လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ
စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ
အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို
ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။
ဘုရားရေ.. အဲဒါဘာတွေလဲ
နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။
ဆိုတော့.. လူနာ၏ ဝမ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။
အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ဝင်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။
ဆရာဝန် ဘဝတွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။
သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။
ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ "အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး" ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ "အရှက်" ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် "အရှက်" ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။
အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။
ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။
ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ဲခြင်း ဖြစ်သည်။
လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။
"ဒီခေါ်လာလို့ မဖြစ်ဘူးလား" ဟု ကျွန်မတို့က မေးကြည့်သည်။
"လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ" ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကို သွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။
အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။
အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ဝါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။
လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘဝကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။
"ဆရာဝန်တွေလာတယ်" ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။
ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။
လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အဝါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။
ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ဝမ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ဝမ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။
လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ဝမ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။
ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။
ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။
လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။
ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။
တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘဝကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတဝါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘဝကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။
သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။
ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။
လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။
မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။
သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ဝမ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအဝတ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ဝင်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤဝမ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။
လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ဝယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ဝန်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။
သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းေတွေ ဝယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။
ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ဝမ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။
တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ဝမ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။
မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ဝယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။
နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..
လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ဝမ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..
ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့... အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..
ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..
ကိုယ်ဝန်ရခဲ့ပြီ.. ပိုက်ဆံက များများမရှိ..
သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။
ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံး၀ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား....
ရည်းစားထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..
ရည်းစားနှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီး အသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..
ကျွန်မကတော့ ကျွန်မဆေးခန်းသို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..
"ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုူသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။"
ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..
ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)
ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..
သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော... ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ...
သူကယောက်ျားပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..
ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖ့ိုက လိုနေပြီလား..
ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ... တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..
ကိုယ်ဝန်မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..
မိန်းကလေးက မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် "မျက်နှာပြောင်တိုက်လှသည်" ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘဝမှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင်၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..
ဘုရားရေ..
တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။
လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်.. အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..
ဂျူး
ဆရာဝန်တစ်ယောက်၏ မှတ်စုများ