Sunday, April 13, 2014

အဝေးက ဥယျာဉ်မှူး



“ကောင်းပြီ…..မိုးသောက်   နင့်ဆန္ဒက  ဒီလိုဆိုမှတော့  ငါဘာမှထပ်ပြောစရာမရှိတော့ဘူး။
 ငါ့ခံစားရသလို နင်ပြန်ခံစားရတဲ့ တစ်နေ့ နင်ငါ့ကို ကိုယ်ချင်းစာနိုင်မှာပါ။
အရာအားလုံးအဆင်ပြေပါစေ……Good Luck”  လို့
ပြောပြီး နွယ်  မိုးသောက်ကို ကျောခိုင်းပြီး ထွက်လာခဲ့တယ်။ နွယ်ရဲ့ မျက်လုံးတွေထဲမှာ ဒေါသ မဟုတ်ဘဲ မီးတစ်ချို့တောက်လောင်နေတာကို မိုးသောက်တွေ့ခဲ့ရတယ်။
“နင့်ကို လမ်းခွဲစကားပြောခဲ့ပေမယ့် ငါ့ရင်ထဲမှာ မချိအောင်ခံစားရတယ်….နွယ်ရေ   ဘ၀ပေး ကံကြမ္မာက နင်နဲ့ ငါ့ကြား  စည်းတားခဲ့ပေးတာကို သိရက်နဲ့ ဇွတ်မိုက်ချင်ခဲ့မိလို့   နင့်ကိုဝေဒနာတွေ ပေးခဲ့မိပြီ   နွယ်။
နင့်ငါ့ကို ခွင့်မလွှတ်ပါနဲ့…..”  လို့
ပါးစပ်က ဖွင့်ဟပြောချင်ပေမယ့် တကယ်တမ်းကျတော့ ဘာစကားမှပြောမထွက်ခဲ့ဘူး။ လှည့်ထွက်သွားတဲ့သူရဲ့ ကျောပြင်ကြည့်ပြီး ကျန်ခဲ့တဲ့သူက ကမ္ဘာပျက် မတက်ပါပဲ။  ၀ဲတက်လာတဲ့ မျက်ရည်စတို့ကို မကျအောင် မျက်လုံးကို ပုတ်ခတ်ထိန်းရင်း နွယ့်ကို ကျောခိုင်းလိုက်တယ်။

“မိုးသောက်   မိုးသောက်”
 အိမ်ရှေ့ကအော်ခေါ်သံကြောင့် မိုးသောက် အိပ်ရာကနေ ထလိုက်တယ်။ နာရီကို လှန်းကြည့်လိုက်တော့  နံနက်၇ နာရီခွဲ။ အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ ခြံဝကနေ အော်ခေါ်နေတဲ့ မင်းညိုကို တွေ့ရတယ်။
“ဟေ့ကောင်   မိုးသောက်  မထသေးဘူးလား၊ လာကွာ  ငါတို့ လက်ဘက်ရည်ဆိုင်သွားရအောင်”
မင်းညိုကို လက်ပြလိုက်တယ်။ သဘောက ခဏစောင့်ဆိုသည့်သဘော၊  ရေချိုးပြီး မင်းညိုနဲ့အတူ လက်ဘက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။
“မိုးသောက်  မင်းရဲ့ နွယ် မကြာခင် စေ့စပ်တော့မယ်လို့ ငါကြားတယ်ဟုတ်လား။   မင်းနဲ့ကော အခြေအနေက ဘယ်လိုလဲ။”
မင်းညိုရဲ့စကားက မိုးသောက်နားထဲကို သံရည်ပူလောင်းထည့်လိုက်သလိုပဲ…..
“နွယ်နဲ့ငါ ပြတ်သွားပြီ။  ငါကိုယ်တိုင်ပဲ လမ်းခွဲစကားပြောခဲ့တာ။”
မိုးသောက်ရဲ့ အသံက အေးစက်စက်ဖြစ်နေပေမယ့် ရင်ထဲမှာတော့ ပူလောင်နေခဲ့ပါတယ်။
“မင်းတို့အဖြစ်ကလည်း အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေပြီ၊ မိုးသောက်ရ    မင်းကလည်းချစ်ရက်နဲ့ ဘာကြောင့် နွယ့်ကို လမ်းခွဲခဲ့ရတာလဲ။ မင်းလမ်းခွဲစကားပြောတုန်းက နွယ်က ဘာမှမပြောဘူးလား။”
 “တော်ပြီ၊  မင်းညိုရာ။ ငါလက်ဖက်ရည်သောက်ချင်စိတ်မရှိတော့ဘူး။  ပြန်တော့မယ်ဟာ”
ပြောပြီး လက်ဘက်ရည်ဆိုင်ကနေ ထပြီး ထွက်လာခဲ့မိတယ်။

နွယ်ရယ်   ငါနင့်ကို လမ်းခွဲခဲ့တယ်ဆိုတာ  ချစ်လျှက်နဲ့ စွန်လွှတ်ခဲ့တာပါ။ နင့်ကို ငါသိပ်ချစ်ပေမယ့် ခက်ခဲတဲ့ ငါ့ဘ၀ထဲကို နင့်ကို ဆွဲမသွင်းရက်ဘူး။ စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်းမကျနိုင်တဲ့ ငါတို့ဘ၀ထဲကို နင်ဝင်လာရင် ခက်ခဲမှာကို သိရက်နဲ့ ငါမခေါ်ပါရစေနဲ့ ကောင်မလေးရယ်။  ဒါကို နင်က သရဲဘောကြောင်တဲ့သူလို့ပြောလည်း  ငါခံပါ့မယ်။  ငါ့ရဲ့ ဘာမှမဟုတ်တဲ့ သတ္တိအတွက်  နင့်ဘ၀ကို မချို့တဲ့စေချင်ဘူး…….ကောင်မလေးရေ။ ငါနဲ့ဝေးရာနေရာ၊  နင့်ဘ၀ကို ဒီထက်သာယာစေမယ့် အရာတွေကြားထဲမှာ နင်ပျော်မွေ့စွာနေပါ ကောင်မလေးရေ……………

ဒီနေ့ မိုးသောက် အလုပ်ရှာဖို့ မြို့ထဲကို ထွက်လာခဲ့တယ်။ ပြေလည်တယ်ဆိုရုံ ပြောလို့ရတဲ့ သာမာန်မိသားစုလေးထဲမှာ မိုးသောက်က အကြီးဆုံးသား၊  မိုးသောက် အောက်မှာ အထက်တန်း မပြီးသေးတဲ့ ညီမလေးတစ်ယောက်နဲ့ ညီလေးတစ်ယောက်ရှိတယ်။ မိသားစုတစ်စုလုံးက အဖေ့ရဲ့ တက္ကစီနဲ့ အမေ့ရဲ့ မုန့်ဟင်းခါးဆိုင်လေးကိုပဲ အားကိုးနေရတယ်။ ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်တဲ့ မိုးသောက်ကို မိဘတွေက နိုင်ငံခြားအထိသွားပြီး ပညာဆက်သင်စေချင်ပေမယ့် မိဘပင်ပန်းတာကို သိလျှက်နဲ့ ဒီထက်ပိုပြီး ပညာရေးကို မကြိုးပမ်းချင်တော့။ ဒီထက်ပိုပြီး ကျောင်းတက်၊ ကျူရှင်တက်မလုပ်ချင်တော့ပေ။  ဒါကြောင့် မိဘဆန္ဒကော မိုးသောက်ဆန္ဒပါ ပြည့်ဝအောင် အလုပ်လုပ်ရင်း ကျောင်းဆက်တက်ဖို့ မိုးသောက် ဆုံးဖြတ်ခဲ့ပြီး မြို့ထဲကို ထွက်လာခဲ့ခြင်းဖြစ်သည်။

ရာသီဥတုက ပူတာကြောင့် မြို့ထဲတစ်နေရာမှာ မိုးသောက် အအေးသောက်ရန်ဆိုင်ထဲကို ၀င်လာခဲ့တယ်။ လမ်းမဘက်ကို မျက်နှာမူပြီး အအေးတစ်ပုလင်းကို မှာသောက်နေမိတယ်။  ရုတ်တရက် မြင်လိုက်ရတဲ့ မြင်းကွင်းတစ်ခုကြောင့် မိုးသောက် လက်ထဲက အအေးပုလင်းက အအေးဓါတ်တွေတောင် ပျယ်လွင့်သွားသလိုခံစားလိုက်ရတယ်။ ကားအကောင်းစားကြီးပေါ်ကနေ ဆင်းလာတဲ့ နွယ်၊  သူ့ဘေးမှာလည်း  ခပ်ချောချော၊ခပ်ဖြောင့်ဖြောင့်  ကောင်လေးတစ်ယောက်။ နွယ့်လက်ကို ပိုင်စိုးပိုက်နင်း ကိုင်လို့၊  ဆိုင်တစ်ဆိုင်ထဲကို ၀င်သွားတယ်။  လက်ထဲက အအေးပုလင်းကို ချပြီး မိုးသောက် တွေတွေလေးထိုင်နေမိတယ်။  ဘယ်လောက်ကြာကြာထိုင်နေမိလဲ မသိလိုက်ဘူး။ မိုးသောက် အသိစိတ်တွေပြန်ဝင်လာတဲ့ အချိန်က နွယ် ကားပေါ်တက်ရန်၊ အဲဒီခပ်ချောချောကောင်လေးက ကားတံခါးကို အလိုက်တသိနဲ့ ဖွင့်ပေးနေတယ်။ တကိုယ်လုံးမှာ ရှိတဲ့သွေးတွေ ဆူပွက်လာသလို၊ ရင်ဘက်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာက ဟာသွားသလိုပဲခံစားရတာလား၊ နာကျင်မှုကိုပဲ ခံစားရတာလား   မိုးသောက် တစ်ယောက်မဝေခွဲတတ်တော့ပေ။ နွယ်ပါသွားတဲ့ ကားအကောင်းစားကြီးကို မိုးသောက် ငေးကြည့်နေရင်း ၀ဲတက်လာတဲ့ မျက်ရည်တွေကို ကြိုးစားပြီး ထိန်းလိုက်တယ်။ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေထွက်လာတော့ နွယ်တို့ ၀င်သွားဆိုင်ကို ဘာရယ်ဟုတ်ဘူး လှန်းကြည့်မိတယ်။ xxxx ဖိတ်စာရိုက်တဲ့ ပုံနှိပ်တိုက်ပဲ။  ဒါဆိုရင် နွယ်က စေ့စပ်ပွဲအတွက် ဖိတ်စာလာလုပ်တာထင်တယ်။  အပြင်က ရာသီဥတုထက် ရင်ထဲက ဒဏ်ရာပူလောင်မှုက ပိုဆိုးတယ် ကောင်မလေးရေ….  ရွှေပုံပေါ်မှာပဲ နင့်ဘ၀ သာယာပါစေ……ငါဆုတောင်းပေးနေတယ်။

ဒီလိုနဲ့ မင်းညိုကျေးဇူးကြောင့် မိုးသောက် အလုပ်တစ်ခုရခဲ့တယ်။ အလုပ်က  မပင်ပန်းဘဲနဲ့ လစာလည်း တော်နေလောက်ပဲ။ မိုးသောက်အတွက် အရာရာကို အဆင်ပြေနေခဲ့တာပေါ့။
“မိုးသောက်   မင်းအလုပ်အဆင်ပြေတယ်မဟုတ်လား”
မင်းညိုနဲ့ အလုပ်က အပြန်မထင်မှတ်ဘဲ တွေ့မိသဖြင့် မင်းညိုက မေးခြင်းဖြစ်သည်။
“အေး  ပြေတယ်ကွ၊ မင်းကျေးဇူးကြောင့်  ငါအလုပ်ရတာ  မင်းကို ငါ လက်ဖက်ရည်လိုက်တိုက်မယ်လေ။”
          “ရပါတယ်ကွာ၊  ငါက ပြောပေးရုံသက်သက်ပါ။  မင်းအဆင်ပြေရင်ပြီးတာပဲ  ငါသွားတော့မယ် မိုးသောက်၊  နောက်မှတွေ့မယ်။”
မင်းညိုက သူ့အိမ်ရောက်တော့ မိုးသောက်ကို နှုတ်ဆက်ပြီးထွက်သွားတယ်။ မိုးသောက် အိမ်ရှေ့ရောက်တော့ ကားအကောင်းစားကြီးတစ်စီး ရပ်ထားတာကို တွေ့လိုက်တယ်။  ကားကို မြင်လိုက်ကတည်းက နွယ်ရောက်နေမှန်း မိုးသောက် သိလိုက်တယ်။ နွယ်နဲ့ ရင်ဆိုင်ဖို့ သတိမရှိပေမယ့်လည်း မတွေ့ဘဲရှောင်ပုန်းလို့မှ မရတာပဲ။  အားတင်းပြီး မျက်နှာကို ပြင်လိုက်တယ်။ အိမ်ထဲကို ၀င်လိုက်တာနဲ့ ဧည့်ခန်းမှာ ထိုင်နေတဲ့ နွယ့်ကို တွေ့လိုက်ရတယ်။
          မတွေ့ရတာကြာလို့လား မသိဘူး  နွယ်   နင်သိပ်ကိုလှလာတယ်။ နောက်ဘ၀များရှိခဲ့ရင် ငါနင့်ကို လက်ကို ဘယ်တော့မှ မလွှတ်တော့ဘူး…..သိလား နွယ်။  အကြောင်းက နင်သိပ်လှလို့မဟုတ်ဘူး။   နင့်ကို ငါမြတ်နိုးလွန်းလို့ပါ။

“သြော်  သက်နွယ်ရောက်နေတာလား။   ပြောလေ   ဘာကိစ္စရှိလို့လဲ”
ရင်ထဲမှာ နာကျင်နေပေမယ့်  အသံကို တတ်နိုင်ဆုံးထိန်းပြီးတော့ပြောလိုက်တယ်။
“မိုးသောက်  ဒီမှာ ”
နွယ် လှန်းပေးတဲ့ ပန်းရောင် ဖိတ်စာလေး၊  အထဲမှာ ဘာလဲဆိုတာ ဖွင့်မကြည့်လည်း ငါသိပြီးသားပါ နွယ်ရယ်။
“ငါ့ရဲ့ စေ့စပ်ဖိတ်စာ ငါကိုယ်တိုင်  နင့်ကိုပေးချင်လို့  လာပေးတာပါ၊  ကိုယ်တိုင်လာဖိတ်တာ  လာစေချင်တဲ့သဘောဆိုပေမယ့်  ငါတစ်ခြားသူနဲ့ စေ့စပ်မယ့်ပွဲကိုတော့ ငါအချစ်ဆုံးနင့်ကို မရှိစေချင်ဘူး။ ငါအဲဒါလာပြောတာ ငါသွားတော့မယ် မိုးသောက် ”
မျက်ရည်တွေကို တတ်နိုင်သမျှထိန်းထားကြပေမယ့်  နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ ကြေကွဲနေတာကို သူတို့နှစ်ယောက် အပြင် ဘယ်သူက ပိုသိနိုင်ဦးမှာလဲ………….

          ဒီနေ့ နွယ် စေ့စပ်မယ့်နေ့ပဲ။ မကြည့်ရဲတာလား၊ မကြည့်ချင်စိတ်မရှိတာလား ဘာကြောင့်မှန်းမသိတဲ့အဲဒီစိတ်ကြောင့်  မိုးသောက် နွယ့်ရဲ့ဖိတ်စာကို ယောင်လို့တောင်ဖွင့်မကြည့်မိခဲ့ဘူး။ အဲဒီတော့ စေ့စပ်ပွဲအချိန်ကို မသိဘူး။ အလုပ်သွားဖို့လည်း စိတ်မပါဘူး။ ဒါပေမယ့်လည်း အိမ်မှာနေရင် အတွေးတွေက ဟိုရောက်ဒီရောက်နဲ့မို့ အလုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ် နွယ်၊   ငါ့ဘ၀ရဲ့ အမြတ်နိုးဆုံး နင့်ကို စွန့်လွှတ်လိုက်ရတာ ဘယ်လောက်နာကျင်ရလဲဆိုတာ ခံစားဖူးတဲ့သူမှ သိနိုင်မှာပါ။ မိုးသောက်တစ်ယောက် စိတ်နဲ့ ကိုယ်နဲ့ မကပ်ဖြစ်ပြီး အာရုံတွေလွင့်နေလိုက်တာ။  သတိရလို့ နာရီကို ကြည့်လိုက်မိတော့မှပဲ သူကားဂိတ်မှာ ရပ်နေတာ နှစ်နာရီ နီးပါးရှိမှန်းသတိထားမိတယ်။
“အသိစိတ်ပြန်ဝင်စမ်း မိုးသောက်   မင်းကိုယ်မင်းသတိထားလေ။  မင်းသိပ်မြတ်နိုးတဲ့သူ ကောင်းစားဖို့ပဲ မင်း အသဲကွဲတာ ဘာမှမဖြစ်ပါဘူး။ အားတင်းထားစမ်းပါကွာ”
ကိုယ့်ကို ကိုယ် အားပေးရင်း နွယ့်ဆီရောက်နေတဲ့ စိတ်တွေကို တတ်နိုင်သမျှစုစည်းလိုက်တယ်။  ဒီအချိန်ဆိုရင်တော့ နွယ်တစ်ယောက် သိပ်ကို လှနေမှာပဲ။  နဂိုကတည်းက လှတဲ့နွယ်၊ ပြင်လေရုပ်ထွက်လေပဲ။ နွယ်ရယ်   ငါလေ နင့်ကို သိပ်လွမ်းတာပဲဟာ……..   မိုးသောက် သတိထားမိတဲ့အချိန် ပါးပြင်ဟာ စိုစွတ်နေတယ်။ ဘေးက ထိုင်နေတဲ့ အဒေါ်ကြီးက ထူးထူးဆန်းဆန်းကို မိုးသောက်ကို စိုက်ကြည့်နေတယ်။ အဲဒီတော့မှ အသိစိတ်ပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတယ်။ မိုးသောက်ဆင်းရမယ့် မှတ်တိုင်ထက် နှစ်မှတ်တိုင်တောင်ကျော်သွားပြီပဲ။ ရောက်တဲ့ မှတ်တိုင်ကနေဆင်းပြီး ဆင်းရမယ့် မှတ်တိုင်ကို လမ်းလျှောက်လာခဲ့တယ်။ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲနာရီကိုပဲ တကြည့်ကြည့်နဲ့  နွယ်…..နင်ငါ့ကို စိတ်ကို တကယ်ပဲ ဖမ်းစားနိုင်ခဲ့ပါတယ်။   အခုချိန်မှာ တန်ခိုးရှင်တစ်ယောက်က ငါ့ကို လာပြီး ဖြစ်ချင်တဲ့ဆန္ဒပြောဆိုရင် ငါလေ အခုနင့်ဘေးမှာရပ်နေတဲ့ သတိုးသားလောင်းနေရာမှာ ငါပဲဖြစ်ပါစေဆိုတဲ့ ဆုကို တောင်းမိမှာ အမှန်ပဲ။

တစ်နေ့လုံးလည်း အလုပ်ထဲမှာ စိတ်မပါဘူး။ စိတ်နဲ့ ကိုယ်နဲ့ မကပ်သလို၊ စိတ်တွေက နွယ့်ဆီကိုပဲ ရောက်ရောက်နေတယ်။ ငါကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းပေမယ့် ငါမလျှောက်နိုင်ဘူးထင်တယ်နွယ်။  ငါရွေးချယ်ခဲ့တုန်းက ပင်ပန်းမယ်မှန်းသိခဲ့ပေမယ့်  ဒီလောက်ပင်ပန်းလိမ့်မယ်ဆိုရင်  ငါဒီလမ်းကို ရွေးချယ်ဖြစ်မှာ မဟုတ်ဘူး……နွယ်။ အခုတော့ ငါ…………..
          အလုပ်ကအပြန် ရုတ်တရက်တွေ့လိုက်ရသူက  နွယ့်သူငယ်ချင်း ချစ်စု။
“ဟယ် မိုးသောက်  နင်ဘယ်က ပြန်လာတာလဲ။ နေမကောင်းဘူးလား။”
“ကောင်းပါတယ်။ ငါအလုပ်က ပြန်လာတာ၊  နင်ကော ဘယ်သွားမလို့လဲ”
“သြော် ငါက နင့်ဆီကို တမင်လာခဲ့တာ။  ဒီနေ့ နွယ့်ပွဲကို နင်ဘာလို့ မလာခဲ့တာလဲ မိုးသောက်
နွယ်က နင့်ကို ရှာနေခဲ့တာ။ ”
“ငါဘယ်လိုအင်အားမျိုးနဲ့ လာရမှာလဲ ချစ်စုရယ်။ အခု ငါ့ပုံစံကို နွယ့်ကို မမြင်စေချင်ဘူး။  နွယ်ပျော်ပါစေ ”
“နင်က နွယ်ပျော်နေတယ်လို့ ထင်နေတာလား မိုးသောက် အဲဒါဆိုရင်တော့ နင်မှားသွားပြီ  မိုးသောက်
နင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်ပါစေဆိုပြီး  နင်တို့ကိုယ် နင်တို့ဒဏ်ရာတွေပေးနေတာ  ရော့   ဒီမှာ နွယ်ပေးလိုက်တယ်  နင့်အတွက်စာတဲ့   နင်ဟာနင်ဖတ်ကြည့် ငါသွားတော့မယ်။”
ချစ်စုက မိုးသောက် လက်ထဲကို စာအိတ်လေးတစ်ခု ထည့်ပေးပြီး ထွက်သွားတယ်။
မိုးသောက်
          ငါဒီနေ့ စေ့စပ်ပြီး နိုင်ငံခြားကို ထွက်သွားရတော့မယ်။ အခု နင်ဒီစာကိုဖတ်နေချိန်မှာ ငါက လေယာဉ်ပေါ်ရောက်ရင် ရောက်နေလောက်ပြီ။ ဟိုတစ်နေ့ကတည်းက နင့်ကို နှုတ်ဆက်ချင်ပေမယ့်  နင့်မျက်နှာကိုကြည့်ပြီး  ငါပြောမထွက်ခဲ့ဘူး။  ဒီနေ့ နင့်ဆန္ဒတွေပြည့်မြောက်ခဲ့ပြီ။  နင်ဖြစ်စေချင်သလို  နင်ပျော်ရွှင်ဖို့ ငါ့မျက်ရည်တွေနဲ့ စတေးခဲ့တယ်။  နင်ပျော်ရွှင်ပါစေ……ဝေးကနေငါဆုတောင်းပေးနေပါ့မယ်။  နင်မှတ်ထားဖို့ တစ်ခုက ငါ့တစ်ဘ၀လုံးမှာ ချစ်ရဆုံးသူက နင်ဆိုတာပဲ……ကျန်းမာရေးဂရုစိုက်ပါ။
မိုးကို သိပ်ချစ်တဲ့
နွယ်
သွားလိုက်ပါတော့ ကောင်မလေးရယ်………   နင့်ဘ၀ကို  ဒီထက်သာယာစေချင်လို့   နင်လျှောက်မယ့်လမ်းမှာ ငါ့မျက်ရည်တွေနဲ့ နှလုံးသားကို ခင်းပေးလိုက်ပါတယ်။  နင်ပျော်ပျော်ကြီးသာ  နင်းလျှောက်သွားပါတော့  နွယ်ရယ်……မငိုလည်း တားမရတဲ့ မျက်ရည်တွေက ပါးပြင်ထက်မှာ…… ပတ်ဝန်းကျင်က လူတွေဝိုင်းကြည့်နေတဲ့ မျက်လုံးတွေကိုလည်း မိုးသောက်တစ်ယောက် ဂရုမစိုက်နိုင်တော့ဘူး။ ယောက်ျားမို့လို့ မျက်ရည်မကျရဘူးလို့တော့ တစ်ဖက်သတ်မပြောပါနဲ့နွယ်….  ယောကျာ်းလည်း သွေးသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်နဲ့ နင့်အတွက်ဆိုရင် ချစ်ခြင်းတွေပဲရှိတဲ့ နှလုံးသားနဲ့ပါ……..  ငါကိုယ်တိုင်ရွေးချယ်ခဲ့ပေမယ့်  ငါ့မှာ ခံနိုင်ရည်မရှိဘူးထင်တယ်….နွယ်…..
          နွယ် ဒီနေ့ဆိုရင် နင်ငါနဲ့အဝေးကြီးကို ထွက်သွားတာ သုံးလပြည့်ပြီ။ နင်အဆင်ပြေရဲ့လား။  ငါသိပ်သိချင်တယ်။  နင့်သတင်းတွေကို ငါစုံစမ်းပေမယ့် ငါဘာတစ်ခုမှ မသိခဲ့ရဘူး။ အချိန်တွေ ဘယ်လောက်ကြာကြာပါ ပြန်တွေးတိုင်း ရင်ထဲက ဒဏ်ရာတွေ တိုးတိုးပြီး နာကျင်လာသလို၊ နင့်ကိုချစ်တဲ့ အချစ်တွေလည်း တိုးတိုးလာတယ်။  ငါနင့်ကို သိပ်လွမ်းတယ်….နွယ်ရယ်….
မိုးသောက်တစ်ယောက်တည်း နွယ်နဲ့အတူထိုင်နေကြ ကန်တော်ကြီးထဲက ခုံတန်းလေးပေါ်မှာ ရေးနေမိတယ်။ နွယ့်ကို သတိရတဲ့ အချိန်တိုင်း နွယ်နဲ့ အတူသွားခဲ့ဖူးတဲ့နေရာလေးတွေကို သွားလိုက်ရင်ဖြစ်ဖြစ် နွယ်ကြိုက်တဲ့ သီချင်းတွေကို နားထောင်လိုက်ရင်ဖြစ်ဖြစ် နွယ့်ကို လွမ်းတဲ့စိတ်တွေ တ၀က်သက်သာသွားသလို နွယ်ဘေးနားရှိသလို ခံစားရတာကြောင့် မိုးသောက် အမြဲတမ်းဒီလိုပဲ လုပ်နေခဲ့တယ်။
          ဒီနေ့ ဘာကြောင့်မှန်းမသိဘူး စိတ်တွေလေးနေတယ်။ အလုပ်ထဲမှာလည်း လုပ်ရတာ စိတ်မပါသလိုပဲ။  ရုတ်တရက် မိုးသောက်ရေ ဖုန်းလာတယ်လို့ ရုံးက စာရေးမလေး အော်သံကြောင့် မိုးသောက်တစ်ကိုယ်လုံး လန့်စိတ်ကြောင့် တုန်တက်သွားတယ်။ ဖုန်းထဲက ပြောတဲ့စကားသံကြောင့် မိုးသောက်တစ်ကိုယ်လုံး ပူထူသွားခဲ့တယ်။  အလုပ်ရှင်ကို ခွင့်တိုင်ပြီး ရန်ကုန်ဆေးရုံကြီးကို အမြန်လိုက်သွားခဲ့တယ်။ အကြောင်းက မိုးသောက် အဖေ ကားအက်စီးဒင့် ဖြစ်လို့ ဆေးရုံက အရေးပေါ်ခန်းထဲမှာ…..
“အမေ……  အဖေဘယ်လိုနေသေးလဲ အခြေအနေ ဘယ်လိုရှိလဲ”
“မသိရသေးဘူးသား……  စစ်ဆေးနေကြတုန်းပဲ”  အမေ့မျက်နှာတစ်ခုလုံးလည်း မျက်ရည်တွေနဲ့ ရွှဲနေတယ်။
ဘာမှကြီးကြီးမားမားမထိခိုက်ပေမယ့် ခြေထောက်ကြိုးသွားလို့ စတီးချောင်းထည့်ပြီး အဆင်ပြေသွားခဲ့တယ်။ အဆင်မပြေတာတစ်ခုက  အဖေ့တက္ကစီကရတဲ့ငွေလေးပေါ် မှီနေတဲ့ အိမ်စားစရိတ်လေး။ စတီ်းချောင်းထည့်ထားတာကြောင့် ဆရာဝန်က ခြောက်လလောက်ကားမမောင်းခိုင်းဘူး။ အမေ့ မုန့်ဟင်းခါးဆိုင်လေးရဲ့ ၀င်ငွေက မောင်လေးနဲ့ ညီမလေးရဲ့ ကျောင်းစရိတ်နဲ့ပဲလုံးပါးပါးသွားတာပဲ။ အခုတော့ ဒီပြသနာကို ဖြေရှင်းဖို့ မိုးသောက်ရဲ့ခေါင်းပေါ်ကို မိုးသောက်ကိုယ်တိုင်က မခံယူဘဲ ရောက်လာခြဲ့ပီ။
“သား….မိုးသောက်   ဒီတစ်ပတ်ဆိုရင် မင်းအဖေဆေးရုံတက်တာ တစ်လပြည့်တော့မယ်။ အမေ့လက်ထဲမှာလည်း ငွေက ဆိုင်အတွက် အရင်းအနှီးလောက်ပဲ ရှိတော့တယ်။  လကုန်ဖို့လည်း တစ်ပတ်ပဲလိုတော့တယ်။ လကုန်ရင် မင်းညီမနဲ့ ညီလေးအတွက် ကျောင်းစရိတ်တွေပေးရဦးမယ်။ သားလက်ထဲမှာ ငွေလေး နည်းနည်းပါးပါးလောက်ရှိလား သားအဆင်ပြေရင် အမေ့ကို နည်းနည်းလောက် ခဏလှည့်ပါလား။”
“အမေက ဘယ်လောက်လိုလိုလဲ။ ”
“xxxxxလောက်လိုတယ်။ သားမှာ အဆင်ပြေပါ့မလား”
“အမေက အခုလိုတာလား၊ လကုန်မှ မဟုတ်လား။  လကုန်ရင် ကျွန်တော် ပိုက်ဆံရစရာရှိတယ်။ အဲဒီကြရင် အမေ့ကို ပေးပါ့မယ်။”
“အေးပါသား။  အမေ အဆင်ပြေရင် ပြန်ပြီး ပေးပါ့မယ်။”
“မဟုတ်တာ အမေရာ၊ ကျွန်တော်က ပေးရမှာပါ။ ကျွန်တော်အခုပေးတဲ့ငွေက နည်းတောင်နည်းနေသေးတယ်။ နောက်ဆိုရင် ညီမလေးနဲ့ ညီလေးရဲ့ ကျောင်းစရိတ်ကို ကျွန်တော်က ထောက်ပံ့ပေးပါ့မယ်……အမေက အဖေ့ကိုသာ ဂရုစိုက်ပါ…..”
မိုးသောက်ရဲ့စကားကို ပြူံးပြီး ပီတိဖြာတဲ့ မျက်နှာနဲ့ သာဓုအကြိမ်ကြိမ်ခေါ်ရင်း အခန်းအပြင်ကို ထွက်သွားတဲ့ အမေ့နောက်ကျောကို ကြည့်ရင်း မိုးသောက်ရင်လေးမိသည်က အမှန်။ ဒီလောက်ငွေကို တစ်ပတ်အတွင်းမှာ မိုးသောက် ဘယ်နားမှာသွားရှာရမလဲ။ နောက်ပြီး ဒီအလုပ်နဲ့ဆိုရင် ညီမလေးနဲ့ ညီလေးရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့နိုင်မှာမဟုတ်ဘူး။  မိုးသောက်ခေါင်းထဲမှာ ဒူဒူဝေသွားတာပဲ…စဉ်းစားမရတဲ့အဆုံး လက်ဘက်ရည်ဆိုင်ကို ထွက်ခဲ့တယ်။
“ဟေ့ကောင်  မိုးသောက်   ငါဒီလောက်ခေါ်နေတာတောင် မကြားရအောင် မင်းဘာတွေစဉ်းစားနေတာလဲဟ”
ရုတ်တရက် ပုခုံးကို လာပုတ်လိုက်တဲ့ မင်းညိုကြောင့် မိုးသောက် အတွေးနယ်ထဲကနေ ခဏရုန်းထွက်နိုင်ခဲ့တယ်။
“သြော်  မင်းညို ဆောရီးကွာ   ငါ့မှာ စိတ်ညစ်စရာကိစ္စတွေကြောင့်  ငါစိတ်နဲ့ကိုယ်နဲ့မကပ်ဘူးဖြစ်နေတယ်”
“မင်းက ဘာတွေစိတ်ညစ်နေတာလဲ။  မင်းအဖေကော ဘယ်လိုနေလဲ ငါလည်း အလုပ်မအားလို့ မလာကြည့်ဖြစ်တာ  ပြောလေ  မင်းစိတ်ညစ်နေတာတွေ ငါကူညီလို့ရရင် ကူညီပ့ါမယ်။”
“@@@####$$$$”
မင်းညိုနဲ့ တွေ့ပြီး ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လိုက်လို့လားမသိ၊ ခုနကလောက်တော့ ရင်ထဲမှာ မွန်းကျပ်မနေတော့ဘူး။  ဒါပေမယ့်  ဒီငွေတွေ ဘယ်လိုရှာရမလဲတွေးရင်း  မိုးသောက် ဒီညတော့ အိပ်ပျော်နိုင်ဖို့မလွယ်တော့ပေ………
“ရော့  မိုးသောက် မင်းအတွက် ”
လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း လက်ဖက်ရည်သောက်နေတုန်း ရုတ်တရက်ရှေ့ကို အိတ်တစ်လုံးရောက်လာတာကြောင့် မိုးသောက်လန့်သွားတယ်။
“ဟာ  မင်းညို   လန့်လိုက်တာကွာ   မင်းကလည်း အလန့်တကြားနဲ့   ဘာကြီးလဲကွ ဒီအိတ်ထဲက ”
“မင်းလိုနေတဲ့ ငွေလေ။  မင်းအဆင်ပြေတော့မှ ငါ့ကို ပြန်ပေးပေါ့   ငါကလတ်တလော သုံးစရာမရှိဘူး။ ”
“မင်းညို ဒီလောက်များတဲ့ငွေကို မင်းဘယ်က ရလာတာလဲ။ မင်းအိမ်ကတောင်းလာတာလားဟ။  ဒါဆိုရင် ငါလက်မခံချင်ဘူးကွ။”
မိုးသောက်ပြောပြီး အိတ်ကို မင်းညိုရှေ့ တွန်းပို့လိုက်တယ်။
“ငါ့အိမ်ကတောင်းလာတာ မဟုတ်ပါဘူးကွာ။  ဟိုတစ်နေ့က ဘောပွဲလောင်းတာလေ။  ငါနိုင်တယ်ကွ။ လေးပွဲဆက်တိုက်တောင် အဲဒါကြောင့် ငါ့မှာ ဒီလောက်ငွေတွေရတာ။  မင်းကတော့ တော်တော်ကံကောင်းတာပဲ မင်းငွေလိုနေတဲ့ အချိန်ကျမှပဲ ငါလောင်းတာနိုင်တော့တယ်။  တစ်သက်လုံးလောင်းလာတာ မနိုင်ဘူး။”
မင်းညိုက မကျေမနပ်ဟန်ဖြင့်ပြောပြီး စားပွဲထိုးလေးကို လက်ဖက်ရည် တစ်ခွက် လှန်းမှာလိုက်တယ်။
“ကျေးဇူးတင်တယ်   မင်းညိုရာ  ငါဒီငွေအတွက်ကြောင့်တော်တော်ကို စိတ်ပူနေတာအခုတော့ အဆင်ပြေသွားပြီ။  ငါအဆင်ပြေရင် မင်းကို ပြန်ပြီး ပေးပါ့မယ်။ ”
“ကျေးဇူးတင်တာမစောနဲ့ဦးလေ ငါ့ကောင်ကြီးက။  ဟိုတစ်နေ့က မင်း အလုပ်လည်း ပြောင်းမယ်လို့ပြောတယ်မဟုတ်လား။  ငါအလုပ်တစ်နေရာတွေ့ထားတယ်။ မင်းစိတ်ဝင်စားမလားတော့မသိဘူး။ လစာကတော့ ရှယ်ပဲ”
လစာက ရှယ်ပဲဆိုတဲ့ မင်းညိုစကားကြောင့် မိုးသောက် စိတ်ဝင်စားသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ မိုးသောက်အတွက် အလိုအပ်ဆုံးက ငွေဆိုသော အရာပဲမဟုတ်လား….
“ဟုတ်လား။  လစာက ဘယ်လောက်ရမှာလဲ  မင်းညို။ ဘာအလုပ်ပဲဖြစ်ဖြစ်ကွာ လစာကောင်းတယ်ဆိုရင် ငါစိတ်ဝင်စားတယ်။ ”
“အလုပ်က ပစ္စည်း အ၀င်အထွက်ကို စစ်ပေးရမှာပဲ။ လစာကတော့ ¬¬¬¬¬¬¬¬¬xxxxx”
“အေး ငါလုပ်မယ်ကွာ အဲဒီအလုပ်ကို အဲဒီဝင်ငွေနဲ့ဆိုရင် ငါ့ညီမနဲ့ညီလေးရဲ့ ကျောင်းစရိတ်ကို ငါထောက်ပံ့နိုင်ပြီကွ…..ကျေးဇူးတင်တယ် မင်းညိုရာ   နောက်မှမင်းကို ငါပြုစုမယ်။”
ဒီလိုနဲ့ မိုးသောက် အလုပ်သစ်မှာ အဆင်ပြေသွားခဲ့တယ်။ မိုးသောက် အဖေလည်း တော်တော်ကို သက်သာနေပြီ။ တက္ကစီတော့ မဆွဲနိုင်ပေမယ့် လမ်းတော့ လျှောက်စပြုနေပြီ။ အချိန်တွေကုန်တာမြန်တယ်လို့ပြောကြပေမယ့် မိုးသောက် အတွက်တော့ နွယ်မရှိတဲ့ နေ့ရက်တိုင်းဟာ သိပ်ကို အထီးကျန်ဆန်ပြီး ရှည်လျားလွန်းတယ်ဆိုတာ မိုးသောက် အပြင် ဘယ်သူ သိနိုင်မှာလဲ…..

“မိုးသောက် ”
 အလုပ်က အပြန် လမ်းထိပ်အရောက် ရုတ်တရက် ခေါ်လိုက်မင်းညို အသံကြောင့် မိုးသောက် လှည့်ကြည့်မိလိုက်တယ်။
“အေး မင်းညို  အလုပ်က ပြန်လာတာလား။”
“အင်း။ ဒါနဲ့ မင်း အလုပ်ကော အဆင်ပြေလား။”
“ပြေပါတယ်။  မင်းကော အဆင်ပြေလား။  ငါမင်းကျေးဇူးကြောင့် အတော်တော်ကို အဆင်ပြေနေပါတယ်။”
“အေး။ ငါက အလုပ်က ဘာမပြေစရာရှိလို့လဲ။ ဒါနဲ့ မင်းကို ပြောရဦးမယ်…. မနက်တုန်းက ငါအလုပ်သွားတော့ ချစ်စုနဲ့တွေ့တယ် နွယ်ရန်ကုန်ရောက်နေတယ်လို့ပြောတယ်  မင်းနဲ့တွေ့ပြီးပြီလား”
“ဟုတ်လား ။   ငါနဲ့ဘာလို့တွေ့ရမှာလဲ။ အဆက်အသွယ်မရတာကြာပြီ။ သူကော အဆင်ပြေရဲ့လား။ လက်ထပ်ဖို့ပြန်လာတာထင်တယ်”
အသံကို တတ်နိုင်သမျှထိန်းပြီးပြောနေပေမယ့်  နွယ် ဆိုတဲ့ အသံကြားကတည်းက မိုးသောက်ရင်ထဲက တွေ့ချင်စိတ်တွေဆူပွက်လာတာ မိုးသောက်ကိုယ်တိုင် အသိဆုံးပါ။
“အေး အဲဒါတော့ငါလည်း မသိဘူး။ ငါသွားတော့မယ် မိုးသောက်”
ထုံးစံအတိုင်း မင်းညိုက သူ့လမ်းထိပ်ရောက်တော့ မိုးသောက်ကို နှုတ်ဆက်ပြီး ထွက်သွားတယ်။ နွယ်ဆိုတဲ့ အသံကြားကတည်းက မိုးသောက်ရဲ့ စိတ်တွေက နွယ့်ဆီကို ရောက်သွားလိုက်တာ မိုးသောက် အိမ်ကို ရောက်မှန်းမသိရောက်သွားခဲ့တယ်။ တစ်ညလုံးလည်း အိပ်မပျော်နိုင်ဘဲ စိတ်တွေက နွယ့်ဆီကိုပဲရောက်ရောက်နေတယ်။
နွယ်ရေ…..ငါလေ နင့်ကိုတွေ့ချင်ပေမယ့် တွေ့ဖို့သတ္တိမရှိဘူး။  အခုချိန်များ နင့်ကို တွေ့ခဲ့ရင် ငါလေ နင့်လက်ကို ဆွဲပြီး အားလုံးနဲ့ ဝေးရာကို ထွက်သွားမိလိမ့်မယ်ထင်တယ်…………

အဲဒီအချိန်က စပြီး မိုးသောက် တစ်ယောက် နေ့တိုင်းလုပ်ရမယ့် အလုပ်ထဲမှာ တာဝန်တစ်ခု မသိမသာ တိုးလာခဲ့တယ်။  အဲဒါကတော့ အလုပ်က ပြန်လာတိုင်း သတင်းစာဖတ်တာပဲ။  သတင်းစာထဲမှာ မင်္ဂလာဆောင်ကျေဇူးတင်လွှာတွေထဲမှာ နွယ့်နံမည်လေး မပါတော့မှ သက်ပြင်းလေး ချပြီး ရေချိုးဖြစ်တာ မိုးသောက်ရဲ့ အလုပ်တစ်ခုလိုဖြစ်နေခဲ့တယ်။

ဒီနေ့ အလုပ်စောစောဆင်းတာကြောင့် မိုးသောက် အိမ်ကို စောစောပြန်ဖြစ်ခဲ့တယ်။ မင်းညိုနဲ့လည်း မတွေ့ဖြစ်တာကြာပြီဖြစ်တာကြောင့်  မင်းညိုကို တွေ့ဖို့ ရေချိုးပြီး အိမ်ကနေ ထွက်လာခဲ့တယ်။ မင်းညို အိမ်ရောက်တော့ မင်းညိုက သူငယ်ချင်းတစ်ယောက်ဆေးရုံတင်ထားရလို့ သွားတယ်လို့ သူ့အမေက ပြောတယ်။ မင်းညိုသူငယ်ချင်းဆိုလို့ မိုးသောက် သိတဲ့သူများဖြစ်နေမလားဆိုပြီး စိတ်ပူမိပေမယ့် မိုးသောက်သိတဲ့သူဆိုရင် မင်းညိုပြောမှာပေါ့ လို့တွေးပြီး အိမ်ကို ပြန်ခဲ့တယ်။ လမ်းထိပ်ရောက်တော့ ခေါင်းငိုက်စိုက်ပြီး မျက်နှာ မကြည်မသာနဲ့ မင်းညိုကို တွေ့လိုက်တယ်။
“ဟေ့ကောင် မင်းညို   ဘယ်လိုဖြစ်လာတာလဲ။ မျက်နှာလည်း မကောင်းပါ့လား”
မိုးသောက်ကို မြင်လိုက်ရတော့ မင်းညို လန့်သွားသလို
“မိုးသောက်  ဘယ်က ပြန်လာတာလဲ။”
“ငါမင်းဆီလာတာကွ။ မင်းက သူငယ်ချင်းဆေးရုံတင်ရတာ သွားကြည့်တယ်ဆို။  ဘယ်လိုဖြစ်တာလဲ မင်းသူငယ်ချင်း မသက်သာဘူးလား။”
မင်းညိုက မိုးသောက်မေးတာကို ဘာတစ်ခွန်းမှ မဖြေဘဲ
“လာကွာ ငါတို့ဆိုင်တစ်ဆိုင်သွားရအောင်။”
“မင်းညို  မင်းသူငယ်ချင်းဆိုတာ ဘယ်သူလဲဟ။ ဘာဖြစ်လို့ဆေးရုံတင်ရတာလဲ။ အခြေအနေကကော စိုးရိမ်ရလား”
“အေး စိုးရိမ်ရတယ်ကွ။ မသက်သာဘူး။ ဒါနဲ့ မိုးသောက် ငါမင်းကို မေးစရာရှိတယ်ကွ။ မင်း နွယ်နဲ့ တွေ့ပြီးပြီလား”
နွယ်ဆိုတဲ့ အသံကြားကတည်းက မိုးသောက် မျက်နှာက အပြုံးတွေပျက်သွားပြီး အလွမ်းတွေ ဖုံးလွှမ်းနေတဲ့သူ တစ်ယောက်လို…..
“ငါမတွေ့ရသေးဘူး။  နွယ်နဲ့တွေ့ဖို့ ငါသတ္တိမရှိဘူးဖြစ်နေတယ်။”
“ဟာကွာ မင်းကလည်း ဘာတွေ ဖြစ်နေတာလဲ။ တွေ့လိုက်တာ မဟုတ်ဘူး။ မင်းကို နွယ်က မုန်းတာမှမဟုတ်တာ  မင်းသွားတွေ့ရင် သူက လက်ခံမှာပါ။ ”
“တော်ပါတော့ မင်းညိုရာ သူ့ရဲ့ သာယာနေတဲ့ဘ၀လေး ငါ့ကြောင့်မပျက်စီးပါစေနဲ့။  ဒီအချိန်လောက်ဆိုရင် သူက လက်ထပ်ဖို့ စီစဉ်ရလို့ အလုပ်ရှုပ်နေတော့မှာ  ငါနဲ့တွေ့လို့ သူစိတ်ပြောင်းသွားရင် အားလုံးရှုပ်ကုန်မယ်  မတွေ့တော့တာပဲ ကောင်းပါတယ်ကွာ”
“ဒါဖြင့် မင်း နွယ့်အကြောင်းတွေလည်း မစုံစမ်းထားဘူးပေါ့ ဟုတ်လား”
“အင်း  ဟုတ်တယ်။ ငါသူ့အကြောင်း စုံစမ်းရင် သူ့ကို တွေ့ချင်မှာဆိုးလို့ ငါဘာကိုမှ မစုံစမ်းထားဘူး”
မင်းညိုဘာကိုမှ ဆက်မပြောတော့ ၀ဲတက်လာတဲ့ မျက်ရည်စတွေကို မိုးသောက် မသိအောင် သုတ်လိုက်တယ်။ တကယ်လို့ မင်းညို မျက်ရည်သုတ်တာ မိုးသောက်သာ သိခဲ့ရင်………….



“နွယ်….    နွယ်”
မိုးသောက် ဘယ်လိုခေါ်ခေါ် နွယ်က လှည့်မကြည့်ဘူး။ ကျောခိုင်းထားတယ်။
“နွယ် ငါ့ကို မတွေ့ချင်တော့ဘူးလား။  ငါခေါ်နေတယ်လေ။  နင်ငါ့ကို မမြင်ချင်တော့ဘူးလား။ ”
မျက်ရည်တွေကျပြီးရင်း ကျနေတဲ့မိုးသောက်ကို နွယ်က သနားသွားသလိုပင် မိုးသောက်ဘက်ကို လှည့်ကြည့်ခိုက်
“နွယ်……ဘာတွေဖြစ်နေတာလဲ…….သွေးးးးးးး  သွေးးးးးးးးတွေ……..   နင့်ပါးစပ်မှာကော  နင့်ဗိုက်ကပါသွေးတွေ ထွက်နေတယ်”
နွယ်ရဲ့ ဗိုက်က အပေါက်လိုဖြစ်ပြီး သွေးတွေ အများကြီးထွက်နေတယ်။ နွယ့်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ မိုးသောက် နွယ့်နားကို ပြေးသွားလေလေ နွယ်နဲ့ပိုပြီးဝေးသွားသလိုလိုပဲ….. နွယ့်ပါးစပ်လှုပ်နေတာကို တွေ့တော့ မိုးသောက် အားစိုက်ပြီး နားထောင်ရင်း…..
“ငါသွားတော့မယ် မိုးသောက် ………Good Luck ပါ….”

“အားးးးးးးးးးးးးး   နွယ်    နွယ်……..”
 ရုတ်တရက် အော်သံကြောင့် တစ်အိမ်လုံး မိုးသောက်ဘေးကို ရောက်လာတယ်။
“သား   မိုးသောက်   ဘာဖြစ်တာလဲ  အိမ်မက်ဆိုးတွေ မက်နေတယ်ထင်တယ်။”
အမေက မိုးသောက် ဘေးနားဝင်ထိုင်ပြီး ချွေးတွေသုတ်ပေးနေတယ်။
“ရော့ ကိုကြီး ရေသောက်လိုက်   လန့်သွားတာ ကိုကြီးရာ”
  ညီလေးက အိပ်ချင်မူးတူးဖြင့်ပြောပြီး အိပ်ရာထဲကို ပြန်ဝင်သွားတယ်။

အိမ်မက်အကြောင်းကို စဉ်းစားရင်းနဲ့ မိုးသောက် အိပ်မရတော့ပေ။ တစ်နေ့လုံးလည်း အလုပ်မှာ ညက အိမ်မက်ဆိုး အကြောင်းကို စဉ်းစားရင်း စိတ်တွေပူနေမိတယ်။ နွယ်တစ်ယောက် ဘာများဖြစ်နေလဲ။ နေမကောင်းဘူးလား။  အတွေးတွေက ဟိုရောက်ဒီရောက်နှင့် မိုးသောက် အလုပ်ကို ကောင်းကောင်းလုပ်မရပေ။ ဖြစ်ချင်ရာဖြစ် မနက်ဖြန်ကျရင်တော့ ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် မိုးသောက် နွယ့်အကြောင်းကို သူငယ်ချင်းတွေစီမှာ သွားပြီး စုံစမ်းရန်ဆုံးဖြတ်ချက်ချခဲ့တယ.်။  စိတ်လေးလေးနဲ့ အိမ်ပြန်ရောက်တော့ သတင်းစာလေးက ဧည့်ခန်းက ထိုင်ခုံပေါ်မှာ ချထားတာကိုတွေ့တော့ အိမ်ထဲမ၀င်ဘဲ သတင်းစာကို ဖတ်မိနေတယ်။ ထုံးစံအတိုင်း မင်္ဂလာဆောင်ကျေးဇူးတင်လွှာတွေမှာ နွယ့်နံမည်ကို မတွေ့ရပေ။ ဘာရယ်မဟုတ်ဘူး။ သတင်းစာကို လျှောက်ဖတ်နေမိတယ်။  တခါမှမဖတ်ဖြစ်တဲ့နာရေးကြော်ငြာတစ်ခုကို ဘာကြောင့်မှန်းမသိ မိုးသောက် ဖတ်မိသွားတယ်။ မိုးသောက်တစ်ကိုယ်လုံး ပူထူပြီး ဘာမှမမြင်တော့ဘူး။ သတင်းစာကို ကိုင်ပြီး သတိမေ့သွားခဲ့တယ်။

 အိမ်မက်လို တကယ်လိုလိုပင် မိုးသောက် ဘေးကို နွယ်ရောက်လာခဲ့တယ်။
“မိုးသောက် နင်ဒီလို ဖြစ်နေလို့မရဘူးလေ။  ငါမရှိတော့ပေမယ့်  နင့်ကို ချစ်တဲ့ငါ့အချစ်တွေ နင့်ဘေးနားမှာ အမြဲတမ်းရှိနေတယ်လေ။  နင်ကျေနပ်နိုင်တယ်မဟုတ်လား။  နင့်ကို မှီခိုနေတဲ့ နင့်မိသားစုရှိသေးတယ်လေ  ဘာပဲဖြစ်ဖြစ် နင်အနားမှာ ငါအမြဲတမ်းရှိတယ်နော်….မိုးသောက်”
မိုးသောက်ရဲ့ နဖူးလေးကို ဖွဖွလေးနမ်းပြီး နွယ်က နှုတ်ဆက်လို့ထွက်သွားတယ်။
“နွယ်   မသွားပါနဲ့ နွယ်ရယ်…….နွယ်…..”

“မိုးသောက်    သား   သတိထားလေ  သားရယ်  သားလေး  မိုးသောက် ”
မိုးသောက် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ အမေနဲ့ ညီလေး နောက်ပြီး မင်းညို
“မိုးသောက်  မင်းသတိလစ်သွားလို့ ငါတို့ ဆေးရုံကို ခေါ်လာတာ။ မင်းသက်သာလား   ဘယ်လိုနေသေးလဲ ”
မင်းညိုမေးတာကို တစ်ခုမှမဖြေနိုင်ဘူး။  မိုးသောက်စိတ်ထဲမှာ ရှိနေတာက သတင်းစာထဲက နွယ့်ရဲ့ နာရေးသတင်း…..
“မင်းညို   နွယ့်အကြောင်း မင်းသိတယ်မဟုတ်လား။  ငါ့ကိုပြောပြပါ မင်းညိုရာ  ငါတောင်းပန်ပါတယ်”
မင်းညိုက အဖြစ်မှန်အားလုံးကို ပြောပြီး မိုးသောက်လက်ထဲကို ဒိုင်ယာရီစာအုပ်လေး တစ်အုပ်ထည့်ပေးလိုက်တယ်။ အဲဒီအထဲမှာ မိုးသောက်နဲ့ ပတ်သတ်ပြီး နွယ် ရေးထားတာတွေ အားလုံးရှိနေတယ်။
        ဒီနေ့ မင်းညိုနဲ့ အွန်လိုင်းမှာတွေ့ခဲ့တယ်။  မိုးသောက် အဆင်ပြေလားမေးလိုက်တော့ မပြေဘူးတဲ့ မိုးသောက်အဖေက ကားအက်စီးဒင့်ဖြစ်လို့ ငွေအရေးတကြီးလိုနေတဲ့အကြောင်း ပြောတယ်။  မိုးသောက်ရယ်  ငါလေ နင့်ကို အဆင်ပြေစေချင်တာ……..  နင်နဲ့ဝေးတဲ့အခါ ငါမပျော်ပေမယ့်  နင်အဆင်မပြေဘူးဆိုတာ ကြားရတော့ ငါပိုမပျော်ဘူး။ ငွေတွေကို ငါပို့လိုက်တယ်လို့ပြောရင် နင်မယူမှာဆိုးလို့ မင်းညို အကူအညီနဲ့ ငါငွေပို့လိုက်တယ်။  နင်အဆင်ပြေအောင်လို့ပါ….နောက်ပြီး နင်လစာများများရတဲ့ အလုပ်ကို ရှာနေတယ်လို့လည်း မင်းညိုပြောလို့ ငါသိရတယ်။  နင့်ကို တစ်ခြားနေရာမှာသွားပြီး လုပ်ဖို့လည်း ငါစိတ်မချတာကြောင့် ငါသူ့ငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့စက်ရုံမှာပဲ နင့်ကို အလုပ်တစ်နေရာပေးခဲ့တယ်။   နင်သိရင် ငါ့ကို စိတ်မဆိုးပါနဲ့နော်……..  ငါက နင်ပျော်တာကိုပဲ မြင်ချင်ရုံသက်သက်ပါ……. အဲဒါကြောင့် နင်ဘာပဲဖြစ်ဖြစ်ပျော်ပျော်နေရမယ်နော်……..  ငါလေ အရင်တုန်းက နင်နဲအတူသင်တန်းတက်တဲ့ရက်တွေကို သိပ်လွမ်းတာပဲ………..

        ဒီနေ့ ငါနေမကောင်းလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က အူမကြီးကင်ဆာလို့ပြောတယ်။ အလာနောက်ကျသွားပြီလို့ပြောတယ်.။ ငါလေသိသိချင်း အရမ်းကို ၀မ်းနည်းသွားတယ်။  ဒါပေမယ့် ငါသေသွားရင် နင့်အနားမှာ ထာဝရနေခွင့်ရတော့မှာကို စဉ်းစားပြီး ငါသိပ်ဝမ်းမနည်းတော့ဘူး။ အခုငါအသက်ရှင်ကျန်ရစ်မယ့်အချိန်တွေကို နင့်အနားမှာပဲ ကုန်ဆုံးစေချင်တယ်။  အဲဒါကြောင့် ငါရန်ကုန်ကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်။ ငါလာရင် နင်ဝမ်းသာမှာလားဟင်……..

        ဒီနေ့ ငါရန်ကုန်ကို ပြန်ရောက်ပြီ။  လေဆိပ်ထဲက ထွက်ထွက်ခြင်း နင့်ရှိနေတဲ့နေရာကို ရောက်လာလို့လားမသိဘူး။ ငါ့စိတ်တွေသိပ်ကို ပေါ့ပါးနေတယ်။  ဒါပေမယ့် ငါသိပ်ကို ပင်ပန်းနေပြီ။  လမ်းတောင် သိပ်မလျှောက်နိုင်တော့ဘူး။  ဒီလိုပုံနဲ့တော့ နင့်ကို ငါမတွေ့ချင်ဘူး။ ငါနေကောင်းရင် နင့်ကို ဆက်ဆက်လာတွေ့ပါမယ်….အရမ်းချစ်တယ်နော် …မိုးသောက်

        ဒီနေ့ နင့်ကိုတွေ့ခဲ့တယ်။  မတွေ့တာကြာလို့လားမသိဘူး မိုးသောက် နင်သိပ်ကို ကြည့်ကောင်းလာတယ်။  အလုပ်ကနေပြန်လာတဲ့နင့်ကို ငါပြေးကြိုပြီး ငါတို့နှစ်ယောက်အတူတူသွားခဲ့တဲ့နေရာတွေကို သွားချင်ခဲ့ပေမယ့် ငါမလုပ်နိုင်တော့ဘူးထင်တယ်။  အခုနင့်ကို ကြည့်နေတာတောင် ငါ့မျက်လုံးတွေပြာနေပြီ။

        ဒီနေ့ မင်းညိုနဲ့ အဆက်အသွယ်ရခဲ့တယ်။  နင့်အကြောင်းကို မေးတော့ အဆင်ပြေနေပါတယ်တဲ့  အဲဒီလိုအကြောင်းကို ကြားရတော့ ငါဝမ်းသာလိုက်တာ….  ငါ့ဘ၀ရဲ့နောက်ဆုံးအချိန်အထိ နင်ဟာ ငါ့ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့သူတစ်ယောက်ပါပဲ………

        ဒီနေ့ ငါလမ်းမလျှောက်နိုင်တော့ဘူး။  တွန်းလှဲနဲ့သွားနေရပြီ။ မျက်လုံးထဲမှာလည်း အမြင်တွေေ၀၀ါးနေပြီ။  ငါနင့်ကို လာကြည့်ပေမယ့် အဝေးကကြည့်ရလို့လား မသိဘူး။  ငါမမြင်ရတော့ဘူး။ အိမ်ကို လာနေကျ ဆရာဝန်ကပြောတယ် ဆေးရုံတက်လိုက်ပါတော့တဲ့….  ငါအဲဒီကို သွားရင် ပြန်မလာရတော့ဘူးဆိုတာ ငါ့ကိုယ်ငါ သိနေတယ်။  ငါအဲဒီကို မသွားခင် နင်နဲ့အတူတူထိုင်ခဲ့ဖူးတဲ့နေရာလေးကို တစ်ခေါက်လောက်သွားချင်တယ်။  ဒီအချိန်ဆိုရင် အဲဒီနေရာလေးက သိပ်ကို ထိုင်လို့ကောင်းမှာပဲနော်……..  ငါ့ဆန္ဒလေးကို ချစ်စုက ဖြည့်ဆီးပေးခဲ့တယ.်။  ငါရန်ကုန်ရောက်ပြီး အဲဒီနေရာလေးကို တစ်ခါမှ မရောက်ဖြစ်သေးဘူး။ ဒီတစ်ခေါက်ရောက်တာ နောက်ဆုံးဖြစ်လိမ့်မယ်ထင်တယ်။  အဲဒီကို ရောက်တော့ နင်ရေးထားတဲ့ စာတွေကို ငါတွေ့ခဲ့တယ်။  ငါမရှိတဲ့အချိန် နင်လည်း ငါ့ကို တော်တော်လွမ်းနေမှာပဲနော်…….

နွယ့်လက်ရေး မညီမညာနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးထဲက  ဓါတ်ပုံတွေ သုံးပုံထွက်ကျလာတယ်။ ပုံတစ်ပုံချင်းစီရဲ့နောက်မှာ စာလေးတွေ ရေးထားတယ်။  တစ်ပုံက  မိုးသောက်နဲ့ နွယ်အတူတူထိုင်နေကြ ခုံတန်းလေးက နွယ့်က သတိရမိတိုင်း ရေးမိခဲ့တဲ့ မိုးသောက်ရဲ့စာလေးတွေကို ရိုက်ထားတဲ့ပုံ။ အဲဒီပုံရဲ့ နောက်မှာ ရေးထားတာက “နွယ်တို့ နှစ်ယောက်ရဲ့ အမှတ်တရတဲ့”။  နောက်တစ်ပုံက မိုးသောက်ရဲ့ ပုံ၊ တစ်ယောက်ယောက်က ခိုးရိုက်ထားတဲ့ပုံပဲ။ အဲဒီပုံရဲ့နောက်မှာက “နွယ့်ရဲ့ အချစ်ရဆုံး မိုးသောက်”။ နောက်ဆုံးပုံကတော့ မိုးသောက်နဲ့ နွယ်အတူတူရှိစဉ်က ရိုက်ထားတဲ့ ပုံ “ဘ၀ဆက်တိုင်း သူနဲ့အတူတူရှိပါရစေ”

ပါးထက်က စီးကျလာတဲ့ မျက်ရည်တွေကို မသုတ်ပစ်ချင်တော့ဘူး။ ဖြစ်နိုင်ရင် နွယ့်နောက်ကို လိုက်သွားချင်တယ်။ တစ်နေရာတည်းအတူတူရှိနေတာတောင် နွယ့်ရဲ့နောက်ဆုံးအချိန်ကို မသိဘဲ နွယ့်အနားကို မသွားဖြစ်အောင် ကြိုးစားခဲ့မိတဲ့ ငါ့ကို ခွင့်မလွှတ်ပါနဲ့တော့ နွယ်……
တကယ်လို့ မိုးသောက်သာ နွယ့်အကြောင်း စုံစမ်းခဲ့ရင်……………
တကယ်လို့ မိုးသောက်သာ နွယ့်ဆီသွားခဲ့ရင်………..
တကယ်လို့ မင်းညိုသာ မိုးသောက်ကို နွယ့်အကြောင်း ပြောပြခဲ့ရင်……………….



--

 

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...