အစိတ်အပိုင်းလေးတွေကနေ ကြီးမားတဲ့ အရာတစ်ခုကို တည်ဆောက်လို့ ရတယ်ဆိုတဲ့ အမှန်တရားတခုကို သူကောင်းကောင်း သိပါလျက်နဲ့ ဘာကြောင့် မတွေးမိပါလိမ့်လို့ ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတယ်။ သစ်ပင်တစ်ပင်စီကိုပဲ မမြင်နဲ့၊ သစ်တောကို မြင်အောင်ကြည့်ပါတဲ့။ ကြားဖူးတာပါပဲ။ သစ်ပင်တစ်ပင်အောက်မှာ သစ်ကိုင်းပိနေတဲ့ လူတချို့ အတွက်များလား။ ပန်းချီကား တစ်ချပ်ကို ကြည့်ရင်တော့ လူအများစုက စုတ်ချက်တစ်ခုစီကို သတိမထား မိကြဘူးလေ။ ဒါပေမယ့် ပန်းချီကား တစ်ချပ်ဖြစ်ဖို့ ဆိုတာ စုတ်ချက်လေးပေါင်း ထောင်သောင်းချီပြီး စိတ်ရှည်လက်ရှည် ဆွဲရတာပဲ။ ငြီးငွေ့စရာအပိုင်းတွေလည်း ရှိမယ်။ တက်ကြွစရာ အပိုင်းတွေလည်း ရှိမယ်။ စိတ်မပါတော့တဲ့ အခါတွေလည်း ရှိမယ်။ ဆေးကုန်သွားတဲ့ အခါတွေလည်း ရှိမယ်။ စိတ်ရောကိုယ်ပါ နစ်မြှုပ်သွားလို့ ပန်းချီကားနဲ့ ပန်းချီဆွဲသူတို့ တထပ်တည်းကျသွားတဲ့ အခါလည်း ရှိနိုင်မယ်။ ဒါပေမယ့် နောက်ဆုံး ပြီးသွားတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်တဲ့ အခါ ဘယ်သူကများ ဒီတဒင်္ဂတွေကို မြင်လို့လဲ။
ဗန်ဂိုးရဲ့ ပန်းချီကားတွေကို သူစတွေ့ကာစက အရုပ်ဆိုးလှတယ်လို့ ထင်မိတယ်။ ဘာကြောင့် သန်းကျော်တန် ပန်းချီကား ဖြစ်ရသလဲ၊ ဘာကြောင့် ကမ္ဘာကျော်ရသလဲရယ်လို့ နားမလည်ဘဲ ရှိခဲ့တယ်။ နောက်တော့ သူစုတ်ချက်တစ်ခုစီကို လိုက်ကြည့်မိတယ်။ အဲဒီအချိန်မှာပဲ တခါတည်း သဘောကျသွားခဲ့တယ်။ ပန်းချီကား တစ်ချပ်လုံးကို မမြင်ဘဲ စုတ်ချက်တစ်ခုစီကိုသာ ကြိုက်ခဲ့တဲ့သူဟာ သူများတွေအတွက်တော့ လူထူးလူဆန်းတစ်ယောက်များလား။ ပန်းချီကားကြီး တစ်ချပ်ဖြစ်လာဖို့ တချက်စီ အကျိုးပြုကြတဲ့ စုတ်ချက်ကလေးတွေကိုလည်း တန်ဖိုးထားသင့်တာပေါ့လို့ သူကတော့ ဖြေရှင်းချက် ထုတ်ချင်ပါတယ်။ ဒီလို တဒင်္ဂလေးတွေကိုသာ မေ့ထားခဲ့ကြရင် ဘ၀ဆိုတဲ့ ပန်းချီကားကြီး တစ်ချပ်ပြီးသွားတဲ့ အထိသာ စောင့်နေခဲ့ကြရင် အရာရာဟာ သူတပါးဖို့ချည်းသာ ဖြစ်ရချည်ရဲ့။ သြော်…ဦးဘယ်သူ ဒေါ်ဘယ်ဝါ ဆိုတာ ဒီလိုနေခဲ့တာ၊ ဒါတွေလုပ်ခဲ့တာ၊ ဒီလို ပြောခဲ့တာ ရယ်လို့ အသုဘမှာမှ ပုံဖော်ကြတဲ့ ဘ၀ တစ်ခုသာသာ ကျန်ခဲ့ဦးမှာလား။
xxx
ဘ၀ဆိုတာ တခါတလေတော့လည်း ပျင်းစရာ အကောင်းသားလို့ သူတွေးမိတယ်။ အများတကာတွေလို စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာရယ်လည်း မဟုတ်ပါဘူး။ မနက်မိုးလင်း နှိုးစက်မြည်ရင် အလူးအလဲထ။ မနက်စာ စားသောက်၊ ပြင်ဆင်ပြီးရင် အလုပ်ကို ကတိုက်ကရိုက်သွား။ အလုပ်ရောက်ရင် ရှေ့မှာ ပုံနေတဲ့ အလုပ်တွေကိုရှင်း။ ရှင်းလိုက်ပြန်ပုံလာလိုက်နဲ့ သံသရာလည်။ ညနေ အလုပ်ဆင်းရင် ကသောကမျော အိမ်ပြန်ပြီး ဟင်းချက်။ ညနေစာစား ပြီးရင်ပဲ ညအိပ်ဖို့ အချိန်နဲ့ နှစ်နာရီလောက်ပဲ ဝေးတော့တယ်။ ဒီကြားထဲ အိမ်ကိစ္စလေးတွေ၊ တောက်တိုမယ်ရတွေ လုပ်စရာ လိုတဲ့ ညဆိုရင် တခြား ဘာမှ မလုပ်ဖြစ်တော့။
“ဒီနေ့တော့ ငါအိမ်ပြန်ရောက်ပါဦးတော့ မလား…။”
ရုံးဆင်းချိန်ရဲ့ ထုံးစံအတိုင်း ကားတွေပိတ်လို့ နေ၏။ ရှည်လျားလှသော ကားတန်းရှည်ကြီးကို ကြည့်၍ သူစိတ်ညစ်သွားသည်။ ဗိုက်ကလည်း တော်တော်ဆာလှပြီ။ သူ့အိတ်ထဲကို လက်နှိုက်ပြီး ရှာတော့ ရှုပ်ပွနေသော စာရွက်များ၊ ဘောပင်၊ ipod၊ မှတ်စုစာအုပ်များ ကြားမှ အသင့်စား မုန့်တစ်ခု ထွက်လာ၏။ ဖြည်းဖြည်းချင်းရွေ့နေသော ကားတန်းနှင့် လိုက်မီရုံသာ မောင်းလျက်၊ ဘီးခွေပေါ် လက်တင်ရင်း လက်တစ်ဖက်က မုန့်ကို ကိုင်ရင်း သွားနဲ့ကိုက်၍့ အခွံကို ဆွဲခွာလိုက်သည်။ အိမ်ပြန်ရောက်လျှင် ညနေစာချက်ရမည်။ မနက်ဖြန် ဆွေးနွေးပွဲအတွက် ပြင်ဆင်လက်စတွေကို ဆက်၍ လုပ်ရဦးမည်။ ပြီးတော့ အိမ်မှာ ပျက်နေသော ရေပိုက်ကို ပြင်ရဦးမည်။ တော်သေးသည်။ ရေချိုးခန်းက ရေပိုက်ဖြစ်နေ၍။ အခုတော့ မီးဖိုချောင်ထဲက လက်ဆေးကန်မှာသာ မျက်နှာသစ် သွားတိုက် လုပ်နေလိုက်မည်။ ဒါပေမယ့် အနှေးနဲ့အမြန်တော့ ပြင်ရမှာပဲလေ။ ဒီည အချိန်မရှိရင်တော့ နောက်နေ့ညမှပဲ လုပ်ရမှပဲဟု စိတ်ထဲမှာ တေးထားလိုက်သည်။ ကိုယ်တိုင် ပြင်လို့ မရလျှင်တော့ ပိုက်ပြင်ဆရာကို ခေါ်ရပေမည်။ အိမ်မြန်မြန်ပြန်ရောက် ချင်လှပြီ။ လုပ်စရာတွေက များပြီး အချိန်မလောက်သော တစ်နေ့တာက ကုန်ခဲလှသလို၊ အကုန်မြန်လှချေ၏။
စိတ်ရှုပ်ရှုပ်နှင့် ကားထဲမှ ရေဒီယိုကို ကောက်ဖွင့်လိုက်သည်။ ကြော်ငြာလာနေသည့် လိုင်းများကို ကျော်ပစ်လိုက်သည်။ လိုင်းပြောင်းနေရင်း ထိုတခဏမှာပင် တေးသွားတစ်ပုဒ်က ဖြတ်ကနဲဝင်လာသည်။ တေးသွားသည် မနုသော်လည်း နွဲ့၏။ ချို၏။ ညှို့ယူဆွဲငင်၏။ ဖြတ်ဝင်လာသော တယောသံက တစိမ့်စိမ့်နှင့် လွမ်းလာအောင် ဆွဲဆောင်ပြန်သည်။ စန္ဒယားသံသည် မှန်မှန်နှင့် ငြိမ်သက်သော်လည်း သူ့စိတ်ကို လှုပ်ရှားစေ၏။ အဆိုရှင်၏ အသံအနိမ့်အမြင့်မှာ သူမျောပါသွား၏။ သူကိုယ်တိုင် ကိုယ်ကို ယိမ်း၍ သီချင်းကို လိုက်ညည်းနေသည်ကိုပင် သတိမထားမိ။ ရုတ်ချည်းပင် နေ၀င်နေသည်ကို သတိထားမိလာသည်။ ညနေခင်းသည် လှလို့နေ၏။ ကိုယ့်ရှေ့က ကားတန်းရှည်ကို မမှုတော့။ ပျက်နေသော ရေပိုက်နှင့် လုပ်စရာများသည် ဘ၀၏ သေးငယ်သော အစိတ်အပိုင်းမျှသာ။ အားလုံး မှေးမှိန်သွား၏။ ဒီသီချင်းကို အဆုံးမသတ်စေချင်။ ဒီဂီတကို အဆုံးမသတ်စေချင်။ ကုန်ခဲလှသော နေ့ကို ဆွဲဆန့်ချင်လာ၏။ ကားတန်းသည် ရှည်ချင်သလောက် ရှည်ပါစေတော့။ ယနေ့အဖို့ သူနေပျော်လေပြီ။
xxx
ခေါင်းထဲက တစစ်စစ်ကိုက်နေသည်ကို လျစ်လျူရှုလျက်ပင် အမေ ကြက်သွန်နီ ဆက်လှီးဖြစ်နေ၏။ ရုံးမှ ပြန်လာကတည်းက အ၀တ်အစား မလဲနိုင်သေးဘဲ အိတ်ချကာ မီးဖိုထဲသို့တန်းဝင်ခဲ့သည်။ ကလေးတို့ ကျောင်းကပြန်ရောက်လာလျှင် စားဖို့မုန့် ပြင်ပေးရမည်။ ပြီးလျှင် ညနေစာ အချိန်မီ စားနိုင်ရန် အတွက် ဟင်းချက်ရမည်။ သားကြီးနှစ်ယောက်က အသားဟင်း ကြိုက်ပြီး သမီးငယ်လေးကတော့ ဟင်းရွက်ကြော်ပါမှ ထမင်းကောင်းကောင်း စားသည်။ အနည်းဆုံးဟင်းနှစ်ခွက်လောက်တော့ ချက်ရမည်။ အချိန်ရလျှင်တော့ ဟင်းချိုတစ်ခွက်ပါ ထပ်ချက်ရမည်။ ကလေးတို့ အဖေက ဟင်းချိုကြိုက် တတ်သည်။ ဘာဟင်းချက်ချက် မငြူစူသော်လည်း ကိုယ်ကစားစေချင်တော့ ချက်ရမည်။
ခဏကြာတော့ ကလေးတို့ ကျောင်းက ပြန်ရောက်လာကြသည်။ ကလေးတွေကို ကျောင်းမှာ သွားကြိုစရာ မလိုသည်ကိုပင် ကျေးဇူးတင်ရပေမည်။ ကျောင်းကားက အချိန်မှန် အကြိုအပို့လုပ်ပေးသည်။ သမီးအငယ်လေးကိုသာ ကလေးတို့ အဖေက အလုပ်အပြန်မှာ ၀င်ကြိုပေလိမ့်မည်။ ကလေးတို့ကတော့ ဆူညံစွာကစားလျက် အမေပြင်ပေးသော မုန့်ကို အလုအယက်စားနေကြသည်။ ကလေးတို့၏ အသံကြောင့် အမေစိတ်ရှုပ်ထွေးလာသည်။
“တိုးတိုး ပြောကြစမ်းပါကွယ်။”
ကလေးတို့သည် အမေစိတ်ရှုပ်နေသည်ကို ရိပ်မိသည်နှင့် အသံတိတ်သွားကြသည်။ အမေကတော့ ကလေးတို့ကို ဆူမိသောကြောင့် စိတ်မကောင်းဖြစ်သွားပြန်သည်။ ကလေးများသည် သူတို့သဘာဝ အလျောက် ပြေးလွှားဆော့ကစား ချင်ကြပေလိမ့်မည်။ ငြင်းခုံလုယက် ချင်ကြပေလိမ့်မည်။ ခဏနေတော့လည်း ကလေးတို့သည် အမေဆူသည်ကို မေ့ကာ ဆူညံလာကြပြန်သည်။
ကြက်သွန်လှီးနေရင်းနှင့်ပင် အမေကတော့ လုပ်ရမည့် အလုပ်များကို စဉ်းစားနေတော့၏။ လကုန်ကာနီးပြီမို့ ဆန်နှင့်ဆီ ထပ်ဝယ်ရပေဦးမည်။ အိမ်လခ ပေးပြီးလျှင်တော့ နှစ်ယောက်လစာ၏ သုံးပုံတစ်ပုံလောက် ချောရော့မည်။ သမီးငယ်လေး အတွက် ဖိနပ်တစ်ရံလောက် ၀ယ်ပေးရမည်။ သူ့ဖိနပ်ကလေးက ဟောင်းလှပြီ။ သြော်…ပြီးတော့ ကလေးတွေ အစာပြေ စားဖို့ မုန့်ခြောက်လေးလည်း ကုန်လုပြီ။ ပြီးတော့ ကလေးတို့ အဖေအတွက် ရှပ်အင်္ကျီ တစ်ထည်။ ဒီလောက်ဆိုလျှင် စုငွေလေးနည်းနည်းတော့ ကျန်ကောင်းပါရဲ့။ ကလေးတို့က တခါတရံ အပြင်မှာ ကောင်းကောင်းစားချင်သော်လည်း အကုန်အကျ သက်သာစေရန်သာ အမေက အိမ်မှာ ကြိုးစား၍ ကောင်းကောင်းချက် ရသည်။ ကလေးတို့ အဖေကတော့ လွယ်လွယ်ပင် ခေါက်ဆွဲကြော်လေး၊ ထမင်းကြော်လေး ၀ယ်လာတတ်သည်။ ခက်သည်က လင်မယားနှစ်ယောက်လုံး လခတိုး၍ မရသည်သာ။ အဲဒီတော့လည်း အိမ်အသုံးစရိတ်ကို အမြဲပင် ချင့်ချိန်နေရသည်။ အဲ…ဒီကြားထဲမှာ လူမှုရေးကိစ္စ၊ သာရေးနာရေး ကိစ္စလေးများ ပေါ်လာလျှင်တော့ ဒီလ အတွက် စုငွေလေး ပြုတ်ရချေ၏။
“မေမေ…မေမေ….ဒီမှာ ကြည့်ပါဦး။”
သားတို့ နှစ်ယောက် မီးဖိုထဲသို့ ပြေးဝင်လာကြသည်။ လက်ထဲမှာ စိမ်းစိမ်းစိုစို အရွက်တွေကို ကိုင်ထားသေးသည်။
“သားတို့ ဘယ်က အရွက်တွေ ရလာတာလဲ။”
“မေမေဟင်းချက်ဖို့ ခူးလာတာ။ အိမ်ဘေး ခြံစည်းရိုးနားက။ အကုန်အကျ သက်သာအောင်လေ။”
သားတို့ ခူးလာသော အရွက်တွေကို ကြည့်တော့ အမေ့မှာ ရယ်ရမလို၊ ငိုရမလို။ ဘာရွက်တွေမှန်းတောင် အမေမသိပါ။ ခြံစည်းရိုးဘေးတွင်လည်း စားလို့ ရသော အပင်ရှိတယ်ရယ်လို့မှ အမေမမှတ်မိ။ ဒါပေမယ့် သားတို့၏ အလိုက်သိပုံကြောင့် အမေပြုံးချင်လာသည်။ ဒီအရွက်တွေက စားလို့မရဘူး သားတို့ရဲ့လို့ ပြောမည် ပြုပြီးမှ အမေစိတ်ပြောင်းသွားသည်။
“အတော်ပဲ ဒီနေ့တော့ ဟင်းရွက်ဖိုး သက်သာသွားပြီ။ ဒီကန်စွန်းရွက်တွေကို ဈေးသည်ကို သွားပြန်ပေးရမယ်။ င့ါသားတွေ အားကိုးရတယ်။”
ထမင်းပွဲရောက်တော့ သားတို့က အဖေ့ကို အလုအယက် ပြောကြသည်။ ဒါသားတို့ ခူးပေးထားတဲ့ အရွက်တွေတဲ့။ ကန်စွန်းရွက်လိုပဲ နော်တဲ့။ အဖေနဲ့ အမေ တစ်ယောက်ကို တစ်ယောက်ကြည့်၍ တိတ်တိတ်လေး ပြုံးကြသည်။ ညနေက ပူပန်ကြောင့်ကြမှုများမှာ ဒီလိုဆိုတော့လည်း သေးငယ် မှေးမှိန်သွားသလို။ ဘ၀၏ သေးငယ်သော အစိတ်အပိုင်းများ အနေဖြင့် ကွဲကြေပျောက်ကွယ် သွားတော့ မှာလို။ ဘ၀မှာ စီးပွားရေး ကိစ္စ၊ လူမှုရေး ကိစ္စများထက် ကြီးကျယ် ခမ်းနားသော အရာတွေရှိတယ်ဆိုတာကို အမှတ်ရရ ရှိလာသည်။ ကန်စွန်းရွက်ကြော်ကို လုယက်ပြီး စားနေကြသော ကလေးတွေကို ကြည့်၍သာ အမေ ကျေနပ်နေတော့သည်။
xxx
“လေယာဉ် ခရီးစဉ်နံပတ် xxx အတွက် ခရီးသည်များ နားဆင်ကြပါ။ ရာသီဥတုဆိုးရွားပြီး မုန်တိုင်းပြင်းထန် နေတဲ့အတွက် လေယာဉ်ဟာ သတ်မှတ်ချိန်ထက် နှစ်နာရီ သို့မဟုတ် နှစ်နာရီထက်ပိုပြီး နောက်ကျနိုင်ပါတယ်။ ခရီးသည်များအတွက် အန္တရာယ်ကင်းရေးဟာ ကျွန်တော်တို့ လေကြောင်းလိုင်း အတွက် အလွန် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ခရီးလမ်းပန်း စိတ်မချရ မချင်း ကျွန်တော်တို့ လေယာဉ်မထွက်နိုင် သေးပါဘူး ခင်ဗျာ။ ရာသီဥတု အခြေအနေအကြောင်း ခရီးသည်များအား ကျွန်တော်တို့ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။”
အပြင်ကိုကြည့်လိုက်တော့ ပိန်းပိတ်လို့မှောင် နေသည်။ လျှပ်စီးတချက် အလက်မှာ တရှိန်ထိုး ပြင်းပြင်းထန်ထန် ကျလာသော မိုးစက်တို့ကို ဖြတ်ကနဲတွေ့လိုက်ရသည်။ ဦးတည်ရာနေရာ မရှိဘဲ၊ အလျင်စလို ရောက်စရာ မရှိဘဲသာ ဆိုလျှင် တဖျောက်ဖျောက် ကျဆင်းနေသော မိုးပေါက်တို့ကို သူစိတ်ကူးယဉ် ရင်ခုန် ခံစားမိမည်လား မသိ။ ဒီလို ခံစားချက်တို့ကို မေ့ထားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ခဲ့ပြီပေါ့။ ယခုတော့ အသက်သုံးဆယ်ကျော် လေးဆယ်ဆီသို့ ဦးတည်နေသော၊ ဥစ္စာရှာနေရသော အချိန်တွင် စိတ်ကူးဆိုသည်မှာလည်း ရှားပါးကုန်စည် တစ်ခုဖြစ်ခဲ့ပြီ။ ဒီလိုဆိုလျှင်တော့ ဒီနေ့ဒီမှာပင် ညအိပ်ရတော့မည် ထင်၏။ ဖုန်းခေါ်စရာရှိသည့် လူအချို့ကို ဖုန်းခေါ်၊ အကျိုးအကြောင်းပြော၍ မနက်ဖြန်နောက်ကျမည့် အကြောင်း အသိပေးရုံသာ။ ရာသီဥတုကြောင့် နောက်ကျရသည် ဖြစ်၍ မည်သူမှ အပြစ်ဆို၍ မရဘူး မဟုတ်လား။
ဒီနေ့တနေ့လုံး ပြန်တွေးကြည့်တော့ စိတ်မောစရာ။ မနက်ငါးနာရီလောက်ကပင် အိပ်ယာမှထ၍ လေယာဉ်ကွင်းသို့ အရောက်ထွက်ခဲ့ရသည်။ လေယာဉ်ကွင်းကို သွားသော ရထားမှီရုံလေးပင်။ ရထားပေါ်ရောက်တော့ ခဏငိုက်လိုက်သည်။ အိပ်ရေးမ၀သော်လည်း နည်းနည်းတော့ လန်းဆန်းလာသည်။ မိနစ်သုံးဆယ်လောက်စီးရသော ရထားဖြစ်၍ ငိုက်ချိန်အပြည့်အ၀ ရလိုက်သည်ဟု ဆိုရမည်။
ပထမလေယာဉ်က မနက်ခြောက်နာရီ လေးဆယ့်ငါးလောက်မှာ ထွက်၏။ လေယာဉ်ကွင်းရောက်တော့ တန်းစီနေသော လူတန်းက ထင်သည်ထက်ပို၍ ရှည်နေပြန်သည်။ လေယာဉ်ချိန်မမှီမှာကို စိုးရိမ်ရပြန်သည်။ တထိတ်ထိတ်နှင့် လူတန်းကြီးရွေ့နေသည်ကို ကြည့်ရင်း လေယာဉ်ထွက်ရန် ဆယ့်နှစ်မိနစ် အလိုတွင် သူ့အလှည့်ရောက်ခဲ့သည်။ လုံခြုံရေး ၀န်ထမ်းက သူ့နိုင်ငံကူး လက်မှတ်ကို ဖင်ပြန်ခေါင်းပြန် လှန်ကြည့်နေ၍ ရင်ထိတ်နေရသေး၏။ သူ့အတွက်တော့ သိပ်မထူးဆန်းတော့။ သူ့ရဲ့ ဇာတိနိုင်ငံကို ဒီနိုင်ငံကလူတွေ မကြားဖူးတာနှင့်ပင် မေးခွန်းများလည်း အမေးခံရဖူး၏။ အစစ်အဆေးလည်း ခံရဖူး၏။ ပထမဆုံး အတွေ့အကြုံအရတော့ ကြောက်လန့်မိသော်လည်း အခုတော့ ပြန်လည်၍ ချက်ကျလက်ကျ ပြောဆိုငြင်းခုံနိုင်ပြီမို့ သူစိတ်မပူမိ။ လေယာဉ်ချိန်နှင့်နီး၍ အချိန်လင့်မည် စိုးသောကြောင့်သာ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ နောက်ဆုံးတော့ ဘာမှ အထူးအထွေမပြောဘဲ ပြန်ပေးလိုက်တော့မှသာ သက်ပြင်းချနိုင်ပေတော့၏။ ပထမလေယာဉ် တံခါးမပိတ်ခင် မိနစ်ပိုင်းလေး အလိုမှာပင် သူလေယာဉ်ပေါ်ရောက်ခဲ့သည်။ အပြေးအလွှားနှင့် ရောက်ခဲ့ရ၍ အသက်တောင် ၀၀မရှူနိုင်ခဲ့။ ခုံနေရာကို ရုတ်တရက် ရှာလို့မတွေ့သည်မို့ စိတ်ရှုပ်ရသေးသည်။
ပထမလေယာဉ်ဆိုက်တော့ လေယာဉ်ကွင်းမှာ လူတွေက ပျားပန်းခပ်မျှ စည်ကားလှသည်။ တွန်းထိုးတိုက် လျက်နှင့်ပင် လေယာဉ်အပြင်ဖက်သို့ ရောက်လာခဲ့သည်။ ဒုတိယလေယာဉ်က နောက်ထပ် သုံးနာရီမျှ လိုသေးသည်မို့ ကော်ဖီတစ်ခွက်နှင့် မုန့်တစ်ခုတော့ ၀ယ်စားဖြစ်ခဲ့သည်။ ကြီးမားသော လေယာဉ်ကွင်းထဲမှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နှင့်ပင် ဒုတိယလေယာဉ်ထွက်ချိန် နားနီးခဲ့သည်။ လေယာဉ်ထွက်ချိန် နားကပ်တော့မှပင် ကောင်းကင်က မှောင်မဲလာသည်။ ရုတ်တရက် မိုးပေါက်တွေကျလာကာ လေပြင်းထန်လာခဲ့သည်။ သို့နှင့်ပင် ဒီလေယာဉ်ကွင်းမှာ သောင်တင်တော့မည်ဟု စိတ်နှလုံး ဒုံးဒုံးချလိုက်၏။ တနေ့လုံး အိတ်တစ်လုံးဆွဲ၍ လျှောက်သွားနေခဲ့သည်မှာ အခုမှပင် စိတ်အေးလက်အေး ထိုင်နိုင်တော့၏။ ဒီတော့မှပင် အိတ်ထဲမှာ ထည့်လာသော စာအုပ်ကို သတိရသည်။ ဆရာမ နုနုရည် (အင်းဝ)၏ နှစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်သော မိန်းမတစ်ယောက် အကြောင်း။
စာအုပ်အစမှာပင် အသက်မရှိဘဲ မွေးလာသည်ဟု ထင်ရသော ကလေးလေးတစ်ယောက် အကြောင်းက သူ့ကို ဆွဲခေါ်သွားလေ၏။ ကလေးတစ်ယောက်၏ အသက်ရှင်ခွင့်။ လောကကြီးထဲတွင် နေထိုင်ခွင့်။ ကလေးနှင့် အဖိုးအဖွားတို့ကြားက သံယောဇဉ်။ အင်းဝ စစ်ကိုင်း၏ နောက်ခံရေမြေ။ လူနေမှု နေ့စဉ်ဘ၀။ ထိုမှစ၍ မြို့ပြတွင် ပျော်ရွှင်တက်ကြွခဲ့သော ကျောင်းသူ တစ်ယောက်၊ ရုန်းကန်ခဲ့သော အမျိုးသမီးငယ် တစ်ယောက်အကြောင်း။ တစ်မျက်နှာပြီး တစ်မျက်နှာလှန်သွားလျက်က မစဉ်းစားမိတာ ကြာပြီဖြစ်သော ကိုယ့်ငယ်ဘ၀တို့ စိတ်ထဲတွင် ပေါ်လာ၏။
ငယ်ငယ်က ကိုယ်နှင့်ဖုန်လူး၊ ရွှံ့လူး ဆော့ခဲ့ကြသော ကိုယ့်သူငယ်ချင်းလေးများကို သတိရမိ၏။ ကိုယ့်ကို အမြဲပုံပြောပြသော အဖွားကို သတိရမိ၏။ ဇွန်လကျောင်းဆင်းချိန်ဆိုလျှင် ကျောင်းရှေ့မှာ ရေလျှံသဖြင့် ညှပ်ဖိနပ်လေးများ ရေမျောတတ်သော အဖြစ်ကို ဘာမဆိုင်ညာမဆိုင် သတိရမိသည်။ ကျောင်းပြေးကာ ရခိုင်မုန့်တီနှင့် ဘူးသီးကြော်သုပ်ကို မဆန့်မပြဲ စားမိ၍ ၀မ်းလျှောရသော အဖြစ်ကို တွေးမိ၏။ သူငယ်ချင်းတွေနှင့် ကြယ်စုံသော တစ်ညမှာ မီးပုံပျံလွှတ်ရသော အချိန်ကို ပြန်သတိရလျှင် ပျော်စရာပင်။ ငယ်ဘ၀ကို ပြန်မရနိုင်တော့ပြီ ဆိုသော်လည်း မှတ်ဥာဏ်ထဲမှာ စွဲနေသော ပုံရိပ်များကတော့ ဘယ်တော့မှ ပျောက်ပျက်တော့မည် မဟုတ်။ ဒီလိုဆိုတော့ ဆရာမနုနုရည်လိုပင် ကိုယ့်ဘ၀အကြောင်း ကိုယ်ရေးတော့မည်ဟု စိတ်ပိုင်းဖြတ်မိသည်။ နောက်ကျသော လေယာဉ်ကိုထားခဲ့၍ ကိုယ်အရှေ့သို့ ပျံသန်းခဲ့သည်။ လေယာဉ်ကွင်းသည် နောက်မှာ တဖြည်းဖြည်းနှင့် ဝေး၍ ကျန်ခဲ့တော့သည်။
xxx
ဘ၀ဆိုတာလဲ တကယ်တော့ တစ်ခုလုံးကို ဖြတ်သန်းရတာ စိတ်မောစရာကောင်းလှပါတယ်။ တခြားနေရာတစ်ခုကို ခေါ်ဆောင်သွားတဲ့ တေးသွားတစ်ပိုဒ်ကို ကြားလိုက်ရတဲ့ အခါ၊ စိတ်ခံစားမှုတစ်ခုကို နင့်နင့်နဲနဲ ဖြစ်ပေါ်စေတဲ့ ရုပ်ရှင်ပြကွက်တစ်ခုကို မြင်လိုက်ရတဲ့ အခါ၊ လက်ရှိဘ၀ကို ခဏဖြစ်ဖြစ် မေ့သွားစေတဲ့ စာတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ အခါ၊ ချက်ချင်းကြီး ထလုပ်ချင်တဲ့ စိတ်ကို ချိုးနှိမ်လို့ မရလောက်အောင် ဖန်တီးချင်စိတ် ဖြစ်ပေါ်လာတဲ့ အခါ၊ အချစ်စိတ်တစ်ခု လှိုင်းတွေလို ရိုက်ခတ်သွားတဲ့ အခါ၊ ကိုယ်ဘယ်ရောက်နေတယ် ဆိုတာကို မေ့သွားစေတဲ့ အတွေးတစ်ခုရဲ့နောက်ကို မငြင်းဆန်ဘဲ ကောက်ကောက်ပါအောင် လိုက်သွားတဲ့ အခါ၊…..တဒင်္ဂတွေ….တဒင်္ဂတွေ…အများကြီးပဲ။ ပြန့်ကျဲလို့ နေတယ်။ သစ်တောကို မမြင်ချင်လောက်အောင် သစ်ပင်အောက်မှာပဲ ထိုင်နေမိတော့တယ်။
ပုံရိပ်
--
No comments:
Post a Comment