Saturday, April 27, 2024

အလုပ်အသစ်ရနိုင်မည့် နည်းလမ်း သုံးသွယ်

အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအလုပ်ကို မကြိုက်ပေမယ့် လုပ်နေရတဲ့လူတွေအများအပြား ရှိတယ်ဆိုတာကို တွေ့နေရပါတယ်။ အဲ့ဒီလူတွေဟာ သူတို့အတွက် နောက်ထပ် အလုပ်အသစ် ရှာမတွေ့နိုင်ဘူးလို့ ထင်နေကြသူတွေ ဒါမမဟုတ် အလုပ်တစ်ခုထဲကို အမြဲ လုပ်နေကြသူတွေ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်အလုပ်ရှင်ကိုပါ ပျက်စီးစေမယ့် နည်းလမ်းတစ်ခုပါပဲ။ သင်မပျော်ရွှင်တဲ့ အလုပ်တစ်ခုမှာ သင် အကောင်းဆုံး လုပ်နိုင်မှာမဟုတ်သလို၊ အကောင်းဆုံး အသက်မွေး၀မ်းကျောင်းမှုလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ အလုပ်ကို ၀တ်ကျေတန်းကျေလုပ်နေပြီး၊ စိတ်အားထက်သန်မှု မရှိဘူးဆိုရင်တော့ လုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အကယ်၍ သင်သာ ကျွန်ုပ်ရဲ့ ၀န်ထမ်းဆိုရင်တော့ သင့်ကို ကျွန်ုပ်ရဲ့ အလုပ်ထဲမှာ ကြာရှည်ထားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အချိန်တော်တော်များများဟာ လုပ်ငန်းခွင်ထဲမှာ နေရတာဖြစ်တဲ့အတွက် အနည်းဆုံးတော့ ပျော်ရွှင်မှုရှိတဲ့နေရာတစ်ခုတော့ ဖြစ်သင့်ပါတယ်။ ပိုပြီးကောင်းတယ်လို့ သင်ခံစားရတဲ့နေရာသစ်တွေကို သွားရဲတယ်ဆိုလျှင် မတူညီတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ရပါမယ်။ သင်လုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်အချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ၁။ ဘယ်လောက်ကြာကြာစောင့်ရမှာလဲ။ မကြာခဏဆိုသလိုမေးမိတာကတော့ အလုပ်အသစ်ရဖို့ ဘယ်လောက်ကြာကြာစောင့်ရမှာလဲ၊ အလုပ်ကမထွက်ခင် နောက်ထပ် ဘယ်လောက်ထပ်စောင့်ရမှာလဲ ဆိုတာတွေပါပဲ။ သင်လက်ရှိလုပ်နေတဲ့ အလုပ်မှာ ဆက်လုပ်နေရင်တော့ တစ်ချိန်မှာ နေရာကောင်းတစ်ခု ရလာနိုင်တယ်ဆိုပေမယ့် အချိန် အတော်အသင့်တော့ စောင့်ရမှာဖြစ်ပါတယ်။ ကိုယ်ရေးရာဇ၀င်တွေရေးရတာ၊ ကိုယ့်ရဲ့ အလုပ်အကိုင် အတွေ့အကြုံတွေရေးရတာ၊ လူတွေ့မေးမြန်းမှုတွေကို သွားရတာကစလို့ အလုပ်တစ်ခုရဖို့အတွက် အနည်းဆုံး သုံးလလောက်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ အလုပ်တစ်ခု လုပ်နေရင်း၊ အခြားအလုပ်သစ်ကို ရှာရတာဟာ စောင့်ရတဲ့အတွက် စိတ်ဖိစီးမှုသက်သာစေပြီး ပိုလွယ်ကူပါတယ်။ သင့်အတွက် အခြေကျတဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုရင်တော့ ပိုကောင်းတဲ့ နေရာတစ်ခုကိုရဖို့ စိတ်ပင်ပန်းခံပြီး တွေ့ရာအလုပ်တွေကို လိုက်လျှောက်နေမယ့်အစား၊ အချိန်ယူပြီး သေချာရှာသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်အလုပ်သစ်ရဖို့အတွက်ကတော့ အချိန်ယူရမှာပါ။ သင့်ရဲ့ ရုံးပိတ်ရက်တွေ ကလည်း အလုပ်ရှာနေရတာတွေနဲ့ အချိန်ကုန်နေသလို၊ အလုပ်တက်ရတဲ့နေ့တွေမှာလည်း အင်တာဗျူးတွေရှိနေလို့ နေ့လယ်ဖက်ခွင့်ယူရတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုတော့ သင့်ရဲ့ လက်ရှိသူဌေးကို ပြောဖို့မလွယ်ပါဘူး။ အဲ့ဒီလိုလုပ်ဖို့ အခွင့်အရေးမရခဲ့ရင်တော့ ဆုံးဖြတ်ချက်မှားတွေအတွက် နောင်တ မရလေအောင် လက်ရှိအလုပ်ကနေထွက်ပြီး သင့်ရဲ့ အလုပ်အသစ်ရှာမှုကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ အလုပ်ကနေထွက်ပြီး အလုပ်အသစ်ရှာတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အလုပ်မရှိပဲ အကြာကြီး အလုပ်ရှာနေမယ်ဆိုရင်တော့ သင့်ရဲ့ အလုပ်ရှင်သစ်ဖြစ်လာမယ့်သူက သင့်ရဲ့အလုပ်ကို အရည်အသွေးမြင့်လာအောင်လုပ်ဖို့ စိတ်မ၀င်စားလို့ အလုပ်မလုပ်ပဲ အကြာကြီး နေတယ်လို့ ယူဆပြီး စိတ်ပျက်သွားနိုင်ပါတယ်။ ၂။ Social Media လူမှုကွန်ရက်တွေ ကို အသုံးချပါ။ အလုပ်ရှင်တွေဘက်ကလည်း လုပ်ငန်းခွင်မှာ စိတ်၀င်စားမှုရှိပြီး၊ နားလည်တတ်ကျွမ်းတဲ့ ၀န်ထမ်းတွေကိုပဲ အလုပ်ခန့်ထားချင်ကြပါတယ်။ ကျွန်ုပ်သာ အလုပ်ရှင်ဆိုရင် Social Media လို့ခေါ်တဲ့ လူမှုကွန်ရက်တွေမှာ တက်ကြွစွာ လုပ်ဆောင်တတ်တဲ့လူ၊ ဘလော့တွေရေးနေတဲ့လူ၊ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ သတင်းတွေပေါ်မှာ မှတ်ချက်တွေ ရေးတတ်တဲ့လူတွေကိုပဲ ရွေးချယ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ အလုပ်ကို စိတ်၀င်စားမှုရှိနေကြပြီး၊ လုပ်ငန်းခွင်နဲ့လည်း သယဇာတရှိနေကြလို့ပါ။ လူမှုမီဒီယာတွေမှာ အစွန်းနှစ်ဖက်တော့ရှိနေတတ်ပါတယ်။ တစ်ဖက်ကတော့ လုပ်ငန်းခွင်မှာ တိုးတက်မှုတွေကို ဖြစ်စေတတ်သလို၊ အခြားတစ်ဖက်မှာတော့ ပျက်ဆီးမှုကို ဖြစ်စေတတ်ပြန်ပါတယ်။ သင် အွန်လိုင်းပေါ်တင်လိုက်တဲ့ ပို့စ်တွေဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်ကို မထိခိုက်စေတဲ့ အရာတွေဖြစ်ဖို့ကိုတော့ သတိထားရပါမယ်။ ၃။ ဘယ်လို သတိထားသင့်သလဲ။ “သင်ဘာလို့ အရင် အလုပ်ကနေထွက်လိုက်တာလဲ” “ဘာလို့ အလုပ်ထွက်ဖို့ကြိုးစားနေတာလဲ” ဆိုတဲ့ မေးခွန်းတွေကို ဖြေရမှာကြောက်တဲ့ အလုပ်လျှောက်သူတွေအများကြီးကို တွေ့ဖူးပါတယ်။ တကယ်တော့ ဒီမေးခွန်းတွေဟာ ကြောက်စရာမလိုပါဘူး။ သင့်ရဲ့ အားသာချက်တွေကို အကောင်းဆုံးဖြစ်အောင် သင့်ဖက်က ဆွဲယူတတ်ဖို့လိုပါတယ်။ သင်ဟာ ရည်မှန်းချက်ကြီးမားပြီး၊ ကြိုးစားလိုစိတ်ရှိတာမို့ လက်ရှိအလုပ်ဟာ သင့်အတွက် တိုးတက်စရာ ဘာမှမရှိလို့ ထွက်ရတယ် ဆိုတာကို ပြောပြနိုင်ရပါမယ်။ စိန်ခေါ်မှုတွေမရှိရင် ကိုယ့်ကိုယ်ကို ပြည့်စုံတယ်လို့ မထင်တဲ့သူဖြစ်ကြောင်း ပြောနိုင်ပါတယ်။ ပထမအဆင့်အနေနဲ့ သင့်ရဲ့ ခံစားချက်ကို သိအောင်ပြောပြဖို့လိုပြီး၊ လက်တွေ့လုပ်ဆောင်ပြတတ်ဖို့လဲ လိုအပ်ပါတယ်။ ကျွန်ုပ် အမြဲတမ်းတိုက်တွန်းလေ့ရှိတာ တစ်ခုကတော့ သင့်ရဲ့ အလုပ်ရှင်ဟောင်းတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့နဲ့ ဆက်ဆံရေး မပျက်စေဖို့ပါပဲ။ မကောင်းတဲ့မှတ်ချက်ကြီးနဲ့ လမ်းခွဲတာမျိုး မလုပ်သင့်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် သူ့ဆီက အကူအညီတွေ သင်လိုအပ်လာနိုင်ပါတယ်။ သင့်ကိုယ်သင် ပရော်ဖက်ရှင်နယ်သမား ပီသအောင်နေတတ်ရပါမယ်။ သင့်ကို တိုးတက်အောင် လုပ်ပေးခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်သင့်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ သင့်မှာရှိနေပြီးသား လူမှုဆက်ဆံရေးကွန်ယက်ကြီးကို သင်အသုံးမချတတ်ဘူးဆိုရင် မိုက်မဲလွန်းတယ်လို့ ပြောချင်တာပါ။ သင်ဘယ်နေရာကို အလုပ်ပြောင်းသွားပြီ ဆိုတာကို သင့်အရင် အလုပ်ကလူတွေကို အသိပေးသင့်သလို၊ အရင်လိုပဲ စကားတွေရင်းနှီးပွင့်လင်းစွာနဲ့ ပြောသင့်ပါတယ်။ အနာဂါတ်မှာ ဘယ်သူဟာ သင့်အတွက် အသုံး၀င်လာမလဲဆိုတာကို သင်ကိုယ်တိုင်တောင် မသိနိုင်ပါဘူး။ အဓိက ကတော့ သင့်ရဲ့ဘ၀တိုးတက်ဖို့အတွက် အချိန်ပေးပြီး အကောင်းဆုံးရှာဖွေပါ။ သင်လုပ်ချင်တာတွေကို လုံး၀မလုပ်ပဲနေတာထက် နဲနဲတော့ လုပ်ကြည့်လိုက်တာက ပိုကောင်းပါတယ်။ တကယ်ပဲ အလုပ်ပြောင်းချင်နေတယ်ဆိုရင်တော့ အပေါ်မှာပြောထားခဲ့တဲ့ဟာတွေကို သေချာစဉ်းစားပြီး အပြောင်းအလဲလုပ်ယူပါ။ အားလုံးကံကောင်းနိုင်ကြပါစေ။ Linkedin.com မှ James Caan CBE ၏ Three Steps To Getting A New Job ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...