Sunday, April 13, 2014

ချစ်တယ်ပြောဖို့ မမေ့ပါနဲ


ကျွန်တော့်ဘေးမှာ ငြိမ်သက်စွာအိပ်နေတဲ့ သူမကို ကျွန်တော် အချိန်တော်တော်ကြာ ကြည့်နေမိတယ်။ ဒါဟာ
အိမ်ထောင်သက် ၆ နှစ်ကြာ ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်ဖက်။ သူမနဲ့ ကျွန်တော့်ရဲ့ အိမ်
ထောင်ရေးက မိဘရေးတဲ့ဖူးစာလို့ ပြောလို့ရတယ်။ ရည်းစားဦးကြောင့် အသည်းကွဲပြီး နှစ်အတော်ကြာ တစ်
ယောက်တည်း ဘ၀ကိုဖြတ်သန်းခဲ့တယ်။ အချိန်တန်တော့ မိဘပေးစားတဲ့ သူမကို ကျွန်တော် လက်ထပ်ခဲ့တယ်။
တစ်ယောက်နဲ့ တစ်ယောက် မချစ်ဘဲ မိဘတွေဆန္ဒအလျှောက် လက်ထပ်ခဲ့ကြလို့လားမသိဘူး။



ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးက အေးထိအေးစက်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ လက်ထပ်ပြီးတဲ့ အချိန်ကစလို့ အခု
ချိန်အထိ သူမရဲ့ ကိစ္စတွေကို ကျွန်တော့်က ၀င်ရောက်စွက်ဖက်ခြင်းမရှိသလို၊ ကျွန်တော့်ရဲ့ ကိစ္စတွေကို သူမ
ဘက်က ဂရုစိုက်ဟန်တောင် မပြခဲ့ပါဘူး။ အိမ်ထောင်သက် ၅နှစ်ကျော်တဲ့အထိ ကျွန်တော်တို့ဆီမှာ ကလေးယူဖို့
အစီအစဉ်မရှိသေးပါဘူး။ ကျွန်တော်ကလည်း ကျွန်တော့်အလုပ်နဲ့ ကျွန်တော်၊ သူမကလည်း သူမအလုပ်နဲ့ သူမမို့
ကျွန်တော်တို့က အမည်ခံ လင်မယားသက်သက်လို့ပဲ ကျွန်တော့်စိတ်ထဲထင်မိတယ်။ အဲဒီကိစ္စအတွက်နဲ့လည်း
သူမကို ကျွန်တော် တစ်ခါမှ ဖွင့်မပြောခဲ့ပါဘူး။ သူမနဲ့ ကျွန်တော်က လင်မယားရယ်လို့ နွေးနွေးထွေးထွေး မနေ
တာကလွဲရင် သူမက ကျွန်တော့်အပေါ်မှာတော့ မယားဝတ္တရားနဲ့ ညီအောင် နေထိုင်ခဲ့ပါတယ်။

အချစ်မပါတဲ့ အိမ်ထောင်ရေးက မစိုပြေဘူးဆိုတာကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့လိုက်ရတဲ့ အချိန်မှာ ကျွန်
တော့်ရဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာ ရှာဖွေခဲ့မိတယ်။ မူယာဆိုတဲ့ ကောင်မလေးနဲ့ကျွန်တော်
အလုပ်ထဲမှာ အနေနီးတော့ အခြေအနေတွေ နီးကုန်ကြတယ်။ အချိန်တန်အလုပ်ကနေ အိမ်ပြန်လို့ ပျော်ရွှင်စရာ
ဆိုတာ မရှိတဲ့ ကျွန်တော့်အတွက် မူယာက နွေးထွေးမှုတွေပေးပါတယ်။ မူယာ့ကို ကျွန်တော်ချစ်လား၊ မချစ်ဘူး
လားဆိုတာ သေချာမသိပေမယ့် မူယာရဲ့ အပြုအမှုတွေမှာ ကျွန်တော်သာယာနေခဲ့မိတာ အမှန်ပါပဲ။ မူယာက
ကျွန်တော့်ကို နားလည်ပေးနိုင်သလို၊ ကျွန်တော့်ခံစားချက်တွေကိုလည်း ဖွင့်ပြောစရာ မလိုလောက်အောင် အ
ကင်းပါးတဲ့သူတစ်ယောက်အဖြစ် ကျွန်တော့်ဘေးမှာရှိနေပေးခဲ့တယ်။ အလုပ်မှာ အဆင်မပြေတဲ့အခါ၊ ကျွန်တော်
စိတ်ဓါတ်ကျတဲ့အခါ မူယာက ကျွန်တော့်ဘေးကနေ အားပေးဖော်အဖြစ် ရပ်တည်ပေးခဲ့တယ်။ တစ်ခါတစ်လေ
ကျွန်တော် သူမနဲ့ အဆင်မပြေတဲ့အခါ မူယာကပဲ ကျွန်တော့်ရဲ့ ခံစားချက်တွေကို နားလည်ပေးခဲ့တယ်။ ကျွန်
တော့်အပေါ်မှာ အဲဒီလို နားလည်ဖြည့်စီးပေးတဲ့ မူယာကို ခင်တွယ်မိတာ ကျွန်တော့်ကိုယ်ကျွန်တော်မမှားဘူး
လို့ ထင်မိတယ်။

အေးစက်နေတဲ့ ကျွန်တော့်ဘ၀အတွက် မူယာက နွေးထွေးပြီး အလင်းရောင်ထုတ်ပေးနိုင်တဲ့ ဖယောင်းတိုင်လို
ပါပဲ။ ကျွန်တော့်အပေါ်ကို နားလည်ပြီး အားပေးနိုင်တဲ့ မူယာ့ကို လက်လွှတ်အဆုံးအရှုံး မခံနိုင်ဘူး။ အဲဒီအတွက်
ကြောင့်လည်း ကျွန်တော်နဲ့သူမ ကွာရှင်းဖို့ သူမကိုဖွင့်ပြောဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်
နှစ်ဘက်မိဘအသိုင်းအ၀ိုင်းတွေကြောင့် ကျွန်တော့်ရဲ့ အကြံအစဉ်မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်တစ်နှစ်
နီးပါးကြာသွားခဲ့တယ်။ ကျွန်တော့်ရဲ့ အစီအစဉ်ကို အကောင်အထည်မဖော်နိုင်ခဲ့သေးပါဘူး။

တစ်နေ့ ကျွန်တော်အလုပ်မှာပဲ ရှိနေတုန်း သူမ ကျွန်တော့်ဆီကို ဖုန်းဆက်လာခဲ့တယ်။ အကြောင်းကတော့ အိမ်
ကို စောစောပြန်လာစေဖို့ပါ။ ဒါပေမယ့် အိမ်ကို စောစောပြန်ချင်စိတ် ကျွန်တော့်ဆီမှာ တစ်စက်ကလေးတောင်
ရှိမနေခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်မပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရုံးဆင်းချိန်ရောက်လို့ ရုံးခန်းက ကျွန်တော့်ရဲ့
အပေါင်းအဖော်တွေ အသီးသီးအိမ်ပြန်သွားကြပေမယ့် ကျွန်တော်နဲ့ မူယာကတော့ မပြန်သေးဘဲ ရုံးခန်းရဲ့
ထောင့်တစ်ထောင့်မှာ နှစ်ယောက်သား ရင်ခုန်သံချင်းဖလှယ်နေတုန်း ရုံးခန်းတံခါးက တစ်စုံတစ်ယောက်ဖွင့်
လိုက်သလို ပွင့်လာတယ်။ ရုတ်တရက်မို့ ကျွန်တော်တို့ ကြောင်ပြီးတော့ ရပ်ကြည့်နေမိတယ်။ ပွင့်လာတဲ့ တံခါးနဲ့
အတူ သူမကို မြင်လိုက်ရတော့ ကျွန်တော် အရမ်းကို ထိတ်လန့်သွားမိတယ်။ မမျှော်လင့်ထားတဲ့ မြင်ကွင်းမို့
အရောင်တစ်မျိုးပြောင်းသွားတဲ့ သူမရဲ့မျက်နှာက ကျွန်တော့်ရဲ့ ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်တစ်ခုကို
ခံစားလိုက်ရတယ်။ ပျက်ယွင်းနေတဲ့ အခြေအနေကို သူမဘက်ကစပြီး ထိန်းလိုက်တယ်။

“ဆောရီး၊ မလာသင့်တဲ့အချိန်ကို လာခဲ့မိတယ်ထင်တယ်။ နွယ် အရင်ပြန်နှင့်လိုက်တော့မယ် မောင်”

ပြောပြီး ပြေးထွက်သွားတဲ့ သူမရဲ့ ကျောပြင်ကိုကြည့်ရင်း ကျွန်တော့်ရဲ့ စိတ်ထဲမှာ သူမနောက်ကို ပြေးလိုက်သွား
ချင်တဲ့စိတ်တွေပဲ ပေါ်နေမိတယ်။ သူမပဲ မြန်လွန်းတာလား၊ ကျွန်တော်ရဲ့ ခြေထောက်တွေကပဲ လေးလံနေတာ
လားမသိဘူး။ သူမနောက်ကို ပြေးလိုက်သွားခဲ့ပေမယ့် သူမကို မမှီလိုက်ပါဘူး။ ဒါနဲ့ အိမ်မှာရောက်နေမလား ဆို
တဲ့ အတွေးနဲ့ အိမ်ကို အပြေးသွားကြည့်ခဲ့မိတယ်။ ဒါပေမယ့် အိမ်ကိုရောက်တော့ သူမ ရှိမနေခဲ့ပါဘူး။ သူမ ဟန်း
ဖုန်းကို ကျွန်တော်ဆက်ကြည့်တယ်။ လူကြီးမင်းဆိုတဲ့ အသံကလွဲရင် ကျွန်တော်မျှော်လင့်မိတဲ့ သူမအသံကို လုံးဝ
မကြားရပါဘူး။ အချိန်ဘယ်လောက်ကြာသွားလဲ ကျွန်တော်ကိုယ်တိုင်လဲ သတိမထားမိလိုက်ဘူး။ သူမကို ကျွန်
တော်ဘာကြောင့်စိတ်ပူနေလဲ၊ ဘာကြောင့် သူမကို ကျွန်တော်ဖြေရှင်းချက်ပေးချင်နေရတာလဲ၊
ကျွန်တော့်ကိုယ်ကျွန်တော် အကြိမ်ကြိမ်ပြန်မေးရင်းနဲ့……

ဖုန်းနဲ့ ပေးထားတဲ့ နှိုးစက်သံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ နှိုးစက်ကို ပိတ်ပြီး မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နဲ့
ဖွင့်ကြည့်လိုက်မိတယ်။ ဘယ်ရောက်နေလဲဆိုတဲ့ အတွေးနဲ့အတူ ခေါင်းထဲဝင်လာမိတာက ညတုန်းက အဖြစ်
အပျက်။ နာရီကို ရုတ်တရက်ထကြည့်လိုက်မိတယ်။ မနက်ငါးနာရီရှိနေပြီ။ အခုချိန်ထိ သူမ ပြန်ရောက်လာတဲ့
အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။ စိတ်ကိုလျော့ချလိုက်တယ်။ အလုပ်သွားဖို့ ပြင်ဆင်ပြီး အလုပ်ကို ထွက်
လာခဲ့တယ်။ အဲဒီနေ့တစ်နေ့လုံး ကျွန်တော့်ရဲ့ စိတ်ထဲမှာ သူမပဲ ရှိနေခဲ့တယ်။ အလုပ်မှာ အချိန်လေးနည်းနည်း
အားတာနဲ့ သူမဆီကို အသည်းအသန်ဖုန်းဆက်မိတယ်။ ဒါပေမယ့် အခုချိန်ထိ သူမရဲ့ ဖုန်းကို လူကြီးမင်းဆိုတဲ့
အသံက စိုးမိုးထားနေတုန်းပဲ။ သူမရဲ့ အလုပ်ကဖုန်းကို ဆက်ကြည့်မိတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအဖြေ
က သူမရုံးမတက်ဘူးဆိုတာပဲ ကျွန်တော်ပြန်ရလိုက်တယ်။ ဖုန်းကို စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ်ကို ပစ်တင်
လိုက်ပြီး ထိုင်ခုံပေါ်ကို ခြေပစ်လက်ပစ်နိုင်ချလိုက်ပြီး အသက်ကို ပြင်းပြင်းရူထုတ်လိုက်မိတယ်။

လုပ်စရာရှိသေးတာမို့ မတ်မတ်ထိုင်ရင်း အလုပ်စပြီး လုပ်ဖို့ပြန်ပြီး ပြင်ဆင်လိုက်တယ်။ ကျွန်တော့်ရှေ့စားပွဲမှာ
ထိုင်တဲ့ မူယာက မျက်တောင်မခတ်ဘဲ ကျွန်တော့်ရဲ့အမူအရာတွေကို ကြည့်နေတာနဲ့ အကြည့်ချင်းဆုံမိတယ်။
ဒီတစ်ခါတော့ အကြည့်ချင်းဆုံတာကို ကျွန်တော်ကပဲ စပြီးလွဲလိုက်တယ်။ ကျွန်တော့်ရဲ့ အမူအရာကိုကြည့်ရင်
ကျွန်တော်ဘာဖြစ်နေလဲဆိုတာ ပြောစရာမလိုအောင် အခြေအနေကို သိနေတဲ့ မူယာက ကျွန်တော့်ကို အဲဒီနေ့
က ဘာစကားမှ မပြောခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း မူယာနဲ့စကားပြောချင်စိတ်မရှိလောက်အောင်ကို
သူမကို စိတ်ပူနေခဲ့မိတယ်။ ဒါဟာ ကျွန်တော်နဲ့သူမရဲ့ အိမ်ထောင်သက် ငါးနှစ်ကျော်မှာ ပထမဆုံး သူမအိမ်က
ထွက်သွားခြင်းပါ။

စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေတာမို့ အလုပ်ဆင်းချိန်ထက်စောပြီး ကျွန်တော်အိမ်ကို ပြန်ခဲ့တယ်။ ဘယ်ကိုမှလည်း
သွားချင်စိတ်မရှိဘူး။ ဘာကိုမှလည်း လုပ်ချင်စိတ်မရှိဘူး။ အိမ်ပြန်လမ်းတစ်လျှောက်လုံး သူမအကြောင်းကို
ကျွန်တော်တွေးနေမိတယ်။ သေချာတွေးမိလေလေ သူမရဲ့ နွေးထွေးမှုတွေကို ကျွန်တော်ပိုပြီး မြင်လာခဲ့တယ်။
မနက်ဆိုရင် ကျွန်တော်အိပ်ရာမထခင် သူမက ကျွန်တော့်ထက်အရင်နိုးနှင့်နေပြီး ကျွန်တော်အိပ်ရာထပြီးလို့
ရုံးသွားဖို့ ပြင်ဆင်ပြီးချိန်မှာ သူမက ကျွန်တော့်အတွက် မနက်စာပြင်ဆင်ပြီးလို့ စားပွဲမှာ ကော်ဖီပူပူလေး ဖျော်ပြီး
စောင့်နေပြီ။ ကျွန်တော်အလုပ်က ပြန်မရောက်သေးခင်မှာ သူမက ကျွန်တော့်ထက် အရင်အိမ်ကို အရောက်ပြန်
ပြီး သန့်ရှင်းရေးနဲ့ ညနေစာကို ပြင်ဆင်ပြီးနေပြီ။ ဒါတွေဟာ ကျွန်တော်နဲ့ အိမ်ထောင်ကျခါစကတည်း သူမရဲ့ နေ့
စဉ်အလုပ်လို ဖြစ်ခဲ့တယ်။ သန့်သန့်လေးနေရတာကို ကြိုက်တဲ့ကျွန်တော့်အတွက် သုံးရက်တစ်ခါ အိပ်ရာခင်းတွေ
ကို သူမက ပုံမှန်လှဲပေးခဲ့တယ်။ ဒါတွေ အားလုံးကို သူမက အိမ်ထောင်သက် တစ်လျှောက်လုံး မငြီးမညူပဲ ကျွန်
တော့်အတွက်လုပ်ပေးခဲ့တယ်။ သိပ်ပြီးနီးလွန်းတော့ သူမရဲ့ ကျွန်တော့်အပေါ်ထားတဲ့ စေတနာတွေကို ကျွန်
တော်မမြင်ခဲ့တာဖြစ်မယ်။

အိမ်ကိုရောက်သွားတော့ အိမ်ရဲ့ အ၀င်အ၀နေရာမှာ သူမရဲ့ ဖိနပ်ကလေးကို တွေ့လိုက်ရတဲ့အတွက် ကျွန်တော်
အတိုင်းမသိကို ပျော်သွားခဲ့မိတယ်။ အိမ်ထဲကို အမြန်ပြေးဝင်ပြီး သူမကို လိုက်ရှာမိတယ်။ အိပ်ခန်းထဲမှာ ငြိမ်
သက်စွာအိပ်နေတဲ့ သူမကို ကျွန်တော်တွေ့လိုက်ရတော့ သက်ပြင်းကို ချလိုက်ပြီး သူမဘေးမှာ ထိုင်လိုက်မိတယ်။
မို့အစ်နေတဲ့ မျက်လုံးတွေက သူမဘယ်လောက်ငိုထားလဲဆိုတာကို ဖော်ပြနေတယ်။ ဘယ်လောက် ၀မ်းနည်း
ပက်လက်ငိုခဲ့ရလဲဆိုတာ အိပ်မောကျနေတဲ့ သူမကို ကြည့်ရင်သိနိုင်တယ်။ သူမကိုကြည့်ရင်းနဲ့ သနားတဲ့စိတ်
တွေ ကျွန်တော့်ရင်ထဲကို အတိုင်းမသိဝင်လာခဲ့တယ်။ ဒီအတိုင်းဆိုရင် ညနေစာကို သူမချက်နိုင်မှာမဟုတ်ဘူး
ဆိုတာ ကျွန်တော်တွေးမိတဲ့အခါ ညနေစာစီစဉ်ဖို့ သူမဘေးကနေ ထွက်လာခဲ့တယ်။ မှန်တင်ခုံအောက်မှာကျနေ
တဲ့ ဒိုင်ယာရီစာအုပ်လေးကို ကျွန်တော်အမှတ်မထင်တွေ့လိုက်တယ်။ အဲဒီစာအုပ်လေးက သူမ အိမ်ကို ပြန်
ရောက်လာပြီး ပိုက်ဆံအိတ်ကို မှန်တင်ခုံပေါ်တင်လိုက်တဲ့ အချိန်မှာ ထွက်ကျလာပုံပေါ်တယ်။ ကျွန်တော်
ကောက်ယူလိုက်ပြီး စာရွက်တွေကို လှန်ကြည့်မိလိုက်တယ်။


“မောင် မိဘတွေပေးစားလို့ မောင်နဲ့နွယ်က လက်ထပ်ရတယ်ဆိုပေမယ့် နွယ်ကတော့ မောင့်ကို ချစ်တယ်။
နွယ်တို့အိမ်ကို မင်္ဂလာကိစ္စလာပြောတဲ့နေ့က မောင် ၀တ်ထားတဲ့ အင်္ကျီအဖြူရောင်လေးက မောင့်ရဲ့ ခန့်ညားမှု
ကို ပိုပြီး ပေါ်လွင်စေတယ်။ အခုချိန်ထိ မောင့်အပြုအမူတွေက အေးထိအေးစက်ဖြစ်နေပေမယ့် တစ်နေ့နေ့မှာ
မောင်တစ်ယောက် နွယ့်ရဲ့ အချစ်တွေကို မြင်နိုင်မှာပါ”

“ဒီနေ့ မောင် နွယ့်ကို စကားသိပ်မပြောဘူး။ ထမင်းလည်း ကောင်းကောင်းမစားဘူး။ မောင့်မှာ ဘာတွေစိတ်ညစ်
စရာများရှိနေလို့လဲ မောင်ရယ်။ နွယ်စိတ်ပူလိုက်တာ။ ဒါပေမယ့် မောင်က နွယ့်ကို စကားပြောချင်စိတ်မရှိဘူး
ထင်လို့ နွယ်မမေးရဲဘူး။ ဘာပဲဖြစ်ဖြစ် မောင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သက်သာသွားအောင် နွယ်လုပ်ပေး
ချင်လိုက်တာ မောင်ရယ်….”


နောက်တစ်ရွှက်ကို ကျွန်တော်ထပ်လှန်ကြည့်လသည်..။


“မောင် ဒီနေ့တော့ နွယ်ရုံးကနေ စောစောပြန်လာပြီး မောင်ကြိုက်တဲ့ ဟင်းတွေကို နွယ် ညစာအဖြစ်ချက်ထား
တယ်။ ဒါပေမယ့် မောင်က အခုချိန်အထိ ပြန်မလာသေးဘူး။ အခု ၁၀ နာရီရှိနေပြီ မောင်ရောက်မလာသေးဘူး။
အလုပ်တွေတော်တော်ရှုပ်နေလား။ ဖုန်းဆက်တော့လည်း ဖုန်းကပိတ်ထားတယ်။ နွယ်ဘယ်လောက်စိတ်ပူနေ
မလဲဆိုတာကို မောင်တစ်ယောက်သိနိုင်ပါ့မလား”


သိချင်စိတ်တွေ အရမ်းကို ပြင်းပြလာခဲ့တာကြောင့် နောက်ဆုံးစာရွက်ကိုလှန်ပြီး ဖတ်မိတယ်။
ထူးထူးဆန်းဆန်းစာရွက်တစ်ရွက်ထဲမှာပဲ နှစ်ပိုဒ်ရေးထားတာကို တွေ့ရတယ်။


“ဒီနေ့ဟာ မောင်နဲ့ နွယ် မင်္ဂလာသက်တမ်း ခြောက်နှစ်ပြည့်တဲ့နေ့ပဲ။ ဒါကြောင့် နွယ် စောစောပြန်လာပြီး မောင့်
အကြိုက်ဟင်းတွေ ချက်ပြုတ်ပေးမယ်။ နောက်ပြီးတော့ ဒီနေ့ မောင့်ကို နွယ့်မှာ မောင့်ရဲ့ ကိုယ်ပွားလေးရှိနေပြီ
ဆိုတာကို နွယ် ဖွင့်ပြောမယ်။ ဒါကိုသိရင် မောင်တစ်ယောက် ဘယ်လောက်ဝမ်းသာလိုက်မလဲ။ အတွေးနဲ့တင်
တော်တော်ကို ပျော်ဖို့ကောင်းနေပြီ။ နွယ့်ရဲ့ အပျော်တွေကို မောင့်ကိုလည်း ကူးဆက်စေချင်လိုက်တာ။ ဒီအချိန်
ဆိုရင် မောင် ရုံးက ဆင်းချိန်ပဲ။ ဒါပေမယ့် မောင်က ရောက်မလာသေးဘူး။ မြန်မြန်လာတော့မောင်ရယ်။ နွယ့်ရဲ့
အပျော်တွေ မောင့်ကို ခွဲဝေချင်လှပြီ။ မောင်လည်း မလာသေးဘူး။ နွယ် မစောင့်နိုင်တော့ဘူး။ မောင့်ဆီကိုပဲ
လိုက်သွားတော့မယ်။ ”

“သိပ်ရက်စက်တယ်…မောင်ရယ်။ နွယ့်မှာ ဘာအပြစ်ရှိလို့လဲ။ ဘာကြောင့်များ နွယ့်အချစ်တွေကို မမြင်ရတာလဲ။
နွယ် အမြင်မှားတာပဲ ဖြစ်မှာပါ။ မောင် မဟုတ်ဘူးမဟုတ်လား။ အဲဒီမြင်ကွင်းထဲက ယောကျာ်းက နွယ်ရဲ့ အိမ်ဦး
နတ်အဖြစ် ခြောက်နှစ်လောက် ကိုးကွယ်ခဲ့တဲ့ မောင်မဟုတ်ဘူး။ နွယ့်မျက်လုံးတွေ မကောင်းလို့ အမှားတွေ မြင်
နေတာပဲဖြစ်မယ်။ လုပ်ရက်လိုက်တာ မောင်ရယ်…….”


စာဖတ်နေရင်းနဲ့ ကျွန်တော့်ရဲ့ ပါးပြင်ဟာ စိုစွတ်လာတာကို ကျွန်တော်သတိထားမိတယ်။ ကျွန်တော့်ဘက်က
အေးထိအေးစက် ဆက်ဆံခဲ့သမျှ သူမဘက်တော့ ကျွန်တော့်လို မဟုတ်မှန်းသိရတဲ့အခါ ကျွန်တော်သူမကို
သနားတာလား၊ ကျွန်တော့်ကိုယ်ကျွန်တော် ရှက်မိတာလား၊ ကျွန်တော်ကိုယ်တိုင်တောင် သေချာမသိတဲ့ ခံစား
ချက်ကို ကျွန်တော်ခံစားလိုက်ရတယ်။ အိပ်ခန်းရဲ့ အပြင်ကိုထွက်ပြီး ကျွန်တော် အားရပါးရကို ငိုချပစ်လိုက်တယ်။
ကျွန်တော့်လုပ်ရက်က သိပ်ကို မိုက်မဲလွန်းနေပြီ။ သူမရှေ့မှာ ခွင့်လွှတ်ပါလို့ ၀န်ချပြီး မတောင်းပန်ရဲလောက်
အောင်ကို သိပ်ကိုမှားလွန်းခဲ့ပြီလေ။ ဘာအပြစ်မှမရှိတဲ့သူမကို ကျွန်တော်က ဒဏ်ရာတွေပေးမိနေပြီ။

သူမရဲ့ ဘေးမှာ ၀င်ပြီး လှဲရင်း တစ်ညလုံးမအိပ်ဘဲ သူမကို ကျွန်တော်ကြည့်နေခဲ့မိတယ်။
အပြစ်ကင်းစင်တဲ့သူမကို ကျွန်တော်ဘယ်လိုပြန်ပြီး တောင်းပန်ရမလဲ စဉ်းစားရင်းနဲ့ ကျွန်တော်ဆုံးဖြတ်ချက်
တစ်ခု ချလိုက်မိတယ်။ သိပ်မကြာဘူး သူမ အိပ်ရာကနိုးလာတယ်။ သူမရဲ့ မျက်လုံးဖွင့်ဖွင့်ချင်း ဘေးမှာအိပ်နေ
တဲ့ ကျွန်တော့်ကို မြင်တော့ သူမကိုယ်လေးသိမ့်ကနဲ တုန်သွားတယ်။ ရုတ်တရက်မို့ လန့်သွားပုံရတဲ့ သူမကို
ကျွန်တော်ကပဲ စပြီး စကားစပြောလိုက်တယ်။

“နိုးပြီလား နွယ်”

သူမက ခေါင်းတစ်ချက်ငြိမ့်ပြပြီး လှဲနေရာကနေ ထထိုင်လိုက်တယ်။

“မောင် နွယ့်ကို ပြောစရာရှိတယ်”
“ဘာမှ မပြောပါနဲ့တော့ မောင်၊ နွယ် အားလုံးကို နားလည်ပါတယ်”

သူမက ကျွန်တော့်ကို ပြန်ပြောရင်းနဲ့ မှန်တင်ခုံပေါ်တင်ထားတဲ့ သူမရဲ့ပိုက်ဆံအိတ်ကို လှန်းယူပြီး အဲဒီထဲက
စာရွက်တစ်ရွက်ကို ထုတ်ကာ ကျွန်တော့်ကိုပေးတယ်။ ကြည့်လိုက်တော့ ကွာရှင်းစာချုပ်ပဲ။

“အဲဒီမှာ နွယ့်ကို လက်မှတ်ထိုးပေးပါ။
နွယ် ဒီနေ့ ပစ္စည်းတွေသိမ်းပြီး မနက်ဖြန် အပြီး ဒီအိမ်ကနေထွက်သွားပေးပါ့မယ်။ ”
“နွယ် မောင်ရှင်းပြတာကို နားထောင်ပါဦး”
“ဘာမှ မရှင်းပြပါနဲ့တော့ မောင်ရယ်။ အားလုံးက ဘယ်သူမပြု မိမိမှုပဲပေါ့။
နွယ့်ကိုသာ အဲဒီစာချုပ်မှာ လက်မှတ်ထိုးပေးပါတော့။”

ပြောရင်းနဲ့ ကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီး သူမက မျက်နှာတစ်ဖက်လွဲသွားတယ်။ သူမရဲ့ ပါးပြင်အပေါ်မှာ
မျက်ရည်တွေ ရွဲနေပေမယ့် သူမရဲ့ မျက်နှာကတော့ ခက်ထန်နေခဲ့တယ်။


“ကောင်းပါပြီ။ နွယ် စိတ်ချမ်းသာမယ်ဆိုရင် မောင် ဒီစာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်။ ”


အနီးက စားပွဲပေါ်မှာရှိတဲ့ ဘောပင်တစ်ချောင်းကို ယူပြီး သူမရဲ့ တောင်းဆိုချက်အတိုင်း ကွာရှင်းစာချုပ်မှာ
လက်မှတ်ထိုးလိုက်တယ်။ စာချုပ်ကို သူမဆီကို လှန်းပေးရင်း...


“နွယ် ထွက်မသွားပါနဲ့။
မောင်ပဲ ဒီအိမ်က ထွက်သွားပေးပါ့မယ်။ အပြစ်ကျူးလွန်ထားတာက နွယ်မှ မဟုတ်တာ မောင်ပဲဟာ
ထွက်သွားသင့်တဲ့သူက မောင်ပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မသွားခင်လေးတော့ နွယ့်ကို တစ်ခုပြောပြပါရစေ။
မောင့်ရဲ့ အချိန်နှောင်းမှ သိလိုက်ရတဲ့ ခံစားချက်လေးတစ်ခုကိုပေါ့”

ပြောရင်းနဲ့ ကျွန်တော့်ကို ကျောခိုင်းနေတဲ့သူမကို ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ကျွန်တော်ဆွဲပြီး
လှည့်လိုက်တယ်။


“မောင် နွယ့်ကို သိပ်ချစ်တယ်။
မောင် ကိုယ်တိုင်တောင် မသိလိုက်တဲ့ အချိန်မှာ နွယ်က မောင့်နှလုံးသားထဲကို ရောက်နှင့်နေပြီ။
ဒါတွေကို မောင်သိလိုက်ရတဲ့ အချိန်မှာ မောင်က နွယ့်အပေါ်မှာ အပြစ်ကြီး ကျူးလွန်မိနေပြီ။
ဘာပဲဖြစ်ဖြစ် အခုလို မောင် နွယ့်အဝေးကို ထွက်သွားတာက နွယ့်အတွက် စိတ်ချမ်းသာစေမယ်ဆိုရင်
မောင်ထွက်သွားပေးပါ့မယ်။ နွယ် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ မောင့်ရဲ့ ကိုယ်ပွားလေးကိုလည်း
ဂရုစိုက်ပေးပါနော်”


ပြောပြီး ပန်းနုရောင်သန်းနေတဲ့ သူမရဲ့ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်တယ်။ ပြီးတော့ ကျွန်တော် အိပ်ခန်းထဲက
နေ ထွက်လာခဲ့တယ်။ မထင်ထားတဲ့ စကားမို့ သူမ အံ့အားသင့်ပြီး ကျန်ခဲ့ပုံရတယ်။ ကျွန်တော် တံခါးနားရောက်
တော့ မောင်ဆိုတဲ့ သူမရဲ့ ခေါ်သံနဲ့ အတူ ကျွန်တော့်ခါးကို နောက်ကနေ ဖက်လိုက်သလို ခံစားလိုက်ရတယ်။


“မောင် နွယ့်ကို ချစ်တယ်ဆိုတာ တကယ်လားဟင်။
နွယ့်ကို ချစ်တယ်ဆိုရင် မထားခဲ့ပါနဲ့နော်။ မောင် မရှိဘဲ နွယ်မနေနိုင်ဘူး။
မောင်မရှိတဲ့နေ့ရက်တွေကို နွယ်တစ်ယောက်တည်း ဖြတ်သန်းရမှာကို သိပ်ကြောက်တယ်”


အခုချိန်မှာတော့ ကျွန်တော့်ရဲ့ ပါးပြင်ဟာ မျက်ရည်တွေနဲ့ ရွဲစိုနေပေမယ့် ဒီမျက်ရည်က ကျွန်တော့်ဘ၀မှာ ၀မ်း
သာလို့ ပထမဆုံးကျတဲ့ မျက်ရည်ဖြစ်တယ်။ အရင်က မျက်ရည်ကျဖူးပေမယ့် အဲဒီအချိန်တွေက ၀မ်းနည်းပြီး သိပ်
ကို ပူလောင်လွန်းခဲ့ပါတယ်။ အခုမျက်ရည်ကတော့ အေးမြပြီး သိပ်ကို ချိုမြိန်လွန်းတယ်လို့ ကျွန်တော်ထင်မိ
တယ်။ သူမကို ကျွန်တော့်ရင်ထဲမှာ တင်းကျပ်စွာဖတ်ထားလိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ပတ်ဝန်း
ကျင်က အရာရာလှပနေသလိုပဲ။ နောက်ဆိုရင် ကျွန်တော့်ရဲ့ အိမ်လေးထဲမှာ အရင်လိုအေးစက်စက်မဟုတ်ဘဲ
ငြိမ်းချမ်းတဲ့ ရယ်မောသံလေးတွေ ပြန့်လွင့်နေမှာ အသေအချာကို ကျွန်တော်ယုံကြည်နေခဲ့မိတယ်…….။


No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...