဖေက ပြိုင်ပွဲရဲ့ စည်းကမ်းတွေကို ရွတ်ပြပြီးတဲ့ အချိန်မှာတော့ ကျွန်တော်တို့ နှစ်ယောက်ကို စတင်ပြေးခိုင်းပါတယ်။ မထင်မှတ်စွာနဲ့ အဲ့ဒီပြိုင်ပွဲမှာ အရင်တုန်းက ပွဲတွေလိုမျိုးပဲ မိချိုကို ကျွန်တော် ရှုံးခဲ့တယ်။ အဲ့ဒီအရှုံးမှာ တစ်သက် မမေ့နိုင်စရာ အမှတ်တရ စကားတွေ ဖေဖေ့ထံမှ ရလိုက်သလို အောင်နိုင်သူ တစ်ယောက်ရဲ့ မြိန်ယှက်စွာ စားနေတဲ့ ပန်းသီးတစ်လုံးနဲ့အတူ မိချိုရဲ့ “ပန်းသီးကို ခုမှပဲ စားဖူးတော့တယ်” ဆိုသော စကားတစ်ခွန်းကို ကျွန်တော် ဘယ်သောအခါမှ မေ့မယ် မထင်တော့ပါဘူး။
တကယ်ဆို ကျွန်တော် ရှုံးတာ မိချိုကို မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် ရှုံးသွားတာပါ။ အမြဲတမ်းနိုင်နေကြ မိချိုကို ကြောက်နေတဲ့ စိတ်ကပဲ ကျွန်တော့်ကို ရှုံးသွားစေတာပါ။ တစ်ကယ်ဆို သံစူးနေလို့ နားနေတဲ့ မိချိုကို ခြေထောက် အကောင်းနဲ့ ကျွန်တော်က မနိုင်စရာ အကြောင်းမှ မရှိတာ။ အဲ့ဒီ အကြောင်းအရာနဲ့ ပါတ်သက်ပြီး ဖေဖေက ကျွန်တော်ကို ကိုယ့်ကိုကိုယ် ယုံကြည်မူ ရှိအောင် လုပ်ဖို့ အမြဲ သတိပေး တက်လာခဲ့တယ်။
အဲ့ဒီ အချိန်က စပြီး ကျွန်တော် မိချိုကို ကျွန်တော့ရဲ့ သူငယ်ချင်းကောင်း တစ်ယောက် အဖြစ် နင့်နင့်နဲနဲ ခင်တွယ်လာတက်ခဲ့တယ်။ အသက်(၁၂)နှစ် ကျော်မှ ပန်းသီးဆိုတာကို ပထမဆုံး စားဖူးတဲ့ အစစအရာရာ သူ့ဆီမှ တော်တော် များများ သင်ယူခဲ့ ရတဲ့ အာဂ သူရဲကောင်း သူငယ်ချင်း မိချိုပါ။
“ကျွဲမှာ ဂျိုလိမ်၊ လူမှာ နံပိန်” ဆိုတဲ့ စကားပုံအတိုင်း မထင်ရအောင်ပဲ မိချိုက သန်တယ်။ ကျောင်းသွားချိန် နိးပြီဆို ကျွန်တော်ကို လာစောင့် ခေါ်တတ်တဲ့ သူ့ကို ကျွန်တော်က မခံနိုင်အောင် အခြောက်လို့ စတဲ့အခါမှာပဲ ဖြစ်စေ၊ ကျောင်းဆင်းချိန် လိုမျိုး တစ်နေကုန် ကျောင်းမှာ သင်ခဲ့သော ကျောင်းစာတွေ အပေါ်မှာပဲ ဖြစ်စေ ၊ မိချိုနဲ့ ကျွန်တော် စကားနိုင် လုကြရင်း မကြာခဏ နပန်းလုံးကြတဲ့အခါ ရှုံးသူက ကျွန်တော်။
ခန္ဓာကိုယ် အနေအထား အရသာ ကျွန်တော်က ထွားပေမယ့် မိချိုကိုတော့ ကျွန်တော် ဘယ်တော့မှ မနိုင်ဘူး။ ထူးထူးခြားခြား ကျွန်တော်တို့ နှစ်ယောက်က စကားနိုင်လု တတ်ကြသလို သူများတွေကိုလည်း အစအနောက် သန်တာမျိုးလည်း ထပ်တူနီးပါး တူကြတယ်။ ကစားဖော် မရှိသော ကျွန်တော်အဖို့ နောင်တစ်ချိန်မှာ မိချိုက အနွံတာ ခံတက်သော သူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကျွန်တော် သိလာတယ်။ ကျွန်တော်နဲ့ တခြားသူ ရန်ဖြစ်နေရင် မိချိုက ကျွန်တော့်ဘက်က ဝင်ပါ ကူဖြစ်ပေး တက်တာမျိုး။
ကလေး သဘာဝအတိုင်း ကစားပွဲတွေမှာ ဆိုရင်လည်း မိချိုနဲ့ ကျွန်တော်က တစ်ဖက်၊ ကျန်တဲ့ ကလေး တစ်သိုက်က တစ်ဖက် အတွဲညီညီ ကစားလေ့ ရှိသလို တခါတရံဆိုလျှင် ကျွန်တော်နဲ့ မိချိုကို သူ့တို့ ကစားတဲ့ ပွဲမှာ မပါခိုင်းတဲ့ အထိ။ အဲ့လောက်အထိ ကျွန်တော်နဲ့ မိချို အတွဲညီခဲ့ကြတယ်။ အချိန်တွေ ကြာလာလေလေ တစ်ယောက်အကြောင်း တစ်ယောက် ပိုနားလည် လာလေလေမို့ ကျွန်တော်ကို မတွေ့ရင် မိချိုက လိုက်ရှာ နေတက်ပြီး မိချိုကို မတွေ့လျှင်လည်း ကျွန်တော်က လိုက်ရှာ နေတတ်သည်။
“မတဲ့အတူနေ၊ အတူနေ ရန်ဖြစ်၊ မတွေ့ရင် လိုက်ရှာ” ဆိုပြိး ကျွန်တော်နဲ့ မိချိုကို ပတ်ဝန်းကျင်က စနောက် နာမည် ပေးထားကြ သေးတယ်။ မကြာခဏလည်း ရန်ဖြစ် တတ်ကြသလို ဘယ်သူကမှ ပြန်မခေါ်ခိုင်းပါပဲ ပြန်ခေါ်ကြတဲ့ ကျွန်တော်နဲ့ မိချို။ ယောက်ျားလေးတွေမို့ တခါတလေ နပန်းလုံးကြတဲ့အခါ နဖူးပေါက်၊ ဒူးပြဲ ဆိုသလို သွေးထွက် သံယို ဖြစ်တဲ့အခါ မျိုးလည်း ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ရဲ့ အမေ နှစ်ယောက် ကျွန်တော်တို့အတွက် စကားများ ရန်ဖြစ် ခဲ့ကြ ဖူးပေမယ့် ကိုယ်စီရထားတဲ့ ဒဏ်ရာ မပျောက်ခင်မှာပဲ ကျွန်တော်နဲ့ မိချိုက လူကြီးတွေ ကွယ်သွားတာနဲ့ ပြန်ခေါ်နေ တတ်ကြပြီ။
ဒီလိုနဲ့ပဲ မိချိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ကို လူကြီးတွေ လစ်လျူရှု တက်လာကြတယ်။ ကျွန်တော်ကပဲ တိုင်သည်ဖြစ်စေ၊ မိချိုကပဲ တိုင်သည်ဖြစ်စေ ကျွန်တော်တို့ကို ဘယ်သူမှ အရေးမယူ တတ်ကြတော့ဘူး။ မိချိုနဲ့ ကျွန်တော်က ဝါသနာတူတယ်၊ စရိုက်တူတယ်။ စိတ်ကူကိုယ်တူမို့ တခုခုဆို သိပ်ပြီး ညှိနှိုင်းစရာ မလိုဘူး။ အရုပ်ထောင်ပစ်တဲ့ ကစားနည်း၊ သရေကွင်း ပစ်တဲ့ ကစားနည်း၊ ဂေါ်လီရိုက်၊ စွန်လွတ် ဘယ်လို ကစားနည်းမဆို ကလေးဗိုလ်လို့ နာမည်တွင် ရအောင်ကို ပညာစုံခဲ့ ကြတယ်။
ကိုယ့်ထက် အဆပေါင်းများစွာ ကြီးတဲ့ လူကြီးတွေ ကစားတဲ့ ဝိုင်းမှာလည်း ကျွန်တော်နဲ့ မိချိုက မကြောက်မရွံ့ ပါဝင်ဆင်နွဲ တတ်ကြစမြဲ။ အဲ့ဒီ အခါမျိုးမှာ လူကြီးတွေတောင် လက်မြောက်ရတဲ့ အထိ ကျွန်တော်နဲ့ မိချိုက အတွဲညီညီ ကစားနိုင်ကြတယ်။ တခါတရံ ရန်ဖြစ်ထားတဲ့ နေ့တွေမျိုးဆို မိချိုက သူတို့အိမ်ရှေ့က စိန်ပန်းပင်ကြီး အောက်က ခုံတန်းမှာ ထိုင်ရင်း ကျွန်တော်တို့ အိမ်ဘက်သို့ ခိုးကြည့် နေတတ်သလို ကျွန်တော်ကလည်း မိချိုကို မတွေ့ရရင် တခါတလေ သူ့အိမ်ကို သွားမေးတာမျိုး၊ မိချိုနဲ့ ကျွန်တော် ကစားနေကြ နေရာတွေမှာ လိုက်ရှာတက်တာမျိုးနဲ့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက် မခံတတ်ကြတော့ပေ။
တစ်ယောက်က တစ်ယောက်ကို မခေါ်မချင်း အပြန်အလှန် စနောက်ကြရင်း ပြန်ခေါ်ခဲ့ကြတဲ့ အကြိမ်အရေ အတွက်လည်း မနည်းခဲ့ပေ။ မိချိုနဲ့ ကျွန်တော် အိမ်က လူကြိးတွေ မသိအောင် မြစ်ဘေးမှာ ငါးသွားမျှားတာမျိုး၊ လေးခွ တစ်လက်စီနဲ့ ငှက်ခိုးပစ် ကြတာမျိုး လည်းရှိတယ်။ ငါးရတဲ့အခါ လူကြီးတွေ မသိအောင် ခိုးရောင်းပြိး နှစ်ယောက်အတူ မုန့်ဝယ်စား တတ်ကြသလို ငှက်လေးတွေ ရလာရင်လည်း လူကြိးတွေ မသိအောင် ဟိုချောင်မှာဖွက် ဒီချောင်ထဲဖွက်။ တခါတလေတော့လည်း ကြောင်တွေက ခုတ်စားသွားတာမျိုး လည်းကြုံရ တတ်ပြန်တယ်။
တခါတရံ လူကြိးတွေ မိသွားတဲ့ အခါမျိုးမှာတော့ မိချိုရော ကျွန်တော်ပါ အရိုးကွဲမတက် အရိုက်ခံကြရတယ်။ အဲ့ဒီအခါမျိုးမှာ ကျွန်တော့်က မိချိုကို လွဲချတတ်သလို၊ မိချိုကလည်း ကျွန်တော့်ကို လွဲချတတ်ပြန်တယ်။ အရှိုးရာ မပျောက်ခင်ပဲ တစ်ယောက် အရိုက်ခံရတာကို တစ်ယောက်က လှောင်ပြောင်ကြရင်းနဲ့ ပြန်ခေါ် ဖြစ်ခဲ့ကြတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ငယ်ဘဝတွေဟာ အမှတ်တရတွေနဲ့ ပြည့်နှပ်လို့နေတော့တယ်။
အရွယ်ရောက်လို့ ပန်းတိုင်တွေ ကိုယ်စီနဲ့ တစ်ယောက် တစ်လမ်း လျှောက်ခဲ့ကြပေမယ့် လမ်းတွေ မတူခဲ့သည့်တိုင် မိချိုကိုတော့ဖြင့် သတိရနေဆဲ၊ အောင့်မေ့ဆဲပင်။ မိချိုလည်း ကျွန်တော့်လိုပဲ ဖြစ်မည် ထင်တယ်။ အထူးသဖြင့် ကျွန်တော်က ပန်းသီးမြင်တိုင်း မိချိုကို သတိရတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိတဲ့ ပန်းသီးတွေက ဇာတိမြေကလို တစ်မျိုးတည်းသော၊ တစ်ရောင်တည်းသော ပန်းသီးတွေ မဟုတ်။ အမျိုးအစား အစုံအလင်၊ အရောင်အဆင်း မျိုးစုံတို့ဖြင့်။ တခါတရံ မြေပြင်မှာ ကောက်သူမဲ့နေသော ပန်းသီး များလည်း အပုံအပင် တွေ့ရ ပြန်သေးတယ်။
မိချိုနဲ့ ကျွန်တော် အဆက်သွယ် မရှိတာ အတော်ပင် ကြာပြီ။ သို့သော်လည်း ကျွန်တော် မိချိုကို သတိရနေသလို မိချိုလည်း ကျွန်တော့်ကို သတိရနေမယ်လို့ ယုံကြည် နေမိပြန်တယ်။ ဒါဟာ ကျွန်တော်တို့ နှစ်ယောက်သာ နားလည် နိုင်စွမ်း ရှိတဲ့ သဘော တရားလို့လည်း ယုံကြည်နေတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်နဲ့ မိချို ပြန်ဆုံတွေ့ကြတဲ့ အခါမှာလည်း မနေ့တစ်နေ့ကလိုမျိုးပဲ ဆက်ဆံ ဖြစ်ကြမယ့် ငယ်ပေါင်း သူငယ်ချင်းတွေပဲ မဟုတ်ပါလား။ သတိရတယ် ဆိုတာထက်ကို ပိုလွမ်းနေမိတယ် မိချိုရယ်….။
လေးစားလျှက်
အိန်ဂျယ်လှိုင်
5.05 PM(Austria)
Saturday, March 16, 2013
--

No comments:
Post a Comment