၁။
နာရီကို ငုံ့ကြည့်လိုက်တော့ ၆နာရီထိုးပြီး ၁၅မိနစ်။
“ ဘုရားရေ.. အလုပ်ကို ရောက်ဖို့ နောက်ထပ် ၁၀မိနစ်လောက် လမ်းလျှောက်ရဦးမယ်။ ဒီလိုသာဆို ၆နာရီခွဲလောက်မှ ရောက်မှာပေါ့။ ဟို မန်နေဂျာနဲ့တော့ စကားပြောရတော့မှာပဲ။ ဟူးးး ”
သက်ပြင်းတွေ နာနာချရင်း ခြေလှမ်းတွေကို မပြေးရုံတမယ်သာသာ အရှိန်မြှင့် တင်လိုက်ရ၏။ သည်နေ့ ကျောင်းဆင်းနောက်ကျသည်။ အမှန်တကယ်က ၅နာရီသည် အတန်းပြီးချိန် ဖြစ်သည်။ သို့သော် ဆရာက နှစ်ကုန်လျှင် တင်ရမည့် ပရောဂျက်တစ်ခုအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်ဖြစ်ရာ တကယ်တမ်း အတန်းလွှတ်တော့ ၅နာရီ ခွဲလုလုပင် ရှိပြီ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ကျောင်းတက်ရင်း အလုပ်လုပ်သူတစ်ယောက်အတွက် ပြေးလွှားလှုပ်ရှားရသည့်ဘဝကို မောသည်၊ ပန်းသည်ဟု မညည်းညူချင်။ အမြဲတမ်း ပြေးလွှားလှုပ်ရှားနေသည့် သူမကို သူငယ်ချင်းအချို့က “ နင့်ကြည့်ရတာ မောလိုက်တာ။ နင် မမောဘူးလားဟင် ” ဟု မေးလာသည့်အခါတိုင်း “မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး ” အရယ်အရွှမ်းဖောက်လျက် ဖြေခဲ့ဖူးသည်။ တကယ်တော့ ကျောင်းတက်ရင်း အလုပ်လုပ်ကြသည့် သူမလို ကျောင်းသားတွေ အများကြီး ရှိသည်ပဲလေ။ သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲဟူသည့် တွန်းအားနဲ့ လှုံ့ဆော်မှုက သူမ မာနကို အမြဲတမ်း စိန်ခေါ်နေခဲ့သည် မဟုတ်လား။
ယခုလည်း မိုင်ဝက်သာသာလမ်းခရီးကို တစ်ယောက်တည်း အသည်းအသန် လျှောက်နေရ၏။ သူမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကတော့ အလုပ်သို့ ရောက်နေနှင့်ပြီဆိုတာ သေချာပါသည်။ မှောင်ရီပျိုးစအချိန်ဖြစ်သော်လည်း သစ်ပင်ထူထပ်သည့် ဤလမ်းကလေးသည် လမ်းမီးတိုင်များထွန်းထားသည့်တိုင်အောင် မှောင်နေဆဲဖြစ်၏။ အလုပ်သို့ အလျှင်အမြန်ရောက်လိုသည့် ဇောသာ ကပ်မနေခဲ့လျှင် သည်လိုအချိန် သည်လိုနေရာမျိုးကို တစ်ယောက်တည်းသွားဖို့ သူမ ကြောက်ရွံမိမည် ။ သို့သော် ယခုတော့ ကြောက်ရွံ့စရာတွေကိုပင် တွေးတောမနေအား။ ရှေ့သို့သာ တူရှုပြီး အားသွန်ခွန်စိုက် လျှောက်နေခဲ့မိသည်။
သည်လမ်းကလေးထဲတွင် ဘတ်စ်ကား မပြေးဆွဲပါ။ ဘတ်စ်များက ဒီလမ်းသွယ်လေးထိပ်ရှိ ကားမှတ်တိုင်တွင်သာ ရပ်လေသည်။ ထို့ကြောင့် ညနေ ၅နာရီ၄၅မိနစ်ဆိုလျှင် အလုပ်မှကားက ဝန်ထမ်းများကို ကားဂိတ်တွင် လာကြိုလေ့ရှိသည်။ သည်နေ့ ဘတ်စ်ကားဂိတ်ကို သူမရောက်သွားတော့ ၆နာရီပင် ထိုးတော့မည်။ သူမ ခန့်မှန်းတာ မမှားလျှင် လာကြိုသည့်ကားလေးပင် အလုပ်သို့ ပြန်ရောက်သွားလောက်ပြီ။ တက္ကစီးငှားသွားလျှင် ကုန်ကျမည့် ပိုက်ဆံ ၇ဒေါ်လာ ၈ဒေါ်လာကိုလည်း နှမြောပါသည်။ သည်တော့ တစ်ယောက်တည်း လမ်းလျှောက်ရုံမှအပ တခြား ရွေးချယ်စရာလမ်း မရှိတော့။
အခါတိုင်း နောက်ကျလျှင် သိပ်တော့ အကြောင်းမဟုတ်။ သူမ၏ မန်နေဂျာက သဘောကောင်းသည်။ ထို့အပြင် စိတ်ရင်းလည်း မှန်သည်။ ဝန်ထမ်းအားလုံးကို နားလည်မှုဖြင့် လေးလေးစားစား ဆက်ဆံတတ်သူ တစ်ယောက်။ နောက်ကျမည့်အကြောင်းကို ကြိုကြိုတင်တင် အကြောင်းကြားထားလျှင် ညနေစာကိုပင် ကန်တင်းဖက်မှ ယူထားပေးဦးမည်။ ယခု ထိုမန်နေဂျာက ခွင့်တစ်လယူထားသည်။ ထို့အချိန်မှာပင် တခြားဌာနသို့ တိုက်တိုက်ဆိုင်ဆိုင် အသစ်ရောက်လာသော မန်နေဂျာက သူမတို့ ဌာနကိုပါ ပူးတွဲတာဝန်ယူခဲ့လေသည်။
နိုင်ငံတူ၊ လူမျိုးတူ၊ ထို့အပြင် ရယ်ချင်စရာကောင်းလောက်အောင် တိုက်ဆိုင်မှုတစ်ခုဖြစ်သည့် နာမည်ပါ တူနေသော လူနှစ်ယောက်သည် အလုပ်လုပ်သည့် ပုံစံတွင်တော့ လုံးဝ မတူပါ။ အရင်တုန်းက နားလည်မှုဖြင့် အလုပ်လုပ်ကြသည်။ သည်တစ်ယောက်ကတော့ ဘွဲ့တွေတသီကြီး ယူထားသူပီပီ စာအုပ်ကြီးအတိုင်းသာ အလုပ်လုပ်တတ်သူ။ သူ့တွင် ပျော့ပြောင်းမှု၊ နားလည်မှုဟူ၍လည်း မရှိတတ်။ အချိန်လေးစားဖို့၊ အလုပ်တွင်ဖို့ ဒါတွေသာ သူ့ခေါင်းထဲမှာ ရှိသည်။ မည့်သည့် အကြောင်းပြချက်၊ မေတ္တာရပ်ခံချက်မျိုးမှလည်း သူက လက်မခံတတ်။ အရာအားလုံးသည် သူ့အမြင်တွင်တော့ ဆင်ခြေဆင်လက်ချည်းသာ ဖြစ်နေတော့၏။
ယခုလည်း နောက်ကျမည့်အကြောင်းကို မက်ဆေ့ခ်ျပို့ကာ ကြိုတင်အသိပေးလိုက်သော်လည်း ပြန်စာ ရောက်မလာခဲ့ပါ။
၂။
“ တကယ် မလွယ်လှပါလားကွယ် .. ”
တိုးတိုးလေး ညည်းညူရင်း ရုံးခန်းအဝင်ဝရှိ ဖိနပ်စင်တွင် သူမစီးလာသော ဖိနပ်နှင့် ရုံးတွင်းစီးဖိနပ်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ စားပွဲမှာဝင်ထိုင်ရင်း ကွန်ပျူတာကို ဖွင့်လိုက်တော့ ၆နာရီပင် ခွဲပြီးသွားပြီ။
“ အောက်မှာ တစ်ခုခု သွားစားပါလား။ အဆာလွန်ပြီး ဗိုက်အောင့်နေဦးမယ်။ သူလာရင် ငါပြောထားလိုက်မယ်လေ ”
သူမ ညစာမစားရသေးသည်ကို သိသော မြန်မာ သူငယ်ချင်းမလေးတစ်ယောက်က စေတနာစကားဆို၏။ ခေါင်းကို အသာယမ်းပြလိုက်မိသည်။
အီးမေးလ်ဖွင့်လိုက်တော့ ဂိမ်းတွေအတွက် အသုံးပြုမည့် ဝေါလ်ပေပါပုံတွေကို သက်ဆိုင်ရာ ဂိမ်းတွေမှာ uploadလုပ်ရန် တာဝန်ပေးထားသည့် အီးမေးလ်ကို တွေ့ရ၏။ ဖိုဒါတွေထဲတွင် ပုံများ စုစုပေါင်း တစ်သောင်းကျော်ရှိနေသည်။ သည်အရာတွေ အကုန်လုံးပြီးဖို့ အနည်းဆုံး သုံးလေးနာရီ ကြာပေတော့မည်။ အဆာလွန်ပြီး ဗိုက်အောင့်မှာ သေချာပါပြီ။ အချိန်ပိုင်းအလုပ်အဖြစ် Mobile Content များကို အင်တာနက်တွင် ပြန်လည်ရောင်းချသည့် Companyတစ်ခုတွင် Web Developerအဖြစ် သူမ အလုပ်လုပ်သည်။ အလုပ်တွင် အချိန်ပြည့်လုပ်သူတွေသာမက သူမလို အချိန်ပိုင်းလုပ်သူများပါရှိပြီး လူမျိုးစုံ အသက်အရွယ်စုံ ရှိ၏။
ယခင်မန်နေဂျာရော ယခု ယာယီတာဝန်ယူထားသည့် မန်နေဂျာပါ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြပြီး နှစ်ယောက်စလုံး၏ နာမည်မှာ ကူးမား ဖြစ်သည်။
“ နာမည်ချင်းသာတူတာပါ၊ ဝန်ထမ်းတွေအပေါ် နားလည် ညှာတာပေးနိုင်မှုကတော့ ၃ နဲ့ ၄ လိုပဲ။ တကယ့်ကို တခြားစီနော် ”
သူငယ်ချင်းဖြစ်သူ အတင်းလာပြောခဲ့တုန်းက သူမက ရယ်လျက် ခေါင်းငြိမ့်ထောက်ခံဖူးသည်။
ယခုလည်း ဓါတ်ပုံလေး နှစ်ပုံလား၊ သုံးပုံလားပဲ Uploadလုပ် ရသေးသည်။ ရုံးခန်းထဲကို ခဏလာခဲ့ပါဟု ဖုန်းဆက်ခေါ်နေပြီ။
မေးဆတ်ကာ ဘာလဲဟုသောဟန်ဖြင့် သူငယ်ချင်းအမေးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ သူက စပ်ဖြဲဖြဲ ရယ်ပြနေသည်။ သူမကတော့ မီလီလီတာ ၃၅၀ပါ ရေဗူးတစ်ဗူးကို တစ်ခါတည်းဖြင့် ကုန်အောင် မော့သောက်ချလိုက်ပြီး သူ့ရုံးခန်းရှေ့ ခပ်သွက်သွက် လျှောက်သွားလိုက်၏။ ထို့နောက် တံခါးခေါက်ပြီး အထဲဝင်လိုက်သည်။
“ မင်း ဒီနေ့ သိပ်နောက်ကျတယ် နော် .. ”
ဝင်ဝင်ချင်း သူက ဆီးပြီး ပြောသည်။
“ ဟုတ်တယ်.. စိတ်မကောင်းပါဘူး။ အတန်းက ၅နာရီခွဲမှ ဆင်းတယ် ”
သူမ အတန်းဆင်းတာ နောက်ကျသည့်အကြောင်း သူ့ကို ကြိုတင်အသိပေးထားသားပဲ။ သို့သော် နောက်ကျသူက သူမ မို့ မယုတ်မလွန် တောင်းပန်စကား ဆိုလိုက်မိသည်။ ဒီထက်ပိုပြီး အူယားဖားယား တောင်းပန်ကာ ဒီအလုပ်မှာ တွယ်ကပ်လုပ်ချင်နေသည့် စိတ်မျိုးတော့ သူမမှာ မရှိပါ။ အလုပ်ကို တန်ဖိုးထားပါသည်။ သို့တိုင်အောင် တစ်ဖက်သား၏ အခက်အခဲကို နားလည်မှုမပေးနိုင်လျှင်၊ တစ်ဖက်သား၏ စွမ်းရည်ကို တန်ဖိုးမထားတတ်လျှင် ထိုနေရာမျိုးမှာ တွယ်ကပ်နေမည့် လူစားထဲတွင် သူမ မပါဝင်ပါ။ သူမ နှင့် မထိုက်တန်သည့်နေရာတစ်ခုကို ကျောခိုင်းသွားဖို့ ဝန်လေးလိမ့်မည် မဟုတ်။
“ အင်း .. မင်း ဆင်ခြေက သိပ်ကောင်းတယ်။ ငါ ဘာပြောလို့ရမှာလဲ .. ”
သရော်သံပါသော သူ့စကားကြောင့် တစ်ခုခုပြန်ပြောရန် ပါးစပ်ပြင်လိုက်တော့ သူက ဦးအောင် လက်ကာပြသည်။
“ မင်း အရင်မန်နေဂျာက ဒါမျိုးကို နားလည်ပေးတာ ငါသိပါတယ်။ နာရီနဲ့ အချိန်ပိုင်း အလုပ် လုပ်တယ်.. ကိုယ်လုပ်သလောက် ကိုယ်ရတာပဲ.. ဘယ်အချိန်ချိန်ဝင်ဝင်ပေါ့ ဆိုတဲ့စိတ်မျိုး မရှိစေချင်တာပါ။ အချိန်ပိုင်း လုပ်သူတွေကို ၆နာရီမှာ နောက်အကျဆုံး အလုပ်ဝင်ရမယ်လို့ သတ်မှတ်ထားကတည်းက အဲတာဟာ လိုက်နာရမယ့် စည်းကမ်းတစ်ခု ဖြစ်သွားပြီ။ ဒါလေးကို သတိချပ်စေချင်တာပါ။ မင်းသွားလို့ရပါပြီ ”
ပြောလိုသည်ကို တရစပ်ပြောပြီး ကွန်ပျူတာ စခရင်ကို စိုက်ကြည့်ကာ အလုပ်များဟန်ဆောင်သွားသည့် သူ့ကို စိတ်တိုမိသည်။ ပြေးလာရ၍ မောပန်းနေသည်ကတစ်မျိုး၊ ဆာလောင်စိတ်ကြောင့် နုံးချိသလို ခံစားနေရသည်က တစ်မျိုးနှင့် အနည်းငယ်ကျန်နေသေးသည့် အားကလေးတွေပင် ဆုတ်ယုတ်သွားသလို ခံစားလိုက်ရ၏။ တံခါးကို အသံမမြည်အောင် တွန်းပိတ်ပေးလိုက်ကာ သူမနေရာမှာ ပြန်လာထိုင်ကာ အလုပ်ကိုသာ အာရုံစိုက်ပြီး လုပ်နေမိသည်။
“ သူ ဘာတွေ ပြောလိုက်လဲဟင် ” ဟု သူငယ်ချင်းက မေးနေခဲ့သည်ကိုပင် ပြန်မဖြေမိလိုက်။
လုပ်စရာရှိတာတွေ သုံးပုံတစ်ပုံခန့် ကျန်နေသေးသည့် အချိန်တွင် ည ကိုးနာရီပင် ထိုးသွားခဲ့ပြီ။ ဝန်ထမ်းတစ်ချို့က ပြန်ဖို့ပြင်ကြပြီ။ သူမ သူငယ်ချင်းကလည်း ကျောင်းက ပရောဂျက် လုပ်စရာရှိလို့ ဆိုကာ လက်ပြနှုတ်ဆက်ပြီး ပြန်နှင့်ပြီ။ သူမကတော့ ၁၀နာရီမှပင် ပြန်တော့မည်။ လေနာနေသော ဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိကာ နောက်လက်တစ်ဖက်က မောက်စ်ကို တွင်တွင်နှိပ်ရင်း ပုံတွေကို တစ်ပုံပြီးတစ်ပုံ Upload လုပ်နေလိုက်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမ ပခုံးကို သာသာလေး ပုတ်ကာ စကားလာပြောခဲ့ခြင်း ဖြစ်သည်။
“ ဆိုဖီ.. မင်း ညစာမစားရသေးဘူးလို့ မင်းသူငယ်ချင်းက ငါ့ကို ပြောသွားတယ်.. ဒီ ဆင်းဒဝှစ်ခ်ျ စားလိုက်ပါလား။ မီးဖိုးထဲမှာ ဘာမှ မရှိတော့လို့ ရေခဲသေတ္တာထဲက တွေ့တာကို ယူလာတာ.. ”
သူမတို့ ဌာန၏ လက်ထောက်မန်နေဂျာ ဖြစ်နေသည်။ အနည်းငယ်တော့ အံ့သြသွားမိသေးသည်။ သူမတို့ချင်း ခင်မင်ကြသည်မှ မဟုတ်ဘဲ။ သို့သော် သူမ သူငယ်ချင်းမှာသွားသည့်အတွက် လာပို့ပေးတာလည်း ဖြစ်နိုင်တာပဲလေ။
ထို မုန့်ကို လှမ်းမယူဘဲ ငြင်းလိုက်သည်။ ဗိုက်ဆာနေသည်မှာ မှန်သော်လည်း စားဖို့စိတ် မပါတော့သည်မို့ ကျေးဇူးတင်စကားပြောရင်း ငြင်းလိုက်ပြီး မောက်စ်ကို ပြန်ကိုင်လိုက်၏။ သူက သူမလက်ထဲမှ မောက်စ်ကို လုကာ ဆင်းဒ်ဝှစ်ခ်ျကို အတင်းထိုးထည့် ပေးလေသည်။
အငြင်းအခုန် ပြုမနေချင်တော့သဖြင့် ဆင်းဝှစ်ခ်ျကို လှမ်းယူလိုက်တော့ “ ရေခဲသေတ္တာထဲမှာ လိမ္မော်ရည်တွေရှိတယ်။ အဲတာပါ သွားယူသောက်လိုက်နော် ” ဆိုကာ သူမကို တွန်းထုတ်လေသည်။
အေးစက်နေသော ဆင်းဒ်ဝှစ်ခ်ျများကို လိမ္မော်ရည်အေးအေးဖြင့် မျောချရင်း အမြန်ကုန်အောင် စားလိုက်ရ၏။ စားပွဲဆီပြန်ရောက်တော့ သူမထိုင်ခုံပေါ်မှာ ထိုင်ပြီး အလုပ်တွေ ကူလုပ်ပေးနေသည့် သူ့ကို တွေ့ရလေသည်။
၃။
အဲဒီညက ဆယ်နာရီမှာ ပြန်ပို့ပေးသည့် နောက်ဆုံးကားပေါ်တွင် သူမတို့ အတူထိုင်ဖြစ်ကြသည်။ “ ဟိုကူးမားနှင့် ဒီကူးမားက နံသာဆီနဲ့အီး ပဲနော် ” ဟု မကျေမနပ် ဆိုလိုက်မိတော့ သူက ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။
သည်နေရာလေးတွင် သူမ အလုပ်လုပ်ခဲ့သည်မှာ ခြောက်လကျော်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့ညမှပင် သူနှင့် ခင်ခင်မင်မင် စကားပြောဖြစ်ခြင်း ဖြစ်၏။ ယခင်က မေးထူးခေါ်ပြောရုံ၊ အလုပ်နှင့်ပတ်သတ်သည့် အီးမေးလ်အသွားအပြန်လေး တစ်ချို့တစ်လေဖြင့်သာ ဆက်ဆံဖူးခဲ့ကြသည်။
ဘတ်စ်ကားဂိတ်ရောက်တော့ “ သူငယ်ချင်း အိမ်သွားမှာမို့ ကားနံပါတ် ၈၅၂ ကို စီးရမယ်။ မင်းကော ” ဟု မေးသည်။ “အို… ကျွန်မက နေ့တိုင်း ၈၅၂ စီးပြီး အိမ်ပြန်တာလေ။ ဂိတ်မဆုံးခင် တစ်မှတ်တိုင်မှာ ဆင်းနေကြ ” ဟု ပြောလိုက်တော့ ဝမ်းမြောက်ဝမ်းသာဖြင့် “ ဟား.. ကိုယ်တော့ အဖော်ရပြီ ” ဆိုကာ ရယ်နေလေသည်။
ကားပေါ်တွင် သူမ မမေးပါဘဲ သူ့ဘဝအကြောင်းများကို ပြောပြခဲ့သည်။ သူအိမ်ထောင်ကွဲခဲ့ဖူးသည့် အကြောင်း၊ သူ့အမျိုးသမီးက တခြားအမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်ကာ သူ့ကို ထားသွားခဲ့သည့် အတွက် နာကျင်ကြေကွဲခဲ့ရသည့်အကြောင်း၊ သမီးလေး တစ်ယောက် ရှိသော်လည်း သူ့အမျိုးသမီးကပင် အုပ်ထိန်းခွင့်ရသွားသည့်ကြောင်းများကို ပြောပြခဲ့လေသည်။
သူမကို ပြောပြနေစဉ်မှာပင် သူ့မျက်ဝန်းများက နာကျင်မှုများကြောင့် အရည်လဲ့နေသလိုလို။ အချစ်ရေးတွင် တစ်ကြိမ်တစ်ခါ အကြီးအကျယ်ရှုံးနိမ့်ခဲ့ဖူးသော သူမက သူ့ကို ကိုယ်ချင်းစာ သနားမိသည်။ ထို့ကြောင့် သူပြောပြသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးမိလေသည်။ သူမ ဆင်းရမည့် မှတ်တိုင် မရောက်ခင် ၂မှတ်တိုင် စောဆင်းရမည်ဖြစ်သော သူက ကားပေါ်မှ ဆင်းခါနီး သူမ လက်ကို ဖျစ်ညှစ်နှုတ်ဆက်ကာ “ မင်းဟာ နားထောင်ကောင်းသူ တစ်ယောက်ပါ။ အခုလို နားထောင်ပေးတာ ကျေးဇူးပါ ဆိုဖီ ” ဟု ပြောခဲ့လေသည်။
၎။
အဲသည်လိုနှင့် သူမတို့၏ ခင်မင်မှု စတင်ခဲ့ကာ ယခင် ကူးမားလိုပင် သူ့ကိုလည်း ယုံယုံကြည်ကြည် အပေါင်းအသင်း လုပ်ဖြစ်သည်။ အလုပ် နောက်ကျသည့် အခါတိုင်း သူ့ကိုပဲ အားကိုးတကြီး အကြောင်းကြားကာ ဟို ကူးမားကို ရှောင်ခဲ့သည်။ တိုတောင်းသော အချိန်တိုအတွင်းမှာပင် သူ့အပေါ် ရိုးသားစွာ ခင်မင်အားကိုးမိခြင်းများက သူ့အား တစ်မျိုးတစ်မည် အဓိပ္ဗာယ်ပေါက်စေခဲ့မည် ဆိုသည်ကို ဘယ်တုန်းကမှ တွေးမထင်ခဲ့မိခြင်းသည် အတွေ့အကြုံမရှိသေးသည့် သူမ၏ ညံ့ဖျင်းမှုသာ ဖြစ်၏။
သူငယ်ချင်း စောပြန်သွားသည့် ညတစ်ညတွင် သူမတို့နှစ်ယောက် အတူပြန်ဖြစ်ကြသည်။ အမှန်က သူငယ်ချင်း စောပြန်သွားသည့် နေ့မျိုးတွင် အခြားသူများနှင့် ခင်မင်ရင်းနှီးခြင်း မရှိသော သူမက တစ်ယောက်တည်း ပြန်နေကြပင်။ ယခုတော့ သူနှင့်ခင်မင်နေပြီမို့ အတူပြန်ဖြစ်ခဲ့၏။ ဘတ်စ်ကားဂိတ်မှာ ကားစောင့်နေစဉ် “ လိုက်ပို့ပေးပါရစေ ” ဟု သူ ဆိုလာတော့ သူမ အံ့သြသွားမိသေးသည်။
“ ဘာအတွက်လဲ.. တကူးတကကြီး မလုပ်ပါနဲ့..”
ရိုးသားစွာ ငြင်းဆန်လိုက်မိတော့ သူမ လုံးဝမထင်ထားမိသည့် အခြင်းအရာတစ်ခုကို သူက ပြုမူလိုက်လေသည်။
“ ကိုယ်.. မင်းနဲ့အတူ ရှိချင်တယ်။ ကိုယ် မင်းကို အဖော်ပြုပေးချင်တယ်။ မင်း ကိုယ့်ကို အဖော်ပြုပေးတာကိုလည်း လိုချင်တယ်။ ”
သူမလက်ကို ဆွဲယူပြီး သူ့ရင်ဘတ်နဲ့ ဖိကပ်ထားရင်း မျက်လုံးထဲသို့ စိုက်ကြည့်ကာ ပြောလာခဲ့သော စကားများကြောင့် အစော်ကားခံလိုက်ရသူ တစ်ယောက်လို ပေါက်ကွဲသွားမိသည်။
“ အိုး.. ရှင် ကျွန်မကို လွှတ်၊ ကျွန်မက ရှင့်ကို ဘယ်တုန်းကမှ မိတ်ဆွေ တစ်ယောက်ထက် မပိုခဲ့ဘူး .. ”
လက်ကို အတင်းပြန်ရုန်းတော့ သူက အတင်းဆွဲထားလေသည်။ သူ့မျက်ဝန်းများထဲမှ ရိုင်းရိုင်းပျပျ ညို့ငင်နေမှုကို မြင်လိုက်ရကာ သူ့ကို တအား ရွံရှာသွားမိသည်။
“ ဘာလို့လဲ ဘေဘီရယ်.. ကိုယ့်ဘဝအကြောင်းကို မင်းသိပါတယ်။ ကိုယ် အချစ်ရေးမှာ ဘယ်လောက် ကံမကောင်းခဲ့လည်း မင်း သိပါတယ်။ မင်းသာ ကိုယ့်ဘဝထဲ ဝင်လာရင် ကိုယ် သိပ်ကို ပျော်ရွှင်ရမှာ .. ”
အံကြိတ်ကာ လက်ကို အတင်းဆောင့်ရုန်းပစ်လိုက်သည်။ ကားမှတ်တိုင်တွင် သူမတို့နှစ်ယောက်တည်း။
ပလက်ဖောင်းဘေးနားလေးထိ လျှောက်သွားကာ ကားလာဖို့ မျှော်မိသည်။ ယနေ့မှ ဘတ်စ်ကားတွေကလည်း တော်တော်နှင့် မလာနိုင်။ တက္ကစီ တစ်စီးဖြစ်ဖြစ် လာရင် ကောင်းမည်။ ကားတစ်စီးစီး မြန်မြန် လာပါစေဟုသာ ဆုတောင်းနေမိ၏။
“ ကိုယ့်ကို လူမျိုးခြားမို့လား ဘေဘီ။ ကိုယ့်မှာ စုထားတဲ့ ပိုက်ဆံတွေလည်း ရှိပါတယ်။ အလုပ်လုပ်စရာမလိုဘဲ ကျောင်းတက်နိုင်အောင် ကိုယ် တတ်နိုင်ပါတယ် .. ”
စက်ဆုတ်ရွံရှာဖွယ် စကားလုံးများနှင့် သူမကို အပိုင်သိမ်းဖို့ ကြိုးစားနေသည့် သူ့ဖက်လှည့်ကာ သူ့မျက်နှာကို မော့ကြည့်လိုက်သည်။
“ ရှင် ကျွန်မကို ဘယ်လိုမက်လုံးနဲ့မှ လာ မသိမ်းသွင်းနဲ့။ ကျွန်မက ကိုယ့်အားကိုယ်ကိုးချင်တဲ့ မိန်းမ။ ရှင့်ကို ကျွန်မ မိတ်ဆွေတစ်ယောက်ထက် မပိုနိုင်ဘူး။ ပြီးတော့ ကျွန်မ လူမျိုးခြားကို ချစ်သူရည်းစားအဖြစ် တွဲသွားတွဲလာ လုပ်ဖို့လည်း စိတ်ကူးမရှိဘူး။ ပြီးတော့ ရှင့်လို တစ်ခုလပ်ဆို ပိုလို့တောင် .. ”
ဒေါသတကြီး ပြောနေမိသော သူမ စကားမဆုံးခင် သူက အတင်းဆွဲဖက်လေသည်။ အားကုန်ရုန်းကာ သူ့ကိုဆောင့်တွန်းလိုက်ပြီး သိစိတ်က ထိန်းချုပ်နိုင်ခြင်း မရှိမှီမှာပင် သူ့ပါးကို လွှဲ ရိုက်မိပြီးသား ဖြစ်နေခဲ့ပြီ။
ထိုအချိန်မှာပင် ကံကောင်းထောက်မစွာဖြင့် တက္ကစီ တစ်စီး လာခဲ့သည်ဖြစ်ရာ ကားပေါ်ကို အမြန် ပြေးတက်လိုက်မိသည်။ ဒေါသစိတ်ဖြင့်၊ ရှက်ရွံစွာများဖြင့် သူမ အသားက တဆတ်ဆတ် တုန်လျက် ရှိကြ၏။
သူငယ်ချင်း ဖြစ်သူထံ ဖုန်းခေါ်ကာ အကျိုးအကြောင်း ပြောပြမိတော့ “ မနက်ဖန်ကျရင် မန်နေဂျာနဲ့ တိုင်စို့ ” ဆိုသည်။
“ ဟင့်အင်း.. ငါ အလုပ်ထွက်တော့မယ်။ အဲသည်လို မိုက်ရိုင်းတဲ့ ကောင်နဲ့ ထပ်မတွေ့ချင်ဘူး။ လူကို ဆွဲလားရမ်းလားနဲ့ ။ ယုတ်မာတဲ့ကောင်။ အဲလိုကောင်နဲ့ ထပ်မတွေ့ချင်ဘူး။ သတီတယ် .. ”
“ နင်ကလည်း ဒါဆို အရှုံးပေးရာ ရောက်သွားမှာပေါ့။ မနက်ဖန် ပုံမှန် အတိုင်းလာခဲ့။ ပြီးရင် ကူးမားဆီမှာ အတူတူ သွားတိုင်ကြမယ်.. နောက်ညတွေကျ အတူတူ ပြန်ကြတာပေါ့ဟာ။ ငါလည်း ပရောဂျက်တွေ ပြီးပါပြီ .. ”
အိမ်ပြန်ရောက်သည်အထိ တစ်လမ်းလုံး သူငယ်ချင်းနှင့် ဖုန်းပြောလာခဲ့ပြီးနောက် “ မနက်ဖန် အလုပ်လာပါ့မယ် ” ဟု ကတိပေးလိုက်သည်။
“ ဟေးဟေး.. နေဦး။ ဖိလစ်ပင်းကောင်တစ်ယောက်ရဲ့ပါး ရိုက်လို့ကောင်းလား ပြောခဲ့စမ်းပါဦး.. ”
ဖုန်းချမည် ပြင်စဉ် သူငယ်ချင်းက ခပ်ရွတ်ရွတ်မေးသည်။
“ အေး.. လက်ဖဝါးကို စိမ့်သွားတာပဲ ”
ရွဲ့ကာ ဖြေလိုက်ပြီးနောက် သူမလက်ဖဝါးကို သူမ မယုံမရဲ ငုံကြည့်မိလေသည်။
အခန်းပြန်ရောက်တော့လည်း လက်ဖဝါးကို ဖြန့်ကာ မချင့်မရဲ ပြန် ငုံ့ကြည့်မိပြန်သည်။ ဒီလက်က စောစောလေးကတင် အမျိုးသားတစ်ယောက်ရဲ့ပါးကို ရိုက်ပစ်ခဲ့သည်ပေါ့နော်။ အဲသည်လို လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ရဲသည့် သတ္တိတွေ ဘယ်တုန်းကတည်းက သူမမှာ ရှိနေခဲ့တာပါလိမ့်။ ထို့နောက် ဘာရယ်မဟုတ် သူမ အော်ရယ်လိုက်မိသည်။
၅။
နောက်တစ်နေ့ အလုပ်တွင် ကူးမားကို အကျိုးအကြောင်း ပြောပြပြီး တိုင်လိုက်တော့ သူက အလေးအနက်ထားကာ နားထောင်ခဲ့လေသည်။ သူမကို အပြစ်တင်စကားမဆိုဘဲ ဟိုတစ်ယောက်ကို သတိပေးလိုက်မည့်အကြောင်း ပြီးတော့ သူမ အလုပ်မထွက်ရန်နှင့် မကြာခင် ဟိုကူးမားလည်း ပြန်လာတော့မည် ဖြစ်ကြောင်းတို့ကို ပြောပြလေသည်။
အဲသည်ညက အလုပ်မပြန်ခင် သူ့ဆီမှ အီးမေးလ်တစ်စောင်ကို ရရှိခဲ့သည်။
“ ကိုယ် မင်းကို တောင်းပန်ပါတယ်။ မင်းရဲ့ ရိုးသားစွာ ခင်မင်မှုကို ကိုယ့်ရဲ့တစ်ဖက်သက် အတွေးတွေနဲ့ အထင်လွဲမိတာ စိတ်မကောင်းပါဘူး။ မင်းကို မနှောင့်ယှက်တော့ပါဘူးလို့ ကတိပေးပါတယ်။ ဒါပေမယ့် မင်းကို ကိုယ် တကယ်ကို လေးလေးနက်နက် စိတ်ဝင်စားတာပါ .. ”
တောင်းပန်စကားပြောရင်းက တကယ်စိတ်ဝင်စားတာပါ လုပ်နေသေးသော သူ့အီးမေးလ်ကို သူငယ်ချင်းအား ပြလိုက်တော့ သူငယ်ချင်းက “ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူး ” ဆိုတာ ဒါမျိုး ဟု ဆို၏။
၆။
ထိုနေ့မှစ၍ သူနှင့် မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေခဲ့သလို သူကလည်း သူမကို လာမရှာခဲ့ပါ။ ဘတ်စ်ကားဂိတ်တွင် မတော်တဆ ဆုံတွေ့ခဲ့လျှင်တောင် မမြင်ချင်ယောင် ဆောင်နေလိုက်သည်။ တလောလေးကပင် ခင်ခင်မင်မင် ရှိနေခဲ့သည့် လူနှစ်ယောက် ပြုန်းစားကြီး မသိဟန်ဆောင်ကာ စိမ်းစိမ်းကားကား ဖြစ်နေသည်ကို ဘေးလူတွေက စပ်စုကြ၏။ သူမဖက်က ဘာတစ်ခွန်းမှ မပြောဘဲ ရေငုံနှုတ်ပိတ် ခပ်ဆိတ်ဆိတ်နေခဲ့သည့်တိုင်အောင် ဘယ်ကနေ ဘယ်လိုဖြစ်သည် မသိ။ တစ်ပတ်လောက်အကြာတွင် သူမတို့ကြား ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို တစ်ရုံးလုံးနီးပါး သိသွားကြလေသည်။
ထိုသို့ တစ်ရုံးလုံး သိသွားခြင်းအတွက် သူမဖက်က နေတတ်ထိုင်တတ် ရှိခဲ့သော်လည်း သူကတော့ အမှားလုပ်ထားသူ ပီပီ ရှက်ရွံ့တတ်စွာ ခွင့်တစ်ပတ်ယူပြီး ရှောင်ပုန်းသွားခဲ့သည်။
၇။
သူခွင့်ယူသွားပြီးနောက် နှစ်ရက်အကြာတွင် သူမ သူငယ်ချင်းကလည်း အလုပ်မှ ခွင့်တစ်ရက်ယူလေသည်။ ထို့ကြောင့် ထုံးစံအတိုင်း သူမတစ်ယောက်တည်း ပြန်လာရသည်။ ဘတ်စ်ကားဂိတ်ရောက်တော့ ခုံတန်းလေးပေါ် ဝင်ထိုင်ကာ ကားစောင့်နေလိုက်သည်။ ထိုစဉ် သူမနာမည်ကိုခေါ်ကာ လှမ်းပြောလိုက်သော စကားသံတစ်ခုကို ကြားလိုက်၏။
“ ဆိုဖီ.. မင်းက ၈၅၂ စီးနေကြဟုတ်။ ငါလည်း ဒီည ၈၅၂ စီးရမယ်။ ငါ့ဘော်ဒါတွေနဲ့ သောက်ဖို့ ချိန်းထားတယ်လေ ”
လက်မကို နှုတ်ခမ်းနား ထေ့ကာ ခေါင်းမော့ပြပြီး အရက်သောက်ဟန် လုပ်ပြနေသည့် တခြားဌာနမှ လက်ထောက်မန်နေဂျာတစ်ယောက်ကို တွေ့လိုက်ရ၏။ ဘယ်တုန်းကများ သူ ရောက်နေတာပါလိမ့်။ ခွန့်တုန်ပြန် စကား မပြောချင်သဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ရှေ့ ပြန်လှည့်ကာ နားကြပ်ကို နားမှာထိုးထည့်ရင်း သီချင်းနားထောင်နေလိုက်သည်။
ဒီလူလည်း ဖိလစ်ပင်းလူမျိုးပင်ဖြစ်သည်။ ပြီးတော့ ဒီလူက မိန်းကလေးတွေကို ကြူတဲ့နေရာမှာ နာမည်ကြီးပြီး တော်တော်ရှုပ်ပွေသူ၊ စော်ကြည်သူဟု သတင်းဆိုးမွှေးသူ ဖြစ်၏။ သူငယ်ချင်း ပြောပြထားသဖြင့် အလုပ်ထဲမှာပင် သူနှင့်ငြိနေသော မိန်းကလေးတွေလည်း မနည်းဟု သူမ သိထားသည်။ မိန်းကလေးတွေကလည်း ဒီလူအကြောင်း သိသိကြီးနဲ့ အငြိခံကြသလား ဆိုတော့ သူငယ်ချင်းက လက်မနှင့်လက်ညှိုးကို ထိစပ်ကာ အဝိုင်းလေး ဝိုင်းပြခဲ့ဖူးသေးသည်။
“ ဟေးး ဆိုဖီ။ ကိုယ်က မင်းကို ခင်ချင်ရုံလေးတင်ပါ… တစ်မိုးအောက်မှာ အလုပ်လုပ်ကြတာဖြင့် ၆လကျော်နေပြီ။ စကားတောင် ကောင်းကောင်းမပြောဖူးသေးဘူးလေ .. ”
နားကြပ်တပ်ထားသည်ကို သူသိလျက်က အသံမြှင့်တင်ကာ အော်ပြောနေသဖြင့် ထပ်ပြီး ခေါင်းငြိမ့်ပြလိုက်ရသည်။
“ မင်း တစ်ခါကြုံဖူးတာနဲ့ ကိုယ်တို့လူမျိုးတိုင်းကို လူဆိုးချည်း မထင်လိုက်ပါနဲ့။ ဒီပုတ်ထဲမှာ ဒီပဲချည်း မဟုတ်ပါဘူး။ ကိုယ်က ရိုးရိုးသားသား ခင်ချင်တာပါ .. ”
အဲသည်လို ခင်ချင်ရုံလေးပါ၊ ရိုးရိုးသားသားပါ ဆိုသည့်စကားလုံးတွေကို သူမ ပိုကြောက်မှန်း သည်လူ သိဟန်မတူ။ ဒီလို စကားလုံးတွေက ယောင်္ကျားတစ်ယောက်အတွက် သူတို့ကိုယ် သူတို့ အကာအကွယ်ယူရန် သိပ်ကောင်းသည့် စကားလုံးတွေပဲလေ ။ သူတို့လို မာယာမုဆိုးတွေအတွက် တစ်ဖက်သား ကြွေလောက်အောင် ပြောတတ်သည့် အတတ်ပညာနှင့် စကားလုံးများသည် အဆိပ်ရည်လူးထားသောမြားတွေမှန်း သူမ သိနားလည်နေပါပြီ။
“ ဟုတ်ကဲ့။ အခု ကျွန်မ တစ်ယောက်တည်း အေးအေးဆေးဆေး သီချင်းနားထောင်ချင်လို့ပါ ”
မယုတ်မလွန် ပြန်ပြောလိုက်သည့် သူမ စကားကို ဒီလူ နားလည်သဘောပေါက်ပြီး ရှေ့ဆက် ဘာမှထပ်မပြောလျှင် ကောင်းမည်။ သို့သော် သူက တော်တော်လေးကို အလိုက်မသိတတ်သူ ဖြစ်နေ၏။
“ ကိုယ်က မင်းနဲ့ဟိုကောင့်အဖြစ်ကို ကြားကတည်းက ဟိုကောင့်ကို ဒေါသထွက်နေတာ။ ဘယ်နှယ့် အိမ်ထောင်ပျက်တစ်ခုလပ်က မိန်းမပျိုလေးတစ်ယောက်ကို … ဟင်းဟင်း .. ”
ဟင်းဟင်း ဟု ညစ်ရယ် ရယ်မောနေသော သူ့ မျက်လုံးများမှ အရိပ်အယောင်တွေ သည် ရိုးသားမှု လုံးဝရှိမနေတာကို သတိထားမိနေသည်။ သူ့မျက်လုံးတွေက သူမအပေါ် ယောင်္ကျားပီသစွာ တက်မက်စော်ကားနေကြ၏။
သူ့ကိုသူ လူလွတ်ဆိုပြီး လေကြီးနေသော သူ့ကို ရွံရှာစွာ ကြည့်လိုက်မိတော့ မီးရောင်အောက်တွင် သူ့နှာခေါင်းပွပွကြီးများက အဆီဖြင့် တဝင်းဝင်း ပြောင်နေလေသည်။
“ ဘယ်လိုကောင်မလေးတွေကများ သူ့ကို ပြန်ကြိုက်တာပါလိမ့် ”
“ အင်း.. ခုခေတ်က ရုပ်ချောဖို့ထက် ပိုက်ဆံအိတ်ထဲ ငွေဖောင်းဖို့ပဲ ပိုအရေးကြီးနေကြလား.. ”
ရှေ့ဆက်ပိုတွေးလျှင် ငရဲကြီးတော့မည် ဖြစ်သဖြင့် အတွေးတို့ကို လျှင်မြန်စွာ ဘရိတ်အုပ်လိုက်ရသည်။
“ မင်းက သိပ်ငြိမ်ပြီး နားအေးတာပဲနော်။ မင်းကို မြင်ရတာ အေးချမ်းမှု ရှိတယ်ကွ။ ကိုယ် အရင်က အေးတဲ့ မိန်းမတွေဆို သိပ်အမြင်ကပ်တာ.. မင်းကိုတော့ ကိုယ် ခင်နေမိတယ် .. ”
ဒီညလည်း ဘယ်လိုဖြစ်လို့ ဘတ်စ်ကားက မလာနိုင်တာပါလိမ့်နော်။ ခွန်းတုန့် စကားမပြန်လိုက်ဘဲ ပလက်ဖောင်းနား သွားပြီး ရပ်လိုက်သည်။ ထိုအခါ သူကပါ ထိုင်နေရာမှ ထလာကာ သူမနှင့်အတူ ဘေးချင်းယှဉ်ပြီး လာရပ်၏။
“ မင်း ကိုယ့်ကို ယုံယုံကြည်ကြည် ခင်လို့ရပါတယ်ကွ.. ဟင်းဟင်း ”
တဟင်းဟင်း သူ့ရယ်သံကြီးကို ကြားလေ ပိုပြီး စိတ်ပျက်ကာ ပိုပြီး ရွံရှာစက်ဆုပ်မိလေ ဖြစ်နေသည်။ ပြီးတော့ သူ့အပြောနှင့် အတွင်းစိတ်သည် ဆန့်ကျင်ဖက်ဖြစ်နေကြောင်း တဏှာမီးဝင်းဝင်းတောက်နေသည့် မျက်လုံးများက သက်သေခံနေကြသည် မဟုတ်လား။
“ ဟိတ်.. မင်း မာနသိပ်ကြီးတာပဲနော်.. ကိုယ်က ဟိုကောင်လို မဟုတ်ပါဘူးဆို .. ”
ထိုစဉ် အငှားကားတစ်စီး လာနေသည်ကို မြင်ရသဖြင့် ခပ်သွက်သွက် တားလိုက်ရသည်။ ကားပေါ်တက်ပြီး ကားတံခါးကို လျှင်မြန်စွာ ပိတ်လိုက်သည့်တိုင်အောင် သူ နောက်ဆုံး ပြောလိုက်သည့် စကားများက တပ်ကြပ်မကွာ လိုက်ပါလာကြသေးလေသည်။
“ မင်းရဲ့ ကူးမားကြီး ပြန်မလာခင် တစ်ခုခုအကူအညီလိုလျှင် ကိုယ့်ကိုပြောသိလား.. ကိုယ်က ရိုးသားပါတယ် ဟင်းဟင်းး ”
ကားနောက်မှီကို မှီထိုင်လိုက်ရင်း စိတ်ကို ဖြေလျော့ကာ သက်ပြင်းရှည်တစ်ခု ခပ်ဖွဖွ ချလိုက်မိသည်။ ယခုတလော သက်ပြင်းတွေ ခဏခဏ ချနေမိ၏။ သည်ပုံအတိုင်းသာဆိုလျှင် အသက်တော့ တိုတော့မည်လား မသိပါ။ ဘယ်ဘဝက ရေစက်ကြောင့် ဒီလိုယောင်္ကျားတွေရဲ့ လာပြီး ပတ်သတ်မှုကို ကြုံနေရတာပါလိမ့်။
“ ယောင်္ကျားတော်တော်များများဟာလေ.. မိန်းမတွေကို ကိုယ့်အားကို မကိုးတတ်ကြဘူးများ ထင်နေသလားမသိဘူး။ တစ်ခုခုဆို အားကိုးရှာမယ် ထင်နေကြတယ်။ တကယ့်ဖွတ်တွေပဲ .. ”
သူမအတွေးနှင့်သူမ ယောင်္ကျားတွေအပေါ် စိတ်ပျက်နေမိသည်။ သည်စကားကို ကြားလျှင် ယောင်္ကျားတွေက မခံမရပ်နိုင်ဖြစ်ကာ နာကြမည်လား မပြောတတ်ပါ။
၈။
ထိုညက အိပ်ရာထက်တွင် အိပ်မပျော်သေးသဖြင့် လှဲနေစဉ် မေမေ ပြောခဲ့ဖူးသည့် စကားများကို ပြန်လည် သတိရနေမိသည်။
“ သမီးရေ.. သမီး အဘိုးနှစ်ယောက်လို ယောင်္ကျားကောင်းတွေဆိုတာ တစ်သိန်းမှာ တစ်ယောက် ရှာမှရှားတွေ။ ဖေဖေတောင် သမီးအဘိုးတွေလောက် ကောင်းတာမှ မဟုတ်တာ.. တစ်ခါတစ်လေ အရည်လေးတမြမြနဲ့ အိမ်ပြန်နောက်ကျချင်နောက်ကျ၊ သူ့အင်္ကျီမှာ ဘာရေမွှေးနံ့တွေ စွဲပါလာမှန်းမသိပါလာနဲ့ .. မေမေက ဘာပြသနာမှ မတတ်ချင်လို့သာ ခုနောက်ပိုင်း မပြောတော့တာ သမီးရေ.. ငယ်စိတ်နဲ့ဆို လင်မယားချင်း ခွန်းကြီးခွန်းငယ်များပြီး ခဏခဏ ရန်ဖြစ်နေရမှာ အသေချာပဲ။ အသက်တွေ ကြီးလာလို့ စိတ်လျော့လိုက်ရတာပေါ့.. ”
အဲသည်စကားတွေ ပြောနေခဲ့တုန်းက မေမေ့မျက်ဝန်းထဲမှ နာကျင်မှုများကို သူမ ရိပ်မိခဲ့ပါသည်။ သူမ ကိုယ်တိုင်ကလည်း မေမေ့ပို့ချချက်တွေကြောင့်လား၊ သူမ ကြုံဆုံခဲ့ဖူးသော ယောင်္ကျားများ၏ ကျေးဇူးတော်ကြောင့်လား မသိ၊ သင်ခန်းစာတွေ တစ်ခုပြီးတစ်ခုရကာ ယောင်္ကျားအထာတွေတောင် တဖြည်းဖြည်း ကြေလာပြီ ဆိုရမည်။
“ ရိုးရိုးသားသား ခင်ချင်တာပါတဲ့။ ယုံချင်စရာပဲနော်”
“ တစ်ခါသေဖူးပြီးတာတောင် ပျဉ်ဖိုး နားမလည်သေးရင် နောက်တစ်ခါ ခဲမှန်ခံရတဲ့ စာသူငယ်ကို ဘယ်သူက သနားတော့မှာလဲကွယ်”
သူမအတွေးကို သူမ သဘောကျစွာ ပြုံးလိုက်မိပြီး အိပ်ရာထက်တွင် ချိတ်ဆွဲထားသော Dream Catcher လေးတစ်ခုကို မော့ကြည့်နေရင်းက ဘာရယ်မဟုတ် လက်ညှိုးနှင့် ခပ်ဖွဖွလေး တောက်လိုက်မိ၏။ သူမ မျက်လုံးထဲတွင် အရှိန်တစ်ခုကြောင့် လွန့်လူး ယိမ်းခါသွားသော ထိုအရာလေးမှ ငှက်မွှေးတောင်လေးများက လေထဲတွင် ဖွာခနဲ ။
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်
--

No comments:
Post a Comment