ကျမ အမေ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ပါဘူး။
အမေ့ မှာ ကျမ မကြိုက်တဲ့အချက်တွေချည်းပါပဲ။
ပြောရရင် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းကပါပဲ။
အမေက ငယ်ငယ်တုန်းက အရမ်းချောပါတယ်။ရုပ်ရှင် မင်းသမီးဖြစ်ဖို့ကြိုးစားနေတုန်း အဖေ နဲ့ အိမ်ထောင်ကျ
ပြီး အဖေတာဝန်ကျတဲ့နောက်လိုက် လာရလို့ သာ စိတ်လျှော့ လိုက်တာတဲ့ ။ ဒီစကားတွေက အမေ က
တတွတ်တွတ်ပြောနေတာအိပ်ယာဝင်ပုံပြင်လို အမြဲကြားနေကျလေ။ အမေက တစ်ခုခုဆို အဲဒီလို အပ်ကြောင်း
ထပ်အောင်ပြောတတ်တာလည်း ကျမ မကြိုက်ဘူး။ အေးချမ်းသိမ်မွေ့ တဲ့ အမေမျိုးကို လိုချင်တဲ့ ကျမ က
ပူညံပူညံ လုပ်တဲ့ အမေ့ ကို မကြိုက်ပါ။
နောက်ပြီး အမေ က လှလဲလှ ပြီး အလှလည်းပြင်ပါတယ်။ကျမက အလယ်တန်းလောက်ကတည်းက စာအုပ်
တွေရှိနေရင် ထမင်းမေ့ ဟင်းမေ့  ဖတ်နေတတ်ပြီး ကျန်တာဘာမှစိတ်မ၀င်စားတတ်သူလေ။ ကျမ မပြင်မဆင်၊
ဘိုသီဘတ်သီ နေတာကို အမေက ဆူပြီး သပ်သပ်ယပ်ယပ်နေတတ်တဲ့ ညီမလေးနဲ့  ယှဉ်ပြီးပြောတာကိုလည်း
ကျမအမေ့ ကို မကြိုက်ပါဘူး။ အမေက သူ့ စကားနားထောင်တဲ့ ညီမလေးကိုပဲ ပိုချစ်တယ်လို့ ခံစားရပါတယ်။
ကျမညီမကတော့ တီတီတာတာနဲ့  အမေ့ အကြိုက် လိုက်ပြောတတ်တာကိုး။ ကျမက စကားပြောရင်
ဘုနဲ့ဘောက်လေ။ မိန်းကလေး ဖြစ်ပြီး သိပ်အပေါက်ဆိုးတာပဲလို့ အမေ ပြောရင်လည်းကျမ မကြိုက်ပါဘူး။
အမေ က စကားကို ဖွယ်ဖွယ်ရာရာ ပြောတတ်ပါတယ်။ ဥပမာ--တစ်ယောက်ယောက်က စားပြီးပြီလားလို့ မေး
ရင် အမေသူများတွေလို စားပြီးပြီလို့  တစ်ခွန်းတည်းဖြေတာမဟုတ်ပါဘူး။ "ဒီနေ့ လေ သိပ်စားကောင်းတာပဲ၊
ကြက်သားဆီပြန်လေးနဲ့  ငါးဖယ်သုတ်၊ ငါးနဲ့ ချဉ်ပေါင်ရွက် နုနုလေးမွှေပြီးငရုတ်သီးထောင်းလေးနဲ ပေါ်ဦးပေါ်
ဖျား ဒညင်းသီးနုနုလည်းပါသေးတယ်။စားပြီးတော့  တောင်ငူသီမွှေး လေး အချိုတည်းလာတာ ညီမရေ" အဲဒီ
လို ဖြေတော့  ကိုယ် ဟင်းကောင်းစားတာကြွားသလို ဖြစ်နေတာမို့  ကျမကရှက်ပါတယ်။ အမေကလည်း စားပြီးပြီ
ဆို ပြီးတာပဲ၊ကိုယ်ဟင်းကောင်းတာတွေ လိုက်ပြောနေတာ ရှက်စရာကြီး လို့ပြောရင်လည်း --အော်ဘာဖြစ်လည်း
သမီးရဲ့  ညာပြောတာမှမဟုတ်တာ၊ကိုယ်စားလို့စားတာပြောတာပဲ -တဲ့ နောက်ပြီး အိမ်မှာ ပစ္စည်းအသစ်တခုခု
ဝယ်ရင်လည်း အမေက လူတကာတွေ့ တာနဲ့ပြောတာပဲ။
"ဟေး၊ မကြည်ရေ အမ တို့အိမ်မှာ ရေခဲသေတ္တာဝယ်ထားတယ် သိလား၊ နွေဆို ပူလာပြီလေ-ရေပူပူကြီး
မသောက်ချင်ဘူး၊ ညည်းလဲ ရေခဲရေသောက်ချင် လာသောက် နော်"ဒီလို ပြောရင်လည်း ကျမနဲ့ အမေ ပြသနာ
တက်ပြီ။ "အမေကလည်း လူတကာကို ကိုယ့်ပစ္စည်းဝယ်တဲ့ အကြောင်းတွေ လိုက်ပြောနေတာပဲ"
"ဟဲ့ -ဘာဖြစ်လဲ၊ သိတော့ သူ တောင်ရေခဲရေလာသောက်လို့ရတာပေါ့"
စေတနာနဲ့ ပြောတာပဲဖြစ်ဖြစ် အဲဒီလို ကိုယ့်အကြောင်းတွေ အကုန်ပြောတဲ့ အမေ့ကိုကျမ မကြိုက်ပါဘူး။
နောက်ပြီး အမေက စိတ်မညစ်တတ်ပါဘူး။ အပူအပင်လည်း မရှိဘူး လို့ ကျမမြင်တယ်။ အဖေ ကအရာရှိအလုပ်
ကထွက်ပြီး သစ်လုပ်ငန်းလည်းရှုံး၊စီးပွားပျက်တဲ့ အချိန်မှာကျမက ရန်ကုန်မှာအလုပ်ဝင်ခါစ ၊ မောင်လေးက
ကိုးတန်းပဲရှိပါသေးတယ်။ ကျမမှာ ရသမျှလစာလေးထဲက မောင်လေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ နေပေ
မယ့်  မလောက်ရင် မောင်လေး ပညာရေး ရှေ့ မဆက်နိုင်မှာ စိုးလို့ အမြဲ ပူပင်နေရပါတယ်။ အိမ်က ပစ္စည်းတွေ
တဖြည်းဖြည်းကုန်လာပြီး ဘာမှမရှိတော့ပေမယ့်  အမေ့ကြည့်ရတာမပူသလိုပဲ။ အဲဒီအချိန်မှာ ညီမ လည်း
အိမ်ထောင်နဲ့ အဝေးရောက်နေပြီးကျမနဲ့ အမေလည်း တည့် နေပါပြီ။ ဒါပေမယ့်  အမေ့ ကို ကျမ ပြောနေရ
တုန်းပဲ။ကျမ အိမ်ပြန်သွားရင် အမေက ငါ့ သမီးပြန်လာပြီ၊ အဆောင်မှာခြွေတာစားနေရတယ်ဆိုပြီး မ၇ှိ ၊ရှိတာ
ချက်ကျွေးတာပဲ။ ကျမမှာ အမေ ဟင်းကောင်းချက်ကျွေးတာတောင် မြိုမကျနိုင်ဘဲ ခြွေတာဖို့ ပြောမိပြန်တယ်။
"အေးပါ၊ အမေ သိပါတယ်။ သမီးက အမေတို့ကိုပိုက်ဆံပို့ နိုင်ဖို့  မစားမသောက်နေမယ်ဆိုတာသိလို့ လာတဲ့
အချိန်လေး ကောင်းကောင်းချက်ကျွေးတာကို ဘာမှမတွေးဘဲ စားသာစားပါ" အမေ ကဘယ်လောက်ပြောပြော
ကျမကတော့ မြိုမကျပါဘူး။ဒီလောက် ကြပ်တည်းနေတာတောင် အပူအပင်မရှိသလို ကောင်းကောင်းချက်စားနေ
လို့ ကျမ အမေ့ ကို မကြိုက်ပါဘူး။
အမေ ကျမအဆောင်လာလည်ရင်လည်း ကျမမှာ အမေ့ကိုကလေးထိန်းသလို လိုက်ထိန်းနေရပါတယ်။
"အမေနော်--အဆောင်မှာက ဟန်နဲ့ နေကြတာကိုယ်မပြေလည်တာတွေ လူတကာလိုက်မပြောနဲ့နော်
နောက်ပြီး အမျိုးအိမ်တွေလည်း မပြေလည်လို့ဆိုပြီး အကူအညီလိုက်မတောင်းနဲ့နော် "
"အော်--ဘာဖြစ်လည်းသမီးရယ်-ကိုယ်ဒုက္ခရောက်တာပြောမှ အကူအညီ လိုရင်တောင်းလို့ရမှာပေါ့ 
ညည်းကလည်း မာနကမချနိုင်သေးဘူး၊ လူ့ အောက်ကျလို့ မသေနိုင်ပါဘူး၊ပိုက်ဆံမရှိတာရှက်စရာလား"
ကျမက ကိုယ့် ကိုယ်ကျင့် တရားနဲ့ မာနကိုပဲအားကိုးပြီးကြိုးစားရုန်းကန်ချင်တဲ့သူ၊သူများအကူအညီလုံးဝ မယူ
ချင်တဲ့ သူ၊ အမေကတော့ ကိုယ့်မိသားစု ပြေလည်ရင်ပြီးရောဆိုပြီး သူများကို အောက်ကျို့ တတ်သူ။ နောက်ပြီး
တစ်သက်လုံး အရာရှိကတော် ဘ၀ မှာ အခြွေအရံအပြည့်နဲ့ နေခဲ့တဲ့  အမေ က တခြားအလုပ်လည်းမလုပ်
တတ်ဘဲ အရင်ကိုယ်ကူညီပေးခဲ့ဖူးတဲ့ အမျိုးတွေဆီကပဲ လိုက်အကူအညီတောင်းပါတယ်။ ဒီလို ကိုယ့်အားကိုယ်
မကိုးဘဲ လူတကာလိုက်အောက်ကျနေလို့  ကျမ အမေ့ ကို မကြိုက်ပါဘူး။
အမေ့ ကို အရာရာ စိတ်တိုင်းမကျ ၊ မကြိုက်ပေမယ့်  ကျမ အမေ့ ကိုအရမ်းချစ်ပါတယ်။ ကျမဘ၀မှာ ကြိုးစားရုန်း
ကန်နေတာ အမေ့ကို အရင်လို ဘ၀မျိုးပြန်ထားချင်လို့ ပါ။ အိုဇာတာမကောင်းဘဲ အသက်ကြီးမှကောင်းကောင်း
မနေရတဲ့  အမေ့ ကို သနားပါတယ်။ အမေ့ ကို အရင်အရာရှိကတော်ဘ၀ကလို အလှတွေပြင်၊ ဈေးဝယ်တွေ
ထွက်၊ ပစ္စည်းအသစ်အဆန်းတွေ ပေါ်သမျှ ကို ၀ယ်ပြီး လူတကာခေါ်ကြွားနေတာကိုပဲမြင်ချင်ပါတယ်။ အရင်လို
ပဲ စားပြီးပြီလား လို့ မေးတဲ့ သူတွေကို ဟင်းကောင်းလေးတွေနဲ့ စားခဲ့တာကို ဖွယ်ဖွယ်ရာရာပြောပြနေတာကို
ကြားချင်ပါတယ်။ ရင်ထဲကစေတနာတွေ နဲ့ ကြိုးစားနေပေမယ့်  အလုပ်ပင်ပန်းလို့ ကျမ အမေ့ကို စကား
ကောင်းကောင်း မပြောနိုင်ပါဘူး။ အလုပ်အဆင်မပြေတာတွေများလာရင်လည်း ကျမ ရဲ့ စိတ်ထွက်ပေါက်ဟာ
အမေ ဖြစ်သွားတတ်ပြီး အမေ ဟင်းတွေ အများကြီးပိုချက်လို့ ၊ဆီကို လိုတာထက်ပိုထည့် ထားလို့  ၊ အ၀တ်
အစားတွေအကြွေးလာရောင်းတာဝယ်ထားလို့ ဆိုပြီး အမေ့ ကိုပြောဆိုမိပါတယ်။
သူဌေးအဆူခံရတဲ့ အချိန် ၊အလုပ်ထဲမှာ မတရားအပြောခံရပေမယ့်  ပြန်ပြောရင် အလုပ်ပြုတ် မှာကြောက်လို့ 
ငြိမ်ခံလာရတဲ့ နေ့ တွေဆို ကျမ အိမ်မှာသောင်းကျန်းတတ်ပါတယ်။ သမီးရယ် ၊သိပ်စိတ်ဆင်းရဲနေလည်း
ဒီအလုပ်က ထွက်လိုက်ပါလား၊အမေတို့  ငတ်တော့မသေနိုင်ပါဘူးလို့  နားချရင်လည်းအပူအပင်မရှိလက်လွတ်
စပါယ်ပြောတယ်လို့  ထင်ပြီး ကျမ အမေ့ကိုမကြိုက်ပါဘူး။
အမေက သူ့ ကျန်းမာရေးကိုလည်းသိပ်ဂရုမစိုက်ပါဘူး။ဒါကိုလည်း ကျမ မကြိုက်ပါဘူး။ ကလေးလိုပဲ မတည့်တာ
လည်း စားတာပါပဲ။အစားအသောက်ဆိုလည်း အဆီအဆိမ့်မှကြိုက်ပါတယ်။ ကျမကလည်း အိပ်ချိန်ပဲ အိမ်မှာ
နေရလို့ အမေ့ ကို ပစ်ထားသလို ဖြစ်သွားပါတယ်။ ကျမစိတ်ထဲမှာအမေဟာကျမအလုပ်အကိုင်တွေ အဆင်
ပြေပြီး ပြည့်စုံလာတဲ့ အချိန်အထိ၊ ကျမသူ့ ကိုအရင်လိုဘ၀မျိုးထားနိုင်တဲ့အချိန်အထိ ကျန်းကျန်းမာမာနဲ့ စောင့်
နေမယ်ပဲထင်မိတာကိုး။ မမြဲတဲ့ သင်္ခါရ တရားဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့  ထင်နေတာကိုးလေ။
ဒါပေမယ့်  မရဏမင်း ဆိုတာ ဘယ်သူ့  မျက်နှာမှမကြည့်ဘဲ သူ့ အလုပ်သူလုပ်နေတာကိုး။
သူ ဒီလိုမျိုး အေ မ့ကို စောစောစီးစီး ခေါ်သွားမယ်လို့ မှ ကျမ ထင်မထားတာလေ။
အမေ ဆုံးတဲ့နေ့ က ကျမ အမေ့ အသက်ကိုမမှီပါဘူး။
မနက်ဘက် အလုပ်သွားခါနီး အမေက အိပ်ယာထဲကနေ ခေါင်းမူးလိုက်တာလို့  ကျမကို အားကိုးတကြီးပြော
နေပေမယ့်  အလုပ်ကလည်း အရေးကြီးနေတော့  အမေ့ကို ဆေးသောက်လိုက် လေ လို့ ပြောပြီးကျမ အလုပ်
ထွက်လာခဲ့တာပါ။ အရင်လည်း အမေ က ဒီလို မူးတတ်တော့သက်သာသွားမှာပဲလို့  ပေါ့ပေါ့ ပဲတွေးလိုက်
ပါတယ်။ နေ့ ခင်း ရုံးကိုဖုန်းဆက်ခေါ်လို့  ကျမ အိမ်ပြန်ရောက်သွားတဲ့အခါ အေ မ့ရဲ့  အသက်မဲ့ ရုပ်အလောင်းကို
ပဲတွေ့ လိုက်ရပါတယ်။
ကျမ လေ ဘယ်လို ဖြစ်သွားမှန်းမသိပါဘူး။ လူက အံ့သြလွန်းလို့ ကြောင်နေပြီးတော်တော် နဲ့ မငိုမိဘူး။
ဟုတ်ရဲ့ လား--ဒါ တစ်ကယ့် အဖြစ်လားဟင်--
အမေ သေသွားပြီတဲ့  ၊ မနေ့ ညကပဲ ကျမနဲ့  ပွစိပွစိ ရန်ဖြစ်စကားများခဲ့သေးတယ်။ မနက်ကအလုပ်မသွားခင်
ကတောင် ကျမကို စကားပြောခဲ့တဲ့  အမေ က ခု အသက်မရှိတော့ဘူးတဲ့ ။ မနက်ကတည်းကခေါင်း မူးနေလို့ 
အဖေက ဆေးခန်းသွားမလားဆိုတာကို ချက်ပြုတ်ပြီးမှ သွားမယ်ဆိုပြီး မီးဖိုချောင်ဝင်သတဲ့ ။ ချက်ပြီးပြီးချင်း
အိုက်တယ်ဆိုပြီး ချက်ချင်း ရေချိုးမလို့ အဆင်းမှာ လဲကျသွားတာတဲ့။ ဆရာဝန်သွားခေါ်ပေမယ့်  အသက်မမှီ
တော့ဘူးတဲ့ ။ဦးနှောက်သွေးကြောပြတ်သွားတာတဲ့ ။
ဖြစ်မှဖြစ်ရလေအမေ ရယ်--
ခေါင်းမူးတာ ၊ကိုယ်နေမကောင်းတာ ကိုယ်အသိဆုံးကို ဘာလို့  ဆေးခန်း ချက်ချင်းမသွားတာလဲ ယောင်္ကျားနဲ
့သားသမီးတွေ စားဖို့ ထမင်းဟင်းချက်တာကတော်တော်အရေးကြီးနေလား၊
ခုတော့ အမေ က သမီးကို ထားခဲ့တာပေါ့ လေ။
သမီး မျှော်လင့်ချက်တွေ ကို သဲထဲရေသွန်ဖြစ်အောင် အမေ လုပ်ရက်တယ်။
အမေဟာ သိပ်ရက်စက်တယ်။ အမြဲတမ်း သမီးမကြိုက်တာတွေပဲလုပ်တယ်။
အမေ့အတွက် ကိုယ်ရောစိတ်ပါ နှစ်ပြီးကြိုးစားနေတဲ့ သမီးကို အမေ က ဒီလို လွယ်လွယ်လေးပဲနုတ်မဆက်ဘဲ
ခွဲ ခွာသွားတာပေါ့ ၊ အမေ ဒီလို လုပ်တာ သမီးမကြိုက်ဘူးနော်။
အမေ --အမေ --အမေ
------------------------------------------------------------------------
တကယ်ပဲနောက်ဆုံးထွက်သက်အထိ အမေ့လုပ်ရပ်ကို ကျမမကြိုက်ခဲ့ပါဘူး။
ကျမကို တစိမ့်စိမ့်  ခံစားကြေကွဲရအောင် အမေ လုပ်ခဲ့တယ်။
ဒီနှစ် ၈ လပိုင်း ၂၀ ရက်နေ့ ဆို အမေ ဆုံးတာ ၇ နှစ်ပြည့်တော့မယ်။ ခုထိ အေ မ့အကြောင်း
တွေးရင် ကျမ ခံစားနေရဆဲပါ။
နောက်ပြီး အမေ မရှိတော့တဲ့  ၇ နှစ်တာ အချိန်အတွင်းမှာ ကျမဟာ ဘာလို့ များ အမေ နဲ့ တူတူလာရတာလဲပဲ။
အလှပြင်တာမကြိုက်တဲ့  ကျမ ခု အလှပြင်တတ်လာတယ်။ အမေ့ ကို ကြွားတယ်လို့ ကဲ့ရဲ့ တတ်တဲ့ ကျမက ကိုယ်
အောင်မြင်လာတာလူတကာကိုလိုက်ပြောချင်တယ်။
အမေ့ကို ပါးစပ်ဖွာတယ်လို့ ကဲ့ရဲ့တတ်တဲ့ ကျမကကိုယ့်အိမ်မှာ အပ်ကျတာကအစ မိတ်ဆွေသူငယ်ချင်းတွေ ကို
ပြောလိုက်ရမှ စားဝင်အိပ်ပျော်လာတယ်။ မာန မရှိဘူးလို့ အမေ့ ကို ကဲ့ရဲ့ခဲ့တဲ့ ကျမက ကိုယ်ပိုင်ဆိုင်တဲ့ နေရာ
လေးတစ်ခုအတွက် ကိုယ့်မာနကို လက်သည်းဖွက်ရင်း အံကြိတ်မြိုသိပ်ပြီး သည်းခံ အောက်ကျနေရတယ်။
လက်ဖွာတယ်လို့ အမေ့ ကိုကဲ့ရဲ့ တတ်တဲ့ ကျမက စိတ်အလိုလိုက် စားသောက် ၊၀ယ်ခြမ်းပစ်တတ်ပြီး လစာ
ဘယ်လောက်ကောင်းလာပစေ လက်ထဲမှာအမြဲ ငွေပြတ်နေတတ်တယ်။
ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်လို့ အမေ့ ကို ကဲ့ရဲ့ ခဲ့တဲ့ ကျမက ခု နေမကောင်းမှန်းသိရဲ့သားနဲ့  ညလုံးပေါက်
နီးပါး ကွန်ပြူတာရှေ့ ကမထလို့  ခုရောဂါရနေပါပြီ။ နောက်ဆုံးတော့ အမေ့ ရဲ့ ပုံရိပ်ဟာ ကျမဖြစ်လာပါပေါ့ လား။
ဘာပဲဖြစ်ဖြစ် ကျမ အမေ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ပါဘူး။
(ခံစားနားလည်နိုင်ပါစေ)
No comments:
Post a Comment