Saturday, April 27, 2024

အခြေခံအဆင့်အင်္ဂလိပ်စာလေ့လာသူများအတွက် လေ့လာမှုအစီအစဉ်တစ်ရပ်

အင်္ဂလိပ်စာဆရာတိုင်းတပည့်များအားဆုံးမလေ့ရှိသည့်စကားပုံမှာ Practice makes perfect ဟုဆိုလျှင်မှားအံ့မထင်ပါ။ ဟုတ်ပါသည်။ လူတိုင်းသိပြီးသားအချက်တစ်ခုဆိုသော်လည်း လူတိုင်းလစ်လျူရှု တတ်သည့်အရာလည်းဖြစ်ပါသည်။ ဘာသာစကားသည် skill ကျွမ်းကျင်လိမ်မာမှုဖြစ်သည်။ သုတပညာတစ်ခု မဟုတ်ပါ။ ထို့ကြောင့် 4 skills ဟုသတ်မှတ်ကြခြင်းဖြစ်သည်။ ရေကူး၊ ဂစ်တာတီး၊ ကဲ့သို့ပင် နည်းနည်းလေ့ကျင့် လျှင် နည်းနည်းလုပ်နိုင်၍ များများလေ့ကျင့်လျှင် များများစွမ်းဆောင်နိုင်စမြဲဖြစ်သည်။ လေ့ကျင့်မှုဆိုသည်ကား ထပ်တလဲလဲပြုလုပ်ခြင်းပင်ဖြစ်သည်။ သို့ဆိုလျှင် ဘာကိုထပ်တလဲလဲ လုပ်ရမည်နည်း ဆိုသည်ကတော့ အနည်းငယ်ရှုပ်ထွေးနိုင်ပါသည်။ ဗွီဒီယိုရုပ်ရှင်တစ်ခု ထိုင်ကြည့်လျှင်ကောင်းမည်လား။ ဒါမှမဟုတ်လျှင် ဥာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဆိုလျှင်ကောင်းမည်လား။ မိတ်ဆွေတစ်ယောက်နှင့်အင်္ဂလိပ်လို ပြောကျင့်မည်လား။ တစ်ကယ်တော့ အဆိုပါစိတ်ကူးများအားလုံးသည် ကောင်းမွန်လှပါသည်။ သို့ရာတွင် တကယ်အရေးကြီးသည်ကတော့ မည်သည်ကိုရွေးချယ်သည်မဆို မှန်မှန်လုပ်တတ်သည့်အလေ့အကျင့် ထူထောင်ခြင်းပင်ဖြစ်သည်။ building a routine ဟုပြောနိုင်သည်။ အင်္ဂလိပ်စာလေ့လာခြင်းအလေ့အထတစ်ခု တည်ဆောက်ခြင်းသည် မိမိအင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန် အကောင်းဆုံးသောနည်းလမ်းပင်ဖြစ်ပေသည်။ ကျွန်တော်အတန်းတစ်တန်းစသည်နှင့် မေးလေ့ရှိသည့်မေးခွန်းမှာ “မိမိအင်္ဂလိပ်စာတိုးတက်ရန် တစ်နေ့လျှင် အချိန်မည်မျှ လေ့လာသင့်သနည်း” ဟူ၍ဖြစ်ပါသည်။ ကျောင်းသားများကလည်းဖြေကြပါသည်။ တစ်ချို့က တစ်နာရီ၊ တစ်ချို့က နှစ်နာရီ။ နည်းနည်းစဉ်းစားသည့်တစ်ချို့က နာရီ၀က်ဟုဖြေကြသည်။ ကျွန်တော်၏ဆက်မေးသည့်မေးခွန်းကတော့ “ကောင်းပြီ။ တစ်နာရီဆိုလျှင် နေ့တိုင်းတစ်နာရီမပျက်မကွက် လေ့လာမည်လား။ နာရီ၀က်ဆိုလျှင်ကော နေ့တိုင်း နာရီ၀က်လေ့လာနိုင်မည်လား” ။ အဖြေက သင်တန်းစ စခြင်းတွင် “Yes ဟုတ်ကဲ့”ဟုတစ်ညီတစ်ညွတ်တည်းဖြေကြသည်။ သို့ရာတွင် တစ်ပတ်ခန့် အကြာတွင် ထို Yes မှာ တစ်ဖြည်းဖြည်းတိမ်လာသည်မှာ မိမိစာသင်သက်တစ်လျောက် အတွေ့အကြုံပင်ဖြစ်သည်။ သင်ယူမှုအလေ့အထတည်ဆောက်ခြင်း Make Learning a Habit သင်ယူမှုအလေ့အထတစ်ခုတည်ဆောက်တော့မည်ဟုဆုံးဖြတ်ချက်ချလိုက်ပြီဆိုလျှင် လုပ်ဆောင်စရာ အချို့ရှိပါသည်။ It's important to be exposed to many different areas every day. ဘာသာစကား၏ နယ်ပါယ်အမျိုးမျိုးနှင့် မိမိကိုယ်ကိုအထိအတွေ့ရှိအောင်လုပ်ပေးဖို့ အရေးကြီးသည်။ သို့ရာတွင် ဘာသာရပ် ပေါင်းစုံ အလွန်အမင်းလေ့လာခြင်းကိုလည်းရှောင်ကျဉ်သင့်ပါသည်။ ထို့ကြောင့်ဖြစ်သင့်သည်မှာ အချိန်မကြာလှသည့် နားထောင်မှု၊ ဖတ်ရှုမှု လုပ်ငန်းလေးများအား နေ့စဉ်လေ့ကျင့်မှုတစ်ရပ်အနေဖြင့်ထူထောင် ထားသင့်သည်။ ကဏ္ဍတစ်ခုတည်းကိုအလွန်စူးစိုက်လေ့လာခြင်းမျိုးအားရှောင်သင့်သည်။ ဥပမာ ဝေါဟာရ/သဒ္ဒါ လေ့လာမှုအားအချိန်အလွန်ပေးခြင်း။ အမြန်လေ့လာရန်အားထုတ်ခြင်း။ တစ်နေ့ ဆယ်မိနစ်ခန့်နားထောင်ပါ။ Listen - 10 Minutes ============================================= အခြေခံအဆင့်နားထောင်စရာများ များစွာရှိပါသည်။ ယခုပေးထားသည့်လင့်တွင် နားထောင်နိုင်ပါသည်။ တစ်နေ့ ၁၀ မိနစ်လောက်နားထောင်လျှင်လုံလောက်ပါသည်။ ကလေးများအတွက်ဦးတည်ရေးသားသည့် စာအုပ်များသည် အခြေခံလေ့လာသူများအတွက်အလွန်ကောင်းသည့် လေ့လာစရာများဖြစ်သည်။ မိမိကလူကြီးတစ်ယောက်ဖြစ်လို့ ကလေးများအတွက်အစီအစဉ်သည် အသုံးမ၀င်ဟုမထင်ပါနှင့်။ ယနေ့အချိန်အထိ Baby TV, Nickelodeon ကဲ့သို့သောအစီအစဉ်များမှ listening input အတွက်အလွန် သင့်တော်ပါသည်။ ကလေးအစီအစဉ်များကိုအထင်မသေးပါနှင့်။ မိမိအတွက် အလွန်ကျေးဇူးရှိပါသည်။ အောက်ပါတို့မှာ ကလေးများအတွက်ရည်ရွယ်ထားသော မိမိကွန်ပျူတာနှင့်နားထောင်နိုင်သော အစီအစဉ်များဖြစ်ပါသည်။ ကျွန်ုပ်တို့၏အင်္ဂလိပ်စာလေ့လာမှုသည် baby ကလေးအဆင့်တွင်သာရှိသေး သည်ကိုမမေ့ပါနှင့်။ Storynory Audio Books for Free တစ်နေ့ ဆယ်မိနစ်ခန့်ဖတ်ပါ။ Read - 10 Minutes ======================================= ကိုယ်စိတ်၀င်စားသည်အကြောင်းအရာတစ်ခုကိုရွေးပါ။ ၄င်းသည်အလွန်အရေးကြီးပါသည်။ မိမိစိတ်မ၀င်စားသည့် အရာတစ်ခုလုပ်ရသည်ကို မည်သူမျှမပျော်ပိုက်ပါ။ မိမိက ဘောလုံးဝါသနာပါလျှင် ဘောလုံးသတင်းဖတ်ပါ။ ဖက်ရှင်အကြောင်း ဝါသနာပါလျှင် ဖက်ရှင်အကြောင်းရေးထားသည်ကိုဖတ်ပါ။ ပျော်ချင်လို့ဖတ်ပါ။ လူတိုင်းပျော်ရွှင်မှုလိုလားပါသည်။ လူတိုင်း ဟာသကိုနှစ်ခြိုက်ပါသည်။ ထို့ကြောင့် ဟာသ Jokes များဖတ်ရင်းပေါ့ပေါ့ပါးပါးလေ့လာပါ။ အပျော်ဖတ်ရင်း မှတ်သားသင့်သည်များကို မှတ်စုတွင် ရေးမှတ်ထားပါ။ အောက်ပါ အင်တာနက်စာမျက်နှာများမှာ အခြေခံအဆင့် စာဖတ်ရန်အတွက်သင့်တော်သည့် နေရာများဖြစ်သည်။ Simple English News Easy English Times တစ်နေ့ ငါးမိနစ် ဝေါဟာရလေ့လာပါ။ Improve your Vocabulary - 5 Minutes =============================================================== နားထောင်ခြင်း၊ စာဖတ်ခြင်း တို့တွင်တွေ့လာသည့် မိမိမသိသည့်ဝေါဟာရတို့အား မှတ်စုတွင်ချရေးထားပါ။ စကားလုံးသစ်နှင့်အတူ၊ အသံထွက်၊ ဝါစင်္ဂ၊ အဓိပ္ပါယ်၊ ဝါကျအတွင်းအသုံးတို့ကို မှတ်ထားပါ။ ဥပမာ - learn - verb ကြိယာ (past and past participle learned or chiefly British learnt) acquire knowledge of or skill in (something) through study or experience or by being taught. သင်ယူသည်၊ လေ့လာသင်ကြားသည်။ လေ့ကျက်သည်။ • learn a foreign language ဘာသာစကားတစ်ခုသင်သည်။ • learn how to swim ရေကူးသင်သည်။ သဒ္ဒါကို ၅ မိနစ် မှ ၁၀ မိနစ်ခန့်လေ့လာပါ။ Grammar - 5 - 10 Minutes အင်္ဂလိပ်စာသင်တန်းတစ်ခုတက်ရောက်နေသူဖြစ်လျှင် အတန်းထဲတွင်သင်ခဲ့သည့် သဒ္ဒါစည်းမျဉ်းများ အကြောင်း ပြန်စဉ်းစားကြည့်ပါ။ မိမိဘာသာလေ့လာနေသူဖြစ်ပါက သဒ္ဒါစာအုပ်တစ်အုပ်ကိုယူကာ မိမိသိလို သည့်အချက်ကို ရှာကြည့်ပါ။ မိမိလုပ်ခဲ့သည့် နားထောင်ခြင်း၊ စာဖတ်ခြင်း တို့တွင် မည်သည့် သဒ္ဒါ အချက်ပါ၀င်သည်ကို ရှာကြည့်ပါ။ ဥပမာ - simple present နှင့် present continuous tense တို့အား ၄င်းတို့ထဲတွင်မည်သို့သုံးသွားသည်ကိုသုံးသပ်ခြင်း။ အပြော ၅ မိနစ်ခန့်လေ့ကျင့်ပါ။ Speaking 5 Minutes ပါးစပ်မှအသံထွက်ပြောရန်အလွန်အရေးကြီးပါသည်။ မိမိ၏လျှာနှင့်ခံတွင်းအတွင်းရှိ စကားသံအင်္ဂါများကိုအလေ့ အကျင့်ဖြစ်နေစေရန် အသံထွက်ပြောမှရပါသည်။ စိတ်ထဲမှပြောဆိုလေ့ကျင့်ခြင်းဖြင့်မရနိုင်ပါ။ လေ့ကျင့်ဖက် မရှိလျှင်လည်း မိမိဘာသာပြောကြည့်ပါ။ ဝါကျများရွတ်ဆိုခြင်း၊ အမေးအဖြေပြုလုပ်ခြင်း၊ မိမိနားထောင်/ ဖတ်ရှုခဲ့ သည်တို့ ကို အခြားသူတစ်ယောက်အား ပြန်ပြောပြသကဲ့သို့ အနှစ်ချုပ်ပြောကြည့်ပါ။ စကားပြောဖော် ပြောဖက် တစ်ယောက်ရှိလျှင် ကောင်းပါသည်။ conversation practice လုပ်နိုင်သည့် သင်တန်းတစ်ခု တက်ခြင်းသည်ပိုအကျိုးရှိမည်ဖြစ်သည်။ အရေးလေ့ကျင့်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ်သည်။ သို့ရာတွင်မိမိရေးထားသည်ကိုစစ်ပေးနိုင်မည့် တတ်ကျွမ်းသူတစ်ယောက်တော့လိုအပ်ပေမည်။ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးအခြားနည်းလမ်း ပေါင်းများစွာရှိပါသေးသည်။ သို့ရာတွင်အခြေခံအဆင့်လေ့လာသူများအတွက်တော့ ဒီလောက်ဆိုလျှင် လုံလောက်ပါပြီ။ မိနစ် ၃၀ ခန့်သာ အချိန်ပေးနိုင်ပါလျှင်အင်္ဂလိပ်စာမုချတတ်ပါလိမ့်မည်။ အရေးအကြီးဆုံးက နေ့စဉ်လုပ်သွားနိုင်ဖို့ပင်ဖြစ်သည်။ အနည်းဆုံး တစ်ပတ်လျှင် လေးရက်ခန့်လုပ်နိုင်လျှင်ပင် အကျိုးရှိမည်။ ၄င်း နာရီ၀က် လေ့လာသည့် အစီအစဉ်အား ယနေ့မှစလုပ်ကြည့်ပါကခြောက်လခန့်အတွင်း မိမိအင်္ဂလိပ်ဘာသာ စွမ်းရည် အံ့မခန်းတိုးတက်လာမည်ကိုမုချယုံကြည်လိုက်နိုင်ပါပြီ။ Kenneth Beare ၏ Study Skills for Beginners ကို အခြေခံရေးပါသည်။ ဇာနည်(MyWay) From - Myanmar Network

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...