Saturday, April 27, 2024

သင်ဘာလို့အလုပ်ထွက်သင့်ပြီလဲ။

လခစား ၀န်ထမ်း ဘ၀ ကို စွန့်လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ဖို့စဉ်းစားနေသူများအတွက်……… ကျွန်တော် ဒီနေ့ရေးမှာကတော့ “အခု ခေတ်မှာ သင့်အနေနဲ့၀န်ထမ်းဘ၀ ကို စွန့်လွှတ်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်သင့်တယ်လို့ စဉ်းစားမိအောင် ထောက်ခံပေးတဲ့ အချက် ၁၀ ချက်” အကြောင်း ကို ရေးချင်ပါတယ်။ ၁၀ ချက် စလုံးကတော့ မြန်မာပြည်နဲ့ကိုက်ညီ ချင်မှ ကိုက် ညီ ဦးပါမယ်။ ဒါပေမယ့် ကြိုတင် စဉ်းစားထားလို့ရတာ ပေ့ါ။ ကျွန်တော် ဒီလိုရေးလို့ကျွန်တော့်ကို မေးစရာ ရှိလာပါတယ်။ ခင်ဗျားကော ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီလား။ ၀န်ထမ်းလုပ်တုန်းပဲလားဆိုပြီး……….. ကျွန်တော် လောလောဆယ်တော့ ၀န်ထမ်း လုပ်တုန်းပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကိုယ်ပိုင် စီပွားရေး ကို စတင်နေပါပြီ။ ကိုယ်ပိုင်စီးပွားရေးမှာ အခြေမကျခင် ကိုယ့် ရဲ့ စား၀တ်နေရေးအတွက် အရေးကြီးတဲ့ ၀င်ငွေရရှိဖို့၊ ကိုယ်ပိုင်စီးပွားရေးအတွက် အရင်းအနှီး ရရှိနိုင်ဖို့ ၀န်ထမ်း လစာကို မှီခိုနေရတုန်းပါပဲ။ ဒါပေမယ့် ဒီဆောင်းပါးလေး ကို ဖတ်ကြည့်တော့ ကိုယ်ဦးတည်နေတဲ့ လမ်းကို ပိုပြီး ယုံယုံကြည်ကြည်လျှောက်လှမ်းနိုင်ဖို့ စိတ်ခွန်အားတွေ ရရှိတဲ့အတွက် စာဖတ်သူ မိတ်ဆွေတွေကို လည်း ဖတ်စေချင်လို့ရေးလိုက်ပါတယ်။ (မှတ်ချက်။ ။ ဒီဟာ ဖတ်ပြီးတာနဲ့တော့ အလုပ်မထွက်လိုက်ပါနဲ့။ ထမင်းစား စရာ မရှိတော့ ရင် ကျွန်တော် တရားစွဲခံနေရပါဦးမယ်) ကဲ…စကြရအောင်။ ကျွန်တော်တို့ရဲ့ ဘ၀ ဟာ တိုတောင်းလှပါတယ်။ အဲ့ဒီ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာရှိနေတဲ့ သင့် ဘ၀ကို ဘာဖြစ်ချင်တယ်ဆိုတာ သေချာ စဉ်းစားကြည့်ပါ။ တစ်သက်လုံး မိမိ ရဲ့ခွန်အားတွေ၊ အကြံဥာဏ်တွေကို တခြားသူ တစ်ဦးတစ်ယောက်အတွက် အခကြေးငွေအနည်းငယ် နဲ့လုပ်ပေးနေမလား။ တစ်ခါတစ်ရံ ထိုသူတွေက သင့်ကို ကျေးဇူးတင်ဖို့မေ့နေပါတတ်တယ်။ တစ်ခါတစ်ရံ သင့်ရဲ့ နေရာကိုတောင် အခြား တစ်ယောက်နဲ့ အစားထိုး လဲလှယ် သွားနိုင်ပါတယ်။ သင့် အနေနဲ့အားသွန်ခွန်စိုက် ကြိုးစားလည်း လကုန် ယင် ရမှာက ဒီ လစာပါပဲ။ (အဲလို ပြောလို့အလုပ်မလုပ်ပဲ အချောင်ခိုခိုင်းတာ မဟုတ်ပါ)။ သင့် ရဲ့တန်ဖိုး ရှိလှတဲ့ခွန်အား ဥာဏ်စွမ်းတွေကို ကိုယ်ပိုင် စီးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းမှာ အသုံးချလိုက်ယင် ဘယ်လိုနေမလဲ။ ဒါပေမယ့် ပြောစရာ ရှိလာပါတယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခု ထောင်ဖို့ဆိုတာ လိုအပ်ချက်တွေ အများကြီး။ လွယ်လွယ်နဲ့ထောင်လို့ရလို့ကတော့ လူတိုင်း ထောင်ကုန်လို့၀န်ထမ်းတောင် ရှိလာတော့ မှာ မဟုတ်ဘူး ဆိုပြီး ပြောစရာ ရှိလာနိုင်ပါတယ်။ မှန်ပါတယ်။ အဲ့လိုတော့ စီးပွားရေး တစ်ခုကို လွယ်လွယ်နဲ့စလို့မရပါဘူး။ ဒါပေမယ့်တစ်ချိန်ချိန်မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်မယ်လို့ရည်ရွယ်ချက် ရှိတဲ့သူတွေအတွက်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက် (၁၀) ချက်က စိတ်ခွန်အားကို ဖြစ်စေမှာပါ။ ၁။ မည်သည့်နေရာမှ မဆို အလုပ် လုပ်နိုင်ခြင်း (မြန်မာနိုင်ငံတွင်တော့ အနည်း ငယ် ခက်ခဲပါဦးမည်)။ အခုလို အင်တာနက်တွေ မြန်ဆန်လာပြီး နေရာတော်တော်များများ မှာ အင်တာနက် အသုံးပြုလို့ရလာတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့အနေနဲ့ ရုံးမှာ ထိုင်ပြီး အလုပ်လုပ်နေစရာမလိုတော့ ပါဘူး။ သင့် မှာ ကွန်ပြူတာ တစ်လုံး ရယ်၊ အင်တာနက် ရယ် ရှိယင် ကော်ဖီ ဆိုင်ကပဲ ဖြစ်ဖြစ်၊ သင့်ရဲ့ကုတင်ပေါ်ကပဲ ဖြစ်ဖြစ်၊ ရထားပေါ်ကပဲ ဖြစ်ဖြစ်၊ ကမ်းခြေက ဘန်ဂလို ထဲကပဲ ဖြစ်ဖြစ် အလုပ် လုပ်လို့ရပါပြီ။ သင်ရှိနေတဲ့ နေရာကို သာ သင့်ရဲ့အလုပ်နေရာလို့သတ်မှတ်လိုက်ပါ။ အခု အခါ မှာ လုပ်ငန်းတော်တော် များများက လူချင်းမတွေ့ရပဲ လုပ်လို့ရတာမျိုးတွေ များလာပါပြီ။ (စားသောက်ဆိုင်ဖွင့်တာ၊ ပွဲ ရုံ လုပ်တာတွေတော့ မပါဘူးပေါ့နော်)။ consultant အတိုင်ပင်ခံအလုပ်တွေ၊ IT programmer တွေ၊ graphic designer တွေ၊ အမျိုးမျိုးပါပဲ။ မြန်မာပြည်မှာ အင်တာနက် တွေ မမြန်လို့ဆိုပေမယ့် email လောက် အသုံးပြုလို့ရယင်ကို လုပ်လို့ရတဲ့ အလုပ်တွေ အများကြီးပါ။ ဘာသာပြန် translation လုပ်မလား၊ graphic designer လုပ်မလား၊ အများကြီးလုပ်လို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အချို့အဖွဲ့အစည်းတွေရဲ့ report တွေကို ရေးပေးတာတို့၊ စစ်တမ်းကောက်ယူမှုတွေအတွက် အကြံပေး တာတို့တွေ လုပ်နေပါတယ်။ လူချင်းတွေ့စရာမလိုပါဘူး။ ပြီးတော့ ကိုယ်က အဲ့ဒီ အဖွဲ့အစည်းတွေ ရဲ့၀န်ထမ်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သင့် အနေနဲ့တော့ လုပ်ငန်း တစ်ခု မှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ ဘာသာ ပြန် မယ်ဆိုယင် ဘာသာ ပြန် ကျွမ်းကျင်ဖို့လိုမယ်။ program ရေးမယ်ဆိုယင် programming language ကျွမ်းကျင်ဖို့လိုတာပေါ့။ ၂။ သင် စိတ်၀င်စားတဲ့အရာကို လုပ်ခွင့်ရခြင်း။ သင့် အနေနဲ့ တကယ်စိတ်၀င်စားတဲ့ အလုပ်က လျှပ်စစ် ကရိယာလေးတွေကို ကလိရတာ၊ အသစ် အသစ်ပေါ်လာတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို လေ့လာရတာမျိုး ဖြစ်ပါလိမ့်မယ်။ အဲ့ဒါဆိုယင်တော့ သင့် ကိုယ်ပိုင် ဖုန်းဆိုင်လေး ဖွင့် ကွန်ပြူတာ ဆိုင်လေး ဖွင့် တာအကောင်းဆုံးပေ့ါ။ ဒါပေမယ့် ၀န်ထမ်းဘ၀မှာတော့ သင် စိတ်၀င်စားတာကို မလုပ်ရပဲ တစ်နေကုန် စာစီ စာရိုက်လုပ်နေယင် လုပ်နေရလိမ့်မယ်။ အစည်းအဝေးတွေ လိုက်တက်နေယင် တက်နေရလိမ့်မယ်။ သင် ဝါသနာ မပါတဲ့အလုပ်ကို လုပ်နေရယင် တကယ့်ကို ၀တ်ကျေ တန်းကျေပါပဲ။ ကဲ… အဲ့ဒါဆို ဘာလို့သင် စိတ်၀င်စားတာနဲ့ကိုက်ညီတဲ့ ကိုယ်ပိုင် အလုပ်ကို စတင် အကောင်အထည် ဖော်ဖို့မစဉ်းစားတာလဲ????? ၃။ ပိုက်ဆံများများ ပို ရှာနိုင်ခြင်း။ သင့်အနေနဲ့၀န်ထမ်းဘ၀မှာ လစာ အလွန်ကောင်းတဲ့ အလုပ်မှာ လုပ်နေရတာ ဖြစ်ယင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လစာ များတာနဲ့အညီ သင်လည်း ပြန်ပေးဆပ်ရမှာပါ။ အဲ့ဒီအလုပ်အတွက် သင့်အနေနဲ့နေရာ တစ်ခု မှာ ရှိနေရမယ်၊ အချိန်အတိုင်းအတာ တစ်ခု အကုန်ခံရမယ်။ မ၀တ်ချင်တဲ့ အ၀တ်တွေ ၀တ်ပြီး ပျင်းစရာကောင်းလှတဲ့ အစည်းအဝေးခန်းမထဲမှာ ထိုင်ယင်ထိုင်နေရမယ်။ တကယ်ကို အလုပ် မဖြစ်တဲ့ အစည်းအဝေးမှန်း သိပေမယ့် သင် မတတ်လို့မရပါ။ အဲ့ဒီလို တစ်နေ့တစ်နေ့ကုန်နေမယ့် အချိန်တွေ ကို ကိုယ့်လုပ်ငန်းမှာ သုံးလိုက်ယင် သင် ၀န်ထမ်း ဘ၀မှာ ရတဲ့ လစာထက် ပိုများတဲ့ လစာ ကို သင်ရှာနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ဖန်တီးတွေခေါ်နိုင်မှု ဥာဏ်စွမ်းတွေ လည်း ပိုပြီး ထက်သန် လာပါလိမ့်မယ်။ အဲ့ဒီ ဖန်တီးတွေ ခေါ်နိုင်စွမ်းတွေက သင့်လုပ်ငန်းကို ပိုပြီး အောင်မြင်အောင် ထောက်ပံ့ပါလိမ့်မယ်။ လစာကောင်းတဲ့ ရာထူး ကြီး တစ်ခု ရထားတဲ့သူ တော်တော်များများ မှာ ကျွမ်းကျင်မှု နဲ့အရည်အချင်းက ရှိပြီးသားပါ။ ၄။ ပျင်းရိမှု ကို ပျောက်ကင်းစေခြင်း။ သင်၀န်ထမ်း ဘ၀ကနေ ထွက်လိုက်ပြီး သင် ရဲ့ကိုယ်ပိုင်လုပ်ငန်းကို စတင်လိုက်တာနဲ့ သင့်မှာ လုပ်စရာတွေ အများကြီး ရှိလာပါပြီ။ ပတ်၀န်းကျင် အသစ်တွေနဲ့ဆက်ဆံရမယ်။ လူအသစ်တွေ မိတ်ဆွေ အသစ်တွေ ရတော့မယ်။ စိတ်၀င်စားစရာ တွေ တပုံတပင်တွေ့လာနိုင်တယ်။ သင်ခန်းစာ အသစ်တွေလဲ ရလာနိုင်တယ်။ သင်ကြုံတွေ့ရတဲ့ပတ်၀န်းကျင်က အရာတွေ အားလုံး က ပြောင်းလဲ သွားလိမ့်မယ်။ သင့်ရဲ့ ရလဒ်တွေလည်း ပြောင်းလဲ သွားလိမ့်မယ်။ အောင်မြင်မှုတွေ ရလာနိုင်တယ်။ ကျရှုံး မှုတွေလည်း ကြုံရနိုင်တယ်။ ဒါပေမယ့် အယင် ၀န်ထမ်း ဘ၀မှာ ကိုယ်မလုပ်ချင်တာကို လုပ်နေရပြီး နေစဉ် တွေ့ကြုံနေရတဲ့ ၀န်ထမ်း ဘ၀ ပတ်၀န်းကျင်လိုတော့ ပျင်းရိစရာ ကောင်းတော့မည် မဟုတ်ပါ။ ၅။သင့် အရည်အချင်းကို ဖော်ပြလာနိုင်ခြင်း။ ၀န်ထမ်းဘ၀မှာ သင့် မှာ ရှိတဲ့ အရည်အချင်း အစွမ်းအစကို ကို ဖော်ထုတ်ပြသနိုင်ဖို့အခွင့်အရေးနည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ သင့် ရဲ့ Boss က ကိုယ့် အရည်အချင်းတွေ ပြသခွင့်မရ အောင် ဖိနှိပ်ထားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ သင့် မှာ ရှိတဲ့ အရည်အချင်း အားလုံးကို ဖော်ထုတ် အသုံးချ လာ နိုင်မှာ ဖြစ်ပါတယ်။ ၆။ မိမိ ကိုယ်ကို ယုံကြည်မှု ပို ပြီး ရှိလာခြင်း။ အဖွဲ့အစည်း တစ်ခု အပေါ် မှီခိုမှုက နေ လွတ်ကင်းလာလိုက်တယ်ဆိုတာနဲ့သင့် ဘ၀ ကို သင့် ဖာသာ စတင်ရတော့ မှာပါ။ အဲ့ဒီ အချိန်ကျယင် ကြုံလာတဲ့ အခက်အခဲတွေကို တန်ပြန် တွန်းလှန် ယင်းနဲ့ သင့် ကိုယ်ကို သင် ယုံကြည်မှုတွေ ပိုပြီးတိုး ပွားလာမှာပါ။ ဒီကနေ့အလုပ်ထွက်လိုက်ပြီ ဆိုတာနဲ့နောက်နေ့ က စပြီး ၀န်ငွေရဖို့အတွက် စဉ်းစားရပါတော့မယ်။ အဲ့ဒီ အခါမှာ သင့် မှာ ရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ် တတ်လာမယ်။ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတဲ့ လုပ်ငန်းတွေကို စတင် အကောင်အထည် ဖော်တတ်လာမှာပါ။ သင့် ဘ၀အတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်လာမယ်။ ၀န်ထမ်းဘ၀မှာ သင့် ဘ၀ အတွက် ဆုံးဖြတ်ချက်ကို အထက် က ဆုံးဖြတ်တာ များပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ်တည်ဆောက် ရပြီဆိုယင်တော့ သင့် ဆုံးဖြတ်ချက်သည် သာ အဓိက ဖြစ်သွားပါပြီ။ ၇။ ကိုယ်ပိုင် အလုပ်ကို သွားရမည်ကို စိတ်လှုပ်ရှား ပျော်ရွှင်ခြင်း။ ၀န်ထမ်းတစ်ယောက်အနေနဲ့မနက် မိုးလင်း လိုက်တာနဲ့အလုပ်သွားရမှာကို စိတ်ညစ် နေပြီးဆိုယင်တော့ သင့်အနေနဲ့အဲ့ဒီအလုပ်ကနေ ထွက်လိုက် ဖို့ အမှန်ကန်ဆုံး အချိန်ရောက်နေပါပြီ။ တင်္နလာနေ့မနက်ရောက်မှာကို ကြောက်နေမိတယ်ဆိုယင်လည်း ထွက်လိုက်ပါတော့။ သင့်ကိုယ်ပိုင် အလုပ်ဆိုယင်တော့ မနက်မိုးလင်းတာနဲ့ စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေပါလိမ့်မယ်။ စိန်ခေါ်မှုတွေကလည်း သင့်ကို စောင့်ကြိုနေမှာပါ။ ဒါပေမယ့် အဲ့ဒီ စိန်ခေါ်မှုအားလုံးဟာ သင့်ကို အောင်မြင်မှုကို တွန်း ပို့နေမယ့် အရာတွေ ပါပဲ။ ကိုယ် စိတ်၀င်စားတဲ့ ကိုယ်ပိုင် အလုပ်ကို လုပ်နေရယင် တစ်ခါ တစ်ရံမှာ အလုပ်လုပ်နေတယ်လို့တောင် ထင်ချင်မှ ထင်မိမှာပါ။ ကိုယ့်ကို ကိုယ် အပန်းဖြေမှု တစ်ခုလို့တောင် ထင်မိ ပါဦးမယ်။ ၈။ အကန့်အသတ် မရှိတဲ့ အခွင့်အလမ်း တွေကို ရှာဖွေ နိုင်ခြင်း။ တကယ်လို့သင့်အနေနဲ့အခြားသူ တစ်ယောက်အတွက် အလုပ်လုပ်ပေးနေရမယ်ဆိုယင် အခွင့်အလမ်းကောင်းတွေကို ရှာဖွေနိုင်ဖို့အခွင့်အရေး နည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ ရှိကို မရှိတတ်ပါဘူး။ တကယ်လို့သင့်အနေနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီးဆိုယင်တော့ သင်ရှာဖွေ နိုင်သရွေ့အခွင့်အလမ်းတွေကြီးပါပဲ။ အကြံဥာဏ်ကောင်းတွေလည်း ပေါ်ထွက်လာမှာပါ။ ၉။ ဘ၀လိုအပ်ချက်နဲ့အညီ လိုက်လျောညီထွေမှု ရှိနိုင်ခြင်း။ သင့် မိဘတွေ အသက်ကြီးလာပြီး သင့်ရဲ့ စောင့်ရှောက်မှုကို လိုအပ်လာပြီ။ သင့်ကလေးကို ကျောင်းပို့ကျောင်းကြို ပို့ရန်လိုအပ်လာပြီ။ သင့် တို့မင်္ဂလာနှစ်ပတ်လည် နေ့မှာ သင့် အိမ်ထောင်ဖက် ဘေးမှာ ရှိဖို့လိုအပ်လာပြီ။ ၀န်ထမ်းဘ၀မှာ ဒါတွေကို လျစ်လျူ ရှု ဖြစ်ဖို့များပါတယ်။ သင့် ရဲ့ မိဘ နေမကောင်းတဲ့ အချိန် သင် အဝေးတစ်နေရာ ရောက်ယင် ရောက်နေမယ်။ သင့် ကလေး ကျောင်းကား စီးယင်စီးနေရလိမ့်မယ်။ မင်္ဂလာ နှစ်ပတ်လည်နေ့မှာ သင့် အိမ်ထောင်ဖက်က သင်ရုံး က ပြန်လာတဲ့ အချိန်ကို မအိပ်ပဲ စောင့်ယင် စောင့်နေရပါလိမ့်မယ်။ သင့်အချိန်ကို သင်မပိုင်ပါဘူး။ အလုပ်က ပိုင်နေပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ပြီးဆိုယင်တော့ ဒီလို ပြန်လည် အစားထိုး မရနိုင်တဲ့ သူတွေအတွက် သင့်ရဲ့အချိန်တွေကို ပေးလာနိုင်မှာပါ။ ကိုယ်ပိုင် လုပ်ငန်း အတွက် အရမ်း အချိန်ပေးနေရယင်တောင် ကိုယ့် အချိန်ကို ကိုယ် စိတ်တိုင်းကျ စီမံ နိုင်မှာပါ။ သင့်အချိန်ကို သင်ပိုင်ဆိုင်နေပါပြီ။ ၁၀။ နေရာ အနှ ံ့ လျှောက်သွားနိုင်ခြင်း။ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ထိ လုပ်ရတဲ့ ၀န်ထမ်းဘ၀မှာ တခြားနေရာ လျှောက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ တစ်နေ့တစ်နေ့သင့်မှာ သွားစရာ ရုံးနဲ့အလုပ်နဲ့ပက်သက်တဲ့နေရာတွေ ပဲ ရှိမှာပါ။ ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ နေရာ အနှ ံ့သွားရပါတော့မယ်။ သင့် လုပ်ငန်း ကို ဖွ ံ့ဖြိုး တိုးတက်ဖို့အတွက် စျေးကွက် ရှာရမယ်။ နေရာ အနှ ံ့က လူတွေနဲ့ဆက်ဆံရတော့မယ်။ ခရီးသွားပြီး ပတ်၀န်ကျင်သစ်ကို လေ့လာနိုင်မယ့် အခွင့် အရေးတွေ ရလာပါတော့မယ်။ ၀န်ထမ်းဘ၀မှာလည်း ခရီးသွားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လွတ်လပ်မှုနဲ့သွားရတဲ့ ခရီးက ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မှာ အသေချာပါ။ ဒီအပေါ်မှာ ရေးခဲ့တဲ့ အချက် ၁၀ ချက်ကတော့ သင့်အနေနဲ့၀န်ထမ်းဘ၀ကို စွန့်လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ယင် ရရှိလာနိုင်တဲ့ အခွင့်အရေးတွေပါပဲ။ ကျွန်တော့်ရဲ့အတွေ့အကြုံလည်း ပြောပြချင်ပါတယ်။ အဲ့ဒီ အချိန်က ကိုယ်ပိုင် လုပ်ငန်းတော့ မဟုတ်သေးပါဘူး။ ကျွန်တော် ဘန်ကောက်မှာ ဘွဲ့လွန် တစ်နှစ်တက်လို့ဘွဲ့ရကာနီး အချိန်ပေ့ါ။ စကော်လာ ရှစ်က ရထားတဲ့ တစ်နှစ်စာ ကျောင်းတတ်ဖို့ အသုံးစရိတ်ကလည်း ကျောင်း ပြီးခါနီးပြီးဆိုတော့ တော်တော် လုံးပါး ပါးသွားပြီ။ စာတမ်းပြုစု ရာမှာ လည်း အသုံးစရိတ်က တော်တော် ထောင်းသွားတယ်။ စာတမ်းအတွက် ကုန်ကျ စရိတ်ကို ကျောင်းက ပြန်ပေးတယ်ဆိုပေမယ့် လောလောဆယ် ကိုယ်က စိုက်ထားရတာ ဆိုတော့ အဆင်သိပ်မပြေ။ မိဘ ဆီက လည်း လှမ်းပြီး မတောင်းချင်တော့ဘူး။ အဲ့ဒီ အချိန်မှာ တစ်နေ့တစ်နေ့စဉ်းစားမိတာ ဘယ်လို ၀င်ငွေ ရနိုင်မလဲဆိုတာပဲ။ ထိုင်းမှာက ကျောင်းသားဆိုယင် အလုပ်လုပ်ခွင့်က မရှိ။ ထိုင်းစကားကလဲ မတတ်။ အဲ့ဒါနဲ့ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ဘာလုပ်လို့ရမလဲဆိုပြီး အပူအပြင်း ရှာမိတယ်။ အင်တာနက် ပေါ်မှာ အဓိက ရှာတယ်။ workshop တွေမှာလည်း အသိ မိတ်ဆွေတွေ တိုးပွားအောင်လုပ်တယ်။ အဲ့ဒီလို အခွင့်အလမ်း ရှာနေတဲ့ အချိန်မှာ စိတ်လှုပ် ရှားစရာ အကောင်းဆုံးပဲ။ online က freelance job တွေ လိုက်လျောက်တယ်။ ပိုက်ဆံကို သမာအာဇီ၀နည်းနဲ့ရှာနိုင်တာ မှန်သမျှ ကြိုးစားကြည့်တယ်။ အဲ့လိုနဲ့တစ်လ လောက်လဲ ရှိရော ဘာသာ ပြန်တဲ့ အလုပ် ရတယ်။ email နဲ့အလုပ်လုပ်ရုံပဲ။ သူတို့က ပြန်ချင်တာကို ပို့။ ကိုယ်က ပြန်ပေးပြီး ပြန်ပို့ရုံပဲ။ ထိုင်း တက္ကသိုလ်တစ်ခုက ပါမောက္ခ တစ်ယောက်ကို မြန်မာ ပြည်အကြောင်း (အဓိက ကျန်းမာရေး စောင့်ရှောက်မှု) တွေ ကို ရှာပြီး report ရေးပေးရတယ်။ သူက မြန်မာပြည်ကို မသွားခင် ကြိုတင် လေ့လာချင်လို့ပါ။ facebook မှာ နိုင်ငံခြားသားတွေ အတွက် မြန်မာပြည် ခရီးသွားလုပ်ငန်း page တစ်ခု ထောင်တယ်။ ဘန်ကောက်က နိုင်ငံခြားသား အသိတွေကနေ တဆင့် ကြေငြာတယ်။ စိတ်၀င်စားသူ ဆက်သွယ်လာယင် ရန်ကုန်က အသိ ခရီးသွား company ကို ချိတ်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ဘ၀ကို ကိုယ်ပိုင်သလို ပဲ ခံစားမိတယ်။ ဘယ် အဖွဲ့အစည်းနဲ့မှာ အနှောင်အဖွဲ့မရှိဘူး။ အခွင့်အလန်းအသစ်တွေ အတွက် စိတ်လှုပ်ရှားစရာတွေကြီးပဲ။ လူတွေနဲ့လည်း ပိုပြီး ရင်းနှီးလာတယ်။ အသဲအသန် ရှာဖွေတဲ့ ရလဒ်က တခြား သူတွေ ဘယ်လို freelance အလုပ်တွေ လုပ်နေလဲဆိုတာကို နားလည်လာတယ်။ ကိုယ့် အချိန်ကိုယ်ပိုင်တယ်။ ကိုယ့် အခန်းမှာကိုယ်လုပ်ရုံပဲ။ စာတမ်းကို အဆုံးသတ်နေတာကို လည်း မထိခိုက်ဘူး။ ဒီလိုနဲ့အဆင်ပြေနေရာကနေ နောက်ဆုံးတော့လည်း ရာထူး နဲ့ပုံမှန် လစာ ကို မက်ပြီး ၀န်ထမ်းဘ၀ကို ပြန်၀င်သွားမိရာက အခုတော့ ပြန်လည် ရုန်းထွက်နိုင်အောင် ကြိုးစားနေဆဲဖြစ်ပါကြောင်း ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။ ကိုဟိန်း (Prospect Myanmar) Ilya Pozin ရဲ့ 10 Reasons to Quit Your job in 2015 မှ ကိုးကားထားပါတယ်။

No comments:

Post a Comment

Featured Post

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပ...