Tuesday, January 2, 2018

သင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်

လူတိုင်းလိုလိုချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်းကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီးပြောကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့မဟုတ် ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက် လေးတွေကိုတောင် မပြုပြင်နိုင်လို့ပါ။ အောက် မှာပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုင်ချေ နည်းသွားပါပြီ။
(၁)သင်ဟာ ပိုက်ဆံ စုခြင်းကို အရမ်းဝါသနာပါပြီး ပိုက်ဆံပိုမရှာနိုင်ဘူး။ပိုက်ဆံ စုခြင်းက ချမ်းသာဖို့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံစိုက်နေရင် သင်လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုင်တော့ပါဘူး။ အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။
(၂) သင်ရင်းနှီးမြုပ်နှံခြင်းမလုပ်သေးဘူး။ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀%ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းကစလို့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးစွဲပါ။
(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်။သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လ ကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊တစ်နာရီကိုဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေက တော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ် လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ်အလုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ်သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ နှောင့်နှေးစေပါတယ်။
(၄) သင်ကသင်မတတ်နိုင်တဲ့ပစ္စည်းတွေဝယ်လေ့ရှိတယ်။သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyleတစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီးတော်တော်များများမလုပ်နိုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardoneက”ရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။
(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး။အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ် မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့ သတ္တိလည်းရှိဖု့ိလိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ရည်မှန်း ချက်နောက်ကိုလိုက်နေ တာများပါတယ်။
(၆) သင်ဟာ Comfort Zoneထဲက မထွက်ရဲဘူး။ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကိုပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။
(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံ ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့်သေ သေချာချာသိဖို့လိုပါတယ်။
(၈) သင်ကသုံးလို့ပိုတာကိုစုတယ်။သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါ တယ်။ သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာ ပါ။ ဝင်ငွေ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။
(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်။လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါ တယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူတော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှ လုပ်လို့မရပါဘူး။ ကြိုးစားသူတိုင်း အတွက်နေရာ ရှိပါတယ်။ သင့်အတွက်လည်းနေရာရှိပါတယ်။အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။အကယ်၍ ချမ်းသာချင်တယ်ဆိုရင်ပေါ့။Ref : မိုးရှင်း (I.M.T)

Sunday, April 20, 2014

စက်ရုပ်တစ်ရုပ်နဲ့ချစ်ခင်ခြင်း - (၁)

လောလောဆယ် ကျွန်မမှာ ချစ်သူတစ်ယောက်ရှိသည်။သူက ဆရာဝန် လူတန်း စားကို အရမ်းမုန်းတီးသည်။ ကျွန်မက မိမိကောင်းကျိုးအတွက် နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်ကိုင်မည့်လူတန်းစားကို အရမ်းမုန်းတီး သည်။ သို့သော် … ကျွန်မတို့နှစ်ယောက် ထူးဆန်းစွာပင် ချစ်သူတွေ ဖြစ်ခဲ့ကြပါသည် ။


ဆန့်ကျင်ဘတ် စိတ်ဓါတ်ရှိသူအချင်းချင်း ပေါင်းစပ်၍ ရ,မရ ကျွန်မစဉ်းစားနေဆဲမှာပင် ကျွန်မ တို့ နှစ်ယောက် ပေါင်းစပ်ခြင်းဖြင့် ပြင်းထန်သောအချစ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နေပြီ။ကျွန်မတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်လာကြသည့် အချိန်မှစ၍ ကိုယ်စီ နောင်တတွေနှင့် နောက်ဆုတ်ထွက်ပြေးဖို့ နေ့စဉ် နေ့တိုင်း စဉ်းစား မိကြသည်။ သို့သော် နောက်ဆုတ်ဖျက်သိမ်းဖို့ကြိုးစားရင်းနှင့်ပင်ကျွန်မတို့ နှစ်ဦးအကြားတွင် ကြိုးစတွေ တစ် ရစ်ပြီး တစ်ရစ် တိုး၍ ချည်နှောင်ပြီးသား ဖြစ်နေပြီ။ကျွန်မလိုချင်သော ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးအစား ထဲတွင် သူ မပါဝင်ခဲ့သလို သူ တစ်ခါတစ်ရံစိတ်ကူးတတ်သော ချစ်သူအမျိုးအစားထဲတွင် ကျွန်မ လိုမိန်းမမျိုး မပါဝင်ဘူး ဟု သူ အတိအလင်း ထုတ်ဖော်ပြောလေသည်။ ဤစကားမျိုး အပြန်အလှန်ပြောမိတိုင်း တစ်ယောက်ကို တစ်ယောက် ရန်လိုစွာခေတ္တစိုက်ကြည့်မိကြမြဲ။ သို့သော် ခဏအတွင်း စိတ်ကိုလျှော့ကာ အဖြစ်အပျက်ကို ရယ်မောဖို့ကြိုးစားကြမြဲဖြစ်သည်။



တစ်ယောက်၏အကျင့်စရိုက်ကို တစ်ယောက်က မနှစ်မြို့နိုင်ပါဘဲနှင့် ဘာဖြစ်လို့များ ကျွန်မတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါလိမ့်။ဤကဲ့သို့ ကျွန်မစဉ်းစားကြည့်တိုင်း ဘယ်တော့မျှ အဖြေ မရနိုင်သည့်ပုစ္ဆာတစ်ပုဒ် ကို တွက်နေရသလိုခံစားရလေသည်။



ကျွန်မက လွတ်လပ်ပွင့်လင်းမှုကိုသဘောကျသူ၊သူက ထိန်းချုပ်လျှို့ဝှက်မှုကိုသဘော ကျသူ ၊ ကျွန်မ၏မိသားစုမွေးချင်း ၊တစ်ဦးစီ၏စိတ်နေသဘောထား အလုပ်အကိုင်က အစ သူ့ကိုတစ်လုံးမကျန် ပွင့်လင်းစွာ ကျွန်မပြောခဲ့ပြီး ဖြစ်ပါလျက် သူ့မှာမွေးချင်းဘယ်နှစ်ယောက်ရှိမှန်းပင် ကျွန်မ မသိခဲ့ပါ။ သူကလည်း စကားစပ်ပြီး မပြောပြခဲ့ပါ။ ကျွန်မကလည်း စပ်စုစွာမေးကြည့်ဖို့စိတ်မကူးခဲ့ပါ။ ကျွန်မနှင့်သူခင်မင်သိကျွမ်းသည့်ရက်မှစ၍ ချစ်သူဖြစ်သွားကြသည့်အချိန်အထိ သုံးနှစ်ကျော်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ သူ့ဖခင် ဘာကြောင့် သေဆုံးသွားသည်ဆိုတာ ကျွန်မ မသိခဲ့ပါ။ သူကလည်း ပြောမပြခဲ့ပါ။



ကျွန်မကကိုယ့်အတွက်နှင့် သူတစ်ပါးစိတ်ဆင်းရဲဆုံးရှုံးရမည်ကို အလွန်စိုးရိမ်တတ်ပြီး တစ် ဖက်သားကို အမြဲငဲ့ညှာလေ့ရှိသူ ဖြစ်သည်။သူကတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုသည့် လူစားမျိုးဖြစ်သည်။ သူ့ကို အတ္တကြီးသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ကျွန်မပြင်းထန်စွာစွပ်စွဲတိုင်း သူက ပန်းနှင့်ပေါက်ခံရသလိုပင်ပြုံးပြုံးကလေး ဝန်ခံမြဲ ဖြစ်သည်။



တစ်ခါတုန်းကတော့ ကျွန်မနှင့်သူ အောင်မြင်မှု နှင့်ပတ်သတ်၍ အချီအချ စကားများ ကြဖူးသည်။လောကမှာ အောင်မြင်ကြီးပွားမှုကိုတော့ လူသားတိုင်း လိုချင်တပ်မက်ကြတာ သဘာဝပဲ မဟုတ် လား ။ သို့သော် စာနာမှု ဆိုတာလည်း လူသားတွေမှာရှိသင့်သည်ဟု ကျွန်မထင်သည်။



'' ကိုယ့်ဘဝခရီးလမ်းမှာ အောင်မြင်မှုတစ်ခုကို ရဖို့တစ်ယောက်ယောက်ကိုဖြတ်ကျော် နင်းပြီးမှ ရမယ်ဆိုရင်ကိုယ်ကတော့ အဲဒီ့နေရာမှာပဲရပ်နေလိုက်မယ်ရှေ့ဆက်မသွားသေးဘူး " ဟု သူ့ကို ပြောသောအခါ သူကပြုံးရယ်လေသည်။ သူ့အပြုံးကိုကျွန်မသိသည်။ခေါင်းမာသူ တစ်ယောက်၏အပြုံးမျိုးလေ။



" မင်းကတော့ အဲ့ဒီလိုမဟုတ်ဘူးဆိုတာ ကိုယ်သိတယ် " ဟု ကျွန်မခပ်တည်တည်စွပ်စွဲတော့ သူက ပြုံး၍ ထောက်ခံသည်။ " သိပ် သေချာတာပေါ့ " တဲ့ ။ ထို့နောက် သူ့အတ္တကို သူကိုယ်တိုင် ဖော်ထုတ် ဝန်ခံခဲ့၏။

" ကိုယ်ကတော့ ကိုယ့်ရှေ့မှာ ဘာကြီးပဲ ရှိနေပါစေ၊ ကိုယ်သွားချင်တဲ့လမ်းကို ရောက်အောင် သွားရမှာပဲ ၊ ကိုယ့်ရှေ့မှာရောက်လာတဲ့ ဘယ်လိုလူမျိုးကိုမှ မညှာတာနိုင်ဘူး၊အရေးကြီးတာ ပန်းတိုင်ရောက်ဖို့ပဲ " တဲ့ ။



တစ်ခါတစ်ခါကျတော့ သူ့မှာ နှလုံးသားမှ ရှိရဲ့လားဟု ကျွန်မ မကြာခဏ သံယယ ဝင်ခဲ့ရ လောက်အောင် သူက ပြတ်သားတိကျ သည် " မင်းမှာ နှလုံးသားမရှိဘူး " ဟု ကျွန်မ ညဉ်းညူတိုင်း " ကိုယ့်မှာ နှလုံးသားမရှိရင် မ, ကို ဘယ်လိုလုပ်ပြီး ချစ်မလဲ မ, ရဲ့ " ဟု ခပ်ပြုံးပြုံး ပြောလေ့ရှိပါသည်။



********************************************************



' ကွိ ' စာအုပ်ကို ဖတ်အပြီးတွင် မြန်မာနိုင်ငံ မှာ ကွိလိုလူမျိုးတော့ရှိမှာမဟုတ်ပါဘူးဟု ကျွန်မတွေးခဲ့ဘူးသည်။ သူနှင့်ခင်မင်သိကျွန်းသော အခါ သူသည်ကွိနှင့် ထပ်တူမဟုတ်ပေမယ့် ကွိ လောက် နီးပါး လူမှုရေးညံ့ဖျင်းသူဟု တစ်စတစ်စ သိမြင်လာခဲ့သည်။



သူ၏ အလုပ်ချိန်တိကျမှု ၊ အချိန်စာရင်းကို လေးစားမှု ၊ လောကဝတ္တရားကို လျစ်လျူရှုရလောက်အောင် ကိုယ်ကျိုးရှာ အတ္တကြီးမားမှု တို့ကို ရှုတ်ချရင်းသူ့ကိုတစ်စတစ်စ သံယောဇဉ်တွယ်၍ ချစ်ခင်လာခဲ့သည်။ သူ့မာနနှင့် အတ္တကို မနှစ်မြို့စွာပင် ကျွန်မသူ့ကို ချစ်မြတ်နိုးခဲ့ပါသည်။ အလွန်စကားနည်း သူလည်းဖြစ်သော၊အရှက်ကြီးသူလည်းဖြစ်သော၊ ထိန်းချုပ် လျှို့ဝှက်တတ်သူလည်းဖြစ်သော သူ့ထံမှ ကျွန်မ ဘာကိုမျှ မျှော်လင့်မထားခဲ့သည်မှာ အမှန်ဖြစ်သည်။သူ ကျွန်မကိုချစ်မြတ်နိုးကောင်း ချစ်မြတ်နိုး လိမ့်မည်ဟု တစ်ခါတစ်ခါ ထင်ခဲ့ဖူးသော်လည်း နိုင်ငံရပ်ခြားသို့အလုပ်သွားလုပ်ရန် စိတ်ရောကိုယ်ပါ ကြိုးစားနေသူ တစ်ယောက်အဖြစ်လည်းကောင်း၊ အသွေးအသားထဲမှာကိုက မြန်မာစိတ်လုံးဝမရှိသူတစ်ယောက် အဖြစ်လည်းကောင်းသိထားပြီးသော ကျွန်မအနေနှင့် သူ့ထံမှ ဖွင့်ဟဝန်ခံမည့် အချစ်ဆိုတာကို လုံး၀ မျှော်လင့်မထားခဲ့ပါ။



နောက်ပြီး သူနှင့်ကျွန်မက တစ်မြို့တည်းနေကြသူများလည်းမဟုတ် (ကျွန်မနှင့်သူ ၃၆၅ မိုင်ဝေးပါသည်။) တစ်ခါတစ်ခါမှ တွေ့ကြသူများဖြစ်၍ သူကလည်း သူ့အလုပ်တာဝန်နှင့် သင်တန်းများ အကြားတွင် ကျွန်မကိုမေ့နေနိုင်ရမည်။ ကျွန်မကလည်း ကျွန်မလူနာများနှင့်မိသားစုအတွယ်အတာ များအကြားတွင် သူ့ကိုမေ့နေနိုင်ရမည်။ဤကဲ့သို့ပင် ကျွန်မယုံကြည်ထားခဲ့၏။



သို့သော် သူကျွန်မကိုအလွန် ချစ်မြတ်နိုးသည့်အကြောင်း ကျွန်မထံစာရေးလာခဲ့ပါသည်။

ထို့နေ့က ကျွန်မအလွန်ကျေနပ်နှစ်သိမ့်နေခဲ့သည်။ယောကျ်ားငါးယောက်အပေါ်စိတ်ကစားခဲ့ဖူသူ၊ ရည်းစားလေးယောက်ရှိခဲ့ဖူးသူ မိန်းမ တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ်အဖြစ်ပျော်ရွှင်ရင်ခုန်ရသည့်ရည်းစားစာမှာ သူ့စာသာဖြစ်လေသည်။ဒါတောင်မှ ထိုရည်းစားစာသည် မြန်မာဘာသာဖြင့်မဟုတ်ပါ ။ ကျွန်မညံ့ဖျင်းသော အင်္ဂလိပ် ဘာသာဖြင့် ရေးထားခြင်းဖြစ်သည်။ သူကတောင်းပန်ထားပါသည်။



" အင်္ဂလိပ်ဘာသာနဲ့ ရေးလိုက်တာကို စိတ်မရှိပါနဲ့ ၊ မြန်မာလိုရေးရမှာ ရှက်နေလို့ " တဲ့လေ။ လဲသေလိုက်ပါလားဟု ကျွန်မ ကျိတ်ဆဲရေးလိုက်မိသေး၏ ။ ဘယ်မိန်းမ မဆို မြန်မာမိန်းမမှန်ရင် ကိုယ့်ချစ်သူကမြန်မာလို ချစ်ခွင့်တောင်းသည့် စာကိုသာ နှစ်သက်စွာဖတ် ချင်ကြပါလိမ့်မည်။ ကျွန်မကလည်း စိတ်ဓါတ်အားဖြင့် အလွန်မြန်မာဆန်သူတစ်ယောက် ပီပီ ချစ်သူ၏ မြန်မာလက်ရေးဖြင့် အချစ်အကြောင်းပြောပြသည့် စာကိုသာဖတ်လိုပါသည်။အံမာ … သူက ကျွန်မ အင်္ဂလိပ် စာသိပ် မကျွမ်းကျင်မှန်းသိ၍ အတတ်နိုင်ဆုံး လွယ်ကူရှင်းလင်းစွာ ရေးလိုက်ပါသတဲ့ ။ မောင်မင်းကြီးသားကို ကျေးဇူးတင်ရပါသည် ။ သို့သော် စာထဲမှာပင်ကျွန်မဘာသာပြန်၍ မတတ်သောစာကြောင်း သုံးကြောင်း ပါဝင်နေသေး၏။



သူနှင့် ကျွန်မစာသုံးစောင် အပြန်အလှန်ရေးသည်အထိ သူ အရှက်ကြီးဆဲ၊ အင်္ဂလိပ် ဘာသာဖြင့် ရေးဆဲ။(အင်္ဂလိပ်ဘာသာကို အပိုဘာသာအဖြစ် ကျွန်မတို့ မသင်ရဘူးဆိုလျှင် ကျွန်မနှင့်သူ ရည်းစားဖြစ်ဖို့ ဝေးပါသေး သည်။) ကျွန်မ သည်းမခံနိုင်သောအခါ သူ့ကိုရာဇသံပေး ရတော့သည်။



" မင်း ကိုယ့်ဆီကို မြန်မာလို မရေးရဲသေးဘူးဆိုရင်လဲ မင်းကိုယ့်ဆီ စာမရေးနဲ့ဦး ၊ အင်္ဂလိပ်လို တော့ ကိုယ် မဖတ်ချင်ဘူး "



ထိုအခါ သူက အလွန်သဘောကောင်းစွာ မြန်မာလိုရေးလေသည်။သူ့လက်ရေးက အင်္ဂလိပ်လက်ရေးလိုလည်း မလှ ။ ဝါကျတွေကလည်း ကမောက်ကမ ။ သည်ကြားထဲ လက်ရေးက သော့လိုက်သေး၏ ။ အသုံးအနှုန်းတွေကလည်း တစ်ခုနှင့်တစ်ခု ထပ်နေ၏ ။ လူငယ်အသုံးအနှုန်းမျိုးလည်း မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်းလေးငါးဆယ်လောက်က စကားအသုံးအနှုန်း မျိုးတွေ ပါတတ်သေးသည် ။ကျွန်မသည် အင်္ဂလိပ်ဘာသာဖြင့် စာများကိုသုံးလေးခေါက်ပြန်ပြန်ဖတ်ပြီး ရင်ခုန်ကျေနပ်လေ့ရှိသော်လည်း သူ့မြန်မာဘာသာဖြင့်စာများကိုတော့ တစ်ခေါက်ထက်ပိုပြီး မဖတ်တော့ပါ ။



ကျွန်မကဆရာဝန်သာဖြစ်သော်လည်း မြန်မာဘာသာကိုကျွမ်းကျင်စွာ၊ လှပစွာရေးဖွဲ့တတ်၏ ။သူကတော့ မြန်မာစာအဓိက ဂုဏ်ထူးတန်းအောင်မြင်ခဲ့သူ ဖြစ်ပါလျက်ဝါကျ လှလှကလေးများ မရေးဖွဲ့တတ်သူဖြစ်လေသည်။နောက်ဆုံးတော့ ကျွန်မကပဲ အလျှော့ပေးလိုက်ပါသည်။



" မင်းရဲ့ မြန်မာဘာသာစကားက ကိုယ်ရေးတဲ့ အင်္ဂလိပ်ဘာသာစကားလိုပဲ သိပ်ညံ့တယ်၊ ဒီတော့ မင်းကလည်း အင်္ဂလိပ်ရေး၊ကိုယ်ကလဲ မြန်မာလိုပဲရေးမယ် ... ဟုတ်ပလား " ဟုကျွန်မတို့နှစ်ယောက်အကြားက ဘာသာစကားခြားနားမှုကို ဤကဲ့သို့ ဖြေရှင်းလိုက်ပါသည်။



*********************************************************



သို့သော် ကျွန်မတို့နှစ်ယောက်ကြားတွင် ခြားနားမှုတွေ၊ကွဲလွဲမှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပြန်လေသည်။ အဓိကခြားနားမှု တစ်ခုမှာ သူစကားအလွန်နည်းသောကြောင့်ဖြစ်ပေါ်လာခဲ့သည်။

သူက ထိန်းချုပ်သူလည်း ဖြစ်သောကြောင့် သူ၏ဝမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ဒေါသဖြစ်ခြင်း စသည့်ခံစားမှုများကို မျက်နှာမှာ မပေါ်လွင်အောင်ထိန်းတတ်၏ ။ သူဝမ်းသာနေသလား၊ သူဝမ်းနည်းနေသလား သူ ဖွင့်မပြောလျှင် ကျွန်မ ဘယ်လိုမျှမသိနိုင်ပါ။



တစ်ခါတစ်လေကျွန်မရှေ့တွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ စီးကရက်ဆယ်လိပ်လောက် ကုန်အောင်သောက်ချင်သောက်နေတတ်၏ ။ ဤအခါမျိုးတွင် ကျွန်မမှာ စကားမရှိစကားရှာ၍ သူ့ကိုပြောပြနေပေမယ့် သူက အင်းမလှုပ် အဲမလှုပ် ။ ဟုတ်တယ် ၊ မဟုတ်ဘူးသာဖြေလျက် ငြိမ်သက်နေတတ်သည်။



" တစ်ခုခု ကို စိတ်ဆိုးသလား " မေးကြည့် ၊ " မဟုတ်ဘူး " ဟုဖြေမည် ။ " ကိုယ့်ကိုစိတ်ကောက်စရာအကြောင်း တစ်ခုခုများ လုပ်လိုက်မိသလား " ဟု မေးလျှင် သူငြင်းမည်။ ထို့နောက် " မုန့်တစ်ခုခုသွားစားရအောင် " ဟု ကျွန်မ အဆိုပြုလျှင် သူငြင်းမည်။ " ကော်ဖီ သောက်မလား " ဟုတ်မေးလျှင် သူငြင်းမည် ။ထို့နောက် နှစ်နာရီလောက် အချိန်ကုန်သွားသည်အထိ သူ တုံဏှိဘာဝထိုင်နေမည် ။



အလကားထိုင်နေမည်ဟု မထင်လိုက်နှင့် ၊ သူ၏အိတ်ဆောင် ဂျာမာန် - အင်္ဂလိပ် အဘိဓာန် စာအုပ်ကလေးကို သဲကြီးမဲကြီးဖတ်လျက် သူ့ရှေ့မှာ ကျွန်မ တစ်ယောက်လုံး ငုတ်တု်ထိုင်နေတာကို မသိလိုက်မသိဘာသာ လုပ်ကာ ငြိမ်သက်နေခြင်းပဲ ဖြစ်လေ့ရှိသည် ။ နာရီကို မကြာခဏ ကြည့်မည် ။ သူပြန်သင့်ပြီဟု သူ သတ်မှတ်ထားသည့် အချိန် သို့ရောက်လျှင် " သွားမယ် " ဟု သူ ကောက်ခနဲ ထပြန် သွားသည်။



နောက်တစ်နေ့ သူလာသည့်အချိန်တွင် သူ့မျက်နှာ အနည်းငယ်ကြည်လင်နေ၍များ မနေ့က ဘာဖြစ်တာ လဲ ဟု သွားမမေးနှင့် ၊ ဘာမှမဖြစ်ပါဘူး ဟူသော အဖြေကိုသာရမည် ။ အဲသည်လောက်တောင် လျှို့ဝှက်သိပ်သည်း သူဖြစ်လေသည်။



ကျွန်မနှင့်သူနောက်ထပ်ကွဲလွဲချက် တစ်ခုမှာ ကျွန်မမှာ မိန်းခလေးဖြစ်ပါလျှက် စိတ်မကောက် တတ်ပါဘဲ သူက ယောကျ်ားဖြစ်ပါလျှက် ခဏခဏ စိတ်ကောက်တတ်ခြင်းဖြစ်၏ ။ သူ့အပြုအမူထဲက ကျွန်မ မနှစ်မြို့နိုင်သည့် အပြုအမူမျိုးတွေ တွေ့လျှင် ကျွန်မစိတ်ကောက်ဖို့ အမြဲကြိုးစားလေ့ရှိပြီး ဘယ်တော့မျှလည်း စိတ်မကောက်ဖြစ်တော့ပါ။ တစ်ခါတစ်ခါ ကျတော့ သူ့ကိုစိတ်လိုလက်ရ မေးကြည့်ဖူးသည် ။

" စိတ်ကောက်တာ ဘယ်လိုစ, ကောက်ရသလဲ ဟင် "

သူက ထုံးစံအတိုင်း မပွင့်တပွင့်ပြုံးလျက် …

" မသိဘူး ၊ ကိုယ့်ကိုယ်ကို ထိန်းရင်းထိန်းရင်းကနေ ကောက်ပြီးသားဖြစ်သွားပြီ၊ ကိုယ့်အတွက် တော့ စိတ်ကောက်တာ သိပ်လွယ်တာပဲ " ဟု ဖြေလေသည် ။ ကျွန်မအတွက်ကတော့ စိတ်ကောက်ဖို့ အလွန် ခက်ခဲ ပါသည် ။ သူမကြာခဏ အပြစ်ဆိုဘူးသလို ကျွန်မက အလွန်သဘောကောင်းသော မိန်းမ ဖြစ်နေ တာကိုး ။ သူ့မှာ မရှိသော ဂုဏ်သတ္တိ များ ကျွန်မမှာ အကုန်ရှိသည်။



အားနာတတ်ခြင်း၊ လိုက်လျောတတ်ခြင်း ၊သူတစ်ပါးကို တတ်နိုင်သမျှ ကူညီတတ်ခြင်း ၊ သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်ခြင်း စသည့် ဂုဏ်သတ္တိများ တစ်ခုတလေမျှ သူ့ထံတွင် ရှိမနေတာအလွန်အံ့သြဖို့ ကောင်း၏ ။

ကျွန်မ မိတ်ဆွေများနှင့်သူ တွေ့ဆုံစကားပြောဖို့အလွန် ဝန်လေးပင်ပန်းလေ့ရှိပါသည် ။

" ကိုယ်မိတ်ဆွေ အသစ်တွေ မလိုချင်ဘူး " ဟုတုံးတိတိ ငြင်းလေ့ရှိ၏ ။ သည်လိုဆိုလျှင်လည်း ကျွန်မဘက်ကို ကိုယ်ချင်းစာဖို့ကောင်းပါသည် ။ မိတ်ဆွေသစ်မတိုးချင်သော သူသည် ကျွန်မကိုတော့ သူ့ မိတ်ဆွေ များနှင့် မကြာခဏ မိတ်ဆက်ပေးဖို့ကြိုးစားလေ့ရှိသည် ။

သူ့မိတ်ဆွေ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြသည် ။သူ့အလုပ်ဌာနက မိတ်ဆွေ တစ်ယောက် နှစ်ယောက် ။ သူ့စကားပြောသင်တန်းတက်ရာ သံရုံးမှ မိတ်ဆွေ တစ်ယောက်နှစ်ယောက် ။ ထို့နောက် သူ့သူငယ်ချင်းက နှစ်ယောက် ။ သူက သူငယ်ချင်းအလွန်ရှားသည် ။ မြန်မာလူမျိုးချင်း မိတ်ဆက်ပေးလျှင် ကျွန်မအတွက် အပန်းမကြီးသော်လည်း နိုင်ငံခြားသားများနှင့် မိတ်ဆက်ပေးလျှင် ကျွန်မ အလွန် စိတ်ဆင်းရဲရ တတ်ပါသည် ။ကျွန်မသည် အင်္ဂလိပ်စကားပြောခြင်းနှင့် လုံး၀ အကျွမ်းမဝင်သူသာဖြစ်၏ ။ဘယ်သူနှင့် ဘာပြောပြော အိုးနင်းခွက်နင်း အမြီးအမောက်မတည့်ပါ ။ထို့ကြောင့် အတတ်နိုင်ဆုံး စကားကို နည်းအောင် ပြောမိသည်။ ထိုအခါ သူက စိတ်ဆိုးပြန်၏ ။



ဘာမျှမပြောတတ်၍ ပြုံးရုံပြုံးစေ့ပြန်တော့လည်း သူက စိတ်ဆိုးပြန်၏ ။ထိုအခါမျိုးမှာတော့ သူ မကျေနပ်သည့်အကြောင်း ကျွန်မကို ဖွင့်ဟပြောပြတတ်သည် ။ ထို့နောက် ကျွန်မကို အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ တိုက်တွန်းလေ သည် ။ စာအုပ်များ ၊ တိပ်ခွေများ တစ်ပုံတစ်ပင် ဝယ်ပေးလျက် စကားပြောနားထောင်လေ့ကျင့်ဖို့ တိုက်တွန်း၏ ။ အမေရိကန် မှ ထုတ်သော လက် သုံးလုံးခန့် ထူသည့် အင်္ဂလိပ်စာကျွမ်းကျင် စွာရေးနည်း စာအုပ်အပြာကြီးကို ကျွန်မကို လက်ဆောင်ပေး၏ ။

တစ်နှစ်အတွင်း အပြီးလေ့ကျင့်ရမတဲ့ ။ သူက အချိန်အပိုင်းအခြား သတ်မှတ်ပေးလိုက်သေးသည်။



" လက်စလီ … ကိုယ့်မှာ လူနာတွေနဲ့ မိသားစုတာဝန်နဲ့ ဘယ်လိုမှ အချိန်မရဘူး " ဟု ကျွန်မငြင်းတော့ သူ စုတ်တစ်ချက်သပ်ကာ ခေါင်းယမ်းတော့သည် ။

" အချိန်ဆိုတာ ရအောင်ယူတတ်ရတယ် " တဲ့။ ကျွန်မတို့ဆရာဝန်များသာ ကိုယ်ချင်းစာ တတ်သည့် ကိုယ့်အချိန်ကိုယ်မပိုင်သော အဖြစ်အပျက်များကိုပေါ့ ။ သည်တော့ သူက ဇွတ်ငြင်းပြန်၏ ။ မနက် နှစ်နာရီတို့၊ လေးနာရီတို့ ဆိုတဲ့အချိန်တွေက လူနာကြည့်တဲ့ အချိန်မှ မဟုတ်တာ ၊ ကြည့်မပေးနဲ့ပေါ့ " တဲ့ ။



" နောက်ပြီး ည ရှစ်နာရီကျော်ရင် လူနာမကြည့်ဘူးဆိုပြီး အိမ်တံခါး ပိတ်ထားပေါ့ " တဲ့ ။ ဆရာဝန် တစ်ယောက်၏ ကရုဏာစိတ်၊ ကိုယ်ချင်းစာစိတ် ၊ တာဝန်ယူတတ်သည့်စိတ်များကို သူ ထည့်မတွက်ခဲ့ပါ ။ သည်အတွက်လည်း သူ့ကို ကျွန်မ အပြစ်မတင်လိုပါ ။ သူကဆရာဝန်မှ မလုပ်ဖူးဘဲ ဟု သူ့ကို ခွင့်လွှတ်ခဲ့ရမြဲ ဖြစ်ပါသည် ။



သူကတော့ သူ့အချိန်ဇယားကို နည်းနည်းမျှ အလွဲခံတတ်သူမဟုတ် ။သူ့အလုပ် သူ့သင်တန်းကို အလွန်လေးစားသူဖြစ်သည် ။ရန်ကုန်သို့ ကျွန်မ ရောက်သည့်ရက်များတွက် တစ်ခါတလေ ကျွန်မလာလို့များ သူ့ရုံးကို ဖျက်လိမ့်မည် မထင်နှင့် ၊ နံနက် ကိုးနာရီဆိုလျှင် အမြဲရုံးသွားလေ့ရှိသည် ။ ရုံးမသွားမီ နံနက်စောစော ကျွန်မ အိမ်သို့ သူရောက်လာလေ့ရှိသည် ။ အနီးအနား က ဆိုင် တစ်ဆိုင်သို့သွား၍ နှစ်ယောက်အတူတူ မုန့်စား ၊ ကော်ဖီ သောက်ကြမည် ။ ပြီးလျှင် သူရုံးသွားမည် ။ကျွန်မက မြို့ထဲ သွားစရာရှိလျှင် ဘတ်စ်ကားအတူစီးမည်။ ဘတ်စ်ကားပေါ်မှာ တစ်ခုံတည်း ထိုင်ရလို့လည်း စကားဖောင်ဖွဲ့ပြောမည်မထင်နှင့် ၊ တစ်ခွန်းမျှ မပြောဘဲတစ်လမ်းလုံး ငြိမ်သက်စွာလိုက်လာမှာပဲ ။

ဆင်းခါနီးမှ … " မ .. တစ်ယောက်တည်း ဖြစ်ရဲ့လား ၊ ကိုယ် လိုက်ဖို့ လို သလား " ဟု ဝတ္တရားကျေမေးတတ်သည်။ ကျွန်မက ဘယ်နှယ့်လုပ်ပြီး လိုက်ပို့ပါဟု ပြောထွက်မလဲ ၊ မဟုတ်ဘူးလား ။



" နေပါစေ ကွယ် ၊ မင်းရုံး ကိုသာ ဖြောင့်ဖြောင့်သွားပါ ၊ ကိုယ် ကဖြစ်ပါတယ် " ထိုစကားက လွဲပြီး ကျွန်မ မှာပြောစရာစကားမရှိပါ ။ တစ်ခါတစ်လေတော့ " လိုက်ပို့ကွယ် ၊ ကိုယ်တစ်ယောက်တည်း မသွားချင်ဘူး " ဟုပြောကြည့်ဖို့ ကြိုးစားဖူးသည် ။အဲသည်လိုများ တောင်းဆိုလျှင် သူကဘယ်လို ဖြေရှင်းမလဲ ။ ကျွန်မ သိချင်လိုက်တာ ။ သို့သော် ကျွန်မကအလွန်အလိုက်သိတတ် ၊ ငဲ့ညှာတတ်သည့် မိန်းမ ပဲလေ ။ ကျွန်မအတွက်ကြောင့်ဖြစ် သူ ရုံးမပျက်စေရ။ သင်တန်းမပျက်စေရ ။ ရုံးပျက်လိုက်လျှင် ကောင်းမလား ဟူသည့်တွေေ၀ စိတ်မျိုးပင် အနည်းငယ်မျှ မဝင်စေရ ။



*****************************************************

" မ, ကို အချိန်ရှိသမျှ သတိရနေတာ " ဟူသော စကားမျိုး ကိုသူ့ထံမှ တစ်ခါတလေသာ ကြားရလေ့ရှိ၏ ။



( ဂျူး ။ ၁၉၉၀ ပြည့်နှစ် ၊ မေလ ၊ ရှုမ၀ မဂ္ဂဇင်း ။ )

Saturday, April 19, 2014

ကျေးဇူးတင်ပါတယ်မောင် !

"တူနှစ်ဖြာ ရွှေဂဟေဆက်ပါလို့ ... သွေမပျက်တဲ့ သစ္စာ .... ရေစက်ရဲ့ ရှေးအလာ ..... "
မင်္ဂလာတေးသံ ငြိမ့်ငြိမ့်ငြောင်းနှင့်အတူ မင်္ဂလာစင်မြင့်ထက်ဆီလျှောက်လှမ်းနေသော ခင်လေးရင်ထဲမှာ ကြည်နူးခြင်းလေးတစ်ခု သိမ်မွေ့စွာ စီးဆင်းနေသည်။ မောင့် မျက်နှာကိုမော့ကြည့်မိတော့ မောင်ကလဲ အပြုံးလေးတစ်ခုနှင့်အတူ ခင်လေးကို ပြန်ငဲ့ကြည့်နေသည်။ ခွက်ဝင်နေသော ပါးချိုင့်လေးနှင့် ချစ်ရပါသော မောင့်ကို ခင်လေး တကယ်ပိုင်ဆိုင်ခွင့်ရခဲ့လေပြီ။ ဒီနေ့ ဒီရက် ဒီမနက်မှာ မောင့်ကို ခင်လေး တကယ်ပိုင်ဆိုင်ခွင့်ရခဲ့ပါပြီ။ နှစ်ဖက်သော မိဘဆွေမျိုးများ သူငယ်ချင်းများ ခြံရံလျှက် ကျက်သရေအပေါင်းနှင့်ပြည့်စုံသော မင်္ဂလာပွဲလေးကြောင့် ခင်လေးရော မောင်ပါ ပျော်ရွှင်ရပါသည်။

မင်္ဂလာပွဲပြီးတော့ မောင်နှင့် ခင်လေး၏ သီရိဂေဟာလေးဆီသို့ ပျော်ရွှင်ကြည်နူးစွာ ပြန်လာခဲ့သည့်လမ်းမှာ မောင့်သူငယ်ချင်းတွေနှင့် ခင်လေး သူငယ်ချင်းတွေပါ လိုက်ပါလာခဲ့ကြသည်။ အရာရှိအိမ်ထောင်သည် ရိပ်သာ၏ တစ်ခုသော တိုက်ခန်းလေးသည် ခင်လေးတို့နှစ်ယောက် ဘဝခရီးအစ၏ အုတ်မြစ်ခိုင်သည့် ဘူမိနက်သန်နေရာမှန်လေးပင် ဖြစ်၏။ အိမ်ထဲမဝင်ခင်မှာ ချစ်စွာသော သူငယ်ချင်းတွေက ရွှေကြိုးငွေကြိုးတားကြသည်။ မောင်က အသင့်လုပ်ထားသော စာအိတ်လေးတွေ ထုတ်ကိုင်ရင်း သူငယ်ချင်းတွေ တားထားသည့် ရွှေကြိုးငွေကြိုးတွေကို ဖွင့်သည်။
ဟေ့ရောင် .... တစ်အိတ်ထဲလားကွ ... တစ်အိတ်ထဲဆိုရင်တော့ ငါတို့ ဒီည မပြန်တော့ဘူးကွာ ... ဒီမှာပဲ အိပ်လိုက်တော့မယ် ... ဟဲဟဲ ....
မယုတ်မာနဲ့ ဟေ့ရောင် .... ရော့ ရော့ ....
စနောက်သံတွေကြားမှာ ခင်လေး အရှက်သည်းစွာ .... နောက် .... ပျော်ရွှင်ကြည်နူးစွာ ......

အဲ့ဒီလိုနဲ့ စတင်ခဲ့တဲ့ ခင်လေးတို့ရဲ့ အိမ်ထောင်လေးမှာ မနက်လင်းပြီဆို ဘုရားဆွမ်းတော်ကပ် မောင့်အတွက် မနက်စာပြင် - ပြီးတာနှင့် နိုးနေပါရက်နဲ့ အိပ်ယာထက်မှာ လူးလိမ့်ရင်း ခင်လေး လာနှိုးတာကို စောင့်နေသည့် မောင့်ကို နှိုးရသည်။

ထတော့လေ မောင် .... ရုံးနောက်ကျနေမယ် .... ဒီနေ့ အစည်းအဝေး ရှိတယ်ဆို .... ထတော့ ....
အင်းးးးးးးးးးး ဒီတိုင်း ထချင်ဘူး ... ဒီမှာ ဒီမှာ ....

မောင်က သူ့နဖူးသူ လက်ညိုးနှင့်ထောက်ပြရင်း ပြောင်စပ်စပ်လုပ်နေသည်။ မောင်က အမြဲ အဲ့ဒီလိုပါပဲ။ သူ့ရုံးမှာ သူ့ရာထူးနှင့်သူ လူကြီးတစ်ယောက်လို ရင့်ကျက်သည့် မောင်သည် ခင်လေးနှင့် ဆိုလျှင်တော့ ပီဘိကလေးတစ်ယောက်လိုပင်။
မောင် အိပ်ရာက နိုးတာနှင့် ခင်လေးတို့နှစ်ယောက်အတူ မနက်စာစားကြသည်။ ပြီးလျှင် မောင်ရုံးသွားဖို့ ယူနီဖောင်းထုတ်ပေး ၊ အိတ်ယူပေး ၊ ညထဲက ပြောင်လက်နေအောင် တိုက်ထားသည့် ဖိနပ်ကို မောင့်ရှေ့ချပေး ဒါတွေက ခင်လေးရဲ့ နေ့စဉ် မနက်ခင်း ဝတ္တရားများပင်။ မောင့်အတွက် မယားဝတ္တရား ငါးပါးနှင့်ညီသည့် အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်အောင် နေထိုင်သည့် ခင်လေးအတွက်တော့ ထိုဝတ္တရားများကို ပင်ပန်းသည်ဟု မထင်မိပါ။

စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်စေဖို့ ၊ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာရင်း တစ်ဖက်ကလဲ အရာရှိကတော်တစ်ယောက်၏ တာဝန်ဝတ္တရားများ မလစ်ဟင်းရလေအောင် ကြိုးစားရပြန်သည်။
မမခင်လေးရေ .... ဒီည တပ် ဓမ္မာရုံမှာ ဓမ္မစကြာရွတ်ဖို့ရှိတယ် .... အဲ့ဒါလေး စီစဉ်ပေးပါအုံး မမ .....
အေးအေး ..... စိတ်ချ ညီမလေးရေ .... မမ စီစဉ်လိုက်မယ် .....
ရွတ်ဖို့ဖတ်ဖို့ မှစ၍ ဧည့်ခံကျွေးမွေးတာအဆုံး တပြုံးပြုံးနှင့် လုပ်ကိုင်ပေးဖြစ်သည်။

ခင်လေး ... မနက်ဖြန် အခြားအဆင့် အိမ်ထောင်သည်လိုင်းတွေ လိုက်စစ်ဖို့ ရှိတယ်နော် .... မေ့နေမယ် ....
ဟုတ်ကဲ့ မောင် .... ခင်လေး လုပ်လိုက်ပါ့မယ် .....
ဤသို့ဆိုလျှင် ရဲဘော်လေးတွေ၏ အိမ်ထောင်သည်ရိပ်သာကို သွားစစ်ဆေးရသည်။ ဘာမှ ထူးထူးခြားခြားတော့ မဟုတ်။ အိမ်တွင်း အိမ်ပြင် သန့်ရှင်းမှုရှိရဲ့လား၊ သီးပင်စားပင်တွေ စိုက်ထားရဲ့လား၊ ဒါတွေ လိုက်စစ်ရသည်။ မလုပ်ထားလျှင် လုပ်ဖို့ ပြောရသည်။ ဒါတွေက အရာရှိကတော် တစ်ယောက်၏ တာဝန်ဝတ္တရားများပင်။

ညနေစောင်းပြီ ဆိုလျှင်တော့ မောင်ပြန်အလာကို ခင်လေး လည်တဆန့်ဆန့် နားတစွင့်စွင့်နှင့် မျှော်ရသည်။
ခင်လေးရေ .....
ဟော .... မောင်ပြန်လာပြီ .... ပင်ပန်းနေပြီလား မောင် ..... ခင်လေး သံပုရာရည်အေးအေးလေး ဖျော်ထားတယ် .... အမောပြေ သောက်လိုက်အုံးနော် .....

မောင့် မိန်းမရော ပင်ပန်းနေပြီလား .... ဒီနေ့ မမက အစည်းအဝေးခေါ်တယ်ဆို ..... ဘာကိစ္စတဲ့လဲ ......
အော် နွေရာသီအားကစားသင်တန်းဖွင့်ဖို့ ကိစ္စပါ ... တပ်ထဲက ကလေးတွေအတွက်လေ ..... အဲ့ဒါ ခင်လေးက ကြက်တောင် လက်ရွေးစင်ဆိုတော့ ကြက်တောင်နည်းပြ လုပ်ပေးဖို့ ခေါ်ပြောတာပါ ......

အင်း .... မောင့်မိန်းမတော့ ပင်ပန်းနေတော့မှာပဲ .....
မပင်ပန်းပါဘူးမောင်ရယ် .... မောင့် အသိုင်းအဝိုင်းဆိုတာ ခင်လေး အသိုင်းအဝိုင်းပဲပေါ့ ..... လုပ်ပေးရမှာပေါ့ ....

လိမ္မာလိုက်တဲ့ မောင့်မိန်းမ ... သိတတ်လိုက်တဲ့ ခင်လေး .... ခင်လေးကြောင့် မောင်လဲ အရာရှိတွေကြားမှာ မျက်နှာပွင့်ပြီးရင်း ပွင့်ရင်း ..... တပ်မှူးဆီမှာလဲ အမှတ်တွေတိုးပြီးရင်း တိုးရင်းပဲ ..... ခင်လေးကိုလဲ မောင်က တိုးတိုးပြီး ချစ်ရင်းပေါ့ကွာ .... နော် .....

တစ်နေ့တာ တာဝန်ဝတ္တရားများ ပြီးဆုံးသွားချိန် ညဦးပိုင်းအချိန်လေးများကတော့ ခင်လေးတို့နှစ်ယောက်အတွက် ကဗျာတစ်ပုဒ်ပင် ဖြစ်သည်။ ပြတင်းပေါက် မှန်ချပ်များမှ ဝင်ရောက်လာသော လရောင်နုနုကို ငေးမောရင်း မောင့် လက်ရုံးမှာ ခေါင်းတင်ပြီး အချစ်အကြောင်း ဖွဲ့နွဲ့ကြမည်။ ကုန်လွန်ခဲ့ပြီးသော အတိတ်ကာလဆီမှ ကြည်နူးဖွယ်ရာ အမှတ်တရများကို ပြန်ပြောင်း ပြောကြမည်။ အနာဂတ် အစီအစဉ်များကို တိုင်ပင်ကြသည်။ ခင်လေးတို့နှစ်ယောက်ပိုင်သည့် ကိုယ်ပိုင်အချိန်လေးများကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းခွင်ရခဲ့သည်မှာ မောင့်ချစ်ခြင်းမေတ္တာကြောင့်ပင် ဖြစ်ပေလိမ့်မည်ဟု ခင်လေး ယုံကြည်ပါသည်။

မောင်ရေ ... ဒီ သီတင်းကျွတ်ကျရင် မောင့် မိဘတွေကို ဘာကန်တော့ရင် ကောင်းမလဲ .....
သတိတရနှင့် မေးတတ်သည့် ခင်လေး -
မောင့် မွေးနေ့ကျရင် မိဘမဲ့ ဂေဟာမှာ တစ်နေ့စာ အာဟာရ သွားလှူရအောင်နော် .... မောင် ....
မောင့်အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းသည့် ခင်လေး -
စိတ်မညစ်ပါနဲ့မောင်ရယ် .... ခင်လေး မောင့်နားမှာ ရှိပါတယ် .... အားမငယ်နဲ့နော် .....
မောင့်ရဲ့ အားပေးဖော် ခင်လေး -
နက်ဖြန် ပုဇွန်ထုပ် ဆီပြန်လေးစားရရင် ကောင်းမယ်နော် ခင်လေး ....
မောင် ပူဆာသမျှ ဖြည့်ဆည်းပေးသည့် ခင်လေး -

မေတ္တာတရားဖြင့် ထုံမွှန်းသော ခင်လေးတို့ အိမ်ထောင်လေးသည် အစဉ်အမြဲ စိတ်ချမ်းမြေ့မှုတွေနှင့်သာ ဖြတ်သန်းခွင့်ရလိမ့်မည်ဟု ခင်လေးယုံကြည်ခဲ့ပါသည်။
.......................................................................................................................................................................

မောင်နှင့်ပတ်သတ်ပြီး ဤကဲ့သို့သော အိမ်မက်အရှည်ကြီးကို ခင်လေး မက်ခဲ့ဖူးပါသည်။ ခင်လေးရဲ့ ဝင်သက်ထွက်သက်တိုင်း မောင်နှင့်ပတ်သတ်သည့် စိတ်ကူး အတွေး အိမ်မက်တို့နှင့်သာ .......
သို့သော ်အိမ်မက်ဟူသည် နိုးထလာချိန်တွင် ပျောက်ကွယ်ရသည်ချည်းသာ။ ထို့ကြောင့် ခင်လေး အိမ်မက်က လန့်နိုးချိန်မှာ မောင်ကလဲ အနားမှာ မရှိ - အိမ်မက်ထဲကလို သာယာသည့် အိမ်ထောင်ရေးဆိုတာလဲ မရှိ ဘာဆိုဘာမှကိုမရှိတော့ပဲ အားလုံး ပျောက်ကွယ်ခဲ့ရသည်။ သွေးစိမ်းရှင်ရှင်ထွက်နေသည့် ရင်ဘတ်ဟောင်းလောင်းနှင့် မျက်ရည်စက်တွေသာ ခင်လေးအတွက် ကြွင်းကျန်ရစ်ပါသည်။

သို့သော် ခင်လေးမက်သည့် အိမ်မက်လေးလှပခဲ့သည့်အတွက်တော့ မောင့်ကို ကျေးဇူးတင်ပါသည်။
အိမ်မက်လေးလှပခဲ့တဲ့အတွက် မောင့်ကို ကျွန်မ အမြဲကျေးဇူးတင်နေမှာပါ မောင် ......
ကျွန်မ ကျေးဇူးတင်နေမှာပါ .........

မှတ်သားဖွယ်ရာများ

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘဝအတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘဝကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဝယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ဝယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မဝယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံး၀ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘဝကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အဝတ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ဝတ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘဝပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘဝလမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

ကံပွင့်ကံမြှင့်စေရန်

... ဘ၀ လိုအပ်ချက်တွေတခြားသော အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။

– လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ကြိုက်သလောက် ကံဆိုးနေပါစေ။

– ကုသိုလ်၅-မျိုးနဲ့ပြုပြင် ယူလို့ရပါတယ်။အဲဒီကုသိုလ် ၅မျိုးကတော့

၁။ ဒါန

၂။ သီလ

၃။ ဂုဏ်တော်

၄။ မေတ္တာ

၅။ ဝိပဿနာတို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ်၅မျိုးကိုနေ့စဉ် အဓိဋ္ဌာန်ပြုလုပ်သွားဖို့ပါပဲ။

၁။ ဒါန
ပထမဆုံးကုသိုလ်က ဒါန ပါ။

ဒါနဆိုတဲ့နေရာမှာရှင်၁သောင်းပြု
ပေးနိုင်မှ။

ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။

အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း

ဒါန ဖြစ်သွားတာပါပဲ။

နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက

လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ

ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။

ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို

သိပ်ပြီးလည်း မထိခိုက်စေပါဘူး။

နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ်

ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၂။ သီလ
ဒုတိယက သီလ ပါ။

သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက်

ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ်

ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။

တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊

၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။

သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း

ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၃။ ဂုဏ်တော
တတိယက ဂုဏ်တော်ပါ။

ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …

အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား

အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင်

မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။

အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့

သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က

သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၄။ မေတ္တာ
စတုတ္ထက မေတ္တာပါ။

မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့

သီးသန့်အကျယ်ကို ရှိပါတယ်။

စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း

ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့

ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့

လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။

ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊

ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊

လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော

နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊

အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၅။ ဝိပဿနာ
နောက်ဆုံးက ဝိပဿနာပါ။

ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ

သန်ရာ ကိုယ့် အာစရိယ ဝါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

( မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ

သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင်

တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ဘယ်လက်ပေါ် ညာလက်ထပ်တင်၊

ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊

အသက်ကို ပုံမှန်ရှူလျှက် ဝင်လေဝင်လာလျှင် ဝင် လာ သည်ဟု သိပေး၊

ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့်

မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန်

ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း

စသည်တို့ကို ဝင်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

ကုသိုလ်-၅မျိုးတစ်နေ့တာ

ကဲ … စာဖတ်သူ၊

စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁။ အိပ်ရာထ မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက်

သန့်စင်ပြီးမိသားစု ကိစ္စတွေကိုဘာမှ မလုပ်နဲ့ဦး။

ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)

ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)

အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )

မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )

ပြီးရင် ဝိပဿနာ ၅-မိနစ် ပွားများပါ။ ( ဝိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့

လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။

( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး

မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊

နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ

ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။

အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။

အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊

ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၂။ နေ့လည်
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ်

စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့

” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။

အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ”

ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို

အမျှပေးဝေလိုက်ပါဦး။

၄-၃။ ညပိုင်း

တတ်နိုင်တယ်။

အချိန်ရတယ်။

သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင်

ညပိုင်း ကိုးရီးယားကားလေး မလာခင်

၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို

မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၅။ နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။

ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။

တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။

ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။

အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့

ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ

ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။

ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း

ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့

အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘဝ၊

တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၆။ ဒုက္ခကြံရင် သစ္စာဆို

ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊

ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်၀ တ်တစ်ခု အနေနဲ့ ပြုရပါမယ်။

အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊

ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့

နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွန်ှုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊

နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။

ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော

အခက်အခဲများ ပြေပျောက် ပါစေသတည်း။

နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၇။ သံသရာကပင် ကျွတ်နိုင်ရဲ့

ကုသိုလ် ၅-မျိုးထဲမှာ ဝိပဿနာလည်း ပါနေတော့ တရားမှတ်ရင်

ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊

လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး

သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ …

ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး

မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း

ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့

အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊

ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။

ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။

မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

ကျမ်းကိုး

မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်

ဆရာတော်-အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) က ဆုံးမသလို

အားလုံး ကံကောင်းအောင် ဆောင်နိုင်ကြပါစေ..

ဟာဒယ (၃)

ကြာပေါ့
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးသည်တဲ့။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”

ပုစွန်ဆိတ်

ဆရာမဒေါ်သန္တာသည် ဒုတိယတန်းတွင် အခြေခံသိပ္ပံဘာသာမှ အရေပြားအကြောာင်း ရှင်းပြနေသည်။ ထိုစဉ်ငေးနေသော ကျောင်းသူတစ်ယောက်အား ကောက်ကာငင်ကာ မေးလိုက်သည်။
“ကဲ…မစုမြတ်…အရေပြားဆိုတာ ဘယ်လိုဟာလဲ”
မစုမြတ်ခေါင်းကုတ် စဉ်းစားနေသည်။ မဖြေတတ်။
ဆရာမ ဒေါ်သန္တာက သူမ၏ လက်ဖမိုးကို ဆိတ်ဆွဲပြလိုက်ရာ မစုမြတ် မည်သို့ သေဘာပေါက်သွားလေ သည် မသိ၊ မစုမြတ်၏ အဖြေကား “ပုစွန်ဆိတ်ပါ ဆရာမ” ဟူသတည်း။

မှန်လိုက်လေ

သူငယ်တန်း မြန်မာစာ သင်ခန်းစာ(၁) သင်ရာတွင် စပါး၊ ဖလား၊ တမာ၊ ပဝါ စသည်ဖြင့် သင်ထောက်ကူ ပစ္စည်းစစ်များဖြင့် သင်ကြားရာတွင် – စပါးနှံကိုပြ၍
ဆရာမ – “ဒါဘာလဲ သိလား ကလေးတို့”
ကလေးများ – “စပါးပါ ဆရာမ”
ဆရာမ – “မှန်တာပေါ့” ဟုပြောပြီး၊ ငွေဖလားကိုပြ၍ “စောမြခိုင်ရေ ဒါကရော ဘာလဲကွယ်”
စောမြခိုင် – “ အလှူခံတဲ့ ခွက်ပါ ဆရာမ”

အဖြေကောင်းသူ

ဒုတိယတန်းတွင် သင်္ချာဘာသာမှ အမြှောက်ပုစ္တာ သင်ကြားနေချိန်ဖြစ်သည်။ နောက်တန်းမှ အိပ်ငိုက်နေသော တပည့်အားမေးရာ -
ဆရာမ – ကဲဇော်ဇော် ခဲတံ ၁ဘူးမှာ ခဲတံ ၁၂ ချောင်းပါရင်၊ ခဲတံ ၅ဘူးမှာ ခဲတံဘယ်လောက်ပါတယ်ဆို တာ သား ဘယ်လို တွက်မလဲကွယ်။
ဇော်ဇော် – တစ်ချောင်းစီရေကြည့်ပါမယ် ဆရာမ။

အားအသုံးပြုပုံ

မြန်မာစာ ဆရာမသည် “အား” နှင့် “ကို” သုံးနှုန်းပုံကို သင်ကြားနေရာ စိတ်ဝင်စား ဟန်မတူသည့် ကျောင်းသားလေး “ချစ်ကိုကို” ကိုမေးလိုက်သည်။
ဆရာမ – သား ချစ်ကိုကို“အား” ကို ဘယ်နေရာမှာ သုံးမလဲကွယ်။
ချစ်ကိုကို – ရေခပ်၊ ထင်းခွဲတဲ့နေရာမှာ သုံးပါ့မယ် ဆရာမ။

ဝမ်းနည်းလွန်းလို့

တစ်ခါက ကျောင်းတစ်ကျောင်းမှာပါ ကျွန်မ ရောက်သွားတော့ ကလေးတစ်ယောက်ဟာ အင်မတန် ရိူက်ကြီးတငင်ငင်ငိုကြွေးနေလိုက်တာ။ ဒါနဲ့ကျွန်မထိုကလေးအနားသို့ တိုးကပ်သွားပြီး တိတ်တိတ်မေး ကြည့်လိုက်မိတယ်။ ကလေးဘာလို့ငိုနေတာလဲမေးတော့ ကလေးကသူတို့ကျောင်းအုပ်ဆရာမကြီးဟာ အပေါ်ဆုံးကျောင်းဆောင်ထပ်မှ မတော်တဆ ပြုတ်ကျသွားပါကြောင်း ဒါနဲ့ အော် ဆရာမကြီးတွက် ဝမ်းနည်းလို့ငိုနေတာဖြစ်မယ်ဆိုြပီး ကျွန်မမေးကြည့်လိုက်တော့ ဟုတ်ပါတယ် သမီးသိပ်ဝမ်းနည်းမိပါ တယ်။ ”ဆရာမကြီးအပေါ်ထပ်ကနေပြုတ်ကျသွားတာ လူတွေအားလုံးမြင်လိုက်ပြီး သမီးကမမြင်လိုက်ရ လို့ပါတဲ့လေ”

မင်းရူးနေလား

တစ်ခါက စိတ္တဇ ဆေးရုံတစ်ခုမှာပါ။ ဆရာဝန်ကလူနာတွေ အခြေအနေကိုသိနိုင်ရန် လှည့်လည်စစ်ဆေး နေစဉ် တစ်ယောက်သောသူဟာ ကုတင်ပေါ်ကနေ ငုတ်တုတ်ထိုင်ပြီး ကုတင်အောက်က နှို့ဆီခွက်ထဲ အပ်ချည်ကြိုးတစ်ချောင်းချပြီး ငါးမျှားနေသလိုလုပ်နေပါတယ်။ ဒါနဲ့ဆရာဝန်ဖြစ်သူက ဟေ့ မင်းကငါး တွေမျှားနေတာလားကွ ငါးတွေ ဘယ်နှစ်ကောင်လောက်ရနေပြီလဲ လို့မေးလိုက်ပါတယ်။ ထိုအခါ စိတ် မနှံသူက ထိုဆရာဝန်ကို စေ့စေ့စိုက်ကြည့်ပြီးမှ သူပြန်ပြောလိုက်တာကတော့ “ ဘာ…မင်းရူးနေသလား နှို့ဆီခွက်ထဲမှာ ဘယ်ကငါးကရှိမှာလဲကွ” ဟူတည်း။

ဓာတ်ပုံထဲက လူတွေ မဝင်စေနဲ့

ကမ္ဘာကျော်ဟန်ဂေရိပြဇာတ်ရေးဆရာကြီး မိုလ်နာသည် အလွန်မာနကြီးသူဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး၍ ဝင်ငွေကောင်းနေသဖြင့် ဘဝင်မြင့်နေသည်ဟု အများက ယူဆနေကြသည်။ အပေါင်း အသင်း မိတ်ဆွေများကို သာမက ဆွေမျိုးသားချင်းများကိုပင် အဖက်မလုပ်ဘဲ နေတတ်သူဖြစ်သည်။
သို့သော် တစ်နေ့တွင် သူ၏ ဆွေမျိုးသားချင်းများသည် ဆရာကြီး၏ စိတ်ရင်းသဘောထားအမှန်ကို အတိအကျသိနိုင်ရန်အတွက် ဗီယင်နာမြို့ရှိသူ၏ နေအိမ်သို့ တစ်စုတစ်ဝေးကြီး သွားရောက် လည်ပတ်ခဲ့ ကြသည်။ မိမိတို့ ဆွေမျိုးများကို အရေးမလုပ်ဘဲ အေးတိအေးစက် နေလိမ့်မည်ဟု မထင်မှတ်ဘဲ ပျူပျူငှာငှာ ဧည့်ဝတ်ကျေပွန်စွာ ဖော်ဖော်ရွေရွေ ဧည့်ခံပြုစုနေခဲ့သဖြင့် အားလုံးကပင် တအံ့တသြ ဖြစ်နေခဲ့ကြသည်။ ဆရာကြိးသည် ဆွေမျိုးသားချင်းများအား အကျအနဧည့်ခံခဲ့သည့်ပြင် ပြန်ခါနီးတွင် ဆွေမျိုးများကြုံကြိုက်တုန်း အမှတ်တရာ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် အားလုံးကပင် သဘောကျကျေနပ် လျက်ရှိကြသည်။
သို့သော် ဆွေမျိုး မိသားစုများအားလုံး ပြန်သွားကြသောအခါ ဆရာကြီးက အိမ်စေတစ်ယောက်အား စောစောကရိုက်ယူထားခဲ့သည့် ဓာတ်ပုံကို ကူးယူခဲ့ရန် ခိုင်းသဖြင့် ဓာတ်ပုံကို ယူလာပြီး ဆရာကြီးအား ပြသသည်။
ဤတါင် ဆရာကြီးက အိမ်စေဖြစ်သူအား“ ဒီဓာတ်ပုံကို မင်းအမြဲသိမ်းထားပြီး ငါနဲ့နောက် တွေ့ချင်လို့ လာတဲ့သူမှန်သမျှ အဲဒီဓာတ်ပုံထဲမှာပါတဲ့သူဆိုရင် အိမ်ထဲကိုမဝင်စေနဲ့ဟု” ပြောလိုက်ရာ အိမ်စေဖြစ်သူမှာ အံ့သြသဖြင့် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ရသည်။

မျက်လှည့်ဆရာနှင့်ဗေဒင်ဆရာ

ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ြဖ်ကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင်ကျီ စယ်လေ့ရှိကြသည်။
တစ်နေ့တါင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား အဝတ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။ ထိုအခိုက် မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သု့ထံတွင် အလွယ်တကူ ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး ”ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ ဗေဒင်ဆရာဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက်ပဲဗျာ။ ဒီလည်စီးအနက်ရောင်ကို အဖြူရောင်ဖြစ်အောင် လုပ် လိုက်ပေါ့ဗျ” ဟု ပြောလိုက်သည်။
ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော် ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင့်ဆရာကြီးမှာ အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။

ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ

တစ်ခါက ဂေါက်သီးရိုက် ဝါသနာပါလှသော ကမ္ဘာကျော် လူရအင်တော် ဒင်နီကေးသည် အပျော်တမ်း ဂေါက်သီးရိုက် ပြိုင်ပွဲတစ်ုခသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဒင်နီကေးမှာ တစ်ခါမျှဂေါက်သီး မရိုက်ဖူးသည့်ပြင် ဘေးမှ ကြည့်ရူအားပေးနေကြသည့် ပရိသတ် ၅၀၀ ခန့်ရှိနေသဖြင့် ဂေါက်သီးကို ကျင်းထဲင်အောင် မရိုက်နိုင်ဘဲ ရူံးသွားခဲ့ရသည်။ ဤတွင် ဒင်နီကေးက “ကျုပ်က ပရိသတ် ၅၀,၀၀၀ လောက်ရှိတဲ့ ရုံထဲမှာ စင်မြင့်ပေါ်ကနေပြီး သီချင်းတွေဆို ပြက်လုံးတွေထုတ်ပြရဲပေမယ့် ဂေါက်ကွင်းထဲ က ပရိသတ် ၅၀၀ ကျတော့ ရှိန်းဖိန်း လန့်ဖျပ်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တာပါဗျ” ဟု ပြိုင် ပွဲဝင်သူ မိတ်ဆွေများအား ရှင်းပြခဲ့သည်။
ထိုနောက် နှစ်လသုံးလခန့်အကြာတွင် ကပွရုံတစ်ခု၌ ပဒေသာကပွဲကျင်းပခဲ့ရာ ဒင်နီကေးက သူ့မိတ်ဆွေဂေါက်သီး ပြိုင်ပွဲဝင်သူများအား ထိုမဒေသာကပွဲသို့ ဖိတ်ကြားခဲ့ရာ အားလုံးရောက် လာခဲ့ကြသည်။ ရုံထဲတွင် ပရိသတ် သောင်းကျော်မျှရှိနေသည်။ သည်တော့မှ ဒင်နီကေးက မမျှော်လင့်ဘဲ ဂေါက်သီးသမား သူ့မိတ်ဆွေများအား စင်ပေါ်သို့ ဖိတ်ကြား၍ သီချင်းတစ်ပုဒ်ဆိုပြကြရန် မေတ္တာရပ်ခံခဲ့ရာ မိတ်ဆွေများမှာ သီချင်းမဆိုရဲကြဘဲ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ကြသည်။ ဤတွင်မှ လူရွှင်တော် ဒင်နီးကေးက သူ့မိတ်ဆွေများအား “ကဲ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ကျွန်တော် ဘာကြောင့် ရူံးခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြပြီလား။ အခုခင်ဗျားတို့အားလုံး ကျုပ်ရဲ့ ဂေါက်ကွင်းထဲ ရောက်နေပြီလေ” ဟု ပြောလိုက်ရာ ပရိသတ်အားလုံး တဝါးဝါးဖြင့် ရယ်မော၍ မဆုံးအောင် ဖြစ်သွား ခဲ့ကြရ၏။
ယူနီဖောင်းချုပ်ကောင်းတဲ့ အပ်ချုပ်ဆရာ
အမေရိကန် တပ်မတော်မှ ဗိုလ်လောင်းတစ်ဦးဖြစ်သူ ဘိလ်ဘလပ်စ်သည် အချုပ်အလုပ်ဝါသနာပါသော စစ်ဗိုလ်တစ်ယောက်ဖြစ်၍ တပ်မတော်ယူနီဖောင်းများကို စမတ်ကျကျ ပုံစံကျကျ ချုပ်လုပ်တတ်သူဖြစ်သည်။ သူသည် တပ်မတော်ထဲသိုပ မဝင်မီကပင် ယူနီဖောင်းများချုပ်ရာ၌ နာမည်ကြီး၍ ဗိုလ်လောင်းများ၊ ယူနီဖောင်းများ ချုပ်ရာ၌ သူ့ဆိုင်တွင် အပ်လေ့ရှိကြသည်။
သူသည် တပ်မတော်နှင့်လည်း နိးစပ်သူတစ်ဦးဖြစ်ရာ စစ်မှုထမ်းလိုသဖြင့် လျှောက်လွှာတင်လိုက်ရာ ချက်ခြျင်းဆိုသလိုပင် ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။ သို့ဖြင့် သူ့အတွကပ် ဗိုလ်လောင်းယနီဖောင်း ကို သူကိုယ်တိုင် စမတ်ကျကျ အကောင်းဆုံးဖြစ်အောင် ချုပ်လုပ်၍ ဝတ်ဆင်၍ ရုံးတက်ခဲ့သည်။ သို့သော် တစ်ပတ်ခန့်ကြာသောအခါ သူကိုယ်တိုင် ချုပ်လုပ်သည့် ယူနီဖောင်းမှာ ပုံစံမကျဟုဆိုကာ မြို့ထဲမှ နာမည်ကြီး BROOK BROTHERS အပ်ချုပ်ဆိုင်သို့ အပြေးအလွှားသွားကာပြန်၍ အချုပ်ခိုင်းခဲ့ရသဖြင့် ဗိုလ်လောင်းများအားလုံး တဝုန်းဝုန်းဖြင့် ပွဲကျမဆုံးအောင် ဖြစ်ခဲ့၇၏။

ပဝါကလေး လေထဲမှာ ပျံဝဲကျလာသလို

တော့စ်ကာနီနီသည် ပြင်သစ် ဂီတလောကတွင် နာမည်ကျော်တီးဝိုင်းခေါင်းဆောင် တစ်ဦးဖြစ်၏။ တစ်နေ့တွင် LAMAR အမည်ရှိ နာမည်ကြီး ပြင်သစ်သီချင်တစ်ပုဒ်ကို ဆရာကြီးတော့စ်ကာနီနီက ခေါင်း ဆောင်၍ တီးလုံးတိုက်ပေးလျက်ရှိသည်။ ထိုအပိုဒ်ကို သာာယာငြိမ့်ငြောင်းစွာ တီးမှုတ်ကြရမည်ဖြစ်ရာ ဆရာကြီးသည် ရုတ်တရက် ထိုသို့ တီးမှုတ်ရမည်ကို ပြစ်သစ်ဘာသာစကားဖြင့် မည်သို့ခေါ်ရမှန်းမသိဘဲ သတိမေ့လျော့နေခဲ့သည်။
သို့ဖြင့် တီးဝိုင်းခေါင်းဆောင် ဆရာကြိးသည် သူ၏ ကုတ်အင်္ကျ ီအိတ်ထဲမှ လက်ကိုင်ပဝါ ကိုရုတ်တရက်ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်၍ ပစ်လိုက်သည်။ လက်ကိုင်ပဝါကလေးသည် အပေါ်သို့ မြောက်တက်သွားပြီး လေထဲတွင် အလိုက်သင့် ပျံဝဲကာ ငြိမ့်ငြောင်းစွာ အောက်သို့ ကျလာခဲ့ရာ အတီးအမှုတ်သမား ဂီတဆရာများသည် ဘာလုပ်ရမှန်းမသိဘဲ လေထဲတွင် ပျံဝဲကာ အောက်သို့ ဖြည်းဖြည်းကလေးကျလာသည့် လက်ကိုင်ပဝါကလေးကို မော့၍ စိုက်ကြည့်နေခဲ့ကြသည်။
ဤတါင် တီးဝိုင်းခေါင်းဆောင်ဖြစ်သူ ဆရာကြီး တောစ်ကာနီနီက “ကဲမင်းတို့အားလုံး မြင်တယ်မဟုတ်လား ဒီသီချင်းမှာ ဒီတစ်ပိုဒ်ကို တီးတဲ့ မှုတ်တဲ့အခါမှာ အဲဒီလက်ကိုင်ပုဝါကလေး လေထဲမှာ ပျံဝဲပြီး ဖြည်းဖြည်းကလေး ကျလာသလို ငြိမ့်ငြိမ့်ငြောင်းငြောင်းကလေး တီးကြမှုတ်ကြဖို့ပဲ။ အဲဒီအတိုင်းသာ မှတ်ထားကြ“ ဟူ၍ ခပ်တည်တည်သင်ကြားနေခဲ့ပါသတည်း။

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်သည်။ ဗြိတိသျှ နန်းရင်းဝန်(ဝန်ကြီးချုပ်) ဝင်စတန်ချာချီသည် ဂျာမန်တို့၏ လေကြောင်းရန်မှ ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် လန်ဒန်မြို့ တော်မှ ကမ္ဘာကျော် “ကင်တာကာရီ” ဘုရားရှိခိုးကျောင်းကြီးကို ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ရန် အတတ်နိုင်ဆုံး စီစဉ်နေခဲ့သည်။ ထိုစဉ်က ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် သဲအိတ်များကို ဘေးပတ်ပတ်လည်မှ အများအပြားချထားခဲ့ ကြရသည်။ ချာချီသည် လူအင်အားအများအပြားဖြင့် သဲအိတ်များကို စုပြုံချထားရန် စီစဉ် အမိန့်ပေးရင်း သူ့ဘေးနားမှ ဂိုဏ်းချု့ ဘုန်းတော်ကြီးအား ဤသို့ လျှောက်ထားလိုက်သည်။
“ဒီလို သဲအိတ်တွေ အလုံအလောက် စုပြုံပြီးချထားမယ်ဆိုရင် ဂျာမန်တွေရဲ့ ဗုံးဒဏ်ဟာ ဘယ်လောက်ပဲ အနီးကပ်ကျပြီး ပေါက်ကွဲပေမယ့် အဆောက်အအုံကို မထိခိုက်မပျေက်စီးနိုင်ပါဘူး”
ဤတွင် ချာချီ၏စကားကို နားစိုက်ထောင်ရင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ဂျာမန်တွေ ကြဲချတဲ့ဗုံးတွေဟာ ဘုရားရှိခိုးကျောင်းကြီးနားတစ်ဝိုက်မကျဘဲ ဘုရားရှိခိုးကျောင်းကြီးပေါ်ကို တည့်တည့်ကြီး ဒါရိုက်ဟစ် ကျလာခဲ့ရင် ဘယ်လိုလုပ်မလဲ ဝန်ကြီးချုပ်” ဟူ၍ ပြန်မေးလိုက်ရာ ဖြတ်ထိုးဉာဉ်ကောင်းသလောက် ဟာသဉာဏ်ရွှင်လှသော ဝန်ကြီးချုုပ်ချူချာချီက “ အဲဒီလို ဒါရိုက်ဟစ်ကျလာခဲ့ရင်လည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလို့ မှတ်ယူရမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားလိုက်ရာ ဂိုဏ်းချုပ်ဘုန်းတော် ကြီးမှာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်ဟူ၏။

အသက် ၇၀ ကျော်တော့ ဘာလုပ်ရမှာလဲ

အမေရိကန်ပြည်ထောင်စု ကင်းဆပ်စ်ပြည်နယ်မှ ဖက်ရျင် အလှမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာချုပ်ဝီလျ့ဟယ်လင်သည် အသက် ၇၀ ပြည့် မေါးနေ့ကျင်းပပေးခဲ့သည်။ ထိုမဂ္ဂဇင်းမှာ အမျိုးသမီးများ၊ အလှမယ်ဖက်ရှင်ပုံများဖြင့် ထူးထူးခြားခြား ဖော်ပြခဲ့သဖြင့် နာမည်ကျော်ကြားလျက်ရှိ သည်။
အဆိုပါ ၇၀ ပြည့်မွေးနေ့ပွဲတွင် အပေါင်းအသင်း မိတ်ဆွေများက အယ်ဒီတာချုပ် ဝီလျံအား မေးခွန်းများမေးမြန်းခဲ့ကြရာ အဘိုးကြီး ဝီလျံမှာ မေးသမျှ မေးခွန်းများကို အလိုက်သင့်ဖြေကြားနေခဲ့ရ သည်။ ဤတွင် စာဖတ်သူတစ်ဦးက “အယ်ဒီတာချုပ်ဝီလျံအား ဆရာကြီးအခု အသက် ၇၀ အရွယ်အထိ အယ်ဒိတာလုပ်နေရတာ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ” ဟု မေးမြန်းခဲ့ရာ ဆရာကြီးက အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ဟာသနှော၍ ပြန်လည်ဖြေကြားသွားခြ့သည်။ “ဒီခေတ် မိန်းကလေးတွေဟာ အရင်ကလို ရှက်ကြောက်မနေကြတော့ဘဲ၊ ၊ ခေတ်ဆန်ဆန်ဝတ်စားပြင်ဆင်ပြီး အမျိုးစားတွေနဲ့အတူ ပူးပူကပ်ကပ် ထိုင်နေကြတာပဲ။ သူတို့အတွက် အဲဒီလို အမျိုးသားတွေနဲ့ နီးနီးစပ်စပ်ပူးပးကပ်ကပ်နေတာထိုင်တာ ဘာမျမဆန်းတော့ပါဘူး။ ကြောက်လည်း မကြောက်တော့ပါ ဘူး။ ဒါပေမယ့် ကျုပ်လို အသက် ၇၀ ကျော်နေတဲ့ အဘိုးကြီးတွေအတွက် ဒီလိုနေရထိုင်ရလို့ အကြောင်းမထူးတော့ပါဘူးဗျာ” ဟု ဖြေလိုက်သဖြင့် အားလုံးပွဲကျသွားခဲ့သည်။

ဆိုင်ခွဲ

သူတောင်းစားတစ်ယောက်က ဦးထုပ်ကို ရှေ့ချပြီး လမ်းဘေးတွင်ပိုက်ဆံတောင်းနေသည်။ လူတစ် ယောက်က ထိုဦးထုပ်ထဲကို ပိုက်ဆံပစ်ထည့်ပေးရင်း မေးခွန်းတစ်ခုကို မေ၏။
“ခင်ဗျားက ဦးထုပ် နှစ်လုံးတောင် ချထားတာကို၊ ဒီဥိးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း”
“ဟိုဘက်က ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ ခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ့သဘောပါ။

သူက သူဌေးသား

သူဌေးကြီးက ပိုက်ဆံစွန့်ကြဲတာ နည်းသဖြင့် သူတောင်းစားက စောဒကတတ်သည်တဲ့။
“ သူဌေးကြီးက ဒီလောက်ပဲလားဗျာ…မနေ့က သူဌေးကြီးရဲ့သား ကျွန်တော့်ကို စွန့်ကြဲသွာတာ ဒီဆယ်ဆလောက် ရှိတယ်”
သူဌေးကြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်တဲ့။
“ဒါကတော့ သူက သူဌေးသားကို ၊ ငါက သူဌေးသားမှ မဟုတ်တာ…တဲ့”

ဝက်နှင့်ဘီယာ

ဝက်တစ်ကောင် ဘားခန်းထဲသို့ ဝင်လာကာ “ဘီယာတစ်လုံး” ဟု မှာသည်။ ဘီယာသောက်ပြီးနောက် အပေါ့သွားရန်နေရာမေးရာ ဘီယာငှဲ့ပေးသူက “လှေကားကဆင်း၊ ဘယ်ဘတ်ချိုး” ဟူ၍ ပြောလိုက် သည်။
ဒုတိယဝက်တစ်ကောင်ရောက်လာကာ “ဘီယာဆယ်လုံး ဟုမှာသည်။ ဘီယာသောက်ပြီေးနာက် အပေါ့သွားရန် နေရမေးရာ ဘီယာငှဲ့ပေးသူက “လှေကားဆင်း၊ ဘယ်ဘက်ချိုး” ဟုတ်၍ လမ်းညွှန်လိုက် ပြန်သည်။
နောက်ထပ်ဝက်တစ်ကောင်ရောက်လာပြီး “ဘီယာအလုံး ၁၀၀” ဟုမှာကာ ဆက်တိုက်သောက်ပြီး သွားသောအခါ ဘီယာငှဲ့ပေးသူက “ဘာလဲမင်းလည်း အပေါ့သွားရမယ့်နေရာ မေးဦးမလို့လား” ဟု မေးရာ-
“မမေးဘူးကွ၊ ငါအိမ်ပြန်ရင်း လမ်းမှာ တရှူးရှူးနဲ့ ပေါက်သွားမှာ” ဟု ပြောရင်း ထွက်သွားပါလေ၏။

ယောက်ျားပျောက်သည်

အမျိုးသမီးတစ်ဦးက ရဲကိုဖုန်းဆက်ပြီး သူမယောက်ျားပျောက်နေကြောင်း သတင်းပေးပို့သည်။ ရဲက ရောက်လာပြိး သူမယောက်ျား၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းသောအခါ အမျိုးသမီးက သူမ ယောက်ျား သည် ၆ပေ ၂လက်မဖြင့် ရွှေရောင်လှိုင်းတွန့် ဆံပင်နှင့် အမြဲတမ်းပြုံးရွှင်နေကာ လူတိုင်းချစ်ခင်ကြောင်း ပြောလိုက်သည်။
အမှုကိုသေချာစေရန် ရဲကနံဘေးအိမ်မှ အမျိုးသမီးကြီးအားဝင်ရောက် စုံစမ်းရာ အမျိုးသမီးကြီးက
“ မိန်းကလေးကို ယုံလို့မရဘူးနော်။ သူ့ယောက်ျားအရပ်က ၅ပေ ၄လက်မလောက်ပဲရှိသည်။ ခေါင်းမှာ ဆံပင်လည်းမရှိဘူး။ မျက်နှာကလည်း အမြဲတမ်းမျက်မှောင်ကုတ်နေတာ” ဟု ပြောလိုက်သည်။
ရဲထွက်သွားပြီ းနောက်အိမ်နီးချင်းအမျိုးသမီးကြီးက အမျိုးသမီးငယ်အားဘာကြောင့် ရဲကို လိမ်ညာပြော ရသလဲဟုမေးမြန်းရာ အမျိုးသမီးငယ်က
“ပျောက်နေတယ်လို့ပဲ သတင်းပို့တာလေ၊ ပြန်လိုချင်တယ်လို့ဆိုလိုတာမှ မဟုတ်ဘဲ” ဟုပြောရာ…..

Don't Copy If You Can't Paste

နာမည်ကြီး စိတ်ဓာတ်လှုံ့ဆော်ရေး ဆရာတစ်ယောက်က သူ့ရဲ့ ပရိတ်သတ်ကို

ဖျော်ဖြေနေစဉ်မှာ ဖြစ်ပါတယ်...

“ကျွန်တော့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့

အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”

ပရိတ်သတ်ကြီးလည်း အံ့သြမှင်သက်စွာ တတ်ဆိတ်သွားကြပါတယ်...

တဖန် သူက ဆက်၍ “ အဲဒီအမျိုးသမီးကတော့ ကျွန်တော့ မိခင်ပါပဲ”

လက်ခုပ်သံနှင့် ရီမောသံများ မိုးလုံးညံခဲ့ပါတယ်....

တပတ်ကြာပြီးနောက်... အဲဒီဆရာရဲ့ သင်တန်းသား ထိပ်တန်းမန်နေဂျာတစ်ယောက်ဟာ

ဒီ ဟာသကို သူ့အိမ်မှာ ပြန်ဖောက်သည်ချဖို့ ကြိုးစားပါတယ်..

အဲဒီအချိန်က သူနဲနဲ မူးနေခဲ့တယ်...

သူအသံမြှင့်ပြီး ညစာပြင်ဆင်ပေးနေတဲ့ သူ့မိန်းမကို အော်ပြောလိုက်တယ်....

“ကျွန်တော့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့

အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”

သူ့မိန်းမလည်း အံ့သြလွန်းလို့ ဘာမှ မပြောနိုင်ပဲ ဆွံ့ အ သွားခဲ့တယ်...

သူလဲ သူ့ဟာသကိုဆက်ဖို့ စကားလုံးကို ကြိုးစားရှာဖွေပေမယ့် စက္ကန့် ၂၀ လောက်ကြာတဲ့အထိ

စဉ်းစားမရခဲ့ဘူး...

နောက်ဆုံးသူပြောလိုက်တာက

“အဲဒီ အမျိုးသမီးဘယ်သူလဲ ငါ မမှတ်မိတော့ဘူး”

သူပြန်သတိရလာတဲ့အခါ သူသိလိုက်တာက ရေနွေးပူလောင်တဲ့ဒဏ်ရာကြောင့်

ဆေးရုံပေါ်က ကုတင်ပေါ်မှာရောက်နေတယ် ဆိုတာပါပဲ

ကဲ....... သူငယ်ချင်းတို့လဲ ....

Don't copy if you can't paste!

မပိုင်ဘူးထင်ရင် ခြင်မရိုက်ကြပါနဲ့...

paste လုပ်နိုင်မယ်မထင်ရင် အစထဲက copy မလုပ်ကြနဲ့နော်...

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...