Monday, June 11, 2018

မိန်းကလေးအချစ် - ၂

ထိုအချိန်မှစ၍ ကျွန်မတို့နှင့်ဆုံလျှင် ပြုံးပြ နှုတ်ဆက်သော အလေ့တစ်ခု သူ ရရှိ လာခဲ့သည်။ ထို့ပြင် ကျွန်မ တို့ နှစ်ယောက်ရှိရာ လက်တွေ့ခန်း သို့မဟုတ် လူနာဆောင် သို့ အကြောင်းမရှိ အကြောင်းရှာ၍ လာတတ်ပြီး ကျွန်မတို့ကို ပြုံးပြလေ့ရှိသည်။



ထို့နောက် သူ့မျက်ဝန်းများတွင် အဓိပ္ပာယ် ဖော်ရခက်သော ငြိတွယ်မှုတစ်ခုကို ပျော်ရွှင်စွာ ကျွန်မတို့ တွေ့ရ တော့သည်။ ထိုအရိပ်ကလေးမှ နောက်တစ်ဆင်း တက်လာဖို့ ရင်ခုန်မောပန်းစွာ ကျွန်မတို့ စောင့်ရင်း တစ် ်ယောက်ကိုတစ်ယောက်လည်း အလစ်မပေးဘဲ စောင့်ကြည့်ခဲ့ကြ လေသည်။



သူ ကျွန်မတို့နှစ်ယောက်နှင့် မဆုံဆုံအောင် အကြောင်းရှာ၍ ညှို့ယူပြုံးပြတာ ကတော့ မှန်ပါရဲ့၊ ကျွန်မတို့ နှစ်ယောက်မှတစ်ပါး အခြား ဘယ်မိန်းမကိုမျှ မျက်လုံးချင်း ဆုံ၍ပင် မကြည့်တာလည်း မှန်ပါရဲ့၊ ဘယ်သူ့ကို လိုက်နေတာဟူသော သတင်း သိုးသိုးသန့်သန့် ကလေးမျှ သူနှင့် ပတ်သက်၍ မကြားရသည်မှာလည်း မှန်ပါ ရဲ့။ သို့သော် ကျွန်မတို့ နှစ်ယောက်အနက် မည်သူ့ကို သူ စိတ်ဝင်စားတာလဲ။ မည်သူ့ကို သူ မြတ်နိုးတွယ် တာ ပါသလဲ။ ကျွန်မတို့ နှစ်ယောက် အဖြေထုတ်ဖို့ ကြိုးစားခဲ့ကြ၏။



သူသည် ကျွန်မတို့နှစ်ယောက် တွဲလာလျှင် ပြုံးပြရင်း အောင့်ကို ပထမဆုံး ကြည့်၏။ ဒါကိုလည်း ကျွန်မက တော့ အောင့်အရပ်ရှည်လို့ အောင့်ကို သူ အလျင် မြင်မိတာပေါ့ဟု ဟာသစွက်ကာ စိတ်လှည့်စား ကျေနပ်ခဲ့ တာပါပဲ။ ထိုမျက်ဝန်းတွင် ငြိတွယ်မှု များစွာ ပါဝင်ကြောင်းတော့ ကျွန်မ ထိတ်လန့်စွာ ရိပ်မိပါသည်။



သို့သော် ချက်ချင်းပင် အောင့်ထံမှ မျက်ဝန်းက ကျွန်မထံ ရောက်လာပြီး ကျွန်မကို စူးရှစွာ ညှို့ယူသော မျက် ဝန်းများ ဖြစ်သွားပြန်သည်။ အောင့်ကိုကြည့်သော မျက်ဝန်းထဲမှာ မြတ်နိုးမှု ပါဝင်လျင် ကျွန်မကိုကြည့်သော မျက်ဝန်းထဲမှာ မက်မောတမ်းတမှု ပါဝင်သည်ဟု ကျွန်မ ပြောရပါလိမ့်မည်။



“ အိရာ ... လုပ်မနေပါနဲ့၊ သူ ငါ့ကို ချစ်နေတယ်ဟ၊ သေချာတယ် ” အောင်က ကျွန်မ မခံချင်အောင် ပြောလေ့ ရှိပြီး ကျွန်မကလည်း အားကျမခံ “ ကြည့်နေ မိအောင်၊ သူ ငါ့ကို ဟောဒီ တစ်နှစ်အတွင်း ရည်းစားစကား ပြောလာစေရမယ် သိလား ” ဟု သူမကို မကြာခဏ အတည်ပေါက် ဆွပေးလေ့ရှိပါသည်။



သူ့ငြိတွယ်မှုသည် ကျွန်မ ထံမှာလား၊ အောင့်ထံမှာလား အတိအကျ သိလိုစိတ် များလာသောအခါ ကျွန်မ တို့ နှစ်ယောက် အမြွှာညီအစ်မလို အမြဲတွဲနေ၍ မဖြစ်တော့ဘူးဟု နှစ်ယောက်လုံး နားလည်လာခဲ့သည်။ သူသည် ကျွန်မ ရှေ့တွင် အောင့်ကို တမ်းတပြဖို့ ခဲယဉ်းလိမ့်မည် ဖြစ်သလို အောင်ရှေ့တွင် ကျွန်မကို ငေးမောတွယ် တာဖို့လည်း ခဲယဉ်းပေလိမ့်မည်။ ထိုအချိန်မှစ၍ ကျွန်မနှင့် အောင်သည် မကြာခဏ သိသိသာသာ (နှစ်ဦး သဘောတူ) ခွဲထွက်ကာ လက်တွေ့စမ်းသပ်ခဲ့ကြသည်။



တစ်နေ့ကြုံတွေ့သမျှကို အရင်းအတိုင်း ပြန်လည်ပြောပြခဲ့ကြသည်။ တစ်ခါတစ်ရံ သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်နေရာစီ ခွဲထွက်ရင်း ခပ်လှမ်းလှမ်း သူ မမြင်ကွယ်ရာလောက်ဆီမှ အကဲခတ်ကြည့်ဖူး သေး ၏။ သူသည် ကျွန်မ မပါဘဲ အောင့်ကိုမြင်ရလျှင် တစ်ချက်သာ စူးစိုက်ကြည့်ပြီး သူ့မျက်စိကဟိုဟိုသည်သည် လိုက်ကြည့်အကဲခတ်လေ့ရှိ၏။ ခပ်လှမ်းလှမ်းမှာ ကျွန်မချောင်ကပ်၍ ရှိနေသေးကြောင်း မြင်သွား လျှင်တော့ လှစ်ခနဲ ပြုံးပြလိုက်သော သူ့မျက်ဝန်းများ အောက်မှာ ကျွန်မ ညွှတ်ခွေသွားတော့မတတ် ကြည်နူး ပျော်ရွှင် ရလေသည်။



သို့သော် ကျွန်မကို အလျင်မြင်တွေ့ပြီး အောင့်ကို မတွေ့ရသည့် အခါမျိုးတွင်လည်း သူ အောင့်ကို ပျာပျာ သ လဲ ဝေ့၀ဲရှာကြည့်မြဲ ဖြစ်၏။ အောင့်ကိုမြင်သွားလျှင်သူ့ရှေ့မှာ ကျွန်မ နီးကပ်စွာ ရှိနေပါလျက်အောင်တစ် ယောက်သာ လောကတွင်ရှိနေသလို သူ ပြုံးပြ နှုတ်ဆက် သွားပြန်လေသည်။



ကျွန်မတို့၏ နည်းပရိယာယ်သည် သူ့စိတ်ကို ခွဲခြားသိဖို့ မစွမ်းသာခဲ့ပေ။ သည်လိုနှင့်ပင် သူသည် ကျွန်မ တို့ နှစ်ယောက်ကို ဆေးတက္ကသိုလ် သက်တမ်းတစ်လျှောက်လုံး ဘယ်ယောကျ်ားထံမှ စိတ်မကစားဖြစ်အောင် ထိန်းချုပ် ညှို့ယူစွမ်းရှိသော ကောင်ကလေး ဖြစ်ခဲ့ပါသည်။



ကျွန်မတို့ချစ်ရသော ထိုကောင်ကလေး၏ ချောမွတ်လင်းလက်သော မျက်နှာနှင့် တောက်ပသောအပြုံးကို ပြန်လည်ရင်ခုန်ရင်း အချို့ညများတွင် ကျွန်မတို့သည် တစ်ခုတင်တည်း ဘေးချင်းယှဉ်အိပ်လျက် တစ် ယောက် လက်ကို တစ်ယောက်ဆုပ်ကိုင်ကာ မျှဝေခံစားခဲ့ဖူးသည်။



“ အိရယ် ... ငါ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ နင်သိတယ်မဟုတ်လား” ဟု အောင်က ဝမ်းနည်းစွာ မေးဖူးသည်။ ကျွန်မ ရုတ်တရက် မျက်ရည်ဝေ့ကာ ခေါင်းခပ်သွက်သွက် ညိတ်ပြမိ၏။



“ တကယ်လို့များ သူက ငါ့ကို ဖွင့်ပြောလာခဲ့ရင် ငါသူ့ကို လက်ခံမယ်လို့များ နင်ထင်သလားဟင် ... အိ ”

ထိုမေးခွန်းကို ကျွန်မ မဖြေပဲ ခပ်ရိပ်ရိပ် ပြုံးနေသောအခါ အောင်က မျက်ရည်ဝဲလျက်က ကျွန်မလက်ကို ဆုပ်ကိုင်ဖျစ်ညှစ်လေသည်။



“ ငါ ... သူ့ကို ငြင်းပစ်မှာပါ အိရယ်၊ တကယ်ပြောတာပါ၊ နင်ယုံစမ်းပါဟာ။ မိအောင်ဟာ သူငယ်ချင်းကို ချစ်သူထက်ပိုပြီး တန်ဖိုးထားတာ နင် တွေ့လာပါလိမ့်မယ်”



အောင့်အသံ တိုးတိုးလေးက ခိုင်မာပြတ်သားနေသည်။



“ ငါယုံပါတယ် အောင်ရာ ....။ ဒါပေမယ့် ဘာမှမဆိုင်ဘူး အောင်ရဲ့။ သူငယ်ချင်းဆိုတာ တစ်သက်လုံး လက် တွဲသွားလို့မှ မရဘဲ။ ချစ်သူဆိုတာက ခင်ပွန်း အဖြစ် ယုံကြည်ကိုးစားထိုက်သူဆိုရင် တစ်သက်လုံး ကိုယ့်ဘေး မှာ ကောင်းတူဆိုးဖက် ကြင်နာမယ့်သူ အောင်ရဲ့၊ စိတ်ကူးမယဉ်ချင်နဲ့ အောင်၊ မတူတာ နှစ်ခုကို ယှဉ်ကြည့် ပြီး အသားလွတ် အနစ်နာခံတဲ့ သူရဲကောင်းစိတ်မျိုး မမွေးစမ်းနဲ့၊ သူ နင့်ကိုမှ ချစ်လာပြီ ဆိုရင် နင် ဒီလောက ်ချစ်ရတဲ့လူကို ဘယ်သူ့အတွက်ကြောင့်မှ ဆုံးရှုံးမခံနဲ့ သိလား။ ”



ကျွန်မ တိုးတိတ်စွာ နှစ်သိမ့်မိသောအခါ အောင်က အိပ်ရာမှ ထထိုင်ကာ ကျွန်မကို ငုံ့စိုက်ကြည့်ပြီး တွေေ၀ နေ၏။ ထို့နောက် မေးသင့်မမေးသင့် ချိန်ဆနေပုံ မျက်နှာထားဖြင့် ကျွန်မကို မေးခွန်းတစ်ခု မေးပါသည်။



“ နင်ဆိုလိုတာက တကယ်လို့ သူက နင့်ကို ချစ်လာခဲ့ရင် ငါ့ကို မငဲ့ဘဲ နင် သူ့ကို လက်ခံမယ်ပေါ့ ... ဟင်။”



အလွန် ဖြေရခက်သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ ကျွန်မက အောင့်လို စိတ်ကူးယဉ်တတ်သူ မဟုတ်ပေ။ တ ကယ်တမ်းတော့ သူ့ကို ရယူပိုင်ဆိုင်ဖို့အတွက် ဘယ်သူ့မျက်ရည်နှင့် လဲရလဲရ၊ ကျွန်မ လဲရက်ပါသည်။ သို့ သော် အဖြစ်မှန်ကို အောင့်ကို ဖွင့်မပြောရန် ကျွန်မ ထိန်းချုပ်ခဲ့ရ၏။ အောင့်ကို ပြုံးကြည့်ကာ ပိပိရိရိ လိမ်ရ သည်။



“ဘယ်လက်ခံမလဲ အောင်ရာ။ စောစောကပြောတဲ့ စကားက ငါ့ကို နင် ညှာစရာမလိုဘူးလို့ နင်သိစေချင်လို့ ပြောလိုက်တာပါ၊ ဒီမယ် ကြည့်စမ်း၊ သူ့ကိုငါ ဘယ်လောက်ပဲ ချစ်ချစ် ဘယ်တော့မှ မယူဘူးသိလား အောင်”



ကျွန်မ၏ လိမ်လည်မှု ဘယ်လောက် ပီပြင်သလဲဆိုလျှင် အောင့်မျက်ဝန်းများ လက်ကနဲ ဖြစ်သွားကာ ကျွန်မ ကို အားရပါးရ ဖက်ပွေ့ရယ်မောရင်း အောင် မျက်ရည်ကျခဲ့ပါသည်။ အောင့်မျက်ရည်ကို မြင်မှ ကျွန်မ အောင့် ကို ပိုချစ်သွားကာ မျက်ရည်ကျ ရယ်မောမိတော့သည်။



သို့သော် အောင်သည် ကျွန်မအပေါ် ငဲ့ညှာစိတ်ဖြင့် သူ့ကို တကယ်စွန့်လွှတ်မှာလားဆိုတာ ကျွန်မ သံသယ ဝင်တာတော့ အမှန်ပဲဖြစ်ပါ၏။ ခေါင်းစဉ်တွေ ခွဲဝေမျှယူ၍ စာကျက်ပြီး ပြန်ရှင်းပြသည့်အခါမျိုးကအစ လူနာ စမ်းသပ် လေ့လာသည်အထိ တစ်ယောက်နဲ့တစ်ယောက် ငဲ့ညှာကာ အေးအတူပူအမျှ ခံစား ခွဲေ၀ ခဲ့ကြသော ကျွန်မတို့နှစ်ယောက်အား ယောကျ်ားတစ်ယောက်က အလွယ်တကူ စိမ်းကားကွဲကွာ စေနိုင်လိမ့်မည်ဟု ထင် သည်။



ကျွန်မ သူ့ကို လက်ခံလိုက်လျှင် အောင့်အမုန်းကို ကျွန်မ ရရှိလာမည်လား။ ဒါကိုတော့ ကျွန်မ မခန့်မှန်း တတ်ပေ။ ထိုသံသယသည် ကျွန်မအပေါ် ကာလများစွာ လွှမ်းမိုးထားခဲ့သည်။ အောင် သူ့ကို လက်ခံလိုက် လျှင် တော့ ကျွန်မ နာကျင်စွာ ဝမ်းနည်း မိမည်။ နောက်ပြီး ရှက်ရွံ့သိမ်ငယ်မိမည်။ သို့သော် အောင့်ကို ဘယ် တော့မှ မုန်းတီးမိမှာ မဟုတ်။ ဒါကတော့ သေချာသည်။



ကျွန်မတို့ သုံးယောက်၏ တိတ်တခိုး ပြဿနာသည် နောက်ဆုံးနှစ် အပိုင်း ခ စာမေးပွဲပြီးဆုံး၍ သူ ပြင်ဦး လွင်တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ကျပြီး၊ ကျွန်မတို့နှစ်ယောက်က မန္တလေးဆေးရုံကြီးတွင် တာဝန် ကျချိန်တွင် လွမ်းဆွတ်တသဖွယ်ရာ ဖြစ်သွားခဲ့သေး၏။ နောက် သိပ်မကြာမီမှာပင် ဆုံးခန်းတိုင် အဖြစ်သို့ ရောက် ခဲ့ပါသည်။ ဘယ်လိုမျှ မျှော်လင့်မထားသော ဇာတ်သိမ်းလေးဖြစ်သည်။ ပြင်ဦးလွင်တွင် တွေ့ရသော ကျောင်းဆရာမလေးတစ်ယောက်နှင့် သူ လက်ထပ်သွားခြင်း ပင် ဖြစ်ပါသည်။



သူ့ဖိတ်စာကို အခြားသူငယ်ချင်းများနှင့်အတူ ကျွန်မတို့ လက်ခံရရှိခဲ့ပါသည်။အဆောင်နေ ကျောင်းသူ ဘဝလို ကျွန်မတို့နှစ်ဦး အခန်းသပ်သပ်သာ နေခွင့်ရလျှင် အခန်းတံခါးကို စောစောပိတ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ ပင် မျက်ရည်ကျချင် ကျမိနိုင်သည်။ ကံဆိုးဝါးစွာပင် အလုပ်သင်ဆရာဝန် အမျိုးသမီးဆောင် မှာ အခန်းသီး သန့် မရှိသော ခန်းမကျယ်ကြီးထဲတွင် ခုတင်များ စီတန်းထားခြင်း ဖြစ်သောကြောင့် ကျွန်မတို့ အခန်းတံခါး မပိတ်နိုင်ပေ။



နှစ်ယောက်လုံး ပြိုင်တူ စောစောအိပ်ရာဝင် ကြဖို့လည်း ရှက်ရွံ့နေကြသောကြောင့် ကျွန်မနှင့် အောင်သည် ဆေးရုံဝင်းထဲတွင် တစ်ယောက်လက် တစ်ယောက်တွဲကာ ဖြည်းညှင်းစွာ လမ်းလျှောက် နေခဲ့ကြသည်။



ကျွန်မတို့ နှစ်ယောက်လုံး တမ်းတသော ငွေလမင်းအကြောင်း မပြောမိအောင် ဟန်ဆောင်မျိုသိပ်ရင်း လူနာ နှင့် ရောဂါများအကြောင်း ဟန်လုပ်ဆွေးနွေး နေခဲ့ကြသေး၏။ လမ်းလျှောက်ရင်း ဒူးများ ညွှတ်ခွေချကာ ငို ချင်စိတ် ပေါ်လာလျှင်တော့ နက်ပြာရောင် ကောင်းကင်မှ လဝန်းကို လိုက်ရှာမော့ကြည့်ရင်း ခြောက်ကပ်စွာ ရယ်မော ခဲ့ကြလေသည်။



ညသည် တဖြည်းဖြည်း တိတ်ဆိတ်စွာ နက်ရှိုင်းလာသည်။ နောက်ဆုံးတော့ ထိန်းချုပ်ထားမှုက ပြိုကွဲသွား လေသည်။



“သူ တို့ကို မချစ်ဘူးလားဟင် ... အိ”



အက်ကွဲသော အောင့်စကားသံကလေး၌ ရှက်ရွံ့မှုများစွာ ပါဝင်နေသောကြောင့် ကျွန်မ သနားသွားပါသည်။ အောင့် မျက်နှာတစ်ခြမ်းကို အုပ်မိုးနေသော ဆံပင်ပျော့ကလေးများကို ကျွန်မ လက်နှင့် သပ်ဖယ်ပေးရင်း ပြုံး ပြမိသည်။



“အချစ်ဆိုတာ တို့ထင်တာထက် ပိုပြီး နားလည်ရခက်တယ်နဲ့ တူတယ် အောင်ရယ်။ နောက်ပြီး ယောကျ်ားတွေရဲ့အချစ်ဟာ မိန်းမတွေရဲ့ အချစ်နဲ့မတူဘူးတဲ့”



ကျွန်မစကားက စမ်းတဝါးဝါးနိုင်လွန်းသဖြင့် ကျွန်မဘာကို ဆိုလိုမှန်း ကျွန်မကိုယ်တိုင်ပင် မသိနိုင်အောင် ဖြစ်နေပါသည်။



“သူ တို့ကို သတိရနေမယ်လို့ ထင်လားဟင်”



“သူ တို့ကို သတိရနေမှာ သေချာတာပေါ့ အောင်ရဲ့။ ခုနှစ်နှစ်တိတိ တွယ်တာခဲ့တဲ့ သံယောဇဉ်ကြိုးကို အခုမ ှတွေ့ရတဲ့ မိန်းမတစ်ယောက်က ဘယ်လိုလုပ် ဖြတ်တောက်ပစ်နိုင်ပါ့မလဲ၊ သူ ...တို့ကို မေ့မှာမဟုတ်ဘူး”



အောင့်ကို လိမ်ရသမျှ စကားထဲတွင် ဤစကားသည် ယုတ္တိမတန်ဆုံး ဖြစ်ပါသည်။ကျွန်မတို့နှစ်ယောက်သည် သူ့မင်္ဂလာပွဲအတွက် လက်ဖွဲ့ကိုအတန်းသားများထဲမှ မည်သည့်အုပ်စုနှင့်မျှ မရောဘဲ သီးသန့်ပြုလုပ်ခဲ့၏။ နှစ်ယောက်လုံး၏ ဆုံးဖြတ်ချက်အရ ထိုလက်ဖွဲ့ပစ္စည်းသည် သူ့ဇနီးနှင့် မသက်ဆိုင်သော၊ သူ့အတွက်သာ အ သုံးဝင်သော သီးသန့်ပစ္စည်း ဖြစ်ရမည်။ အောင်က ဂျာကင် အင်္ကျီလက်ဖွဲ့မည်ဟု ပြောတော့ ကျွန်မ ခါးခါး သီးသီး ငြင်းမိ၏။



“မဖြစ်ဘူးအောင်၊ ယောကျ်ား အင်္ကျီဆိုပြီး ပေါ့ပေါ့မတွက်နဲ့၊ သူ့မိန်းမကို ပေးဝတ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ဒါမှမဟုတ် လမ်းခရီး သွားရင်းလာရင်း သူ့မိန်းမ ချမ်းလု့ိ ဉခံပေးရင်ကော”



အောင့်မျက်နှာ ဖျတ်ကနဲ ညှိုးသွားလေသည်။



“ဒါဖြင့် ဖိနပ်ကွာ”



ကျွန်မပြုံး၍ ခေါင်းခါရပြန်၏။



“သူ့ခြေထောက် အတိုင်းအတာကို တို့မှ မသိတာ အောင်ရယ်”



နောက်ဆုံးတော့ နားကြပ်အနီရောင်ကလေးကို ကျွန်မတို့နှစ်ယောက် သဘောတူ ရွေးချယ်လိုက်လေသည်။

သူသည် နားကြပ်ကို သူ့မိန်းမအား ပေးကိုင်နိုင်တော့မည် မဟုတ်ပေ။ နားကြပ်ကလေးသည် သူ့ပုခုံးထက ်တွင် တစ်သက်လုံး ရှိနေလိမ့်မည်။ နားကြပ်ကို အသုံးပြုတိုင်း ကျွန်မတို့နှစ်ယောက်ကို သူ သတိရပေလိမ့် မည်။



လက်ဖွဲ့ပစ္စည်း လူကြုံနှင့် ပေးရန် လှလှပပ ထုပ်ပိုးပြီးနောက် သူ့နာမည်၏ နောက်တွင် သူ့ဇနီး၏ နာမည်ကို နာကျင်စွာရေးခဲ့ရပါသည်။





တကယ်တော့ ဤဇာတ်သိမ်းပိုင်းကလေးသည် ကျွန်မတို့ နှစ်ယောက်အတွက် အလွန်လှပကြောင်း ကာလ ကြာရှည်တော့မှ ကျွန်မ အခိုင်အမာ လက်ခံခဲ့တော့သည်။ အောင်နှင့် ကျွန်မ မုန်းတီးနာကျည်းမှု မရှိ။ တစ် ယောက်ကို တစ်ယောက် တိတ်တခိုး မနာလိုမှု၊ ဝမ်းနည်းအားငယ်မှု၊ မခံချင်ဖြစ်မှုလည်း မရှိ။ ကျွန်မတို့ နှစ် ယောက် သူ့ကိုရယူဖို့ ကျိတ်၍ ယှဉ်ပြိုင်ခဲ့ကြသည်ဆိုလျှင် ယခုပွဲတွင် ဘယ်သူမျှ မနိုင်၊ ဘယ်သူမျှ မရှုံးပါ။



ပြိုင်ပွဲတွင် နှစ်သိမ့်ဆုကို ကြေညာခွင့်ရမည်ဆိုလျှင်တော့ ထိုဆုကို ရသူသည် ကျွန်မသာ ဖြစ်သည်။ ဘာ ကြောင့် လဲဆိုတော့ သတင်းစာတွင် ကျွန်မ လက်ထပ်သတင်း ဖော်ပြပြီး နှစ်ပတ်အကြာတွင် အခြားလက် ဖွဲ့များထက် နောက်ကျပြီး ရောက်လာသော သူ့လက်ဖွဲ့ လက်ဆောင်တစ်ခုကို ကျွန်မ လက်ခံရရှိခဲ့သော ကြောင့် ဖြစ်သည်။ ထိုလက်ဆောင်ထုပ်ကလေးကို ဖွင့်ကြည့်လိုက်သောအခါ သူ့လက်ရေးများသည် ကျွန်မ မျက်ရည်ဖြင့် ဝါးသွားခဲ့လေသည်။ ကျွန်မသည် ဘုရားတလျက် မယုံကြည်နိုင်စွာ ရင်ခုန် တုန်လှုပ်ရင်း ပြုံးရယ်မိသည်။



သူသည် ကျွန်မကို သတိရနေခဲ့သည်ပါလား။ သူသည် ကျွန်မကို မမေ့ခဲ့သူ ပါကလား။ ကျွန်မတို့ သူ့ကို စတင ်စကားပြောသည့်နေ့ကို သူ ဘယ်တော့မှ မမေ့ခဲ့ပါလား။ သူလက်ထပ်သွား၍ နာကျင်ကြေကွဲရသော ကျွန်မ၏ ဝမ်းနည်းစိတ်သည် သူ့ အမှတ်တရ လက်ဖွဲ့ပစ္စည်းကလေးကြောင့် လွင့်ပါးပျောက်ကွယ်ခဲ့တော့သည်။ သူ့ လက်ဖွဲ့ပစ္စည်းမှာလည်း ကျွန်မ တစ်ဦးတည်းအတွက်သာ အသုံးဝင်သော ပစ္စည်း ဖြစ်ပါသည်။



အောင့်ကို ညှာတာစိတ်ဖြင့် ဤအကြောင်းကို ဘယ်တော့မျှ ပြန်မပြောတော့ ပါဘူးဟု ကျွန်မဆုံးဖြတ်ချက်ချခဲ့ သည်။



“ အိ ... ”



“ငါ နင့်ကို ပြောစရာတစ်ခုရှိတယ်”



ရှည်လျားဖြောင့်စင်းသော အောင့်ဆံပင်များ တိုသွားပြီး တစ်ပတ်လျှိုဆံထုံး ကလေးဖြင့် ဆရာဝန်ပီသစွာ ဣန္ဒြေရနေသော်လည်း အောင့်မျက်ဝန်း ညိုလဲ့တောက်ပ နေပုံမှာ ကျောင်းသူဘဝတုန်းကလိုပင် ဖြစ်သည်။



“ဘာလဲ အောင်”



“ငါ ... နင့်ကိုပြောမယ် ... ပြောမယ်နဲ့ မပြောဖြစ်ဘူး။ ဒါပေမယ့် အခုတော့ ပြောချင်လာပြီ၊ ပြောလု့ိလဲ ဘာမှ ထူးခြားစရာ မရှိတော့ဘူးလေ”



ဆန်းကြယ်သော အောင့်စကားကြောင့် မီးရောင်အောက်မှ အောင့်မျက်နှာကို စိတ်ဝင်တစား အကဲခတ်မိသည်။



အောင့်အပြုံးသည် နှစ်ပေါင်းများစွာက အပြုံးလိုပင် လန်းဆန်းတောက်ပနေ၏။



“ သိပ်အံ့သြဖို့ ကောင်းတာပဲ အိရယ်။ ငါ မင်္ဂလာဆောင်တုန်းကလေ ဟိုတစ်ယောက်ဆီက မင်္ဂလာလက်ဖွဲ့လေး ရတယ် သိလား”



ကျွန်မသည် ကြားရသောစကားကို မယုံနိုင်စွာ အောင့်ကိုငေးကြည့်နေမိသည်။ ဟိုတစ်ယောက်ဆီက ... ။ သူသည် အောင့်ကိုလည်း မင်္ဂလာလက်ဖွဲ့ပို့ပေးခဲ့သည်တဲ့။ ကျွန်မ၏လက်ကို အောင် က ဖျပ်ခနဲ ဆွဲယူဖျစ်ညှစ်သည်။



“သူ လက်ထပ်တုန်းကတောင် မျက်ရည်မကျမိတဲ့ ငါကလေ ... သူ့ဆီက လက်ဖွဲ့ကို ရတော့မှ မျက်ရည်ကျမိ သတဲ့ အိရယ်။ နင် မအံ့သြဘူးလားဟင်”



ကျွန်မသည် တုန်ခိုက်သည့် အောင့်ရယ်သံ တိုးတိုးကလေးကြောင့် ကြက်သီးထသွား၏။



“သူ ငါ့ကို သတိရနေခဲ့တယ် အိရဲ့။ သူ ငါ့ကို မမေ့ခဲ့ဘူးပေါ့။ တို့နှစ်ယောက် သူ့ကို စနောက်ခဲ့တဲ့ အဖြစ်ကို သူ မမေ့ဘူး အိရဲ့ သိလား၊ သူ ဘာလက်ဖွဲ့မယ်ဆိုတာ နင်ခန့်မှန်းကြည့်ပါ အိရယ်”



ကျွန်မသည် တစ်ခဏအတွင်း အောင့်ကို ခါးသီးမုန်းတီးသွားသောကြောင့် ဗြုန်းကနဲ မျက်နှာလွဲပစ်လိုက် ရသည်။



“ငါသိပါတယ် အောင်ရယ်၊ လက်ပတ်နာရီလေး မဟုတ်လား”



“ဟယ် ... နင်သိတယ်။ နင်ဘယ်လိုလုပ် သိလဲဟင် ... အိ”



ကျွန်မ၏ပုခုံးကို စိတ်အားထက်သန်စွာ အောင် ဆုပ်ညှစ်လှုပ်ယမ်းလိုက်သည်။ ကျွန်မ အောင့်ကို လှည့်ကြည့် လိုက်၏။ ထို့နောက် အထက်စီးအပြုံးဖြင့် ပြုံးပြလိုက် မိသည်။



“ ဘယ်လိုလုပ် သိလဲဆိုတော့ ငါ့ကိုလဲ သူက ဆီကိုနာရီကလေး လက်ဖွဲ့ခဲ့လို့ပေါ့ အောင်ရဲ့။ ငါတစ်ယောက် တည်း သုံးလို့ရတဲ့ မိန်းမပတ်နာရီ ကလေးလေ”



ထိုစကားကို ပြောရသောအချိန်၌ ကျွန်မ နှုတ်ခမ်းများ ချိုမြနေသလို ခံစားရသည်။မလှုပ်မယှက်ငေးမော သွားသော အောင့်မျက်ဝန်းများ မှုန်ေ၀ ကျဉ်းမြောင်း သွား၏။ ကျွန်မသည် ငြိမ်သက်နေသော အောင့်ကို

စကားတစ်ခုခုတော့ပြောမှဖြစ်မည်ဟု ကိုယ့်ကိုကိုယ် တွန်းအားပေးနေမိသည်။ သို့သော် ကျွန်မ အောင့်ကို စကားမပြောချင်ပါ။



ညသည် နက်ရှိုင်းစွာ တိတ်ဆိတ်သွား၏။ လွန်ခဲ့သော ဆယ်နှစ်လောက်က ညတစ်ညတုန်းက ဤအလုပ်သင် ဆရာဝန်ဆောင်ထဲမှာပင် ကျွန်မနှင့် အောင် ခုတင်ချင်းကပ်လျက် ပင့်သက်များစွာ ရှိုက်ကာ အိပ်ပျော်ဖို့ ကြိုး စားခဲ့ရဖူးသည်။ ဟိုတုန်းက တစ်ခုတင်စီဖြစ်၍ နှစ်ယောက်သားကြားမှာ နေရာခြားနေသော်လည်း သောက နှင့် ရှက်ရွံ့မှုကို မျှဝေခံစားစိတ် အပြည့်ဖြင့် နှစ်ယောက်သား နွေးထွေးစွာ နီးကပ်နေသလို ခံစားခဲ့ရပါသည်။



ယခုတော့ တစ်ခုတင်တည်း အတူအိပ်လျက် အသားချင်းထိမတတ် နီးကပ်နေသော်လည်း ကျွန်မတို့နှစ် ယောက် အဝေးကြီးဝေးနေသလို ခံစားနေရသည်။



“အိ ...”



ကျွန်မ အောင့်မျက်နှာကို စိုက်ကြည့်နေမိသည်။



“အိရယ် ... သူ တို့ကို ချစ်ခဲ့တယ်ပေါ့နော်”



ကျွန်မ မြင်နေရသော အောင့်နှုတ်ခမ်းများ တဖြည်းဖြည်းချင်း တောက်ပစွာ ပြုံးလိုက်သောအခါ ကျွန်မ မြင်ဖူး သမျှ အောင့်အပြုံးများတွင် အလှဆုံး ဖြစ်သွား၏။ ကျွန်မသည် စောစောကလေးက ဖြစ်ပေါ်ခဲ့သော မုန်းတီး မှုအတွက် နောင်တရသွားကာ မျက်ရည်ဝဲလျက် ခေါင်းညိတ်လိုက်မိ၏။



“ဟုတ်တယ် အောင် ...။ သူ တို့နှစ်ယောက်လုံးကို ချစ်ခဲ့ပါတယ်”



ဤတစ်ကြိမ်တွင် အောင့်ကို လိမ်ညာရုံသာမကဘဲ ကျွန်မကိုယ်တိုင်ကိုပါ ပြန်လည် လိမ်ညာခြင်း ဖြစ်ပါသည်။

ထို့နောက် ကျွန်မတို့နှစ်ယောက် ဟိုတုန်းကလိုပင် ပြန်လည်နုပျိုသွားပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာ ချင်းဆိုင် ကြည့်ကာ တိုးတိုးတိတ်တိတ် ရယ်မောမိကြလေသည်။




ဂျူး

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...