ညသည် နက်သထက် နက်လာလေသည်။ ဝါကျင်ကျင် မီးရောင်ပြပြသာ ရှိသော အိပ်ခန်းကျယ်
တစ်ခုအတွင်းမှ နှစ်ယောက်အိပ် ကုတင်တစ်ခုပေါ်တွင် ခင်မိုး ရောက်ရှိနေသည်။
မနီးမဝေးတွင် ခင်မိုး နားမလည်သော ဘာသာ စကားတစ်ချို့ အသံ သဲ့သဲ့မျှ
ကြားနေရသည်။ မကြာခင်သော အချိန်ကာလ တစ်ခုတွင် ခင်မိုး၏ ဘဝတစ်ခု ကြေမွ
ပျက်စီးခြင်းသို့ ရောက်ရှိပေလိမ့်မည်။ ဇာတ်တူသား စားသော ဇာတ်ပျက်သမား
များကြောင့် ခင်မိုးတို့လို ပိုးဖလံတွေ အကြွေပန်းဘဝ၊ အနှင်းခံ ပန်းဘဝ
ရောက်ကြရတော့မည်။
အစားစားဖို့ အသက်ရှင်နေတာ မဟုတ်။ အသက်ရှင်ဖို့ ထမင်းစားရင်း မနက်ဖြန် ဆိုသော မျှော်လင့်ချက်တွေကို ပိုက်ရင်း ခင်မိုးတို့ အသက်ရှင်ဖို့ ကြိုးစား နေရဦးမည်ပင်။ အမေနှင့်အဖေ၊ မောင်လေး၊ညီမလေးတို့၏ မျက်နှာလေးတွေ မြင်ယောင်ရင်း အံကိုကြိတ်လျှက်မှ ကျဆင်းလာတဲ့ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်း လက်ခုံဖြင့် သုတ်လိုက်သည်။ နှုတ်ခမ်းပြတ် လုမတတ် ကိုက်ခဲထားတဲ့ ဒဏ်ကြောင့် ရရှိ လာတဲ့ ငန်ကျိကျိ သွေးအရသာကို နာကျင်စွာပဲ မြိုချလိုက်သည်။
တရွေ့ရွေ့ ချင်းကပ်လာတဲ့ အသားစား မုဆိုးရဲ့လက်မှာ မကြာခင်ပဲ ခင်မိုး၏ အသွေးသားကို ထိုးကြွေး လိုက်ရုံမှတပါး တခြား နည်းလမ်း မရှိတော့ပြီမို့ မျက်စိစုံမှိတ် လည်စင်းပေးရတဲ့ သားကောင်တစ်ယောက်ရဲ့ ခံစားချက်မျိုးဖြင့် ဝမ်းနည်းနာကျင် ရသည်။ ဒီလို ခံစားမှုကို ပုံဖော်ပြဖို့ရာ အလွန်ပင် ခဲယဉ်းနေပေလိမ့်မည်မှာ ဧကန်ပင်။ အမှောင်ထုကြီးစိုးတဲ့ ညသည် သိပ်သည်းသည်ထက် သိပ်သည်းလာကာ ညဉ့်နက်ခြင်းကိုတော့ ရမ္မက်ပြင်းတဲ့ အသက်ရှုသံ ပြင်းပြင်းနှင့် ရှိုက်သံ တစ်ချို့ကသာ မှောင်မိုက်ခြင်းနှင့် အတူ မင်းမူလို့ နေလေတော့သည်။
++++++++++
“ဒေါ်ရင်မေ ကျွန်မ ဟိုနေ့က ပြောထားတာ ဘယ်လိုသဘောရလဲ စဉ်းစားပြီးသွားပြီလား…”
အိမ်နီးချင်း တစ်ဦးဖြစ်တဲ့ ဒေါ်သိန်းမေရဲ့ အမေးစကားကြောင့် ကွမ်းယာ ယာနေသော ခင်မိုးတစ်ယောက် အမေ့မျက်နှာကို မရဲတရဲ အကဲခတ် ကြည့်လိုက်သည်။ အမေက မသိကျိုးကျွံပြုကာ သူမရှေ့မှာ ရှိနေသော ကုန်စိမ်းဗန်းထဲမှ ကုန်စိမ်းတွေကို နေရာချ နေသည်။ အမေ့ ရင်ထဲ ခင်မိုး ဝင်မကြည့်ပေမယ့်လည်း မြင်နေရ သလိုပင်။ နှုတ်ဆိတ်နေတဲ့ အမေ့ကို နားလည်စွာပဲ သက်ပြင်းသဲ့သဲ့ ချမိသည်။ လက်ထဲမှ ကွမ်းယာကို အလျှင်အမြန်ပင် ထုတ်လိုက်ပြီး ဒေါ်သိန်းမေ ဆီသို့ ကမ်းပေးလိုက်သည်။
“အဒေါ် ဒီမှာ နိုင်တီးတူးနဲ့ တစ်ရာဖိုး။ ဟိုနေ့က ငါးဆယ်ဖိုး ဝယ်ထားတာလည်း ကျန်သေးတယ်နော် အဒေါ်”
“အေးပါ ရော့.. အဲ့ဒီအကြွေးပါ ပေါင်းယူလိုက်အေ။ ငါးဆယ်လဲ ပြန်အမ်းမနေနဲ့။ ငါနောက်မှ ကလေးတွေကို ကွမ်းယာ လာယူခိုင်းလိုက်မယ်”
“ဟုတ်ကဲ့..အဒေါ်”
ဒေါ်သိန်းမေ ပေးသော နှစ်ရာတန်ကို ပိုက်ဆံထည့်သော အိုးလေးထဲသို့ ထည့်လိုက်ပြီး အမေ့ထံသို့ လှမ်းကြည့်မိတော့ အမေက ခင်မိုးကို စိုက်ကြည့်နေသည်။ အမေနဲ့ ခင်မိုး အကြည့်ချင်းဆုံလျှက်မှ အမေက စတင်ပြီး အကြည့်လွဲကာ အနီးမှာရှိသော ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ အမေ၏ အကြည့်များက စောစောကမှ ဘူတာမှ ဈေးကြိုခဲ့သော ကုန်စိမ်းများကို တလှည့် ခင်မိုးနဲ့ ကွမ်းယာဆိုင်လေးကို တလှည့် ကြည့်နေသည်။
“ကျွန်မတော့ ခင်မိုးကို ဒီလောက် အဝေးကြီးကို မလွတ်ရက်ဘူး ဒေါ်သိန်းမေရယ်.. သူ့ကို မျက်စိအောက်မှာပဲ ထားချင်တယ်။ သူ့အဖေသိရင်လည်း ခွင့်ပြုမယ် မထင်ပါဘူးရှင်.. ပြီးတော့ သူ့အဖေကလည်း ရောဂါသည်ဆိုတော့ စိတ်ထိခိုက် သွားမှာမျိုး ကျွန်မ မဖြစ်စေချင်ဘူး”
“အိုအေ…. ရှင်ကလည်း ..အတွေး ခေါင်ရန်ကော.... ဒီမှာ ရှင့်သမီးက နုနုငယ်ငယ်လေး။ ပညာကလည်း တပိုင်းတစ ဆိုပေမယ့် တက္ကသိုလ် ကျောင်းသူ တစ်ယောက်ပါအေ။ ကျောင်းဆက် မတက်နိုင်တာထားဦး အခုလို လမ်းဘေးမှာ ကွမ်းယာရောင်း ကုန်စိမ်းရောင်းတာ ထက်တော့ ပိုကောင်း ပါတယ်အေ။ ညည်းတို့လည်း ပိုအဆင်ပြေတာပေါ့။ အခုဆို သူများတွေ သွားလာနေကြတာ ရပ်ကွက်ထဲမှာ ရှင်လည်းမြင်တာပဲ။ ဘာမဟုတ်တဲ့ ထိုင်းနယ်စပ်မှာ စက်ရုံအလုပ်ဝင် လုပ်နေကြသူတွေတောင် အိမ်ကို ပြန်ကြည့်နိုင်ကြတယ်။ ခုက မလေးရှားဆိုတော့ ပိုပြိး အဆင်ပြေတာပေါ့ သူများတွေလည်း ဥဒဟို သွားလာနေကြတာ အဆင်ကိုပြေလို့၊ ပြီးတော့ ငွေလည်း အကြေချေဖို့ မလိုဘူး တစ်ဝက်ပဲသွင်း ရမယ်။ ဟိုရောက်မှ ကျန်တဲ့ တဝက်ကို ပြန်ဆပ်ရမှာ.. ဒီလောက်တော့ အဆင်ပြေမှာပါအေ.. ကျုပ်က ရှင့်တို့တွေ အတွက် ပြောနေတာပါနော်”
“ကျွန်မ နားလည်ပါတယ် ဒေါ်သိန်းမေရယ် ဒါပေမယ့် ဝေးလွန်းပါတယ်။ သူ့ကိုလဲ ဒီလိုအလုပ်တွေ မခိုင်းချင်ပါဘူး၊ အလုပ်ကလည်း ရှာလို့ မလွယ်တာတစ်မျိုး၊ အိမ်မှာကလည်း လူမမာ တစ်ဖက်နဲ့မို့သာ သူ့ကို ခိုင်းရတာပါ”
“အေးလေ အချိန်ရှိသေးတာပဲ သားအမိတွေ တိုင်ပင်ကြည့်ပေါ့အေ။ ကျုပ်က ဒီလောက်ပဲ တတ်နိုင်တယ်။ ကျန်တာတော့ ကျုပ်လည်း မသိဘူး၊ အကြောင်းပြန်ရင်တော့ စောစောလေး ပြန်နော် တော်ကြာ လူပြည့်သွားတာမျိုးလည်း ဖြစ်နေဦးမယ်၊ ကဲ…. ကျုပ်ပြန်လိုက်ဦးမယ်”
“ဟုတ်ကဲ့ …..”
ဒေါ်သိန်းမေ ထွက်သွားရာဖက်သို့ ဦးတည်ချက်မဲ့စွာ အမေငေးကြည့်နေသည်။ အမေဘာတွေ တွေးနေမလဲ ဆိုတာ ခင်မိုး မသိပဲ နေပါ့မလား။ အမေ့ရင်ထဲမှာ ခင်မိုးအတွက် ဝေခွဲရ ခက်ခြင်းတွေနဲ့ ပဋိပက္ခ ဖြစ်နေတော့မှာ အသေအချာပင်။ ဈေးဝယ်လည်း ပါးနေချိန်မို့ ခင်မိုး အမေထိုင်နေရာ ခုံတန်းဆီသို့ ကူးပြောင်းလိုက်ရင်း အမေလို့ ခပ်တိုးတိုး ခေါ်လိုက်တော့ အတွေးတွေ ဝေနေတဲ့ အမေက ခင်မိုးကို ကြည့်ကာ
“ခင်မိုး အမေတို့ အဆင်မပြေတာတော့ ဟုတ်ပါတယ် ဒါပေမယ့် သမီးကို ဒီလောက်အဝေးကြီး မလွတ်ချင်ဘူး၊ ပြီးတော့ တစ်ဖက်က ပြန်တွေးကြည့်မယ်ဆို ဒီလို အလုပ်တွေနဲ့လည်း သမိးဘဝကို မပြီးဆုံး သွားစေချင်ဘူး”
ဟု ဝေ့ဝဲလာသော မျက်ရည်များကို ပုတ်ခတ်သိမ်းဆည်းရင်း တုန်ရီနေသော အသံဖြင့် ဆိုလေသည်။ ခင်မိုး အမေ့ရဲ့ လက်လေးကို ဆုပ်ကိုင် ထွေးတော့ ကွမ်းယာထုံးတွေကြောင့် ကြမ်းရှရှ ဖြစ်နေတဲ့ ခင်မိုးလက်ကို အမေက အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေပြန်သည်။
“သမီးကကော ဘယ်လို သဘောရလဲ”
“သမီးက ဒီဘဝမှာ ဆုံးသွားမယ်ဆိုလည်း ဘာမှမဖြစ်ပါဘူးအမေ။ သမီးစဉ်းစားတာက သွားဖြစ်ခဲ့မယ် ဆိုရင်လည်း တစ်ဖက်က တွေးကြည့်တော့ ကောင်းတယ်။ ဒေါ်သိန်းမေ ပြောသလိုပေါ့ အိမ်စီးပွားရေး ပြေလည်လာမယ်။ မောင်လေးနဲ့ ညီမလေးကို ပညာရေး ဆုံးခန်းတိုင်အောင် ထားပေးနိုင်မယ်ပေါ့။ သမီးလို ပညာတစ်ပိုင်းတစ်စ မဖြစ်စေချင်ဘူးလေ။ ပြီးတော့ အဖေ ကျန်းမာရေးကလည်း သိတဲ့အတိုင်းဆိုတော့ ။ တစ်ကယ်လို့ သမီးသွားဖြစ်ခဲ့မယ် ဆိုရင်လည်း အမေက အရွယ်မရောက်သေးတဲ့ မောင်လေးနဲ့ ညီမလေးအတွက်လည်း ပူပင်ရမယ်။ နေမကောင်းဖြစ်နေတဲ့ အဖေကိုလည်း စောင့်ရှောက်ရဦးမယ်။ ပြီးတော့ စားဝတ်နေရေး အတွက်လည်း အမေတစ်ယောက်ထဲ ရုန်းကန်ရဦးမယ်။ အဲ့ဒါလေးတွေ ဟိုတွေး ဒီတွေး မိတော့လည်း မသွားဖြစ်ရင်လည်း ကောင်းတာပဲလို့ သမိးတော့ ထင်တာပဲ အမေ။ အမေ့နားမှာ ဆိုတော့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖော်ရတာပဲလို့… ”
“အင်း အမေလည်း အဲ့လိုပဲ တွေးမိတာပဲ သမီးရယ်..”
အမေနှင့် ခင်မိုး နှစ်ယောက်စလုံး စကားသံတိတ်ကာ ကိုယ်စီအတွေးများဖြင့် သက်ပြင်းသဲ့သဲ့ ချမိလိုက်သည်။ အဖေ ကျန်းမာစဉ်ကတော့ ပညာရေး အားပေးတဲ့ အဖေနှင့် အမေကြောင့် ခင်မိုး ကျောင်းပညာရေးကို အပူပင်ကင်းစွာ တက်ခဲ့ရပေမယ့် အဖေကျန်းမာရေးကြောင့် အိပ်ယာထဲ လဲနေချိန်မှာတော့ ခင်မိုးကျောင်း ဆက်တက်ဖို့ဆိုတာ အခက်အခဲ ဖြစ်လို့ လာရသည်။ အတန်းတူ သူငယ်ချင်းတွေ ကျောင်းပြီးနေပြီ ဆိုပေမယ့် အသက် ၂၂ ထဲဝင်နေပြီ ဖြစ်တဲ့ ခင်မိုးကတော့ ပထမနှစ်နဲ့တင် ကျောင်းနား လိုက်ရသူပင်။
ခင်မိုးတို့ ရပ်ကွက်လေးက ဈေးနှင့် အတော်အတန်လေး လှမ်းတာမို့ အိမ်ရှေ့တွင်ပင် ဟင်းသီးဟင်းရွက် စုံစုံလင်လင် တင်ထားတဲ့အခါ ညနေဘက်ဆို အလုပ်သွား အလုပ်ပြန်တွေကြောင့် အတော်လေး ရောင်းရသည်။ ကွမ်းယာဆိုင်လေးပါ တွဲဖွင့်ကာ ခင်မိုးက ကွမ်းယာရောင်း သလို တဖက်ကလည်း ကုန်စိမ်းလေး ရောင်း။ ဈေးဝယ် ဈေးကြိုကိုတော့ အမေနှင့် ခင်မိုး တစ်လှည့်စီ အဆင်ပြေသလို ကြိုကြရသည်။ အိမ်မှာ အရွယ်မရောက်သေးတဲ့ ညီမလေးနဲ့ မောင်လေး ကလည်း ကျောင်းတက်နေဆဲ။ မနှစ်ကမှ လေဖြတ်ပြီး ကိုယ်တခြမ်းသေပြီး စကားကောင်းစွာ မပြောနိုင်သော အဖေကလည်း ရှိသေးသည်။ မိသားစု အခြေနေတွေက ခင်မိုးကို အတွေးများဖြင့် ချာချာလည်စေတတ်ခဲ့တာ အဖေ ကျန်းမာရေး ချို့တဲ့ ကတည်းကလို့ပင် ဆိုရမည်ပင်။
အိပ်ယာထက်မှာ လဲနေသော အဖေနားသို့ တိုးပြီး ခင်မိုး ထိုင်လိုက်သည်။ အမေကတော့ ခင်မိုးတို့ သားအဖနှင့် မလှမ်းမကမ်းမှာ မနက်ဖြန်အတွက် ကွမ်းသီးစိပ်တွေကို ကွမ်းညှပ်ဖြင့် စိပ်လို့နေသည်။ အမေ နားစွင့်နေမယ် ဆိုတာတော့ အသေအချာပင်။ အဖေရဲ့ မလှုပ်ရှားနိုင်တော့တဲ့ အေးစက်နေတဲ့ လက်ကို ခင်မိုး အသာဆုပ်ကိုင် ထွေးပိုက်ရင်း
“အဖေ… ခင်မိုး အဖေကိုပြောစရာရှိလို့ … ခင်မိုးပြောတာ သေချာ ဂရုစိုက် နားထောင်နော်”
လို့ ဆိုတော့ အဖေက မျက်တောင်များ ပုတ်ခတ်၍ ပြောဆိုသည့် သဘော။ အဖေကို ကြည့်ရင်း ဆို့နင့်လာတဲ့ ရင်တစ်စုံကြောင့် လည်ချောင်းကို ရှင်းကာ အားတင်းလျှက်
“အဖေ သမီး မလေးရှားမှာ အလုပ်သွားလုပ်မလို့ အဲ့ဒီအကြောင်း အဖေကို ပြောပြမလို့၊ အမေနဲ့လည်း တိုင်ပင်ပြီးပြီ”
ဟု အားတင်းကာဆိုလိုက်သည်။ ခင်မိုး စကားအဆုံးမှာတော့ စကားမပြောနိုင်သော အဖေသည် မပီမသ အသံ ဝူးဝါးတို့ဖြင့် စတင် အော်ဟစ်လေတော့သည်။ လှုပ်ရှားမရသော အဖေ့ရဲ့ လက်မှ လက်ချောင်းလေးများက လှုပ်ရုံမျှသာ။ အဖေက ခင်မိုးကို မသွားစေချင်သည့် သဘော။ ခင်မိုး အဖေ့ကိုကြည့်ကာ မျက်ရည်များ ကျဆင်းလာတော့သည်။ အမေ့၏ ရှိုက်သံ သဲ့သဲ့ကလည်း ခင်မိုးရဲ့ နားဆီသို့ ရိုက်ခတ်လာသည်။ ဝူးဝူးဝါးဝါး မပီကလာ ပီကလာ အသံများနှင့် အတူ အဖေ၏ မျက်လုံးထောင့်မှလည်း မျက်ရည်တို့ ကျဆင်းနေလေသည်။ အဖေ၏ လက်ဖဝါးကို တင်းတင်းဆုပ်ထွေးကာ ရင်သို့ ကပ်မိရင်း
“ သမီးသွားချင် လွန်းလို့ မဟုတ်ပါဘူး အဖေရယ် သမီးတို့ မိသားစု ဘဝလေး အခုထက် အဆင်ပြေမလားလို့ပါ။ မောင်လေးနဲ့ ညီမလေးကိုလည်း အပူအပင်မရှိ ကျောင်း ဆက်တက်စေချင်လို့ပါ။ အဖေ့ကိုလည်း ဒီထက်ကောင်းတဲ့ ထိရောက်တဲ့ ဆေးဝါးတွေနဲ့ ကုသချင်သေးတယ် အဖေ”
ဟု ဝမ်းနည်းစွာ ခင်မိုး ဆိုမိသည်။ ထိုခဏ အိမ်တစ်အိမ်လုံး ခင်မိုးတို့ သားအဖသုံးယောက်၏ ရှိုက်သံများဖြင့် ဖုံးလွမ်းသွားရသည်။ မောင်လေးနှင့် ညီမလေးကတော့ အပူပင်ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ယာထက်မှာ အိပ်မောကျနေလျှက် ရှိနေသည်။ ညသည်လည်း နက်သည်ထက် နက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ဖြင်းဖြင့်သာ ကြီးစိုးနေလေတော့သည်။
တငြိမ့်ငြိမ့်နဲ့ ညင်ညင်သာသာပဲ မြေထုရဲ့ စွဲငင်အားကို ဆန့်ကျင်ပြီး အမြင့်သို့ တက်နေသော လေယာဉ်ကြီး ပေါ်မှာတော့ ခင်မိုး တစ်ယောက် အတွေးတွေ ဝေနေမိသည်။ ငယ်ငယ်က အဖေနဲ့ အမေကြားမှာ ထိုင်ရင်း ရဟတ်စီးခဲ့ရတဲ့ အချိန်လေးတွေကို သတိရမိတော့ မျက်ရည်က ဝိုင်းချင်လာသည်။ အရွယ်မရောက်သေးတဲ့ မောင်လေးနှင့် ညီမလေးက အလုအယှက် သူတို့ နားလည်သလို မှာနေတာလေးတွေ ကြားယောင် မိတော့ ဝမ်းနည်းစိတ်က ပိုလာရသည်။
“မမကြီးက ဟိုးအဝေးကြိးကို လေယာဉ်ကြီးသွားမှာ ဆိုတော့ ညီမလေးတို့ဖို့ မုန့်တွေ အများကြီး ဝယ်ခဲ့နော်။ အရုပ်လှလှ လေးတွေလည်း ဝယ်ပေးနော်”
“သားတို့ သတိရလို့ ရှိရင်လည်း ဟိုးအပေါ်မှာ လေယာဉ်ကြီးတွေ တွေ့တိုင်း မမကြီးကို ပြောပေးပါလို့ မှာလိုက်မယ်နော် မမကြီး”
“ညီမလေးတို့ အတွက် ပိုက်ဆံတွေ အများကြီး ရှာခဲ့နော်မမ။ ပြီးတော့ မြန်မြန်လည်း ပြန်လာခဲ့နော်။ ညီမလေးရော မောင်လေးရော စာတွေ ကြိုးစားမယ်နော် မမကြီး။ အကြာကြီး မနေနဲ့နော်.. မြန်မြန်ပြန်လာခဲ့နော် အမေကိုလည်း ကူညီပါ့မယ်. လိမ်လိမ်မာမာလည်း နေပါ့မယ် … စိတ်မပူနဲ့နော်”
ကြားဖူးနားဝ ရှိတဲ့ စကားလေးတွေနဲ့ ကတိတွေ အထပ်ထပ်ပေးနေတဲ့ သူတို့လေးတွေရဲ့ အသံတွေကို ကြားယောင် နေမိပြန်သည်။ ဘယ်လောက်ပဲ စိတ်ခိုင်အောင် ထိန်းထားတယ် ဆိုပေမယ့် အမေ၏ တုန်ရီနေတဲ့ အသံနှင့် မျက်ရည်စတွေဟာ သမီးအတွက် စိုးရိမ်သောက ဘယ်လောက် ဖြစ်နေမယ် ဆိုတာ ခင်မိုး သိပါတယ် အမေရယ်။
“ကျန်းမာရေး ဂရုစိုက်… ဘယ်လောက် အလုပ်များများ ထမင်းလေးတော့ ပုံမှန်စားနော် ခင်မိုး။ ဘုရား၊ တရားနဲ့ ရတနာသုံးပါးကို မမေ့နဲ့။ အမေတို့ အတွက် စိတ်မပူနဲ့ သမီးအရင် အဆင်ပြေအောင်နေနော် ဒီကမိသားစုအတွက် အမေ တစ်ယောက်လုံး ရှိတယ်”
ရှိသမျှ ခွန်အား အကုန်ထုတ်ပြီး အမေ ရုန်းနေရမယ် ဆိုတာ ခင်မိုး သိတာပေါ့ အမေ။ အဖေကို သွားခါနီး ကန်တော့ပြီး နှုတ်ဆက်ချိန်မှာတော့ မျက်ရည်စက်တွေသာ အဆက်မပြတ် ကျရင်း သမီးအတွက် စိတ်ထဲက ဆုတွေပေးနေတဲ့ အဖေ၏ မျက်နှာကို ဒီတစ်သက် ဘယ်တော့မှ မေ့လို့ ရမယ် မထင်ပါဘူး အဖေ။ ခင်မိုး အများကြီး ကြိုးစားပါ့မယ်.. ခင်မိုး လိမ္မာပါ့မယ်လို့သာ စိတ်ထဲမှသာ အကြိမ်ကြိမ် ကတိတွေ အထပ်ထပ် ပေးမိနေတော့သည်။
++++++++++++
တစ်ရက်ပြီး တစ်ရက် နေ့ရက်တွေသာ ထပ်လာတယ် နံရံတွေ အမြင့်ကြီးကာရံထားတဲ့ ဂိုထောင်လိုလို အခန်းကျယ် ထဲက အပြင်ထွက်ခွင့်မရ။ အခန်းကျယ်ဆိုပေမယ့် သူလို ကိုယ်လို မိန်းကလေးတွေက အယောက် နှစ်ဆယ်နီးပါး တိုးခွေ့နေကြ အိပ်ကြရသည်မို့ သူ့အဖွဲလေးနဲ့သူ သုံးဖွဲ့လောက် ဖြစ်နေသည်။ တစ်ကယ်ဆို ကိုယ်ရောက်နေတဲ့ နေရာ၊ ဒေသကိုတောင် သိခွင့်မရှိ။
ဒီလိုနဲ့ ကိုယ့်အခြေနေကိုယ် ရိပ်စားမိလာ ရသလို။ အပြင်ထွက်ခွင့်ရဖို့ မပြောနှင့် စကားသံတောင် ကျယ်လို့ မရတဲ့ အနေအထား။ ရက်အနည်းငယ် ကြာလာတော့ ခင်မိုးတို့ထက် ဦးစွာ ရောက်သည်ဟု ထင်မှတ်ရသော အစ်မ တစ်ယောက်နှင့် စကားပြောခွင့်ရဖို့ ခင်မိုး ကြိုးစားကြည့်တဲ့ အခါ ခက်ထန် မာကျောတဲ့ အေးစက်စက် အကြည့်က ခင်မိုး ရင်ကိုပြင်းပြင်း ရှရှ ။
“မမ ခင်မိုးတို့ ဘယ်တော့လောက် စက်ရုံဆိုတာကို သွားရမှာလဲဟင် အလုပ်ကရော ဘယ်တော့လောက် စဆင်းရမှာလဲ၊ မြန်မာကိုရော ဖုန်းဆက်ချင်ရင် ဘယ်လို ဆက်သွယ်ရမလဲဟင်..”
“ ဟား..ဟား…ဟား… ဒီမှာ အိမ်မက်တွေ စိတ်ကူးတွေ လွင့်သာပစ်လိုက်တော့ ကိုယ့်ဘာသာ ဘယ်အခြေနေ ရောက်နေမှန်းတောင် မသိဘူးလား.. အခုအခြေနေက အဲ့ဒါတွေ တွေးနေဖို့ထက် မနက်ဖြန်မှာ ဘယ်လိုရပ်တည်ရမလဲ ဆိုတဲ့ ခွန်အား မွေးထားဖို့ လိုတယ် ဒီမှာ ရောက်နေတဲ့ မိန်းကလေးတွေ အားလုံး Sex for money အတွက် အရောင်းချ ခံထားရ သူတွေကြီးပဲ”
နာနာကျင်ကျင် ကြေကွဲစွာ ရယ်မောသံက ခင်မိုးအတွက် ကျောစိမ့်စေသလို Sex For money အတွက် ရောင်းချ ခံထားရသူများ ဆိုတဲ့ စကားအကြား မှာတော့ ခင်မိုး တစ်ယောက် ကြောက်လန့်တကြား ထအော်မိသွားရသည်။ ရုတ်တရက် ထအော်လိုက်တဲ့ ခင်မိုးရဲ့ ပါးစပ်ကို သူမက အလျှင်အမြန် လက်ဖြင့် ပိတ်လိုက်ပြီး ခပ်တိုးတိုး ကြိတ်ဆူပြန်သည်။
“တိတ်တိတ်နေ မအော်နဲ့ သိပ်ပြီး ရုပ်ပျက် ဆင်းပျက် ဖြစ်နေရင် ဟိုက လာရိုက်လို့ အသားနာဦးမယ်၊ ဘဝနာရတာနဲ့ မပြီးသေးပဲ နေ့စဉ် အသားပါ နာနေရတဲ့ ဘဝဖြစ်နေမယ်။ ပုံစံ မပျက် အေးအေးဆေးဆေးနေ”
သူမက ခင်မိုးကို သတိပေးပြီး သူမ၏ သူငယ်ချင်းများ ရှိရာသို့ ထွက်သွားပေမယ့် ခင်မိုး အသိ၊ ခင်မိုးအတွေးထဲမှာ မယုံနိုင်ခြင်း၊ ဝမ်းနည်းခြင်း၊ အားငယ်ခြင်း၊ ထိတ်လန့်ခြင်း ခြောက်ခြားခြင်းတို့ဖြင့် မျက်ရည်တို့သည်သာ တသွင်သွင် စီးကျ လာရတော့သည်။ နွမ်းပါးလှသော အမေ၏ မျက်နှာကို မြင်ယောင်မိလျှက် ခပ်တိုးတိုး အမေလို့ တမ်းတမိချိန် တွင်တော့ ခင်မိုး နှလုံးသား တစ်ခုလုံး ထုခြေမွ လိုက်သလိုပင်။ တားဆီးမရသော မျက်ရည်တွေက တားကျိုးသလို စီးဆင်း လာချိန်မှာတော့ ဟင့်အင်း ဒါဟာ အိမ်မက်ဆိုး တစ်ခုသာ ဖြစ်လိုက်ပါ့လို့ ကလေးငယ် တစ်ယောက်လို တောင်းဆို မိတော့သည်။
+++++++++++
“ ဖြန်း.. ဖြန်း… နင် ဒါဘာလုပ်တာလဲ”
ရုတ်တရက် ပူနွေး စပ်ဖြင်းဖြင်း ဖြစ်သွားသော ပါးနှစ်ဖက်ကို ခင်မိုး ဥပေက္ခာပြုလျှက် လွတ်ကျသွားသော ဓါးဦးကို ကောက်ဖို့ ပြင်လိုက်သည်။ ခင်မိုးထက် သန်မာပုံရသော သူမက ဓါးကို ဦးစွာ သိမ်းဆည်းလိုက်ပြီး ခင်မိုးကို ဒေါသလျှံနေသော မျက်ဝန်းများဖြင့် စိုက်လို့ ကြည့်နေသည်။
“ခင်မိုး သေပရစေ မမရယ် ခင်မိုး ဒီလို အဖြစ်မျိုးနဲ့ အသက်မရှင်ချင်ဘူး၊ အမေတို့သိရင် ခင်မိုးအတွက် ပိုသောက ရောက်ရလိမ့်မယ် …”
“ဒီမှာ..ခင်မိုး ငါ့ကို သေချာစိုက် ကြည့်စမ်း… နင်ပြောတော့ အရွယ်မရောက်သေးတဲ့ မောင်လေးနဲ့ ညီမလေးကို ကျောင်းပြီးအောင် ထားချင်လို့ဆို၊ နေမကောင်းတဲ့ အဖေကို ဆေးဝါးကောင်းကောင်းနဲ့ ကုသပေးချင်လို့ဆို၊ အမေရဲ့ ပင်ပန်းနွမ်းနယ်မှုကို တလဲ တာဝန်ယူချင်လို့ဆို… နင်က အပြောတမျိုး အလုပ်တမျိးပါလား။ နင်အခုလို သတ်သေသွားရင် နင့်မိသားစုတွေ ဘာဖြစ်သွားမလဲ နင့်ကိုမျှော်လင့်နေတဲ့ မိသားစုရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုဖြစ်သွားမလဲ နင်မတွေးဘူးလား ..ဟင် နင်မိုက်လှချည်လား… နင်က သိပ်အတ္တကြီးတာပဲ နင့်အတွက်ပဲ နင်ကြည့်တယ် နင့်ကိုယ်နင် သတ်သေသွားလို့ နင်အခုဘဝက လွတ်သွားပေမယ့် နောက်ဘဝ နင်လွတ်မယ် ထင်နေလို့လား နင့်ကို မျှော်လင့်နေမယ့် မိသားစုကို နင်တကယ် ချစ်တယ်ဆိုရင် နင့်မောင်လေး၊ နင့်ညီမလေးတွေကို တကယ်ချစ်တယ် ဆိုရင် နင်အသက်ရှင်နေမှ ဖြစ်မယ်… အဲ့ဒါ နင်မြဲမြဲမှတ်ထား..
နင်တစ်ခုခု လုပ်တော့မယ် ဆိုရင် နင့်နောက်က မိသားစုတွေကို အရင်ဆုံး မြင်ယောင် ကြည့်လိုက်ပါ။ အနည်းဆုံး သူတို့တွေအတွက် ရောက်ရာနေရာမှာ နင်အသက်ရှင်လျှက် ရှိနေတာကို သူတို့ ပိုလိုလားကြမှာပါ.. ဒီနေ့ ဒီလို ဆိုပေမယ့် ငါတို့တွေအားလုံး မနက်ဖြန် ဆိုတဲ့ မျှော်လင့်ချက်ကို ပိုက်ပြီး အသက်ရှင်နေရမယ် … ကြားလား နောက်တစ်ခါ ဘယ်တော့မှ ဒီလို အလားတူ ပြဿနာ မဖန်တီးပါနဲ့ ခင်မိုး”
သူမသည် ခင်မိုးကို မချိတင်ကဲဖြင့် ပုခုံးနှစ်ဖက်ကို စောင့်တွန်းချလိုက်ကာ ခင်မိုး အနားက လှည့်ထွက်သွားသည်။ သူမလှည့်အထွက်မှာ ခင်မိုး လက်ခုံပေါ်သို့ ကျလာတဲ့ မျက်ရည် တစ်စက်ကို ခင်မိုး ဆွံ့အစွာ စိုက်ကြည့်နေမိသည်။ သူမ၏ မျက်ရည်စက်တွေ…။ သူမသည်လည်း ခင်မိုးလိုပဲ နာကျင်နေသည်။ ခံပြင်းနေ ပေလိမ့်မည်။ ထွက်ပေါက်ရှာ မှားခြင်း အတွက် သူမပေးသော ခင်မိုးပါးပြင်ပေါ်က စပ်ဖျင်းဖျင်း ဒဏ်ရာနှင့် အတူ ခင်မိုးရဲ့ အသိ၊အတွေးတွေကို သူမက သတိပေးရှာသည်ပဲ။ ဒါဆိုရင် သူမသည်လည်း ခင်မိုးကို ပြောခဲ့သလို မိသားစု အတွက် အသက်ရှင်ဖို့ ကြိုးစားနေခဲ့ ရသူပေါ့။
+++++++++++
ခင်မိုး လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုတ်လို့ မျက်လုံးကို စုံမှိတ်ထားလိုက်သည်။ ခင်မိုးရင်ထဲက အသည်းနှလုံးတွေ အပြင်ကို ခုန်ထွက်လာလောက်သည်အထိ ရင်ခုန်သံတွေ ပြင်းထန်လို့နေသည်။ ကျွမ်းဝင်ခြင်းမရှိသေးတဲ့ ကိုယ်ရနံ့က ခင်မိုးနှာခေါင်းထဲ စူးခနဲ ၀င်ရောက်လာသည်။ ခုတင်အစွန်းမှာ ထိုင်လျှက်က ကြမ်းပြင်ကို စိုက်ကြည့်နေမိသော ခင်မိုး၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် သူက ဆွဲမော့စေလိုက်သည်။ မျက်လုံးစုံမှိတ် ခေါင်းခါယမ်းလျှက်က ခက်မွန်နှုတ်က…
“ကျွန်မ မိကောင်းဖခင် သားသမီး တစ်ယောက်ပါ .. ဒီအလုပ်က ကျွန်မရဲ့ အသက် မွေးဝမ်းကျောင်း အလုပ်မဟုတ်ပါဘူး၊ ကျွန်မ လူကုန်ကူခြင်း ခံလိုက်ရတာပါ.. ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါရှင်..”
ထိတ်လန့်ခြင်းကြောင့် ခင်မိုး၏ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ရီလို့နေသည်။ တဖက်လူသည် ခင်မိုးကို အံ့သြစွာ စူးစိုက်လို့ ကြည့်နေသည်။ ခင်မိုး၏ မီးကျိုးမောင်းပျက် Broken English ကို သူအတော်လေး သတိထား နားထောင်နေပုံ ရသည်။ ရုတ်တရက် ဆိုသလို ထိုသူ၏ လက်ဖဝါး တစ်စုံက ခင်မိုး၏ ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက် ချိန်မှာတော့ ခင်မိုး အသက်ရှုဖို့ မေ့သွားရအောင်ပင်။ ရုတ်တရက် ထိုသူက ဝါကျင်ကျင် မီးရောင်အစား အခန်းတစ်ခန်းလုံး ထိန်လင်းစေမည့် မီးချောင်းအား အစားထိုး လင်းစေခဲ့သည်။ အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံဖြင့် သူသည် ငိုရှိုက်နေသော ခင်မိုးကို ကြည့်ကာ အကဲခတ် သလိုကြည့်နေပြန်သည်။ အတော်လေး ကြာတော့မှ သူက
“ငါ မင်းကို ဘာလုပ်ပေး ရမလဲ…..နိုး..နိုး ဘာလုပ်ပေးနိုင်မလဲ”
ဟု ဝေခွဲမရစွာ တစ်ယောက်တည်း ဆိုပြန်၏။
“စိတ်အေးအေးထား ဒီကိစ္စက လောလို့မရဘူး၊ သူတို့မှာ အဖွဲ့စည်း ကြီးကြီးမားမား တစ်ခု နောက်ခံမှာ ရှိရမယ်”
တစ်ယောက်တည်း သုံးသပ်သလို သူဆိုပြန်သည်။ အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးလာလေပြီ။ မကြာခင် သူတို့ပေးထားသော အချိန် ပြည့်တော့မည်ပင်။ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်သလို ပုံစံမျိုးဖြင့် ခင်မိုးကို ကြည့်ကာ
“မင်း ငါ့နောက်က လိုက်ခဲ့.. တစ်ခုမှတ်ထား အခြေနေ မကောင်းတာပဲ ဖြစ်ဖြစ် တစ်ခုခုဆို မင်း လွတ်ရာကို မှိတ်စိမှိတ် ပြေး ကြားလား။ ဘယ်တော့မှ နောက်ကို ပြန်လှည့် မကြည့်နဲ့ ဒီအနားမှာ သူတို့လူတွေ အပြည့် ရှိနေလောက်တယ်” ဟု မှာသည်။
“ ဟုတ်ကဲ့”
“ok တို့တွေ ဒီက ထွက်ကြစို့”
++++++++++
ခင်မိုး တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေသည်။ ယောက်ျား ရင့်မာကြီးများပင် ဖြစ်လင့်တကား မိန်းကလေး တစ်ယောက်ကို ညီမသားချင် မစာနာ စိတ်ရှိသလို ထိုးနက် ကန်ကြောက်ကြသော အနှိပ်စက်ခံ ဒဏ်ရာများကြောင့် သူမ တစ်ကိုယ်လုံး လှုပ်ပင် မလှုပ်နိုင်အောင်ပင်။ မူးရီဝေနေသည့် ဦးခေါင်းကလည်း တစ်ဆစ်ဆစ် ထိုးကိုက်နေသည်။ သို့ပေမယ့် သူမ အားမလျော့နိုင်အား။ ကြိုးစား၍ ပြေးနေမိဆဲ။
သူမကို ကူညီပေးသော သူသည်လည်း ထိုသူတို့၏ လက်ချက်ဖြင့် သေသလား ရှင်သလား မသိ။ သူမကို ပြည်လည် ဖမ်းဆီး ခေါ်ဆောင်လာပြီး စိတ်ရှိသလို နှိပ်စက်ပြီးသည့် နောက်မှာတော့ အစောင့် တစ်ယောက် ထားခဲ့ကာ အားလုံး ထွက်သွားချိန်မှာတော့ ခင်မိုး ရှိသမျှ အားကို အကုန်သုံးပြီး နီးစပ်ရာ သစ်သားတုတ်ဖြင့် အစောင့်ကို အားကုန်ရိုက်ခဲ့ကာ ထွက်ပြေးလာခဲ့ခြင်းပင်။
ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုသာ ကြီးစိုးနေသည်။ ဘယ်အချိန်လောက် ရှိမည် ဆိုသည်ကိုပင် မခန့်မှန်းနိုင်အောင်ပင်။ လမ်းဟု မမည်သော လူသွားရရုံသာ ရှိသော လမ်းတစ်လျှောက် သူမပြေးလာခဲ့သော်လည်း ယခုချိန်ထိ လမ်းမကြီး တစ်ခုခုသို့ အရိပ်အယောင်ပင် မမြင်ရသေးချေ။ ထိုစဉ်ပဲ သူမနားဆီသို့ အော်ဟစ်သံ တစ်ချို့နှင့် ပြေးလွှားသံများ ဝင်ရောက်လာသည်။
“ရှေ့မှာဟေ့…. တွေ့ပြီ ..ဒီတစ်ခါ အသေသတ်ပစ်ကွာ ဒီလောက်တောင် ပြဿနာ ရှာတဲ့ ကောင်မ အလွတ်မပေးနဲ့”
တစ်ယောက် တစ်ခွန်း အသံများနှင့် ခင်မိုးကို ကျိန်ဆဲနေ သံများသာ ဆူညံလို့နေသည်။ ခင်မိုး အံ့ကိုကြိတ်ကာ ဆုံးဖြတ်ထားသည့်အတိုင်း အသင့်ယူဆောင်လာသော ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ တဖြေးဖြေး နီးကပ်လာသော ပြေးလွှား ခြေသံများကလည်း လူခြေတိတ်ချိန်မို့ အတိုင်းသား ကြားနေရသည်။ ခင်မိုး ဒီအတိုင်းတော့ ပြန်လည် အဖမ်းခံ၊ အနှိပ်စက်ခံဘဝ၊ ပြည့်တန်ဆာ ဘဝအဖြစ် အသက်မရှင်ချင် တော့သည်မှာ ပို၍ သေချာနေပြီမို့ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင် ချလိုက်သည်။
အချိန်ကြာကြာ ခင်မိုး စဉ်းစားမနေတော့ပဲ ဓါးကို သူမရဲ့ နှလုံးသား တည့်တည့်ဆီသို့ သူမကိုယ်တိုင် အားကုန် ထိုးစိုက် လိုက်တော့သည်။ ထိုအခိုက် တိုက်တိုက်ဆိုင်ဆိုင် ခင်မိုးရဲ့ နားဆီသို့ “ခင်မိုးရေ…” ဆိုသော အမေ့၏ စိုးရိမ်တကြီး ခေါ်သံလေး ဝင်ရောက်လာခဲ့သည်။ ခင်မိုး ကျေနပ်စွာ ပြုံးလိုက်ပြီး “ ခင်မိုး ပြန်လာပြီ အမေ” လို့ တိုးတိုးဖွဖွလေး ရေရွတ်ကာ အပြုံးတို့ဖြင့် ကျေနပ်စွာပဲ မျက်လုံးစုံမှိတ် ချလိုက်တော့သည်။ စူးရှ နာကျင်သည့် ခံစားမှု တစ်ခုနဲ့အတူ မှောင်မိုက်ခြင်း အတိနဲ… အရာရာသည် ခင်မိုးအတွက် ငြိမ်းချမ်းခြင်း အတိတို့ဖြင့်သာ။
အိန်ဂျယ်လှိုင်
--

No comments:
Post a Comment