Thursday, December 19, 2013

သတ္တမမြောက် ငါး (၁)

ဤရွာ၏ သန်းခေါင်စာရင်းကို စစ်တမ်းပြုစုမည်ဆိုလျှင် အိမ်ခြေ ၂၃၃ အိမ်၊ လူဦး ရေ ၁၁၅၆ ယောက်၊ ငါးဦးရေ ခြောက်ကောင်ဟု ပြောမှ မှန်မည်။ သို့သော် အဲသည်အတိုင်း မည်သူမျှ မပြောကြပါ။ တချို့က အဲသည်လို အတိအကျမသိ။ တချို့က အတိအကျ သိ လျက်နှင့် မပြော။ ဤရွာတွင် အမှန်တရားဟူသည် တိုးတိုးတိတ်တိတ်သာ ပြောရမည့် အခြင်းအရာ ဖြစ်သည်။
ယောက်ျားတွေသည် သူတို့ကိုယ်သူတို့ သိလှတတ်လှပြီ ထင်နေသည်။ ဤရွာမှာ ဘာပြဿနာပဲဖြစ်ဖြစ်၊ ထိုကိစ္စကို သူတို့သာ အသိဆုံးဟု ယူဆကြသည်။ ထို့ကြောင့်လည်း အခုတလော သူစိမ်းတစ်ယောက် ရောက်လာပြီဆိုလျှင် အောက်ပါစကားတို့ကို ပြောပြလေ့ ရှိသည်။

“ပင်လယ်မှာ ငါးဖမ်းသွားရတာ လွယ်တာမှတ်လို့၊ တော်တော် အန္တရာယ်ကြီးတာဗျ၊ အခု နှစ်လအတွင်း ကျုပ်တို့ရွာမှာ လူခြောက်ယောက် သေသွားတာသာ ကြည့်တော့၊ ကံ ဆိုးရှာတဲ့ မုဆိုးမတွေတော့ ဒုက္ခအကြီးအကျယ် ရောက်တော့တာပေါ့၊ သနားပါတယ်ဗျာ”

သူတို့ မသိသည့် အချက်နှစ်ချက် ရှိသည်။

တစ် ... ကျန်ခဲ့သော မုဆိုးမများ ဒုက္ခမရောက်ပါ၊ သနားစရာလည်း မကောင်းပါ။ ဘာကြောင့်လဲဆိုတော့ ထိုမုဆိုးမတို့၏ ယောကျာ်းများသည် လူ့ဘဝတွင် ရှိစဉ်က အိမ် ထောင်ဦးစီးအဖြစ်လည်း စီးပွားရှာမကျွေး၊ နောက်လိုက်ကောင်းလည်း မလုပ်။ မိန်းမတွေ ကို ကိုယ်ခန္ဓာအားဖြင့်လည်း နာကျင်စေ စိတ်အားဖြင့်လည်း နာကျင်စေခဲ့သူများ ဖြစ်သည်။ ယခုအခါ ထိုမုဆိုးမများ စိတ်ချမ်းသာကြပါသည်။

နှစ် ... လူဦးရေသာ ၁၁၆၂ ယောက်မှ ၁၁၅၆ ယောက်အဖြစ် ခြောက်ယောက် လျော့သွားခဲ့သော်လည်း ငါး ခြောက်ကောင် တိုးလာပါသည်။ ကျန်ရစ်သူ မုဆိုးမ တစ် ယောက်စီ၏ အိမ်တွင် ငါးတစ်ကောင်စီနှုန်းဖြင့် မုဆိုးမ ခြောက်ယောက်တွင် ငါး ခြောက် ကောင် ရှိနေပါသည်။

ဤကိစ္စကို ယောကျာ်းများ မသိကြပါ။ မိန်းမများသာ သိကြပါသည်။ လင်ဆိုးမယား များက ပို၍သိပါသည်။

လူအားလုံးထက် ပိုပြီး ကျွန်မ သိနေသည့် အချက်ရှိသည်။ ၎င်းမှာ မနက်ဖြန်ဆို လျှင် လူဦးရေသည် ၁၁၅၅ ယောက်သာ ရှိတော့မည်။ ငါးဦးရေ ခုနစ်ကောင် ဖြစ်လာလိမ့် မည်။

ဘာကြောင့် ကျွန်မ သည်လောက်တောင် အတိအကျ ပြောနိုင်သလဲ။

ဘာကြောင့်လဲဆိုတော့ အခုညတွင် ကျွန်မ ယောက်ျားသည် ဤရွာ၏ ခုနစ်ကောင် မြောက် ငါးအဖြစ် ဘဝပြောင်းရတော့မှာမို့ပဲ ဖြစ်သည်။



*



ကျွန်မသည် လှေကို ခပ်သွက်သွက် လှော်ခတ်နေရသည်။ ကျွန်မ လက်မောင်း လက်ဖျန်တွေ နာကျင်လာသည်အထိ ဖြစ်သည်။ ကျွန်မ အလျင်လိုနေ၏။ တစ်ကြောင်းက ထိုနေရာသို့ နေဝင်သည်နှင့် ရောက်သွားမှ ဖြစ်မည်။ နောက်တစ်ကြောင်းက နောက်သို့ ပြန်မလှည့်ချင်လို့ ဖြစ်သည်။

အဝေးမှာ မှုန်ပျပျ မြင်နေရပြီဖြစ်သော ကျွန်းသည် လူတွေ ပြောသလောက်တော့ ထိတ်လန့်စရာ မြင်ကွင်း မဟုတ်ပါ။ သွားဖြဲပြနေသော မကောင်းဆိုးဝါး တစ်ကောင်နှင့် တူ သတဲ့။ ကျွန်မတော့ အဲသည်လို မထင်ပါ။ ထိုကျွန်းတွင် ပါးစပ်နှင့် တူသော လိုဏ်းခေါင်း ကျယ် တစ်ပေါက် ရှိနေသည်။ ထိုလိုဏ်ခေါင်းထဲသို့ ရေတွေ စီးဝင်နေရာက တဟဲဟဲ အသံ မြည်နေခြင်း ဖြစ်သည်။ ထိုလိုဏ်းခေါင်းထဲသို့ ကျွန်မ ကလေးဘဝအရွယ်က သူငယ်ချင်း တွေနှင့် ရောက်ဖူးသည်။ ဘာမှ ကြောက်စရာ မကောင်းပါ။ ထိုလိုဏ်းခေါင်း၏ နောက် ဘက် နံရံအနီးတွင် ကျောက်ဆောင်စွန်းတစ်ခု ရှိသည်။ စားပွဲခုံတစ်ခု၏ မျက်နှာပြင်လို ခပ်ညီညီ ဖြစ်နေသဖြင့် ၎င်းအရာကို ကျောက်စားပွဲဟု ခေါ်ကြသည်။ ထိုကျောက်စားပွဲပေါ် တွင် စားသောက်ဖွယ်ရာ မုန့်များ၊ သစ်သီးများ တင်ထားတာ တွေ့ရတတ်သည်ဟု လူတွေ က ပြောသော်လည်း ကျွန်မ ရောက်တုန်းကတော့ ဘာမှ မရှိပါ။ “အဲဒီစားစရာတွေကို သွား မစားလိုက်နဲ့နော်၊ အဲဒါ နတ်တင်ထားတာဖြစ်မှာ” ဟု အမေက ပြောခဲ့ဖူးသည်။ ကျွန်မတို့ ဘာမှမတွေ့၊ ဘာမှလည်း မစားခဲ့ရပါ။ လူကြီးတွေ ပြောသလောက်လည်း ကြောက်စရာ မ ဟုတ်ပါဘူးဟု ယူဆခဲ့သည်။ တစ်ခုတော့ ရှိသည်။ ကျွန်မတို့ အဲသည်လိုဏ်းခေါင်းဆီ သွား ခဲ့ကြတုန်းက နေ့လယ်ချိန်၊ အလင်းရောင်သည် လိုဏ်းခေါင်းပေါက်မှ တစ်ဆင့် အထဲမှာ ဖြာကျနေသည်ဖြစ်ရာ လိုဏ်တစ်ခုလုံး ကွက်တိ ကွက်ကျား လင်းနေခဲ့၏။ ယခုလို နေဝင်စ မှောင်ရီပျိုးသည့် ကာလတွင်တော့ ထိုလိုဏ်းခေါင်းသည် ဘယ်လိုအသွင် သဏ္ဌာန်ရှိမလဲ ကျွန်မ မသိပေ။

နေလုံးသည် ပင်လယ်ထဲသို့ တစ်ဝက်နစ်နေပြီ ဖြစ်သည်။ နေဦး ... နေ နစ်ဝင်ရာ မိုးကုပ်စက်ဝိုင်း ပင်လယ်ပြင်သည် ခပ်မောက်မောက် ခပ်ခုံးခုံး ဖြစ်နေသည်။ ဟုတ်ရဲ့လား။ ပင်လယ်ရေပြင်ဆိုသည်မှာ မျဉ်းဖြောင့်တစ်ညီတည်း ဖြစ်ရမှာ မဟုတ်လား၊ ရေပြင်ညီမျဉ်း ဆိုသည့် စကားတောင် ရှိသေးတာပဲ။ အခု ဘာကြောင့် ခုံးနေရတာလဲ။ အပူကြောင့်လား၊ အလင်းကြောင့်လား။

ချက်ချင်းပင် ကျွန်မအကြည့်ကို ထိုနေရာမှ ပြန်လွှဲယူလိုက်၏။ လူတစ်ယောက်လုံး ငါးဖြစ်သွားသည် ဟူသော ဖြစ်စဉ်ကိုပင် လက်ခံပြီး ယခုလို ခရီး ရောက်လာခဲ့ပြီးသည့် နောက်မှာ မိုးကုပ်စက်ဝိုင်းဆီက ပင်လယ်ခုံးခြင်း ခွက်ခြင်းသည် ဘာများ ယုတ္တိတန်စရာ လိုသေးသလဲ။

ကျွန်မ မျက်စိက လှေဝမ်းထဲမှ ကောက်ညှင်းမုန့်များ၊ သစ်သီးများဆီ ရောက်သွားသည်။

ကျွန်မတို့သည် နတ်အသစ်နှင့် သိပ်မရင်းနှီးသေးသဖြင့် သူမအား ဘာမုန့် ပူဇော်ပ သရမည်ဟု အစဉ်အလာ မရှိသေးပါ။ ကောင်းနိုးရာရာ မုန့်များကို စီစဉ်ပြုလုပ်ပြီး စမ်းတဝါး ဝါး ပူဇော်နေကြရဆဲ ဖြစ်သည်။ တစ်ချိန်ချိန်မှာတော့ သူမ အနှစ်သက်ဆုံး အစားအစာကို သိလာကြဖွယ်ရာ ရှိပါသည်။

နတ်တင်မည့်ကိစ္စတွင် နတ်တင်ဖို့ မုန့်စီစဉ်ရခြင်းမှာ ကျွန်မအတွက် ခက်ခဲလှသည် မဟုတ်။ ကျွန်မထက် အရင်နတ်တင်ခဲ့သူ ခြောက်ယောက်ထံမှ အကြံဉာဏ်များ ရခဲ့သည်။ မုန့်ပြုလုပ်သည့် နေရာမှာလည်း သိပ်အခက်အခဲ မရှိပါ။ ကျွန်မ၏ အပျိုပေါက်အရွယ် သမီး လေးက အစစအရာရာ အမေကို ကူညီဖို့ တတ်သိ နားလည်နေပြီ။ သမီး အကူအညီဖြင့် ကျွန်မ အဆင်ပြေခဲ့ပါသည်။

အခုကိစ္စတွင် အခက်ခဲဆုံးအပိုင်းမှာ ကျွန်မ ယောက်ျားကို ဤလှေပေါ် အပါ ခေါ်ရ သည့်အပိုင်းပင် ဖြစ်သည်။ သူသည် နတ်ကို မယုံကြည်ပါ။ နတ်တွေ ရှိချင်ရှိမည်၊ မရှိချင် မ ရှိဘူး။ သို့သော် လူတွေနှင့် ဘာမှ မဆိုင်၊ သီးသန့် တစ်ကဏ္ဍဟု သူက ယူဆသည်။ နတ် စိမ်းဆိုသည်မှာ သူကိုယ်တိုင်ကတောင် ဒုက္ခရောက်ပြီး သေသွားခဲ့လို့ နတ်ဖြစ်သွားတာ သူ က လူတွေကို ဘာလုပ်ပေးနိုင်မှာလဲဟု ကျွန်မယောကျာ်းက ဆင်ခြေပေးသည်။

“ငါ မလိုက်ဘူး၊ မင်းဟာမင်း သွားချင်သွား၊ တင်ချင်တင်”

ထိုစကားကြောင့် ကျွန်မ မျက်လုံးပြူးသွားခဲ့ရသည်။ သူ မလိုက်လို့ မဖြစ်ပါ။ ဤအ ကြံအစည်အားလုံး သူလိုက်မှ အကောင်အထည် ပေါ်မည်ဖြစ်သည်။ ထိုအခါ သူ့အား ကျွန်မက ချော့မော့တောင်းပန် ရလေသည်။

“ရှင် မလိုက်လို့ မဖြစ်ဘူး၊ အိမ်ထောင်ဦးစီးက တင်မှ ထိရောက်မှာပေါ့၊ ဒါမှ ကျွန်မ တို့ မိသားစု ချောင်ချောင်လည်လည် ရှိမှာပေါ့၊ ဒါမှ ရှင်လဲ ရှင်သောက်ချင်တဲ့ အရက်ကို စိတ်ကြိုက် သောက်နိုင်မယ်၊ အမြည်းကောင်းကောင်း စားနိုင်မယ်၊ အဝတ်အစားသစ်တွေ ဝယ်နိုင်မယ်၊ မြို့တက်ပြီး လည်နိုင်။ ရှင်ပိုက်ဆံဖြုန်းပြီး ရွာပြန်လာတဲ့အချိန်မှာ ကျွန်မက ရှင့်ကို ပိုက်ဆံထပ်ပေးနိုင်မယ်၊ အခုလို ကျွန်မတို့ ပူညံပူညံ ရန်မဖြစ်ရတော့ဘူး၊ ငွေရှိရင် အားလုံး ပြေလည်သွားမှာ ... ဒီလောက်ကလေးတော့ ရှင်လိုက်လျောပေါ့”

ငွေဟူသည့် စကားကတော့ သူ့အကြိုက်ပဲ ဖြစ်သည်။ သူ မျက်မှောင် ကြုတ်၍ စဉ်း စားနေသည်။

“ရှင့်ကို ကျွန်မ အခုနောက်ပိုင်းမှာ ဘာများ ခိုင်းခဲ့တာ ရှိလို့လဲ၊ ရှင်သွားချင်တဲ့ အ ချိန်သွား၊ ပြန်ချင်တဲ့ အချိန် ပြန်လာ၊ အချိန်တန် ထမင်းပွဲရှေ့ရောက် ရှင့်ကို ကျွေးခဲ့တာပဲ၊ မိသားစု စီးပွားရေးမှာ ရှင် ဘာများ လက်တစ်ချက် လှုပ်ခဲ့ဖူးလို့လဲ၊ အဲဒါတွေ ကျွန်မ ဘာ များ အပြစ်ပြောခဲ့သလဲ။ အခုကိစ္စမှာလဲ ရှင်က လိုက်ရုံလေးပဲ လိုက်၊ ဘာမှ လုပ်စရာ မလို ဘူး၊ လှေတောင် လှော်စရာ မလိုဘူး၊ ကျွန်မလှော်မှာ၊ ရှင်လုပ်ရမှာက ဒီအိမ်ရဲ့ အိမ်ထောင် ဦးစီးအဖြစ် အရှင်သခင်အဖြစ် မုန့်တွေကို ကျောက်စားပွဲပေါ်မှာ ကိုယ်တိုင်တင်ပေးဖို့ပဲ၊ ကျန်တာ ကျွန်မ တာဝန်ထား”

အရှင်သခင် ... ဟူသော စကားကိုလည်း သူ နှစ်သက်ပုံရသည်။ မျက်လုံးတွေ ပြုံး သွားလိုက်ပုံများ ရယ်စရာပင် ကောင်းသေးတော့သည်။

ကျွန်မသည် ကျွန်မ မယုံကြည်သော စကားကို သုံးနှုန်းလိုက်မိသဖြင့် ဘုရားရဟန္တာ နှင့် တကွ ရှိသမျှ နတ်ဒေဝတာတွေ အားလုံးကို စိတ်ထဲက ရှိခိုးတောင်းပန်လိုက်မိသည်။ သူ လိုက်အောင်လို့ သူ့ကို မြှောက်ပင့်ရတဲ့ စကားပါ။ ဘုရားတပည့်တော်မ မယုံတာကို ပြော လိုက်ရတဲ့အတွက် ခွင့်လွှတ်တော်မူပါ ဘုရား။

ယခုတော့ သူ ပါလာခဲ့ပြီ။

ကျွန်မ ယောက်ျားသည် လှေဦးတွင် အကျအန ခြေဆင်းထိုင်ကာ လိုက်ပါလာ သည်။ တကယ်ပဲ လှေကို တစ်ချက်မှ မလှော်၊ လှေတက်ကို လက်ဖျားနှင့်ပင် မတို့၊ ကွမ်း ယာကို ဇိမ်ဖြင့် ဝါးလိုက် ကွမ်းတံတွေးကို ရေထဲ ပျစ်ခနဲ ထွေးချလိုက်ဖြင့် အကြီးအကျယ် စည်းစိမ်ယူနေခဲ့သည်။ ကိစ္စမရှိပါ။ အဲသည် စည်းစိမ် ကြာကြာခံမှာ မဟုတ်။

သူ ထွေးထုတ်လိုက်သော အနီရောင် ညစ်ညစ် ကွမ်းတံတွေးများသည် ရေထဲတွင် ရုတ်တရက် ပျော်ဝင်မသွားဘဲ အကွက်လိုက် စွန်းထင်းပြီးမှ ပျံ့နှံ့စိမ့်ဝင်သွားသည်။ ကျွန်မ ဘဝထဲသို့ သူ ကွမ်းတံတွေးတွေ ထွေးချနေခဲ့သည်မှာ နှစ်တွေ မနည်းတော့ပါ။ ပထမတော့ စိတ်ဆိုးမိ နာကြည်းမိသေး၏။ သို့သော် ကျွန်မတို့ မိန်းမများသည် ကံ ကံ၏ အကျိုးကို ပိုပို သာသာလေး ယုံကြည်ဖြေသိမ့်ခြင်း အတတ်နှင့် ရင်းနှီးနေခဲ့ပြီ။ အရင့်အရင် အတိတ်ဘဝ တွေတုန်းက သူ့အပေါ်မှာ ကျွန်မ ပြုမိဖူးခဲ့သည့် ကံတွေ၏ အကျိုးပဲဟု ကိုယ့်ကိုယ်ကို တ ရား ချပါသည်။ ငါ သူ့ဝဋ်ကို ခံရလှ ဒီတစ်ဘဝပေါ့ဟု အားတင်းရသည်။

လွန်ခဲ့သည့် နှစ်လကအထိ ကျွန်မနှင့် ကံနှင့် နေသားကျခဲ့ပြီးသား ဆိုပါတော့။



*



ဤဖြစ်စဉ်များအားလုံး လွန်ခဲ့သည့် နှစ်လ မုန့်ကြာစေ့သည် မိန်းမ နတ်တင်သွားရာ မှ စခဲ့သည်။

နတ်တင်သည် ဆိုတာကလည်း အဖြစ်အပျက် ဖြစ်သွားပြီး တစ်ပတ် ဆယ်ရက်ကြာ မှ၊ ထိုမိန်းမက အဖြစ်မှန်ကို ပြောပြမှ ကျွန်မတို့ သိခဲ့ရတာပါ။ မူလက ကျွန်မ သိထားသည် က မုန့်ကြာစေ့သည် မိန်းမသည် သူ့ ယောက်ျား ပိုက်ချသည့် နေရာသို့ လိုက်သွားခဲ့သည် ဟု ဖြစ်၏။

ညနေ နေဝင်ရီတရောအချိန်မှာ မုန့်ကြာစေ့သည်လင်မယား လှေကလေးဖြင့် ထွက် သွားသည်ကို မြင်လိုက်သူက စက်ချုပ်ဆိုင်က မိန်းမ ဖြစ်သည်။ ဒါကိုလည်း နောက်တစ်နေ့ နံနက် ကျွန်မ၏ ကုန်စုံဆိုင်မှာ သူမ ကြက်သွန်လာဝယ်တော့မှ သိရခြင်း ဖြစ်သည်။

ညဥ့်နက်နက် ညအမှောင်မှာ မုန့်ကြာစေ့သည်မိန်းမ လှေဆိုက်လိုက်ပြီး လှေပေါ်မှ မိန်းမတစ်ယောက်တည်း ဆင်းလာသည်ကို ဝိုးတဝါးမြင်လိုက်ရသူက ကျွန်မ ဖြစ်သည်။ ထို ညက မြင်ကွင်းကို အမှတ်တမဲ့သာ မြင်လိုက်ခြင်း ဖြစ်သဖြင့် နောက်ပိုင်းမှာ သတိရအောင် ပြန်ပုံဖော်ကြည့်သောအခါ ဘာကိုမှ သဲသဲကွဲကွဲ မမှတ်မိတော့ပေ။

ကျွန်မ မှတ်မိသမျှတော့ ထိုညက လကွယ်ည ဖြစ်သည်။ (သို့မဟုတ် လကွယ်ခါနီး ည ဖြစ်မည်။) ကောင်းကင် မြေပြင်နှင့် ရေပြင်မှာ တစ်သားတည်း ရောနေသလိုပဲ။ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရအောင် မှောင်နေသည့် အချိန်ကာလ ဖြစ်သည်။ ကမ်းစပ် အိမ်အချို့မှ ရေနံဆီမီးခွက် အလင်းရောင် မှိန်ပျပျသည် ဖျင်ကြမ်းပဝါကို ခေါင်းပေါင်းထားသည့် မိန်းမ၏ မျက်နှာဆီသို့ တစ်ချက်လေးမှ ရောက်မလာခဲ့။ ထို့ကြောင့် မိန်းမ၏ မျက်နှာသွင်ပြင် ဘယ် လိုရှိမလဲဟု ကျွန်မ ပြန်လည် မှန်းဆ၍ မရပေ။ သို့သော် ကျွန်မအိမ် နောက်ဘက်မှ ခပ် သွက်သွက် လျှောက်သွားသော မိန်းမ၏ ခပ်မတ်မတ် ခပ်တောင့်တောင့် ဟန်ကို မှန်းဆရ သလောက်တော့ သူမ အလောတကြီး ဖြစ်နေသည်။ သူမ၏ ရင်ခွင်ထဲတွင် ခပ်ဝိုင်းဝိုင်း ခပ်ကြီးကြီး လေးပင်သော အရာတစ်ခုကို ပွေ့ထားသည်။ အဝတ်လျှော်သည့် ဇလုံလို ကြွေ ရည်သုတ်ဇလုံလို အရာမျိုးများလားဟု နောက်ပိုင်းကျမှ ကျွန်မ စဉ်းစားမိပါသည်။

ကျွန်မ မြင်ရသမျှတော့ အဲဒါပဲ။ အဲသည်လောက်နှင့်တော့ ဘာမှ မှန်းဆလို့ မရနိုင် ပေ။

ထိုည၏ နောက် တစ်ပတ်လောက်ကြာသည်အထိ မုန့်ကြာစေ့သည်၏ ယောက်ျား ကို ရွာထဲမှာ မမြင်ရ။ သူမတို့ အိမ်ရှေ့မှ ဖြတ်သွားတော့လည်း ယခင်ကလို အရက်မူးသံ ဖြင့် ဆဲသံဆိုသံ မကြားရ။ မိန်းမ၏ အော်ဟစ်ရန်တွေ့ ငိုယိုသံ မကြားရ။ မိန်းမကလည်း မုန့်ကြာစေ့ ရောင်းမပျက်။ သူမ ယောက်ျား ဘယ်မှာ ကျန်နေခဲ့တာလဲ။

လှေဖြင့် ထွက်သွားတုန်းက နှစ်ယောက် ... တဲ့။ လှေဖြင့် တစ်ယောက်တည်း ပြန် လာတာကို ကျွန်မ သိသည်။ မုန့်ကြာစေ့သည်၏ ယောက်ျား ဘယ်ရောက်သွားသနည်း။

စက်ချုပ်ဆိုင်မိန်းမနှင့် ကျွန်မ နှစ်ယောက်အတူပေါင်း၍ စပ်စုမေးမြန်းရန် မုန့်ကြာ စေ့သည်အိမ်သို့ ညဦးပိုင်းတစ်ခုတွင် ရောက်သွားကြပါသည်။

မုန့်ကြာစေ့သည် မိန်းမသည် အိမ်နောက်ဖေးဘက် ရေထည့်သည့် တိုင်ကီပြတ် တစ်ခုအနီးမှာ ကုန်းကုန်းကွကွ အလုပ်ရှုပ်နေသည်။ ကျွန်မတို့ နှစ်ယောက် သူမနောက်သို့ ရောက်လာသည်ကို သူမ မသိခဲ့ပါ။

“ဒေါ်ကြာစေ့”

ကျွန်မ၏ အသံကို ကြားလိုက်တော့ ထိုမိန်းမသည် ကိုယ်နေဟန် လုံးဝပျက်သွားပြီး အထိတ်တလန့် ဖြစ်သွားသည်။ အနီးက စဥ့်အိုးအဖုံးပေါ်တွင် ရေနံဆီမီးအိမ်တစ်ခုကို ထွန်း ထားရာ ထိုအလင်းရောင်ဖြင့် ဒေါ်ကြာစေ့ ငုံ့ကြည့်နေသော တိုင်ကီပြတ်ထဲမှ အရာကို ထင် ထင်ရှားရှား မြင်လိုက်ရသည်။

ငါးကြီးတစ်ကောင် ဖြစ်သည်။ တိုင်ကီသေးသေးထဲမှာ တဖျတ်ဖျတ် လွန့်လူးလျက် မဆံ့မပြဲ ရေကူးနေသည့် ငါးတစ်ကောင် ဖြစ်သည်။ ငါးသည် ကျွန်မ လက်မောင်းလောက် တုတ်ပြီး ကျွန်မ လက်လောက် ရှည်ပါသည်။

“ဘာကိစ္စရှိလို့လဲ”

မိန်းမက ကျွန်မတို့အား ကြောင်တောင်တောင် မျက်လုံးများဖြင့် လှည့်ကြည့်ပြီးမေး ၏။ သူမ၏ အာရုံများ ကျွန်မတို့ထံတွင် မရှိပါ။ သူမအာရုံသည် တစ်နေရာသို့ ရောက်နေခဲ့ သည်။ ဘယ်နေရာမှန်းတော့ မသိ။

“သြော် ... ရွာထိပ်သွားရင်းနဲ့ ဒီခဏ ဝင်လာတာပါ၊ ရှင့် ယောက်ျားရော မမြင်ပါ လား ... ဘယ်ရောက်နေလဲ”

ထိုအခါ သူမ၏ လက်ထဲမှ ဇလုံလေး လွတ်ကျသွားသည်။ ဇလုံထဲမှ ရေများ မြေ ကြီးပေါ် မှောက်ကျသွားသည်။ မိန်းမသည် မြေကြီးပေါ် ထိုင်ချလိုက်ပြီး မြေပေါ် တဖျတ် ဖျတ် လှုပ်ရှားနေသော အရာတို့ကို သွေးရူးသွေးတန်း လိုက်ကောက်နေ၏။ ဘာတွေပါ လိမ့် ... ။ မီးရောင်ဖြင့် ကျွန်မ မြင်ရသည်မှာ ငါးသလဲထိုးလောက် ပမာဏရှိသော ငါး ကလေးများ ဖြစ်သည်။ ငါးတို့သည် မြေကြီးထဲ ဖုန်ထဲမှာ ဖလပ် ဖလပ်ဖြစ်နေ ခုန်နေ၏။ မိန်းမက တစ်ကောင်ချင်း လိုက်ကောက်သည်။ ထို့နောက် ငါးကြီး ရှိနေသော ရေတိုင်ကီ ပြတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ငါးကြီးသည် ငါးလေးများကို တစ်ကောင်ချင်း လျင်မြန်စွာ ဟပ်ယူလိုက်တော့သည်။

“ဒီငါးကြီးက အချိန် မနည်းလောက်ဘူးနော်၊ လေးပိဿာလောက် စီးလိမ့်မယ်”

အပ်ချုပ်ဆိုင်မိန်းမက သဘောကျဟန်ဖြင့် ရေရွတ်လိုက်သည်။ ဒေါ်ကြာစေ့က ဘာ မျှမပြောဘဲ ရေနံဆီမီးအိမ်ကို မ,ယူကာ ကျွန်မတို့နှစ်ယောက်အား အိမ်ဆီသို့ ခေါ်ပါသည်။

“စားဖို့လား ... ရောင်းဖို့လား”

ကျွန်မက မသိသားဆိုးဝါးစွာ မေးလိုက်မိသေး၏။

“စားလဲ မစားဘူး၊ ရောင်းလဲ မရောင်းပါဘူးတော်”

အံ့သြစရာပဲ။ ကျွန်မတို့ရွာတွင် ငါးကို ဘယ်သူမှ အိမ်မွေးတိရစ္ဆာန်အဖြစ် အိမ်မှာ မ မွေးကြပါ။ အကယ်၍ အလှမွေးမည် ဆိုလျှင်လည်း ရွှေငါးကလေးတွေကိုသာ မွေးကြမှာ ပေါ့။ အခုလို ရုပ်ဆိုးဆိုး ပုံပျက်ပန်းပျက် ငါးကြီးတစ်ကောင်ကိုဖြင့် ဘယ်သူမှ မွေးထားရန် စိတ်ကူးမှာ မဟုတ်။

“ကျုပ်ယောက်ျား မရှိတော့ဘူး တော့်”

ထိုညက ကျွန်မတို့အား ပြောပြခဲ့သည့်စကားမှာ ထိုမျှသာ ဖြစ်သည်။

သူမ ယောက်ျား မရှိတော့ဘူး ဟူသော စကားနှင့် သူမအိမ်မှာ ရောက်နေသည့် ငါး ကြီးကို ဘယ်သူက ဆက်စပ်တွေးတောမိမှာလဲ။

နောက်ရက်များတွင် မုန့်ကြာစေ့သည်မိန်းမသည် ရေကန်ကြီးတစ်ခု တူးဖို့ ကြိုးစား လေသည်။ ငါးကို ထည့်ထားဖို့ဟု ဆိုသည်။ ဒေါ်ကြာစေ့ ရူးများသွားပြီလားဟု ကျွန်မ နားမ လည်နိုင် ဖြစ်ရ၏။ သူမသည် ငွေကြေး ဖူလုံသူ မဟုတ်။ မိသားစုလေးယောက်လုံး သူမ၏ ဝင်ငွေကလေးဖြင့် စားနေရခြင်း ဖြစ်သည်။ ရေကန်တူးဖို့ မဆိုထားနှင့်၊ ရေတိုင်ကီ လုံ လောက်အောင်ပင် မဝယ်နိုင်ခဲ့ပေ။ ကျွန်မက သူမအား ငါးကို ဈေးထဲမှာ သွားရောင်းပစ် လိုက်ဖို့ ပြောတော့ သူမ တော်တော်တုန်လှုန်သွားခဲ့သည်။

“ဘယ်ဖြစ်မလဲ၊ သူ့ကို သတ်ပစ်ကြမှာပေါ့”

“ဟင် ... ငါးဆိုတာ သေမှ လူ့အတွက် အသုံးဝင်တာပဲ၊ သတ်ပြီး စားပစေပေါ့၊ ရှင် ပိုက်ဆံရတာပေါ့၊ ဒါဆို ရေကန်တူးဖို့လဲ ငွေ မကုန်တော့ဘူး”

နောက်ဆုံးတော့ မုန့်ကြာစေ့သည် မိန်းမသည် ကျွန်မနှင့် စက်ချုပ်ဆိုင် မိန်းမအား ထူးဆန်းသောစကားကို ဖွင့်ပြောခဲ့၏။ သူမသည် ဤစကားကို ဖွင့်ပြောချင်နေသည်မှာ ဆယ်ရက်ရှိနေပြီဟု ဆိုပါသည်။

“အဲဒီငါးဟာ သာမန်ငါး မဟုတ်ဘူးတော့်၊ ကျုပ်ယောက်ျား ဝင်စားတဲ့ ငါး”

သူမယောက်ျား သေဆုံးသွားသည်မှာ ဆယ်ရက်လောက်သာ ရှိသေးချိန်တွင် အ သက်တစ်နှစ်ခွဲအရွယ်ခန့် ရှိနေပြီဖြစ်သော ငါးကြီးသည် ဘယ်နည်းနှင့်မျှ လူဝင်စား ငါး မ ဖြစ်နိုင်။ သည်လောက်တော့ ကျွန်မတို့ မတုံးကြပါ။ ဒေါ်ကြာစေ့လည်း သည်လောက်တော့ မတုံးပါ။ သို့သော် အဖြစ်အပျက်သည် ယုတ္တိတန်မှု ဆိုတာကို ကျော်လွန်စွာ ထူးဆန်းလှပါသည်။

ဆူး နှင့် ဖက်

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။



ဘုရားရေ.. အဲဒါဘာတွေလဲ



နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။



ဆိုတော့.. လူနာ၏ ၀မ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။

အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ၀င်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။



ဆရာဝန် ဘ၀တွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။



သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။



ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ "အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး" ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ "အရှက်" ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် "အရှက်" ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။



အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။

ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။



ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ခြင်း ဖြစ်သည်။



လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။



"ဒီခေါ်လာလို့ မဖြစ်ဘူးလား" ဟု ကျွန်မတို့က မေးကြည့်သည်။



"လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ" ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကို သွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။



အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။



အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ၀ါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။



လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘ၀ကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။





"ဆရာဝန်တွေလာတယ်" ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။



ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။



လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အ၀ါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။



ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ၀မ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ၀မ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။



လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ၀မ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။



ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။

ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။



လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။



ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။

တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘ၀ကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတ၀ါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘ၀ကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။



သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။



ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။



လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။



မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ၀မ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။



သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ၀မ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအ၀တ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ၀င်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤ၀မ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။



လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ၀ယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ၀န်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။



သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းတွေ ၀ယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။



ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ၀မ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။



တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ၀မ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။



မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ၀ယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။

နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..



လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ၀မ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..



ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့... အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..



ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..



ကိုယ်ဝန်ရခဲ့ပြီ.. ပိုက်ဆံက များများမရှိ..



သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။

ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံးဝ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား....

ရည်းစားထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..



ရည်းစားနှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီး အသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..



ကျွန်မကတော့ ကျွန်မဆေးခန်းသို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..





"ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။"



ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..





ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)





ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..





သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော... ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ...





သူကယောက်ျားပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..



ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖို့က လိုနေပြီလား..





ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ... တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..



ကိုယ်ဝန်မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..



မိန်းကလေးက မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် "မျက်နှာပြောင်တိုက်လှသည်" ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘ၀မှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင်၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..



ဘုရားရေ..



တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။

လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်.. အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..



ဂျူး

ဆရာဝန်တစ်ယောက်၏ မှတ်စုများ

မေ့လျော့တတ်သည်

ကျွန်မလက်ထဲမှာ ကိုင်ထားသည့် စာရွက်ပိုင်းလေးမှာ မိုးရေဖြင့် စိုရွှဲနေပြီ။ စာလုံးတွေကတော့ မင်ဖြင့်ရေးထားတာမဟုတ်လို့ ဖတ်လို့ရနေလိမ့်ဦးမည်။ အခုနေ မိုးသဲသဲမှာ ဖြန့်မဖတ်လိုက်နှင့်ဦး။ ရေနူးနေသည့်စာရွက်သည် မိုးရေအရှိန်ဖြင့် စုတ်ပြဲသွားနိုင် သည်။ မတ်စောက်စွာ မြင့်တက်သွားသည့် အဆောက်အဦအ၀င် ကွန်ကရစ်ကားလမ်းကို မိုးစက်များအကြား ကိုယ်ကို ရုန်းလျက် တက်ရသည်။ ဒီအဆောက်အဦမှာ နေသူတွေသည် ကိုယ်ပိုင်ကားရှိသူတွေချည်း ဖြစ်လေသလား။ အဆောက်အဦဆီသို့ လူသွား လမ်း လုံးဝမရှိ။ ကားသွားရာ ကွန်ကရစ်လမ်းကိုပဲ အသုံးပြုရတော့မည်။
အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒို။
လာရင်းကိစ္စ မေ့လျော့ခြင်းသီအိုရီ စာအုပ်ယူရန်။
အောက်ဘက်က စူပါမားကတ်တွင် အိပ်ရာခင်းဝယ်ရန်။
နေ့လည်(၂)နာရီ၊ အိမ်အရောက်ပြန်ရန်။
ကား-ခရေလမ်း တစ်ဖက်မှာ။
ကောင်းပြီ။ ပထမဆုံးစာကြောင်းက ပထမဆုံး ဆောင်ရွက်ရမည့်အလုပ်ပေါ့။ အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒိုတိုက်ခန်း။ ရှေ့ အတက်မှာ မြင်နေရသော အပြာရင့်ရင့် အတွဲလိုက် အထပ်မြင့်တိုက်ခန်းစုကြီးသည် မိုးသဲသဲအောက်မှာ ပိုပြီး မှိုင်းမှောင်နေသည်။ မျက်နှာကို ပက်နေသည့် မိုးပေါက်တွေက ကြမ်းတမ်းအေးစက်သည်။ မိုးရေတွေက တစ်ကိုယ်လုံးကို ရွှဲစိုသွားအောင် လေးလံစွာ သွန်ချနေသည်။
ကားကို သည်အထိ မောင်းမလာခဲ့မိတာ ဆိုးတယ်။ ကားတက်ရမည့် ကွန်ကရစ်လမ်းသည် ခြေလျင်တက်ရတော့ တမျှော် တခေါ်ကြီး မြင့်မတ်ကွေ့ကောက်လေသည်။ အို ဒါပေမယ့် ထိုအမြင့်ကြီးကို ကားဖြင့်တက်လျှင် ကားစက်သေပြီးေ နာက်ပြန်လန်ကျ မှာ စိုးရိမ်စရာ။
အိပ်မက်တွေထဲမှာ ကျွန်မ ကားမောင်းတိုင်း ကားက စက်ရပ်ပြီး နောက်ဘက်အနိမ့်ပိုင်းသို့ ပြန်လိမ့်တာတို့ စက်နိုးမရတာတို့၊ စုံနေတာပဲ။ ကျွန်မကားကလည်း တကယ်ပဲ စက်သိပ်ကောင်းသည့် အသစ်စက်စက်ကားမှမဟုတ်ဘဲ။ ဆန်ဖရန်ဆစ်စ်ကိုလို နေရာ မျိုး၊ ဆိုးလ်လို နေရာမျိုးမှာများ မောင်းရလျှင် ပြီးပါလေရော။ အင်းလေ အဲသည်မြို့တွေမှာ နေရလျှင်လည်း ကျွန်မကားအတွက် ယခု ပေးရသည့်ငွေနှင့်ဆို ငါးဆပိုကောင်းသည့်ကားကို စီးနိုင်လောက်ပေပြီ။ အဲဒါတွေ မတွေးပါနဲ့။
ကားစက်ကောင်းသည်ပဲထားပါဦး။ တက်ရမည့်လမ်းက ကျဉ်းကျဉ်း၊ ဟိုဘက်ဒီဘက် တံတိုင်းနိမ့်နိမ့်ဖြင့် ကာထားသေးသည်။ ကားကိုယ်ထည် သို့မဟုတ် ဘန်ပါနှင့် တံတိုင်းနှင့် ပွတ်မိဖို့များသည်။ မယူတာဘဲ ကောင်းပါတယ်။ ကားပတ်ကင်အ၀င်ဝရှိ အပြာ ရောင်ဝတ်စုံဝတ် လုံခြုံရေးအစောင့်နှစ်ဦးက ကျွန်မကို အထူးအဆန်းသတ္တ၀ါကို ကြည့်သလို ကြည့်နေ၏။
အို ကားတက်တဲ့လမ်းကို လူမတက်ရဘူးလို့ ဘယ်သူပြောလဲ။
ဘယ်သူမှတော့ မပြောပါဘူး။ သို့သော် သူတို့ အံ့သြမှာပေါ့။ ဒီ အဆောက်အဦတွေဆီသွားဖို့လည်း စူပါမားကတ်ထဲကနေ ဖြတ်ပြီး ဓာတ်လှေကားစီးလျှင် ရောက်တာပဲ။ ဒါပေမယ့် သူတို့မသိတာက ကျွန်မက ဈေးဝယ်စင်တာကနေ ဒီကိုလာသည့် ဓာတ်လှေ ကားကို မရှာတတ်။
ကားပတ်ကင်အဆောက်အဦအောက်ရောက်တော့ ရုတ်တရက် မိုးဒဏ်မှလွတ်သွားသဖြင့် နွေးသွားသည်။ မိုးရေရွှဲနေတာတော့ ခဏနေလျှင် ခြောက်သွေ့သွားမှာပေါ့။
ကားရပ်ရာနေရာတွေကို သူ့အမှတ်အသားနှင့်သူ အကန့်လေးတွေ လုပ်ထား၏။ ကားတွေ အပြည့်မရှိ။ တချို့နေရာမှာ ကွက်လပ်တွေ ဖြစ်သည်။ ကားတော်တော်များများသည် အဖြူရောင်ဖြစ်သည်။ ကားရပ်ရာ အဆောက်အဦ၏ ဟိုဘက်က အပြာရောင် ရင့်ရင့် အဆောက်အဦမြင့်ကြီးဆီသို့ အကူးမှာ တစ်ချက် မိုးရွဲှ့ရဦးမည်။ မိုးမရွှဲသေးခင် ဒီမှာ စာရွက်လေးကို ထုတ်ကြည့်လိုက်ရမည် လား။ မဖြစ်သေးပါဘူး။ ဒီနေရာကို ကိုယ်လာနေကျမဟုတ်မှန်း အစောင့်တွေ သိကုန်လိမ့်မည်။ ဓာတ်လှေကားထဲရောက်တော့မှ ထုတ်ကြည့်ပြီး အခန်းနံပါတ် ဖတ်လျှင်လည်း ရတာပဲ။ အင် နေပါဦး ဓာတ်လှေကားက မီးရောင်ရှိရဲ့လား။ အို ရှိရမှာပေါ့။ ထားလိုက် စမ်းပါ။
ကျွန်မ သည်ဘက်အဆောက်အဦမှ ဟိုဘက်သို့ ကူးဖြတ်ပြေးလိုက်သည်။ ကွန်ကရစ်တွေချည်း အပြည့်မို့ ခြေထောက်ကို ရွှံ့ဗွက်တို့ ရေအိုင်ရေတို့ စဉ်မှာ မစိုးရိမ်ရသော်လည်း အထက်မှာက မိုးက သဲသဲမဲမဲ ရွာနေတုန်းကိုး။
ဖြတ်သွားဖြတ်လာလူ တစ်ယောက်မှ မဆုံတွေ့ရ။ အစောင့်နှစ်ယောက်ကလွဲလျှင် ကျွန်မသည် တစ်ဦးတည်းသော လှုပ်ရှား သွားလာနေသည့် သက်ရှိဖြစ်သည်။ ခွေးတစ်ကောင် ကြောင်တစ်မြီးမှလည်း မတွေ့ရ။ လူတွေ အပြင် မထွက်ကြဘူးလား။ ထွက်စရာ အကြောင်း မရှိကြဘူးလား။ ဒါဖြင့် ကျွန်မကတော့ ဘာအကြောင်းကြောင့် သည်နေရာမှာ ရောက်နေရတာလဲ။ ကားတွေကို ခပ်စောင်း စောင်း အနေအထားဖြင့် ရပ်ဖို့ နေရာသတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း ကားတစ်စီးက သတ်မှတ်မျဉ်းဝါကို မလိုက်နာဘဲ တည့် တည့်ကြီး ရပ်ထားသည်။ ကားကတော့ အကောင်းစား အဖိုးမနည်းထိုက်သည့်ကား ဖြစ်သည်။ သို့သော် စည်းမျဉ်းလိုက်နာမှုတော့ သုညပဲ။ သူ့ကားရပ်ပုံကြောင့် သူ့ ဘေးနှစ်ဘက်က ကားတွေ နေရာပျက်ယွင်းရလိမ့်မည်။ အစောင့်တွေက ကားတစ်စီးစီး ရပ်နားဖို့ နေရာယူလျှင် ကူညီပေးနေကျ မဟုတ်ဘူးလား။ ဒီကားကို ဘာဖြစ်လို့ မကူညီလိုက်ကြသလဲ။ ကားမောင်းသူက ဘယ်လိုလူမို့လဲ။ အင်းလေ အဲဒါ ကျွန်မနှင့် ဘာဆိုင်လဲ။
ကျွန်မ ကွန်ဒို အဆောက်အဦအောက်သို့ ရောက်သည့်အခါ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် လျှောက်လာနေသည်ကို မြင်ရ သည်။ သူ ကြွပ်ကြွပ်အိတ်ဟောင်း တစ်လုံးအပြည့် ခပ်လေးလေးအရာဝတ္ထုတွေကို ဆွဲလာသည်။ ကျွန်မတို့ရောက်နေသည့်နေရာ သည် တိုက်ခန်းများ၏အောက် ကားရပ်နားရန်နေရာဖြစ်သဖြင့် လူသွားလူလာမရှိ။ မေးမြန်းစရာလူဆိုလို့ ဟိုဘက်အဆောက်အဦမှာ ကျန်ရစ်ခဲ့သော လုံခြုံရေးအစောင့်တွေသာ ရှိသဖြင့် ကိုယ့်အားကိုယ့်ကိုးကာ ကိုယ်သွားရမည့်တိုက်ခန်းကို ရှာဖွေရန် ရှိတော့၏။ စောစောတုန်းက အစောင့်တွေကို မေးမြန်းခဲ့မိရင် အကောင်းသား။
ထိုလူသည် ကျွန်မနှင့် တည့်တည့်လျှောက်လာနေ၏။ သူ ကျွန်မကို လှမ်းကြည့်သည့်အကြည့်မှာ စူးစူးရဲရဲနိုင်လှသည်။ အခု အချိန်မှာ စာရွက်လေးကို ထုတ်ကြည့်လိုက်လျှင် ဒီလူက ကျွန်မလည်း ဧည့်သည်မှန်း သိသွားမည်။ အဲဒါ ကောင်းပါ့မလား။ ကျွန်မ၏ ညာဘက်ခပ်လှမ်းလှမ်းမှာ ဓာတ်လှေခါးကို တွေ့ရပြီ။ ဓာတ်လှေကား၏ဘေးမှာ ရိုးရိုးအုတ်လှေကားကိုပါ မြင်လိုက်ရသည်။ ထိုနေရာ သို့ ခပ်သွက်သွက် လျှောက်သွားစဉ် ထိုလူကလည်း ထိုနေရာသို့ ဦးတည်ကာ ခပ်သွက်သွက် လျှောက်လာနေသည်။ ကျွန်မသာ သူ့ကို ကြည့်နေလျှင် သူနှင့် အကြည့်ချင်း ထပ်ဆုံမှာ သေချာသည်။ ထိုကြောင့် သူ့ကို မကြည့်ဘဲ ဓာတ်လှေကားပေါက်ကိုသာ ကြည့်လျက် လျှောက်သွားလိုက်ရသည်။ လူပြတ်လပ်သော ကွန်ဒိုတိုက်ကြီး၏အောက်ခြေတွင် သူစိမ်းတစ်ယောက်ကို ကျွန်မအား တစ်ခုခု အန္တရာယ်မပြုဘူးဟု ယုံကြည်စိတ်ချမထားနိုင်ပါ။
ဓာတ်လှေကားခလုပ်ကို နှိပ်ပြီး ခေါ်လိုက်သည့်အချိန်တွင် သူက ကျွန်မနောက်သို့ ရောက်လာပြီ။ လှည့်မကြည့်ပေမယ့် သူက ကျွန်မနောက်သို့ ရောက်လာပြီ။ လှည့်မကြည့်ပေမယ့် သူ့ လှုပ်ရှားမှုနှင့် သူ့ကိုယ်မှ အနံ့အသက်ကြောင့် သူရောက်လာပြီဟု သိလိုက်သည်။ ဘုရားရေ ဓာတ်လှေကားကို သူလည်း အသုံးပြုမှာပါပဲလား။ ကျွန်မနှင့် သူနှင့် ဓာတ်လှေကား၏ အခန်းကျဉ်းကျဉ်း လေးတစ်ခန်းတည်းအတူသွားရမည်။ ဟင့်အင်း မဖြစ်သေးဘူး။ ဓာတ်လှေကားခလုပ်၏ လင်းနေသည့်မီးနီလေးအရ လှေကားသည် ငါးထပ်တွင်ရှိနေသည်။ ငါးထပ်မှ အောက်သို့ ဆင်းလာနေသည်။ ကျွန်မကိုယ်ကို အနည်းငယ်ကျုံ့ယူလိုက်ပြီး ဓာတ်လှေကား၏ ပြောင်လက်နေသော တံခါးမျက်နှာပြင်မှတစ်ဆင့် နောက်က လူ၏အရိပ်ကို အကဲခတ်ကြည့်လိုက်သည်။ အို သူကလည်း ထို တံခါး မျက်နှာပြင်မှတဆင့် ကျွန်မကို အကဲခတ်နေပါလား။ သူ့မျက်နှာမှာ ခပ်နွမ်းနွမ်း ပါးရေနားရေ ချောင်ကျနေသည်။ မိန်းမတစ်ယောက် ကို အန္တရာယ်ပြုဖို့ အားထုတ်မည့်သူ မဟုတ်နိုင်။ ဟင့်အင်း အဲဒါကို ဘယ်လိုလုပ်ပြီး ကျွန်မက အသေအချာ သိနိုင်မှာလဲ။
ဓာတ်လှေကား ဆင်းလာပြီ။ လေးထပ်မှာရောက်ပြီ။ သုံးထပ်မှာရောက်ပြီ။ သုံးထပ်မှာ ခဏနားနေသေးသည်။ အချိန်ရသေး သည်။ အခုအချိန်မှာ နောက်ထပ် ဓာတ်လှေကားစီးမည့်သူ ရောက်မလာရင် ရိုးရိုးလှေကားကနေ တက်သွားဖို့ စိတ်ပြောင်းပစ်နိုင် သည်။ ဓာတ်လှေကားကို စောင့်ရတာ စိတ်မရှည်သလိုဟန်မျိုးနှင့်ပေါ့။ သူ့ကို မသင်္ကာရာ မရောက်အောင်ပေါ့။ သို့သော် ကျွန်မပေ တေပြီး ရပ်နေမိသည်။ ဦးတည်ရာတစ်ခုမှ နောက်တစ်ခုသို့ ချက်ချင်းပြောင်းလဲသည့်စိတ်မျိုး ကျွန်မကျင့်သားမရသေးလို့ ဖြစ်နိုင်ပါ သည်။
ဓာတ်လှေကားပွင့်လာသည့်အခါ ကျွန်မဖြစ်စေချင်သလို အထဲမှ လူတစ်ယောက်မှ ထွက်မလာပါ။ နောက်ထပ်လူလည်း ကျွန်မ တို့နားသို့ ရောက်မလာပါ။ သည်လိုနှင့်ပင် ကျွန်မနှင့် ထိုလူနှစ်ယောက်တည်း ဓာတ်လှေကားကို စီးရသည်။ ထိုလူက လေးထပ်သို့ သွားမည်။ ကျွန်မက ခုနစ်ထပ်သို့ သွားမည်။ ခလုပ်လေးကို နံပတ်(၇)ဟု နှိပ်လိုက်ပြီးမှ ဟုတ်ရဲ့လား။ ကျွန်မသွားရမည့်နေရာက ခုနစ်ထပ် ဟုတ်ရဲ့လားဟု မသေမချာဖြစ်သွားသည်။ ငါ့နှယ်နော် မေ့တတ်လွန်းလှပါလား။ ကျွန်မ စာရွက်လေးကို ပြန်ဖတ်ဖို့ အားထုတ်ရင်း အန္တရာယ်အတွက် သတိလက်လွတ်ဖြစ် မသွားချင်။ ထိုလူ၏ အမူအရာကို မျက်စိထောင့်မှ အကဲခတ်နေရမည် မဟုတ် လား။ ထိုလူ တကယ်ပဲ လေးထပ်မှာ အပြင်ထွက်သွားတော့ ကျွန်မစိတ်တွေ ပေါ့ပါးသွားသည်။ အားတော့နာမိပါသည်။ သို့သော် ကျွန်မ ကြောက်တတ်ပါသည်။ အရာရာကို မယုံသင်္ကာစိတ်နှင့် စိုးရိမ်ကြောက်လန့်စိတ် ဘယ်တုန်းက စပြီး ၀င်လာမှန်း မသိတော့ပါ။
ကျွန်မ စာရွက်လေးကို ထုတ်ကြည့်လိုက်သည်။ (၇၀၈) ပင်လယ်ပြာကွန်ဒို။ အမယ် ဘယ်ဆိုးလို့လဲ ကျွန်မ၏ မှတ်ဥာဏ်က ယုတ်လျော့မသွားပါ။ စိတ်သက်သာရာရမိ၏။ ကျွန်မရောဂါ ပိုဆိုးမလာသေးပါ။ အနည်းအကျဉ်းတော့ မှတ်မိနေသေးသည်။
မှတ်ဥာဏ်ယုတ်လျော့လာသည့်အဖြစ်ကို ကျွန်မ တောင်းတခဲ့ဖူးသည်။ သို့သော် ကျွန်မ မေ့ချင်သည် ကိစ္စတွေက နှစ်ကာလ တော်တော်ကြာမြင့်သည့် အချိန်တွေက ဖြစ်ခဲ့သည့် ကိစ္စတွေကိုပါ။ အခု ဒီကနေ့မနက်ကကိစ္စ မနေ့ကိစ္စ ဒါတွေကို မမေ့ချင်ပါ။ အခုတော့ ကျွန်မ မှတ်ဥာဏ်တွေသည် မေ့ချင်သည့်အရာကို မမေ့ဘဲ မေ့လို့မဖြစ်သည့်လတ်တလောကိစ္စတွေကို မေ့ကုန်သည်။ လူ့အလို နတ်မလိုက်နိုင်ဆိုသည့် စကား တကယ်ပဲ မှန်ပါသည်။
ကျွန်မ မေ့ချင်သည့်အရာတွေ ရှိသည်။
ဥပမာ- လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကျွန်မ ချစ်ခဲ့ဖူးသည့် လူတစ်ယောက်ကို မေ့ချင်သည်။ အဲ မဟုတ်ပါ။ သူ့ကို မေ့ချင်တာမဟုတ်။ သူ့ကို ချစ်ခဲ့မိသည်ဆိုသည့် အဖြစ်အပျက် အခြေအနေကို မေ့ချင်တာ။
“ငါနှယ့်နော် ဘာဖြစ်လို့များ . . ”
အဲသည်လို ပြန်ပြန်သတိရတိုင်း ကိုယ့်ကိုကိုယ် ရယ်လည်း ရယ်ချင် စိတ်လည်းပျက်၊ အံ့လည်း အံ့သြမိ၏။
အချိန်ကာလကို ပြင်ယူလို့ရလျှင်၊ အဖြစ်အပျက်ကို ခဲဖျက်နှင့် ပြန်ဖျက်ပြီး ပြင်လို့ရလျှင် ပြင်လိုက်ချင်သည့်အရာတွေ အိုး အများကြီးရှိခဲ့သည်။ ရယ်စရာကောင်းသည့် နောင်တတွေကို မမေ့ရလျှင် အရေးမကြီးပါ။ နာကျင်စရာ ထိတ်လန့်စရာ ကောင်းသည့် နောင်တတွေကို မမေ့တာက ငရဲတစ်ခုပဲ။
ဆရာဝန်ဘ၀က အလွန်ကောင်းသည်ဟု ဘယ်သူပဲပြောပြော။ မကောင်းသည့်အချက်တွေရှိသည်။ မမှားသောရှေ့နေ မသေ သောဆေးသမား ဆိုသည့်စကားပုံက အလကားထားခဲ့တာမဟုတ်။ သို့သော် ကိုယ်ကုသလို့ မရလို့ သေရတာကတစ်မျိုး၊ ငါပေးလိုက်သည့် ဆေးကြောင့်များလားဟု ကိုယ့်ကို သံသယ၀င်ရမည့် အခြေအနေတွေဖြင့် လူနာ သေသွားသွားရတာက တစ်မျိုးဖြစ် သည်။
ဥပမာ ကျွန်မ မေ့ချင်သည်။ အိပ်မရလို့ဟု ညည်းညူလာသော ကျွန်မ လူနာအဘွားကြီး တစ်ယောက်ကို အဆုပ်နှင့် အသက် ရှူလမ်းကြောင်း သိပ်မကောင်းသေးမှန်း သိပေမဲ့ ဒါလောက်နဲ့ တော့ ဘာမှ မဖြစ်တန်ကောင်းသေးမှန်း သိပေမဲ့ ဒါလောက်နဲ့တော့ ဘာမှမဖြစ်တန်ကောင်းပါဟု ဒိုင်ယာဇီပမ် ငါးမီလီဂရမ်ကို ထက်ခြမ်းခြမ်းပြီး သောက်ဖို့ ပေးခဲ့သည့် အဖြစ် ကိုကျွန်မမေ့ချင်သည်။ မေ့ချင်ပါသည်။ နောက်တစ်ရက်နှစ်ရက်ကြာတော့ အဘွားကြီး ဆုံးသွားသည်။ ကျွန်မပေးခဲ့သည့် ဆေးကြောင့်များလား။
ဥပမာ ကျွန်မ မေ့ချင်သည်။ ဆေးမှားသောက်သော ကလေးတစ်ယောက်ကို ဆေးရုံတင်ခိုင်းသည့်အခါ ဆေးရုံသို့ မသွားနိုင်ပါ။ ဆရာမပဲ ကုပေးပါဟု လူနာရှင်တွေ ခေါင်းမာနေစဉ်က ကျွန်မ အတင်းအကြပ် မြင်းလှည်း သွားခေါ်ခိုင်းသော်လည်း အခြေအနေတွေ ရှုပ်ထွေးလျက် မြင်းလှည်းလည်း မရောက်လာ။ ဆေးသောက်တာက နေ့လည်ပိုင်း ကျွန်မကို သူတို့လာခေါ်တာက ညနေပိုင်း မှောင်ရီပျိုးစ။
“ရင်ထဲက ပူတယ်။ ကယ်ပါဦးဆရာမရဲ့”
လူနာကလေး၏ တုန်တုန်ရီရီကူကယ်ရာမဲ့ ငိုကြွေးသံ။
အဲသည်တုန်းက ဒီဝေဒနာကို ကျွန်မ ကုလို့မရဘူး။ ဆေးရုံသွားမှရမှာဟု ပြောခဲ့ပါ၏။ သို့သော်
“ဆေးရုံမှာ ပါးစပ်ထဲ ပိုက်ထည့်ပြီး အစာအိမ်ကို ဆေးပစ်ရမှာ။ ဒါမှ အထဲက ဆေးတွေ ထွက်ကုန်မှာ။ မရဘူး။ သွားကို သွားရ မယ်” ဟု ကျွန်မ ဆေးအိတ်ပြန်ကောက်ဆွဲပြီး ဇွတ်ထွက်လာခဲ့ဖို့ကောင်းသည်။ သူတို့ကို ကျွန်မ အတင်းအကြပ် မတိုက်တွန်းခဲ့မိလို့ ကိုယ့်မျက်စိ ရှေ့မှောက်မှာပင် ကလေး အသက်ဆုံးခဲ့ရတာ။ အဲဒါကို ကျွန်မ မေ့ချင်သည်။ လူတစ်ယောက်ရဲ့ကံကြမ္မာဟာ တော်တော် ကြောက်စရာကောင်းပါလား။ တကယ်လို့ အဲဒီကလေးဟာ ဆုံးဖြတ်ချက် မှန်ကန်သော မိဘဆီမှာ ဖွားမြင်ခဲ့လျှင်၊ ဆေးရုံ ဆိုတာကို မကြောက်လန့်ရသော အသိုင်းအ၀ိုင်းမှာ ဖွားမြင်ခဲ့လျှင်၊ ပြတ်သားသော ဆရာဝန်ဆီမှာ ဆေးကုသခံယူခွင့် ရခဲ့လျှင် . . ကျွန်မ အဲဒီ အဖြစ်တွေကို မေ့ချင်သည်။
သို့သော် ကျွန်မ မမေ့ခဲ့။ အဲသည်လို အဖြစ်တွေ အဖြစ်တွေ၊ မေ့ချင်တာတွေ အများကြီး။ ကျွန်မကိုယ်ကျွန်မလည်း သံသယ ဖြစ်နေရပြီ။ ကျွန်မသည် အကောင်းတွေထက် အဆိုးတွေကို ဘာဖြစ်လို့ သတိရနေတာလဲ။
ဥပမာ ကဗျာစာဆို နတ်သျှင်နောင်၏ ကဗျာတွေကို ကျွန်မဖတ်သည့်အခါ နတ်သျှင်နောင်၏ စကားလုံးအလှအပ အတွေး အခေါ် အယူအဆကိုပဲ လေးစားချီးကျူးပေါ့။ ဘာဖြစ်လို့ နတ်သျှင်နောင် အသေဆိုးဖြင့် သေဆုံးခဲ့ရတာကို သတိရနေလဲ။ အဲဒါ ပုံမှန် မဟုတ်ဘူး။ နတ်သျှင်နောင်၏ကဗျာကို ဖတ်သူတိုင်းကို မေးကြည့်စမ်းပါ။ ကဗျာကို ယစ်မူးရသည့်အချိန်မှာ နတ်သျှင်နောင်၏ အကြောင်းမလှသော မချိမဆန့် နိဂုံးကို ဘယ်သူများ သတိရနေလဲ။ ဟင့်အင်း ဘယ်သူမှ မရှိနိုင်။ ကျွန်မက အဲဒါတွေကို ဘာဖြစ်လို့ မမေ့တာလဲ။
ဂျပန်တို့က တရုတ်တွေအပေါ် ရက်စက်ခဲ့သည့် နန်ကင်းတိုက်ပွဲကို ကျွန်မနှင့် ဘာဆိုင်လို့ အခုထိ ရင်ထဲမှာ နာကျင်စွာ ခံစား ကြောက်ရွံ့နေရတာလဲ။ မေ့ပစ်လိုက်ပါလား။ ဂျပန်ဇာတ်ကားတွေ၊ ဂျပန်သီချင်းတွေကိုပဲ ခံစားပေါ့။ မဟုတ်ဘူး။ ကျွန်မက ဆိုးယုတ်မှု တွေကို မမေ့နိုင်။
သမိုင်းကိုလည်း မေ့ချင်သည်။ သင်ခဲ့ရသည် သမိုင်းက အသေးအဖွဲပါ။ ဖတ်ခဲ့ရသည့် ဖတ်နေသည့် သမိုင်းတွေက အကြီး အကျယ် ထိခိုက်မှုတွေ ရက်စက်မှုတွေ အဲဒါတွေကို မေ့ပစ်လိုက်ပါတော့လား။ ဘာဖြစ်လို့ ကျွန်မ သွားရမည့်အခန်းဟာ ခုနစ်ထပ် လား ရှစ်ထပ်လား ဆိုသည့်အချက်ကို မေ့ရတာလဲ။ ဟော အခုကိုပဲ ကျွန်မ ဆင်းရမည့်အထပ်က ဘယ်အထပ်မှန်းမသိတော့။ အချက်ပြမီးနီလေးက ခုနစ်ဂဏန်းမှာ။ ဒါဖြင့် ကျွန်မ နှိပ်ခဲ့တာ (၇)ဂဏန်းပေါ့။ ကျွန်မ သွားရမှာ (၇)ထပ်ပေါ့။ အခန်းနံပါတ် ဘယ်လောက်လဲ။ ကျွန်မ စာရွက်ကို ပြန်ကြည့်ရပြန်တယ်။ (၇၀၈) တော်ပါသေးရဲ့။ မှတ်စုမှတ်သားခြင်းဖြင့် ကျွန်မကိုယ်ကျွန်မ အခြေမပျက်အောင် ထိန်းနိုင်ပေလို့။
အခန်း(၇၀၈)မှာ မေ့လျော့ခြင်း သီအိုရီစာအုပ်ကို ယူရန်တဲ့။ တံခါးခေါက်တော့ လာဖွင့်သူက သူငယ်ချင်း။ နှစ်ပေါင်းများစွာက ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်း။ ဆရာဝန်အလုပ်ဖြင့် အလွန်အောင်မြင်ကျော်ကြားသူ၊ သူ့အမျိုးသားက အင်ဂျင်နီယာက ကန်ထရိုက်လုပ်ငန်းဖြင့် အောင်မြင်ကြီးပွားသူ။
“လာလာ မရွှေမိ။ ထိုင်ဦး”
ကျွန်မ ကြာရှည်မထိုင်နိုင်ပါ။ ကျွန်မ နှစ်နာရီ အရောက်ပြန်ရမည်။ သို့သော် ခဏတော့ထိုင်ပါမည်။ သူငယ်ချင်းကလည်း တကယ်တော့ ကျွန်မကို အေးအေးဆေးဆေး ဧည့်ခံနိုင်မှာမဟုတ်ပါ။ သူငယ်ချင်းတိုက်သော ဖျော်ရည်ကိုသောက်ပြီး ဧည့်ခန်းမှာ ဟိုဟိုသည်သည် စူးစမ်းကြည့်ဖြင့် ကြည့်ရင်း သူငယ်ချင်း၏သားသမီးများအကြောင်းကို နားထောင်ရင်း ဆယ့်ငါးမိနစ်လောက်တော့ အချိန်ယူလိုက်သည်။
သူ့မိသားစုအကြောင်း ကိုယ့်မိသားစုအကြောင်း ပြောရတာက အခက်အခဲမရှိ။ ကိုယ်ကလည်း ကိုယ့်အဖြစ်တွေကို ပြောပြနိုင် သည်။ ခက်ခဲရတာက သူမေးလာသည့် မေးခွန်းတစ်ခု “ဒီကပြီးရင် နင်ဘယ်သွားမှာလဲ” တဲ့။ အဲဒါကမှ အခက်အခဲ။ ကျွန်မ မမှတ်မိပါ။ မမှတ်မိတာကို သူငယ်ချင်းကို ပြောပြလျှင်လည်း ခဏခဏ တွေ့နေ့ကျမဟုတ်သော သူငယ်ချင်းက နားလည်နိုင်မှာမဟုတ်။ အထူး အဆန်းတွေဖြစ်နေမည်။ ဒီအခါ သူ့ကို ပြန်ရှင်းရမည်။ ဒါကြောင့် ပြောစရာစကားတစ်ခုခုကို အစားထိုးပြီး ပြောလိုက်သည်။
“ပန်းပင်လေးနှစ်ပင်လောက် သွားဝယ်မလို့”
“ဘာပန်းပင်လဲ”
“နွယ်သာကီ”
“နွယ်သာကီဆိုရင် ငါ့ညီမ ၀ယ်နေကျဆိုင်ရှိတယ်။ မင်္ဂလာဒုံ ဆယ်မိုင်နားမှာ။ ဒီကနေ သွားရင်”
ကဲ။ နားထောင်လိုက်ပါ။ ခဏကြာလျှင် အဲဒီနေရာဟာ ဘယ်နေရာလဲဟု ကျွန်မ မေ့တော့မှာကို သူငယ်ချင်း မရိပ်ပါစေနဲ့။
သူငယ်ချင်းက ဆိုင်နာမည်ကို လမ်းညွှန်သည်။ ဆိုင်တွင်းမှ အပင်များ၏ လှပပုံကို ရှင်းပြသည်။ ဆိုင်ရှင်၏ ပညာကို ချီးကျူး သည်။ ကျွန်မ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေခဲ့သည်။ နားထောင်ရင်းနှင့် တကယ်ပဲ အဲဒီကို သွားချင်စိတ်ပေါ်လာသည်။ နွယ်သာကီပန်းပင်ကို ပါးစပ်က ပြောလိုက်သော်လည်း တကယ် ကျွန်မ၀ယ်ချင်တာက နှင်းဆီပင်ဖြစ်နိုင်ပါသည်။ နှုတ်ဆက်ပြီး ပြန် ထွက်သည့်အခါ သူငယ်ချင်းဆီမှ စာအုပ်ယူဖို့ မေ့၏။ သူငယ်ချင်းက မေ့တတ်သူမဟုတ်။
“ဟဲ့ ရွှေမိ နင်လာတာ စာအုပ်ယူဖို့လေ”
“အော် အေးအေး ဟုတ်ပါ့ဟယ်။ အာရုံတွေများနေတာနဲ့ပဲ”
တကယ်တော့ အာရုံကို လွှဲမချသင့်ပါ။
“အာရုံနဲ့ မဆိုင်ဘူးလေဟာ။ ငါတို့အသက် (၄၀)ကျော်လာလို့ မှတ်ဥာဏ်ဆိုင်ရာ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်ပြီကိုး”
သူ့ဆဲလ်တွေ ပျက်စီးပုံနှင့် ကျွန်မဆဲလ်တွေ ပျက်စီးပုံကတော့ တူနိုင်မည်မထင်ပါ။
ကျွန်မ အပြင်ထွက်တော့ သူငယ်ချင်းက အပြင်ကို ဇွတ်လိုက်သည်။ ဓာတ်လှေကားဆီ ဇွတ်ပို့သည်။ ထိုအခါ ကျွန်မသည် ဘယ်ကို သွားရမှာလဲဟု ရေးထားသည့် စာရွက်ကို သူ့ရှေ့မှာ ထုတ်မကြည့်ဖြစ်တော့ပေ။ ဓာတ်လှေကားအတွင်း ၀င်သည့်အခါကျမှ စာရွက်လေးကို ရှာရသည်။ သို့သော် စာရွက်က ကျွန်မ၏လက်ပွေ့အိတ်ထဲမှာ မတွေ့။ အထပ်ထပ်ရှာတော့လည်း မတွေ့။ ဘယ်များ ရောက်သွားပါလိမ့်။ သူငယ်ချင်းအိမ်မှာများ ကျကျန်ခဲ့လား။ မဖြစ်နိုင်။ သူငယ်ချင်းအိမ်မှာ စာရွက်ကို ထုတ်မှမကြည့်ဘဲ။ မကြည့်ဘူး မဟုတ်လား။ မသေချာပါ။ ကြည့်ဖြစ်ချင်လည်း ကြည့်ဖြစ်မည်။ ကျွန်မ အဲသည်လောက်ကို မမှတ်မိပါ။ ဓာတ်လှေကားထဲ ကျန်ခဲလျှင် တော့ အခု ကျွန်မ ရပ်နေသည့် ဓာတ်လှေကားကြမ်းပြင်မှာ တွေ့ရမှာပေါ့။ အခု မတွေ့ဘူးလေ။ ဒါဖြင့်
ကျွန်မ ဓာတ်လှေကား၏အောက်ဆုံးကို ရောက်လာသည်။ မြေညီထပ်တဲ့။ ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ အပြင်မှာ အမျိုးသမီးငယ်တစ်ယောက် မတ်တပ်ရပ်စောင့်နေသည်ကို မြင်ရသည်။ ကျွန်မအထွက် သူက အ၀င်။ ကျွန်မ ထွက်လာပြီးတော့ စိတ် မကျေနပ်သဖြင့် ဓာတ်လှေကား အခန်းလေး၏ကြမ်းခင်းကို နောက်တစ်ကြိမ်လှည့်ကြည့်မိသည်။ စာရွက်အရိပ်အယောင်ဆိုလို့ စက္ကူ စုပ်လေးတစ်ခုမျှတောင် မတွေ့။
ကျွန်မ ဆက်လျှောက်လာခဲ့သည်။ ကျွန်မ ကားမောင်းလာသည်ကိုတော့ အလေ့အကျင့်အရ ဖြစ်နိုင်ချေအရ မှတ်မိသည်။ သို့သော် ကားကို ကျွန်မ ဘယ်မှာ ရပ်ထားသလဲ။ ကျွန်မ မမှတ်မိတော့ပါ။ ကျွန်မ ဘေးပတ်လည်က ကားရပ်စခန်းမှာ ရပ်ထားသည့် ကားတွေကို ကျွန်မ လိုက်ကြည့်သည်။ ကျွန်မ၏ ကားနံပါတ်ကိုတော့ နှစ်ကာလကြာမြင့်စွာ မောင်းလာခဲ့သော ကားဖြစ်လို့ မှတ်မိ သည်။ အရောင်ကိုလည်း မှတ်မိတာပေါ့။ သို့သော် ဘယ်မှာရပ်ခဲ့တာလဲ။
ကဲပါလေ။ ဒီနားတစ်ဝိုက်မှာပဲ ရှိမှာပေါ့။ ရှာရတာ ဘာများ ပင်ပန်းမှာလဲ။ ရှာပါ။
ဟိုသွား ဒီသွား အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေသော ကျွန်မကို လုံခြုံရေးအစောင့်တွေက ကူညီချင်ပုံ ဖြင့် အနားရောက်လာသည်။
“ဘာကူညီရမလဲ” တဲ့။
ဟုတ်ပါရဲ့။ ကျွန်မ အကူအညီလိုနေတာတော့ အမှန်ပါပဲ။ ဘာအကူအညီပါလိမ့်။
ကျွန်မ ရုတ်တရက် မဖြေနိုင်။ စဉ်းစားနေရသည်။ ဒါကို သူတို့က မသင်္ကာဖြစ်ချင်ဟန်ရှိသည်။
“ဘာဖြစ်လို့လဲရှင်”
“အော် အစ်မက ဟိုဟိုဒီဒီလိုက်ရှာနေပုံပေါ်လို့ ကားများ ပျောက်နေသလားလို့”
အော် ဟုတ်ပါရဲ့။ ကျွန်မ ကားရှာနေခဲ့တာပဲ။
“ဟုတ်တယ်ရှင့် ကျွန်မကားကို ဘယ်မှာ ထားခဲ့မိမှန်း မသိဘူး”
“အစ်မလာတုန်းက ဒီကုန်းတက်အတိုင်း ခြေလျင်တက်လာတာ။ ကားကို ဒီမှာရပ်တာတော့ မဖြစ်နိုင်ဘူး။ အောက်ဘက်တစ်နေ ရာရာမှာဖြစ်မယ်ဗျ”
သူတို့ ကျွန်မကို ဒီနေရာမှာ မမြင်ရက်တော့တာလား။ သို့မဟုတ် မသင်္ကာတာလား။
“ကျေးဇူးပါနော်”
ကျွန်မထွက်လာခဲ့သည်။
ကုန်းဆင်းကားလမ်းကျဉ်းကျဉ်းမှာ ကျွန်မ ဘေးသို့ တတ်နိုင်သမျှ ကပ်ပြီးဆင်းလာသော်လည်း ကားတစ်စီးစာသာ နေရာမရှိ သဖြင့် ရှေ့မှ တက်လာသောကားက ကျွန်မကို မရှောင်သာ။ ကျွန်မက ဘေးသို့ကပ်ရပ် အုတ်တံတိုင်းနှင့် ကျောကိုကပ် ကိုယ်ကိုပြား နိုင်သမျှ ပြားနေအောင် ကပ်ရပ်ပေးလိုက်တော့မှ ကားက ရှေ့ဆက်တက်လာသည်။ ကားမောင်းသူ လူငယ်က ကျွန်မကို ဂြိုဟ်ကြည့် ကြည့်သွားသည်။
ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး အခုလို မကျေနပ်စိတ်တွေ မသင်္ကာစိတ်တွေနှင့်နေရသော လူ့အသိုင်းအ၀ိုင်းမှာ မကျဉ်းကြပ် လွန်းဘူးလား။ ဒါကြောင့် ရှေးရှေးတုန်းက လူတွေက လူဦးရေ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ အသိုင်းအ၀ိုင်းလုပ်ကြတာ။ ခပ်ကျဉ်းကျဉ်းလေးပေါ့။ အကျယ်ပြန့်ကြီးမဟုတ်တော့ ကိုယ်လည်း သူသိ။ သူလည်း ကိုယ်သိ။
လူ့အဖွဲ့အစည်းမှာ လူတစ်ဦးချင်း အပြန်အလှန် အဝေတည့်နေမည့် လူဦးရေက (၁၅၀)ပဲ။ ဒီ့ထက်မပိုဘူးဟု ဖတ်ဖူးပါသည်။ လူ(၁၅၀)ကျော်လာပြီဆိုတာနဲ့ အဲဒီလူဦးရေဟာ အစုလေးတွေ သေးသေးလေးတွေ ထပ်ကွဲသွားပါတော့တယ်တဲ့။ ရှေးဟောင်း ကျောက်ဂူခေတ်က လူသားအုပ်စုတွေကို ကြည့်ရင်လည်း ကိုယ့်မျိုးဆက်ကနေ ပေါက်ပွားပြီး စုစည်းနေထိုင်ခဲ့ကြတာ နောက် မျိုးဆက် တစ်ခုပြီးတစ်ခု (၄)ဆက်မြောက်အထိ လူဦးရေ (၁၅၀)ပတ်ဝန်းကျင်လောက်ပဲဟု ဆိုသည်။ တစ်နည်းပြောရလျှင် လူဦးရေ (၁၅၀)ဆိုတာ ကိုယ့်အသိုင်းအ၀ိုင်းအတွက် ခိုင်ရန်ဒေါသမရှိ၊ မကျေနပ်မှုမရှိ။ အေးအေးချမ်းချမ်းနေလို့ရမဲ့ လူဦးရေ အရေအတွက်ပဲ။ ဒါကြောင့် ပထမကမ္ဘာစစ်မှာ မဟာမိတ်တွေရဲ့ တပ်မှာ လူ(၁၅၀)ထက် မပိုဘူးတဲ့။ လူတစ်ယောက်မှာ ကိုယ့်မိတ်ဆွေတွေရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေ သိမ်းဆည်းရေးမှတ်တဲ့စာအုပ်ဆိုရင် အဲဒီထဲမှာပါတဲ့ လူဦးရေက (၁၅၀)လောက်ပဲတဲ့။ အင်းဒါတော့ နည်းနည်းများ သွားပြီထင်၏။ ကျွန်မမှာတော့ လိပ်စာကဒ် (၁၅၀)စာ မိတ်ဆွေမရှိပါ။ ကျွန်မမိတ်ဆွေက လွန်ရောကျွံရော (၅၀)ပေါ့။ ကိုယ်နဲ့အတူ တစ်ဆိုင်တည်းမှာ ဘီယာ လက်ဘက်ရည်အတူ ရောက်လာသောက်ရင် စိတ်ကသိကအောင့်မဖြစ်ဘဲ ခံနိုင်တယ်ဆိုသည့် လူအရေ အတွက်က (၁၅၀)လောက်ပဲတဲ့။ အော် ဘယ်လိုများ သုတေသနလုပ်ပြီး ရှာထားပါလိမ့်။ စိတ်ဝင်စားစရာတော့ ကောင်းပါသည်။ ဒါဆိုလည်း (၁၅၀)စီပဲ အသိုင်းအ၀ိုင်း သေးသေးလေးတွေနဲ့ နေကြရင် မကောင်းဘူးလား။ ဒါဆို အာဏာဆိုတာကို လုစရာလိုဦးမှာ လား။ သူများအကျိုး စီးပွားပျက်အောင် ဖန်တီးဖို့ လိုဦးမှာလား။
နေပါဦး ဒါတွေကျတော့ ကျွန်မ ဖတ်တာတွေ မှတ်တာတွေ မှတ်မိနေပြီး အခု ကျွန်မ ကားရပ်ရာနေရာကိုကျတော့ ဘာဖြစ်လို့ မမှတ်မိရတာလဲ။ ကျွန်မ တစ်ခုခုတော့ မှားနေပြီ။
ပျော်စရာတွေကို သတိမရဘဲ ဆိုးရွားမှုတွေ စိတ်ညစ်စရာတွေ ကြောက်လန့်စရာတွေကိုချည်း သတိရနေတာ အဲဒါလည်း ကျွန်မ တစ်ခုခုတော့ မှားနေပြီ။
ကျွန်မကို တစ်ယောက်ယောက်က အကူအညီပေးနိုင်မလား။ အဲဒီပုဂိုလ်ဟာ ဘယ်လိုလူမျိုးဖြစ်နိုင်မလဲ။ သိပံပညာရှင်ဖြစ်မ လား။ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ဖြစ်မလား။ စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်မလား။
လောလောဆယ်တော့ ကျွန်မ အိမ်ပြန်ဖို့ ကားကို ရှာနေတုန်းဖြစ်ပါသည်။
ဂျူး

ပျောက်ဆုံးနေသော...

တစ်ချိန်တုန်းက ပျော်ရွှင်ကျေနပ်စွာ ရယ်မောခဲ့ဖူးသော မိန်းမ တစ်ယောက်သည် အခန်းထဲမှာ ရက်ပေါင်းများစွာ လပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည်။

အခန်းသည် ကျယ်ပြန့်သည်ဟု သူမ တစ်ချိန်တုန်းက ထင်ခဲ့ဖူးသော်လည်း တကယ်တော့ ကျဉ်းမြောင်းလှပါသည်။ မှောင်မည်း တိတ်ဆိတ်သော အခန်းထဲတွင် စီးကရက် မီးခိုးများသာ ကခုန် ပျော်မြူးလျက် ရှိသည်။ အပြင်မှ အသံလှိုင်းများသည် နံရံလေး ဖက်သို့ မညီမညာ ရိုက်ခတ် တုံ့ပြန်လျက်ရှိသည်။ အပြင်လောက၏ လှပသော ပန်းများ၊ လတ်ဆတ်သော မွှေးရနံများသည် အခန်းထဲသို့ ရောက်လာတော့ မလိုလိုနှင့် ရောက်မလာကြပါ။

မနေ့က သူမသည် မြတ်လေးပန်းပင်ကလေးတစ်ပင်ကို စိုက်ပျိုးခဲ့သည်။ ယနေ့ တော့ မြတ်လေးပန်းပင်ကြီးသည် ခြောက်သွေ့တွန့်လိမ်သော ချုံနွယ်ပင်ကြီး ဘ၀သို့ ပြောင်းလဲ သွားခဲ့သည်။

အခန်းထဲသို့ တစ်စုံတစ်ယောက် ၀င်လာတိုင်း ထိုသူက တစ်ခုတည်းသော ပြတင်း ပေါက်ကို သွားဖွင့်ပေးလေ့ရှိသည်။ ထိုသူကို သူမက အမြဲတမ်း မေးခွန်းတစ်ခု မေးလေ့ရှိ သည်။

“ငါ ဘယ်သူလဲ”

ထိုမေးခွန်းသည် အခန်းထဲတွင် ထပ်ကာထလဲလဲ ပဲ့တင်ထပ်လျက်ရှိသည်။

သူမသည် တစ်ခဏအတွင်း ဖျတ်လတ်သွက်လက်စွာ အခန်းထဲ၌ လမ်းလျှောက် နေပြီးနောက် တစ်ခဏမှာတော့ အိပ်ရာပေါ်မှာ အ၀တ်စတစ်ခုလို ပုံလျက်သား လဲလျောင်း နေပြန်သည်။ အခန်းထဲမှာ တစ်ခါတစ်ခါ သူမ တစ်ယောက်တည်း ရှိ၏။ တစ်ခါတစ်ခါမှာတော့ မိန်းကလေးပေါင်းများစွာ သူမနှင့် အတူ ရှိနေပြန်သည်။ ဆံပင်ကို ထိပ်တည့်တည့်မှာ သေးသေးကျစ်ကျစ်ကလေး စုစည်းထားသည့် သျှောင်ပေစူးမကလေး။ အုပ်လုံးသိမ်းခါစ ဆံတောက်ဖားဖားနှင့် အပျိုပေါက်ကလေး။ တစ်ပတ်လျှိုဆံထုံးနှင့် ပန်းပန်ထားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေး။ အရွယ်အမျိုးမျိုးသော မိန်းကလေးများသည် အခန်းထဲတွင် တိတ်ဆိတ်စွာ ရောက်လာလိုက်၊ တိတ်ဆိတ်စွာ ပြန်ပျောက်သွားလိုက် ရှိသည်။

အခန်းထဲသို့ အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက် ၀င်လာသည်။

“ဟာ... မှောင်လှချည်လား”

ထိုသူသည် အမှောင်ကို သေခြင်းတရားလိုပင် ကြောက်ရွံ့နေလေသလား၊ အမှောင်ထဲက မိန်းမသည် တိတ်ဆိတ်စွာ ရယ်မောလေသည်။

ထုံးစံအတိုင်း ထိုသူက ပြတင်းပေါက်ကို ခပ်သွက်သွက် သွားဖွင့်၏။ အခန်းထဲသို့ လတ်ဆတ်သောလေများ ဖြည်းညင်းစွာ ၀င်ရောက်လာသည်။ အလင်းရောင်အောက်တွင် မိန်းမသည် အခန်းအလယ်တွင် မတ်တပ်ရပ်လျက်ရှိ၏။

“ငါရဲ့ အခု နောက်ဆုံးထုတ်မယ့် စာအုပ်မှာ မင်းနာမည်ကို ဒယ်ဒီကေးရှင်း ရေးထားတယ်ကွ”

ထိုသူက ၀မ်းသာအားရ အသိပေး၏။ သူမသည် ပျော်ရွှင်တတ်သော မိန်းမငယ်ကလေး ဖြစ်ခဲ့သည်။

“ဟုတ်လား၊ ကျွန်မက ဘယ်သူမို့လဲ”

“မင်းက ငါ့ ဇနီးပေါ့”

အခန်းသည် တိတ်ဆိတ်သွား၏။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်၍ အကြာကြီး ငြိမ်သက်နေကြသည်။ အခန်းထဲမှာ အရိပ်များ၊ အရောင်များ စတင် လှုပ်ရှားလာချိန်တွင် ခင်ပွန်းဖြစ်သူက တစ်လုံးချင်း စကား စပြောလေသည်။

“မင်းဟာ အလွန်အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ ဇနီးလေ၊ ငါတို့ လက်ထပ်ပွဲမှာ မင်းက ပန်းရောင်ဝတ်စုံ ၀တ်ခဲ့တယ် မဟုတ်ဘူးလား”

သူမ မပြုံးပါ။ သို့သော် လိုက်လျောစွာ ခေါင်းညိတ်၏။

“ဟုတ်တယ်၊ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်၊ ကျွန်မတို့ လက်ထပ်တဲ့နေ့တုန်းက မကြင်လှတို့ စပါးကျီတောင် မီးစွဲခဲ့ပါသေးရော”

ခင်ပွန်းသည်က သူ့ဇနီး၏ မှတ်ဉာဏ်အတွက် ကျိတ်၍ ချီးကျူးမိ၏။ သူ့ဇနီးသည် အလွန် ဉာဏ်ရည်ထက်မြက်သော မိန်းမ တစ်ယောက် ဖြစ်သည်။

ထို့နောက် အချိန်ကာလသည် အခန်းထဲမှ ပျောက်ကွယ်သွားသည်။

အချိန်ကာလ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ပျိုမျစ်နုနယ်သော မိန်းမရွယ်တစ်ယောက် ဖြစ်သွားသည်။ မိန်းကလေးသည် သူမ၏ ချစ်သူကို အလွန် ချစ်မြတ်နိုးလေသည်။ မြတ်လေးပန်းကုံးများကို သူမ၏ ဆံတောက်တွင် ဝေဆာလှပစွာ ပန်ပေးခဲ့သော ချစ်သူသည် စာရေးဆရာ တစ်ယောက်ဘဝသို့ ရောက်ရှိရေးအတွက် ရွာက ဆန်စက်မန်နေဂျာ ရာထူးကို စွန့်လွှတ်ခဲ့လေသည်။ ထိုအခါ သူမသည် သူမ၏ ရက်ကန်းစင်များကို စွန့်လွှတ်၍ သူ့နောက်သို့ ရဲဝင့်စွာ လိုက်ပါခဲ့သည်။

လောကတွင် တွေ့ကြုံရသော အခက်အခဲများကို သူမသည် ခင်ပွန်းသည်၏ ရှေ့က ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ရက်ကန်း ချည်ရောင်စုံများကို လှပဆန်းကြယ်သော အဆင်အသွေးများအဖြစ် ဖန်တီးနိုင်စွမ်းသော သူမသည် ဆေးဆိုးပန်းရိုက်လုပ်ငန်းကို အောင်မြင်စွာ အုပ်ချုပ်နိုင်စွမ်းသော လုပ်ငန်းရှင် တစ်ယောက် ဖြစ်သွားသည်။ ထို့အတူပင် ခင်ပွန်းသည်၏ ၀ါသနာ၊ အချိန်ကာလ၊ ပညာ စသည့် အရာများအတွက် သူမ စိတ်ရောကိုယ်ပါ ၀င်ရောက် ဖန်တီးပေးခဲ့၏။ ခင်ပွန်းသည် စာကြည့်သည့်နေသည့် အချိန်တွင် သူမသည် မျက်လုံးများ တောက်ပရွှင်လန်းလျက် ရှိသည်။ ခင်ပွန်းသည်၏ လက်ရေးစာမူများကို တတ်စွမ်းသမျှ အသိဉာဏ်လေးဖြင့် ကူညီဖတ်ရှု အားပေးသော အချိန်တိုင်း သူမ၏ မျက်နှာသည် ပြုံးရွှင်လျက် ရှိသည်။

“ရှင်ဟာ နိုင်ငံကျော်စာရေးဆရာ ဖြစ်ရမယ် ... ဖြစ်ကို ဖြစ်မှာ အမှန်ပဲ”

ယုံကြည်မှုများသည် သူမ၏ ရင်ထဲမှ အခိုးအငွေ့အဖြစ် ထွက်ပေါ်လာပြီး ခင်ပွန်းသည်၏ ဦးနှောက်ထဲသို့ သစ်ပင်အမြစ်များ သဖွယ် စိုက်တွယ်ခိုင်မြဲ သွားလေသည်။ နေ့သစ်၏ အရုဏ်ဦးများကို နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြသည်။ မှောင်မည်းသောညများကို နှစ်ယောက်အတူ ရင်ဆိုင်ခဲ့ကြသည်။ ကြယ်ရောင် လရောင်များ၊ ပန်းရနံ့များနှင့် အတူ ပူပြင်းသော မျက်ရည်များ၊ ခါးသီးသော အမှန်တရားများကို ခံစားခဲ့ကြသည်။ အကြိမ်ကြိမ် အခါခါ သူပြိုလဲတိုင်း သူမက ဆွဲထူတည့်မတ်ပေးခဲ့သည်။ သူ စိတ်ပျက်သောအခါ သူမက ငိုကြွေးသူဖြစ်၏။ သူကျေနပ်တက်ကြွသောအခါ သူမက ပျော်ရွှင်ရယ်မောသူ ဖြစ်၏။ သူ ဒေါသတကြီးဖြစ်သောအခါ သူမသည် မင်စုပ်သော စက္ကူချပ်တစ်ခုပမာ သူ့ဒေါသများ အားလုံးကို စုပ်ယူပေးခဲ့သည်။

“ငါ့စာအုပ်ကို မင်းသဘောကျမှာပဲ”

ထိုသူသည် မိမိရှေ့မှာ မတ်တပ်ရပ်နေသော မိန်းမကို မိမိဇနီးဟူသော အမှတ်ဖြင့် အားရ၀မ်းသာစွာ ပြောနေသည်။ ထိုမိန်းမသည် သူ့ဇနီး မဟုတ်ပါ။ မည်သူ၏ ဇနီးမှ မဟုတ်ပါ။ ထို့ကြောင့်လည်း သူ့စကားကို ကန့်ကွက်မှု ထောက်ခံမှုများ မပြုလုပ်ဘဲ ငြိမ်သက်စွာ နေခဲ့၏။

“လိမ္မော်သီး စားရရင် ကောင်းမယ်ထင်တယ်”

တိုးတိတ်သော သူမ၏ စကားသံကြောင့် သူပခုံးတွန့်လိုက်၏။ အခန်းသည် ချက်ချင်းပင် လေဟာနယ်တစ်ခုလို လွင့်မျောလျက် ရှိသည်။ မျက်နှာကြက်မှ ပင့်ကူမျှင်လေး တစ်ခုသည် ပင့်ကူနှင့်အတူ တွဲလောင်းကျလာပြီး သူမ၏ ပခုံးပေါ်မှာ ခိုတွဲနေသည်။

အချိန်အနည်းငယ် ကြာသောအခါ အခန်းထဲတွင် သူမ တစ်ယောက်တည်း ရှိတော့သည်။ နောက်ထပ် အချိန်အနည်းငယ် ကြာပြန်သောအခါ အခန်းထဲသို့ လူတစ်ယောက် ၀င်လာ၏။ ထိုလူသည် လက်ထဲမှာ လိမ္မော်သီးများ ကိုင်ထားသည်။ လိမ္မော်သီးနံ့သည် အခန်းထဲမှာ ချက်ချင်းမွှေးပျံ့လာ၏။ ထိုအချိန်မှာပင် သူမသည် လိမ္မော်သီးစားချင်တာ တကယ်မှ ဟုတ်ရဲ့လားဟု သံသယ ဖြစ်မိသွားသည်။

“မေမေ လိမ္မော်သီးစားမယ် မဟုတ်လား”

ထိုအသံကို ကြားလိုက်ရသောအခါ သူမသည် အမှန်တကယ် လိမ္မော်သီးစားချင်တာ မဟုတ်မှန်း သေချာသွား၏။

“မစားချင်ဘူး”

“ဟောဗျာ ဖြစ်ရပြန်ပြီ မေမေကလဲ”

သားအသံမှာ နူးညံ့ချိုမြသော်လည်း အေးစက်နေ၏။ သူမသည် ထိုသား၏ မိခင်ဖြစ် သည်။ ဒါ့အပြင် သားသမီးပေါင်းများစွာ၏ မိခင်ဖြစ်သည်။ သားသမီးတိုင်းသည် ပညာတတ်များ ဖြစ်ကြသည်။ ထိုမိန်းမသည် သူမ သားသမီးများ၏ အောင်မြင်မှုကို သူမ၏ အောင်မြင်မှုအဖြစ် ဂုဏ်ယူ ဝင့်ကြွားခဲ့လေသည်။

တယ်လီဖုန်း မြည်သံ၊ တံခါး ခေါင်းလောင်းမြည်သံများ၊ ဗီရိုတံခါး ဖွင့်သံပိတ်သံများ၊ ကားတံခါး ဖွင့်သံပိတ်သံများ၊ ရုပ်မြင်သံကြားစက်မှ ဂီတသံများ အားလုံးသည် နံရံများကို စိမ့်ဝင် ဖောက်ထွင်းလျက် အေးစိမ့်ငြိမ်သက်သော အခန်းထဲသို့ ပျံ့နှံ့လာ၏။ မည်သူသည် မည်သည့်အသံကို ဖြစ်ပေါ်စေသူ ဖြစ်သလဲဆိုတာတော့ သူမ မခွဲခြားနိုင်ပေ။ ထိုအသံများကို ဆူညံသံများအဖြစ်သာ သူမ ယူဆသည်။ သူမသည် အရာရာအပေါ် သည်းညည်းခံနိုင်စွမ်း မရှိတော့ပေ။ သူမ၏ မျိုသိပ်ထိန်းချုပ်မှုများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဟု သူမ ထင်နေသည်။ စိတ်ပျက်ငြီးငွေ့မှုသည် သူမ၏ ကိုယ်ခန္ဓာထဲတွင် ကပ်ပါးကောင်များလိုပင် ပွားများခိုတွယ်လျက် ရှိနေသည်။

“ဒါနဲ့ မေမေ ... မနက်ဖြန် ကျွန်တော် ဘုန်းကြီးဘယ်နှစ်ပါး ပင့်ရမလဲ၊ ဖေဖေက မေးခိုင်းလိုက်တယ်”

သူမသည် ခုတင်ဆီလျှောက်သွားရာမှ ဖျတ်လတ်စွာ လှည့်ကြည့်လိုက်သည်။

“ဘုန်းကြီး ... ဟုတ်လား၊ ဘာအတွက်လဲ”

သူမ၏ အခန်းပေါက်ဝတွင် လူသေထည့်သည့် ခေါင်းတစ်ခု ရောက်နေပြီလား၊ သူမ သည် မကြာသေးမီက ထိုအခေါင်းထဲသို့ တစ်စုံတစ်ယောက်ကို ကိုင်တွယ်ထည့်ခဲ့ရသေးသည်ဟု မှားယွင်းစွာ မြင်ယောင်လာ၏။

“မနက်ဖြန် ကျွန်တော့် မွေးနေ့လေ မေမေရဲ့”

သား၏ အသံတွင် စိတ်ပျက်မှုနှင့် အနည်းငယ် ထူးဆန်းအံ့သြမှုကို ဖော်ပြလိုက်သည့်အခါ သူမ ငြိမ်သက်သွားသည်။ မွေးနေ့ ...။ မွေးနေ့ဟူသော အသိတရားသည် ကြယ်ရောင် ပြက်လိုက်သလို ဖျတ်ခနဲ လင်းတော့မလိုလိုနှင့် ပြန်၍ မှောင်ပိန်းသွား၏။ သား၏ မွေးနေ့သည် ဘယ်နှစ်နှစ်မြောက် မွေးနေ့ပါလိမ့်၊ သားဖြစ်သူ၏ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့သည် သူမအတွက် ပူလောင်သော မျက်ရည်များကို သယ်ဆောင်ပေးခဲ့၏။ အရပ်အလွန်ရှည်သော မာနခပ်ကြီးကြီး ချွေးမတစ်ယောက်ကို သား၏ နှစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့မှာ သူမ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသားသည် သူမရှေ့မှောက် ရောက်နေသော သားပဲလား၊ ထိုမွေးနေ့သည် ဘယ်နှစ်ကြိမ် လွန်မြောက်ခဲ့ပြီလဲ၊ သူမ မသိ။

“နေစမ်းပါဦး၊ ဘယ်နှစ်နှစ်မြောက် မွေးနေ့လဲကွဲ့”

သား၏ သက်ပြင်းရှိုက်သံသည် လိုအပ်သည်ထက် ပို၍ ကျယ်လောင်သွားသည်။

“လေးဆယ်ပြည့်မွေးနေ့လေ မေမေ”

“သြော် သြော် ... ဒါဖြင့် ဘုန်းကြီးအပါး လေးဆယ်ပင့်ပေါ့ သားရဲ့”

“ဟာ ... မဟုတ်ဘူး မေမေ၊ အိမ်မဆံ့ဘူး၊ ဆယ်ပါးလောက် ...”

သူမ တိုးတိတ်စွာ ရယ်၏။

“ဒါဖြင့်လဲ ပြီးရောပေါ့”

လူသားတစ်ယောက်သည် လောကအတွက် ဘယ်အရွယ်အထိ လိုအပ်ပါသနည်း။ လူသားတစ်ယောက်သည် လောက၏ ၀ါးမျိုမှုကို ဘယ်အရွယ်ထိ အားတင်းပြီး ခံနိုင်ပါသနည်း။

ညစားစားချိန်တွင် အိမ်ရှေ့ခန်းဆီး၌ တိတ်ဆိတ်သွားသည်။ ရထားတစ်စီး ခုတ်မောင်းသွားသောအသံ ခပ်သဲ့သဲ့သည် တဖြည်းဖြည်း နီးလာ၏။ သူမ အခန်း၏နံရံများ တဖြည်းဖြည်း တုန်ခါလာသည်။ ရထားသံသည် ပို၍ ပို၍ ကျယ်လောင်လာပြီး သူမ အခန်း ဗဟိုတည့်တည့်မှ ဖြတ်ခုတ်မောင်း သွားသောအခါ နံရံ၏ ကြွက်လျှောက်တန်းပေါ်မှ ဖန်ပုလင်းကလေးများ တစ်ခုနှင့်တစ်ခု ထိခိုက်သံပင် ထွက်ပေါ်လာ၏။ သူမကိုယ်ပေါ်မှာ ရထားဖြတ်သွားသည်ဟု ထင်သည်။ သို့သော် သူမ အသက်ရှင်လျက် ရှိပါသေးသည်။

အခန်းထဲသို့ အရိပ်တစ်ရိပ် ၀င်လာ၏။ ထိုအရိပ်သည် ခပ်ပုပုပျပ်ပျပ် ဖြစ်သည်။ ထိုအရိပ်သည် ဆံပင်များ တွန့်ကွေးဖွာကြဲလျက် ရှိသည်။ ထိုအရိပ်နှင့် အတူ ငါးကြော်၏ ရနံ့၊ ကြက်သွန်ဖြူနံ့များ တွဲလျက်ပါလာ၏။ သူမ အော်ဂလီဆန်လာသော အချိန်တွင် ထိုအရိပ်ကို သူမ တိုးတိုးကလေး မေးလိုက်သည်။

“ငါ ဘယ်သူလဲ”

“မေမေက သမီးတို့ မေမေပေါ့”

ဖန်ချောင်းမီးရောင် ဖျတ်ခနဲ လင်းထိန်သွားသောအခါ ခုတင်ပေါ်မှ မိန်းမသည် စူးစူးရှရှ တစ်ချက်အော်လျက် ထထိုင်လိုက်သည်။ သူမ ရှေ့တွင် စားပွဲပေါ်၌ ထမင်း ဟင်း ပန်းကန်များ တင်ထားသော လင်ပန်းတစ်ချပ် ရှိသည်။ အမျိုးသမီးတစ်ယောက် ရှိသည်။ အနီရောင် ရှိသည်။ ဘယ်တုန်းကမျှ မယဉ်ပါးသော ကြောင်နက် တစ်ကောင် ရှိသည်။

အဆင်အသွေးစုံသော ချည်ထည်ရောင်စုံများ ရှိသည်။ လက်ဖြင့် လှည့်ရသော ဗိုင်းငင်သည့် ရစ်ဘီးတစ်ခု ရှိသည်။ ချည်မျှင်တန်းများကြား ဟိုဘက် သည်ဘက် ပြေးလွှားနေသော အနီရောင်ချည် ရစ်ထားသည့် လွန်းကလေးနှင့် အပြာရောင်ချည် ရစ်ထားသည့် လွန်းကလေး ရှိသည်။ ချည်မျှင် ရောင်စုံများ သည် အခန်းထဲတွင် တွဲလွဲကျလျက် ယိမ်းကသလိုလို ညီညာစွာ လှုပ်ရှားနေကြသည်။

“မေမေ့ပခုံးပေါ်မှာ ပင့်ကူကြီး”

သမီးက လွှတ်ခနဲ အော်ကာ သူမဆီ ချက်ချင်း ရောက်လာ၏။ သူမ၏လက်က ပို၍ လျင်မြန်စွာ ပင့်ကူရှိရာသို့ အုပ်ကိုင်ထားလိုက်သည်။

“ဒီပင့်ကူက သူ့သားသမီးတွေ အသက်ရှင်ဖို့ သေပေးရမှာ၊ ခဏကြာရင် သူသေတော့မှာပါ”

သို့သော် သူမ ညင်သာစွာ ကိုင်လိုက်သော ပင့်ကူသည် ပင့်ကူ အမ မဟုတ်ဘဲ အထီး ဖြစ်နေနိုင်သည်။ သူမသည် ပင့်ကူကို လက်မှ ကိုင်လျက် စေ့စေ့စပ်စပ် ကြည့်နေသည်။ ပင့်ကူအထီးနှင့် အမကို သူမ မခွဲခြားတတ်၊ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည် စာရေး ဆရာကြီးများ ခွဲခြားတတ်မလား၊ သို့မဟုတ် သူမ၏သား ဆရာဝန်များ ခွဲခြားတတ်မလား၊ သို့မဟုတ် အထက်တန်းပြ ဆရာမဖြစ်သော သမီးက ခွဲခြားတတ်မလား၊ သို့မဟုတ်... ထို့ နောက် သူမသည် တိတ်ဆိတ်စွာ ရယ်လျက် ပင့်ကူကို လက်နှင့် ပုတ်ထုတ်ပစ်လိုက်လေသည်။

သမီးသည် ထမင်းပွဲလင်ပန်းကို သူမရှေ့သို့ အနည်းငယ် တိုးပေးပြီးနောက် ပြန်ထွက်သွား၏။ သူမသည် ထမင်းပန်းကန်ကို စိုက်ကြည့်သည်။ သူမ၏ဘ၀တွင် ထမင်း ဘယ်လောက်များများ စားခဲ့ပြီးပြီလဲ။ သူမ၏လက်သည် ထမင်းပန်းကန်များကို ကိုင်လျက် သားသမီး ဘယ်နှစ်ယောက်ကို ဘယ်နှစ်ကြိမ်မျှ ခွံ့ကျွေးပြီးပြီလဲ။ သူမ ကိုင်လိုက်သော ထမင်းလုတ်တိုင်းကို သားသမီးများအတွက်နှင့် သူမအတွက်ဟူ၍ အချိုးချကြည့်လျှင် မည်သည့် အချိုးက များနေပြီလဲ။ သူမသည် ထမင်းစားချင်စိတ် လုံးဝမရှိသောကြောင့် ထမင်းပန်းကန်ကို ကြည့်ကာ မျက်ရည်ဝဲရလေသည်။ မျက်ရည်ဆိုသည်မှာ သူမ၏ ဘ၀တွင် သူစိမ်းပြင်ပြင် မဟုတ်ပါ။ အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်သည်။ သူမ ခင်ပွန်းသည် ဝမ်းနည်းလျှင် သူမ မျက်ရည်ကျရသည်။ သားသမီးများ၏ ဝေဒနာများအတွက် သူမ မျက်ရည်ကျရသည်။ သားသမီးများ၏ ဆုံးရှုံးအားငယ်မှုများအတွက် သူမ မျက်ရည်ကျရသည်။ သို့သော် သူမ ကိုယ်တိုင်အတွက်တော့ သူမ မျက်ရည် မကျခဲ့ဖူးပါ။ ထို့ကြောင့်လည်း ယခုတစ်ကြိမ်တွင် သူမအတွက် ကျရမည့်မျက်ရည်သည် သူမဘ၀တွင် သူစိမ်း ပြင်ပြင်သာ ဖြစ်သည်။

အပြင်မှာ တိတ်ဆိတ်ရန် အားယူစပြုလာချိန်တွင် အခန်းထဲသို့ အရိပ်တစ်ရိပ် ဝင်လာ၏။ ရှည်မျောသော အရိပ်သည် သူမခုတင်ဆီသို့ လျင်မြန်စွာ နီးကပ်လာသည်။

“ဘာဖြစ်လို့ ဒီလောက်မှောင်နေတာလဲ” ပြောပြောဆိုဆို တစ်ခုတည်းသော ပြတင်းပေါက် ပွင့်သွားသည်။

“ဘွားဘွား ထမင်းလဲ မစားသေးပါလား”

လူငယ်ကလေးသည် ခုတင်ပေါ်မှာ ထိုင်နေသော မိန်းမကို ရယ်ပြသည်။ သူမ ပြန်မပြုံးပါ။ သူမ မစားချင်သော ထမင်းကို ချွဲတတ်သော မြေးကလေးသာ ခွံ့ကျွေးမည်ဆိုလျှင် စားသင့်သလားဟု သူမ တွေဝေစွာ စဉ်းစားနေ၏။ သို့သော် မည်သူကမျှ သူမကို ထမင်းခွံ့ရန် စိတ်ကူးမရှိပါ။

“ဘွားဘွား ... ကျွန်တော့်မွေးနေ့လဲ ရောက်တော့မှာ”

“အင်း ... အင်း”

“ဖေဖေက ကျွန်တော့်ကို ဂီတာ ၀ယ်ပေးမှာတဲ့”

“အင်း ... အင်း”

ဤလူကလေးသည် ဂီတကို ကလေးအရွယ်ကတည်းက သာယာတတ်သူ ဖြစ်သည်။ ဤမြေးကလေးအတွက် ကမ္ဘာပေါ်မှာ မရှိသော သီချင်း သံစဉ်များကို သူမ ရွတ်ဆို ညည်းခဲ့ရဖူးသည်။ သူမ ပင်ပန်းခဲ့ပါသလား။

“ဘွားဘွား ... ညီမလေးက ဘွားဘွားဆီ လာချင်လို့တဲ့”

“အလိုတော် ... ရှုပ်ရှုပ်ယှက်ယှက်၊ မလာရဘူးလို့ ပြောလိုက်”

တစ်ခဏအတွင်း သာယာသော ရယ်သံကလေးတစ်ခု သူမအနီးမှာ ရောက်လာသည်။ ငွေဆည်းလည်း သေးသေးကလေး တစ်ခု ကောင်းကင်ဆီမှာ လှုပ်ခတ်နေသလို ထင်ရ၏။ အဖြူရောင် ဂါဝန်ပွပွကလေး၊ အနီရောင် ခေါင်းစည်းကြိုးကလေး။ မြင်းမြီးပုံစံ ဆံပင် နီကျင်ကျင်ကလေး။ ပေါင်ဒါနံ့ သင်းသင်းကလေး။ သူမ၏ အိပ်မက်များစွာကို တစ်စ ချင်း ဖျက်ဆီးဖဲ့ခြွေပစ်သော သားသမီးများလိုပင် စွမ်းအားရှိသော မြေးငယ်ကလေး။

“မီးကို ပုံမပြောတာ ကြာလှပြီ ဘွားဘွားရဲ့”

သူမ ထိုအရွယ်တုန်းက သူမ မိဘများ၏ ပုံပြင်ကို နားထောင်ခဲ့ရလေသလား၊ စဉ်းစားတော့ ဝိုးတဝါးသာ ထင်၏။ မအေ၏ ချည်ခင်ကို ယူဆော့မိ၍ ခေါင်းခေါက်ခံရတာ ဘယ်သူပါလိမ့်။ သူမသည် တိုးတိုးကလေး ရယ်လိုက်သည်။

“ဘွားဘွား ... မီးကို ခေါင်းတုံး တုံးပေးတဲ့ ပုံပြင်ကလေး ပြောပြပါဦး”

တင်းမာအေးစက်သော စိတ်နှလုံးသည် တစ်စ တစ်စ အရည်ပျော်သွား၏။

“ကဲ ကဲ ... ဓာတ်ပုံအယ်လ်ဘမ်တွေ ယူခဲ့”

ခဏအကြာတွင် သူမခုတင်ပေါ်၌ ဓာတ်ပုံများ ပြန်ကျဲနေတော့သည်။ မြေးမလေး ခေါင်းတုံးတုံးထားစဉ်က ရိုက်ထားသော ဓာတ်ပုံကို သူမ ရွေးထုတ်လိုက်၏။ နာရီသံသဲ့သဲ့ ကြားရသည်။ ဘယ်နှစ်ချက်မှန်း မသိ၊ ဘယ်နှစ်ကြိမ် ပြန်ပြောနေမှန်း မသိ။ နောက်ဆုံးတော့ မြေးကြီးက ကလေးမလေးကို ပွေ့ချီခေါ်သွားသောအခါ အခန်းသည် တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ ဆေးရောင်စုံ ဓာတ်ပုံများ၊ အဖြူအမည်း ဓာတ်ပုံများ။ သူမသည် ပြန့်ကျဲနေသော ဓာတ်ပုံများကို စုသိမ်းဖို့ ကြိုးစားရင်း ပိုမိုဖြန့်ကျဲကာ တစ်ခုချင်း စေ့စေ့စပ်စပ် ကြည့်မိပြန်သည်။

ဓာတ်ပုံများသည် အဖြစ်အပျက်ပေါင်းများစွာ၊ အခြေအနေပေါင်းများစွာကို သူမအား နည်းနည်းချင်း ရှင်းပြပေးနေသည်။ သူမ ခင်ပွန်းနှင့် သူမ၏ ဓာတ်ပုံများ၊ သူမ သားသမီးများနှင့် သူမ၏ ဓာတ်ပုံများ၊ သူမ၏ မြေးများနှင့် သူမ၏ ဓာတ်ပုံများ၊ စိတ်ကျဉ်းကျပ်နေသော နေ့ရက်များ၊ အားတင်းထားရသော နေ့ရက်များ၊ ပျော်ရွှင်ကြည်နူးရသော နေ့ရက်များ ... ။

ဓာတ်ပုံပေါင်းစုံကို ကြည့်ရင်း သူမ၏ ဘ၀ဖြစ်ရပ်ပေါင်းစုံကို သူမ ပြန်လည် ရင်းနှီးရသည်။ သူမ၏ ဇနီးသည်ဘ၀ကို သူမ မြင်ရသည်။ သူမသည် စွမ်းအင်ပြည့်သော ဇနီးတစ်ယောက် ဖြစ်သည်။ သူမ၏ မိခင်ဘဝကို သူမ မြင်ရသည်။ သူမသည် ကိုယ်ကျိုးစွန့်လွှတ်ကာ သားသမီးများကို ပြုစုပျိုးထောင် ပေးခဲ့သော အောင်မြင်သည့် မိခင်တစ်ယောက် ဖြစ်သည်။ သူမ၏ ဘွားအေဘ၀ကို သူမ မြင်ရသည်။ သူမသည် စိတ်ရှည်လက်ရှည် နူးညံ့သိမ်မွေ့သော ဘွားအေတစ်ယောက် ဖြစ်သည်။

သို့သော် သူမသည် သူမကိုယ်တိုင်ကိုတော့ ရှာဖွေမတွေ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမကိုယ်တိုင်အဖြစ် တည်ရှိခဲ့သူ မဟုတ်သောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ကိုယ်တိုင်၏ ဘ၀အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ ဖြစ်တည်ခဲ့ဖူးသည်ဆိုလျှင် ထိုလူများထဲတွင် သူမ မပါဝင်ပါ။ သူမ၏ များပြားလှသော ဘ၀များတွင် သူမ ၏ ကိုယ်ပိုင်ဘ၀ မပါဝင်ပါ။

သူမသည် ရုတ်တရက် ရလာသော အသိတရားကလေးဖြင့် စိတ်သက်သာရာ ရသွားသည်။ သူမ၏ ဘ၀ကို သူမကိုယ်တိုင်ပင် ပြန်လည် ဖန်တီးယူ ရမည်။ ထိုအခါ သူမ၏ ကိုယ်ခန္ဓာသည် ၀ါဂွမ်းကလေး တစ်စလို၊ တိမ်တိုက်ကလေးတစ်ခုလို ပေါ့ပါးစွာ လွင့်မျောလာ၏။ တက်ကြွရွှင်လန်းလာသော သူမသည် အခန်းထောင့်သို့ တရွေ့ရွေ့ လျှောက်သွားသည်။ ထိုနေရာတွင် ကြည့်မှန်တစ်ချပ် ရှိသည်။ သူမသည် သူမကိုယ်သူမ ရှာဖွေတွေ့ရှိရန် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် မှန်ထဲသို့ ကြည့်လိုက်၏။

ရေငွေ့များ ပိတ်ဆီးထားသော မှန်ချပ်၏ တစ်ဖက်ကို လှမ်းကြည့်ရသကဲ့သို့ ခပ်ဝါးဝါး ဖြစ်နေသည်။ ထိုမှန်ထဲမှ မျက်နှာတစ်ခုသည်လည်း ခပ်လှမ်းလှမ်း နှင်းငွေ့ကြားထဲမှာ ထွင်းဖောက်ကြည့်ရသော မျက်နှာလိုပင် ဘာမျှမသဲကွဲဘဲ မှုန်ဝါးလျက်ရှိသည်။ ထိုမျက်နှာတွင် မျက်စိရှိသည်။ နှာခေါင်းရှိသည်။ ပါးစပ်ရှိသည်။ အလွန် ပုံပန်းကျနလှပသော ပါးစပ် ရှိနေရမည်။ သို့သော် ထိုအရာများကို သူမ မမြင်ရပါ။ သူမ မြင်နေရသည်မှာ အနားရစ် မသဲကွဲသော ဝေဝါးသည့် မျက်နှာတစ်ချပ်ပင် ဖြစ်သည်။

သူမသည် မှန်ထဲမှ ဝေဝါးလာသော မျက်နှာကို ငေးကြည့်လျက် မျက်ရည်များ လိမ့်ဆင်း ကျလာသည်။ နောက်ဆုံးတော့ အချိန်ကာလသည် သူမကို ကောင်းကောင်း အနိုင်ရ သွားပါပြီ။

သူမ၏ မိန်းမသားအဖြစ်ကို သူမ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ အရာရာသည် သူမအတွက် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။



ဂျူး

[ဟန်သစ်စာပေ]



(ယခု ၀တ္ထုတိုလေးကို ဆရာမ ဂျူး ၏ အရောင်များနှင့်ကစားခြင်း နှင့် အခြားဝတ္ထုတိုများ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။)



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



Admin မှတ်ချက်



ယခု ၀တ္ထုတိုလေးသည် ဟန်သစ်စာပေ မှ ၁၉၉၇ ၀န်းကျင်တွင် ထုတ်ဝေခဲ့သော ဆရာမ ဂျူး အပါအ၀င် စာရေးဆရာ လေးယောက် ၏ ၀တ္ထုတို တစ်ပုဒ်စီ ပါဝင်သော ၀တ္ထုတိုစုစည်းမှု စာအုပ်တွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။



ဂျူးစာပေ မှ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော ဆရာမ ဂျူး၏ အရောင်များနှင့်ကစားခြင်း နှင့် အခြားဝတ္ထုတိုများ ၀တ္ထုတိုစုစည်းမှု စာအုပ်တွင် ဒုတိယအကြိမ် ပါဝင်ခဲ့သည်။



ယခုဖော်ပြထားသော သရုပ်ဖော်ပန်းချီမှာ ဟန်သစ်စာပေ မှ ထုတ်ဝေသော စာအုပ်မှ ဖြစ်သည်။ ထို သရုပ်ဖော်ပုံကို ကျွန်တော်တို့ Page တွင် ဝေမျှပေးသော မ Nyein Nyein San ကို ကျေးဇူးတင်ရှိပါသည်။



(One of Admins)

ချစ်သူ၏ သမီး

သူ့ကို ကျွန်မ စပြီး မြင်ဖူးသည်က လူနာကလေးမလေး တစ်ယောက် အဖြစ်ပါ။

ကျွန်မအိမ်နှင့် ဘေးချင်းကပ်လျက်အိမ်က ပညာရေး ဘော်ဒါဆောင် တစ်ခု ဖြစ် သည်။ ဘော်ဒါဆောင်ဆိုတော့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရောကို ခြံဝင်းထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ မြင်တွေ့နေကျ။ စာသင်သံတွေ၊ စာရွတ်သံတွေကို ကြားနေကျ ဖြစ်သည်။ စည်းကမ်း ကြီးသော ဘော်ဒါဆောင် ဖြစ်သဖြင့် ရယ်မော စ,နောက်သံများကိုတော့ မကြာခဏ ကြားရတတ်သည် မဟုတ်ပေ။ အဲသည် ခြံဝင်းဘက်မှ ရယ်သံကို ကျယ်ကျယ် လောင်လောင် ကြားရပြီဆိုလျှင် အဲဒါ စာသင်ချိန် တစ်ခုမှာပဲ ဖြစ်၏။ ဇီဝဗေဒ စာသင်ချိန်မှာ ရယ်မောသံများ ကြားရခြင်း ဖြစ်သည်ဟု ဘော်ဒါဆောင်ကို ဦးစီးသူ အမျိုး သမီးက ကျွန်မအား ရှင်းပြဖူးသည်။ ကျွန်မ အံ့သြရပါသည်။ ဇီဝဗေဒ၏ ကိုးတန်း ဆယ် တန်း သင်ခန်းစာများကို ကျွန်မအား သင်ကြားပေးခဲ့သော ဆရာမကြီး ဒေါ်နွယ်နွယ်အား သတိရ အောက်မေ့မိရင်း ကျွန်မတို့ စာသင်ချိန်မှာ ဘယ်နှစ်ခါ ပြုံးရယ်ခဲ့ရလို့ရလဲဟု စဉ်းစား ကြည့်မိသည်။ ထို့အတူ ပြုံးရယ်စရာ မပါသော ဘာသာရပ်တစ်ခုကို ကျောင်းသားတွေ တ၀ါးဝါး ရယ်မောရအောင် သင်ကြားခြင်းမှာ ဆရာ၏ ချီးကျူးထိုက်သော အရည်အချင်း ဖြစ်လေမလားဟု သံသယ ၀င်ခဲ့ရပါသည်။

ဘာပဲဖြစ်ဖြစ် ဤဘော်ဒါဆောင်သည် နာမည်တော့ တော်တော် ကြီးပါသည်။ အောင်ချက် ကောင်းသည်၊ အဆင့်မြင့် တက္ကသိုလ်များသို့ ၀င်သည့် ကျောင်းသားကျောင်း သူတွေများသည် စသည့် သတင်းစကားများကို ကျွန်မ၏ လူနာများထံမှာ ကြားရလေ့ရှိ သည်။

ဤဘော်ဒါဆောင်မှ ကလေးများ နေမကောင်းလျှင် ကျွန်မပဲ ဆေးကုသပေးရ၏။ အများအားဖြင့်တော့ ဆေးခန်းသို့လာကြသည်။ တစ်ခါတစ်ရံသာ ဘော်ဒါဆောင်ထိ လိုက်သွား ရတတ်သည်။ ဘော်ဒါဆောင်ကိုမှ ကျွန်မ သွားရပြီဆိုလျှင်တော့ လူနာကို ကုသပေး ပြီးသည့်နောက် ကျန်သည့် ကျောင်းသား ကျောင်းသူများကို ကြုံလျှင်ကြုံသလို ကျန်းမာရေး ပညာ အသိတချို့ကို ပြောပြပေးခဲ့သည်က ကျွန်မ၏ အကျင့်တစ်ခု ဖြစ်နေသည်။ ဆေးလိပ်ကို ဘာကြောင့် ရှောင်သင့်သလဲ ဆိုသည့် အကြောင်းအရာမျိုး၊ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ ဘာကြောင့် လိုအပ်သလဲ၊ ဘယ်အတိုင်းအတာထိ သိထားသင့်သလဲ ဆိုသည့် အကြောင်းအရာမျိုး၊ HIV/AIDS နှင့် ပတ်သက်ပြီး လူငယ်တွေ ကြုံတွေ့နိုင်သည့် အဖြစ်အပျက်နှင့် ရလဒ်များဆိုသည့် အကြောင်းအရာမျိုးတွေ ဖြစ်တတ်သည်။

သို့သော် ထိုတစ်ရက်ကတော့ ကျွန်မ ပြောနေကျ စကားဝိုင်းကို ပျက်ကွက်သွားခဲ့ ၏။ သူ့ကို ဆေးကုသပေး ပြီးသည့်နောက်မှာ ကျွန်မ၏ စိတ်အာရုံများ လွတ်လပ်မှုမရှိဘဲ တစ်စုံတစ်ရာနှင့် နှောင်ဖွဲ့တင်းကျပ်မိ သွားသောကြောင့် ဖြစ်သည်။

သူ့ကို ကျွန်မ တစ်ခါမျှ သတိမထားမိခဲ့၊ မမြင်ဖူးခဲ့တာ သေချာသည်။ သို့သော် ကျွန်မ မြင်ဖူးနေသလို ရင်းရင်းနှီးနှီးကို မှတ်မိနေသည်မှာလည်း သေချာသည်။

တောက်ပ ရွှန်းလက်သော မျက်ဝန်းနက်များ၊ မည်းနက်ပြီး မျက်လုံးနှင့် ဝေးဝေး မြင့်မြင့် မျက်ခုံးများ၊ သေးသွယ်ချွန်မြသည့် နှာတံစင်းစင်း၊ နောက်ပြီး လုံးဝန်းသော မျက်နှာကျမှာ သွယ်ချွန်းသော မေးစေ့။

“သမီးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ ၊ သမီး မော်ဒယ်များ လုပ်သလား”

တစ်ဝက်တစ်ပျက် စ,နောက်သော စကားဖြင့် ငိုမဲ့နေသော ကလေးမကို မေးမိသည်။ သူက မဖြေပါ။ ကျွန်မ၏ပစ္စည်း ကိရိယာများကိုသာ အသည်းအသန် ဂရုစိုက်ကြည့် လျက် သူ့ကိုနာကျင်အောင် လုပ်တော့မှာကို စိုးရိမ်ကြောင့်ကြနေဟန် ရှိ၏။

“ဆေးမထိုးချင်ဘူး”

သူက မျက်ရည်စိုစွတ်သော မျက်ဝန်းများဖြင့် ကျွန်မအား စိန်းစိန်းကြည့်ကာ ငြင်း ဆိုပါသည်။

“ကေခိုင် … ဆရာမကို အဲသလို မဆိုးနဲ့လေ၊ ဆရာမက သမီးနေကောင်းအောင် ကုပေးမှာ”

ဘော်ဒါဆောင် အုပ်ချုပ်သူ အမျိုးသမီးက ဖျောင်းဖျသည်။

“သမီးက အဖျားသိပ်ကြီးပြီး ခေါင်းကိုက်လို့ ငိုနေရတာမို့ ချက်ချင်း သက်သာအောင် ဆေးထိုးမှ ကောင်းမယ်လေ”

ကျွန်မ အပြုံးဖြင့် ချော့မော့မိ၏။

“ဟင့်အင်း …… မထိုးရဘူး”

“ကောင်းပြီ၊ သမီး မထိုးချင်ရင် အန်တီ မထိုးဘူး၊ ဒါပေမယ့် အဖျားနဲ့ ခေါင်းကိုက် မြန်မြန်ကျအောင် တစ်ခြားနည်းတစ်ခုနဲ့တော့ သမီးကိုယ်ထဲ ဆေးရောက်အောင် လုပ်ရ လိမ့်မယ်”

ကျွန်မက တခြားကလေးတွေ မကြားရအောင် သူ့နားနားကို ကပ်ပြီး ပါရာစီတမောလ် ဆေးတောင့်လေးတစ်ခု သူ့ကိုယ်ထဲသို့ ဘယ်နည်းဖြင့် ထည့်ပေး နိုင်သည် ဆိုတာ ရှင်းပြလိုက်သည်။ ထိုအခါ သူ့မျက်နှာလေး ပန်းသွေးရောင် ရဲသွား၏။

“ဟင့်အင်း……….ဟင့်အင်း”

ဆယ်တန်းကျောင်းသူမကလေးသည် ထိုနည်းကို အသည်းအသန် ငြင်းပြန်ပါသည်။

“ဒါဖြင့် သမီးရွေးလေ၊ ဆရာမ ဘယ်နည်းနဲ့ သမီး အဖျား မြန်မြန်ကျအောင် လုပ်ပေးစေချင်သလဲ”

ကလေးမ ခဏ တွေဝေသွားသည်။ နောက်တော့မှ မပွင့်တပွင့် အသံဖြင့် ခပ်ဆဆ ပြောသည်။

“သမီးကို ဖေဖေက လွဲလို့ ဘယ်သူမှ ဆေးထိုးပေးတာ မခံရဖူးဘူး”

ထိုစကားကြောင့် ကျွန်မ သူ့မျက်နှာလေးကို ဖျတ်ခနဲ အသေအချာ ငုံ့ကြည့်မိ၏။ သူ့အဖေက ဆရာဝန်လား။ ဒါဖြင့် ဘုရားရေ………။

“သူ့အဖေက ဆရာဝန်ပဲ ဆရာမရဲ့”

ဘော်ဒါဆောင် အုပ်ချုပ်သူ အမျိုးသမီးက ကျွန်မအား ရှင်းပြသည်။

ကျွန်မကလေးမကို ကြည့်ရင်း ဘယ်သူ့သမီး ဖြစ်နိုင်သည်ဆိုတာ တွေးမိသွားပါ သည်။

“သမီးအဖေက ပင်လောင်းက များလား”

“ဟုတ်တယ်”

ကလေးမ၏ မျက်ဝန်များ လက်သွား၏။

“ဖေဖေ့ကို သိလားဟင်”

သိသလား၊ ကျွန်မ ရင်ထဲမှာ ထိတ်ခနဲ ခုန်သွားသည်၊ သိသလားတဲ့၊ ကျွန်မ ပြုံး လိုက်ပါသည်။

“သိတာပေါ့၊ သမီးဖေဖေနဲ့ အန်တီနဲ့က တစ်တန်းတည်း ကျောင်းတက်ခဲ့တဲ့ အတန်းဖော် သူငယ်ချင်းတွေလေ၊ သိပ်ခင်တာပေါ့၊ သမီးအိမ်ပြန်တဲ့အခါ အန်တီဆရာမ အကြောင်း သမီး ပြောပြလိုက်ပေါ့”

သူ့အဖေနှင့် တစ်တန်းတည်းသား ဆရာဝန်ဟု သိသွားရုံဖြင့် ကျွန်မအပေါ် သူအား ကိုးသွားလေသလား မသိ၊ သူ့အား မနာအောင် ဆေးထိုးပေးရန် ဟူသော ခြွင်းချက်ဖြင့် ဆေးထိုးခွင့် ပေးလိုက်သည်။

ထိုနေ့က ကျွန်မ အိမ်သို့ ချက်ချင်း ပြန်သွားခဲ့မိပါသည်။



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx





p many eyes painting


သူသည် စာတော်သော ကလေးမတစ်ယောက် ဖြစ်သည် မှန်၏။ သို့သော် တော် တော်စိတ်မြန်ပြီး တော်တော်ရှန်းသော ကလေးတစ်ယောက်လည်း ဖြစ်သည်။

သူ့လေ့ကျင့်ခန်းစာအုပ် အဖြေများကို ကျွန်မတောင်းယူကြည့်သည့်အခါ ပေါ့ဆ သော အမှားသေးသေးလေးများကို သတိထားမိသည်။

မေးခွန်းတစ်ခုခုကို သူ့အားမေးလိုက်လျှင် အဖြေကို တစ်ခုတည်း ဘယ်တော့မှ မရ တတ်။ ပထမ အဖြေ ပြီးသည့်နောက် ကျွန်မ၏ မျက်နှာထား မပြောင်းလဲသည်ကို သတိ ထားမိလျှင် ဒုတိယအဖြေကို ပြောင်းလဲပေးတတ်သည်။

“ဟင်……မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပိုတက်ဆီယမ် ပါမင်းဂနိတ်” ဆိုသော အဖြေမျိုး ဖြစ်သည်။ တကယ်တော့ သူ့ပထမအဖြေက အမှန်၊ ဒုတိယအဖြေက အမှား။

သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသည်ဟု ကျွန်မ မှတ်ချက်ချမိသည်။

သူထမင်းမစားချင်ဘူးဆိုလျှင် ကျွန်မက အိမ်မှတစ်ခုခုလုပ်ပြီး သူ့ကို သွားပို့ပေးရန် ဖုန်းဆက်ပြီး မေးမိသည့် အခါမျိုးတွေ ရှိသည်။

“သမီး ကေခိုင်၊ ကြေးအိုးသောက်ချင်သလား၊ ဖက်ထုပ်ပေါင်း သောက်ချင်သလား” ဟူသော မေးခွန်းအတွက် ပထမအဖြေကို ချက်ချင်း ရ၏။

“ကြေးအိုးသောက်ချင်တယ် အန်တီ”

ထို့နောက် နှစ်စက္ကန့်အတွင်း ဒုတိယအဖြေကို ပြောင်းပေးပြန်၏။

“ဟင်….မဟုတ်ဘူး မဟုတ်ဘူး၊ ဖက်ထုပ်ပဲ သောက်ချင်တယ်”

ကျွန်မက အနည်းငယ် မျက်မှောင်ကြုတ်မိရာက လေးလေးနက်နက် လေသံဖြင့် မေးမိ၏။

“သမီး … သေချာတယ်နော်၊ ဖက်ထုပ်သောက်ချင်တာ ဟုတ်ရဲ့လား”

ထိုအခါ သူသည် နှစ်စက္ကန့်လောက်အတွင်း ချက်ချင်းပင် ပထမအဖြေဆီ ပြန် ရောက်သွားပြန်၏။

“ကြေးအိုးပဲ သောက်ပါတော့မယ် အန်တီ”

သူဘာဖြစ်လို့ တစ်ခုခုအပေါ်မှာ စိတ်မပြတ်သားရတာလဲ၊ ဘာကြောင့်လဲ။

ထိုအခါမျိုးတွင် ကျွန်မသည် သူ့အဖေကို ပြန်ပြီး သတိရအောက်မေ့ သွားရတတ် ပါသည်။ ဒါ အဖေ့ဗီဇအမွေတော့ မဟုတ်နိုင်ဘူး။ သူ့အဖေသည် ငယ်စဉ်တုန်းက ရွေးချက်မှု တစ်ခုခုကို ပြုလုပ်ရန် ဘယ်တုန်းကမှ နှောင့်နှေးတွန့်ဆုတ်မှု မရှိခဲ့။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနိုင်ခဲ့သည်ချည်းပင် ဖြစ်သည်။ သူ့ဘ၀မှာ မပြတ်သားခဲ့သည့် တစ်ခုတည်းသော ပြဿနာမှာ ကျွန်မဖြစ်သည်။ ကျွန်မကို သူ့ဘ၀ထဲ ခေါ်သွင်းရမလား၊ ထားရစ်ခဲ့ရမလား ဆိုတာကိုတော့ သူလပေါင်းများစွာ တွေဝေခဲ့ဖူးတာပေါ့။ သို့သော် နောက်ဆုံးမှာတော့ သူ ပြတ်သားခဲ့တာပါပဲ။ ကျွန်မကို အခုချိန်အထိ အထီးကျန်ဘ၀အပေါ် တွယ်တာ နစ်ဝင်ဆဲ ဖြစ်စေလောက်အောင်ပင် သူ ပြတ်သားခဲ့ပါသည်။

ကျွန်မသည် နောက်ပိုင်းတွင် အိမ်ပေါ်ထပ် ၀ရန်တာမှ ဟိုဘက် ခြံဝင်းဆီသို့ လှမ်း ရှာကြည့်မိ တတ်လာသည်။ ညနေခင်း ခဏအနားယူချိန်၌ ကလေးတွေ ပန်းခြံထဲမှာ ဟိုနေရာ စုစု၊ သည်နေရာ စုစု စကားပြောတတ်ကြသောကြောင့် ဖြစ်သည်။ အဲသည်လို ညနေချမ်း အချိန်မျိုးမှာ သူဘာလုပ် နေတတ်သလဲဟု ကျွန်မ မေးကြည့်ဖူး၏။

“အခန်းထဲမှာ သီချင်းနားထောင်နေတာ” ဟု ဖြေပါသည်။

သူ့အဖေက သူ့အား နားကြပ်ဖြင့် နားထောင်ရသော ဝေါ့လ်ခ်မင်း ကက်ဆက်လေး တစ်ခုနှင့် စီဒီဓာတ်ပြား ဖွင့်စက်လေးတစ်ခု ပေးလိုက်သည်။

ဂီတကို အာရုံနစ်ဝင်နိုင်တာတော့ ကောင်းသည်။ တခြားအာရုံတွေ နည်းသွားနိုင် တာပေါ့ဟု ကျွန်မ မှတ်ချက်ချ မိသည်။

“သမီး ဘယ်သီချင်းမျိုးကို ကြိုက်သလဲ”

ကလေးတွေကို တွေ့တိုင်း အလျဉ်းသင့်သလို မေးခွန်းတွေ မေးတတ်သည့် ကျွန်မ သည် သူ့ကိုတော့ သာမာန်ထက် ပိုကဲသည့် စိတ်ဝင်စားမှုဖြင့် စပ်စု မေးမြန်းမိလေ့ ရှိပါ သည်။

“ဘရစ်တ်နီ စပီးယား ကြိုက်တယ်၊ အမ်တူးအမ် ကြိုက်တယ်၊ ဗနက်ဆာ ကာလ် တန် ကြိုက်တယ်”

သူက မျက်လုံးလေး ထောင့်ကပ်စဉ်းစားရင်း ဖြေလျှင် ကျွန်မ လွှတ်ခနဲ အာမေဍိတ်သံဖြင့် ရယ်မောလိုက်မိဖူး၏။

“အလို .... ပင်လောင်းသူလေးက အလာကြီးပါလား”

ထိုအခါ သူ အနည်းငယ် နှုတ်ခမ်းစူသွားသည်။

“ဖေဖေက သမီးကို ဒစ်ဂျစ်တယ်လ် ဂြိုဟ်တုစလောင်း တပ်ပေးထားတာ ဥစ္စာ”

သူ့အဖေကိုတော့ သူတော်တော်ချစ်မြတ်နိုး အားကိုးဟန် ရှိသည်။ ဘာစကားပဲ ဦး တည်ပြောပြော ထိုစကားနှင့်အတူ သူ့အဖေ ပါသည်။ ဤကလေးမကို သူ့အဖေ ဘယ်လောက်များ ချစ်လိုက်မလဲ။ ကျွန်မ တစ်ခါတစ်ခါ သူ့ကို ငေးမောရင်း မှန်းဆကြည့်မိသည်။ သူနှင့် ရုပ်ရည်ဆင်တူသော ကိုယ်ပွားသမီးငယ်လေးကို သူအသက်တမျှ မြတ်နိုး တွယ်တာပေလိမ့်မည်။ ထိုသမီးငယ်လေးကို မွေးဖွားပေးသော သူ့ဇနီးကိုလည်း အထပ်ထပ် အခါခါ ကျေးဇူးတင်ရင်း ချစ်မြတ်နိုးမဆုံး ဖြစ်ရလိမ့်မည်။ ထိုသမီးငယ်လေးကို ဘ၀မှာ ဘာဖြစ် စေချင်ပါလိမ့်။ သူ့လိုပဲ ဆရာဝန် ဖြစ်စေချင်မှာပေါ့။ ဒါကြောင့်သာ မြို့သေးသေးလေးမှာ သူ နှင့်အတူ ရင်ခွင်မှာ ထားခွင့်ရပါလျက်နှင့် မြို့တော်ကြီးသို့ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင် လာထားခြင်း ဖြစ်မှာပေါ့။

“သမီး အသက်ကြီးလာရင် ဘာလုပ်ချင်သလဲ” မေးမိသည်။

“ဆရာဝန် လုပ်ချင်တယ်” ဟုဖြေပါသည်။

“ဆရာဝန် ဘာလို့လုပ်ချင်တာလဲ” ထပ်မေးမိ၏။

ထိုအခါ သူ ခဏ တွေဝေသွားသည်။ ထို့နောက် ခပ်ဆဆ ဖြေသည်။

“ဖေဖေ့လို ဖြစ်ချင်လို့”

“ဖေဖေ့လို လူနာတွေနဲ့ချည်း နေရတာကို သမီး ကြိုက်တာလား”

“ဖေဖေ သိပ်ပင်ပန်းတာပဲ”

ကလေးမက အမှန်ကို ယခုမှ စဉ်းစားမိသည့် မျက်နှာထားမျိုးဖြင့် စဉ်းစားဖြေပါ သည်။

“ဖေဖေက ဆေးခန်းကို တနင်္ဂနွေ ပိတ်ချင်တယ် ၊ ဒါပေမဲ့ ပိတ်လို့မရဘူးလို့ပြောတယ်”

“ဟုတ်တယ်လေ၊ လူနာဆိုတာ နေမကောင်းဖြစ်တဲ့ အချိန်မှာ ဆေးကုခံချင်တာပေါ့၊ ဆရာဝန်ဆိုတာလဲ အဲဒီလူနာတွေအတွက် အမြဲအဆင်သင့် ဖြစ်နေရတာပဲ”

သူ့ကို ရှင်းပြသလိုနှင့် ကိုယ့်ကိုယ်ကို နှစ်သိမ့် ဖျောင်းဖျမိပါသည်။

“ဟုတ်တယ်နော်၊ ဖေဖေကပြောတယ်၊ လူတွေကို ဝေဒနာကနေ သက်သာအောင် လုပ်ပေးရတာ ကျေနပ်စရာကောင်းတယ်တဲ့”

သူ ဆရာဝန် ဖြစ်ချင်သည်ဟူသော ဆန္ဒမှာ သူ့အဖေ၏ လွှမ်းမိုးခံရမှုက တော်တော် အရေးပါသောအကြောင်း ဖြစ်ပါလိမ့်မည်။

“သမီး မြို့မှာပဲနေပြီး ကျောင်းတက်ရင် ဆေးတက္ကသိုလ်ကို တက်ခွင့်ရလောက်အောင် အောင်မှတ်ကောင်းလိမ့်မယ်လို့ မထင်လို့ ဒီကိုလာတာလား”

ကျွန်မ သူ့ကို စစ်စစ်ပေါက်ပေါက် မေးမိသည်။

“သမီး မသိဘူး”

ကလေးမက မျက်လုံးကလေး ၀ိုင်းလျက် ကျွန်မအား ဇဝေဇ၀ါ ကြည့်လာပါသည်။

“ဖေဖေက ပို့လို့ လာတာလား”

“ဖေဖေက ဒီကို မပို့ချင်ပါဘူး၊ ဘိုးဘိုးက ပို့တာ”

ကျွန်မ အနည်းငယ် အံ့သြသွားသည်။

“ဘိုးဘိုးဆိုတာ ….”

'ဖေဖေ့ရဲ့ အဖေ'

“သြော်…”

ကျွန်မ ဘာမှ မပြောနိုင်။

“ဖေဖေနဲ့ ဘိုးဘိုး နဲ့ စကားတွေ များကြသေးတယ်။ ဒါပေမဲ့ ဖေဖေက လျှော့လိုက် ရတယ်၊ ဒီတစ်နှစ်ပဲ ထားမှာတဲ့၊ တကယ်လို့ ဘိုးဘိုး ထင်သလို မဖြစ်လာရင် နောင်နှစ်တော့ သမီးကို ဖေဖေ့ဆီမှာပဲ ထားမှာတဲ့”

“ဒါဖြင့် သမီး စားမေးပွဲကျသွားနိုင်တယ်လို့ သမီးအဖေ ထင်နေတာလား”

သူ အနည်းငယ် မျက်နှာ ညှိုးသွားသည်။

“အိမ်နဲ့ခွဲရရင် သမီးငိုနေလိမ့်မယ်လို့ ဖေဖေက ဘိုးဘိုးကို ပြောတာပဲ”

“တကယ်ရော သမီး ငိုနေတာပဲလား”

ကျွန်မ မေးမိတော့ သူချက်ချင်း မျက်ရည်တွေ ရစ်ဝဲရာမှ ပြည့်လျှံသွားသည်။ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သောအခါ ပြည့်လျှံနေသော မျက်ရည်တို့ လွင့်စဉ်ကျ သွားလေသည်။ ကျွန်မသည် ကလေးမလေး၏ နုငယ်လှသော မျက်နှာလေးကို ငေးကြည့်ကာ ရင်ထဲမှာ စစ်ခနဲ နာကျင်သွားသည်။

“သမီး ဖေဖေနဲ့ မေမေကို အရမ်းသတိရတာပဲ အန်တီ”

“သြော် ... သမီးရယ်”

ကျွန်မ သူ့ပါးပြင်ပေါ်မှ မျက်ရည်စတို့ကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးမိ သည်။

“အန်တီ ... ဖေဖေ့ကို ခေါ်ပေးမလားဟင်”

ဘုရားရေ … ။

“အန်တီ့စကားဆို ဖေဖေ နားထောင်ချင် ထောင်မှာပေါ့၊ သမီးဆီကို အလည်လာဖို့ ခေါ်ပေးပါလား”

ကျွန်မ၏ တောင်းဆိုချက်ကို သူ့အဖေ လိုက်လျောမည်ဟု သူ ထင်နေခဲ့သည်။ ကျွန်မက သူ့အဖေအပေါ် ဘယ်တုန်းကမှ ဘာကိုမှ မတောင်းဆို ခဲ့ဖူးသည်ကို ကလေးမ မသိ။ တောင်းယူမှ ပေးမည့် အရာမျိုးကို သူ့အဖေထံမှ ကျွန်မ မလိုချင်ခဲ့ပါ။ သူ မပေးနိုင် တာ တစ်ခုကို တောင်းမိသွားမှာ ကျွန်မ စိုးရိမ်သည်။ ကျွန်မကို လိုက်လျောချင်စိတ်နှင့် မလိုက်လျောနိုင်သည့် ဆုံးဖြတ်ချက်တို့ အကြားမှာ သူတွေဝေမှာကို ကျွန်မ ကြောက်သည်။

“သူမလာနိုင်တာကို လာပါလို့ခေါ်ရင် သူစိတ်မကောင်းဖြစ်ရုံပဲ ရှိမှာပေါ့သမီးရဲ့၊ သူလာနိုင်ရင် လာမှာပေါ့”

ကျွန်မ ဖျောင်းဖျမိသည်။ သူ လက်မခံပါ။

“သူ မလာနိုင်ဘူးလို့ အန်တီ ဘယ်လိုလုပ် သိတာလဲ၊ သူလာနိုင်တာ ဖြစ်ချင်ဖြစ် နေမှာပေါ့၊ နှစ်ရက်သုံးရက်တော့ ဆေးခန်း ခဏ ပိတ်လို့ ရချင်ရမှာပေါ့။”

“ရရင် လာမှာပေါ့ မဟုတ်ဘူးလား၊ မရလို့ မလာတာပေါ့”

“မဟုတ်ဘူး လာလို့တော့ ရချင်ရနေမယ်၊ ဒါပေမဲ့ သမီး ဖေဖေ့ကို အရမ်းသတိရနေ တယ်ဆိုတာ ဖေဖေ မသိရင် ဖေဖေ ဘယ်လာမလဲ၊ သမီး အရမ်းခံစားနေရတာကို ဖေဖေသိမှ လာဖို့ကြိုစားမှာပေါ့၊ အဲလိုသိအောင် အန်တီက ပြောပေးရမှာပေါ့၊ ပြောပြမှ သိမှာပေါ့ အန်တီရဲ့၊ နော်… နော်”

ကျွန်မ ကလေးမကို ငေးမောသွားမိသည်။

ဟုတ်သလား။ သူပြောတာ မှန်သလား။ ပြောမပြဘဲ လာနိုင်ရင် လာမှာပေါ့ဟု ကြိတ်မှိတ်မျိုသိပ်ပြီး မျှော်လင့်နေရမှာနှင့် စာလျှင် အောက်မေ့တသ, စိတ်ကို ဖွင့်ဟပြီး တောင်းဆိုလိုက်တာက ပိုပြီး ဘဘာဝကျသလား။ ကျွန်မ မသိပါ။

“နော်… အန်တီ၊ ဒီမှာ ဖေဖေ့သမီးက အရမ်းငိုနေတယ်လို့ ဖေဖေ့ကို ပြောပေါ့”

ကလေးမက ချွဲနွဲ့စွာ ပူဆာ၏။ ကျွန်မ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ် မိသည်။

“အရမ်းမှ မငိုဘဲနဲ့၊ သမီးက တစ်ခါတစ်ခါမှ ငိုမိတာမဟုတ်လား၊ အန်တီနဲ့သမီး ခဏခဏ စကားပြောမိ ရယ်မိကြတာပဲ ဥစ္စာ”

“သြော်… အန်တီကလဲ တစ်ခါတစ်ခါ ငိုတာလဲ အရမ်းခံစားရတာပဲ ဥစ္စာ၊ အဲလို ပြောမှ ဖေဖေ သမီးကို သနားပြီး လိုက်လျောမှာပေါ့”

“ကြည့်စမ်း … သမီး တော်တော်ဆိုးပါလား”

ကျွန်မ မချင့်မရဲ ပြုံးမိသည်။

“ဒါဆိုးတာ မဟုတ်ပါဘူး အန်တီရယ်၊ တစ်ခုခုဆိုတာ တောင်းမှရတာ မဟုတ်ဘူးလား၊ အဲဒါကြောင့်ပါ”

ကျွန်မ သူ့ကို ကတိတော့ မပေးခဲ့ပါ။

“အန်တီ စဥ်းစားမယ်လေ” ဟုသာ ပြောခဲ့သည်။

ကျွန်မ တကယ် စဉ်းစားရပါဦးမည်။



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx







အကယ်၍သာ သူလက်ထပ်သူမှာ ကျွန်မ ဖြစ်ခဲ့လျှင် ကေခိုင်သည် ကျွန်မ၏ သမီး လေး ဖြစ်လာမလား။

ထိုအတွေးသည် ကျွန်မကို အတိတ်ကာလ၏ ဝေဒနာတွေ ကြားမှာ နှောင်ဖွဲ့တင်း ကျပ် သွားစေခဲ့သည်။

သမီး၏ ၁၅နှစ်၊ ၁၆နှစ်အရွယ် မျက်နှာလေးသည် သူ၏ အသက် ၂၂ နှစ်အရွယ် မျက်နှာနှင့် အတူတူပဲဖြစ်သည်မို့ သမီးကို စကားပြောနေရင်း လွန်ခဲ့သည် နှစ်များစွာက သူ့ ကို ကျွန်မအနီးမှာ ပြန်လည် ရရှိလိုက်သလိုပဲ ခံစားလိုက်ရသည်။

အဲသည်တုန်းက ကျွန်မ မှားသွားခဲ့သလားဟု အခုအခါမှာ ပြန်စဉ်းစားကြည့်မိသော အခါ ကျွန်မ အနည်းငယ်တော့ တွေဝေသွားခဲ့သည်ဟု ကိုယ့်ကိုယ်ကို သတိထားမိ၏။

လိုချင်တာတစ်ခုကို အသနားခံ တောင်းဆိုမှ၊ ပိုပိုကဲကဲလေး ဖွင့်ဟ၀န်ခံမှ ရမည်ဆိုလျှင် နေပါစေတော့ဟု ကျွန်မ ခံယူခဲ့မိသည်။ ဘယ်တုန်းကမှ သူ့ကို ဘာမှ မတောင်းဆိုခဲ့ ဖူးသည့်အတွက်လည်း ကိုယ့်ကိုယ်ကို နာကျင်မှုအကြားမှ ကျေနပ်ခဲ့မိသည်။ နှစ်ပေါင်း ၂၀ လောက် ကြာသည်အထိ ကျွန်မ၏ အတိတ်ကို ကျွန်မ ပြန်နောင်တ မရခဲ့ပါ။

အခုတော့ သမီး၏ စကားတစ်ခွန်းက ကျွန်မ၏ နှလုံးသားကို စူးစူးနစ်နစ် နာကျင် အောင် ထိုးဖောက်သွားခဲ့ပြီ။ ထိုအခါ ကျွန်မသည် ထိုညချမ်း တစ်ခုလုံးကို သူ့အကြောင်း တွေးတောရင်းဖြင့် အချိန်ဖြုန်း မိသွားတော့သည်။

ကျွန်မ မှားသွားသလား။ မှားခဲ့သည် ဆိုလျှင်လည်း ဘယ်တော့မှ ပြန်ပြင်၍ မရတော့မည့် အမှားပဲ။ ဘာကြောင့် ပြန်စဉ်းစားနေတော့မလဲ၊ မစဉ်းစားနဲ့။ ကိုယ့်ကိုယ်ကို ရှုတ်ချမိသည်။

ဒါမှမဟုတ် ကျွန်မ မှန်ခဲ့တာလည်း ဖြစ်နိုင်၏။ သူ့ကို ကျွန်မ တောင်းဆိုကြည့် ပေမယ့်လည်း သူ မလိုက်လျောနိုင်မည့် တောင်းဆိုချက်ကြီး ဖြစ်နေခဲ့ နိုင်တာပဲ။ သူ မလိုက်လျောနိုင်တာ သေချာသည့် အခွင့်အရေးတစ်ခုကို ကျွန်မတောင်းဆိုခဲ့မိလျှင် ကျွန်မကို သူ မပေးလို့ သူ့ကို ကျွန်မ စိတ်ကွက်မိကောင်း ကွက်မိမည်။ ကိုယ့်အဖြစ်ကို ရှက်မိကောင်း ရှက်မိနိုင်သည်။ သူလည်း ယခင်ထက်ပို၍ စိတ်ရှုပ်ထွေး ဦးနှောက်ခြောက်ခဲ့ပေလိမ့်မည်။ ဒါမှမဟုတ် ကျွန်မကို သူ သနားချင် သနားမိသွားနိုင်သည်။

အခုအတိုင်းလေးက မလှဘူးလား။ ကျွန်မ မသိပါ။

ဘာပဲဖြစ်ဖြစ် သူ့ထံသို့ ကျွန်မ စာတစ်စောင် ရေးရလိမ့်မည်။ သို့မဟုတ် တယ်လီ ဖုန်း ဆက်ရလိမ့်မည်။ သမီး ပြောစေချင်သော သမီးအလွမ်းကို တစ်နည်းနည်းဖြင့် သူသိ အောင် ပြောပြရပါလိမ့်မည်။

ကျွန်မ အမြဲအလွတ်ရလျက် ဘယ်တုန်းကမှ မဆက်သွယ်မိခဲ့သော ဖုန်းနံပါတ်လေးကို ငေးကြည့်နေခဲ့မိသည်က အကြိမ်ကြိမ် လွန်မြောက်ခဲ့ပြီ။ စာပဲ ရေုးလိုက် ရမလား။ စာရေးတာက အကြိမ်ကြိမ် ပြင်ဆင်လို့ ရသည်။ စကားအသုံးမှားလျှင် ခြစ်ပြီးနောက် အသစ် ရေးလို့ရသည်။ တယ်လီဖုန်းနှင့်ဆိုလျှင် စကား အသုံးအနှုန်း စကားလုံး တစ်ခုခု ချွတ်ချော် ပြောမိလျှင် ပြန်နှုတ်ယူလို့မရ။

စာနှင့်ပဲ ပြောပြပါတော့မည်။

နှစ်ပေါင်းများစွာ မမြင်ရသည့် လက်ရေးကို စာအိတ်ပေါ်မှာ မြင်ရလျှင် သူဘယ်လို တုံ့ပြန်မှာလဲ။ ကြည်နူးသွားမလား။ အံ့သြသွားမလား။ မျက်မှောင်ကြုတ်မိ သွားမလား။

သို့မဟုတ် ကျွန်မလက်ရေးကို သူ မမှတ်မိတော့တာလည်း ဖြစ်နိုင်ပါသည်။





ဂျူး

[၁၀ နှစ်ပြည့် ဆေးတပ်ဖွဲ့မဂ္ဂဇင်း]







xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ကျေးဇူးတင်ရှိခြင်း

ယခုဝတ္ထုတိုလေးကို ကျွန်တော်တို့ Page တွင် ဝေမျှနိုင်ရန် စာရိုက်၍ ပေးပို့ပေးသော မဆုဝေလင်းကို ကျွန်တော်တို့ Admin Team မှ ကျေးဇူးတင်ပါသည်။



Admin မှတ်ချက်

ယခုဝတ္ထုတိုလေးကို ဆရာမဂျူး၏ အချစ်ဆိုတာကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေးတွေ... နှင့် အခြားဝတ္ထုတိုများ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ထဲမှ မူအတိုင်း တိုက်ကြည့် စစ်ထားပါသည်။ စာလုံးအကျအပေါက်ရှိခဲ့လျှင် ကျွန်တော့်အမှားသာ ဖြစ်ပါသည်။



(One of Admins)

အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းကလေးတွေ

ဇာတ်လမ်းအဓိကမဟုတ်သော ၀တ္ထုတစ်ပုဒ်လို သူနှင့်ကျွန်မ ချစ်ခဲ့ကြပါသည်။



ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။ သို့သော် ဘာပြီးရင် ဘာလာရမယ်ဟူသော ဖြစ်စဉ်တွေ မရှိပါ။ ကျွန်မတို့မှာ ဆန္ဒတွေရှိသည်။ သို့သော် မျှော်လင့်ချက်မရှိပါ။ ကျွန်မတို့မှာ မှန်းဆကြည်နူးမှုတွေရှိသည်။ သို့သော် အနာဂတ်မရှိပါ။



ကျွန်မနှင့်သူ၏အချစ်သည် မွှေးပျံ့သော၊ လှပသော စံပယ်ပန်းများဖြစ်သည်ဆိုလျှင် လက်ထဲမှာ ထွေးဆုပ်ထားသော ပန်းများပဲ ဖြစ်မည်။ စံပယ်ကုံးတစ်ကုံး မဟုတ်ခဲ့။ ကျွန်မတို့၏ အချစ်ကို သီရန် ကြိုးမရှိခဲ့။



သို့သော် ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။





**





အာရုံငါးပါးတွင် အချစ်သည် အနည်းဆုံး တစ်ပါးပါးဖြင့် စတင်တတ်သည်ဟု ပြောပါသည်။ ကျွန်မ ဘယ်အာရုံဖြင့် စချစ်ခဲ့မိသလဲဟု စဉ်းစားကြည့်လျှင် ကျွန်မအံ့သြစွာ ရယ်ချင်ပါသည်။ အဆင်း၊ ရနံ့၊ အရသာ၊ အသံနှင့် ထိတွေ့မှု အာရုံငါးပါးလုံးဖြင့် စချစ်ခဲ့မိသောကြောင့် ဖြစ်ပါသည်။



ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူးဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက် အရေးကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ဘာကြောင့် သတိမထားမိကြတာလဲ။ ဘ၀မှာ အမြဲအောက်မေ့ အမှတ်ရစရာ ကူးပြောင်းမှုတစ်ခုကို လူတိုင်း သတိရနေသင့်သည် ထင်ပါသည်။



ကျွန်မအတွက်က အချစ်သည် နှင်းတို့ဖြင့် မှုန်ရီသော နံနက်ခင်းတစ်ခုက သယ်ဆောင်လို့ ပါလာသောအရာဖြစ်ခဲ့ပါသည်။



အဲသည်ကောင်လေးတစ်ယောက်ကို ကျွန်မတို့ ရပ်ကွက်ထဲကဟု သိနေတာဖြင့် ခြောက်လလောက် ရှိခဲ့ပြီ။ တစ်ယောက်နှင့်တစ်ယောက် တွေ့လျှင်လည်း ပြုံးမပြမိကြ။ ဘယ်သူကမျှ ကျွန်မတို့ကို မိတ်ဆက်မပေးခဲ့။ ကိုယ့်ဟာကိုယ် မိတ်ဆက်ရန်ထိလည်း တစ်ယောက်ကိုတစ်ယောက် စိတ်မ၀င်စားခဲ့။



ဇန်န၀ါရီ နံနက်ခင်းတစ်ခုမှာတော့ ကျွန်မအိမ်မှ ဟံသာဝတီအ၀ိုင်းထိ ကျွန်မ အပြေးကျင့်ရင်း သူနှင့်ဆုံခဲ့မိပါသည်။ ဆုံခဲ့မိတော့လည်း သူကိုယ့်ကို မြင်သည်။ မျက်မှန်းတန်းမိနေသော ကောင်မလေးဟု သိသည်။ ကိုယ်က သူ့ကိုမြင်သည်။ ဒီကောင်လေးဟာ လမ်းထိပ်က ဗီဒီယိုခွေ အငှားဆိုင်မှာ ခဏခဏ မျက်မှန်းတန်းမိနေသော တစ်ယောက်ပဲဟု သိသည်။ ဒါပဲ။ သူက သူငယ်ချင်းတစ်ယောက်နှင့်အတူ အပြေးကျင့်နေသည်။ ကျွန်မက တစ်ယောက်တည်း။ ကျွန်မတို့ ပြုံးလည်း မပြမိကြပါ။



သူတို့နှစ်ယောက် စကားတပြောပြောနှင့် ပြေးနေတာမို့ ကျွန်မလောက်မမြန်ပါ။ ထို့ကြောင့် ကျွန်မက သူတို့ကို ကျော်တက်လာခဲ့သည်။ အဲသည်မှာ အချစ်ရောက်လာဖို့ အခြေအနေကို ကြုံရသည်။



ကျွန်မ၏ ဝေါ့လ်ကင်းရှူးက လေးငါးနှစ်လောက် ဟောင်းနေပြီ။ ထို့ပြင် ကျွန်မက ဖိနပ်ကြိုးချည်ရာတွင် အလွန်ညံ့ပါသည်။ ကျွန်မ ဖိနပ်ကြိုးသည် တစ်ခါပြေးလျှင် အနည်းဆုံး တစ်ဖက်တစ်ခါတော့ ပြန်ပြင်ချည်ရတတ်၏။ ကြိုးပြေပြီး ကြိုးနှစ်ချောင်းလုံး ဘတ်လတ်ဘတ်လတ် ဒယဥ့်တိုက်နေသည်ကို ခဏခဏ တွေ့ရတတ်ပါသည်။



အဲသည်မနက်က ကျွန်မသည် သူတို့နှစ်ယောက်ရှေ့မှာ ဖိနပ်ကြိုး ပြေနေခဲ့သည်။ ချည်ထားသည့်ကြိုး ပြေလို့ဖြင့် ဖိနပ်က ချောင်လာစရာအကြောင်းမရှိပါ။ ဟိုဘက်သည်ဘက် ရက်ယှက်ကာ တင်းတင်းဆွဲထားသော ကြက်ခြေခတ်နေရာတွေက နဂိုအတိုင်းပါပဲ။ သို့သော် ဖိနပ်ကြိုး ပြေပြီး တန်းလန်းကျခြင်း၊ ဖိနပ်ဟောင်း၍ ချောင်နေခြင်း ထိုနှစ်ခု ပေါင်းလိုက်သောအခါ ကျွန်မ၏ ညာဘက်ခြေထောက်က လိုချင်ရာကို မရောက်ဘဲ ဖြစ်သွားသည်။ ထိုအချိန်မှာပဲ ကျွန်မ လဲသွားပါသည်။



ပထမဆုံး သိလိုက်တာကတော့ ရှက်တာပါပဲ။ ရပ်ကွက်ထဲက ကောင်လေးတွေရှေ့မှာတော့ အရှက်ကွဲပြီ။ နောက် သိလိုက်တာကတော့ ဒူးဆစ်ဆီက နာကျင်မှုပါပဲ။ ဘောင်းဘီအရှည်ဝတ်ထားသဖြင့် ဒဏ်ရာကို မမြင်နိုင်သော်လည်း ပေကျံပွန်းသွားသော ဘောင်းဘီသားကိုကြည့်ပြီး ဒူးလည်းပွန်းသွားပြီဟု မှန်းလိုက်ရသည်။ ထို့ကြောင့် ကမန်းကတန်း ထရပ်လိုက်ပါသည်။ သူတို့က ကျွန်မဘေးမှ ကျော်တက်ရန် ပြင်နေပြီ။



“ဟေ့ ဟေ့ … မင်း ဖိနပ်ကြိုး ပြေနေတယ်”



သူ့သူငယ်ချင်းက ကျွန်မအား ဖိနပ်ကို လက်ညှိုးထိုးပြသည်။ ကျွန်မသည် ထူပူနေသော မျက်နှာကို အောက်သို့ ငုံ့လိုက်ပြီး ကြိုးတပ်ရန် ကိုယ်ကို ကိုင်ငုံ့ချလိုက်သည်။ အဲသည်ကျမှ လက်ဖနောင့်မှာ ပွန်းပြီး သွေးခြည်ဥနေတာကို မြင်ရသည်။ နီရဲနေတာပဲ။ သွေးဟုထင်လိုက်ချိန်မှာ ကျွန်မ မူးပြီး ထိုင်ကျသွားပြီ။



“ဟာ.. ဟေ့ကောင်၊ ကောင်မလေး လဲသွားပြန်ပြီကွ”



အဲဒါ သူ့အသံ။ သူ့အသံသည် ဂစ်တာတစ်ခု၏ အပေါ်ဆုံးကြိုးနှစ်ချောင်းတည်း တီးခတ်သည့်အသံလိုပဲ ကျွန်မအကြားအာရုံထဲသို့ လှိုင်းခတ်၍ ၀င်ရောက်သွားပါသည်။ အသံပြီးတော့ လူကိုယ်တိုင် အနားသို့ရောက်လာသည်။



“နင့်လက်မှာ သွေးတွေနဲ့၊ နင့်မှာ လက်ကိုင်ပ၀ါ ပါလား”



ကျွန်မမှာ ဘာမှ မပါပါ။ သူ့ကိုမော့ကြည့်သော်လည်း ပြာဝေသော မျက်လုံးကြောင့် သဲသဲကွဲကွဲ မမြင်ရ။



“ဒါဖြင့် နင် ဘာကိုမှ မကိုင်နဲ့၊ ဖိနပ်ကြိုးကိုလဲ မကိုင်နဲ့၊ ငါ ချည်ပေးမယ်”



သူ ကျွန်မအနားမှာ ထိုင်ချလိုက်သည်။ ကျွန်မ၏ ဖိနပ်ကြိုးကို ချည်ပေးနိုင်ဖို့ လုံလောက်စွာ နီးကပ်သော အကွာအဝေးဖြစ်သည်။ သူ့ရင်ဘတ်သည် ကျွန်မမျက်နှာနှင့် တစ်ပေလောက်ပဲ ကွာသည်။ ထို ရင်ဘတ်ဆီမှ ရေမွှေးနံ့တစ်ခုနှင့် ချွေးနံ့ ပေါင်းနေသော ကိုယ်နံ့ပြေပြေလေးတစ်ခုကို ရပါသည်။ အဲဒီအနံ့သည် တုန်လှုပ်ရှက်ရွံ့စွာ အသက်ပြင်းပြင်း ရှိုက်ရှူနေရသော ကျွန်မ၏ အဆုတ်ထဲမှတစ်ဆင့် နှလုံးသားထဲ၊ ထိုမှတစ်ဆင့် သွေးကြောတွေထဲသို့ ပျံ့နှံ့ စီးဝင်သွားခဲ့ပါသည်။ သူ ကျွန်မအသားကို မထိခဲ့ပါ။ ကျွန်မ၏ ဝေါ့လ်ကင်းရှူးနှင့် ဖိနပ်ကြိုးကိုသာ သူထိခဲ့ပါသည်။ သို့သော် သူ့လက်မှ ပူနွေးမှုသည် ဖိနပ်ကြိုးထဲမှတစ်ဆင့်၊ ခြေအိတ်မှတစ်ဆင့် ကျွန်မကိုယ်ခန္ဓာထဲသို့ ဖြည်းညင်းစွာ ၀င်ရောက်သွားခဲ့သည်။ အဲသည်အခါကျမှ ပြာဝေမှု သက်သာသွားသော မျက်လုံးများဖြင့် သူ့လက်ကို ကျွန်မ ကြည့်မိသည်။ ကြီးမားသော၊ သွယ်ရှည်သော လက်တွေ…။ ဖိနပ်ကြိုးကို ဖျတ်လတ်သွက်လက်စွာ၊ ထို့ပြင် လှပစွာ ချည်ပြီးသွားသော လက်တွေ။



“ကဲ.. ရပြီ၊ နင် မူးနေသေးလား”



ကျွန်မ ခေါင်းမညိတ်ရသေးမီ သူက စပို့ရှပ်အိတ်ထဲမှ ချိုချဉ်တစ်လုံး ထုတ်ပေးသည်။



“ရော့.. ဒါကိုစားလိုက်၊ ဒီနားမှာပဲ ထိုင်နေခဲ့၊ ငါတို့ပြန်လာမှ အတူလိုက်ပြန်.. ဟုတ်ပြီလား”



သူ့ချိုချဉ်သည် သာမန် အ၀ါရောင်ချိုချဉ်တစ်လုံးသာ ဖြစ်သည်။ ထုပ်ပိုးထားသည့် ပလတ်စတစ်စမှာလည်း အသည်းပုံတွေ ဘာတွေမပါ။ သို့သော် သူ့အင်္ကျီအိတ်ကပ်ထဲက ချိုချဉ်၊ သူ့နှလုံးသားနှင့် ထိကပ်စွာ ပူနွေးနေသော ချိုချဉ်၊ ကျွန်မစားဖူးသမျှ ချိုချဉ်အားလုံးထဲတွင် သူ့ချိုချဉ်က အာဟာရအပြည့်ဆုံး၊ အမူးအပြေဆုံး ဖြစ်ပါသည်။



အဲသည်ချိုချဉ်ခွံကလေး ယခုအချိန်ထိ ကျွန်မမှာ ရှိပါသည်။





***

သူ့ကို ကျွန်မက 'ကောက်ကောက်' ဟု ချစ်စနိုးခေါ်ပါသည်။ ဆံပင်လေးတွေ ဖွာကောက်နေတာကြောင့်၊ ကျွန်မအပေါ် ခဏခဏ စိတ်ကောက်တတ်တာကြောင့်၊ နောက်ပြီး သူ့နာမည်ရင်းကို ကျွန်မ မကြိုက်တာကြောင့် ဖြစ်ပါသည်။ (သူ့နာမည်က ခပ်တုံးတုံးနာမည်ဖြစ်သည်။ သူ့မိဘတွေသည် ဒီလောက် ရင်ခုန်စရာကောင်းသည့်၊ ကြမ်းတမ်းသွက်လက်စွာ ခေတ်မီသည့် သားကို နည်းနည်းမျှ ရင်ခုန်ချင်စရာမကောင်းသည့် ခပ်တုံးတုံးနာမည်ကြီး ပေးမှ ပေးရက်လေခြင်း။)



သူ့မှာ စတိုင်ဘောင်းဘီ သုံးထည်၊ ဂျင်းဘောင်းဘီ နှစ်ထည်နှင့် ပုဆိုးသုံးထည်ရှိပါသည်။ အဲဒါတွေအားလုံး သူရသည့် လခနှင့် ၀ယ်ထားခြင်းဖြစ်ပါသည်။ သူသည် အင်းစိန် စက်မှုသိပ္ပံမှ ဆင်းသော လျှပ်စစ်အင်ဂျင်နီယာ ပေါက်စလေး ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါသည်။ တနင်္ဂနွေတစ်ရက်ပဲ ရက်အားရသဖြင့် ကျွန်မနှင့် သူသည် တနင်္ဂနွေ နေ့လည်တွေမှာပဲ အေးအေးဆေးဆေး တွေ့ရတတ်ပါသည်။ တစ်ခါတစ်ခါမှာတော့ ကျွန်မအလုပ်လုပ်ရာ မိတ္ထူကူးဆိုင်သို့ သူလာပြီး စာရွက်တွေ မိတ္ထူကူးတတ်ပါသည်။ အဲသည်အခါမျိုးမှာ စက္ကန့်ပိုင်းလောက် စကားပြောရတတ်ပါသည်။ ထိုအချိန်များအား 'ကျွန်မတို့အတွက် အပိုဆုကြေးလေးတွေ…' ဟု သူက ခေါ်ပါသည်။



Bonus ဟူသော အသုံးအနှုန်းသည် အလုပ်ထဲမှ အသုံးအနှုန်းဖြစ်သော်လည်း ကျွန်မတို့ အချစ်ထဲသို့ သူက ဆွဲယူလာတတ်သည်။ သူနှင့်ကျွန်မ လမ်းခွဲခါနီးတိုင်း 'ငါ့ကို ဘောနပ်စ်လေး ပေးခဲ့ပါဦးဟာ' ဟု သူ တောင်းတတ်သည်။ သူတောင်းသည့် အပိုဆုကြေးမှာ ငွေ မဟုတ်ပါ။ ထွေပြားဆန်းကြယ်သည့် နှုတ်ခမ်းတစ်ခုလည်း မဟုတ်ပါ။ ကျွန်မ၏ လက်သန်းနှင့် သူ့လက်သန်းချိတ်ယူကာ လက်သီလေးတွေ ဆုတ်လျက် ကျွန်မ သူ့လက်ခုံကို လှစ်ခနဲ နမ်းလိုက်သည့် နွေးထွေးမှုတစ်ခုသာ ဖြစ်တတ်သည်။ အဲဒါကို သူသည် မင်းသမီးလေး၏ ပန်းကုံးစွပ်ခံလိုက်ရသော လူဆင်းရဲကလေးတစ်ယောက်လိုပင် ကျေနပ်ကြည်နူးစွာ ခံယူတတ်ပါသည်။



တစ်ခါတစ်ခါ သူတောင်းဆိုသည့် အပိုဆုကြေး ရယ်စရာကောင်း၏။



ကျွန်မကို သူက နှုတ်ခမ်းဆိုးဆေးတောင့် (ဈေးသိပ်မကြီးသည့်) တစ်ခု ၀ယ်ပေးပြီး သူ့ရှေ့မှာပဲ ဆိုးခိုင်းသည်။ နှုတ်လမ်းဆိုးဆေး ဆိုသည့်အခါ နှုတ်ခမ်းပေါ်မှာ အရောင်စွဲ၍ တင်ကျန်ရစ်စေရန် ကျွန်မက စက္ကူလက်ကိုင်ပ၀ါခေါက်လေးကို ငုံပြီး ဖိနှိပ်ပစ်လျက် နှစ်ထပ်သုံးထပ် ပြန်ဆိုးလေ့ရှိတာ သူသိထားသောကြောင့် ဖြစ်ပါသည်။ သူ့နှုတ်ခမ်းနီကို သုံးကြိမ် စက္ကူဖြင့် ဖိပြီး လေးကြိမ်မြောက် ဆိုးပြီးသွားသည့်အခါ စက္ကူလက်ကိုင်ပ၀ါလေးပေါ်၌ နှုတ်ခမ်းရာသုံးခု ထင်နေခဲ့ပြီးပြီ ဖြစ်ပါ၏။ ထိုစက္ကူလက်ကိုင်ပ၀ါလေးကို သူက ကျွန်မဆီမှ တောင်းယူပါသည်။



ပထမဆုံးအကြိမ် သူတောင်းတုန်းက ကျွန်မ မပေးချင်ခဲ့ပါ။



'ဟင်.. ဘာလုပ်ဖို့လဲ' ဟု ကျွန်မမေးတော့ သူက ကျယ်ပြန့်စွာ ပြုံးရယ်လျက် 'ဘာလုပ်လုပ်ပေါ့' ဟု ဖြေခဲ့သည်။ သူသည် အမြဲတမ်းတော့ အပိုဆုကြေး တောင်းတတ်သူ မဟုတ်ပါ။ ဒါကြောင့် ကျွန်မ သူ့ကို စက္ကူလက်ကိုင်ပ၀ါလေး ပေးလိုက်ပါသည်။



ထိုစက္ကူလက်ကိုင်ပ၀ါလေးကို ရင်ဘတ်ပေါ်မှာတင်ပြီး အိပ်သည်ဟု နောက်ထပ်ဆုံမှ သူပြော၏။ နောက်ပြီး ကျွန်မ မမေးဘဲနှင့် သူ့ဟာသူ မလုံမလဲနှင့် 'အင်းလေ.. ရင်ဘတ်ပေါ်တင်ပြီး အိပ်ရုံတော့လဲ မကဘူးပေါ့ဟာ' ဟု ခပ်မှုန်မှုန်ပြုံးလျက် ဖွင့်ဟ၀န်ခံပါသည်။





**

ကျွန်မနှင့်သူသည် တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်မှုတွေ တောင်းဆိုမှုတွေ ဘာတစ်ခုမှ မပြုလုပ်ကြပါ။ သူ စီးကရက်သောက်တတ်တာကို ကျွန်မမြင်ဖူးပါသည်။ စီးကရက်ကို ကျွန်မ မကြိုက်ပါ။ သူသောက်နေတာကိုလည်း မကြိုက်ပါ။ သို့သော် ကျွန်မသူ့အား ဘာမှမတောင်းဆိုခဲ့ပါ။ စကားပြောရင်း အဆင်မပြေဖြစ်လို့ စိတ်တို စိတ်ကောက်ရတာတွေလောက်ပဲ တစ်ယောက်ကိုတစ်ယောက် ခွင့်ပြုထားခဲ့ကြသည်။



သူနှင့်ကျွန်မ အစကတည်းက အပေးအယူတစ်ခု လုပ်ထားကြသောကြောင့် ဖြစ်ပါသည်။



“နင့်ဘ၀ထဲ ငါ့ကို ဆွဲမခေါ်နဲ့၊ ငါလဲ နင့်ကို ငါ့ဘ၀ထဲ ဆွဲမခေါ်ဘူး၊ နင်သဘောတူလား၊ သဘောတူရင် နင်အလုပ်ပြန်တဲ့အချိန်ထိ ငါစောင့်ပြီး အိမ်ပြန်ပေးမယ်”



“သဘောတူတယ်၊ နင်လဲ ငါ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ မချုပ်ချယ်နဲ့”



“အေး.. မချုပ်ချယ်ဘူး”



သူ့ရုံးက လမ်း ၅၀ မှာ၊ ကျွန်မဆိုင်က ဆိပ်ကမ်းသာလမ်းမှာ၊ သူ့ရုံးက ခုနစ်နာရီမှာဆင်းပြီး ကျွန်မရုံးက ရှစ်နာရီမှာဆင်းသည်။ ထိုအခါ သူက ရုံးဆင်းလျှင် ကျွန်မဆိုင်နားက လက်ဖက်ရည်ဆိုင်မှာ တစ်နာရီတိတိ ထိုင်စောင့်ပြီး အပြန်ကိုစောင့်၍ ဘတ်စ်ကားအတူ စီးကြပါသည်။



သူက မောင်နှမသုံးယောက်တွင် အကြီးဆုံး။ လခနှစ်သောင်းကျပ်ရသည်ကို မိဘအား တစ်သောင်းခွဲအပ်သည်ဟု သူပြောပါသည်။



ကျွန်မတို့သည် ဘတ်စ်ကား ကျပ်ညပ်နေလျှင် တစ်ယောက်ကို တစ်ယောက် စကားပင်မပြောနိုင်အောင် စိတ်ညစ်နေကြသည်။ ဘတ်စ်ကားချောင်လျှင်တော့ စကားပြောကြပါသည်။ သူ ကြည့်ပြီးသည့် ရုပ်ရှင်များအကြောင်း၊ သူဖတ်ပြီးသည့် မဂ္ဂဇင်းများအကြောင်းလည်း ပါသည်။ သူ့ညီလေး ခွေးကိုက်ခံရလို့ ခွေးရူးကာကွယ်ဆေး သွားထိုးရသည့်အကြောင်း၊ သူ့အမေ သွားကိုက်လို့ သွားဆရာဝန် သွားပြသည့်အကြောင်း စသည်စသည် မိသားစုအရေးတွေလည်း ပါသည်။ ကျွန်မ၏ ထီးကလေး နွမ်းနေပြီဖြစ်၍ ထီးအသစ်ကလေး ၀ယ်ပေးချင်သည့်အကြောင်းလည်း ပါသည်။ ကျွန်မကလည်း ကျွန်မတို့ မောင်နှမတွေ တရုတ်ကားနှင့် ဘောလုံးပွဲ လုပြီး ရန်ဖြစ်ကြသည့်အကြောင်း၊ မနက်စောစော အမေမနိုးသဖြင့် ကျွန်မ ဟင်းထချက်တာ ဟင်းအိုးတူးသွားသည့်အကြောင်း၊ ရုပ်မြင်သံကြား ကြော်ငြာအသစ်တွေအကြောင်း ပြောပြတတ်ပါသည်။ သူ့ကျောပိုးအိတ်ကလေး နွမ်းစုတ်နေသဖြင့် ကျောပိုးအိတ်အသစ်ကလေးတစ်ခု ၀ယ်ပေးချင်လို့ တစ်လမှာ နှစ်ရာကျပ် စုထားသည့်အကြောင်း ပြောပြနေတတ်ပါသည်။



သို့သော် ကျွန်မတို့ ပြောသည့် အကြောင်းများတွင် အချစ်အကြောင်း မပါဝင်ခဲ့။ ယောက်ျားနှင့်မိန်းမတို့၏ လိုအင်ဆန္ဒများ အကြောင်း မပါဝင်ခဲ့။ မာနတွေ၊ မခံချင်စိတ်တွေ မပါဝင်ခဲ့။



ကျွန်မဘေးမှာ သူထိုင်နေလျှင် ကျွန်မ၏ ညအိမ်အပြန်ခရီး လုံခြုံချောမွေ့နေသည်ဟု ခံစားရသည်။ သူ့ဆံပင် ဖွာဖွာလိမ်လိမ်လေးတွေက ကျွန်မနဖူးမှာ နားရွက်မှာ လာထိလျှင်၊ သူ့လက်မောင်းနှင့် ကျွန်မပခုံး ထိမိလျှင် နွေးထွေးသော ချိုမြိန်မှုကို ကျွန်မ ခံစားရသည်။ တစ်ခါ တစ်ခါ သူ မရိပ်မိအောင် သူ့လက်မောင်းမှာ တစ်စက္ကန့် နှစ်စက္ကန့်လောက် ပါးအပ်ပြီး အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ရလျှင် သူ့နှလုံးသွေးတွေက ကျွန်မကိုယ်ထဲသို့ ပေါင်းစပ်စီးဝင်သွားသလို အချစ်အရသာကို ကျွန်မ ကျေနပ်စွာ ရလိုက်သည်။



ကျွန်မ သူ့ကို စကားပြောရင်း တစ်ခါတစ်ခါ စကားဖြတ်လျက် သူ့ကို ငေးမောမိသွား၏။ သူက 'ဘာကြည့်တာလဲ' ဟု ပြုံးမေးတတ်သည်။



“နင်ကလေ.. တစ်ခါ တစ်ခါကျတော့..” ကျွန်မ ပြောချင်သည့် စကားကို မပြောတော့ဘဲ ဘာမှမဟုတ်ပါဘူးဟု ရယ်ပစ်လိုက်လျှင် 'သိပ်ချစ်စရာကောင်းတာပဲလို့ ပြောမလို့မဟုတ်လား' ဟု သေချာသော အပြုံးမျိုးဖြင့် စတတ်၏။ 'ဟုတ်ပါဘူး၊ သိပ်ရုပ်ဆိုးတာပဲလို့ ပြောမလို့' ဟု ကျွန်မကဖြေလျှင် သူ ရယ်မောပါသည်။ 'မယုံပါဘူး' တဲ့။





**

ဒါကို အချစ်မဟုတ်ဘူးလို့ တချို့က ဝေဖန်ချင်ဝေဖန်ပါလိမ့်မည်။

အချစ်ဆိုတာ ဘာလဲဟု အတိအကျ အဓိပ္ပာယ်ဖော်နိုင်သူတွေကို ကျွန်မ တကယ်ချီးကျူးပါသည်။ ကျွန်မကတော့ အချစ်ဆိုတာကို အဓိပ္ပာယ် အတိအကျ မသိပါ။



အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းလား။ စွန့်လွှတ်ခြင်းလာား။ အချစ်ဆိုတာ ရင်ခုန်စွာ တပ်မက်ခြင်းလား။ စားသုံးပြီးသော်လည်း မ၀သည့် ချိုမြိန်သော ပျားရည်စက်တွေလား။ နက်ရှိုင်းစွာ တိုးဝင်ဖို့ ဆွဲဆောင်သည့် မွှေးပျံ့သော အမှောင်ထုတစ်ခုလား။ နေပူထဲက လာသူကို အရိပ်ထဲမှ ကြိုဆို၍ တိုက်သော အေးစိမ့်သည့် ရေတစ်ခွက်လား။



အဲဒါတွေ ကျွန်မ မပြောတတ်ပါ။



ကျွန်မသိသည့် ကျွန်မ၏အချစ်ကတော့ နူးညံ့ပျော့ပျောင်းသည့် ခွေလိပ်ဖွာလွင့်သော အညိုရင့်ရင့် ဆံပင်လေးများဖြစ်သည်။ ဟမ်ဘာဂါ၏ သုံးပုံတစ်ပုံလောက်ကို အလွယ်ကူ ငုံပြီး ကိုက်ယူနိုင်လောက်အောင် ကျယ်ပြန့်သော ပါးလှပ်သော နှုတ်ခမ်းတစ်စုံ ဖြစ်သည်။ အဲဗားရေမွှေးနံ့နှင့် ချွေးနံ့ ပေါင်းစပ်ပြီး ချိုမြစွာ မွှေးသည့် ရှပ်အင်္ကျီအိတ်ကပ်တစ်ခုဖြစ်သည်။ ပူနွေးစွာ မြဲမြံသည့် လက်ဖ၀ါးတစ်ခု ဖြစ်သည်။ ဂစ်တာဘေ့စ်သံလို ခိုင်မာစွာ ဆွဲဆောင်သည့် ၀ါဝါညက်ညက် အက်သည့် အသံတစ်ခုဖြစ်သည်။



အဲသည်အချစ်ကို ကျွန်မ ခံစားသိဖြင့် သိနေပါသည်။



ဒါကြောင့် အဲဒါ အချစ်ပဲ ဖြစ်သည်။



အချစ်တစ်ခု၏ ရည်မှန်းချက်သည် လက်ထပ်ခြင်းဟု ပြောလျှင် အဲသည်စကားကို ကျွန်မ လက်မခံပါ။ လက်ထပ်ခြင်းသည် အချစ်၏ သင်္ချိုင်းဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် အချစ်၏ အဆုံးသတ် ဇာတ်သိမ်းတစ်ခု ဖြစ်ချင်ဖြစ်မည်။ အချစ်၏ ခရီးဆုံးပန်းတိုင် ဖြစ်ချင်ဖြစ်မည်။ လက်ထပ်ခြင်းသည် ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ မှုန်ဝါးဝါး ဝေးကွာလှသည့် ရုပ်ပုံကားတစ်ချပ် ဖြစ်သည်။ ကျွန်မ စိတ်မ၀င်စားပါ။ ကျွန်မ စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ခဲ့ပါ။



အချစ်တွင် တာဝန်ယူမှု၊ ကတိပြုမှု ပါသလား။ မပါပါ။



အချစ်တွင် အချစ်ပဲ ပါပါသည်။ လိုက်လျောမှု ပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့် လိုက်လျောတာမဟုတ်၊ အချစ်စိတ် သက်သက်ဖြင့် လိုက်လျောတာ ဖြစ်သည်။ မြတ်နိုးခြင်းသက်သက်ဖြင့် လိုက်လျောတာဖြစ်သည်။ စောင့်ရှောက်မှု ပါဝင်သော်လည်း အဲဒါက တာဝန်ကြောင့် ကတိကြောင့် စောင့်ရှောက်တာမဟုတ်။ အချစ်စိတ်သက်သက်ကြောင့် ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲ ဖြစ်သည်။



အချစ်သည် နွားနို့တစ်ခွက်မဟုတ်၍ သိုးသွားမှာ ချဉ်သွားမှာကို မစိုးရိမ်ရပါ။ အချစ်ယောင်ဆောင်ထားသည့် မက်မောတွယ်တာမှုတွေကတော့ အချိန်လွန်လျှင် သိုးကုန်နိုင်ပါလိမ့်မည်။



ကျွန်မနှင့် သူ၏ အချစ်သည် ဘာနှင့်မှ ရောမနေသော အချစ်သက်သက်ဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့ ဘာမှ ထပ်မလိုအပ်ပါ။ ကျွန်မတို့မှာ ရှိသော အချစ်သည် တစ်ယောက်ကိုတစ်ယောက် ပေးလို့ယူလို့လည်း မရ။ တစ်ယောက်ကိုတစ်ယောက် ခံစားလို့သာ ရပါသည်။ နီးလည်း သိပ်နီးမလာခဲ့။ ထို့ကြောင့် သိပ်ဝေးသွားမှာကိုလည်း မပူပင်ခဲ့ပါ။



**



သူက ကျွန်မကို 'နင် ဘာလိုချင်လဲ' ဟု ခဏခဏ မေးဖူးပါသည်။

'လခကောင်းတဲ့ အလုပ်တစ်ခု ရချင်တယ်' ဟု ကျွန်မက ဖြေတတ်ပါသည်။

'နင်ရော ဘာလိုချင်လဲ' ဟု ကျွန်မက သူ့ကို ပြန်မေးပါသည်။

'နင့်ကို အလုပ်သွား အလုပ်ပြန် ၀င်ခေါ်ပေးဖို့ ကားလေးတစ်စီး လိုချင်တယ်' ဟု သူဖြေပါသည်။

'ငါတို့တွေ မနက်စောစော လမ်းမလျှောက်ရတာ ကြာပြီနော်' ဟု သူက ပြောတော့..

'အခု မိုးကုန်တော့မှာပဲ၊ ဆောင်းရောက်ရင် ငါတို့ လမ်းလျှောက်ပြေးကြမယ်လေ' ဟု သူ့ကို ပြောမိပါသည်။



ကျပ်ညပ်နေသော ဘတ်စ်ကားပေါ်မှာမဟုတ်၊ ဆူညံနေသော လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်၊ ညအမှောင်မှာ ကသုတ်ကရက် အိမ်ပြန်ရသော လမ်းမှာမဟုတ်၊ နှင်းဖြင့် အေးစိမ့်သော ခြောက်သွေ့သော လတ်ဆတ်သော နံနက်ခင်းတစ်ခုမှာ ကျွန်မတို့ အေးအေးဆေးဆေး တွေ့ချင်သည်။ တစ်ယောက်ကို တစ်ယောက် လက်ချင်းထွေးဆုပ်ပြီး ပြေးချင်သည်။ ဖိနပ်ကြိုးချည်ပေးရင်း တစ်ယောက်မျက်နှာ တစ်ယောက် ငေးမောချင်သည်။





အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင် ကျွန်မ မျှော်လင့်တာက ဆောင်းနံနက်ခင်းတွေပဲ ဖြစ်ပါသည်။





~~~~~~~



ဂျူး



သက်တံရောင်စဉ်ဂျာနယ်၊ အမှတ်(၁)၊ အတွဲ(၁)

credit to launglan.blogspot.com

မင်းကိုငါ ...........

မင်းနဲ့ အတူတူ နားထောင်ခဲ့ဖူးတဲ့
သီချင်း အဟောင်းတွေ နားထောင်မိပြီး
အတိတ်အဟောင်းတွေဆီ အလည်ရောက်သွားတော့
ရင်ဘက်ထောင့်တနေရာမှာ တချက်တချက် အောင့်သွားတက်သလို
မျက်ဝန်ထောင့်မှာလည်း အရည်တချို့ က တွဲခိုလျှက်
အဲ့ဒါ
မင်းကိုငါ သတိရမိသွားတာလား ??
မင်းကိုငါ လွတ်ဆွတ်မိသွားတာလား ??
မင်းကိုငါ တမ်းတမိသွားတာလား ??
မင်းကိုငါ မမေ့နိုင်သေးတာလား ??
မင်းကိုငါ ချစ်နေဆဲပဲလား ??
သေချာတာ တစ်ခုကတော့
မရေရာေ၀၀ါးခြင်းတွေရဲ့ ကြားမှာ
ကျန်နေခဲ့တာက
ဝေးကွာခြင်းရဲ့ အစွန်းတစ်ဖက်စီမှာ မင်းနဲ့ ငါ !!

@ Hninn Nu Phyoe 

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...