Wednesday, September 18, 2013

စာချွန်

ဟေ့.....ညီလေး
       "နွားခြေစာခွက်ထဲက ဖားသူငယ်လိုတော့
        မကျင့်ကြံလေနှင့်"
        မင်းကုတင်ဘေးကပြတင်းကို
       လှမ်းကြည့်လိုက်ပါ
       ဗီဇနာစည်းချက် သံစဉ်တွေနဲ့ အတူ
       ခုနှစ်လွှာအက ကနေတဲ့
       ဒို့ မယ်ကမ္ဘာသမီးပျိုကို မင်းတွေ့ ရလိမ့်မယ်..

ဒီမယ်.....ညီလေး
       "၀ါလုံးခေါင်းထဲမှာပဲ လသာမနေနှင့်"
        မင်းရဲ့ အခွံတွင်း လင်းရုံလောက်ပဲ
        ကျေနပ်ရောင့်ရဲ နေတော့မှာလား
        မင်းကိုမင်းစိတ်ကြိုက် ဆုံးစွန်းတိုင်အောင်
        ဖြန့် ကျက်ထွန်းတောက် လိုက်စမ်းပါ......

ပြီးတော့.....ညီလေး
        "စောင်ခြုံထဲကနေပဲ လက်သီးပြမနေနှင့်"
        ရဲသွေးနီနီလျှံတက်နေတဲ့ မင်းလက်သီးကို
        အားမာန်ဝံ့ဝံ့ မြှောက်ပြလိုက်စမ်းပါ
        ကျောမခံ ကျောမပေး
        ရင်နှစ်ခြမ်းနဲ့  ရဲရဲရင်ဆိုင်လိုက်စမ်းပါ

အပြောလွယ် အလုပ်ခက်သတဲ့
       ဒီကိုယ်လည်း နွားခြေစာခွက်ထဲမှာ
       တချိန်က အိပ်မောကျခဲ့ဖူးတယ်
       ကိုယ့်အကာနဲ့ ကိုယ် ကြီးကျယ်လှပြီမှတ်ပြီး
       မှိတ်တုတ်မှိတ်တုတ် လုပ်ခဲ့ဖူးတယ်
       နောက်ဆုံးတော့လည်း.....
       လက်သီးထုပ်ပြပြီး
       ဖနောင့်နဲ့ တင်ပါး တသားတည်းပါအောင်
       ပြေးခဲ့ဖူးတာ အမှန် ။

@ ရှတာ

No comments:

Post a Comment

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...