Friday, May 24, 2024

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။ နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ တနင်္ဂနွေနေ့ .................. မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။ တနင်္လာနေ့ ................. အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။ အင်္ဂါနေ့ ............ တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ .............. ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။ ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။ ကြာသပတေးနေ့ ....................... ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။ ၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။ သောကြာနေ့ .................. တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏ စနေနေ့ ........... ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။ ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။ အနာဂတ် လူငယ်များအတွက် ... #Credit မူရင်းေရးသားသူ

Friday, May 17, 2024

ပြည်ပသွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိမူရမည့် အချက်အလက်များ

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပခရီးသွားရောက်မှုများ ပိုမိုများပြားလျက်ရှိကြပြီး၊ ခရီးသွားအုပ်စုများအတွင်း ခါးပိုက်နှိုက်ခံရခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းများ ကြုံရလေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ (ခရီးသွားများ/ သင်တန်းသားများ/ တာဝန်ဖြင့်သွားရောက်သူများ)အနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် အောက်ပါအချက်အလက်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည် – (က) မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူကူးထား၍ သီးသန့်သိမ်းထားရန် လိုအပ်ပါသည်။ ဖြစ်နိုင်က မိမိ၏ မြန်မာ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ်မိတ္တူ (Soft Copy) အနေဖြင့် မိမိ၏ email (သို့မဟုတ်) အခြားလုံခြုံစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက် (ဥပမာ – Google Drive)တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။ ပျောက်ဆုံးကြောင်း လာရောက်တိုင်ကြားလျှင် မြန်မာနိုင်ငံကူးလက်မှတ်အမှတ် ထုတ်ပေးသည့်နေ့စွဲများလည်း လိုအပ်ပါသည်။ (ခ) ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့်နေရာရှိ ရဲစခန်းသို့ တိုင်ကြားထားသည့် စာလိုအပ်ပါသည်။ (ဂ) လိုင်စင်ဓါတ်ပုံ(၃)ပုံ လိုအပ်ပါသည်။ ထို့အပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့်နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာ၊ ဖုန်းအမှတ်များ ပေးထားသင့် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ အထောက်အထားများနှင့် စပ်လျဉ်း၍ မသဲကွဲခြင်း၊ စိစစ်မှု မရနိုင်ခြင်းများ ရှိလာပါက မြန်မာသံရုံးများသို့ ဆက်သွယ်သင့်ကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ်ရန်ဖုန်းအမှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာသံရုံးအခြေစိုက်ရာနိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အခက်အခဲ ကြုံတွေ့ရသူ မိမိနိုင်ငံသားများဖြစ်သည့် မြန်မာခရီး သွားများအတွက် ရုံးပိတ်ရက်များတွင်ပင် (C of I) ထုတ်ပေးခြင်းနှင့် လိုအပ်ပါက နေထိုင်စားသောက်ရေးတို့ကိုပါ ကူညီထောက်ပံ့ပေး လျက်ရှိပါသည်။ Ref: နိုင်ငံခြားရေးဝန်ကြီးဌာန နေ ပြည် တော်

Saturday, April 27, 2024

သင်ဘာလို့အလုပ်ထွက်သင့်ပြီလဲ။

လခစား ၀န်ထမ်း ဘ၀ ကို စွန့်လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ဖို့စဉ်းစားနေသူများအတွက်……… ကျွန်တော် ဒီနေ့ရေးမှာကတော့ “အခု ခေတ်မှာ သင့်အနေနဲ့၀န်ထမ်းဘ၀ ကို စွန့်လွှတ်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်သင့်တယ်လို့ စဉ်းစားမိအောင် ထောက်ခံပေးတဲ့ အချက် ၁၀ ချက်” အကြောင်း ကို ရေးချင်ပါတယ်။ ၁၀ ချက် စလုံးကတော့ မြန်မာပြည်နဲ့ကိုက်ညီ ချင်မှ ကိုက် ညီ ဦးပါမယ်။ ဒါပေမယ့် ကြိုတင် စဉ်းစားထားလို့ရတာ ပေ့ါ။ ကျွန်တော် ဒီလိုရေးလို့ကျွန်တော့်ကို မေးစရာ ရှိလာပါတယ်။ ခင်ဗျားကော ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီလား။ ၀န်ထမ်းလုပ်တုန်းပဲလားဆိုပြီး……….. ကျွန်တော် လောလောဆယ်တော့ ၀န်ထမ်း လုပ်တုန်းပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကိုယ်ပိုင် စီပွားရေး ကို စတင်နေပါပြီ။ ကိုယ်ပိုင်စီးပွားရေးမှာ အခြေမကျခင် ကိုယ့် ရဲ့ စား၀တ်နေရေးအတွက် အရေးကြီးတဲ့ ၀င်ငွေရရှိဖို့၊ ကိုယ်ပိုင်စီးပွားရေးအတွက် အရင်းအနှီး ရရှိနိုင်ဖို့ ၀န်ထမ်း လစာကို မှီခိုနေရတုန်းပါပဲ။ ဒါပေမယ့် ဒီဆောင်းပါးလေး ကို ဖတ်ကြည့်တော့ ကိုယ်ဦးတည်နေတဲ့ လမ်းကို ပိုပြီး ယုံယုံကြည်ကြည်လျှောက်လှမ်းနိုင်ဖို့ စိတ်ခွန်အားတွေ ရရှိတဲ့အတွက် စာဖတ်သူ မိတ်ဆွေတွေကို လည်း ဖတ်စေချင်လို့ရေးလိုက်ပါတယ်။ (မှတ်ချက်။ ။ ဒီဟာ ဖတ်ပြီးတာနဲ့တော့ အလုပ်မထွက်လိုက်ပါနဲ့။ ထမင်းစား စရာ မရှိတော့ ရင် ကျွန်တော် တရားစွဲခံနေရပါဦးမယ်) ကဲ…စကြရအောင်။ ကျွန်တော်တို့ရဲ့ ဘ၀ ဟာ တိုတောင်းလှပါတယ်။ အဲ့ဒီ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာရှိနေတဲ့ သင့် ဘ၀ကို ဘာဖြစ်ချင်တယ်ဆိုတာ သေချာ စဉ်းစားကြည့်ပါ။ တစ်သက်လုံး မိမိ ရဲ့ခွန်အားတွေ၊ အကြံဥာဏ်တွေကို တခြားသူ တစ်ဦးတစ်ယောက်အတွက် အခကြေးငွေအနည်းငယ် နဲ့လုပ်ပေးနေမလား။ တစ်ခါတစ်ရံ ထိုသူတွေက သင့်ကို ကျေးဇူးတင်ဖို့မေ့နေပါတတ်တယ်။ တစ်ခါတစ်ရံ သင့်ရဲ့ နေရာကိုတောင် အခြား တစ်ယောက်နဲ့ အစားထိုး လဲလှယ် သွားနိုင်ပါတယ်။ သင့် အနေနဲ့အားသွန်ခွန်စိုက် ကြိုးစားလည်း လကုန် ယင် ရမှာက ဒီ လစာပါပဲ။ (အဲလို ပြောလို့အလုပ်မလုပ်ပဲ အချောင်ခိုခိုင်းတာ မဟုတ်ပါ)။ သင့် ရဲ့တန်ဖိုး ရှိလှတဲ့ခွန်အား ဥာဏ်စွမ်းတွေကို ကိုယ်ပိုင် စီးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းမှာ အသုံးချလိုက်ယင် ဘယ်လိုနေမလဲ။ ဒါပေမယ့် ပြောစရာ ရှိလာပါတယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခု ထောင်ဖို့ဆိုတာ လိုအပ်ချက်တွေ အများကြီး။ လွယ်လွယ်နဲ့ထောင်လို့ရလို့ကတော့ လူတိုင်း ထောင်ကုန်လို့၀န်ထမ်းတောင် ရှိလာတော့ မှာ မဟုတ်ဘူး ဆိုပြီး ပြောစရာ ရှိလာနိုင်ပါတယ်။ မှန်ပါတယ်။ အဲ့လိုတော့ စီးပွားရေး တစ်ခုကို လွယ်လွယ်နဲ့စလို့မရပါဘူး။ ဒါပေမယ့်တစ်ချိန်ချိန်မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်မယ်လို့ရည်ရွယ်ချက် ရှိတဲ့သူတွေအတွက်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက် (၁၀) ချက်က စိတ်ခွန်အားကို ဖြစ်စေမှာပါ။ ၁။ မည်သည့်နေရာမှ မဆို အလုပ် လုပ်နိုင်ခြင်း (မြန်မာနိုင်ငံတွင်တော့ အနည်း ငယ် ခက်ခဲပါဦးမည်)။ အခုလို အင်တာနက်တွေ မြန်ဆန်လာပြီး နေရာတော်တော်များများ မှာ အင်တာနက် အသုံးပြုလို့ရလာတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့အနေနဲ့ ရုံးမှာ ထိုင်ပြီး အလုပ်လုပ်နေစရာမလိုတော့ ပါဘူး။ သင့် မှာ ကွန်ပြူတာ တစ်လုံး ရယ်၊ အင်တာနက် ရယ် ရှိယင် ကော်ဖီ ဆိုင်ကပဲ ဖြစ်ဖြစ်၊ သင့်ရဲ့ကုတင်ပေါ်ကပဲ ဖြစ်ဖြစ်၊ ရထားပေါ်ကပဲ ဖြစ်ဖြစ်၊ ကမ်းခြေက ဘန်ဂလို ထဲကပဲ ဖြစ်ဖြစ် အလုပ် လုပ်လို့ရပါပြီ။ သင်ရှိနေတဲ့ နေရာကို သာ သင့်ရဲ့အလုပ်နေရာလို့သတ်မှတ်လိုက်ပါ။ အခု အခါ မှာ လုပ်ငန်းတော်တော် များများက လူချင်းမတွေ့ရပဲ လုပ်လို့ရတာမျိုးတွေ များလာပါပြီ။ (စားသောက်ဆိုင်ဖွင့်တာ၊ ပွဲ ရုံ လုပ်တာတွေတော့ မပါဘူးပေါ့နော်)။ consultant အတိုင်ပင်ခံအလုပ်တွေ၊ IT programmer တွေ၊ graphic designer တွေ၊ အမျိုးမျိုးပါပဲ။ မြန်မာပြည်မှာ အင်တာနက် တွေ မမြန်လို့ဆိုပေမယ့် email လောက် အသုံးပြုလို့ရယင်ကို လုပ်လို့ရတဲ့ အလုပ်တွေ အများကြီးပါ။ ဘာသာပြန် translation လုပ်မလား၊ graphic designer လုပ်မလား၊ အများကြီးလုပ်လို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အချို့အဖွဲ့အစည်းတွေရဲ့ report တွေကို ရေးပေးတာတို့၊ စစ်တမ်းကောက်ယူမှုတွေအတွက် အကြံပေး တာတို့တွေ လုပ်နေပါတယ်။ လူချင်းတွေ့စရာမလိုပါဘူး။ ပြီးတော့ ကိုယ်က အဲ့ဒီ အဖွဲ့အစည်းတွေ ရဲ့၀န်ထမ်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သင့် အနေနဲ့တော့ လုပ်ငန်း တစ်ခု မှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ ဘာသာ ပြန် မယ်ဆိုယင် ဘာသာ ပြန် ကျွမ်းကျင်ဖို့လိုမယ်။ program ရေးမယ်ဆိုယင် programming language ကျွမ်းကျင်ဖို့လိုတာပေါ့။ ၂။ သင် စိတ်၀င်စားတဲ့အရာကို လုပ်ခွင့်ရခြင်း။ သင့် အနေနဲ့ တကယ်စိတ်၀င်စားတဲ့ အလုပ်က လျှပ်စစ် ကရိယာလေးတွေကို ကလိရတာ၊ အသစ် အသစ်ပေါ်လာတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို လေ့လာရတာမျိုး ဖြစ်ပါလိမ့်မယ်။ အဲ့ဒါဆိုယင်တော့ သင့် ကိုယ်ပိုင် ဖုန်းဆိုင်လေး ဖွင့် ကွန်ပြူတာ ဆိုင်လေး ဖွင့် တာအကောင်းဆုံးပေ့ါ။ ဒါပေမယ့် ၀န်ထမ်းဘ၀မှာတော့ သင် စိတ်၀င်စားတာကို မလုပ်ရပဲ တစ်နေကုန် စာစီ စာရိုက်လုပ်နေယင် လုပ်နေရလိမ့်မယ်။ အစည်းအဝေးတွေ လိုက်တက်နေယင် တက်နေရလိမ့်မယ်။ သင် ဝါသနာ မပါတဲ့အလုပ်ကို လုပ်နေရယင် တကယ့်ကို ၀တ်ကျေ တန်းကျေပါပဲ။ ကဲ… အဲ့ဒါဆို ဘာလို့သင် စိတ်၀င်စားတာနဲ့ကိုက်ညီတဲ့ ကိုယ်ပိုင် အလုပ်ကို စတင် အကောင်အထည် ဖော်ဖို့မစဉ်းစားတာလဲ????? ၃။ ပိုက်ဆံများများ ပို ရှာနိုင်ခြင်း။ သင့်အနေနဲ့၀န်ထမ်းဘ၀မှာ လစာ အလွန်ကောင်းတဲ့ အလုပ်မှာ လုပ်နေရတာ ဖြစ်ယင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လစာ များတာနဲ့အညီ သင်လည်း ပြန်ပေးဆပ်ရမှာပါ။ အဲ့ဒီအလုပ်အတွက် သင့်အနေနဲ့နေရာ တစ်ခု မှာ ရှိနေရမယ်၊ အချိန်အတိုင်းအတာ တစ်ခု အကုန်ခံရမယ်။ မ၀တ်ချင်တဲ့ အ၀တ်တွေ ၀တ်ပြီး ပျင်းစရာကောင်းလှတဲ့ အစည်းအဝေးခန်းမထဲမှာ ထိုင်ယင်ထိုင်နေရမယ်။ တကယ်ကို အလုပ် မဖြစ်တဲ့ အစည်းအဝေးမှန်း သိပေမယ့် သင် မတတ်လို့မရပါ။ အဲ့ဒီလို တစ်နေ့တစ်နေ့ကုန်နေမယ့် အချိန်တွေ ကို ကိုယ့်လုပ်ငန်းမှာ သုံးလိုက်ယင် သင် ၀န်ထမ်း ဘ၀မှာ ရတဲ့ လစာထက် ပိုများတဲ့ လစာ ကို သင်ရှာနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ဖန်တီးတွေခေါ်နိုင်မှု ဥာဏ်စွမ်းတွေ လည်း ပိုပြီး ထက်သန် လာပါလိမ့်မယ်။ အဲ့ဒီ ဖန်တီးတွေ ခေါ်နိုင်စွမ်းတွေက သင့်လုပ်ငန်းကို ပိုပြီး အောင်မြင်အောင် ထောက်ပံ့ပါလိမ့်မယ်။ လစာကောင်းတဲ့ ရာထူး ကြီး တစ်ခု ရထားတဲ့သူ တော်တော်များများ မှာ ကျွမ်းကျင်မှု နဲ့အရည်အချင်းက ရှိပြီးသားပါ။ ၄။ ပျင်းရိမှု ကို ပျောက်ကင်းစေခြင်း။ သင်၀န်ထမ်း ဘ၀ကနေ ထွက်လိုက်ပြီး သင် ရဲ့ကိုယ်ပိုင်လုပ်ငန်းကို စတင်လိုက်တာနဲ့ သင့်မှာ လုပ်စရာတွေ အများကြီး ရှိလာပါပြီ။ ပတ်၀န်းကျင် အသစ်တွေနဲ့ဆက်ဆံရမယ်။ လူအသစ်တွေ မိတ်ဆွေ အသစ်တွေ ရတော့မယ်။ စိတ်၀င်စားစရာ တွေ တပုံတပင်တွေ့လာနိုင်တယ်။ သင်ခန်းစာ အသစ်တွေလဲ ရလာနိုင်တယ်။ သင်ကြုံတွေ့ရတဲ့ပတ်၀န်းကျင်က အရာတွေ အားလုံး က ပြောင်းလဲ သွားလိမ့်မယ်။ သင့်ရဲ့ ရလဒ်တွေလည်း ပြောင်းလဲ သွားလိမ့်မယ်။ အောင်မြင်မှုတွေ ရလာနိုင်တယ်။ ကျရှုံး မှုတွေလည်း ကြုံရနိုင်တယ်။ ဒါပေမယ့် အယင် ၀န်ထမ်း ဘ၀မှာ ကိုယ်မလုပ်ချင်တာကို လုပ်နေရပြီး နေစဉ် တွေ့ကြုံနေရတဲ့ ၀န်ထမ်း ဘ၀ ပတ်၀န်းကျင်လိုတော့ ပျင်းရိစရာ ကောင်းတော့မည် မဟုတ်ပါ။ ၅။သင့် အရည်အချင်းကို ဖော်ပြလာနိုင်ခြင်း။ ၀န်ထမ်းဘ၀မှာ သင့် မှာ ရှိတဲ့ အရည်အချင်း အစွမ်းအစကို ကို ဖော်ထုတ်ပြသနိုင်ဖို့အခွင့်အရေးနည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ သင့် ရဲ့ Boss က ကိုယ့် အရည်အချင်းတွေ ပြသခွင့်မရ အောင် ဖိနှိပ်ထားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ သင့် မှာ ရှိတဲ့ အရည်အချင်း အားလုံးကို ဖော်ထုတ် အသုံးချ လာ နိုင်မှာ ဖြစ်ပါတယ်။ ၆။ မိမိ ကိုယ်ကို ယုံကြည်မှု ပို ပြီး ရှိလာခြင်း။ အဖွဲ့အစည်း တစ်ခု အပေါ် မှီခိုမှုက နေ လွတ်ကင်းလာလိုက်တယ်ဆိုတာနဲ့သင့် ဘ၀ ကို သင့် ဖာသာ စတင်ရတော့ မှာပါ။ အဲ့ဒီ အချိန်ကျယင် ကြုံလာတဲ့ အခက်အခဲတွေကို တန်ပြန် တွန်းလှန် ယင်းနဲ့ သင့် ကိုယ်ကို သင် ယုံကြည်မှုတွေ ပိုပြီးတိုး ပွားလာမှာပါ။ ဒီကနေ့အလုပ်ထွက်လိုက်ပြီ ဆိုတာနဲ့နောက်နေ့ က စပြီး ၀န်ငွေရဖို့အတွက် စဉ်းစားရပါတော့မယ်။ အဲ့ဒီ အခါမှာ သင့် မှာ ရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ် တတ်လာမယ်။ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတဲ့ လုပ်ငန်းတွေကို စတင် အကောင်အထည် ဖော်တတ်လာမှာပါ။ သင့် ဘ၀အတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်လာမယ်။ ၀န်ထမ်းဘ၀မှာ သင့် ဘ၀ အတွက် ဆုံးဖြတ်ချက်ကို အထက် က ဆုံးဖြတ်တာ များပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ်တည်ဆောက် ရပြီဆိုယင်တော့ သင့် ဆုံးဖြတ်ချက်သည် သာ အဓိက ဖြစ်သွားပါပြီ။ ၇။ ကိုယ်ပိုင် အလုပ်ကို သွားရမည်ကို စိတ်လှုပ်ရှား ပျော်ရွှင်ခြင်း။ ၀န်ထမ်းတစ်ယောက်အနေနဲ့မနက် မိုးလင်း လိုက်တာနဲ့အလုပ်သွားရမှာကို စိတ်ညစ် နေပြီးဆိုယင်တော့ သင့်အနေနဲ့အဲ့ဒီအလုပ်ကနေ ထွက်လိုက် ဖို့ အမှန်ကန်ဆုံး အချိန်ရောက်နေပါပြီ။ တင်္နလာနေ့မနက်ရောက်မှာကို ကြောက်နေမိတယ်ဆိုယင်လည်း ထွက်လိုက်ပါတော့။ သင့်ကိုယ်ပိုင် အလုပ်ဆိုယင်တော့ မနက်မိုးလင်းတာနဲ့ စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေပါလိမ့်မယ်။ စိန်ခေါ်မှုတွေကလည်း သင့်ကို စောင့်ကြိုနေမှာပါ။ ဒါပေမယ့် အဲ့ဒီ စိန်ခေါ်မှုအားလုံးဟာ သင့်ကို အောင်မြင်မှုကို တွန်း ပို့နေမယ့် အရာတွေ ပါပဲ။ ကိုယ် စိတ်၀င်စားတဲ့ ကိုယ်ပိုင် အလုပ်ကို လုပ်နေရယင် တစ်ခါ တစ်ရံမှာ အလုပ်လုပ်နေတယ်လို့တောင် ထင်ချင်မှ ထင်မိမှာပါ။ ကိုယ့်ကို ကိုယ် အပန်းဖြေမှု တစ်ခုလို့တောင် ထင်မိ ပါဦးမယ်။ ၈။ အကန့်အသတ် မရှိတဲ့ အခွင့်အလမ်း တွေကို ရှာဖွေ နိုင်ခြင်း။ တကယ်လို့သင့်အနေနဲ့အခြားသူ တစ်ယောက်အတွက် အလုပ်လုပ်ပေးနေရမယ်ဆိုယင် အခွင့်အလမ်းကောင်းတွေကို ရှာဖွေနိုင်ဖို့အခွင့်အရေး နည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ ရှိကို မရှိတတ်ပါဘူး။ တကယ်လို့သင့်အနေနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီးဆိုယင်တော့ သင်ရှာဖွေ နိုင်သရွေ့အခွင့်အလမ်းတွေကြီးပါပဲ။ အကြံဥာဏ်ကောင်းတွေလည်း ပေါ်ထွက်လာမှာပါ။ ၉။ ဘ၀လိုအပ်ချက်နဲ့အညီ လိုက်လျောညီထွေမှု ရှိနိုင်ခြင်း။ သင့် မိဘတွေ အသက်ကြီးလာပြီး သင့်ရဲ့ စောင့်ရှောက်မှုကို လိုအပ်လာပြီ။ သင့်ကလေးကို ကျောင်းပို့ကျောင်းကြို ပို့ရန်လိုအပ်လာပြီ။ သင့် တို့မင်္ဂလာနှစ်ပတ်လည် နေ့မှာ သင့် အိမ်ထောင်ဖက် ဘေးမှာ ရှိဖို့လိုအပ်လာပြီ။ ၀န်ထမ်းဘ၀မှာ ဒါတွေကို လျစ်လျူ ရှု ဖြစ်ဖို့များပါတယ်။ သင့် ရဲ့ မိဘ နေမကောင်းတဲ့ အချိန် သင် အဝေးတစ်နေရာ ရောက်ယင် ရောက်နေမယ်။ သင့် ကလေး ကျောင်းကား စီးယင်စီးနေရလိမ့်မယ်။ မင်္ဂလာ နှစ်ပတ်လည်နေ့မှာ သင့် အိမ်ထောင်ဖက်က သင်ရုံး က ပြန်လာတဲ့ အချိန်ကို မအိပ်ပဲ စောင့်ယင် စောင့်နေရပါလိမ့်မယ်။ သင့်အချိန်ကို သင်မပိုင်ပါဘူး။ အလုပ်က ပိုင်နေပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ပြီးဆိုယင်တော့ ဒီလို ပြန်လည် အစားထိုး မရနိုင်တဲ့ သူတွေအတွက် သင့်ရဲ့အချိန်တွေကို ပေးလာနိုင်မှာပါ။ ကိုယ်ပိုင် လုပ်ငန်း အတွက် အရမ်း အချိန်ပေးနေရယင်တောင် ကိုယ့် အချိန်ကို ကိုယ် စိတ်တိုင်းကျ စီမံ နိုင်မှာပါ။ သင့်အချိန်ကို သင်ပိုင်ဆိုင်နေပါပြီ။ ၁၀။ နေရာ အနှ ံ့ လျှောက်သွားနိုင်ခြင်း။ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ထိ လုပ်ရတဲ့ ၀န်ထမ်းဘ၀မှာ တခြားနေရာ လျှောက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ တစ်နေ့တစ်နေ့သင့်မှာ သွားစရာ ရုံးနဲ့အလုပ်နဲ့ပက်သက်တဲ့နေရာတွေ ပဲ ရှိမှာပါ။ ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ နေရာ အနှ ံ့သွားရပါတော့မယ်။ သင့် လုပ်ငန်း ကို ဖွ ံ့ဖြိုး တိုးတက်ဖို့အတွက် စျေးကွက် ရှာရမယ်။ နေရာ အနှ ံ့က လူတွေနဲ့ဆက်ဆံရတော့မယ်။ ခရီးသွားပြီး ပတ်၀န်ကျင်သစ်ကို လေ့လာနိုင်မယ့် အခွင့် အရေးတွေ ရလာပါတော့မယ်။ ၀န်ထမ်းဘ၀မှာလည်း ခရီးသွားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လွတ်လပ်မှုနဲ့သွားရတဲ့ ခရီးက ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မှာ အသေချာပါ။ ဒီအပေါ်မှာ ရေးခဲ့တဲ့ အချက် ၁၀ ချက်ကတော့ သင့်အနေနဲ့၀န်ထမ်းဘ၀ကို စွန့်လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ယင် ရရှိလာနိုင်တဲ့ အခွင့်အရေးတွေပါပဲ။ ကျွန်တော့်ရဲ့အတွေ့အကြုံလည်း ပြောပြချင်ပါတယ်။ အဲ့ဒီ အချိန်က ကိုယ်ပိုင် လုပ်ငန်းတော့ မဟုတ်သေးပါဘူး။ ကျွန်တော် ဘန်ကောက်မှာ ဘွဲ့လွန် တစ်နှစ်တက်လို့ဘွဲ့ရကာနီး အချိန်ပေ့ါ။ စကော်လာ ရှစ်က ရထားတဲ့ တစ်နှစ်စာ ကျောင်းတတ်ဖို့ အသုံးစရိတ်ကလည်း ကျောင်း ပြီးခါနီးပြီးဆိုတော့ တော်တော် လုံးပါး ပါးသွားပြီ။ စာတမ်းပြုစု ရာမှာ လည်း အသုံးစရိတ်က တော်တော် ထောင်းသွားတယ်။ စာတမ်းအတွက် ကုန်ကျ စရိတ်ကို ကျောင်းက ပြန်ပေးတယ်ဆိုပေမယ့် လောလောဆယ် ကိုယ်က စိုက်ထားရတာ ဆိုတော့ အဆင်သိပ်မပြေ။ မိဘ ဆီက လည်း လှမ်းပြီး မတောင်းချင်တော့ဘူး။ အဲ့ဒီ အချိန်မှာ တစ်နေ့တစ်နေ့စဉ်းစားမိတာ ဘယ်လို ၀င်ငွေ ရနိုင်မလဲဆိုတာပဲ။ ထိုင်းမှာက ကျောင်းသားဆိုယင် အလုပ်လုပ်ခွင့်က မရှိ။ ထိုင်းစကားကလဲ မတတ်။ အဲ့ဒါနဲ့ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ဘာလုပ်လို့ရမလဲဆိုပြီး အပူအပြင်း ရှာမိတယ်။ အင်တာနက် ပေါ်မှာ အဓိက ရှာတယ်။ workshop တွေမှာလည်း အသိ မိတ်ဆွေတွေ တိုးပွားအောင်လုပ်တယ်။ အဲ့ဒီလို အခွင့်အလမ်း ရှာနေတဲ့ အချိန်မှာ စိတ်လှုပ် ရှားစရာ အကောင်းဆုံးပဲ။ online က freelance job တွေ လိုက်လျောက်တယ်။ ပိုက်ဆံကို သမာအာဇီ၀နည်းနဲ့ရှာနိုင်တာ မှန်သမျှ ကြိုးစားကြည့်တယ်။ အဲ့လိုနဲ့တစ်လ လောက်လဲ ရှိရော ဘာသာ ပြန်တဲ့ အလုပ် ရတယ်။ email နဲ့အလုပ်လုပ်ရုံပဲ။ သူတို့က ပြန်ချင်တာကို ပို့။ ကိုယ်က ပြန်ပေးပြီး ပြန်ပို့ရုံပဲ။ ထိုင်း တက္ကသိုလ်တစ်ခုက ပါမောက္ခ တစ်ယောက်ကို မြန်မာ ပြည်အကြောင်း (အဓိက ကျန်းမာရေး စောင့်ရှောက်မှု) တွေ ကို ရှာပြီး report ရေးပေးရတယ်။ သူက မြန်မာပြည်ကို မသွားခင် ကြိုတင် လေ့လာချင်လို့ပါ။ facebook မှာ နိုင်ငံခြားသားတွေ အတွက် မြန်မာပြည် ခရီးသွားလုပ်ငန်း page တစ်ခု ထောင်တယ်။ ဘန်ကောက်က နိုင်ငံခြားသား အသိတွေကနေ တဆင့် ကြေငြာတယ်။ စိတ်၀င်စားသူ ဆက်သွယ်လာယင် ရန်ကုန်က အသိ ခရီးသွား company ကို ချိတ်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ဘ၀ကို ကိုယ်ပိုင်သလို ပဲ ခံစားမိတယ်။ ဘယ် အဖွဲ့အစည်းနဲ့မှာ အနှောင်အဖွဲ့မရှိဘူး။ အခွင့်အလန်းအသစ်တွေ အတွက် စိတ်လှုပ်ရှားစရာတွေကြီးပဲ။ လူတွေနဲ့လည်း ပိုပြီး ရင်းနှီးလာတယ်။ အသဲအသန် ရှာဖွေတဲ့ ရလဒ်က တခြား သူတွေ ဘယ်လို freelance အလုပ်တွေ လုပ်နေလဲဆိုတာကို နားလည်လာတယ်။ ကိုယ့် အချိန်ကိုယ်ပိုင်တယ်။ ကိုယ့် အခန်းမှာကိုယ်လုပ်ရုံပဲ။ စာတမ်းကို အဆုံးသတ်နေတာကို လည်း မထိခိုက်ဘူး။ ဒီလိုနဲ့အဆင်ပြေနေရာကနေ နောက်ဆုံးတော့လည်း ရာထူး နဲ့ပုံမှန် လစာ ကို မက်ပြီး ၀န်ထမ်းဘ၀ကို ပြန်၀င်သွားမိရာက အခုတော့ ပြန်လည် ရုန်းထွက်နိုင်အောင် ကြိုးစားနေဆဲဖြစ်ပါကြောင်း ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။ ကိုဟိန်း (Prospect Myanmar) Ilya Pozin ရဲ့ 10 Reasons to Quit Your job in 2015 မှ ကိုးကားထားပါတယ်။

CV( Resume) တစ်စောင်အလန်းရေးရအောင်!

CVရေးခါနီးတိုင်း အခက်အခဲ ရှိနေပါသလား? သင့်ရဲ့ CVရေးသားပုံက သင်အလုပ် ရနိုင်ခြေပေါ် အများကြီး မူတည်နေပါတယ်။ တကယ်တော့ CVဆိုတာက သင့်ရဲ့အရည်အချင်းတွေကိုရောင်းချတဲ့ စာတစ်စောင်ပါ။ သင့်ရဲ့CVက တစ်နည်းအားဖြင့် သင့်ရဲ့ တန်ဖိုးကိုဖော်ပြနေပါတယ်။ ဒီတော့ ကိုယ့်တန်ဖိုးကိုဖော်ပြတဲ့ စာတစ်စောင် ကိုပစ်စလက် ခတ်ရေးလို့မရပါဘူး။ စနစ်တကျနဲ့ ရေးနိုင်မှာ ကိုယ့်တန်ဖိုးတက် မှာ ဖြစ်ပါတယ်။ အလုပ်ရှာတဲ့ သူတော်တော်များများ ကCVကောင်းကောင်း မရေးတတ် ကြတာကိုတွေ့ရလို့ဒီစာလေးရေးဖြစ်တာပါ။ မိတ္တူဆိုင်က CV တွေ၊ အင်တာနက်က downloadဆွဲပီးသားCVတွေ နဲ့ပဲတင်ကြတာ များပါတယ်။ တကယ်တော့ CVဆိုတာ ကိုယ့်ဘာသာကို ဖန်တီးရင် ပိုကောင်းပါတယ်။ CV တစ်စောင်ဖန်တီးဖို့ဆိုတာလဲ အရမ်းခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟင်းချက်သလိုပါပဲ ပါ၀င်တဲ့ပစ္စည်းလေးတွေ သိမယ်။ ဘယ်လိုရောစပ်ရမယ်ဆိုတာ သိရင် ဟင်းကောင်း တစ်ခွက်ရမှာပါ။ ဆိုင်က၀ယ်စားဖို့မလိုတော့ ဘူးပေါ့။ ဒါပေမဲ့ ဟင်းခွက်လေးရဲ့ တန်ဖိုးကတော့ ပါ၀င်တဲ့ ပစ္စည်းပေါ်မူတည်ပီး အရသာ ကတော့ကွာမှာပေါ့။ ကြက်သားဟင်းနဲ့ ငါးဟင်းလို ကွာခြားချင်ကွာခြားမှာပေါ့။ ဒါပေမဲ့ ငါးဟင်းဖြစ်နေလို့လဲ စိတ်မပူပါနဲ့။ ပိုင်ပိုင်နိုင်နိုင်လေး သာချက်လိုက်ပါ ငါးဟင်းကြိုက်တဲ့ သူတွေလောက ကြီးမှာ တပုံတခေါင်း ရှိပါတယ်။ကဲဒီတော့ ဟင်းကောင်းကောင်း ချက်နည်းလေးပြောပြမယ်။ ကဲထိပ်ဆုံးမှာနာမည်အရင်စရေးမယ်ဗျာ။ ပီးရင် အောက်မှာသင့်ကိုဆက်သွယ်ဖို့ လိပ်စာရေးမယ်။ ဥပမာ Nay Toe Building (4), Room (202), Aung Chan Thar(1) Street,KamaryutTsp,Yangon Ph No. 01……………., 09………………. Email………………………………. ပီးရင်တော့ လျှောက်ထားတဲ့ ရာထူးကိုရေးပေးရပါ့မယ်။ မျှောမှန်းလစာကိုလဲဖြစ်နိုင်ရင်ရေးပေးပါ။ Negotiable လို့တော့မရေးပါနဲ့။။ ကိုယ့်တန်ဖိုးကိုကိုယ့်ဘာသာနှိမ့်ချရာကျပါတယ်။ Applied Position - Marketing Manager Expected Salary - ……………………. ပီးရင်တော့ သင့်အကြောင်းလေးနည်းနည်းရေးပေါ့။အသေးစိတ်ကြီး ခန္ဓာကိုယ်အလေးချိန်တွေ အရပ်အမြင့်တွေလောက်တော့အသေးစိတ်ရေးဖို့မလိုပါဘူး။ အရေးကြီးတဲ့အချက်လေးတွေပဲရေးဖို့လိုပါတယ်။ Name Father’s name D.O.B N.R.C No Passport No Religion Race Marital Status စသဖြင့်ပေါ့။ ပီးရင်တော့ ပညာအရည်အချင်းပေါ့။ပညာအရည်အချင်းမှာကတော့ Academic Education နဲ့ Non-Academic Education ဆိုပီးနှစ်မျိုးဖော်ပြလို့ရပါတယ်။ Academic Education မှာတော့အစိုးရကျောင်းတက်ခဲ့တာတွေ၊တက္ကသိုလ်ကောလိပ်တက်ခဲ့တာတွေကိုဖော်ပြလို့ရပါတယ်။ Non-academic Education မှာတော့သင်တက်ထားတဲ့အင်္ဂလိပ်စာသင်တန်းလက်မှတ်တွေ၊ ကွန်ပျူတာသင်တန်းလက်မှတ်တွေ စသဖြင့်အကုန်ဖော်ပြလို့ရပါတယ်။ Academic Education 1998 to 2008 B.E.H.S (1) Sanchaung,Yangon 2009 to 2013 Government TechnologicaCollege,Yangon ( B.E Civil) Non-Academic Education Computer A+ certificate British Council Upper Intermediate General English Course Certificate စသဖြင့်ပေါ့။ ပီးရင်တော့ အတွေ့အကြံပေါ့ ဘယ်မှာဘာတွေလုပ်ဖူးတယ်ပေါ့။ အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီနာမည်တွေ ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အထိဘာရာထူးနဲ့လုပ်ခဲ့လဲဆိုတာတွေရေးလို့ရပါတယ်။အသစ်ဆိုရင်တော့မရေးလို့ရပါတယ်။ Experience ………………………………………………… ………………………………………………… ………………………………………………..... ပီးရင်တော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေရေးလို့ရပါတယ်။ ကိုယ်တကယ်ကျွမ်းကျင်တဲ့ဟာဆိုအပီအပြင်သာရေးပစ်လိုက်ပါ။ Skills English - Fluent Spanish - Studying Typing Speed - 40 AWPM or(quick or very quick or normal) Hard-working Decisive Team-player စသဖြင့်ပေါ့။ နိဂုံးချုပ်အနေနဲ့ အရေးကြီးတဲ့အချက်လေးတွေ ပြောပါမယ်။ -ဘယ်တော့မှ CV ကိုscanဖတ်ထားတာကြီးမပို့ပါနဲ့။ အွန်လိုင်းကိုပို့မယ်ဆိုရင် Microsoft word နဲ့ ဖြစ်ဖြစ် Excel နဲ့ရိုက်ထားတဲ့ fileကိုပို့ထားနိုင်ပါတယ်။ အပြင်မှာဆိုရင်လဲprintထုတ်ပီးပို့နိုင်ပါတယ်။ -လျှောက်ထားတဲ့ရာထူးပါအောင်ရေးပါ။ ဖြစ်နိုင်ရင် မျှော်မှန်းလစာပါထည့်ပါ။ကိုယ့်တတ်ထားတဲ့ အရည်အချင်းတွေနဲ့ ုလုပ်မဲ့အလုပ်အကိုင်ကိုလေ့လာပီး ပတ်၀န်းကျင်မှာမေးမြန်းပီး သင့်တော်တဲ့လစာကိုထည့်နိုင်ပါတယ်။ -ကိုယ့်ကိုဆက်သွယ်ရမဲ့ဖုန်းနံပါတ်တော့ရေးဖို့မမေ့ပါနဲ့။ -ရှင်းရှင်းလင်းလင်းရေးသားပါ။ Font Designအလန်းတွေနဲ့ မျက်စိရှုပ်အောင်မလုပ်ပါနဲ့။ Bold တွေ Italicတွေကိုလိုအပ်တဲ့နေရာမှာသာသုံးပါ။ -အရင်အလုပ်အတွေ့အကြုံအကြောင်းအသေးစိတ်ရေးပေးပါ။ -ပရဟိတအဖွဲ့တွေမှာVolunteerလုပ်ဖူးတယ်ဆိုရင်လဲထည့်ရေးလို့ရပါတယ်။ -ဓာတ်ပုံတစ်ပုံထည့်ပေးပါ။ -English လိုရေးပါ။ အရေးအသားမှန်ကန်ပါစေ။ -အထက်ပါအချက်အလက်များအတိုင်းပုံသေကားချပ်ရေးရမယ်လို့မဆိုလိုပါ။ အဓိကပါ၀င်သင့်တဲ့အချက်တွေကိုဥပမာအဖြစ်သာဖော်ပြချင်းဖြစ်ပါတယ်။ ကိုယ့်ဘာသာစိတ်ကြိုက် CVတစ်စောင်ဖန်တီးနိုင်ပါတယ်။ -Googleမှာလဲ CV formatတွေကိုရှာဖွေလို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုရေးတာကို ကျွန်တော်က ပိုအားပေးပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်မှာက CV formatတွေက အများကြီး။ အဲဒါတွေ အားလုံးကို ကြည့်ပီးခေါင်းရှုပ်သွားမှာ စိုးလို့ပါ။ ကိုယ့်ဘာသာ ကိုရှင်းရှင်းလင်းလင်းလေးနဲ့ အရေးကြီးတဲ့ အချက်တွေပါအောင်ရေးနိုင်ရင် ရပါပီ။ စရေးကတည်းက သင့်CVကိုဖတ်ပီးရင် သင့်ကို အင်တာဗျူးခေါ်ကိုခေါ်ရမယ် ဆိုတဲ့ ယုံကြည်ချက် ထားပီးရေးပါ။ အင်တာဗျူးခေါ်ရင်တော့ သင်အလုပ်ရဖို့တော်တော်လေး နီးစပ်သွားပါပီ။ အင်တာဗျူးမှာဆောင်ရန် ရှောင်ရန်လေးတွေ အတွက် ကျွန်တော်ရေးထားတဲ့ “အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေလားဆိုတဲ့?”ဆောင်းပါးမှာအသေးစိတ်ဖတ်နိုင်ပါတယ်။ ကဲ CV အလန်းရေးပီးအလုပ်အကိုင်အလန်းတွေရကြပါစေဗျာ။ မိုးရှင်း (I.M.T)

အလုပ်အသစ်ရနိုင်မည့် နည်းလမ်း သုံးသွယ်

အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအလုပ်ကို မကြိုက်ပေမယ့် လုပ်နေရတဲ့လူတွေအများအပြား ရှိတယ်ဆိုတာကို တွေ့နေရပါတယ်။ အဲ့ဒီလူတွေဟာ သူတို့အတွက် နောက်ထပ် အလုပ်အသစ် ရှာမတွေ့နိုင်ဘူးလို့ ထင်နေကြသူတွေ ဒါမမဟုတ် အလုပ်တစ်ခုထဲကို အမြဲ လုပ်နေကြသူတွေ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်အလုပ်ရှင်ကိုပါ ပျက်စီးစေမယ့် နည်းလမ်းတစ်ခုပါပဲ။ သင်မပျော်ရွှင်တဲ့ အလုပ်တစ်ခုမှာ သင် အကောင်းဆုံး လုပ်နိုင်မှာမဟုတ်သလို၊ အကောင်းဆုံး အသက်မွေး၀မ်းကျောင်းမှုလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ အလုပ်ကို ၀တ်ကျေတန်းကျေလုပ်နေပြီး၊ စိတ်အားထက်သန်မှု မရှိဘူးဆိုရင်တော့ လုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အကယ်၍ သင်သာ ကျွန်ုပ်ရဲ့ ၀န်ထမ်းဆိုရင်တော့ သင့်ကို ကျွန်ုပ်ရဲ့ အလုပ်ထဲမှာ ကြာရှည်ထားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အချိန်တော်တော်များများဟာ လုပ်ငန်းခွင်ထဲမှာ နေရတာဖြစ်တဲ့အတွက် အနည်းဆုံးတော့ ပျော်ရွှင်မှုရှိတဲ့နေရာတစ်ခုတော့ ဖြစ်သင့်ပါတယ်။ ပိုပြီးကောင်းတယ်လို့ သင်ခံစားရတဲ့နေရာသစ်တွေကို သွားရဲတယ်ဆိုလျှင် မတူညီတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ရပါမယ်။ သင်လုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်အချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ၁။ ဘယ်လောက်ကြာကြာစောင့်ရမှာလဲ။ မကြာခဏဆိုသလိုမေးမိတာကတော့ အလုပ်အသစ်ရဖို့ ဘယ်လောက်ကြာကြာစောင့်ရမှာလဲ၊ အလုပ်ကမထွက်ခင် နောက်ထပ် ဘယ်လောက်ထပ်စောင့်ရမှာလဲ ဆိုတာတွေပါပဲ။ သင်လက်ရှိလုပ်နေတဲ့ အလုပ်မှာ ဆက်လုပ်နေရင်တော့ တစ်ချိန်မှာ နေရာကောင်းတစ်ခု ရလာနိုင်တယ်ဆိုပေမယ့် အချိန် အတော်အသင့်တော့ စောင့်ရမှာဖြစ်ပါတယ်။ ကိုယ်ရေးရာဇ၀င်တွေရေးရတာ၊ ကိုယ့်ရဲ့ အလုပ်အကိုင် အတွေ့အကြုံတွေရေးရတာ၊ လူတွေ့မေးမြန်းမှုတွေကို သွားရတာကစလို့ အလုပ်တစ်ခုရဖို့အတွက် အနည်းဆုံး သုံးလလောက်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ အလုပ်တစ်ခု လုပ်နေရင်း၊ အခြားအလုပ်သစ်ကို ရှာရတာဟာ စောင့်ရတဲ့အတွက် စိတ်ဖိစီးမှုသက်သာစေပြီး ပိုလွယ်ကူပါတယ်။ သင့်အတွက် အခြေကျတဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုရင်တော့ ပိုကောင်းတဲ့ နေရာတစ်ခုကိုရဖို့ စိတ်ပင်ပန်းခံပြီး တွေ့ရာအလုပ်တွေကို လိုက်လျှောက်နေမယ့်အစား၊ အချိန်ယူပြီး သေချာရှာသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်အလုပ်သစ်ရဖို့အတွက်ကတော့ အချိန်ယူရမှာပါ။ သင့်ရဲ့ ရုံးပိတ်ရက်တွေ ကလည်း အလုပ်ရှာနေရတာတွေနဲ့ အချိန်ကုန်နေသလို၊ အလုပ်တက်ရတဲ့နေ့တွေမှာလည်း အင်တာဗျူးတွေရှိနေလို့ နေ့လယ်ဖက်ခွင့်ယူရတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုတော့ သင့်ရဲ့ လက်ရှိသူဌေးကို ပြောဖို့မလွယ်ပါဘူး။ အဲ့ဒီလိုလုပ်ဖို့ အခွင့်အရေးမရခဲ့ရင်တော့ ဆုံးဖြတ်ချက်မှားတွေအတွက် နောင်တ မရလေအောင် လက်ရှိအလုပ်ကနေထွက်ပြီး သင့်ရဲ့ အလုပ်အသစ်ရှာမှုကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ အလုပ်ကနေထွက်ပြီး အလုပ်အသစ်ရှာတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အလုပ်မရှိပဲ အကြာကြီး အလုပ်ရှာနေမယ်ဆိုရင်တော့ သင့်ရဲ့ အလုပ်ရှင်သစ်ဖြစ်လာမယ့်သူက သင့်ရဲ့အလုပ်ကို အရည်အသွေးမြင့်လာအောင်လုပ်ဖို့ စိတ်မ၀င်စားလို့ အလုပ်မလုပ်ပဲ အကြာကြီး နေတယ်လို့ ယူဆပြီး စိတ်ပျက်သွားနိုင်ပါတယ်။ ၂။ Social Media လူမှုကွန်ရက်တွေ ကို အသုံးချပါ။ အလုပ်ရှင်တွေဘက်ကလည်း လုပ်ငန်းခွင်မှာ စိတ်၀င်စားမှုရှိပြီး၊ နားလည်တတ်ကျွမ်းတဲ့ ၀န်ထမ်းတွေကိုပဲ အလုပ်ခန့်ထားချင်ကြပါတယ်။ ကျွန်ုပ်သာ အလုပ်ရှင်ဆိုရင် Social Media လို့ခေါ်တဲ့ လူမှုကွန်ရက်တွေမှာ တက်ကြွစွာ လုပ်ဆောင်တတ်တဲ့လူ၊ ဘလော့တွေရေးနေတဲ့လူ၊ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ သတင်းတွေပေါ်မှာ မှတ်ချက်တွေ ရေးတတ်တဲ့လူတွေကိုပဲ ရွေးချယ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ အလုပ်ကို စိတ်၀င်စားမှုရှိနေကြပြီး၊ လုပ်ငန်းခွင်နဲ့လည်း သယဇာတရှိနေကြလို့ပါ။ လူမှုမီဒီယာတွေမှာ အစွန်းနှစ်ဖက်တော့ရှိနေတတ်ပါတယ်။ တစ်ဖက်ကတော့ လုပ်ငန်းခွင်မှာ တိုးတက်မှုတွေကို ဖြစ်စေတတ်သလို၊ အခြားတစ်ဖက်မှာတော့ ပျက်ဆီးမှုကို ဖြစ်စေတတ်ပြန်ပါတယ်။ သင် အွန်လိုင်းပေါ်တင်လိုက်တဲ့ ပို့စ်တွေဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်ကို မထိခိုက်စေတဲ့ အရာတွေဖြစ်ဖို့ကိုတော့ သတိထားရပါမယ်။ ၃။ ဘယ်လို သတိထားသင့်သလဲ။ “သင်ဘာလို့ အရင် အလုပ်ကနေထွက်လိုက်တာလဲ” “ဘာလို့ အလုပ်ထွက်ဖို့ကြိုးစားနေတာလဲ” ဆိုတဲ့ မေးခွန်းတွေကို ဖြေရမှာကြောက်တဲ့ အလုပ်လျှောက်သူတွေအများကြီးကို တွေ့ဖူးပါတယ်။ တကယ်တော့ ဒီမေးခွန်းတွေဟာ ကြောက်စရာမလိုပါဘူး။ သင့်ရဲ့ အားသာချက်တွေကို အကောင်းဆုံးဖြစ်အောင် သင့်ဖက်က ဆွဲယူတတ်ဖို့လိုပါတယ်။ သင်ဟာ ရည်မှန်းချက်ကြီးမားပြီး၊ ကြိုးစားလိုစိတ်ရှိတာမို့ လက်ရှိအလုပ်ဟာ သင့်အတွက် တိုးတက်စရာ ဘာမှမရှိလို့ ထွက်ရတယ် ဆိုတာကို ပြောပြနိုင်ရပါမယ်။ စိန်ခေါ်မှုတွေမရှိရင် ကိုယ့်ကိုယ်ကို ပြည့်စုံတယ်လို့ မထင်တဲ့သူဖြစ်ကြောင်း ပြောနိုင်ပါတယ်။ ပထမအဆင့်အနေနဲ့ သင့်ရဲ့ ခံစားချက်ကို သိအောင်ပြောပြဖို့လိုပြီး၊ လက်တွေ့လုပ်ဆောင်ပြတတ်ဖို့လဲ လိုအပ်ပါတယ်။ ကျွန်ုပ် အမြဲတမ်းတိုက်တွန်းလေ့ရှိတာ တစ်ခုကတော့ သင့်ရဲ့ အလုပ်ရှင်ဟောင်းတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့နဲ့ ဆက်ဆံရေး မပျက်စေဖို့ပါပဲ။ မကောင်းတဲ့မှတ်ချက်ကြီးနဲ့ လမ်းခွဲတာမျိုး မလုပ်သင့်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် သူ့ဆီက အကူအညီတွေ သင်လိုအပ်လာနိုင်ပါတယ်။ သင့်ကိုယ်သင် ပရော်ဖက်ရှင်နယ်သမား ပီသအောင်နေတတ်ရပါမယ်။ သင့်ကို တိုးတက်အောင် လုပ်ပေးခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်သင့်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ သင့်မှာရှိနေပြီးသား လူမှုဆက်ဆံရေးကွန်ယက်ကြီးကို သင်အသုံးမချတတ်ဘူးဆိုရင် မိုက်မဲလွန်းတယ်လို့ ပြောချင်တာပါ။ သင်ဘယ်နေရာကို အလုပ်ပြောင်းသွားပြီ ဆိုတာကို သင့်အရင် အလုပ်ကလူတွေကို အသိပေးသင့်သလို၊ အရင်လိုပဲ စကားတွေရင်းနှီးပွင့်လင်းစွာနဲ့ ပြောသင့်ပါတယ်။ အနာဂါတ်မှာ ဘယ်သူဟာ သင့်အတွက် အသုံး၀င်လာမလဲဆိုတာကို သင်ကိုယ်တိုင်တောင် မသိနိုင်ပါဘူး။ အဓိက ကတော့ သင့်ရဲ့ဘ၀တိုးတက်ဖို့အတွက် အချိန်ပေးပြီး အကောင်းဆုံးရှာဖွေပါ။ သင်လုပ်ချင်တာတွေကို လုံး၀မလုပ်ပဲနေတာထက် နဲနဲတော့ လုပ်ကြည့်လိုက်တာက ပိုကောင်းပါတယ်။ တကယ်ပဲ အလုပ်ပြောင်းချင်နေတယ်ဆိုရင်တော့ အပေါ်မှာပြောထားခဲ့တဲ့ဟာတွေကို သေချာစဉ်းစားပြီး အပြောင်းအလဲလုပ်ယူပါ။ အားလုံးကံကောင်းနိုင်ကြပါစေ။ Linkedin.com မှ James Caan CBE ၏ Three Steps To Getting A New Job ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

အခြေခံအဆင့်အင်္ဂလိပ်စာလေ့လာသူများအတွက် လေ့လာမှုအစီအစဉ်တစ်ရပ်

အင်္ဂလိပ်စာဆရာတိုင်းတပည့်များအားဆုံးမလေ့ရှိသည့်စကားပုံမှာ Practice makes perfect ဟုဆိုလျှင်မှားအံ့မထင်ပါ။ ဟုတ်ပါသည်။ လူတိုင်းသိပြီးသားအချက်တစ်ခုဆိုသော်လည်း လူတိုင်းလစ်လျူရှု တတ်သည့်အရာလည်းဖြစ်ပါသည်။ ဘာသာစကားသည် skill ကျွမ်းကျင်လိမ်မာမှုဖြစ်သည်။ သုတပညာတစ်ခု မဟုတ်ပါ။ ထို့ကြောင့် 4 skills ဟုသတ်မှတ်ကြခြင်းဖြစ်သည်။ ရေကူး၊ ဂစ်တာတီး၊ ကဲ့သို့ပင် နည်းနည်းလေ့ကျင့် လျှင် နည်းနည်းလုပ်နိုင်၍ များများလေ့ကျင့်လျှင် များများစွမ်းဆောင်နိုင်စမြဲဖြစ်သည်။ လေ့ကျင့်မှုဆိုသည်ကား ထပ်တလဲလဲပြုလုပ်ခြင်းပင်ဖြစ်သည်။ သို့ဆိုလျှင် ဘာကိုထပ်တလဲလဲ လုပ်ရမည်နည်း ဆိုသည်ကတော့ အနည်းငယ်ရှုပ်ထွေးနိုင်ပါသည်။ ဗွီဒီယိုရုပ်ရှင်တစ်ခု ထိုင်ကြည့်လျှင်ကောင်းမည်လား။ ဒါမှမဟုတ်လျှင် ဥာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဆိုလျှင်ကောင်းမည်လား။ မိတ်ဆွေတစ်ယောက်နှင့်အင်္ဂလိပ်လို ပြောကျင့်မည်လား။ တစ်ကယ်တော့ အဆိုပါစိတ်ကူးများအားလုံးသည် ကောင်းမွန်လှပါသည်။ သို့ရာတွင် တကယ်အရေးကြီးသည်ကတော့ မည်သည်ကိုရွေးချယ်သည်မဆို မှန်မှန်လုပ်တတ်သည့်အလေ့အကျင့် ထူထောင်ခြင်းပင်ဖြစ်သည်။ building a routine ဟုပြောနိုင်သည်။ အင်္ဂလိပ်စာလေ့လာခြင်းအလေ့အထတစ်ခု တည်ဆောက်ခြင်းသည် မိမိအင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန် အကောင်းဆုံးသောနည်းလမ်းပင်ဖြစ်ပေသည်။ ကျွန်တော်အတန်းတစ်တန်းစသည်နှင့် မေးလေ့ရှိသည့်မေးခွန်းမှာ “မိမိအင်္ဂလိပ်စာတိုးတက်ရန် တစ်နေ့လျှင် အချိန်မည်မျှ လေ့လာသင့်သနည်း” ဟူ၍ဖြစ်ပါသည်။ ကျောင်းသားများကလည်းဖြေကြပါသည်။ တစ်ချို့က တစ်နာရီ၊ တစ်ချို့က နှစ်နာရီ။ နည်းနည်းစဉ်းစားသည့်တစ်ချို့က နာရီ၀က်ဟုဖြေကြသည်။ ကျွန်တော်၏ဆက်မေးသည့်မေးခွန်းကတော့ “ကောင်းပြီ။ တစ်နာရီဆိုလျှင် နေ့တိုင်းတစ်နာရီမပျက်မကွက် လေ့လာမည်လား။ နာရီ၀က်ဆိုလျှင်ကော နေ့တိုင်း နာရီ၀က်လေ့လာနိုင်မည်လား” ။ အဖြေက သင်တန်းစ စခြင်းတွင် “Yes ဟုတ်ကဲ့”ဟုတစ်ညီတစ်ညွတ်တည်းဖြေကြသည်။ သို့ရာတွင် တစ်ပတ်ခန့် အကြာတွင် ထို Yes မှာ တစ်ဖြည်းဖြည်းတိမ်လာသည်မှာ မိမိစာသင်သက်တစ်လျောက် အတွေ့အကြုံပင်ဖြစ်သည်။ သင်ယူမှုအလေ့အထတည်ဆောက်ခြင်း Make Learning a Habit သင်ယူမှုအလေ့အထတစ်ခုတည်ဆောက်တော့မည်ဟုဆုံးဖြတ်ချက်ချလိုက်ပြီဆိုလျှင် လုပ်ဆောင်စရာ အချို့ရှိပါသည်။ It's important to be exposed to many different areas every day. ဘာသာစကား၏ နယ်ပါယ်အမျိုးမျိုးနှင့် မိမိကိုယ်ကိုအထိအတွေ့ရှိအောင်လုပ်ပေးဖို့ အရေးကြီးသည်။ သို့ရာတွင် ဘာသာရပ် ပေါင်းစုံ အလွန်အမင်းလေ့လာခြင်းကိုလည်းရှောင်ကျဉ်သင့်ပါသည်။ ထို့ကြောင့်ဖြစ်သင့်သည်မှာ အချိန်မကြာလှသည့် နားထောင်မှု၊ ဖတ်ရှုမှု လုပ်ငန်းလေးများအား နေ့စဉ်လေ့ကျင့်မှုတစ်ရပ်အနေဖြင့်ထူထောင် ထားသင့်သည်။ ကဏ္ဍတစ်ခုတည်းကိုအလွန်စူးစိုက်လေ့လာခြင်းမျိုးအားရှောင်သင့်သည်။ ဥပမာ ဝေါဟာရ/သဒ္ဒါ လေ့လာမှုအားအချိန်အလွန်ပေးခြင်း။ အမြန်လေ့လာရန်အားထုတ်ခြင်း။ တစ်နေ့ ဆယ်မိနစ်ခန့်နားထောင်ပါ။ Listen - 10 Minutes ============================================= အခြေခံအဆင့်နားထောင်စရာများ များစွာရှိပါသည်။ ယခုပေးထားသည့်လင့်တွင် နားထောင်နိုင်ပါသည်။ တစ်နေ့ ၁၀ မိနစ်လောက်နားထောင်လျှင်လုံလောက်ပါသည်။ ကလေးများအတွက်ဦးတည်ရေးသားသည့် စာအုပ်များသည် အခြေခံလေ့လာသူများအတွက်အလွန်ကောင်းသည့် လေ့လာစရာများဖြစ်သည်။ မိမိကလူကြီးတစ်ယောက်ဖြစ်လို့ ကလေးများအတွက်အစီအစဉ်သည် အသုံးမ၀င်ဟုမထင်ပါနှင့်။ ယနေ့အချိန်အထိ Baby TV, Nickelodeon ကဲ့သို့သောအစီအစဉ်များမှ listening input အတွက်အလွန် သင့်တော်ပါသည်။ ကလေးအစီအစဉ်များကိုအထင်မသေးပါနှင့်။ မိမိအတွက် အလွန်ကျေးဇူးရှိပါသည်။ အောက်ပါတို့မှာ ကလေးများအတွက်ရည်ရွယ်ထားသော မိမိကွန်ပျူတာနှင့်နားထောင်နိုင်သော အစီအစဉ်များဖြစ်ပါသည်။ ကျွန်ုပ်တို့၏အင်္ဂလိပ်စာလေ့လာမှုသည် baby ကလေးအဆင့်တွင်သာရှိသေး သည်ကိုမမေ့ပါနှင့်။ Storynory Audio Books for Free တစ်နေ့ ဆယ်မိနစ်ခန့်ဖတ်ပါ။ Read - 10 Minutes ======================================= ကိုယ်စိတ်၀င်စားသည်အကြောင်းအရာတစ်ခုကိုရွေးပါ။ ၄င်းသည်အလွန်အရေးကြီးပါသည်။ မိမိစိတ်မ၀င်စားသည့် အရာတစ်ခုလုပ်ရသည်ကို မည်သူမျှမပျော်ပိုက်ပါ။ မိမိက ဘောလုံးဝါသနာပါလျှင် ဘောလုံးသတင်းဖတ်ပါ။ ဖက်ရှင်အကြောင်း ဝါသနာပါလျှင် ဖက်ရှင်အကြောင်းရေးထားသည်ကိုဖတ်ပါ။ ပျော်ချင်လို့ဖတ်ပါ။ လူတိုင်းပျော်ရွှင်မှုလိုလားပါသည်။ လူတိုင်း ဟာသကိုနှစ်ခြိုက်ပါသည်။ ထို့ကြောင့် ဟာသ Jokes များဖတ်ရင်းပေါ့ပေါ့ပါးပါးလေ့လာပါ။ အပျော်ဖတ်ရင်း မှတ်သားသင့်သည်များကို မှတ်စုတွင် ရေးမှတ်ထားပါ။ အောက်ပါ အင်တာနက်စာမျက်နှာများမှာ အခြေခံအဆင့် စာဖတ်ရန်အတွက်သင့်တော်သည့် နေရာများဖြစ်သည်။ Simple English News Easy English Times တစ်နေ့ ငါးမိနစ် ဝေါဟာရလေ့လာပါ။ Improve your Vocabulary - 5 Minutes =============================================================== နားထောင်ခြင်း၊ စာဖတ်ခြင်း တို့တွင်တွေ့လာသည့် မိမိမသိသည့်ဝေါဟာရတို့အား မှတ်စုတွင်ချရေးထားပါ။ စကားလုံးသစ်နှင့်အတူ၊ အသံထွက်၊ ဝါစင်္ဂ၊ အဓိပ္ပါယ်၊ ဝါကျအတွင်းအသုံးတို့ကို မှတ်ထားပါ။ ဥပမာ - learn - verb ကြိယာ (past and past participle learned or chiefly British learnt) acquire knowledge of or skill in (something) through study or experience or by being taught. သင်ယူသည်၊ လေ့လာသင်ကြားသည်။ လေ့ကျက်သည်။ • learn a foreign language ဘာသာစကားတစ်ခုသင်သည်။ • learn how to swim ရေကူးသင်သည်။ သဒ္ဒါကို ၅ မိနစ် မှ ၁၀ မိနစ်ခန့်လေ့လာပါ။ Grammar - 5 - 10 Minutes အင်္ဂလိပ်စာသင်တန်းတစ်ခုတက်ရောက်နေသူဖြစ်လျှင် အတန်းထဲတွင်သင်ခဲ့သည့် သဒ္ဒါစည်းမျဉ်းများ အကြောင်း ပြန်စဉ်းစားကြည့်ပါ။ မိမိဘာသာလေ့လာနေသူဖြစ်ပါက သဒ္ဒါစာအုပ်တစ်အုပ်ကိုယူကာ မိမိသိလို သည့်အချက်ကို ရှာကြည့်ပါ။ မိမိလုပ်ခဲ့သည့် နားထောင်ခြင်း၊ စာဖတ်ခြင်း တို့တွင် မည်သည့် သဒ္ဒါ အချက်ပါ၀င်သည်ကို ရှာကြည့်ပါ။ ဥပမာ - simple present နှင့် present continuous tense တို့အား ၄င်းတို့ထဲတွင်မည်သို့သုံးသွားသည်ကိုသုံးသပ်ခြင်း။ အပြော ၅ မိနစ်ခန့်လေ့ကျင့်ပါ။ Speaking 5 Minutes ပါးစပ်မှအသံထွက်ပြောရန်အလွန်အရေးကြီးပါသည်။ မိမိ၏လျှာနှင့်ခံတွင်းအတွင်းရှိ စကားသံအင်္ဂါများကိုအလေ့ အကျင့်ဖြစ်နေစေရန် အသံထွက်ပြောမှရပါသည်။ စိတ်ထဲမှပြောဆိုလေ့ကျင့်ခြင်းဖြင့်မရနိုင်ပါ။ လေ့ကျင့်ဖက် မရှိလျှင်လည်း မိမိဘာသာပြောကြည့်ပါ။ ဝါကျများရွတ်ဆိုခြင်း၊ အမေးအဖြေပြုလုပ်ခြင်း၊ မိမိနားထောင်/ ဖတ်ရှုခဲ့ သည်တို့ ကို အခြားသူတစ်ယောက်အား ပြန်ပြောပြသကဲ့သို့ အနှစ်ချုပ်ပြောကြည့်ပါ။ စကားပြောဖော် ပြောဖက် တစ်ယောက်ရှိလျှင် ကောင်းပါသည်။ conversation practice လုပ်နိုင်သည့် သင်တန်းတစ်ခု တက်ခြင်းသည်ပိုအကျိုးရှိမည်ဖြစ်သည်။ အရေးလေ့ကျင့်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ်သည်။ သို့ရာတွင်မိမိရေးထားသည်ကိုစစ်ပေးနိုင်မည့် တတ်ကျွမ်းသူတစ်ယောက်တော့လိုအပ်ပေမည်။ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးအခြားနည်းလမ်း ပေါင်းများစွာရှိပါသေးသည်။ သို့ရာတွင်အခြေခံအဆင့်လေ့လာသူများအတွက်တော့ ဒီလောက်ဆိုလျှင် လုံလောက်ပါပြီ။ မိနစ် ၃၀ ခန့်သာ အချိန်ပေးနိုင်ပါလျှင်အင်္ဂလိပ်စာမုချတတ်ပါလိမ့်မည်။ အရေးအကြီးဆုံးက နေ့စဉ်လုပ်သွားနိုင်ဖို့ပင်ဖြစ်သည်။ အနည်းဆုံး တစ်ပတ်လျှင် လေးရက်ခန့်လုပ်နိုင်လျှင်ပင် အကျိုးရှိမည်။ ၄င်း နာရီ၀က် လေ့လာသည့် အစီအစဉ်အား ယနေ့မှစလုပ်ကြည့်ပါကခြောက်လခန့်အတွင်း မိမိအင်္ဂလိပ်ဘာသာ စွမ်းရည် အံ့မခန်းတိုးတက်လာမည်ကိုမုချယုံကြည်လိုက်နိုင်ပါပြီ။ Kenneth Beare ၏ Study Skills for Beginners ကို အခြေခံရေးပါသည်။ ဇာနည်(MyWay) From - Myanmar Network

အင်္ဂလိပ်စကားပြော တိုးတက်လိုလျှင်

အင်္ဂလိပ်စကား ပြောရာတွင် တိုးတက်စေဖို့ နဲ့ မဝံ့မရဲ ချီတုံ ချတုံ ဖြစ်နေသည်များကို ကျော်လွှားနိုင်ဖို့ အောက်ပါအချက်တွေ ကို ကြိုးစားလုပ်ကြည့်ပါ။ အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အသုံးဝင်မည် ဟု မျှော်လင့်ပါတယ်။ ၁။ အမှားကို မကြောက်ပါနဲ့၊ စပြောပြီဆိုကတည်းက ဘယ်သူမှ အလုံးစုံ မမှန်နိုင်ပါ။ ၂။ တစ်နေ့တည်း လုပ်ရမည့် ကိစ္စများ မဟုတ်သည့် အတွက် စိတ်ရှည်ပါ။ ၃။ ပုံစံအမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ် ဖြင့် အသုံးပြုနိုင်သော စကားလုံးတွဲများကို တိတိကျကျ မှတ်သားပါ။ ၄။ အသေးအဖွဲ့ များကအစ တတ်နိုင်သမျှ သေသေချာချာ လေ့လာပါ။ ၅။ စကားကို ဖြေးဖြေးနဲ့ မှန်မှန်ပြောပါ၊ အလျင်သလို မပြောပါနှင့်။ ၆။ မိမိကိုယ်ကို ယုံကြည်မှု ရရှိစေရန် ရိုးရိုးဝါကျများကိုပင် ထပ်ခါထပ်ခါ လေ့ကျင့်ပါ။ ၇။ ကိုယ့်ရဲ့ အသံထွက်ကို ဂရုစိုက်ပါ၊ ဖြစ်နိုင်လျှင် အင်တာနက်စာမျက်နှာများတွင် ဖြစ်စေ၊ အခွေများဖြင့် ဖြစ်စေ၊ ကွန်ပြူတာ software များဖြင့်ဖြစ်စေ လေ့ကျင့်ပါ။ ၈။ အင်္ဂလိပ်စကားပြော ကောင်းသောသူများ၏ အသံထွက်၊ လေယူလေသိမ်း၊ စကားလုံးအသုံးအနှုန်း၊ ဝါကျ စသည်များကို သေသေချာချာ လေ့လာ မှတ်သားပါ။ ၉။ ကိုယ့်ရဲ့အမှားကို ဝေဖန်သုံးသပ် ထောက်ပြကာ အပြုသဘောဖြင့် ပြုပြင်ပေးနိုင်သော သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများကို မေးမြန်းကာ ဝေဖန်ခိုင်းပါ။ ၁၀။ သူငယ်ချင်းများနဲ့ အတတ်နိုင်ဆုံး အင်္ဂလိပ်လို ပြောပါ၊ မဖြစ်မနေ လေကျင့်ရမည်ဟု သတ်မှတ်ထားပါ။ ၁၁။ နေ့စဉ် အင်္ဂလိပ်စာပိုဒ်များကို အသံထွက်ဖတ်ကာ အသံဖမ်းထားပါ၊ ကိုယ့်ရဲ့ အသံထွက်၊ အနှေး/ အမြန်၊ ရှင်းလင်းပြတ်သားမှု၊ စသည်များကို ပြန်လည် သုံးသပ်ပါ။ ၁၂။ တစ်နေ့ကို အနည်းဆုံး စကားလုံးအသစ် တစ်လုံးစီ ရအောင် မှတ်သားပြီး စကားပြောတဲ့အခါ အဲဒီစကားလုံးကို ထည့်ပြောပါ၊ တစ်ပတ်ကုန်သွားတဲ့အခါ စကားလုံး ၇-လုံး ရရှိပါလိမ့်မယ်။ ၁၃။ စကားလုံး အသစ်သစ်များကို နေ့စဉ် မပျက်မကွက် လေ့လာ မှတ်သားပါ။ ၁၄။ ကိုယ်ကြိုက်တဲ့ အင်္ဂလိပ်စာပိုဒ် အနည်းဆုံး တစ်နေ့ တစ်ပိုဒ် ပုံမှန် ဖတ်ပါ။ ၁၅။ အင်္ဂလိပ် ရုပ်ရှင် ကြည့်ပါ။ ၁၆။ တီဗွီ မှ အင်္ဂလိပ်ပိုင်း အစီအစဉ်များ ကြည့်ပါ။ ၁၇။ အင်္ဂလိပ် ဝတ္ထု၊ မဂ္ဂဇင်း များကို တတ်နိုင်သမျှ ဖတ်ပါ။ ၁၈။ အင်္ဂလိပ် အဘိဓာန်ကို အမြဲ ဆောင်ထားပါ။ ၁၉။ စကားလုံး တစ်လုံး အသစ်ကြားတိုင်း၊ အဓိပ္ပာယ်တူသော၊ ဆန့်ကျင်ဖက် အဓိပ္ပာယ်ရှိသော စကားလုံးများ နှင့် အသုံးအနှုန်းများကိုပါ တစ်ခါတည်း လေ့လာ မှတ်သားပါ။ “ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ကြပါစေ ……… ” အောင်ကိုဦး (UMK) Be the Best ! From - myanmar network

Featured Post

နေ့များအကြောင်း

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လိ...